Wednesday, July 4, 2012
သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လဲ……(၁)
မြတ်ဗုဒ္ဓ၏ပထမ၀ါတော်(၂၀)အတွင်း၌ အရှင်နာဂသမလ၊ အရှင်နာဂိတ၊ အရှင်ဥပ၀ါဏ၊ အရှင်သုနက္ခတ၊္တ အရှင်စုန္ဒသမဏုဒ္ဒေသ၊ အရှင်သာဂတ၊ အရှင်မေဃိယ၊ အရှင်အာနန္ဒာတို့က ထိုက်သည့်အားလျော်စွာ လုပ်ကျွေးပြုစုခဲ့ကြပါတယ် ၊
    ယင်းအလုပ်အကျွေးရဟန်းတော်တို့တွင်  နာဂသမာလမထေရ်သည်  ဘုရားရှင်သပိတ်ကိုပိုက်၍ နောက်တော်ပါးကလိုက်ခဲ့ရင်း လမ်းဆုံ တစ်ခုအရောက်မှာ ဘုရားရှင်နှင့် အခြားတစ်ပါးသောလမ်းဖြင့် သွားလို၏။ ဘုရားရှင်က ဒီဘက်လမ်းကလာပါ အတူတူ သွားကြပါစို့ဟု မိန့်တော်မူခဲ့သော်လည်း မနာယူခဲ့ပေ။ ထို့ထက်ဆိုးဝါးသောအပြုအမူကား “အရှင်ဘုရား၏ သပိတ်သင်္ကန်းကို လာယူပါ”ဟု ပြောဆိုပြီး မြေကြီးပေါ်သို့ ချပစ်ထားခဲ့ရန် အားထုတ်လေ၏။ ဘုရားရှင်က ဒီလိုဆို ယူလာခဲ့ပါဟု နာဂသမလကို  မိန့်တော်မူခဲ့ရပါတယ်။
     နောက်တဖန်  မေဃိယမထေရ်က ဘုရားရှင်ကို ပြုစုလုပ်ကျွေးခဲ့ပြန်ရာ  တစ်နေ့ဆွမ်းခံအပြန်မှာ  မြစ်ဘေးတွင်ရှိသော သာယာလှပပြီး အရိပ်အာဝါသကောင်းသည့် သရက်ဥယျာဉ်ကို မြင်ရာမှ  တရားအားထုတ်ချင်စိတ် ပေါ်ခဲ့ပြီး ကျောင်းရောက်သော အခါ “အရှင်ဘုရား သပိတ်သင်္ကန်းကို ယူပါ တပည့်တော် တရားအားထုတ်ပါရစေ”ဟု ပြောဆိုပြီး ဘုရားရှင်က မေဃိယ၏ ညာဏ်ပညာမရင့်ကျက်သေး၍ တရားမရနိုင်သေးကြောင်းသိမြင်တော်မူ၍ သုံးကြိမ်တိုင်တိုင် တားမြစ်တော်မူခဲ့ပါသော်လည်း ဘုရားရှင်၏ စကားကို မလိုက်နာပဲ “အရှင်ဘုရားတို့မှာက ပြုဖွယ်ကိစ္စပြီးပါပြီဘုရား တပည့်တော်မှာက ကိလေသာများကိုပယ်ခွါနိုင်ဖို့ တရားအားထုတ်ရပါဦးမည်”ဟုဆိုကာ ဘုရားရှင်၏ သပိတ်သကုင်္န်းကိုစွန့်ကာ တရားရှုဖို့ ထွက်ခွါသွားလေသည် ၊ သရက်တောရောက်ကာမှ မိစ္ဆာဝိတက်များနှိပ်စက်ကာ တရားထူးမရနိုင်မှ နောင်တရကာ ဘုရားရှင်ထံပြန်လာခဲ့ရတာပါ။
      ဤအကြောင်းများကြောင့်ပင် သက်တော်ကြီးရင့်ပြီဖြစ်သော မြတ်ဗုဒ္ဓက အလုပ်အကျွေး ရဟန်းတော်နှင့် စပ်ပြီး အမြဲပြုစု လုပ်ကျွေးမည့် ရဟန်းတော် တစ်ပါးကို ဖွေရှာရန် မိန့်တော်မူခဲ့ရာမှ  ၀ါတော်(၂၀)နောက်ပိုင်း အရှင်အာနန္ဒာမထေရ်တစ်ပါးတည်းသာ ပြုစုလုပ်ကျွေးခဲ့ပါတယ် ။ထို  အရှင်နာဂသမာလ ၊နာဂိတတို့လုပ်ရပ်နှင့် စပ်လျင်း၍ များစွာသောရဟန်းတို့မှာ ဓမ္မသံဝေဂ ဖြစ်ခဲ့ကြရပါတယ်။
       ဒါပေမယ့် ဘုရားရှင်ရဲ့ အလုပ်ကျွေးပြုစုသူ ရဟန်းတော်အားလုံးနီးပါး နောက်ပိုင်းမှာ အသီးသီး ရဟန်းတရားများ ကြိုးစားအားထုတ်ကြကာ ရဟန္တာမထေရ်ကြီးများသာ ဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် သုနက္ခတ္တဆိုတဲ့ လိစ္ဆ၀ီမင်းသားဘ၀မှ ရဟန်းပြုလာတဲ့ ရဟန်းတစ်ပါးကတော့ ၊အစပထမ ဘုရားရှင်အားအလွန်ကြည်ညိုပြီး ဘုရားရှင် သပိတ်ပိုက်ပြိး လိုက်လံပြုစုခဲ့ပေမယ့် နောက်ပိုင်းမှာ ဘုရားရှင်ကို ရန်ငြှိးဖွဲ့ပြီး ဂုဏ်သိက္ခာအသရေဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီး ဘာသာအယူဝါဒပါ စွန့်ပြီး လူဝတ်လဲသွားခဲ့ပါတယ်။
       ဒါ့ကြောင့် မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကြီးကလည်း   “ရဟန်းတို့အကြင်သူသည် ငါဘုရား၏သင်္ကန်းစွန်းကို ဆွဲကိုင်၍လိုက်နေစေကာမူ ငါဘုရား၏ တရားကိုကား မလိုက်နာမကျင့်ကြံ၊ ထိုသူသည် ငါဘုရားနှင့်ယူဇနာများစွာခြား၏။
      အကြင်သူကမူ ငါဘုရားနှင့် ယူဇနာများစွာဝေးကွာ၏ သို့သော် ငါညွှန်သည့်တရားတို့ကိုမူ လိုက်နာကျင့်ကြံ၏၊ ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်လိုက်သူကဲ့သို့နီး၏” ပြတ်သားရှင်းလင်းစွာ မိန့်တော်မူခဲ့တာဖြစ်မှာပါ ။ ဘုရားရှင်၏ ပစ္ဆာသမဏအဖြစ်ဖြင့် သပိတ်တော် သက်န်းတော်ကိုပိုက်ပြီး နောက်ကလိုက်နေသော သုနက္ခတ္တလောက် နီးကပ်စွာနေထိုင်ခွင့် တရားတော်များကို မှတ်သားကြားနာခွင့်ရသူ ရှိနိုင်အံ့မထင်ပေ။
      သို့သော်  ထိုအရှင်သုနက္ခတ္တသည် မြတ်ဗုဒ္ဓအားလုံးဝမကြည်ညိုနိုင်တော့ပဲ အမုန်းတရားများများ တဖွားဖွားဖြစ်ပေါ်နေခဲ့လေသည် ။ အဘယ့်အတွက်ကြောင့်ပါလိမ့် ၊ သတ္တ၀ါတို့အား ဆောင်ယူကယ်မတော်မူလို၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်တို့ကို ဖြည့်ဆည်းပူတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၌ကား ယင်းသို့သုနက္ခတ္တက အာဃာတရန်ငြှိးထားမှုအပေါ်၌ အပြစ်ဟူ၍ မြူမျှပင်မရှိနိုင်ပေ၊
       ဘုရားရှင်၏ အလုပ်အကျွေးရဟန်းကား သုနက္ခတ္တသည် လွန်စွာမှပင် မိုက်မဲပေစွ သုံးလောကထွဋ်တင်ဘုရားရှင်ကိုပင် ရန်သတ္တရုပြု၍နေပါသတဲ့၊အကြောင်းကတော့ …
(မူလပဏ္ဏာသ အဋ္ဌကထာ )အလိုအရ သုနက္ခတ္တသည် ဒိဗ္ဗစက္ခု(နတ်မျက်စိကဲ့သို့သော ညာဏ်အမြင်)ရရန် နည်းလမ်းတောင်းသောအခါ မြတ်ဗုဒ္ဓက ညွှန်ကြားခဲ့ပြီးတွင် အောင်မြင်ခဲ့ပြီးနောက် နတ်ပြည်လောကကို ကြည့်ရှုသော် အဆင်းလှသော နတ်လောကမှအာရုံများကို မြင်နိုင်ခဲ့ပါသတဲ့ ဒါပေမယ့် ဒိဗ္ဗသောတအဘိညာဏ်ကိုမရသဖြင့် နတ်တို့၏ ပြောဆိုသံ ၊ တီးမှုတ်ကခုန်သောအသံများကို  မကြားရသောအခါ ရုပ်မြင်သံမကြားဖြစ်ပြီးအားမလိုအားမရဖြစ်ကာ ကြားချင်စိတ်ရှိခဲ့ပြီးနောက် ဒိဗ္ဗသောတအတွက် နည်းလမ်းတောင်းခံခဲ့ပါတယ်။
      မြတ်စွာဘုရားက သူ့တွင် ဒိဗ္ဗသောတရရန် ပါရမီမပါသဖြင့် မပေးခဲ့သည်ကို မနာလိုသဖြင့် မပေးခြင်းသာ ဖြစ်မည်၊ ငါသာ သိခဲ့ပါက သူ့ကို ပြိုင်ဆိုင်သူတစ်ဦး တိုးလာမည်ကို စိုးရိမ်သဖြင့် မပေးခဲ့သည်မှာ သေချာပါသည်ဟု တစ်ဖက်သတ်လွဲမှားစွာ ဆုံးဖြတ်ပြီး ဘုရားရှင်အပေါ် ရန်ငြိုး ဖွဲ့ခဲ့တာဖြစ်ပါတယ်။
    ထို့နောက် တစ်နေ့သော အခါမှာ သုနက္ခတ္တရဟန်းသည် မြတ်ဗုဒ္ဓအထံသို့ ချဉ်းကပ်ပြိး
''မြတ်စွာဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ'' ဟု လာရောက်ပြောဆိုလေရာ ၊
မြတ်စွာဘုရားရှင်ကလည်း
''သုနက္ခတ် ငါ့နောက်လိုက်တပည့်လာလုပ်လှည့်''ဟုများ ပြောဆိုခဲ့ဖူးသလောဟု ပြန်လည်မေးမြန်းရာမှာ ယင်းသို့မပြောဆိုဖူးပါကြောင်းပြန်လည်လျှောက်ထားပါတယ်၊
''ဒါဆို သင်ကရော ငါ့ကိုဆရာအမှတ်ဖြင့် ဆည်းကပ်နေထိုင်ပါမည်လို့ရော လျောက်ထားဖူးခဲ့သလော”ဟုမေးပြန်ရာ ယင်းသို့လည်းမလျောက်ထားခဲ့ဖူးကြောင်းပြောရာ
သုနက္ခတ် ငါကလည်း သင့်ကို ငါ့နောက်လိုက်တပည့်အဖြစ်နဲ့နေဖို့ မပြောဆိုဖူး ၊သင်ကလည်း ငါ့ကိုဆရာတင်၍ နေထိုင်ပါမည်ဟု မပြောဆိုခဲ့ဖူးပဲလျှက်  (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားဖြစ်သော  သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟုမိန့်တော်မူလိုက်ရာ
့ သုနက္ခတ္တရဟန်းဟာ သူ့အပြစ်ကို သူမရှုနိုင်မမြင်နိုင်ရှာပဲ နောက်ထပ်တဖန် မြတ်စွာဘုရားကို အောက်ပါအတိုင်း  စွပ်စွဲပြောဆိုလိုက်ပြန်ပါတယ် ……………
                                  (ဆက်လက်ဖော်ပြပါဦးမည်….)
No comments:
Post a Comment
တရားဓမ္မများ နားကြားရန်
Music
Good Bye ..