
ခုနစ်နှစ်သား ရဟန္တာကလေး အရှင်ဒဗ္ဗ
အရှင်ဒဗ္ဗဆိုတာကတော့ ကျောင်းကြီး တစ်ဆယ့်ရှစ်ကျောင်းတို့၏ ပရ၀ိုဏ်တို့၌ တံမြက်လှည်းကျင်း သန့်ရှင်းရေးလုပ်တယ်။ သောက်ရေအိုးတွေရေဖြည့်ခြင်း ၊ ကုတင်ညောင်စောင်းတွေကို နေရာတကျစီစဉ်ချထားတဲ့ ကျောင်းတော်ကြီးသန့်ရှင်းရေးကို တာဝန်ယူဆောင်ရွက်တဲ့ ဝေယျာဝစ္စအလုပ်မှာ ဧတဒဂ်ရထားတဲ့ အရှင်တစ်ပါးဖြစ်ပါတယ်။ဒီလိုဧတဒဂ်ရဖို့ရန်လည်း ကမ္ဘာတစ်သိန်းအထက် ပဒုမ္မုတ္တရဘုရားရှင်လက်ထက်တော်ထဲက ဆုပန်ပြီး ပါရမီဖြည့်လာခဲ့ရတဲ့အရှင်တစ်ပါးပါ။
မလ္လမင်းမျိုးက ဆင်းသက်လာတဲ့အရှင်တစ်ပါးဖြစ်တာကြောင့်လည်း ဒဗ္ဗမလ္လပုတ္တ(မလ္လမင်းသား ရှင်ဒဗ္ဗ)လို့လည်း အလွန်ထင်ရှားတဲ့သူဖြစ်ပါတယ်။
သူကလည်းတခြားသူဟုတ်ပါရိုးလား ကဿပဘုရားသာသနာနောက်ပိုင်းမှာ
တောက်ထိပ်တက် အစာအငတ်ခံကာ တရားအားထုတ်ကြတဲ့ ရဟန်းတော်ခုနစ်ပါးထဲက တစ်ပါးဖြစ်ပါတယ် ၊အဲဒီအချိန်အခါတုန်းက ကြိုးစားပမ်းစား တရားအားထုတ်ခဲ့ပေမယ့် တရားထူးမရခဲ့ရှာပါဘူး။ အခုဘုရားပွင့်တော်မူလာချိန်မှာတော့ မလ္လတိုင်း အနုပိယမြို့တော်က မလ္လမင်းသမီးတစ်ဦးရဲ့ ၀မ်းမှာ ပဋိသန္ဓေယူခဲ့ပါတယ်။
ဒါပေမယ့် ကံဆိုးရှာတော့ ရှင်ဒဗ္ဗရဲ့မိခင်ဟာ နေ့စေ့လစေ့ကြီးမှာ မီးမဖွားနိုင်ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ မိခင်ရဲ့အလောင်းကို ထင်းပုံပေါ်တင်မီးရှို့ကြရင်း မီးကောင်းမွန်စွာလောင်အောင်ဆိုပြီး မိခင်အလောင်းကို နှစ်ခြမ်းခွဲလိုက်ရာမှာ ၀မ်းထဲကကလေးလေးကမသေသေးပဲ ထင်းတုံးပေါ်ပြုတ်ကျလာရာမှ အသက်ရှင်နေသေးသော ကလေးကိုယူလာကြပြီး မင်းသမီးရဲ့မယ်တော်အား မွေးစားစေခဲ့ကြပါတယ်။ နာမည်ကိုလည်း မီးလောင်နေတဲ့အမိဝမ်းမှနေ အောက်ကထင်းတုံးပေါ်ပြုတ်ကျတာတောင်မှ အသက်မသေတဲ့ ကံထူးရှင်ကလေးမို့ “ ဒဗ္ဗ “လို့ နာမည်မှည့်ခေါ်ကြသတဲ့။
ဒဗ္ဗကလေး ခုနစ်နှစ်အရွယ်ရောက်တော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာ သံဃာအပေါင်းခြံရံလျှက် မလ္လတိုင်းသို့ ဒေသစာရီကြွချီတော်မူလာပြီး အနုပိယတောအုပ်မှာ သီတင်းသုံးတော်မူပါတယ်။
ဘုရားရှင်ကိုဖူးမြင်ရလျှင်ပဲ ဒဗ္ဗကလေးဟာ ခုနစ်နှစ်သားလေးဖြစ်ပေမယ့် ကိုရင်ဝတ်ချင်တယ်လို့ ပူဆာပါသတဲ့ ။အဖွားကလည်း "ငယ်သေးတယ်မြေးရဲ့ ကြီးတော့ဝတ်ပေါ့"ဆိုတော့လည်းမရဘူး ခုဆိုခုဝတ်ချင်တာတဲ့ ။
ဘယ်လိုမှတားမရတဲ့အဆုံး အဖွားလည်း မြေးကလေး ဘုရားထံခေါ်သွားပြီး အကြောင်းစုံလျှောက်ထားရာမှ ဘုရားရှင်က ဒဗ္ဗလေးရဲ့ပါရမီညာဏ်စွမ်းကို သိမြင်ပြီးဖြစ်တာမို့ အနီးနားမှာထိုင်နေသောရဟန်းတော်တစ်ပါးကိုခေါ်တော်မူ၍ ရဟန်းပြုပေးစေတော်မူပါတယ်။
ထိုရဟန်းတော်ကလည်း မောင်ရင်လောင်းဒဗ္ဗကလေးကို ဆန်ချပေးနေစဉ်မှာပဲ ကမ္မဋ္ဌာန်းပွားများစေဖို့ တစပဉ္စကကမ္မဋ္ဌာန်းကို အရင်သင်ပေးပါသတဲ့။
တစဆိုတာက- အရေ။ ပဉ္စဆိုတာက- ငါးခု ဒီတော့ တစပဉ္စကဆိုတာက အရေလျှင်ငါးခုမြောက်ရှိသော (ရှင်)အသုဘကမ္မဋ္ဌာန်းဖြစ်ပါတယ် ။
၁။ ကေသာ-ဆံပင်
၂။လောမာ-မွှေးညှင်း
၃။နခါ-ခြေသည်း၊လက်သည်း
၎။ဒန္တာ-သွား
၅။တစော-အရေ
ဆိုတာပါပဲ ဒီငါးပါးဟာ ကလေးငယ်လေးပင်လျှင် ရွံစရာဖြစ်တယ်ဆိုပြီး သဘောပေါက်လွယ်ကြပါတယ်။ ဆံပင်တစ်ပင် ထမင်းခွက်ထဲပါလာလျှင် ဘယ်လောက်ဆံကေသာလှပတဲ့တကာမလေးရဲ့ဆံပင်ဖြစ်ဖြစ် ရွံစရာဖြစ်သွားတော့တာပါပဲ။ မွှေးညှင်းလည်းဒီတိုင်းပါပဲ ခန္ဓာကိုယ်ပေါ်မှာပေါက်တဲ့ မွေးညှင်းလေးတွေ အသားဖွေးဖွေးနဲ့ လှသယောင်ပါပဲ ။ဒါပေမယ့် အဲဒီမွှေးညှင်းလေး တစ်ပင်နှုတ်ပြီး လှတယ်ဆိုသူရဲ့ပါးစပ်ထဲထည့်လိုက်ရင် "ထွီ..."ကနဲ ချက်ချင်းထွေးထုတ်ကြမှာပါပဲ။ အမျိုးသမီးတော်တော်များများက ခြေသည်းလက်သည်းလေးတွေ ဆေးဆိုးကြတယ် အလှပြင်ကြတယ် ။သူတို့ကိုယ်တိုင်ကိုက လှတယ်ထင်နေကြတာပေါ့ ။ ဒါပေမယ့် ကိုက်ထုတ်ဖဲ့ထုတ်လိုက်တဲ့ ခြေသည်းလက်သည်းတွေကိုတော့ ဘယ်သူမှ အမြတ်တနိုးသိမ်းထားကြမှာမဟုတ်ပါဘူး။ သွားဆိုတာကတော့ ခန္ဓာကိုယ်ထဲက အရိုးတွေထဲက တစ်ခုထဲသော အပြင်ထွက်နေတဲ့ အရိုးချောင်းတွေပါပဲ ။ ဒီသွားလေးတွေကို ပုလဲလုံးလေးတွေနဲ့တူတယ်ပြောလို့ပြော။ ချီးမွမ်းခန်းဖွင့်လို့လည်းမဆုံးနိုင်အောင်ပါပဲ။
အဲဒါနဲ့သတိထားမိတာလေးပြောရဦးမယ် သွားလှတယ်ညီတယ်လို့ ထင်နေကြသူတွေက ရီရင်တောင်သူတို့သွားတွေကို လူမမြင်မြင်အောင် တဟားဟားနဲ့ပါးစပ်ကြီးကို ဖြဲပြတတ်ကြတယ်။ သွားမလှဘူး သွားကျဲတယ်၊ စသည်ထင်ကြတဲ့သူတွေကြတော့ ရီတာတောင်မှ ပါးစပ်မဟရဲဘူး မရဲတရဲ ပြုံးဖြဲလေးပဲလုပ်ရီကြရတာပေါ။ ဒီလိုတွေအထင်မှားနေပေမယ့် ဒီသွားဟာ တငေါငါထွက်နေတဲ့ ခန္ဓာကိုယ်ထဲက အရိုးချောင်းတွေပါပဲ။ အရေဆိုတဲ့ ခန္ဓာကိုယ်ကိုဖုံးအုပ်ထားတဲ့ အရည်ပျားရဲ့ကာလက အညိုဆိုရင် မဖြူဖြူအောင်သွားပေါင်းတင်ကြ အမြဲမပြတ်မိတ်ကပ်ကာချယ်စတာတွေနဲ့ သနေကြရတာပါပဲ ။တစ်နေ့လည်းမပြီး နှစ်နေ့လည်းမပြီးဘူး။ ဒါပေမယ့် ဒီအရေကတကယ်လှသလားလို့မေးတော့ ဘယ်မှာမှအလှကရှာမရတော့ပါဘူး။ လှတာ အရေပြားတစ်ထောက်စာလို့လည်း ပြောကြတယ် ။ဒါဆိုဟုတ်ပြီ အဲဒီအလှတရားတွေစုနေတဲ့ အရေပြားလေးကို သေသွားတဲ့ လှကညာလေးဆီကရအောင်ခွါပေးမယ်နော် မင်းအိမ်ယူသွားပါလားဆိုရင်တော့ ဘယ်သူမှလက်ခံကြမှာမဟုတ်ပါဘူး။
အမှန်က မသိစိတ်အ၀ိဇ္ဇာက ပညာမျက်စိကိုပိတ်ဖုံးထာုးလို့သာ လှလိုက်တာ ချောလိုက်တာပြောနေကြတာမလား။ တကယ်ပရမတ်ပေါက်အောင်ကြည့်လိုက်ရင် ဒီကေသာဆိုတာလည်း အဋ္ဌကလပ်ရုပ်ရှစ်ပါး(ပထ၀ီ၊အာပေါ၊တေဇော၊၀ါယော၊အဆင်း၊အနံ့၊အရသာ၊သြဇာ)အစုကလေးမျှသာပါပဲ။ အကုန်ခွဲချလိုက်လို့ အမှုံအမွှားတွေဖြစ်သွားရင် ဘယ်မှာလည်းလှလိုက်တဲ့ဆံပင်။
ဘယ်မှာလည်းလှလိုက်တဲ့မွှေးညှင်း၊အကုန်အသုဘမတင့်တယ်တဲ့အရာတွေချည်းပါပဲ။
မဟာဂန္တာရုံ ဆရာတော်ဘုရားကြီးကတော့
“ငါ၏ ကိုယ်မှာ၊နံ့သာမွှေးကြိုင်၊မြဲခိုင်လှစွာ၊ကောင်းရာမမြင်၊ ဆံပင်သာရှိ အမွှေးရှိ၍ ရှိသည်လက်သည်း ခြေအသည်းနှင့် သွားလည်းတတွေ အရေတစ်မျိုး ညှီနံ့ဆိုးသည်…..အသိုးအပုပ်ချည်းပါတကား…"ဟု ကိုရင်လေးများဆန်ချစဉ် တစကမ္မဋ္ဌာန်းကိုပွားများဖို့ရန်
ရေးသားပေးတော်မူခဲ့ပါတယ်။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌လည်း ယင်းတစပဉ္စကကမ္မဋ္ဌာန်းကို ''ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ''ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီးလျှင် တဖန် ''အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်'' ဟုပဋိလုံအားဖြင့်ပွားများရမည်ဟု ညွှန်ကြားထား၏။
သီဟိုဠ်ကျွန်း၌ ထင်ရှားခဲ့သော အဖြစ်ပျက်တစ်ခုသည်ကား မဟာတိဿမည်သော မထေရ်တစ်ပါးသည် စေတိယတောင်မှ အနုရာဓမြို့သို့ မျက်လွှာအောက်ချပြီး အသုဘကမ္မဋ္ဌာန်းရှုပွားလျှက် ဆွမ်းခံရန်ကြွလာတော်မူရာ အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် ခရီးရင်ဆိုင်တွေ့လေ၏။ ထိုအမျိုးသမီးသည် ခဏချင်းပင် ကိလေသာကာမကြောင့် အသံလွင်လွင်ရယ်သံပေးလျှက်
မြူဆွယ်ဖြားယောင်းလိုက်လေ၏။ အမျိုးသမီးတို့သည်လည်း မိမိတို့အလှအပကို မကြည့်ကြည့်အောင် မသာယာသာယာအောင် မသိစိတ်ကပင် ထိုသို့ဆွဲဆောင်တတ်သောဟူ၏။ ထိုရယ်သံကိုကြားရာမှ မထေရ်မြတ်လည်းမော့၍ ကြည့်လိုက်ရာ ထိုအမျိုးသမီးရဲ့ ဖွေးနေသောသွားများကိုရှူလျှက် အရိုးစုမျှပါတကားဟု နှလုံးသွင်းလိုက်ရာမှ ထိုအမျိုးသမီးရဲ့ တစ်ကိုယ်လုံးက အရိုးစုများပါ ဖောက်ထွင်းမြင်သွားပြီး အရိုးစုကြီးတစ်ခု လာရပ်ပြနေသကဲ့သို့ ကမ္မဋ္ဌာန်းနိမိတ်ထင်ရရာမှ ကိလေသာကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့ရသော ဟူ၏။
ထိုတစပဉ္စကကမ္မဋ္ဌာန်းဖြင့်ပင် နိဗ္ဗာန်ဝင်စံသွားကြသော အရိယာသူတော်စဉ်ကြီးများကား ဤ၍ဤမျှ ဂဏန်းချ၍မရနိုင်ပေ ။ ထို့ကြောင့် အဖန်ဖန်ရွတ်ပွား သရဇ္ဈာယ်ပေးလျှင်ခန္ဓာကိုယ်အပေါ်မှာတပ်မက်မှူတွေနည်းသွားပြီး
ကိလေသာများပါ ငြိမ်သွားငြိမ်းသွားတဲ့အဆင့်ထိအောင် ရောက်ရှိသွားနိုင်ပါတယ်။

အထက်ကရေးသားဖော်ပြခဲ့သည့် ကမ္မဋ္ဌာန်းရှူနည်းရှူကွက်အတိုင်း ထိုဆန်ချပေးတဲ့ရဟန်းတော်ကလည်း ဒဗ္ဗကလေးအား ဆန်ချစဉ် ကမ္မဋ္ဌာန်းရှူနေပါလို့ သင်ပြပေးထားရာ ရှင်ဒဗ္ဗကလေးကလည်း ပါရမီးပြည့်ဝနေပြီးသူပီပီ
လေးလေးစားစားရှူပွားရင်း ခေါင်းရိတ်ဓားဖြင့်ရိတ်ချလိုက်သော *ပထမဆံပင်အစု အောက်သို့ပြုတ်ကျသွာသည်နှင့်
အဘိဓမ္မာနည်းအရ သံယောဇဉ်(၁၀)ပါးမှာ (၁)ကာမရာဂသံယောဇဉ်၊ (၂) ဘ၀ရာဂသံယောဇဉ်၊(၃)ပဋိဃသံယောဇဉ်၊(၄) မာနသံယောဇဉ်၊(၅)ဒိဋ္ဌိသံယောဇဉ်၊(၆) သီလဗ္ဗတပရာမာသ သံယောဇဉ်(၇)၀ိစိကိစ္ဆာ သံယောဇဉ်၊(၈)ဣဿာသံယောဇဉ်၊(၉) ဥဒ္ဓစ္စသံယောဇဉ်၊ (၁၀) အ၀ိဇ္ဇာသံယောဇဉ် လို့(၁၀)ပါးရှိတဲ့အနက်
သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သံယောဇဉ် သုံးပါးတို့နှင့် အပါယ်ကိုလားစေတတ်တဲ့ ကာမရာဂသံယောဇဉ်၊ ပဋိဃသံယောဇဉ်တို့ကို သောတာပတ္တိမဂ်က ပယ်သတ်ပစ်လိုက်ပြီး
သောတာပန်ကိုရင်လေးဖြစ်သွားလေတော့၏။
*နောက်ထပ်တစ်ဖန် ဒုတိယဆန်စုဦးခေါင်းအထက်က ပြုကျလာခြင်းနှင့်အတူ ကြမ်းတမ်းသည့် ကာမရာဂ ဗျာပါဒတရားများတစ်လှပ်ကွာကျကုန်ကာ သက္ကဒါဂါမ်ကိုရင်ကလေးဖြစ်လာလေတော့၏။ *တတိယဆံအစုဦးခေါင်းထက်မှ ပြုတ်ကျလာရာ၌ကား ကာမရာဂ ဗျာပါဒတို့ကိုအကြွင်းမဲ့ထပ်မံပယ်သတ်လိုက်ပြန်ရာ
(၁) ကာမရာဂ သံယောဇဉ်၊
(၂) ပဋိဃ သံယောဇဉ်၊
(၃) သီလဗ္ဗတပရာမာသ သံယောဇဉ်၊
(၄) ဒိဋ္ဌိသံယောဇဉ်၊
(၅) ဝိစိကိစ္ဆာ သံယောဇဉ်၊
တို့ကိုပယ်ခွါပြီးသွားသောကြောင့် အနာဂါမ်အဆင့်သို့ရောက်သွားလေတော့၏။ *ဦးခေါင်းလည်းတုံးပြီးသွားသည်နှင့် တပြိုင်နက်မရှေးမနှောင်းပင် ကိုရင်လေးဒဗ္ဗမှာ ဆံပင်တွေသာ ဦးခေါင်းမှပြောင်သွားသည်မဟုတ်ပဲ နောက်ထပ်
အထက် ဗြဟ္မာဘုံမှာငြိကပ်နေသေးတဲ့ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အ၀ိဇ္ဇာဟူသော ဥဒ္ဓံဘာဂိယသံယောဇဉ်တို့ကိုပါ တခါတည်းပယ်လိုက်နိုင်၍ ကိလေသာအားလုံး သူ၏စိတ်အစဉ်မှကင်းရှုင်းသွားကြကာ ရဟန္တာကိုရင်လေးတစ်ပါးဖြစ်သွားလေသည်။
ဗုဒ္ဓမြတ်စွာရာဇဂြိုဟ် ဝေဠုဝန်ဝါးတောကျောင်းပြန်ကြွတော်မူရာမှာလည်း ရဟန္တာအရှင်ဒဗ္ဗလေးလည်း ဘုရားနောက်တော်ပါးက လိုက်ပါသွားကာ ဝေဠုဝန်ရောက်သည်နှင့် “ငါသည်ရဟန်းကိစ္စလည်းပြီးနေပြီဖြစ်၍ အခြားအထူးပြုလုပ်ဖွယ်တစ်စုံတစ်ရာမရှိချေ သံဃာတော်အားအကျိုးများသည့် အာဂန္တုများအတွက် ကျောင်းအိပ်ယာနေရာချထားပေးခြင်း ဆွမ်းကပ်လိုကြသော တကာတကာမများအတွက်လည်း ဆွမ်းညွှန်ကြားခြင်းတာဝန်ကို
ထမ်းဆောင်ရပါမူကားကောင်းလေစွ”အကြံဖြစ်ပေါ်သည့်အတိုင်း ဘုရားရှင်အားခွင့်တောင်းရာ သာဓုခေါ်တော်မူ၍ ထိုသံဃဝေယျာဝစ္စတာဝန်များကို ရှင်ဒဗ္ဗကလေးအားပေးအပ်လိုက်လေတော့၏။

ရဟန်းသံဃာတော်များကလည်း ရှင်ဒဗ္ဗကလေး၏ ခုနစ်နှစ်မျှသာရှိသေးပေမယ့် အရဟတ္တဖိုလ်ဂုဏ်တည်ရှိနေသော ရဟန္တာတစ်ပါးဖြစ်ပြီး သံဃာ့ကိစ္စအ၀၀ကို အာသွန်ခွန်စိုက် ဆောင်ရွက်တော်မူနေသည်ကို အားရကြည်ညိုတော်မူကြသဖြင့်
မြင့်မြတ်သောရဟန်းအဖြစ်သွတ်သွင်းကာ ရဟန်းပြုပေးလိုက်ကြရာမှ ဒဗ္ဗမထေရ် ဒဗ္ဗမထေရ်ဟု ထင်ရှားလာလေတော့၏။ မှန်၏ အရှင်ဒဗ္ဗကို ခုနစ်နှစ်သာရှိသေးပေမယ့် မထေရ်ကြီးဟုခေါ်ဆိုရခြင်း၌ ဓမ္မပဒမှာ
န တေန ထေရော သော ဟောတိ၊ ယေနဿ ပလိတံ သိရော။
ပရိပက္ကော ၀ယော တဿ၊ မောဃဇိဏ္ဏောတိ ၀ုစ္စတိ။
ယမှိ သစ္စဉ္စ ဓမ္မောစ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ၀န္တမလော ဓီရော၊ ထေရော ဣတိ ပ၀ုစ္စတိ။
ခေါင်းမွှေးဖြူကာမျှဖြင့် ထိုရဟန်းသည် မထေရ်မမည်၊ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ ရင့်အိုမှုဟုဆိုအပ်၏။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏၊ တရားလည်းရှိ၏၊ ညှဉ်းဆဲမှုမရှိ၊ သီလစောင့်ခြင်း ရှိ၏၊ ဣနြေ္ဒကိုလည်းဆုံးမ၏၊ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏………
ဟုဘုရားရှင်ဟောကြားတော်မူထားသည်နှင့်အညီ ရှင်ဒဗ္ဗအား မထေရ်ကြီးစာရင်းသွင်းပဉ္စင်းခံပေးလိုက်ကြသည်မှာကား အလွန်သဘာဝကျလှပေသည်။
ထိုအသျှင်ဒဗ္ဗသည် ကျောင်းသန့်ရှင်းရေးများလည်းလုပ်ရ သံဃာတော်များအားလည်းနေရာချထးရနှင့် အလွန်ပင်ပန်းရှာလေသည်။ ၀တ်ရုံရသော သင်္ကန်းမှာလည်း လျှော်ဖွတ်ဖို့ပင်အချိန်မပေးနိုင်သဖြင့် ညစ်နွမ်းလျှက်ရှိရှာလေရာ သံဃာအား ဖြစ်ပေါ်လာသော သံဃိကသင်္ကန်းတစ်ထည်ကို အရှင်ဒဗ္ဗအား အားလုံးသဘောတူလှူလိုက်ကြလေသည် ။ အလဇ္ဇီရဟန်းဆိုးများဖြစ်သည့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုရှင်ဒဗ္ဗလေးအား သင်္ကန်းပေးလှူသည်ကိုမကျေမနပ်ဖြင့် ''မထေရ်ကြီးတွေကလည်း မျက်နှာလိုက်ပါတယ် ၊သင်္ကန်းရှားပါးတာကတော့ တို့လည်းရှားပါးတာပဲ ။ရှင်ဒဗ္ဗလေးကျမှ သင်္ကန်းပေးဖို့ ၀ိုင်းအကြံပြုကြသတဲ့ကွာ တကယ်ဆိုသံဃိကသင်္ကန်းဆိုတာ တို့နဲ့လည်းဆိုင်တယ်”လို့ အမနာပပြောဆိုနေကြရာ ။ထိုသတင်းသည် တစတစ
ဘုရားရှင်ရွှေနားတော်ရောက်သွာပြီး သံဃာအားလုံးသဘောတူမတူပန်ကြားခဲ့စဉ်က ဘာမှမကန့်ကွက်ခဲ့ဘဲ။ အစည်းအဝေးပြီးလို့ သံဃာအားလုံးသဘောတူ လာဘ်လာဘကို တစ်စုံတစ်ယောက်အားပေးလိုက်ပြီးကာမှ မကောင်းပြောဆိုခြင်းသည်။ ရဟန်းကောင်းတို့အကျင့်မဟုတ်ပေ။ အလှူရှင်ဒါယကာအပေါင်းကြားသိသွားပါကလည်း သာမဂ္ဂီမဖြစ်သောသံဃာအတွက် အကြည်ညိုမဲ့ဖွယ်ပင်ဖြစ်ပေလိမ့်မည်။ ထိုသို့ပြောဆိုကဲ့ရဲ့သောရဟန်းမှာလည်း မည်သည့်ကုသိုလ်တရားမှတိုးပွားနိုင်မည်မဟုတ်။ထို့ကြောင့် ပါစိတ်အာပတ်အဖြစ် ငါဘုရားပညတ်တားမြစ်တော်မူ၏..ဟုဆိုကာ ဒုဗ္ဗလသိက္ခာပုဒ်တော်ကို ပညတ်ခဲ့ရလေတော့၏။
ရှင်ဒဗ္ဗလေး ပြဿနာဖြစ်ပြီ
အသျှင်ဒဗ္ဗသည် သဘောတူ ရဟန်းတို့အား တစ်ပေါင်း တည်း အိပ်ရာနေရာကို ခင်းပေး၏၊ သုတ္တန်ကို ဆောင်ကုန်သောရဟန်းတို့ကိုလည်း ''ထိုရဟန်းတို့သည် အချင်းချင်း သုတ္တန်ကို အညီအညွတ်ရွတ်ကြလိမ့်မည်''ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာနေရ ကို ခင်းပေး၏။
ဝိနည်းဆောင်ရဟန်းတို့အတွက်လည်း ''ထိုရဟန်းတို့သည် အချင်းချင်း ဝိနည်းကို ဆုံးဖြတ်ကြလိမ့်မည်''ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာနေရာကိုခင်းပေး၏။
တရားဟော ဓမ္မကထိကများအတွက်လည်း ''ထိုရဟန်းတို့သည် အချင်းချင်း တရားကို ဆွေးနွေးကြလိမ့်မည်''ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာနေရာကို ခင်းပေး၏။
ဈာနလာဘီ အရှင်များအတွက်လည်း ''ထိုရဟန်းတို့သည် အချင်းချင်း နှောင့်ယှက်ခြင်းမှ ကင်းကုန်လတ္တံ့''ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာနေရာကို ခင်းပေး၏။
မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားကို ပြောလေ့ရှိကုန်၏၊ ကိုယ်ကာယဗလတောင့်တင်းဖို့သာ ဘားဆွဲ ကြိုးခုန် လက်သီးထိုးစသည်ပြုကြကုန်လျှက် ခန္ဓာကိုယ်ကြံခိုင်ဖို့သာ အလေ့အကျင့်များကုန်သောရဟန်းတို့အတွက်လည်း ''ဤအသျှင်တို့သည် ဤမွေ့လျော်ခြင်းဖြင့်လည်း အသျှင်တို့သည် နေကုန်လတ္တံ့''ဟု ထိုရဟန်းတို့အားလည်း တစ်ပေါင်းတည်း အိပ်ရာနေရာကို ခင်းပေး၏။
တခါတစ်ရံ ညအချိန်မတော်မှ အာဂန္တုများကြွရောက်လာကြလျှင်လည်း ရှင်ဒဗ္ဗလေးသည် တေဇောကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ ထိုအရောင် (အလင်း) ဖြင့်ပင် အိပ်ရာနေရာကို ခင်းပေး၏။
အချို့အချို့သော ရဟန်းတို့သည်လည်း ''မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ တန်ခိုးပြာဋိဟာကို ငါတို့ ကြည့် ကုန်အံ့''ဟု တမင်သက်သက် အခါမဲ့မှလာကြကုန်၍ “ငါတို့အတွက်နေရာပြင်ပေးပါဦး” ဟုရှုပ်ကြပြန်လေသည်။
"အရှင်ဘုရားတို့က ဘယ်ကျောင်းတိုက်တွေမှာ သီတင်းသုံးချင်ပါသလဲဘုရားဟု လျှောက်ထားသောအခါ၌ကား ထိုရဟန်းတို့သည် တမင်သက်သက် အဝေး၌ ညွှန်းကုန်၏၊
* ဂိဇ္ဈကုဋ်တောင်၌ အိပ်ရာနေရာကို ခင်းပေးလော့၊
* ခိုးသူပစ်ချရာ 'စောရပပါတ' ချောက်၌ အိပ်ရာနေရာကို ခင်းပေးလော့၊
* ဣသိဂိလိ တောင်နံပါး ကျောက်နက် (ဂူ) ၌ အိပ်ရာနေရာကိုခင်းပေးလော့၊
* ဝေဘာရတောင်နံပါး စရည်းပင် (ဂူ) ၌ အိပ်ရာနေရာကို ခင်းပေးလော့၊
*ယင်းတိုက်တော သပ္ပသောဏ္ဍိက ချိုင့်ဝှမ်း၌ အိပ်ရာနေရာကို ခင်းပေးလော့၊
*ဂေါတမချောက်၌ အိပ်ရာနေရာကို ခင်းပေးလော့၊
* တည်ပင်ရောက်သော ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊
*ကပေါတချောက်၌ အိပ်ရာနေရာကို ခင်းပေးလော့၊
* တပေါဒါအရံ၌ အိပ်ရာနေရာ ကို ခင်းပေးလော့၊
*ဇီဝက၏ သရက်ဥယျာဉ်၌ အိပ်ရာနေရာကို ခင်းပေးလော့၊
* မဒ္ဒကုစ္ဆိတော၌ အိပ်ရာနေရာကို ခင်းပေးလော့''ဟု ပင်ကိုယ်ပကတိအားဖြင့် ရုတ်တရက်မသွားရောက်နိုင်သည့်နေရာများကိုမှ ခင်းပေးဖို့ရန်ပြောကြားကြကုန်၏။
ထိုအခါ အသျှင်ဒဗ္ဗသည် တေဇောကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ တောက်ပသော လက်ညှိုးဖြင့် ရှေးမှ ရှေးမှ သွား၏။ ထိုရဟန်းတို့သည်လည်း ထိုအရောင်အလင်းဖြင့်သာလျှင် မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ နောက်မှ နောက်မှ လိုက်ကုန်၏။

ထိုရဟန်းများတောင့်တသည့်ကျောင်းများ၌ အိပ်ယာနေရာပြင်ဆင်ပြီးလျှင်လည်း ''ဤကား ညောင်စောင်း 'ခုတင်' တည်း၊ ဤကား အင်းပျဉ် 'ခုံရှည်' တည်း၊ ဤကား ဘုံလျှို 'ဖုံ' တည်း၊ ဤကား ခေါင်းအုံးတည်း၊ ဤကား ကျင်ကြီး (စွန့်ရာ) ဌာနတည်း၊ ဤကား ကျင်ငယ် (စွန့်ရာ) ဌာနတည်း၊ ဤကားသောက်ရေ တည်း၊ ဤကား သုံးဆောင်ရေတည်း၊ ဤကား တောင်ဝှေးတည်း၊ ဤကား ဤအချိန်၌ ဝင်ရမည်၊ ဤအချိန်၌ ထွက်ရမည် စသည်ဖြင့် ထားအပ်သော သံဃာ၏ ကတိကဝတ်တည်း''ဟု ပြောဆို၍ အပြည့်အစုံ စီမံပေးကာ ဝေဠုဝန် ကျောင်းတော်သို့သာလျှင် တစ်ဖန် ပြန်ကြွ၏။
ထိုသံဃပရိသတ်တွင် မေတ္တိယဘူမဇကရဟန်းတို့သည်ကား ရဟန်းဝါလည်းငယ်ကုန်၏၊ ဘုန်းကံလည်း နည်း ပါးကုန်၏၊ ထို့ကြောင့် ရှင်ဒဗ္ဗက အိပ်ယာနေရာပြင်ပေးခင်းပေးလိုက်တိုင်း ကြမ်းပိုးများသောနေရာ မိုးမလုံသောနေရာ ညစ်ပတ်သောနေရာစသည်တို့၌ ကျရောက်လေတော့၏။ ဆွမ်းစားစာရင်းအရ ညွှန်ကြားလိုက်တိုင်း ထိုမေတ္တိယဘုမ္မဇကရဟန်းငယ်တို့အား ယုတ်ညံ့သော ဆွမ်းတို့သည်လည်းကောင်း ထိုရဟန်းတို့အား ရောက်ကုန်၏။
ရာဇဂြိုဟ်ပြည်၌ လူတို့သည်လည်းမထေရ်ဖြစ်သော ရဟန်းတို့အား အထူးပြုပြင် (စီရင်) အပ်သော ဆွမ်းကိုလည်းကောင်း၊ ထောပတ်ကိုလည်းကောင်း၊ ဆီကိုလည်းကောင်း၊ လက်သုပ်ဟင်းလျာကိုလည်းကောင်း စီမံလှူဒါန်းကြလေသည်။
မေတ္တိယ ဘူမဇကရဟန်းတို့အားကား ဆန်ကွဲထမင်းပအုံးရည် 'ပုံးရည်'ကို လှူကြလေသည်။
xxxxxxxxxxxxxxxxxxx
ထို မေတ္တိယဘူမဇက ရဟန်းတို့သည် ဆွမ်းစားပြန်လာတိုင်း အခြားသံဃာများကို “ဘာဟင်းတွေနဲ့များ ဘုဉ်းပေးခဲ့ရပါသလဲ ကိုယ်တော်”ဟုမေးလေလျှင် ''ငါ့သျှင်တို့ ငါတို့အား ထောပတ်သည် ဖြစ်၏၊ ဆီသည် ဖြစ်၏၊ လက်သုပ် ဟင်းလျာသည် ဖြစ်၏''ဟု ပြောကုန်၏။
ဟုပြောဆိုကြရာ မေတ္တိယ ဘူမဇကရဟန်းတို့မှာ မျက်နှာငယ်စွာဖြင့် “ဟင်…ငါတို့ဖြင့် တခါလာလည်း ဆန်ကွဲထမင်း ပုံးရည်ဟင်း၊ဆန်ကွဲထမင်း၊ပုံရည်ဟင်းပဲ ဆွမ်းစားလေးလိုက်သွားရလို့ တစ်ခါတစ်လေများ ဟင်းကောင်းလေးနဲ့ဘုဉ်းရပါ့မလားမှတ်တယ် တစ်ခါလာလည်း ဒီမည်းပြာပုဆိုးနဲ့တိုးနေတာပဲ”ဟု ပြောဆိုကြရင်း ရှင်ဒဗ္ဗအပေါ်၌ မကြည်မလင်ဖြစ်လာကြလေသည်။
XXXXXXXXXXXXXXXXX
တခါသော် ဆွမ်းဆွမ်းဟင်းများကို ကောင်းပေ့ဆိုသည်ကိုမှ ကပ်လှူလေ့ရှိသဖြင့် “ ကလျာဏဘတ္တိက “ စေတနာကောင်းသူ”လို့နာမည်ကြီးနေသော ဒါယကာသည် သံဃာအား စတုက္ကဘတ်ကို နိစ္စဘတ် လှူ၏၊ ထို ဒါယကာသည် ဆွမ်းစားဇရပ်၌ သားမယားနှင့်တကွ အနီး၌ ရပ်တည်၍ လုပ်ကျွေး၏၊ အချို့ရဟန်းတို့ကို ဆွမ်းဖြင့်
မေးကုန်၏၊ အချို့ရဟန်းတို့ကို ဟင်းလျာဖြင့် မေးကုန်၏၊ အချို့ရဟန်းတို့ကို ဆီဖြင့် မေးကုန်၏၊ အချို့ရဟန်းတို့ကို လက်သုပ်ဟင်းလျာဖြင့် မေးကုန်၏။
နက်ဖြန်နံနက်၌ ထိုဒါယကာ သူဋ္ဌေးကြီး၏ ဆွမ်းစားအလှည့်အကြိမ်ကို ထိုဘုဉ်းကံနည်းရှာသော ရဟန်းငယ် မေတ္တိယ ဘူမ ဇကရဟန်းတို့ အလှည့် ကျလေသည်၊ ထိုအခါမှ တိုက်ဆိုင်စွာပင် ကလျာဏဘတ္တိက သူကြွယ်သည် တစ်စုံတစ်ခုပြုဖွယ်ဖြင့် အရံ သို့ ရောက်လာရာ အရှင်ဒဗ္ဗအထံသို့သွား၍ ''အသျှင်ဘုရား အကျွန်ုပ်တို့၏ အိမ်၌ နက်ဖြန် ဆွမ်းဘုဉ်းကြွလာကြမယ့် ကိုယ်တော်တွေက ဘယ်သူတွေတုန်းဘုရား …ဟုမေးရာ
မေတ္တိယဘူမဇကရဟန်းငယ်တို့အား ဆွမ်းစားကြွကြဖို့ ညွှန်ကြားထားပါတယ် တကာ…ဟု ပြန်လည်ပြောကြားလိုက်လေလျှင် မေတ္တိယျဘုမ္မဇကလို့ ဘွဲ့နာမည်ကိုကြားခါမျှနှင့်ပင်ကလျာဏဘတ္တိကသူကြွယ်သည် နှလုံးမသာ ဖြစ်သွားလေတော့၏၊
''အဘယ့်ကြောင့် ရဟန်းယုတ်တို့သည် ငါတို့၏ အိမ်၌ သုံးဆောင်ကုန်လတ္တံ့နည်း''ဟု အိမ်သို့သွား၍ ''ဟယ် ကျွန်မ နက်ဖြန် ဆွမ်းစားလာသော ရဟန်းတို့ကို တံခါးမုခ်၌ နေရာကို ခင်း၍ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် လုပ်ကျွေးလော့''ဟုမကောင်းမကန်း စီမံလိုက်လေတော့၏။
XXXXXXXXXXXXXXXXXXXXXXXXXX
ထိုအခြေနေနှင့်တကာစိတ်ထားပြောင်းသွားမှူကိုမသိကြရှာသော ရဟန်းငယ် မေတ္တိယ ဘူမဇကရဟန်းတို့သည် ''ငါ့သျှင်တို့ ယမန်နေ့က ငါတို့အား ကလျာဏဘတ္တိက ဒါယကာ၏ ဆွမ်းကို ညွှန်းအပ်ပြီ၊ နက်ဖြန် ငါတို့ကို ကလျာဏဘတ္တိက ဒါယကာသည် သားမယားနှင့် တကွ အနီး၌ ကပ်၍ လုပ်ကျွေးလတ္တံ့၊ အချို့ရဟန်းတို့ကို ဆွမ်းဖြင့် မေးကုန်လတ္တံ့၊ အချို့ရဟန်းတို့ကို ဟင်းလျာဖြင့် မေးကုန်လတ္တံ့၊ အချို့ရဟန်းတို့ကို ဆီဖြင့် မေးကုန်လတ္တံ့၊ အချို့ရဟန်းတို့ကို လက်သုပ် ဟင်းလျာဖြင့် မေးကုန်လတ္တံ့''ဟု ဝမ်းမြောက်ပျော်ရွှင်နေကြကုန်လျှက် ညဉ့်နက်သန်းခေါင်ထိအောင် မအိပ်စက်နိုင်ကြပဲ နက်ဖြန်နံနက်ရောက်ဖို့ရန်ပဲ စိတ်စောနေမိကြတော့၏။ နံနက်လင်းသည်နှင့် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ ကလျာဏဘတ္တိက ဒါယကာ၏ အိမ်သို့ ဆွမ်းစားကြွသွားကြရာ …သူဋ္ဌေးကြီးရဲ့ကျွန်မသည် အိမ်အတွင်းသို့အ၀င်မခံပဲ တံခါးမုခ်၌သာ နေရာကို ခင်းပေး၍ ''အသျှင်ဘုရားတို့ ဒီမှာကြွကြပါဘုရား''ဟု လျှောက်ထားလေရာ…
''ဧကန္တ တို့လာတာစောသွားလို့ ဆွမ်းမကျက်သေးတာဖြစ်ရမယ် ဒါ့ကြောင့်ဒီမှာပဲ အထိုင်ခိုင်းတာထင်ရဲ့'လို့ အောက်မေ့ခြင်းနေကြပါသတဲ့။
ကျွန်မလေးက ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းဖြင့် ''အသျှင်ဘုရားတို့ ဘုဉ်းပေး သုံးဆောင်ကြပါ ''ဟုလာရောက်ကပ်လှူသောအခါမှ မျက်လုံးပြုးသွားကြကာ..''နှမ ငါတို့ကား နိစ္စဘတ် ရှိသူများတည်း''ဟုပြောကြရာ
"အသျှင်ဘုရားတို့ နိစ္စဘတ်ရှိသူများ ဖြစ်ကြသည်ကို သိပါသည်၊ သို့ရာတွင် ယမန်နေ့ကပင် ''ဟယ် ကျွန်မ နက်ဖြန် ဆွမ်းစားလာသော ရဟန်းတို့ကို တံခါးမုခ်၌ နေရာကို ခင်း၍ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲထမင်းဖြင့် လုပ်ကျွေးလော့''ဟု အကျွန်ုပ်ကို စေခိုင်းအပ်ပါသည်။ အသျှင်ဘုရားတို့ ဘုဉ်းပေး သုံးဆောင်ကြပါ''ဟုအပြည့်အစုံလျှောက်ထားလေရာ
မေတ္တိယဘူမဇကရဟန်းတို့မှာ ရှင်ဒဗ္ဗအပေါ်ကိုလုံးဝသံသယကင်းစွာ စွပ်စွဲလိုက်ကြတော့သည်။
''ငါ့သျှင်တို့ ဒါ ရှင်ဒဗ္ဗလက်ချက်ပဲကွ အရင်ထဲက ငါ့စိတ်ထဲမသင်္ကာပါဘူးလို့ ခုတော့တွေ့တယ်မလား ။ယမန်နေ့က ကလျာဏဘတ္တိက လာတော့ ငါတို့မကောင်းကြောင်းတွေ သူပြောလိုက်လို့ သဒ္ဓါတရားပျက်သွားပြီး ငါတို့ကိုဒီလိုကပ်လှုတာပဲ''ဟု ထိုနှလုံးမသာခြင်းဖြင့် သာလျှင် စိတ်အလိုရှိတိုင်း 'စိတ်တိုင်းကျ' မသုံးဆောင်ကြကုန်။
ထို မေတ္တိယ ဘူမဇကရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲကုန်လတ်သော် အရံသို့ သွား၍ သပိတ်သင်္ကန်းကို သိုမှီးသိမ်း ဆည်းပြီးလျှင် အရံအပ တံခါးမုခ်၌ ဒုကုဋ် အာယောဂပတ်ဖွဲ့လျက် ဆိတ်ဆိတ်နေကုန်၍ မျက်နှာမလှကုန်သည်ဖြစ်၍ ချသော ပခုံးရှိကုန်သည်ဖြစ်၍ အောက်သို့ မျက်နှာချကုန်သည်ဖြစ်၍ ကြံမှိုင်ကုန်သည်ဖြစ်၍ စကားမဆိုကုန်သည်ဖြစ်၍ နေထိုင်ကုန်၏။
ထိုအခါ မေတ္တိယာဘိက္ခုနီမသည် မေတ္တိယ ဘူမဇကရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးနောက် မေတ္တိယ ဘူမဇကရဟန်းတို့ကို ''အသျှင်တို့ ရှိခိုးပါ၏''ဟု ဆို၏။ ဤသို့ ဆိုလတ်သော် မေတ္တိယ ဘူမဇက ရဟန်းတို့သည် စကား မပြောကြကုန်။
သုံးကြိမ်မြောက်လျှောက်ထားပြောဆိုပါသော်လည်း စကားပြန်မရသဖြင့်
အရှုင်ဘုရားတို့ အဘယ့်ကြောင့်တပည့်တော်မကို စကားတစ်ခွန်းမှမပြောပါသလဲဘုရားအပြစ်တစ်စုံတစ်ရာများ ပြုမိလို့ပါလား..လို့မေးရာ
နှမ ငါတို့ ဖြစ်တိုင်းဆိုအံ့၊ သင်သည် ငါတို့ကို မလ္လမင်း၏သား ဒဗ္ဗသည် ထင်တိုင်းချယ်လှယ်နေတာကို သင်သည်ဒီတိုင်းကြည့်ရက်ဘိ၏..ဟုပြောဆိုရာ ဒါဆိုတပည့်တော်မ ဘယ်လိုကူညီပေးရမလဲဘုရားဟုမေးရာ….
သင်ငါတို့ကိုကူညီချင်လျှင် ဘုရားထံသွားပြီး '' မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် တပည့်တော်မအား ဖျက်ဆီးအပ်ပါ၏''ဟု လျှောက်လော့ဟုစေခိုင်းလိုက်လေသည်။
'အသျှင်ဘုရားတို့ ကောင်းပါပြီ''ဟု ၀န်ခံခဲ့၍ ဘုရားရှင်အား ထိုအတိုင်း သွားရောက်လျှောက်ထားလေတော့၏
ထိုအခါ မြတ်စွာဘုရားသည် သံဃာကို စည်းဝေးစေပြီး လျှင် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို-''ဒဗ္ဗ သင်သည် ဤဘိက္ခုနီမ ပြောသကဲ့သို့ ဤသို့သဘောရှိသော ဖျက်ဆီးမှုကို ပြုမိသည်ဟု အမှတ်ရ၏လော''ဟု စိစစ်မေးမြန်းတော်မူ၏။
အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား သိတော်မူသည့်အတိုင်းပင်
ဖြစ်ပါသည်ဘုရားဟု လျှောက်ထားလေသည် (ရဟန္တာပုဂ္ဂိုလ်တစ်ပါးအနေနဲ့ လုံးဝကျုးလွန်မည်မဟုတ်ကြောင်းကို ဘုရားသိတော်မူပြီးဖြစ်ပါသည်ဟုဆိုလိုသည်)
သုံးကြိမ်တိုင်တိုင်မေးစိစစ်တော်မူသော်လည်း ထိုသို့ပင်လျှောက်ထားနေသဖြင့်
''ဒဗ္ဗ ပညာရှိတို့သည် ဤသို့ မဖြေရှင်းကြကုန်၊ အကယ်၍ သင်သည် ပြုအပ်သည် ဖြစ်အံ့၊ ပြု အပ်ပါ၏ဟု လျှောက်ဆိုလော့၊ အကယ်၍ သင်သည် မပြုအပ်သည် ဖြစ်အံ့၊ မပြုအပ်ပါဟု လျှောက်ဆိုလော့''ဟု မိန့်တော်မူရာမှ
“အသျှင်ဘုရား အကျွန်ုပ်သည် မွေးသည့်အခါမှ စ၍ အိပ်မက်မျှဖြင့်လည်း မေထုန်အကျင့်ကို ပြုကျင့် မှီဝဲမိသည်ဟု မသိပါ၊ နိုးသော တပည့်တော်သည် အဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်း”ဟု ဘုရားရှင်တော်မြတ်အား ရှင်းလင်းစွာလျှောက်ထားလိုက်တော့၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို 'ရဟန်းတို့ သို့ဖြစ်လျှင် မေတ္တိယာဘိက္ခုနီမအား အသွင် ကိုဖျက်လူဝတ်လဲစေကြကုန်လော့ ၊ ဤခိုင်းသော ရဟန်းတို့ကိုလည်း မေးမြန်းစိစစ်ကုန်လော့'ဟု မိန့်တော်မူ၏။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် နေရာမှ ထ၍ ကျောင်းသို့ ဝင်တော်မူ၏။
ထိုအခါ ရဟန်းတို့သည် မေတ္တိယာဘိက္ခုနီမအား လူဝတ်လဲစေကြရာ မေတ္တိယဘုမ္မဇကရဟန်းတို့က -
''ငါ့သျှင်တို့ မေတ္တိယာဘိက္ခုနီမကို မဖျက်ဆီးကြပါကုန်လင့်၊ ထိုဘိက္ခုနီမသည် တစ်စုံတစ်ခု ပြစ်မှားသည် မဟုတ်ပါ၊ အမျက်ထွက်ကုန်သော နှလုံးမသာကုန်သော (သာသနာတော်မှ) ရွေ့လျောစေလိုကုန်သော ငါတို့သည်သာ ထိုဘိက္ခုနီမကို တိုက်တွန်းကြကုန်၏''ဟု ပြောဆိုကြကုန်၏။
ငါ့သျှင်တို့ သင်တို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ဖျက်ဆီးကြကုန်သလောဟုမေးရာ ၀န်ခံကြရလေတော့၏။ထိုအကြောင်းကိုဘုရားရှင်ကြားသိတော်မူရသောအခါတွင်မှ ရှင်ဒဗ္ဗအား (သတိအကောင်းဆုံးဟူသော) သတိဝိနည်းကိုပေးစေတော်မူလေသည်။ ဆိုလိုသည်မှာ သတိကင်းလွတ်မှသာအာပတ်သို့သင့်ရောက်ကြရလေရာ သတိအကောင်းဆုံးဟုသမုတ်ခံထားရလျှင် အာပတ်မသင့်..ဟု ပြောဆိုပြီးဖြစ်ရလေအောင် သတိဝိနည်းပေးစေတော်မူလေသည်။
XXXXXXXXXXXXXXXXXXXXXXXXXXXX
မေတ္တိယဘုမ္မဇကတို့ နောက်တစ်မျိုးအကြံထုတ်ကြပြန်
မတ္တိယ ဘုမ္မဇက ရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်မှဆင်းလာကြစဉ် ဆိတ်ဖိုသည် ဆိတ်မ၌ ဖောက်ပြန်စွာ ပြုကျင့်သည်ကို မြင်ကြ ရာ ''ငါ့သျှင်တို့ ယခု ဤ ဆိတ်ဖိုကို မလ္လမင်း၏သား ဒဗ္ဗ ပြုလုပ်ကြကုန်အံ့၊ ဤဆိတ်မကိုမေတ္တိယာ ဘိက္ခုနီမ ပြုလုပ်ကြကုန်အံ့၊
ငါတို့သည် ဤသို့ပင် ခေါ်ဝေါ်ကြကုန်အံ့၊ ငါ့သျှင်တို့ ငါတို့သည်ရှေးအခါ၌ မလ္လမင်း၏သား ဒဗ္ဗကို ပြောသံကြားဖြင့် စွဲဆိုခဲ့ကြကုန်၏၊ ယခုအခါ၌မူကား ငါတို့သည်မေတ္တိယာ ဘိက္ခုနီမ၌ ဖောက်ပြန်စွာ ပြုကျင့်သည်ကို ကိုယ်တိုင် မြင်ကြကုန်၏''ဟု ပြောဆိုကာ ရှင်ဒဗ္ဗအား ထင်ယောင်ထင်မှား အသရေဖျက်သိက္ခာချကြပြန်လေ၏၊ ဤအခါတွင်ကား ရဟန်းတော်တို့က ဤသို့မပြောဆိုသင့်ကြောင်း အရှင်ဒဗ္ဗသည် သတိဝိနည်းကိုရသူဖြစ်၍ ယင်းသို့လုံးဝပြုလုပ်လိမ့်မည်မဟုတ်ကြောင်းတားမြစ်ကြကာ
ဘုရားရှင်အား သွားရောက်လျှောက်ထားကြရပြန်လေသည် ၊
ထိုအခါမြတ်စွာဘုရားသည် တစ်ဖန်သံဃာ့အစည်းဝေးခေါ်ကာ ရှင်ဒဗ္ဗအပေါ်အများသံသယကင်းအောင် စစ်ဆေးမေးမြန်းတော်မူခဲ့ရလေသည်။
...........................................
ထိုကဲ့သို့ ရဟန်းယုတ်တို့၏ အကြိမ်ကြိမ်လုပ်ကြံစွပ်စွဲမှုကိုခံခဲ့ရခြင်းမှာ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီဘုရားရှင်ပွင့်တော်မူခဲ့စဉ်က ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ ထို မြတ်စွာဘုရား၏ တပည့်'သာဝက'ရဟန္တာကိုစွပ်စွဲခဲ့မိသော မကောင်းမှုကံကြောင့် ၀တ်ကြွေးတစ်ပတ်ပြန်လည်ကာ စွပ်စွဲခံခဲ့ရခြင်းဖြစ်လေသည်။ ထိုဝိပဿီမြတ်စွာဘုရား၏ တပည့်'သာဝက'တို့အား စာရေးတံကို ယူ၍ နို့ဆွမ်းကိုလည်း ကပ်လှူခဲ့သော ကုသိုလ်ကံ၏အစွမ်းကြောင့် အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူလည်းဖြစ်ခဲ့ရလေသည်။
XXXXXXXXXXXXXXXXXXXXXXXXXX
အရှင်ဒဗ္ဗပရိနိဗ္ဗာန်မစံဝင်မီ သူ၏ ပါရမီဖြည့်ရာကာလဖြစ်စဉ်ကို
ပြန်လည်ဟောပြသွားတော်မူရာ၌ကား .............
*အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရကြောင်း။ *အကြိမ်ငါးရာတို့တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့ဖူးကြောင်း။
*ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား မရေတွက်နိုင်ကြောင်း
ဤဘဒ္ဒကမ္ဘာ၌ ကဿပမည်သော မြတ်စွာ ဘုရားပွင့်တော်မူစဉ်က တရားကျင့်ဖော်သူငယ်ချင်း အရင်းကြီးများဖြစ်ကြသည့် ကုမာရကဿပ ဗာဟိယဒါရုစီရိယ၊သဘိယပရိဗိုဇ် ၊ပက္ကုသာတိမင်း ၊ အရှင်ဒဗ္ဗတို့သည် ထိုထိုဘဝသို့ ရောက်ကုန်လျက် မိတ်ဆွေအစစ်အမှန်ကြီးဖြစ်တော်မူသော
ဂေါတမမြတ်စွာဘုရား၏ အစဉ်သနားစောင့်ရှောက်မှုကြောင့် သံသရာအနှောင်အဖွဲ့မှ ၀ဋ်ဒုက္ခအားလုံးမှ လွတ်မြောက်ခဲ့ကြရကြောင်း မိန့်ကြားတော်မူခဲ့လေတည်း။
XXXXXXXXXXXXXXXXXXXXXXXXXXXXXX
ပြီးပါပြီ
မိတ်ဆွေကောင်းများနှင့်ပေါင်းစုံမိကြသောကြောင့် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခွင့်ရရှိခဲ့ကြသော အထက်ပါသူငယ်ချင်းများ၏အဖြစ်ကို ဗဟုသုတယူလျှက် စစ်မှန်တဲ့မိတ်ကောင်းဆွေကောင်းများနှင့်
ပေါင်းဆုံမိကြပါစေဟု ဆုမွန်ဆန္ဒပြုလျှက်။ ။
မေတ္တာများစွာဖြင့်
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment