
(၅) အမှုကိစ္စပလိဗောဓ
အမှုသစ်ကို အမှုကိစ္စ-ဟု (ဆိုအပ်ပေသည်)။ ထိုအမှုကိစ္စကို ပြုသော ရဟန်းသည် လက်သမား စသည်တို့ (လုပ်ခ) ရသည် မရသည်ကို သိအပ်၏။ ပြုပြီးသောအမှု မပြုရသေးသောအမှု၌ (သိအောင်) ကြောင့်ကြစိုက်ရ၏။ ထို့ကြောင့် အခါခပ်သိမ်း ပလိဗောဓဖြစ်ပေသည်။ အမှူကိစ္စများသည် ဆိုတာနှင့်ပတ်သက်ပြီး...
ကိစ္စပေါသူစ ပျင်းသောသူ ၊
ရောဂါပေါသူ တယော ဣမေ ၊
သာသနေ ကြာရှည်နေငြား ၊
မကြီးပွား ဟောန္တု သဗ္ဗဒါ ။….ဆိုတဲ့
ငယ်ငယ်က ဆရာသမားများနှုတ်တိုက်ချပေးခဲ့တဲ့ အလင်္ကာလေးကို
သွားသတိရမိတယ် ။ ဟုတ်တယ်လေ ၊ လောကထဲမှာက အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး လူ့တန်ဖိုးကို အလုပ်နဲ့သတ်မှတ်ကြတာမလား။ ဘုရားသာသနာတော်မှာက အဲလိုအလုပ်ကိစ္စ ဗာဟီရတွေများနေတဲ့သူကို အလကားကောင်..တဲ့။ ဒီလိုအမြင်ကွဲနေတာလေးတွေကရှိသေးတယ်။
ဒါနဲ့ ရယ်စရာဟာသတစ်ခု ကြားညှပ်ပြောရဦးမယ် ။ ကိုယ်တော်လေးတစ်ပါး သာသနာဘောင်မပျော်ပိုက်လို့ လူဝတ်လည်းပြီး အလုပ်လိုက်ရှာရတာပေါ့ ၊လူ့လောကမှာက အလုပ်ရှိမှ ၀င်ငွေရှိပြီး အသက်ဆက်ရှင်လို့ရမှာ၊ ဒီတော့အလုပ်ရှင်က ကိုယ်ရေးအချက်အလက်မေးတယ်။
မောင်ရင် ဘယ်မှာနေလဲ ......ဘုန်းကြီးကျောင်းမှာပါ
(လူဝတ်လဲပြီး ကျောင်းသားလုပ်နေတာပြောတာပါ)
ဖခင်နာမည်…......ဖခင်တစ် ကတော့ ဦးစိန် ၊ဖခင်နှစ်ကတော့ ဂေါတမဗုဒ္ဓပါ၊
(ဟိုက်) မောင်ရင် မင့်မွေးဖခင်ရင်းကိုပြောတာပါ ။
ဟုတ်ကဲ့ သူဋ္ဌေးမင်း ...နှစ်ဦးလုံးးကတော့ မွေးဖခင်များမဟုတ်ကြပါဘူး(အမေကမွေးတာကိုး… ) လူ့ဘ၀တုန်းကတော့ ကျွေးမွေးတဲ့ ဖခင်ကဦးစိန်ပါ၊
နောက်ရဟန်းဝတ်လိုက်တော့ ကျွေးဖခင်က ဘုရားရှင်ဖြစ်သွားလို့ပါခင်မျာ၊
အော် အေးအေး ၊ ( သူဋ္ဌေးကြီးလည်း မျက်စေ့လည်ကုန်တာပေါ့ )
ဒါဆို ငါ့တူရဲ့ ပညာအရည်အချင်းကရော…...
အင်း ပါဠိ မြင်ရင် အနက်ထင်တတ်ပါတယ်ခင်မျာ ၊ ရဟန်းဘ၀တုန်းကတော့ တရားဟော ၊ရေစက်ချ၊သီလပေးလေးရပါတယ်၊ အစိုးရစာချတန်းပြီးလို့ စာသင်သားသံဃာတွေ စာချပေးရပါတယ်။
အော်အော် ဒါဆို ငါတူ ရည်ရည်လည်လည်ရေးတတ်ဖတ်တတ်တယ်ပေါ့ ။ ဟုတ်ကဲ့ သူဋ္ဌေးကြီး။
အေးအေး ဒါဆို ပညာအရည်အချင်းကို ... ရေးတတ်ဖတ်တတ်လို့ သတ်မှတ်လိုက်မယ် တဲ့လေ ။
ပုံပြင်ထဲကအတိုင်းလည်း အပြင်လောကမှာ တကယ်ပါပဲ ။ ဘုန်းကြီးရဟန်းဘ၀တုန်းက သင်ယူလေ့လာခဲ့ရတာတွေက သံသရာထွက်မြောက်ကြောင်း လောကုတ္တရာစာပေတွေမဟုတ်ပါလား။ ဒီတော့ လောကီအနေနဲ့က အပေါင်းအနှုတ်အမြှောက်အစား ဘာသာစကားစုံအောင် ကျွမ်းမှဖြစ်မှာမလား။
ဆိုလိုတာက အတန်းကျောင်း ပညာအရည်အချင်းနဲ့ အဆင့်အတန်းသတ်မှတ်ကြရတဲ့ လူ့လောကအလုပ်အကိုင်တွေမှာက ရွာဦးကျောင်းမှာပဲ ကန့်ကူလက်လှည့် ကျောင်းတက်ခဲ့ရတဲ့ ဘုန်းကြီးလူထွက်များခမျာမှာ လူ့လောကအလုပ်ရှာရတဲ့ အခက်ခဲတစ်ခုလို့ ပြောဆိုဥပမာပေးကြတဲ့ သာဓကပုံပြင်လေးတစ်ခုဖြစ်ပါတယ်။
ဒီတော့ လူလောကမှာက ကုန်သွယ်လယ်လုပ်စတာတွေကို အလုပ်လို့ဆိုပါတယ်။
ရဟန်းတော်တို့အလုပ်မှာတော့ နှစ်ခုပဲ ရှိပါတယ်။ ပထမဆုံးက ပရိယတ္တိဓုရဆိုတဲ့ ပညတ် ၊ပရမတ် ကွဲကွဲပြားပြားကို သင်သိအနေနဲ့အရင်ဦးဆုံးနားလည်အောင် ၊ဘုရားသာသနာတော်မှာ အပြစ်ကင်းစွာ နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်အောင် လေ့လာသင်ယူရတယ် ကျက်မှတ် အာဂုံဆောင်ကြရပါတယ်။
နောက်မိမိသိနားလည်အောင် ဆရာ့ဆရာတွေက လက်ဆင့်ကမ်းသင်ကြားပြသပေးသကဲ့သို့ မိမိကိုယ်တိုင်နားလည်တတ်ကျွမ်းလာတဲ့အခါမှာလည်း တဆင့်ပြန်လည်သင်ကြားပြသ ညွှန်ကြားဆုံးမပေးရပါတယ်။ ဒါကို ပရိယတ္တိတာဝန်လို့ခေါ်တာပေါ့ ။
ဒီအဆင့် ဒီတွင်ပဲ တိပိဋကဓရ ၊၀ိနယပါရဂူကြီးတွေရယ်လို့ လမ်းခုလပ်မှာပဲ ရပ်တန့်ကျေနပ်နေလို့လည်းမဖြစ်သေးပါဘူး ။မိမိတို့ပန်းတိုင်ခရီးလမ်းက မဆုံးမှမဆုံးသေးတာကိုး။
ဒါ့ကြောင့် …ပဋိပတ္တိဆိုတဲ့ မိမိသင်ယူလေ့လာမှတ်သားခဲ့ရတဲ့ စာသိကို မိမိခန္ဓာထဲမှာ ရှာပြီး တကယ်ဟုတ်ပါလား ၊တကယ်မှန်ပါလား ၊ တစ်လောကလုံး အသုံးမကျအသာရကသက်သက်ပါလားလို့ ရှင်းရှင်းသိနားလည်အောင် ကြိုးစားပွားများအားထုတ်ကြရဦးမှာပါ။ ဒီလို လက်တွေ့ practical ကျကျကြိုးစားကျင့်ကြံမှလည်း “အသိနောက်မှာ အကျင့်ပါ လိုရာကိစ္စပြီးစီးရ”ဆိုတာလို သီအိုရီ ဒဿနသမား သက်သက်များသာမဟုတ်ပဲ အကျိုးရှိအောင် လက်တွေ့ကျကျ ကျင့်သုံးနိုင်ကြသူတွေအဖြစ်ရောက်ရှိလာမှာဖြစ်ပါတယ်။ ဒီလိုနားလည်အောင် ကျင့်ကြံပွားများ အားထုတ်မှူကို ပဋိပတ္တိလို့ ဆိုပါတယ် ။
ဒီပရိယတ္တိဓုရ ၊ပဋိပတ္တိဓုရ ကိစ္စနှစ်ရပ်မှာတောင်မှ ပရိယတ္တိဆိုတာ လူ့လောကပညာရေးလို ဘ၀နေနည်းရအောင် သင်ပေးနေတာမဟုတ်ပါဘူး၊ ဘ၀ဆိုတာ ဒုက္ခပါလို့ သိရှိနားလည်လာပြီး ဘ၀သံသရာမှ ထွက်မြောက်နိုင်ကြောင်း လမ်းပြမြေပုံညွှန်းကို အရင်ဦးဆုံးသင်ပေးလိုက်တဲ့သဘောပါ။
ဒီလမ်းညွှန်ချက်မြေကိုကို ရှင်းလင်းပြတ်သားစွာလေ့လာမှတ်သားပြီး ဆက်လက်လျှောက်လှမ်းနိုင်မှ (ပဋိပတ်ကို ဆက်လက်အားထုတ်နိုင်မှသာ )ကိုယ့်ကိုယ်ကိုယ်တဲ့ သာမိ အရှင်သခင်ဘ၀ရောက်ကြမယ်လို့ ဘုရားရှင်က ဟောပြထားတော်မူခဲ့ပြီးဖြစ်ပါတယ် ။
လောကမှာ ပန်းချီ၊ပန်းပုပညာအကောင်း ကောင်းကောင်းနားလည်ပေမယ့် ပန်းချီပန်းပုလက်တွေထုဆစ် အသက်မမွေးပဲ လက်သစ်တပည့်လေးတွေကိုပညာသင်ပေးနေတဲ့ လက်ချာရာကြီးတွေရှိကြဘိသကဲ့သို့ မိမိတို့ ဘုရားသာသနာမှာလည်း ကျင့်နည်းကြံနည်း ကြိုးစားအားထုတ်နည်းကို ကိုယ်တိုင်ကျနစွာ သိရှိပြီးပေမယ့် အခြားတပည့်တကာမ သာဝကများကိုသာ စာသင်စာချ တရားပြလုပ်ပြီး နည်းမှန်လမ်းမှန်ညွှန်ကြားပေးနေပေမယ့် ကိုယ်တိုင်က တကယ်ပေါက်မြောက်အောင် မကျင့်ကြံလိုက်ရပဲ အချိန်တန်လို့ မရဏနိုင်ငံခရီးဆက်ခဲ့ရသူတွေလည်း မနည်းပါဘူး။
ဒီအခြေနေတွေကိုမြင်တော်မူလို့ ဘုရားရှင်က “သိသမျှကိုသာ အခြားသူတွေတဆင့်သင်ပေးပြီး မကျင့်လို့ရှိရင် နွားပိုင်ရှင်အဖြစ်နဲ့ နွားနို့အရသာခံစားရမှာမဟုတ်ဘူး၊ နွားကျောင်းသားအဖြစ်နဲ့ပဲ နွားကျောင်းလို့ရတဲ့ အဖိုးအခလေးနဲ့ပဲ ကျေနပ်နေကြရလိမ့်မယ်။ ဒါ့ကြောင့် ပိုင်ရှင်အစစ်ဖြစ်ဖို့ ကြိုးစားကြရမယ်” လို့မိန့်တော်မူခဲ့တာဖြစ်ပါတယ်။
လူသားတွေဆိုတာကလည်း ညင်ကိုပယ်ဖို့တော်တော်ခက်တဲ့သဘောရှိတယ်လေ၊ မိမိက လူ့ဘ၀က အိုးသူကြီးဆို ဆွမ်းကျောင်းမှာသွားပြီး ချက်ရပြုတ်ရတာပျော်နေတာပါပဲ ။ တာဝန်ကျလို့လုပ်ရတာမျိုးမဟုတ်ပဲကို အချိန်ပြည့် ဝေယျာဝစ္စ
လုပ်နေကြတော့တာပါပဲ၊
တချို့လက်သမားဘ၀ကလာသူများကြပြန်တော့လည်း
ကျောင်းဆောက်တဲ့ပန်းရံတွေနဲ့ လုံးလားထွေးလား အင်္ဂတေဖျော် သံရိုက် ၊ကျောင်းဆောက်ရာ ပန်းရံလိုက်လုပ်နေလေ့ရှိတယ်။ အချုပ်အလုပ်ကျွမ်းတဲ့ ပင်မင်းသမားများကျပြန်တော့ သံဃာတွေလိုအပ်သမျှ သင်္ကန်း လွယ်အိပ်ချုပ်ပေးကြရရင်းသာ တန်ဖိုးရှိစွာ တရားဘာဝနာတွေပွားများရမယ့် အချိန်တွေကုန်သွားကြရှာတယ်။ ဒီအဖြစ်မျိုးတွေကိုမဖြစ်စေချင်လို့ ဘုရားရှင်ကိုယ်တော်မြတ်က အင်္ဂုတ္တိုရ် ပဉ္စက ပထမသေခသုတ်တော်မှာ
''ပဉ္စိမေ၊ ဘိက္ခဝေ၊ ဓမ္မာ သေခဿ ဘိက္ခုနော အပရိဟာနာယ သံဝတ္တန္တိ။ ကတမေ ပဉ္စ? န ကမ္မာရာမတာ၊ န ဘဿာရာမတာ၊ န နိဒ္ဒါရာမတာ၊ န သင်္ဂဏိကာရာမတာ၊ ယထာဝိမုတ္တံ စိတ္တံ ပစ္စဝေက္ခတိ….လို့ ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်။
ဒါကို ဆရာတော်ဘုရားကြီးများက
၁။ ကိစ္စမများ ၊ ……………………..….(န ကမ္မာရာမတာ)
၂။စကားနည်းစေ ၊……………………..( န ဘဿာရာမတာ)
၃။ အိပ်နေမှုနည်း၊ ………………....... (န နိဒ္ဒါရာမတာ)
၎။ ကိုယ်တည်းပျော်လေ၊………...(န သင်္ဂဏိကာရာမတာ)
၅။ လွတ်မြောက်မှူလမ်း ဖြောင့်တန်းပါစေ ၊….( ယထာဝိမုတ္တံ စိတ္တံ ပစ္စဝေက္ခတိ)
ယောဂီများမှတ်သားဤငါးထွေ…လို့ သီကုံးစပ်ဆိုကာ သင်ပြပေးခဲ့ကြပါတယ်။
............................................
မေတ္တာသုတ် တော်မှာလည်း ကမ္မဋ္ဌာန်းကျင့်စဉ်ပိုင်းမှ
ယောဂီတစ်ယောက်ပြည့်စုံရမည့်ဂုဏ်အင်္ဂါတွေထုတ်ဆောင်ဟောပြတော်မူရာမှာလည်း
သန္တုဿကော စ ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ သုဘရော စ၊ အမွေးအမြူလွယ် သူလည်း ။ အဿ ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ ၊ ဖြစ်ရာ၏။ စသည်ဖြင့် အမှုကိစ္စကို နည်းပါးနိုင်သမျှ နည်းပါးအောင်ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းထားတော်မူပါတယ်။
ရဟန်းတော်များအတွက်ကတော့ အမှူကိစ္စနည်းပါးအောင် နေထိုင်သီတင်းသုံးချင်လျှင် နေရာဒေသတစ်ခုမှာ
နှစ်ရှည်လများသီတင်းသုံးမနေထိုင်မိဖို့လိုပါလိမ့်မယ် ၊ အနေကြာလာလျှင် အရာရာမှာ တတ်သိနားလည်သူတစ်ယောက်ကဲ့သို့ အဲဒီနေရာ ဘုရားကျောင်းကန်ကိစ္စတွေမှာ စီမံရင်း အမှုကိစ္စတွေ များကာ တရားအားမထုတ်နိုင်ဖြစ်လာနိုင်လို့ပါပဲ။ ဒီတော့ အမှုကိစ္စတွေနည်းပါးစွာ သီတင်းသုံးနိုင်ဖို့ ကိုယ်ပိုင်ကျောင်းကန်မထား မောနေယျအကျင့်မြတ်ကျင့်တဲ့ ရဟန်းတစ်ပါးအလား လှည့်လည်သွားလာသီတင်းသုံးတာက ဘုရားအလိုတော်အကျဆုံးပါပဲ။
……………………………………….
ဒီနေရာမှာ စကားစပ်လို့ နေရာဒေသတစ်ခုမှာ ကြာရှည်စွာ သီတင်းသုံးလျှင် ဖြစ်လာနိုင်တဲ့အပြစ်များကို ရားဟောအတိုင်းထုတ်ဆောင်ပြချင်ပါသေးတယ်။
“ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
(၁) များသော ဘဏ္ဍာကို စုဆောင်းသည်ဖြစ်၍ များသော ဘဏ္ဍာရှိ၏။
(၂) များသော ဆေးတို့ကို စုဆောင်းသည်ဖြစ်၍ များသော ဆေးရှိ၏။
(၃) ပြုဖွယ်များသည်ဖြစ်၍ ကိစ္စများပြား၏။
(၅) အဘယ်ကို ပြုရမည်နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ ကပ်ငြိတွယ်တာသည်ဖြစ်၍ (သာသနာတော်နှင့်) မလျော်သော
လူတို့၏ နှီးနှောခြင်းမျိုးဖြင့် လူ, ရဟန်းတို့နှင့် နှီးနှောဆက်ဆံလျက် နေရ၏။
(၅) ထိုနေရာကျောင်းမှ ဖဲသွားလျှင် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ ဖဲသွားရ၏။…လို့ဆုံးမသြ၀ါဒပေး ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်။
ထိုသို့နေရာဒေသစွဲမထားပဲ လှည့်လည်သွားလာကာ နေထိုင်ကျင့်သုံးနိုင်ပါက ငါ့ကျောင်းငါ့ကန် ဆိုတဲ့ငါစွဲတွေ ၊ငါကကျောင်းထိုင် ကျောင်းပိုင်၊ နာယက စတဲ့ မာနထောင်လွှားမှူတွေ။ဒွိသန္တက/တိသန္ထက ကျောင်းပိုင်ကျောင်းထိုင်နေရာလုမှုတွေမှာ
ရောယောင်မပါမိတေ့ပဲ ပြုဖွယ်လုပ်ဖွယ်ကိစ္စများနည်းပါးကာ ရဟန်းတရားများ ချမ်းသာစွာ အားထုတ်နိုင်ပါလိမ့်မယ်။
ဓမ္မမိတ်ဆွေများအနေနှင့်လည်း စာသင်စာချအလုပ်ကိစ္စသည်ပင်လျှင် မှန်ကန်တဲ့နည်းလမ်းမှ မချည်းကပ်မိလျှင်ကား မဂ်ဖိုလ်နိဗ္ဗာန်လမ်းခရီး၏ ကြီးစွာသော အတားအဆိးကြီးမှန်းသဘောပေါက်လာပြီိဆိုလျှင်တော့ ထိုအမှုကိစ္စများမှူ ကမ္မာရာမတာ ကိုစွန့်ခွါဖို့ ကြိုးစားရပါတော့မယ်။ မသိလို့ မစွန့်မိခြင်းကား မိမိအပြစ်မဟုတ်သော်လည်း ။ သိကားသိရပြီ မကျင့်နိုင်သေးပါဘူး ဘုရားဆိုလျှင်တော့ မိမိတို့ သဒ္ဓါ၊ဆန္ဒ ၊၀ီရိယများ၏ ခွန်အားမရှိခြင်း
သက်သက်မျှသာဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ဖို့လိုအပ်လှပါတယ်။
ဤကမ္မ၊အမှူကိစ္စတို့ဟာ သံသရာလွတ်မြောက်ရေးအတွက် အနှောက်ယှက်တွေမှန်း သိလာလို့စွန့်ခွါချင်ပြီဆိုလျှင်တော့ လုပ်လက်စအလုပ်တွေကို လက်လွှတ်စံပါယ်ပစ်ထားခဲ့လို့မဖြစ်ပြန်ပါဘူး။ အခြားဝင်ရောက်လုပ်ကိုင်ပေးချင်သှူရှိနေရင်တောင်မှ မိမိကအသိမပေးပဲ စွန့်ခွါသွားခဲ့လျှင် အချိန်တွေကြာမြင့်စွာ
နောက်လူများဆောင်ရွက်ဖို့နှောင့်နှေးသွားမှာလည်းစိုးရတယ်မလား။
* ဒီတော့ (ကျောင်းဆောက်ခြင်းစတဲ့ အမှုကိစ္စသည်) လက်စသတ်ဖို့ပဲလိုတော့တာဆိုရင် ဟန်မပျက် ပြီးဆုံးအောင်မြင်သွားအောင် ကြိုးစားလုပ်ပေးခဲ့ရပါလိမ့်မယ်။
*အကယ်၍ (အကြွင်းအကျန်) များငြားအံ့၊ (ထို) အမှုကိစ္စသည် သံဃာ့အမှုကိစ္စဖြစ်မူ သံဃာအားဖြစ်စေ သံဃာ့ဝန်ဆောင် ရဟန်းတို့အားဖြစ်စေ လွှဲအပ်သင့်၏။ မိမိ၏ အမှုကိစ္စဖြစ်မူ မိမိဝန်ဆောင်ပုဂ္ဂိုလ်တို့အား လွှဲအပ်သင့်၏။
*ထိုသို့သဘော ရှိသော (လွှဲအပ်ရမည့်)သူကို မရသောရဟန်းသည် မဖြစ်နိုင်လှသည့်အဆုံး သံဃာကိုသာပန်ကြားပြီး ပြန်လည်အပ်နှံကာ ထွက်ခွါရပေလိမ့်မည်။ သံဃာကအလွယ်တကူ ခွင့်မပေးလျှင်ကား မိမိဖာသာ တိတ်တဆိတ်ထွက်ခွါရမည်သာဖြစ်ကြောင်း ညွှန်ကြားဆုံးမထားပါတယ်။
……………………………………….
ထို့ကြောင့် ..ကိစ္စမများ စကားနည်းစေ စတဲ့ ဘုရားစကားတော်မြတ်ကို ဦးထိပ်ပန်ဆင်လျှင် လက်ခံကျင့်သုံးခြင်းဖြင့် အမတနိဗ္ဗူပန်းကို လှမ်းကိုင်နိုင်ကြပါစေ...လို့ ဆန္ဒပြုရင်း....။
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment