Tuesday, June 26, 2012

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၅) *****


ဗီဇနဲ့ ပတ်ဝန်းကျင်

    လူကောင်းတစ်ယောက် သို့မဟုတ် လူဆိုးတစ်ယောက်ဖြစ်လာရတာတွေက သူ့ဗီဇနဲ့ဆိုင်တယ်တဲ့၊ ဥပမာ မိဘတွေက အပေါင်းသင်းမှားပြီး ပျက်စီးမှာစိုးလို့ လူဆိုး သူခိုးတွေ အမူး အရူးတွေနဲ့မပေါင်းနဲ့ဆိုကာမှ မရရအောင် ခိုးပေါင်းတဲ့သူတွေရှိတယ်။
      တချို့ဆို သားသမီးဆိုးပေတေနေတာတွေ သူများသားသမီးနဲ့ပေါင်းလို့
ဖြစ်ရတာပါလို့ တဖက်သားကိုတောင် အရမ်းကာရော စွပ်စွဲပုတ်ခတ်တတ်ကြတယ် ။
သူတို့ကမိဖမျက်လုံးနဲ့ကြည့်ကြတော့ ကိုယ့်သွေးသားအပေါ်မှာကျ အပြစ်တစ်စုံတစ်ရာရှာမတွေ့ကြဘူး ။ကိုယ့်ရှေ့မှာ မဟုတ်တာလုပ်နေရင်တောင်မှ သားသမီးအပြစ်မဟုတ်ဘူးတဲ့ အပေါင်းသင်းတွေကြောင့်ကလေးကပျက်ရတာပါလို့ တွင်တွင်ပြောနေတယ်။ သူ့သားသမီးကြောင့်သာ ဟိုတဖက်ကလေးတွေ ပိုဆိုးပေတေသွားတာကိုကျ သူတို့မသိမှမသိတာပဲတဲ့။ ဒါကမျိုးစေ့မှန်မှ
အပင်သန်မယ် ဆိုတဲ့ဖက်ကပြောတာပေါ့ ။

     အဲ ပတ်ဝန်းကျင်ကောင်းမှ ဆိုတဲ့ဖက်ကလည်း လူတစ်ယောက်ကဘယ်လောက်တော်တော် ပတ်ဝန်းကျင်ဖျက်ရင် ပျက်ရတာပဲ ဆိုတဲ့ပတ်ဝန်းကျင်ကချယ်လှယ်လွှမ်းမိုးမှုအယူအဆတွေလည်း ကြားရသိရတာပါပဲ ။
ဗုဒ္ဓဘာသာ ဘုရားအဆုံးအမရှုထောင့်ကနေကြည့်ရင် ဗီဇ သူ့မူရင်းသဘာဝတရားက အရမ်းကိုအားမကြီးမထက်သန်ခဲ့ရင်
ပြုလို့ပြင်လို့ရနိုင်ပါတယ်လို့ပဲပြောရမှာပဲ
       ဘာလို့လဲဆိုတော့ ဝေဒေဟီမိဖုရားကြီးရဲ့ဝမ်းဗိုက်ထဲကိုက  ဖခင်ရဲ့လက်ရုံးသွေးကို သောက်လိုတဲ့ဆန္ဒတွေနဲ့ မိခင်ကိုချဉ်ခြင်းဖြစ်စေခဲ့တဲ့သား ။ မမွေးခင်ထဲက ဖခင်ရန်သူဖြစ်ခဲ့တာကို ဖခင်ကိုသတ်တာ ပတ်ဝန်းကျင်ကြောင့်ပါလို့ တရားသေဆုံးဖြတ်လို့လည်း မှန်ချင်မှမှန်မယ်လေ။
     မကောင်းတဲ့မိတ်ဆွေကိုပေါင်းလိုသင်းလိုတဲ့ဆန္ဒ မဟုတ်တာကိုအထင်ကြီးနေတဲ့ သူ့ပင်ကိုသဘာဝဗီဇစိတ်ထားကိုကလည်း နုံ့ခဲ့တယ်လို့...ဆို လက်ခံရမှာပါပဲ ။

      ဘာ့ကြောင့်ပတ်ဝန်းကျင်ကိုတရားသေမပြောသင့်သလဲဆိုတော့ ။ ဟိုတစ်နေ့က တကာဦးက ဆွေးနွေးလျှောက်ထားလားပါတယ် ။

     "အရှင်ဘုရား အဇာတသတ်ဖခင်ကိုသတ်ရလောက်အောင် မိုက်သွားရတာ သောတာပန်ဖခင်ကြီးက မဆုံးမလို့ပေါ့ဘုရား"တဲ့လေ။ သူ့ကောက်ချက်က အစထဲကပတ်ဝန်းကျင်ကောင်းမှာပို့ပြီး
လိမ္မာယဉ်ကျေးလာအောင် သွန်သင်ထားရင် ဒီလောက်မိုက်သွားမှာမဟုတ်ဘူးတဲ့။
     " အော် တကာလေးရေ မမြင်နိုင်တဲ့ သူ့အတွင်းဗီဇဓာတ်ခံကလည်း ပါလာပြီးသားဗျ မမွေးခင်ထဲက ဖခင်လက်ရုံးသွေးသောက်ချင်တယ်ဆိုလို့ နိမိတ်ဖတ်ကျွှမ်းကျင်သူတွေက ဖအေကိုသတ်မယ့်သားလို့ အပြတ်ဟောထားပြီးသားပါ ဖခင်ကြီးက မေတ္တာကြီးလွန်းလို့သာ နောက်သောတာပန်ဘုရင်ကြီးမို့သာ ကိုယ်ဝန်ကိုမပျက်စီးအောင်စောင့်ထိန်းပြီး ကြိးအောင်မွေးခဲ့တာ.."လို့ မိမိအမြင်လည်းတင်ပြပေးလိုက်ပါသေးတယ် ။


     မိမိအယူအဆကတော့ ဗီဇကထက်သန်နေရင် သူနဲ့ဓာတ်တူတဲ့ ပတ်ဝန်းကျင်ကို သူတို့ကိုယ်တိုင်ရှာတာတွေ့ရတယ်။
ဗီဇကပျော့ပြောင်းနူးညံ့ပြီး ပြင်လို့ပြုလို့လွယ်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကောင်းကိုပို့လိုက်တာနှဲု့ လူကောင်းတစ်ယောက်
ဖြစ်လာနိုင်တယ်လို့ ဆိုချင်ပါတယ်။ သို့သော်လည်း ဗီဇမကောင်းတာကိုးလို့ပစ်ထားရင် ပိုဆိုးသွားမှာပေါ့ မနိုင်ရင် အရူးတွေတောင် အခြားသူအန္တရာယ်မပေးနိုင်အောင် အချုပ်ခန်းထဲထည့်ထားရတာမလား ။

     ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း ဇာတ်နိပါတ်များစွာနဲ့
ပတ်ဝန်းကျင်ကောင်းနဲ့ပေါင်းသင်းဆက်ဆံဖို့ရာ ညွှန်ကြားဆုံးမထားတာတွေ့ရပါတယ်။ ဥပမာ မဟိဠာမုခ မင်္ဂလာဆင်ထားရာအနီးမှာ ညစဉ်ညတိုင်းခိုးသားတွေက သတ်မယ်ဖြတ်မယ် ညှင်းဆဲမယ် မီးတိုက်မယ်နဲ့ လာလာတိုင်ပင်ကြတော့ ဆင်လိမ္မာကြီးခများ ထိန်းမနိုင်သိမ်းမရ အလွန်ကြမ်းကြုပ်လာပါတယ်တဲ့ ။
      ပညာရှိပရောဟိတ်ဖြစ်တဲ့ ဘုရားလောင်းသွားစနည်းနာတော့မှ ခိုးသားတွေရဲ့ရုန့်ရင်းစကားကြားပြီး ဒီလိုမိုက်သွားရတာဖြစ်လို့ ဆင်ကြိးရဲ့အနီးမှာ စားပါသောက်ပါ စတဲ့ ဒါနအမှုတွေ သီလအမှုတွေလုပ်စေတော့မှ ဆင်ကြီးရဲ့စိတ်တွေဟာ ပြန်လည်သိမ်မွေ့လာတယ်လို့ ဇာတ်တော်မှာဆိုထားပါတယ်။ ဆိုလိုရင်းကတော့ ပတ်ဝန်းကျင်ကောင်းကို ပေါင်းဖို့လိုသည်ဆိုတာပါပဲ။

      ဒီအဖြစ်နဲ့ ထပ်တူပဲ မုန်းတိုင်းဒဏ်ကြောင့် တစ်မိထဲပေါက်တဲ့
ညီအစ်ကိုကျေးသားနှစ်ကောင်တောင် ခိုးသားတွေထံရောက်သွားတဲ့
ကျေးသားညီငယ်ခများ လုဟဲ့ယက်ဟဲ့ သတ်ဟဲ့ဖြတ်ဟဲ့လို့ ယုတ်မာကြမ်းတမ်းတဲ့စကားတွေနဲ့ အော်ဟစ်နေပါသတဲ့ ။

     ရသေ့ငါးရာသင်္ခန်းကျောင်းနားရောက်သွားတဲ့ ဘုရားလောင်းကျေးသားကျတော့ ရေအေးလေးကိုသောက်ပါ ချိုမြိန်တဲ့အသီးစားပါလို့ ချိုသာတဲ့စကားတွေနဲ့ ဧည့်ခံပြောကြားတယ် ဒါပတ်ဝန်ကျင်က စကားပြောသွားတာပဲလို့ဆိုပါတယ်။

     နောက်ဇာတ်လမ်းတစ်ခုမှာက  သရက်ချိုပင်နားမှာ တမာခွေးတောက်ပင်တွေ
စိုက်လိုက်တော့ သရက်သီးကခါးသွားပြီး ။ ထိုအခါးပင်တွေနှုတ်ပြိး ချိုမြိန်ကောင်းမြတ်တဲ့နို့ရည်တွေ တိုက်ကျွေးလိုက်မှ ထိုသရက်ပင်က အရင်ကလို ပြန်လည်ချိုမြိန်လာတယ်ဆိုတာလည်းဇာတ်တော်မှာ ဟောကြားထားတော်မူခဲ့ပါတယ်။
      ဒါ့ကြောင့် အသေ၀နာစဗာလာနံ မင်္ဂလာတရားတော်အရ မကောင်းတဲ့ မိတ်ဆွေတုပတ်ဝန်းကျင်အသိုင်းဝန်းကိုလုံးဝငဲ့ကွက်ခြင်းမရှိပဲ
စွန့်ခွါပစ်ရမှာဖြစ်ပါတယ်။ ပဏ္ဍိတာနဉ္စ သေ၀နာတရားတော်အရ တကယ့်သူငယ်ချင်းကောင်း သူတော်ကောင်းများကိုလည်း
ရွေးချယ်ပေါင်းသင်းဖို့လိုပါလိမ့်မယ်။
      ဒီတော့ ဘယ်လိုမိတ်ဆွေမျိုးက မိတ်ဆိုးမိတ်တုတွေဖြစ်ကြတယ်ဆိုတာကို သိင်္ဂါလသုတ်တော်လာအတိုင်း အကျဉ်းမျှဖော်ပြပါဦးမယ်
                               ………………………………
       လောကမှ မိမိစိတ်ချမ်းသာရင်ပြီးတာပဲ သွားတားမြစ်ရင်ကိုယ့်အလကားမုန်းနေမယ်ဆိုပြီး ကိုယ်ကျိုးစီးပွားကိုသာကြည့်ပေါင်းနေတဲ့သူတွေရှိတယ်တဲ့
      အဲလိုလူတွေက ကိုယ်မကောင်းမှူတစ်စုံတစ်ခုကိုလုပ်ချင်တယ်ဆိုလည်း
ကောင်းသားပဲလို့ တိုက်တွန်းအားပေးတတ်တယ်၊
        ကောင်းမှုကိုလည်း ခွင့်ပြု ၊ဘာမဆို မှားမှားမှန်မှန် မိမိသဘောအတိုင်းပါပဲတဲ့။ သူကကိုယ့်ရှေ့မှာသာ ထိုအမှုတွေကို အားပေးအားမြှောက်လုပ်သွားတာ မိမိကွယ်ရာကျတော့ ဒီလိုကိုပြောမရ၊တားမရပါဘူးဗျာ သူလုပ်တာတွေကျနော်က သဘောတူတာမဟုတ်ပါဘူးလို့ ကဲ့ရဲ့ရှံ့ချနေတတ်ပြန်တယ် ။ အဓိပ္ပါယ်ကတော့ မိမိပြုတဲ့မကောင်းမှူတွေမှာ သူကကိုယ်ပေါင်းစိတ်ခွါပါ အလိုတူအလိုပါ မဟုတ်ပါဘူးလို့ ဆိုကာ မိမိကိုချနင်းပြီးတောင် နာမည်ကောင်းယူလိုက်တာပါ။
        ဟိုအဖွဲ့နဲ့လည်းအဆင်ပြေအောင်ရော မိမိဆီကလည်း ကပ်ချုရသမျှချုနေတဲ့ မိတ်ဆွေဟန်ဆောင်သော ရန်သူမဟုတ်လား ။အဲလိုလူတွေနဲ့ပေါင်းသင်းတဲ့အတွက် မိမိမှာ ဘာဂုဏ်သင်း အသိပညာ စီးပွားဥစ္စာလည်းမတိုးလာပါဘူးတဲ့ ဒါ့ကြောင့် ဒီလို မိမိအလိုကြိုက်အလိုက်ဆောင်နေတဲ့ ဟန်ဆောင်မိတ်တုမျိုးကိုလည်း
ဝေးဝေးရှောင်ရမှာပါတဲ့။

       နောက်တစ်မျိုးကတော့ ဒုစရိုက်အလုပ်တွေမှာ မိမိကိုခင်မင်မှုအကြောင်းပြပြီး အတူတူကျုးလွန်မိကြဖို့ တိုက်တွန်းတတ်တဲ့ ဆိုးဖော်မိုက်ဖက်သူငယ်ချင်းတွေပဲ။ အဲဒီလူတွေက အရက်သေစာသောက်မယ် ဘီယာဆိုင်သွားကြမယ်ဆိုလည်း တစ်တွဲတွဲပဲ ။ အအိပ်ပျက် အစားပျက် ညဉ့်နက်သန်းခေါင် ရွာရိုးကိုးပေါက်
လျှောက်လည်ကြရင်လည်း မိမိကိုမပါပါအောင်လာခေါ်လေ့ရှိတယ်တဲ့ ၊
ဖက်ရှင်ပွဲ ရှိုးပွဲသွားကြဖို့လည်း သူတို့ကပဲ ဦးဆောင်လက်တို့လေ့ရှိတယ် ။ အားပြီဆိုတာနဲ့ ဖဲရိုက်ခြင်းစတဲ့ အလောင်းကစားနဲ့ အချိန်ဖြန်းတတ်ကြတယ်။ ဒီလိုမကောင်းတဲ့ အကျင့်ဆိုး ငြင်ဆိုးတွေနဲ့ပဲ အသက်ရှင်နေတဲ့ ဒီလိုသူငယ်ချင်းမျိုးတွေပေါင်းသင်းရင် မိမိပဲ သံသရာနွံနစ်ရမယ် ။ မျက်မှောက်ဘ၀ဆိုလည်း ပညာရေး စီးပွားရေးအတွက် ဒီအမှုတွေကပဲ တက်လမ်းပိတ်သွားမယ်လေ ။
       ဒါ့ကြောင့် ဒီလိုမိတ်ဆွေတုမျိုးကို ဝေးနိုင်သမျှ ဝေးဝေးရှောင်နိုင်ကြဖို့လည်း လိုတယ်လို့ ဘုရားရှင်က ထုတ်ဖော်ဟောကြားသွားတော်မူခဲ့တာပါ။
    ဒီတော့ဟုတ်ပြီ မိတ်ဆွေဆိုးကိုပေါင်းမိလို့ ဘ၀ပျက်ရ၊မိတ်ဆွေကောင်းနဲ့ အပေါင်းအသင်းဖြစ်ခဲ့ရလို့ မိတ်ဆွေကောင်းတွေရဲ့ ကူညီဖေးမမှူတွေနဲ့ ဒုက္ခတွေကနေ လွတ်မြောက်ခွင့်ရသွားခဲ့ရတဲ့ ဘုရားလက်ထက်တော်က နာမည်ကျော် ဗာဟိယတိုင်းသား ဒါရုစီရိယကြီးအကြောင်း သာဓကထိုးးကာ တင်ပြပေးချင်ပါသေးတယ်။
                            ……………………………………
    ဗာဟိယဒါရုစီရိယ

       ဒါရုစီရိယဆိုတာက သူ့နာမည်ရင်းတော့မဟုတ်ပါဘူး ဗာဟိယတိုင်း ဘာရုကစ္ဆပြည် အမျိုးအိမ်တစ်အိမ်မှာ လူဖြစ်လာပြီး သုဝဏ္ဏဘူမိကို ပင်လယ်ခရီးနဲ့ ကုန်ကူးသွားရင်း င်္ဘောပျက်တော့ ပျဉ်ချပ်လေးတစ်ချပ်တွယ်ကပ်လိုက်လာခဲ့ရာက သုပ္ပါဋကဆိပ်ကမ်းအရောက်မှာ အ၀တ်မပါဗလာကိုယ်ထီးဖြစ်နေတာကြောင့် သူစီးလာတဲ့ပျဉ်ချပ်လေးတွေကို အရှက်လုံရုံ နွယ်ကြိုးတွေနဲ့သီပြီး စားစရာတစ်စုံတစ်ရာလိုက်လံတောင်းရမ်းရာမှ သုပ္ပါဋကဆိပ်ကမ်းမြို့တစ်မြို့လုံး အရိယာ သူတော်စင်ရဟန္တာကြိးပေါ်ပြီ ။ဒီနယ်မှာအရင်ကမရှိပဲ ဘယ်ကဘယ်လိုကြွလာတယ်မသိဘူး ။ အ၀တ်ချိုးခြံချွေတာလိုက်ပုံများ ပျဉ်ချပ်ပဲ သီကာပတ်သတဲ့လို့ ကျော်ကြားသွားတယ်။

      သူ့ဆီအဖူးမြှောက်ရောက်လာကြသူတွေကနည်း.... မနည်းဘူး ဖူးမစဲကိုယ်တော်ကြီးလို့ကို နာမည်ချက်ချင်းကြီးသွားတယ်တဲ့။
တကယ့်အဖြစ်မှန်ကိုတော့ သူမှပဲသိတာလေ ၀တ်စရာမရှိလို့ ပျဉ်ချပ်ကောက်လိုက်တောင်းရမ်းစားသောက်တာကို ရဟန္တာဆိုတော့ အင်း..သူပါကြောင်တောင်တောင်ဖြစ်လာတယ်။ နေ့ချင်းညချင်း ထမင်းဖိတ်ကျွေးချင်သူ လှူချင်တန်းချင်သူနဲ့ ဒါပေမယ့် ခက်နေတာက အဲဒီပျဉ်ချုပ်ချွတ်ပြီး ပုဆိုးကောက်ဝတ်လို့ကလည်း မရတော့ဘူး။ သူ့ကိုလူတွေက ပျဉ်ချပ်ကိုယ်တော် (ဒါရုစီရိယ)လို့ သတ်မှတ်ထားလိုက်ကြပြီလေ။          ဒါနဲ့ပဲ ပေါ့ပါးတဲ့သစ်ခေါက်တို့ကို ရွေကာသစ်သားအ၀တ်ကိုသာဝတ်ပြီးနေလျှက်
လူအများကိုလိမ်ညာလှည့်စား၍ နေလိုက်ပါတော့တယ်။ ဒီလိုနေလာရတာကြာတော့  …ငါလည်း ပင်လည်ထဲမှာ ဘ၀ပြောင်းပြီး အရိယာကြီးဘ၀ရောက်လာတာပဲ ဟုတ်တယ် ငါဟာတကယ့်အရိယာ ရဟန္တာကြီးပဲလို့ သူ့ကိုယ်သူလည်း ယုံကြည့်သွားတော့သတဲ့  ။ အမှားကြာ အမှန်ဖြစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာဖြစ်ပါလိမ့်မယ်။

     ဒီလိုနေလာရင်းနဲ့ တစ်နေ့မှာတော့  ဟိုယခင် ကဿပဘုရားသာသနာတော်နောက်ပိုင်းတုန်းက တောင်ထိပ်အတူတက်တရာအားထုတ်ရင်း အနာဂါမ်ကြီးဖြစ်ကာ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ ရောက်နေတဲ့ ဗြဟ္မာကြီးက ဘုရားထံ အဖူးမြှော်ရောက်ရင်း သူ့သူငယ်ချင်းဟောင်းတရားကျင့်ဖော်ကျင့်ဖက်ကိုယ်တော်တွေ ဘယ်ဆီများရောက်နေပါလိမ့်မလဲလို့ ရှာကြည့်တော့ အရှင်ကုမာရကဿပကို အန္ဓတောအုပ်(တောနက်ကြီးထဲ)မှာ ရဟန်းဝတ်ပြီး တရားအားထုတ်နေတာကိုတွေ့ရလို့ ပြဿနာတစ်ဆယ့်ငါးချက်မေးကာ ဘုရားဆီအဖြေသွားတောင်းဖို့ လွှတ်လိုက်ပါတယ်။
      နောက်ထပ်အခြာသူငယ်ချင်းတွေ ဘယ်တွေရောက်ပြိး ဘာတွေလုပ်နေပါလိမ့်လို့ ကြည့်လိုက်တော့ လားလား ဒီဗာဟိယတိုင်းသား ဒါရုစီရိယကြီးက ဘုရားပွင့်တော်မူနေတာကို မသိရှာသေးဘူး။ မိစ္ဆာဒိဋ္ဌိကြီးအဖြစ်နဲ့ ပျဉ်ချုပ်တွေကိုယ်မှာပတ်ပြီး လူအများသမုတ်သကဲ့သို့ ရဟန္တာကြီးလုပ်နေပါရောလား။ ဟိုရခင် တရားအတူကျင့်စဉ်တုန်းက အလွန်မွန်မြတ်အပြစ်ကင်းတဲ့ ရဟန္တာအရှင်မြတ်ကြီးဆွမ်းခံကျွေးတော်မူခဲ့တာတောင် မစားပဲ စွန့်ပယ်ခဲ့ပြီးမှ ။ယခုသော်ကား ၀မ်းဟူသောအကြောင်းကြောင့် အရဟတ္တဖိုလ်ဂုဏ်ကို လူအများအားပြောကြားလျှက်လှည့်လည်နေဘိ၏။ အသေမဦးခင် ညာဏ်ဦးအောင်ငါသွားသတိပေးမှတော်မယ်ဆိုပြီး ။
ဗာဟိယဒါရုစီရိယထံ ရောက်လာပါတော့တယ်။

     ညသန်းခေါင်ယံမှာ ဗာဟိယဒါရုစီရိယရဲ့ကျောင်းသင်္ခန်းတစ်ခုလုံး လင်းထိန်သွားတော့ ဗာဟိယကြီး ကျောင်းကြိးများမီးလောင်လေသလားလို့
ကြောက်ကြောက်လန့်လန့်နဲ့ ကျောင်းအပြင်ထွက်ကြည့်လိုက်တော့ ထိုဗြဟ္မာမင်းကြီးကိုမြင်လိုက်ရပါတယ် ဒါနဲ့လက်အုပ်ချှီတဲ့ပြီ အိုအရှင် သင်ဘယ်သူပါလဲ...ဘာအတွက် အကျွှန်ုပ်ကျောင်းသင်္ခန်းသို့လာခဲ့ရပါသလဲ
လို့မေးလိုက်တယ်။

     သူငယ်ချင်း မင်းငါ့ကိုမမှတ်မိတော့ဘူးထင်တယ် ဟိုး..လွန်ခဲ့တဲ့ကဿပဘုရားရှင်သာသနာနောက်ပိုင်းတုန်းက တို့ရဟန်းတော်ခုနှစ်ပါး တောင်ထိပ်တက်ပြီးတရားကျင့်ခဲ့ကြတယ် မဟာထေရ်ကြီးကတော့ ထိုဘ၀မှာပဲ ရဟန္တာဖြစ်တော်မူခဲ့တယ်။ ငါက အနာဂါမ်ဖြစ်ပြီး သုဒ္ဓ၀ါဝဗြဟ္မာပြည်ရောက်ခဲ့ရတယ် ။သင်နှင့်အခြားသူငယ်ချင်းလေးယောက်ကား ပုထုဇဉ်အဖြစ်ဖြင့်သာ စုတေပြီး နတ်ပြည်ရောက်သွားကြတယ်။ အရင်ကရဟန္တာမထေရ်ကြီးဆွမ်းခံကျွေးတာတောင် မစားခဲ့ပဲ ငြင်းပယ်ခဲ့တဲ့သင်ဟာ ယခုအခါမှ ၀မ်းလေးတစ်ထွာမျှဖြင့် လူအများအား အရိယာကြီးလို့ လိမ်ညာလှည့်ဖြားစားသောက်နေတာငါတွေ့မြင်ရ၍ လာရောက်သတိပေးဆုံးမခြင်းသာဖြစ်တယ်။ သင်ဟာ ရဟန္တာလည်းမဟုတ်သေးသလို သင်၏သန္တာန်မှာလည်း  ရဟန္တာဖြစ်ကြောင်းတရားမရှိသေးဘူး ။
    အခုအချိန်ခါဟာ လောကမှာဂေါတမဗုဒ္ဓဘုရားရှင်ပွင့်တော်မူနေပြီဖြစ်တယ် သာဝတ္ထိပြည်ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေလေရဲ့ ထိုဘုရားရှင်ရှိရာသို့သာ တရားနာနိုင်ဖို့ သင်အရောက်သွားပါလေ..ဟု မှာကြားဆုံးမပြီး ပျောက်ကွယ်သွားလေသည်။
       ဗာဟိယလည်း ဗြဟ္မာကြီးကွယ်ပျောက်သွားသည်နှင့် သူ၏လမ်မှားလိုက်နေမှူကိုလည်း တွေးကာထိတ်လန့်သွားမိတယ်။တော်ပါသေးရဲ့ ငါအသိစောပေလို့ လောကမှာဘုရားပွင့်တော်မူပြီငါမတွေ့တွေ့အောင်ရှာဖူးမယ် ။ဟိုယခင်ကဿပဘုရားသာသနာတုန်းကလည်း သာသနာနောက်ပိုင်းမှာလူဖြစ်လာခဲ့ရတာ ငါဘုရားကိုမဖူးလိုက်ရဘူး ။ ခုတော့ငါဒီအခွင့်ရေးကိုလက်လွှတ်မခံဘူးဟုဆုံးဖြတ်ကာ ချက်ချင်းကျောင်းကထွက်ပြီး ညကြီးမင်းကြီးကိုခရီးပြင်းနှင်ပါသတဲ့ ယူဇနာပေါင်းတစ်ရာ့နှစ်ဆယ်ခရီးကိုလွန်တဲ့အခါ နံနက်ကိုးခွဲဆယ်ခွဲလောက်ရှိမယ်ပေါ့ ဘုရားရှင်လည်း  မြို့တွင်းဆွမ်းခံကြွတော်မူသွားပြီ ထိုအချိန်မှာမှ ဗာဟိယကြီး ဇေတ၀န်ကျောင်းတော်တံခါးဝရောက်သွားတယ် ခရီးကလည်းပမ်း အိပ်ရေးကလည်းပျက် အစာကလည်းမစားရရှာသေးဘူးလေ။
                       ...................................
        ဇေတဝန်မည်သော ထိုကျောင်းတိုက်သို့သာလျှင် ချဉ်းကပ်၍ လူအားလုံး ချစ်နှစ်သက် အပ်သော မြတ်စွာဘုရားသည် အဘယ်မှာနည်းဟု ရဟန္တာတို့ကို မေးလျှောက်ခဲ့၏။
        ထိုအခါ ရဟန္တာထေရ်ရှင်တို့က ဗာဟိယရဲ့ဖြစ်အင်ကို သိမြင်တော်မူကြ၍ အလွန်ပင်သနားကရုဏာသက်တော်မူကြကာ  လူနတ်တို့ ရှိခိုးအပ်သော ထိုမြတ်စွာဘုရားသည် မြို့သို့ဆွမ်းခံဝင်တော်မူ၏။ သင်သည် မြတ်စွာဘုရားကို ဖူးမြင်ရန် ကြိုးစားအားထုတ်ခဲ့သော် လျင် မြန်စွာချဉ်းကပ်လော့၊ ချဉ်းကပ်၍ ထိုမြတ်စွာဘုရားကို ရှိခိုးလေလော့ဟု မိန့်ဆိုကုန်၏။
ထိုအခါဗာဟိယလည်း ဘုရားကျောင်းတော်မှာမရှိ ဆွမ်းခံကြွတော်မူနေသည်ဟု သိလျှင်သိချင်း ပြန်ကြွအလာအထိမစောင့်တော့ပဲ သာဝတ္ထိမြို့တော်သို့ လျင်မြန်စွာ လိုက်သွားရာ  ချစ်ခင်တပ် မက်ခြင်းကင်းလျက် ဆွမ်းအကျိုးငှါ လှည့်လည်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်လိုက်ရသောအခါမှ ခရီးအပမ်းတွေပြေပျောက် လိုအင်ဆန္ဓကြိးလည်း ပြီးပြည့်စုံသွားရပေတော့၏။
ဘုရားရှင်ရာ အပြေးကလေးချဉ်းကပ်ပြီး တုပ်ဝပ်လျက် “ဂေါတမ မြတ်စွာဘုရား……ခရီးလမ်းမှား၌ ပျက်စီးလျက်ရှိသော တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူ ပါ”ဟု လျှောက်ထားပြီး တရားဟောတော်မူပါရန် တောင်းပန်လေ၏။
      ဘုရားရှင်က “ (ဗာဟိယ) ငါသည် အသက်ကို ဆောင်ခြင်းအကျိုးငှါ ဆွမ်းခံလှည့်လည်လျက် ရှိ၏။ သင့်အားတရားဟောရန် အခါ မဟုတ်ပေ၊ မိန့်တော်မူပါသော်လည်း ဗာဟိယက  မြတ်စွာဘုရားကို တရားဟောတော်မူပါရန် ဒုတိယအကြိမ် တောင်းပန်လျှောက်ထားပြန်လေတော့၏။

        ဒီနေရာမှာ ကျွန်ုပ်တို့အနေနဲ့ ဗာဟိယကြီးရဲ့အခြေနေကို စာနာနားလည်ပေးဖို့လိုပေသည် ကမ္ဘာတစ်သိန်းထက်က တရားရနိုင်ဖို့ ပါရမီဖြည့်လာရသူဖြစ်၏ ။ ကဿပဘုရားသာသနာနောက်ပိုင်း၌လည်း အသက်ကိုအသေခံကာ အစာစားချိန်ကိုပင် မစားပဲ တရားအားထုတ်ရင်းသေပွဲဝင်ခဲ့ရ၏။ ယခုလည်းဘုရားပွင့်တော်မူနေသည်ကို သိလျှင်သိချင်း မနက်လင်းမှဘုရားထံသွားမည် နေ့ဆွမ်းပြီးမှ ခရီးထွက်မည်ဟု အချိန်ဆွဲမနေပဲ ယူဖနာတစ်ရာ့နှစ်ဆယ်ကို ညတွင်းချင်းအရောက်လာခဲ့ရလေသည် ။ ဘုရားဖူးလိုဇော တရားနာလိုခြင်းတစ်ခုတည်းဖြင့်ပင် ယခုအချိန်အထိ ဆွမ်းတစ်လုပ်မှမစားရသေးပဲ ဇေတ၀န်မှလိုက်လာခဲ့ရပေသည်။ ထို့ကြောင့် မစောင့်နိုင်မအောင့်နိုင်အောင် တရားဟောတော်မူပါရန် တောင်းပန်ရခြင်းဖြစ်ပေ၏။ သနားစဖွယ်ကောင်းသည်ဟုကားမသုံးလိုပေ။အလွန်လေးစားအားကျဖွယ်ကောင်းလေစွ။
  သို့သော်ဘုရားရှင်သည် ဆွမ်းခံကြွဆဲဖြစ်၍ တရားမဟောနိုင်သေးကြောင်း မိန့်ကာပယ်မြစ်တော်မူပြန်လေသည်။ အကြောင်းမှာ ဗာဟိယသည်ခရီးပမ်းလာခြင်း ဘုရားကိုဖူးတွေ့လိုက်ရသောအခါ ၀မ်းသာလုံးဆို့နေခြင်းတို့ကြောင့် စိတ်ငြိမ်အောင် အချိန်ဆွဲထိန်းပေးနေခြင်းသာတည်း။ ထိုအခါဗာဟိယက
       ''အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း၊ တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဥ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု သုံးကြိမ်မြောက်လျှောက်ထားသော အခါမှသာလျှင်

           ဗာဟိယ သို့ ဖြစ်လျှင် သင်သည်  ''မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့''ဟု ဤသို့ သင်သည် ကျင့်အပ်၏။
         ဗာဟိယ အကြင်အခါ၌ သင်သည် မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။
        ဗာဟိယ အကြင်အခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။
        ဗာဟိယ အကြင်အခါ ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်လတ္တံ့။
        ဤသည်ပင်လျှင် ဆင်းရဲ၏အဆုံးတည်း.......ဟု ဟောတော်မူလိုက်ရာ ထိုတရားစကားတော်ဆုံးသည်နှင့်တစ်စုံတစ်ခုသောအာရုံ၌
မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်မြောက်ကာ ရဟန္တာကြီးဖြစ်သွားလေတော့၏။

       ရဟန္တာဖြစ်လျှင်ဖြစ်ခြင်း ရဟန်းဝတ်ခွင့်ပြုပါရန် တောင်းပန်လျှောက်ထားရာ ဟိုအရင်ဘ၀တွေတုန်းက သပိတ်သင်္ကန်းလှူဒါန်းဖူးခဲ့ခြင်းရှိမရှိဆင်ခြင်ကြည့်လေလျှင် အနှစ်နှစ်သောင်းကာလပတ်လုံး ရဟန်းဘ၀ဖြင့် ကမ္မဋ္ဌာန်းတရားများ ပွားများအားထုတ်ခဲ့တာတောင်မှ ရဟန်းမည်သည်
  မြတ်သောအလှူခံပုဂ္ဂိုလ်ဖြစ်သည်ဟုခံယူကာ သင်္ကန်းလေးတစ်စုံ သပိတ်လေးတစ်လုံးမှ အခြားသီတင်းသုံးဖော်သံဃာတော်တို့အား လှူဒါန်းခြင်း ခွဲဝေ၍ သုံးဆောင်ခြင်း မရှိခဲ့ဖူးချေ(အလှုဒါနမွဲခဲ့လေစွ)။ ထို့ကြောင့် ဧဟိဘိက္ခုခေါ်ကာ ရဟန်းပြုပေးလို့ မဖြစ်နိုင်သိမြင်တော်မူသောကြောင့်
      ချစ်သားဗာဟိယ သင့်မှာ ကိုယ်ပိုင်သပိတ်သင်္ကန်းရှိပါပြီလောဟုမေးရာ ။ မရှိသေးပါဘုရားဟု လျှောက်ထားလေလျှင် ။သပိတ်သင်္ကန်းရအောင် ရှာဦးလော့ဟုမိန့်ကာ ဆွမ်းခံဆက်လက်ကြွသွားတော်မူလေသည်။

    ဗာဟိယလည်း ပံသကူသင်္ကန်းရှာမည်ဟူသောအကြံဖြင့် လမ်းဘေးအမှိုက်ပုံမှာ အ၀တ်စုတ်လေးများလိုက်ကောက်ယူနေစဉ် ဟိုအရင်ဘ၀တစ်ကွေ့က မိမိမကောင်းကြံကာ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော ဘီလူးမသည်တွေ့မြင်လေလျှင် နွားမတစ်ကောင်အားပူးဝင်ကာ ရင်ဝကိုဝင်ခွေ့ရာမှ ထိုအမှိုက်ပုံပေါ်မှာပင် ပရိနိဗ္ဗာန်ပြုတော်မူခဲ့ရလေတော့၏

         ထိုဗာဟိယသည် ဘ၀တစ်ခုသူဋ္ဌေးသားဖြစ်စဉ်တုန်းက အခြားသူငယ်ချင်းသူဋ္ဌေးသားသုံးဦးတို့နှင့်အတူတကွ ပြည့်တန်ဆာမတစ်ယောက်ကို
ဥယျာဉ်တော်သို့ခေါ်ကာပျော်ပါးကြလေသည်။
ထိုပြည့်တန်ဆာမလေးသည်လည်း မင်းပေါက်စိုးပေါက်များ၏ အသုံးတော်ခံကလေးဖြစ်သဖြင့်ဟူးဟူးငြားငြားမဟုတ်မူ၍ ရွှေငွေကျောက်သံပတ္တမြား အဖိုးတန်ရတနာတို့လည်း တစ်ကိုယ်လုံးဆင်ယင်ထားသည့်ပြင် ။သူမ၏လက်ပွေ့အိပ်အတွင်း၌လည်း ငွေသားတစ်သိန်းခန့်ပါလာလေရာ ။ တစ်နေကုန်ပျော်ပါး၍ ညနေမှောင်ချိန်ရောက်လာသောအခါ သူငယ်ချင်းများသည်လည်း အရက်သေစာသောက်စားမူးရူးကာ ထိုအမျိုးသမီးကိုသတ်၍ လက်ဝတ်တန်ဆာများကိုခွဲယူကြရန်တိုင်ပင်ကာ
လေးဦးသဘောတူလုပ်ကြံလိုက်ကြလေ၏။ ထိုပြည့်တန်ဆာမလည်း မသေမီမှာ အလွန်ပင်မုန်းတီးနာကြည်းသွားကာ ဘ၀ဆက်တိုင်းဆက်တိုင်း ဒီသူဋ္ဌေးသားလေးယောက်ကို ပြန်လည်လက်စားချေရပါစေသားဟု ကျိန်စာဆိုသွားလေ၏။ထိုသူဋ္ဌေးသားလေးယောက်တို့မှာဘုရားလက်ထက်တော်၌
၁။ ဗာဟိယဒါရုစီရိယ
၂။ပုက္ကုသာတိမင်း
၃။တမ္ဗဒါဌိက ခိုးသူသတ်သမား
၎။သုပ္ပဗုဒ္ဓ လူနူကြီးဟူ၍ ဖြစ်လာကြပေ၏။
      ယခုရဟန္တာဖြစ်သွားသူ ဗာဟိယဒါရုစီယကြီးကိုလည်း ထိုပြည့်တန်ဆာမဘ၀မှ ရန်ငြိုးထားခဲ့သူဘီလူးမမှ နွားမတစ်ကောင်အားပူးကပ်ခါ ခွေ့သတ်သဖြင့်  ပရိနိဗ္ဗာန်ပြုသွားရလေတော့၏။

     ဘုရားရှင်သည်လည်း ဆွမ်းခံရာမှပြန်လာသောအခါ ပရိနိဗ္ဗာန်စံဝင်သွားပြီဖြစ်သောဗာဟိယ၏အလေင်းတော်ကို ကောက်ယူစေကာ မီးသဂြိုလ်စေ၍ ဓာတုစေတီတည်ထားစေတော်မူခဲ့၏ ။နောင်ဧတဒဂ်ချီးမြင့်သောအခါမှာလည်း ကမ္ဘာတစ်သိန်ထက်က ခိပ္ပဘိညာ (တရားတော်ကိုနာယူခါမျှဖြင့် ရဟန္တာဖြစ်နိုင်စွမ်းသူ)ဧတဒဂ်ကိုတောင်းတ၍ ပါရမီဖြည့်ဆည်းခဲ့သည့်အလျှောက် အလျှင်အမြန်တရားထူးပေါက်နိုင်သူဖြစ်၍ ခိပ္ပဘိညာဧတဂ်အရာ ထားတော်မူခဲ့လေသည်။

                   XXXXXXXXXXXXXXXXXXXXXX

        ထိုရန်သူဘီလူးမ၏ ပြန်ကလဲ့စားချေသတ်ဖြတ်ခံရခြင်းမှာလည်း မိမိသူဋ္ဌေးသားဖြစ်စဉ် အပါယသူဟာယခေါ် မိတ်ဆွေတုလေးယောက်နှင့် တစ်သွေးထဲတစ်သံထဲဖြစ်ကာ အတူတကွ ဒုစရိုက်မှုကိုပြုမိခဲ့ကြသောကြောင့် ရန်ကြွင်းရန်စပေါ်ကာ ပြန်လည်လုပ်ကြံခံခဲ့ရခြင်းတည်း။ ထို့ကြောင့် မိတ်ကောင်းဆွေကောင်းတို့ကိုသာ ရွေးချယ်ပေါင်းသင်းပြီး ဒုစရိုက်များမပြုလုပ်မိအောင် ကြိုးစားရှောင်ရှားကြရမည်သာဖြစ်၏။
        ထိုဗာဟိယဒါရုစီရိယကြီှးနှင့် ဆိုးတူ ကောင်းဖက်
မဟာမိတ်ကြီး ပုက္ကုသာတိမင်းအကြောင်းကိုလည်း
နောက်ပို့များမှာ ဆက်လက်တင်ပြပေးသွားပါဦးမည်။
                                      ………………………………
                                                မေတ္တာများစွာဖြင့်
                                                         လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..