
(၄) ဂိုဏ်းပလိဗောဓ
သုတ္တန်ဆောင်ဂိုဏ်းကိုဖြစ်စေ၊ အဘိဓမ္မာဆောင်ဂိုဏ်းကိုဖြစ်စေ ဂိုဏ်း-ဟု (ဆိုအပ်ပေသည်)။ ထိုဂိုဏ်းအား ပါဠိကို ဖြစ်စေ, အဋ္ဌကထာကို ဖြစ်စေ ပို့ချပေးရသည်ဖြစ်၍ ရဟန်းတရား (အားထုတ်ခြင်း)၏ အခွင့်မရသော ရဟန်းအားသာလျှင် ဂိုဏ်းသည် ပလိဗောဓ ဖြစ်ပေသည်။
ဆိုလိုသည်မှာ မိမိတာဝန်ယူနေရတဲ့ အဖွဲ့အစည်းအတွက် တာဝန်တွေယူနေရတာနဲ့ မိမိကိုယ်ပိုင်လွတ်လပ်ခွင့်တွေပါ ဆုံးရှုံးနေရင် ။သံသရာဒုက္ခမှ ထွက်မြောက်ကြောင်းတရားဘာဝနာမှ
ကောင်းစွာအားမထုတ်နိုင်တော့ဘူးဆိုရင် ဒါ ဂဏပလိဗောဓဖြစ်တယ် လို့ခေါ်ပါတယ်။
မင်းကွန်းဆရာတော်ကြီး မိန့်တော်မူခဲ့သလိုပေါ့ “တာဝန်သိသူမှာ ၊တာဝန်ရှိပါသည်၊ တာဝန်ရှိသူမှာ ၊တာဝန်ပိပါသည်”တဲ့လေ ။
တာဝန်သိတတ်လို့ တာဝန်ယူရတာက ဒါ လောကကျင့်ဝတ်ဥပဒေနဲ့အညီလေ ။ တာဝန်ယူရင်း တာဝန်တွေပိသွားပြိး ကိုယ်ပိုင်တရားဘာဝနာပွားများခွင့်တွေပါ ဆုံးရှုံးသွားရရင် လူမှုရေးဗာဟီရကိစ္စတွေများးသွားပြီဆိုရင်တော့ သူတစ်ပါးတို့အတွက်ကောင်းပေမယ့် ကိုယ့်အတွက်ဆုံးရှူံးသွားတော့တာပါပဲ။
လူ့ဘ၀ဆိုတာကလည်း အဖွဲ့အစည်းနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေကြရတော့ မိမိ မသိနားမလည်စဉ်က တပည့်အဖြစ်နဲ့သင်ယူဆည်းပူးခဲ့ရပြီး ၊အိမ်မှာဆိုလည်း သားသမီးနေရာက လှပစွာ ပါဝင်ကပြကြရတယ်၊
နောက် လူသားဆိုလည်းအရွယ်ရောက်လို့ ကိုယ့်အိုး ကိုယ့်အိမ်ထူထောင်ကြပြန်တော့လည်း ၊ အိမ်သူ အိမ်သားနေရာကနေ တာဝန်တွေမလစ်ဟင်းရအောင် ။လိုအင်တွေပြည့်ဝကြရအောင် ရှာဖွေစုဆောင်းကြရပြန်ရော။
မိဘဖြစ်လာတော့ မိဘတာဝန်ဝတ္တရားတွေကပုခုံးပေါ်ရောက်လာ၊ မိမိအပေါ် ကျေးဇူးကြီးမားခဲ့တဲ့ မိဘဆွေမျိုးမိသင်္ဂဟတွေကို ပြန်လည်ကူညီထောက်ပံ့ရနဲ့ ကြွေးသစ် ၊ကြွေးဟောင်း ချာလည်လိုက်ကာ တချို့ဆို ထမီစုတ် ၊ကျောပြဲတွေနဲ့ သားသမီးတွေသာလှအောင်ဆင်ပေးရရှာတယ်၊ ကိုယ်တိုင်ကလူရုပ်မပေါက်ရှာကြတော့ဘူးလေ ။သားသမီးတွေဆိုတာကလည်း ကိုယ်တိုင်သာ လှပေကောင်းပေတွေဝတ်ပြီးလမ်းသလားချင်ကြတာ ။အိမ်ကမိအိုဖအိုတွေအတွက် လုံချည်တစ်ကွင်း အင်္ကျီတစ်ထည်လောက်မှ ၀ယ်ပေးမယ်စိတ်မကူးမိကြဘူးမလား။ဒီလို လူ့လောကအရှူပ်ထုတ်တွေထဲ ချာလည်လိုက်နေကြရတာကို မြင်တော်မူလို့လည်း ဘုရားရှင်တော်က
“ကိစ္ဆံ မစ္စာန ဇီဝိတံ-သတ္တ၀ါတို့အသက်မွေးဝမ်းကြောင်းပြုရတာကိုက ဆင်းရဲပင်ပန်းလွန်းတယ်”လို့ဟောကြားတော်မူခဲ့တာကိုး - အဋ္ဌကထာဆရာတော်ကလည်း "နိရန္တရံ ကသိကမ္မာဒီနိ ကတွာ ဇီဝိတဝုတ္တိံ ဃဋနတောပိ ပရိတ္တဋ္ဌာယိတာယပိ မစ္စာနံ ဇီဝိတံ ကိစ္ဆံ။
