Wednesday, July 4, 2012

***(သဟာယ)(သဟာယ်ချင်း) ဆိုးတူကောင်းဖက် အတူတကွလက်တွဲဖော်ဆိုတာ***

 
      တခါက မုဆိုးကြီးတစ်ယောက်သည် ရလာတဲ့အသားတွေကို လှည်းကြီးနဲ့မြို့တက်ရောင်းဖို့အလာမှာ ။ သူငယ်ချင်းလေးယောက်နဲ့ဆုံပါတယ်။ ဒီတင် သူငယ်ချင်းလေးယောက်က ဟင်းစားလေးလက်ဆောင်ပေးခဲ့ဖို့
တောင်းကြပါသတဲ့ ။

    ဒါပေမယ့် နှုတ်ကြမ်းလျှာကြမ်းသူဋ္ဌေးသားက ဟယ် မုဆိုး(Mood ဆိုး)(အကြင်နာတရားမရှိတဲ့ လူယုတ်) ငါ့ကိုအသားနည်းနည်းပေးပါလို့…
 တောင်းလိုက်တယ် ။

     ဒါပေမယ့် မုဆိုးလုပ်တိုင်းလည်း စိတ်ယုတ်မာရှိတဲ့လူယုတ် ဟုတ်ချင်မှဟုတ်မှာပေါ့ ၊ သူ့ဘ၀သူ့အခြေနေကြောင့်သာ မတတ်သာလို့လုပ်နေရတာလည်းဖြစ်ချင်ဖြစ်မယ်လေ။ တကယ်လို့ စိတ်ဓာတ်ဆိုးသွမ်းသူဖြစ်နေခဲ့ရင်တောင်မှ မှန်တာပြောတာပဲဆိုပြီး လူဆိုးလူယုတ်လို့ သွားပြောလျှင် မည်သူမျှနှစ်သက်မည်မဟုတ်ပါ။
     ဒါ့ကြောင့် မုဆိုးလည်းအရမ်းစိတ်ဆိုးသွားပြီး ။ အသင်သည် လိုလည်းလိုချင်၊ အထက်စီးကနေလည်း တင်စီးစော်ကားတောင်းသေး၏ လုံးဝအနှစ်သာရမရှိပေ ။ထို့ကြောင့် သင့်အား အနှစ်မပါတဲ့ အဖျင်းအရွတ်မျှကိုသာ ငါပေးအံ့ဟုဆိုကာ အဖျင်းအရွတ်တွေပေးလိုက်ပါသတဲ့။

     ဒီတော့ အခြားသူငယ်ချင်းတွေက မင်းပြောပုံဆိုပုံက ဟုတ်မှမဟုတ်ပဲကွ။ ငါသွားတောင်းမယ်..ဟုဆိုကာ
မုဆိုးလှည်းထံသွားပြီး ။ အစ်ကိုကြီး ကျနော့်ကိုလည်း ဟင်းစားနည်းနည်းလောက်ပေးခဲ့ပါဦး…လို့တောင်းလိုက်သတဲ့။
       မုဆိုးလည်း နည်းနည်းစိတ်ကြည်လင်သွားတယ်။ အစ်ကို ဆိုတာလောကမှ တကယ့်အားပဲ ။ အစ်ကိုကြီးရဲ့ ထောက်ပံ့အားပေးမှူကြောင့်သာ ဘ၀မှာ ရဲရင့်စွာ ယုံကြည်မှူပြည့်စွာ ရပ်တည်နိုင်ကြတယ်။ ဒီတော့ (အင်္ဂမေတံ မနုဿာနံ၊ ဘာတာ လောကေ ပဝုစ္စတိ-လောကမှာ အစ်ကိုကြီးကို မိမိရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းဆိုတာနဲ့အညီ) ပေါင်တွင်းသားတွဲကြီးတစ်တွဲပေးလွှတ်လိုက်တယ်။
       ဒါပေမယ့် အသားဆိုတာက အသဲအမြစ်လောက်တော့ ဘယ်အရသာရှိ ၊ဘယ်စားကောင်းမလဲ ဒီတော့  အသည်းအမြစ်လေးများရမလားဆိုပြီး
နောက်သူငယ်ချင်းတစ်ယောက်ကလိုက်တောင်းပြန်တယ်။

      သူကစကားအရာပါးနပ်ကျွမ်းကြင်တော့ …ဗျို့အဖေကြီး သားကိုလည်း ဟင်းစားလေးပေးခဲ့ပါဦး…လို့တောင်းလိုက်တာပေါ့ ။ ဒီတင် မုဆိုရဲ့ ရင်ထဲနှလုံးထဲထိ လှူပ်ကိုင်သွားနိုင်တဲ့စကားဖြစ်သွားတာပေါ့။
       သူ့မှာ တစ်နေကုန် တစ်နေ့ခန်း သတ်ဟယ်ဖြတ်ဟယ် ပြေးဟယ်လွှားဟယ်နဲ့ ကြမ်းတမ်းစွာရုန်းကန်လှုပ်ရှားနေရတော့ အကြင်နာငတ်နေခဲ့တာကိုး ။ခုတော့ ရေဆာနေသူရေတွင်းထဲကျလိုက်ဘိသကဲ့သို့ အကြင်နာတွေရှားပါးပြီး ကြမ်းတမ်းစွာပြောဆိုဆက်ဆံခံနေခဲ့ရတဲ့မုဆိုးကိုမှ အဖေကြီး သားကိုဟင်းစားလေးပေးခဲ့ပါဦးလို့ဆိုလာတော့ တကယ်ကျေနပ်သွားတယ် ဒါနဲ့ ရင်သား(၀မ်းတွင်းကအဆုပ်၊အသဲစတဲ့ ကောင်းပေ့ညွှန့်ပေ့အသား)တစ်တွဲကိုပေးလိုက်ပါတယ်။

     ဒါနဲ့နောက်ဆုံးသူဋ္ဌေးသားလည်း ဟင်းစားသွားတောင်းပြန်သတဲ့ ။
 "အို သူငယ်ချင်းရေ ငါ့ကိုလည်းဟင်းစားလေးပေးခဲ့ဦးမှပေါ့…"
လို့ချိုသာရင်းနှီးစွာတောင်းလိုက်ပြန်ပါတယ် ။

     မုဆိုးရင်ထဲမှာက >>ဆိုတဲ့စကားကို အနှစ်သက်ဆုံးပါပဲ ။ ဖခင်မိခင်ဆိုတာ ကျေးဇူးကြီးမားလို့ ကိုယ့်ထက်မြင့်တဲ့တဆင့်မှာထားရပေမယ့် ကိုယ်နဲ့တစ်သားထဲ တထပ်ထဲကျသူတွေတော့မဟုတ်ကျဘူးလေ။
    လူကြီးတွေအမြင်က ဘ၀အောင်မြင်ရေး လူငယ်တွေကပျော်ရွှင်မှူစတာတွေ သဘောထားတွေကွဲနေကြတာလည်း လူတိုင်းနားလည်ကြပါလိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်းဆိုတာကတော့ ချမ်းသာအတူ ၊ဆင်းရဲမခွဲလက်တွဲဖော်တွေမဟုတ်ပါလား

        ဒီနေရာမှ ချစ်သူကြင်ဖော်နဲ့ သူငယ်ချင်းတွေကြားက ကွဲပြားတဲ့ဆက်ဆံမှူလေးကိုလည်း တင်ပြချင်ပါသေးတယ်။ ဘ၀လက်တွဲဖော် ဆိုတာက ဘ၀အတွက် သူ့လိုအင်ဖြည့် ကိုယ်လိုအင်ကူညီ ဒီလိုစီးပွားလုပ်ဖက်တစ်ယောက်ပမာ ဆက်ဆံရေးမျိုး အိမ်ထောင်ဖက်တွေလည်း ရှိသေးမဟုတ်လား။ တစ်အိမ်ထဲအတူနေပေမယ့် တစ်ယောက်အကြောင်း တစ်ယောက်က နားလည်ချင်မှ နားလည်ကြတာလေ။ အိမ်ထောင်သည်တွေ
တော်တော်များများ သဘောပေါက်ကြပါလိမ့်မယ်။

    သူငယ်ချင်းရေ မင်းအိမ်အချေနေကော…လို့ သူငယ်ချင်းက သူငယ်ချင်းရဲ့ သုက္ခဒုက္ခတွေကိုမျှဝေခံစားပေးချင် နားလည်မှူတွေပေးချင်တဲ့
မေတ္တာပြည့်ဝတဲ့စကားတွေနဲ့လှမ်းမေးလိုက်ရင်

       " ဒီလိုပါပဲ သူငယ်ချင်းရယ် အဆင်ပြေအောင် အကြင်နာမပျယ်အောင် ဂရုစိုက်နေရတာပါပဲ" လို့ ရင်ဖွင့်ခွင့် မျှဝေနားလည်ပေးခွင့်ရတာက သူငယ်ချင်းကိုပဲမဟုတ်လား ။
       မိဖများကြပြန်တော့ စိတ်မကောင်းမဖြစ်စေချင်ကြတော့ အဆင်ပြေပါတယ် အမေရယ်။အိုကေပါတယ်ပဲ ဖုံးဖိနေရတာ။ မိဖတွေက ကောင်းမယ်ထင်လို့
နေရာချထားပေးခဲ့ရင်လည်း မိဖတွေကို သူတို့စီစဉ်ပေးတာ မှားသွားပြီလို့ မခံစားစေချင်ကြဘူးမလား ...ဒါ့ကြောင့် ကိုယ့်ဖာသာပဲ ပြန်မျိုသိပ်ကြရတာ။
        အဲ ကိုယ်တိုင်ကမိုက်တွင်းနက်ခဲ့မိ မိဘတွေကိုလွန်ဆန်မိခဲ့ရင်လည်း မိဘတွေကိုခုကြမှ မှားပါပြီဆိုပြီး ရင်ဖွင့်ပြနေလို့လည်း  အချိန်တွေကလွန်သွားပြီးပြီလေ။ ဒီတော့ သူ့ရဲ့အနီးဆုံးလူ တစ်သားထဲဖြစ်နေသူ သူငယ်ချင်းတွေဆီပဲ ခြေဦးလှည့်ရတယ်။ ရင်ဖွင့်ရတယ်။ မျှကြချေးကြငှါးကြရတာမဟုတ်လား ။

     လောကမှာ မိတ်ဆွေသူငယ်ချင်းမရှိတဲ့ အထီးကျန်တွေဖြစ်ခဲ့ရင်တော့ အိမ်သူသက်ထားဇနီးမယား၊သို့မဟုတ် အိမ်သားကြင်ဖော်တွေကို မျက်စေ့အောက်က အပျောက်မခံနိုင်ကြအောင်ပဲ အဖြစ်သည်းကြတာပါ ။ တကယ်မိတ်ကောင်းဆွေကောင်းတွေရှိနေ ပိုင်ဆိုင်နေသူတွေအဖို့ကတော့ မိတ်ဆွေသူငယ်ချင်းတွေ ဖြည့်ဆည်းမပေးနိုင်တဲ့ အချို့ကိစ္စတွေပြဿနာတွေအတွက်သာ အိမ်သူ/အိမ်သားတွေက အရေးပါနေကြပြီး သူတို့တွေရဲ့အရေးပါတဲ့ဘ၀တစ်ခုလုံးတော့မဟုတ်ကြပါဘူး။

      အိမ်သူသက်ထား/ကိုယ့်အိမ်သားတွေအပေါ်မှာကိုပဲ ဆက်ဆံပုံက နှစ်မျိုးနှစ်စားရှိနိုင်ပါတယ်။ လူမှူကိစ္စအ၀၀ကို အတူတကွနားလည်မှူရှိစွာ ဖေးမကူညီပြီး မေတ္တာစစ်နဲ့ဆက်ဆံခွင့်ရတဲ့အခါ ဒါကမိတ်ဆွေသူငယ်ချင်းတို့ရဲ့ စစ်မှန်တဲ့မေတ္တာ ကိလေသာမပါတဲ့ဆက်ဆံရေးမျိုးလေ။

     မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် တဏှာရမ္မက်ကြီးနေမိတာ၊ မယုံသင်္ကာများစွာနဲ့ နေရာတကာလိုက်စူးစမ်းနေမိတာက ပူလောင်တဲ့ကိလေသာ အိမ်ထောင်သည်စစ်စစ်ရဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါလား။
    ဒီတော့ သူငယ်ချင်းဆိုတာ စစ်မှန်တဲ့မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့ရဲ့ ကိုယ်စားနာမ တစ်ခုသာဖြစ်ပါတယ် ။ ဒါကအိမ်သူသက်ထား ၊ဒါက သူငယ်ချင်းများဆိုပြီး အတိကျခွဲထုတ်လို့လည်းရချင်မှရမှာပေါ့။
     မိဘတွေလည်းဆုံးပါး။ အိမ်တွင်းရေးလည်းသိပ်မချမ်းမြေ့ကြတဲ့ ဘ၀ဒုက္ခထဲကလူများအတွက်ကတော့ သူငယ်ချင်းဆိုတာ ကယ်တင်ရှင် ကိုယ့်ကိုယ်ရေးအရာရှိများပါပဲ။ တချို့ဆိုအိမ်ထောင်တွေကျသွားပြီဆိုမှ နားလည်လိုက်မိတာ ကိုယ့်အပေါ်မေတ္တာအပြည့်ဝထားနိုင်တာ ။ အခက်ခဲအမျိုးမျိုးကကယ်မပေးတဲ့ မဟာကရုဏာရှင်ဆိုတာ ။ကိုယ်နဲ့ထပ်တူ ကြည်နူးဝမ်းမြောက်မှူ မုဒိတာပွားပြီး မိမိပျော်ရွှင်နေချင်မေ့လျော့နေမိရင်တောင် ဥပေက္ခာအမှောင်ထဲကနေ ကြည်နူးပေးနေနိုင်တာက သူငယ်ချင်း ဆိုတာပါပဲ ။

      ဒီတော့ မိတ်ဆွေသူငယ်ချင်းဆိုတာ မရှိတဲ့သူ ။ ကိုယ်တိုင်ကလည်းမိတ်ဆွေစစ် မဖြစ်နိုင်တဲ့သူဆိုတာ လောကမှာ သေလူပါပဲ…တဲ့။ ခုလည်း မုဆိုးကို

     "သူငယ်ချင်းရေ ငါ့ကိုလည်း ဟင်းစားလေးပေးခဲ့ပါဦး.."
လို့တောင်းလိုက်တော့ မုဆိုးတစ်ကိုယ်လုံးပီတိတွေဖုံးသွားတယ်။ ဟာ ဒါငါ့ရဲ့ကိုယ်ပွားပဲ ငါပိုင်ဆိုင်တာမှန်သမျှလည်း ငါ့သူငယ်ချင်းနဲ့ဆိုင်တယ်။ ငါပျော်ရွှင်ကြည်နူးနေတဲ့အခါ သူငယ်ချင်းဆိုတာကိုလည်း ဥပေက္ခာအမှောင်ထဲမှာ ပစ်မထားခဲ့သင့်ဘူး..လို့တွေးလိုက်မိသတဲ့….ဒါနဲ့

       အိုမိတ်ဆွေရေ ကျုပ်လိုဘ၀ကြမ်းခရီးကြမ်းကိုလျှောက်လှမ်းနေရသူကို တကယ်ပဲ မိတ်ဆွေစစ်အနေနဲ့ သဘောထားနိုင်လို့ခေါ်တာလား ။ဟင်းစားရချင်လို့ပဲ လီဆယ်ပြောကြားလိုက်လေသလားဗျာ…လို့ မိတ်ဆွေစစ်ဟုတ်မဟုတ် သေချာအောင် ထပ်မေးလိုက်ပါတယ်။
       ထိုဟင်းစားတောင်းတဲ့ သူဋ္ဌေးသားကလည်း …….ဟာ ဘယ်ကလာ သူငယ်ချင်းရာ ငါကတကယ့်ကိုယ် နှစ်ကိုယ့်တစ်စိတ် မိတ်ဆွေရင်းချာ သူငယ်ချင်းပမာခင်မင်လေးစားလို့ သူငယ်ချင်းလို့ခေါ်တာပေါ့။
     လိမ်ညာပြီးမှ ငါ့ကိုယ်ကျင့်တရားနဲ့လဲစားရမယ့် အမဲသားတွဲအတွက်တော့ ငါ့သိက္ခာငါချမရောင်းဘူးဆိုတာ ယုံလိုက်စမ်းပါ… လို့ပြန်ရှင်းပြလိုက်တာပေါ့ ။

      ဒီတော့မှ မုဆိုးလည်း လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဖက်လှည်းတကင်း ရင်းနှီးစွာပြောလိုက်တယ်-
      ''ယဿ ဂါမေ သခါ နတ္ထိ၊ ယထာရညံ တထေဝ တံ။
      သဗ္ဗဿ သဒိသီ ဝါစာ၊ သဗ္ဗံ သမ္မ ဒဒါမိ တေ''
       -ဒါဆိုဟုတ်ပြီ သူငယ်ချင်းရေ မိတ်ဆွေသူငယ်ချင်းမရှိတဲ့ဘ၀ဟာ တောထဲတောင်ထဲ အဖော်မဲ့အထီးကျန်စွာ နေရသူလိုပဲတဲ့။ သူငယ်ချင်းဆိုတာ ငါ့ဘ၀အတွက် မရှိမဖြစ်ပါ။ငါ့နှစ်ကိုယ့်တစ်စိတ်ဆိုတာ သဘောပေါက်သွားပြီ ဒီပိုင်ဆိုင်တဲ့ဒီအသားတစ်လှည်းလုံးလည်း သူငယ်ချင်းနဲ့ဆိုင်တယ် ။ ဒီတော့ ငါမင်းကို ဟင်းစားလောက်တင်မဟုတ်ပါဘူး အကုန်ပေးခဲ့မယ်။ အကုန်ယူလိုက်ပါကွာ အရာအားလုံးထက်လည်း သူငယ်ချင်းဖြစ်ခွင့် ခင်မင်ခွင့်ရတာကိုပဲ ငါကြည်နူးဝမ်းသာမိတယ်လို့ အကုန်ပေးလိုက်သတဲ့။

     ဟာ သူငယ်ချင်းကလည်း ဟင်းစားလောက်ဆိုတော်ပါပြီ
ပေးချင်သလောက်သာ ပေးခဲ့ပါဆိုလည်း မုဆိုးကတော့မရတော့ဘူး ။ "သူငယ်ချင်းဆိုတာ အခြားတစ်ယောက်ကို စိတ်ဆင်းရဲအောင်မလုပ်ရဘူးလေ။ မင်းငြင်းပယ်လိုက်လို့ စိတ်မကောင်းဖြစ်သွားရင် မင်းရဲ့သူငယ်ချင်းရင်ထဲ ဘယ်လိုခံစားသွားရမလဲ ။ တကယ်သူငယ်ချင်းအဖြစ်အသိမှတ်ပြုရင် ဒီအသားတစ်လှည်းလုံး မင်းယူကိုယူရမယ်"

     ဒီလိုနဲ့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းဖြစ်သွားကြပြီး သူဋ္ဌေးသားလည်း သူ့တိုက်ခြံကြီးထဲမုဆိုးကိုအလည်ခေါ်သွားတယ်။ (မုဆိုးကလည်း ချမ်းသာမှန်းသိလို့ ချည်းကပ်တာမဟုတ်ဘူးနော် မိတ်ဆွေစစ်အချင်းချင်းမို့ယုံကြည်စွာ ဆက်ဆံကြတဲ့သဘောပေါ့) သူဋ္ဌေးသားလေးရဲ့ အိမ်တော်ကြီးလည်းရောက်ရော မိသားစုဝင်အားလုံးကလည်း အားရ၀မ်းသာခင်မင်ကြတာပါပဲ ။
     "သားလေးရဲ့ သူငယ်ချင်းဟာ တို့ရဲ့အခြားသားတစ်ယောက်ပဲမဟုတ်ပါလား တို့ကအမြဲပျော်ရွှင်အောင်လုပ်ပေးနိုင်ကြမှာမှမဟုတ်တာ ဒီတောု့တို့ရဲ့အခြားသားတစ်ယောက်ကိုလည်း ချီးမြှောက်ရမယ်"ဆိုပြီး သူဋ္ဌေးကြီးလင်မယားလည်း မုဆိုးကိုပါ သားအရင်းတစ်ယောက်ပမာ အိမ်တွေလယ်ယာတွေပေးပြီး ချီးမြှောက်လိုက်တယ်။ သားသတ်ရောင်းရတဲ့ မုဆိုးအလုပ်ကိုလည်း စွန့်လွှတ်လိုက်ဖို့ ပြောကြတဲ့အခါ ။တောတွင်းသားမုဆိုးလည်း သဘောတူတာပေါ့။ ဒါ့ထက်ကောင်းမွန်အပြစ်ကင်းတဲ့ဘ၀မှမရှိနိုင်တော့တာ။
      နောက်ပြီး သူ့ဘ၀မှာ လမ်းမှန်ကိုပါညွှန်ပြလို့ တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းဆိုတဲ့ရတနာလည်း သူပိုင်ဆိုင်ခဲ့ပြီ မဟုတ်ပါလား ။

      ဒီလိုနဲ့ မုဆိုးကနေတဖြစ်လည်း တောတွင်းသားလေးမောင်ပိုနဲ့ သူဋ္ဌေးသားလေးတို့ဟာ သက်ဆုံးတိုင်ပေါင်းသင်းနေထိုင်သွားကြပါသတဲ့ ။
      အဲဒီသူငယ်ချင်းနှစ်ယောက်ဆိုတာ အခြားဟုတ်ပါရိုးလား မုဆိုးက သာရိပုတ္တရာအလောင်းနဲ့ သူဋ္ဌေးသားက ဘုရားအလောင်းတော်ဆိုပဲ
           (စတုက္ကနိပါတ် သဗ္ဗမံသလာဘဇာတ်)

      ကဲသူငယ်ချင်းတို့တွေလည်း စစ်မှန်တဲ့ သူငယ်ချင်းတွေအဖြစ်နဲ့ ထာဝရလက်တွဲပြီး တစ်ယောက်ကျေးဇူးတစ်ဦးမေတ္တာ ခင်မင်စွာပေါင်းသင်းဆက်ဆံနိုင်ကြပါစေသတည်း….ပေါ့ဗျာ။ ။
                                 လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

တရားဓမ္မများ နားကြားရန်


Music

Good Bye ..