အမြဲမပြတ်ကုန်သွယ်လယ်လုပ်ခြင်းဖြင့် လက်နှစ်ဖက်ခြေနှက်ဖက် အနားမနေရအောင် လုပ်ကိုင်ဆောင်ရွက်နေမှသာ အဆင်ပြေပြေ နေနိုင်ကြသည့်အတွက်ကြောင့်၎င်း၊ သက်တမ်းတိုပြီးရောဂါဘယများသည်၏အဖြစ်ကြောင့်၎င်း အသက်မွေးရခက်ခဲပင်ပမ်းရခြင်းဖြစ်ပါတယ်..လို့ထပ်မံဖွင့်ပြခဲ့ပါတယ်။
ဒီတော့ ဒီလူတွေခမျာမှာ မိမိဘ၀သံသရာကို ဒုက္ခကြီးပါလို့မြင်အောင် အချိန်ပေးရှူလိုက်စမ်းပါ ၊တရားဘာဝနာကြိုးစားအားထုတ်လိုက်စမ်းပါလို့ ဆိုရင် “တပည့်တော်တို့က မအားသေးလို့ဘုရား ၊ငွေဆိုတာ အခွင့်ပေးတုန်းရှာထားရတာလေ ဘုန်းဘုန်း ၊အသက်ကြီးမှ အိုစာမင်းစာရှာလို့လည်းမလွယ်တော့ဘူး”ဆိုတဲ့ အပူပင်တွေကြားမှာပဲ ဆက်မိုက်တွင်းနက်နေကြရတော့တာပဲ။
လူတွေတင်လားဆိုတော့လည်း မဟုတ်သေးပြန်ဘူး တချို့ စာသင်စာချ ထင်ရှားကျော်ကြားလှတဲ့ ပရိယတ္တိအကျော် ဆရာတော်ကြီးတွေပါ ပါသေးတယ်။ စာချကလည်းကောင်းတော့ တပည့်တပမ်းကလည်းပေါ၊နေ့ဝါည၀ါ
ပြန်လည်ပို့ချပေးကြရရင်းနဲ့ပဲ မိမိတို့အိုမင်းမစွမ်း(ဘုန်းကြီးအိုမစွမ်း )မဖြစ်ခင် အချိန်မှီကလေး ရှူမှတ်ပွားများရမယ့် ခဏအခွင့်ကောင်းတွေ လွတ်သွားကြရှာရော။
သာသနာ့ဘောင် ရှင်သာမဏေ ကိုရင်လေးမဖြစ် စတင်ဝင်ရောက်လာစဉ်ထဲက သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ -ဒီဒုက္ခ၀ဲဂယက်ကြီးမှ လွတ်အောင်ရုန်းချင်လို့ပါ ဆိုပြိး ၀င်လာကြသူတွေချည်းပါပဲ ၊
နောက်တဖန် လောကီရေးရာ စာပေတွေကိုပယ်ခွါပြီး သံသရာမှထွက်မြောက်ကြောင်း မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်တဲ့ တရားဓမ္မအနှစ်သာရတွေကိုသာ တကယ်ကျင့်ဖို့ရည်သန်ကာ သင်လာကြရပြီး တကယ့်ဆရာတဆူ ပါရဂူမြောက် သွားနည်းလည်းလျှောက်လှမ်းမယ်ကြံပြန်တော့လည်း မိမိငယ်စဉ်ကလည်း ဆရာသမားအစဉ်အဆက်သင်ပြပို့ချပေးခဲ့လို့ တတ်သိနားလည်လာခဲ့တယ်။ မိမိနောင်လာ နှောင်းသံဃာများလည်း မိမိသိသလိုသိပြီး ကျင့်နည်းကြံနည်းမှ ရပါစေတော့လို့ ပရိယတ်စာပေများကို ထပ်မံပို့ချပေးကြရပြန်ရောလေ။
ဒီလို သာသနာ့တာဝန်တွေကို ထမ်းရင်းဆောင်ရင်းနဲ့ပဲ ဘ၀နိဂုံး အဆုံးသတ်ပြီး ဘုရားဟောပြသွားတဲ့ သစ္စာအလင်းကိုတော့ မြင်ခွင့်ရမသွားရှာကြရတော့ပါဘူး။
ဒီလိုအခြေနေမျိုးတွေ မဖြစ်ရစ်ကြစေဖို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တတ်သိနားလည်ရုံကတော့ ရနံ့ကင်းတဲ့ မိုးစွေပန်းသဖွယ်သာဖြစ်၍ အနှစ်သာရကင်းမဲ့လှကြောင်း ၊
သိအောင်ကြိုးစားပြီး သိသိအတိုင်းကျင့်ကြံပွားများအားထုတ်ကြသူများသာ
မွှေးရနဲ့သင်းပျံ့တဲ့ အလှဆုံးပန်းမျာသဖွယ် အဖိုးတန်လှကြောင်း ပန်းနှစ်မျိုးနှစ်စားဖြင့် ဥပမာပေးကာ....
“အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့်စသော)ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသောအကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (အဆုံးအမ)စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။”
“အဆင်းအနံ့ပြည့်စုံ၍ တင့်တယ်လှပသော စံပယ်စကားစသော ပန်းသည် ပန်ဆင်သူအား အနံ့ တည်းဟူသောအကျိုးကို ဆောင်နိုင်သကဲ့သို့
ကောင်းစွာဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။”….လို့ ဓမ္မပဒ ၊ ပုပ္ဖ၀ဂ်မှာ ဆုံးမသြ၀ါဒပေး ဟောကြားတော်မူခဲ့တာပါ။
နောက်ပြီး အတ္တ၀ဂ်မှာလည်း သူတစ်ပါး အရေးထက် ကိုယ့်အရေးကိုယ်အရင်ကြီးကြဖို့
“ အတ္တာနမေ၀ ပဌမံ၊ ပတိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိေဿယျ ပဏ္ဍိတော။
ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏၊
ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။” လို့ မိမိအရေး အရင်ဆုံးဦးစားပေး ကြိုးစားအားထုတ်ဖို့
ဟောကြားတော်မူခဲ့တာပေါ့။
ဒီနေရာမှာ အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက် ရောဂါဖြစ်နေတာနဲ့ ဥပမာဆောင်နားလည်ကြရမှာပါ။ ရောဂါလေးသက်သာလာလိုက် အလုပ်ဝင်လိုက် ရောဂါဖောက်လိုက်၊ နားလိုက် ဆေးခန်းသွားလိုက်နဲ့ဆို နာတာရှည်ရောဂါသယ်ဆောင်နေရတဲ့ ရောဂါသယ်ကြီး တစ်ယောက်မျှသာဖြစ်ပြီး အလုပ်၊ငွေ ၊အချိန်၊ပျော်ရွှင်မှူအားလုံး တကယ်ကိုဆုံးရှုံးသွားမှာမဟုတ်လား။
ဒါ့ကြောင့် တကယ်ကျန်းမာသန်စွမ်းးသူတစ်ယောက်ဖြစ်ဖို့ မိမိရောဂါကိုအရင်ဆုံး အမြစ်ပြတ်ကုစားကြရမှာမှာပါ။
တရားဘာဝနာပွားများတယ်ဆိုတာကလည်း မိမိရဲ့အရူးရောဂါပျောက်ပြိး သံသရာဒုက္ခကြီးကို ဒုက္ခမှန်းသိအောင် ရှူနိုင်မြင်နိုင် နားလည်သဘောပေါက်နိုင်အောင် ကြိုးစားကြရတာပါပဲ ။
တချို့ကရှိသေးတယ် စာပေပရိယတ်တတ်မြောက်ကျွမ်းကျင်တဲ့ ဆရာတော်တွေ တောရဆောက်တည်ပြီတဲ့ တရားအလုပ် အားထုတ်နေပြီတဲ့ဆိုရင် ကြားထဲကနေ "သူသင်ထားတာတွေအလကားဖြစ်သွားပြီး ။သာသနာအတွက်အကျိုးမများတဲ့ တစ်ပါးထဲအတွက်ရွေးချယ်လုပ်နေတာတဲ့ အတ္တသမားပါကွာ"…အဲလိုတွေ ကဲ့ရဲ့ချင်ကဲ့ရဲ့တတ်ကြသေးတာကလား။
အမှန်က အရူးရောဂါပျောက်လို့ လူကောင်းဘ၀ရောက်သွားတာနဲ့ လူနာဆယ်ယောက်လောက်မက လုပ်ငန်းတွင်လာတာကျ သူတို့နားမလည် သဘောမပေါက်ကြပါဘူး။ တောထဲသွားတရားအားထုတ်ရတဲ့ အလုပ်ကို စာမတတ် ပေမတတ် သုံးမရတဲ့ အလေနတော ဘုန်းကြီးတွေအလုပ်လို့
ပြောချင်နေကြပုံရပါတယ်။
အမှန်က ဘုရားရှင်ကိုယ်တော်တိုင်ပင် စာပေပရိယတ်တတ်တဲ့ မြို့နေရဟန်းဘ၀ထက် တောကြိုတောင်ကြားမှာ တစ်ပါးထဲ သင်္ကန်းခေါင်းမြီးခြုံအိပ်နေတဲ့ မထင်မရှားရဟန်းတစ်ပါးဘ၀ကို ပိုချီးကျူးတယ်ဆိုတာ အင်္ဂုတ္တိုရ်ပါဠိတော်မှာ အတိလင်းရှိနေပါတယ်။
ဒီတော့ သူတစ်ပါးအား ဆရာလုပ်ပြီး ဒီလိုရှူပါ ဒီလိုမှတ်ပါ သွန်သင်ပြသပေးနေရတဲ့ သာသနာတွင်းသားဘုရားသားတော်များဟာ သူတစ်ပါးအား ဆုံးမမှူသွင်သင်မှူမပြုခင် မိမိအရင်အဆုံးစွန်ပေါက်မြောက်အောင် အားထုတ်နိုင်ဖို့ကြိုးစားကြရမယ့်တာဝန်ရှိနေပါတယ်။
အဖွဲ့အစည်းတာဝန်တွေထမ်းဆောင်နေရလို့ စာပေတွေ သင်ကြားပို့ချပေးနေရလို့ တရားဘာဝနာတွေ ပွားများခွင့်မရသူတွေအတွက်တော့ ၀ိသုဒ္ဓိမဂ်မှာ အောက်ပါအတိုင်း နည်းလမ်းညွှန်ကြားထားလေရဲ့။
****************
* အကယ်၍ မိမိသင်ကြားပို့ချပေးနေမှူသည် အတော်ခရီးရောက်သွားပြိး အနည်းငယ်မျှသာ ကြွင်းကျန်သည်ဖြစ်အံ့ ၊ ထို အကြွင်းအကျန်ကို အပြီးသတ်၍ တောသို့ဝင်အပ်၏၊
* အကယ်၍ ယခုမှ နိဒါန်းပျိုးကာ စတင်သင်ကြားနေသည်ဖြစ်အံ့ တယူဇနာထက် အလွန်မသွားပဲ တယူဇနာအပိုင်း အခြားအတွင်း၌ စာပေပို့ချတတ်သော အခြားရဟန်းသို့ ချဉ်းကပ်၍
''ဤ ရဟန်းတို့ကို အရှင်သည် ပါဠိသင်ပေးခြင်း စသည်တို့ဖြင့် ချီးမြှောက်တော်မူပါ''ဟု ပြောဆို လျှောက်ထားလွှဲအပ်ကာ မိမိရဟန်းတရားအလုပ်ကိုလုပ်နိုင်ဖို့ တောအရပ်သို့ ချည်းကပ်ရမည်ဖြစ်၏။
* ဤသို့ (လွှဲအပ်ရမည့် ပုဂ္ဂိုလ်ကို) ရှာဖွေမရလျှင်ကား
''ငါ့ရှင်တို့ ငါ့မှာကိစ္စတခုရှိနေ၏၊ သင်တို့သည် ချမ်းသာရာ အရပ်များသို့ သွားကြပါကုန်(အခြားသော သင်ကြားပေးသည့်ကျောင်းတိုက်များသို့ ချည်းကပ်မှတ်သားလေ့လာကြပါကုန်)''ဟု
(ဆို၍) ဂိုဏ်းကိုစွန့်ပြီးလျှင် မိမိ၏ ရဟန်းကိစ္စကို ပြုသင့်ပေသည်။ ….ဟူ၍ ဂဏပလိဗောဓ ကိစ္စတာဝန်များကို စွန့်ပယ်ကာ ရဟန်းတရားများ ကြိုးစားအားထုတ်ဖို့ရာ ညွှန်ကြားထားပါသတည်း။
ဂဏပလိဗောဓကိုပယ်ခွါကာ တရားဘာဝနာများ ပွားများအားထုတ်နိုင်ကြပါစေကုန် ............
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment