
(၇) ဉာတိပလိဗောဓ
ဆွေမျိုးဟူသည်ကား - ကျောင်း ၌ဆရာ, ဥပဇ္ဈာယ်ဆရာ, အတူနေတပည့်, အနီး နေတပည့် ဥပဇ္ဈာယ်တူသီတင်းသုံးဖော်, ဆရာတူသီတင်းသုံးဖော်တို့သည် (ဆွေမျိုးမည်၏)။
အိမ်၌ အမိ, အဘ, အစ်ကို ဤသို့အစရှိသော သူတို့သည် (ဆွေမျိုး မည်၏)။
ထိုဆရာစသည်တို့သည် မကျန်းမမာကုန်လတ်သော် ဤယောဂီ ရဟန်း၏ ပလိဗောဓဖြစ်ကုန်၏။ ထို့ကြောင့် ထိုဆရာစသော ပုဂ္ဂိုလ်တို့ကို လုပ်ကျွေးပြုစု၍ ပကတိအတိုင်း ကျန်းမာအောင် ပြုခြင်းဖြင့် ထိုပလိဗောဓကို ဖြတ်အပ်၏။
(၁)ထိုဆရာစသည်တို့တွင် ဥပဇ္ဈာယ်သည် မကျန်းမမာဖြစ်၍ ရောဂါမှလျင်စွာ မထငြားအံ့၊ တသက်လုံးသော်လည်း လုပ်ကျွေးပြုစုအပ်၏။
ရှင်ပြုပေးသော သရဏဂုံဆရာ, ရဟန်းပြုပေးသော ကမ္မဝါဆရာ,
အတူနေ တပည့်, မိမိက ကမ္မဝါဖတ်၍ ရဟန်းပြုပေးထားသော အနီးနေတပည့်,
သရဏဂုံပေး၍ ရှင်ပြုပေးထားသော အနီးနေတပည့်, ဥပဇ္ဈာယ်တူ သီတင်းသုံးဘော်တို့ကိုလည်း ထို့အတူပင် လုပ်ကျွေးပြုစုအပ်၏။
(၂) နိဿယည်းဆရာ, ကျမ်းဂန်သင်ကြားပေးသော ဆရာ, နိဿယည်းယူတပည့်, ကျမ်းဂန်သင်ယူသည့် တပည့်, ဆရာတူ သီးတင်းသုံးဘော်တို့ကိုမူကား နိဿယည်း (သို့မဟုတ်) ကျမ်းဂန် သင်ကြားမှု မပြတ်သေးသမျှ ကာလပတ်လုံး လုပ်ကျွေးပြုစုအပ်၏။ စွမ်းနိုင်ပါမူ ထို့ထက်အလွန်လည်း လုပ်ကျွေးပြုစုအပ်သည်သာတည်း။
(၃) အမိအဘတို့၌ ဥပဇ္ဈာယ်၌ကဲ့သို့ ကျင့်အပ်၏။ မိဘတို့သည် မင်းအဖြစ်၌ တည်နေစေကာမူ သား (ရဟန်း)ထံမှ လုပ်ကျွေးပြုစုမှုကို တောင့်တငြားအံ့၊ လုပ်ကျွေးပြုစုရမည်သာတည်း။
အကယ်၍ မိဘတို့အား ဆေးမရှိငြားအံ့၊ မိမိပစ္စည်းကို ပေးရမည်။ (မိမိ၌လည်း ဆေး) မရှိလတ်သော် ဆေးအလှူခံသော အကျင့်ဖြင့် ရှာဖွေ၍ ပေးရမည်သာတည်း။
(၄) ညီအစ်ကို အစ်မ နှမတို့အားမူ ထိုသူတို့၏ ဥစ္စာကိုသာလျှင် ဆေးဖော်စပ်၍ ပေးရမည်။ အကယ်၍ (ထိုသူတို့အား) ဆေးမရှိငြားအံ့၊ မိမိ၏ဆေးကို အခိုက်အတံ့ (ချေးသည့်သဘောဖြင့်) ပေး၍ နောက်အခါ၌ (အစားပြန်) ရလျှင် ယူအပ်၏။ မရလျှင် (ထိုသူတို့ ကို) မတောင်းအပ်။
( ဤအထက်ပါ စကားရပ်သည် ဆွေမျိုးများ ရင်းနှီးတဲ့တကာတကာမများအတွက် အလွန့်အလွန် အရေးကြီးလှပေသည် ။တစ်အူတုံဆင်း ညီအစ်ကိုမောင်နှမသည်ပင် သံဃာတော်တို့လာဘ်လာဘကို မသာယာကောင်းဟု ဆိုလိုထားသောကြောင့်ဖြစ်ပေ၏။ ငါ၏အစ်ကို့ကျောင်းပဲ ၊ငါ့ညီ ငါ့မောင်ကျောင်းထိုင်ပဲဟု လိုတာကို ဆွဲယူသွားတတ်ကြသည်များရှိ၏ )
(သံသရာအရေး ရင်လေးဖွယ်ပင်)
(၅) ဆွေမျိုးမတော်သော ယောက်ဖအား ဆေးကုခြင်း ဆေးပေးခြင်းငှါ မအပ်ပေ။ ''သင်၏ခင်ပွန်း သည်အား ပေးလော့''ဟု ဆို၍ (မိမိ)နှမအားမူ ပေးအပ်၏။ အစ်ကို၏ ဇနီးဖြစ်သော မရီး (သို့မဟုတ်) ညီ၏ဇနီးဖြစ်သော ခယ်မ၌လည်း ဤနည်းတူပင်တည်း။
သို့သော ထိုယောက်ဖ ခယ်မတို့၏ သားသမီးတို့သည်ကား ဤရဟန်း၏ (တူတူမများဖြစ်၍) ညီ,ညီမများကို ကျင့်သကဲ့သို့ ဆွေမျိုးတို့သာလျှင် ဖြစ်သောကြောင့် ဆေးကုအပ်ပေသည်။
ဒီလောက်ဆိုလျှင်ပင် မည်သူတို့အား ဆေးကုပေးကောင်းသည် မည်သူတို့အား ဆေးကုမပေးကောင်းစသည် အနည်းငယ်သိသာလောက်ပေပြီ။
...............................................
သို့သော် ထို့ထက်ပို၍ အရေးကြီးသည်ကား လူအများကျန်းမာရေးကောင်းစေဖို့ ပရဟိတသက်သက်ဆေးကုလျှင်ကော သာသနာတော်အရ ၀ိနည်းအဆုံမများက ဘယ်လိုပြောထားမိန့်မှာထားသလဲ လက်ခံနိုင်ပါသလား ဆိုတာပါပဲ။
ရဟန်းတော်များအတွက် အလွန်ကြီးလေးသည့် ပြစ်မှု့ကြီးများတွင် ရဟန်းဘ၀မှ လျောကျသွားသည့် ပါရာဇိကအာပတ်ပြီးလျှင် -
ဒုတိယအဆင့် အပြစ်အကြီးဆုံးဖြစ်သည့် သံဃာဒိသေသ် အာပတ်အခန်းမှ ကုလဒူသကသိက္ခာပုဒ်လာ ကုလဒူသကအဖွင့်မှာ တိုက်ရိုက်ပါရှိသည်မှာ -
ကုလဒူသက-အမျိုးတို့ကို ဖျက်ဆီးတတ်၏ဟူသည်
ပန်းဖြင့်လည်းကောင်း၊ သစ်သီးဖြင့်လည်းကောင်း၊ ကသယ်မှုန့် (မျက်နှာချေစသည်) ဖြင့်လည်းကောင်း၊ မြေညက်ဖြင့်လည်းကောင်း၊ ဒန်ပူဖြင့်လည်းကောင်း၊ ဝါးဖြင့်လည်းကောင်း၊ ဆေးကုခြင်းဖြင့်လည်းကောင်း၊ သလုံး (မြင်းခေါင်း) ဖြင့် အစေအပါးခံခြင်းဖြင့်လည်းကောင်း အမျိုးတို့ကို ဖျက်ဆီးတတ်၏..ဟူသတည်း။
နည်းနည်းအကျယ်ထပ်ရှင်းပြရလျှင် ရဟန်းအလုပ်ဟူသည် ပရိယတ္တိဆိုတဲ့ စာချစာသင် ၊နိဗ္ဗာန်သွားလမ်းပြမြေပုံကို သေချာကျနလေ့လာခြင်းအလုပ် နှင့် လက်တွေ့ကျကျကျင့်ကြံအားထုတ်ကြခြင်း ပဋိပတ္တိဓုရ နှစ်မျိုးနှစ်စားသာ ကြိုးစားအားထုတ်ရမည်ဖြစ်၏။ ယင်းရဟန်းအလုပ်ကိုရဟန်းများလုပ်နေကြခြင်းပင်လျှင် လောကသူတော်ကောင်းများ၏ ရှေ့ဆောင်လမ်းပြရာလည်းရောက် ၊လောကကြီးထဲမှာ အပြစ်ကင်းစွာနေထိုင်ကြခြင်းလည်းမည်ပေ၏။ နတ်လူအများလည်း ကြည်ညိုဦးခိုက် ပူဇော်ကြမည် ၊ထောက်ပံ့လှူဒါန်းကြမည်မှာကား မလွဲပေ။
အင်္ဂုတ္တိုရ်ပါဠိတော်၌လည်း ဘုရားရှင်ကိုယ်တော်တိုင်ပင်
ရဟန်းတို့ သီလရှိသော သူအား စင်ကြယ်သောကြောင့် စိတ်၏ တောင့်တမှုသည် ပြည့်စုံစေနိုင်ကြောင်း (လိုတ ရနိုင်ကြောင်း)အတိအလင်းမိန့်တော်မူခဲ့သည်သာတည်း။
သို့သော် အချို့အချို့သော ရဟန်းတို့သည် တို့တော့ ဒီဘ၀ မဂ်ဖိုလ်နိဗ္ဗာန်ရနိုင်မှာမှမဟုတ်တာ အားမထုတ်သေးပါဘူး ပရဟိတပဲလုပ်မယ် လူတွေလိုအပ်ချက်ပဲဖြည့်ဆည်းတော့မယ် ဟုဆိုလျှက် လာဘ်လာဘာရအောင်ရှာလျှက် ယင်းလာဘ်လာဘဖြင့်ပင် သူ၏နောက်လိုက်များအား ချှီးမြှောက်ထောက်ပံ့သောဟူ၏။
သာမန်အပေါ်ယံမျှရှူမြင်လိုက်ပါက မဟာ့မဟာ ကယ်တင်ရှင်ကြီးများပင်။
ဆေးဘုန်းကြီးများကလည် စေတနာဆရာ ကရုဏာရှင်အမည်ခံကာ ဆေးဖိုးဘယ်လောက်ကျသည်ဟု ပြောလိမ့်မည်ကား မဟုတ်ပေ။ သူ၏စိတ်ရင်းကိုကလည်း လူတွေကငါတို့အပေါ် လှူဒါန်းပေးကမ်းနေတာကို ငါတို့ကတတ်နိုင်တဲ့ဖက်က လူအများလိုအပ်ချက်ဖြည့်ကြရမှာပေါ့ဟု တကယ်ဖြူစင်ဘိ၏အလား ကျင့်ကြံကြသူချည်းသာဖြစ်၏။ သို့သော် ထိုဆေးကုခအဖြစ်ပေးလိုက်ရသည်ကား မိမိ၏ ကုသိုလ်တရားများအားလုံးဖြစ်ကြောင်း ကောင်းကောင်းရိပ်မိကြဖို့လို၏။
စုဆောင်းဖော်စပ်ထားသော ဆေးမယ်များက ဘယ်အရပ်ကရလာပါလိမ့် ???? ဒါကိုလည်း အသေချာစဉ်းစားကြဖို့လိုပေသည်။
ဘုရားကျောင်းကန်ရောက်လာကြသော ရွှေငွေဆန်ဆီဆေးဆား ဂျင်းငြုပ်ကြက်သွန် အားလုံးတို့သည် သီလ၀န္တသူတော်စင်တို့၏ဂုဏ်ကို အာရုံပြုကာ ဘုရားသာသနာကိုထောက်ပံ့လိုကြ၍ လှူဒါန်းကြခြင်းသာဖြစ်၏။ သူကြီးဘုရား ရွာသားကောင်းမှူလုပ်ကာ ထိုလူနာများအားအတွက်
ဆေးဖော်ကုသပေးနိုင်ဖို့ ငွေအသပြာပေးလိုက်ကြသည်ကားမဟုတ်ကြချေ။
ထိုစင်ကြယ်မွန်မြတ်လှသည့် သံဃိကလာဘ်လာဘတွေကို မိမိတို့လို့ သီလနုံ့နည်းသော သူတွေကခံယူသုံးစွဲမိကြပြီဆိုမှဖြင့် အပ်ဝင်လျှင် ပုဆိန်ထွက်ကိန်းဆိုက်ကြပေလိမ့်မည်။
ကဿပဘုရားရှင်လက်ထက်က အလဇ္ဇီဒုဿီလ ကပိလတိပိဋကဓရရဟန်းကြီး၏မယ်တော် နှင့်ညီမလေးတို့ကဲ့သို့ ရဟန်းယုတ်ကိုအပေါင်းမှားပြီး မိမိတို့ပါ အပါယ်လားရကိန်းဆိုက်သွားနိုင်၏။
အဘယ့်ကြောင့်နည်း ၊အဘယ့်ကြောင့်နည်း မသိ၍မိုက်မိကြသူမျာပီပီ ထိုသာသနာနှင့်မအပ်စပ်သော ဆေးကုခြင်း၊အသက်ကယ်ခြင်းဖြင့် ပရိယတ် ပဋိပတ်မှာဘောင်မ၀င်သည့် လူမှူကယ်ဆယ်ရေးလုပ်ငန်းများဖြင့် လူတောထဲရှုပ်နေသော ထိုရဟန်းယောင်အား ထိုလုပ်ငန်းကြီးလည်ပတ်ဖို့ ပထမ လူနာရှင်အဖြစ်ဖြင့် အိမ်ဦးခန်းပင့်သွားကြခြင်း။
ဆေးဝါးများကောင်းလွန်း၍ ရောဂါပျောက်သွားလျှင်လည်း ကျေးဇူးတင်လွန်း၍
ကျေးဇူးတင်ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဆေးဖိုးးဝါးခနှင့်အတူ ချီးမြှောက် နောက် အခြားလူနားများအားလည်းလက်တို့ကာ ဒုဿီလသာသနာပြုမိကြပြန်ခြင်း။ လူနာအခြေနေမကောင်းလို့ အသက်ဆုံးပါးသွားလျှင်တောင်မှ မမှားသောရှေ့နေ မသေသောဆေးသမားမရှိပါဘူးလေ သေသူအတွက်ရည်စူးအလှူမှာ တို့ဆေးကုပေးတဲ့ဆေးဘုန်းဘုန်းပါ ပင့်ကြဦးစို့ရဲ့ဆိုကာ ထိုရက်လည်အသုဘတို့၌ပါ ထိုဆေးဘုန်းဘုန်းအား ပွဲထုတ်လာမိတတ်ကြခြင်းဖြင့် အမှားသံသရာလည်မိတတ်ကြသောကြောင့်ပင်။
ဒီလိုဆေးကုပေးခြင်း ၊အသက်ကယ်ပေးနေခြင်းဟာ အလွန်မွန်မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်သင့်ပါလျှက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘာလို့များ ကုလဒူသက…ကုလဒူသက ။သူတော်ကောင်း အမျိုးတို့၏ စစ်မှန်တဲ့သဒ္ဓါတရားကိုဖျက်ဆီးသူ..လို့များ အကြီးအကျယ်ကဲ့ရဲ့ရှုံ့ချဟောကြားလိုက်ရပါလိမ့် ဒါကို မိမိတို့ဗုဒ္ဓဘာသာဝင်တိုင်း သူတော်ကောင်းတရားကိုချစ်မြတ်နိုးသူတိုင်း ။မိမိကိုယ်ကျင့်သိက္ခာကိုတန်ဖိုးထားသူတိုင်း လုံးဝသဘောပေါက်သင့်ကြပါတယ်။
ဒီလိုဆေးကုပေးခြင်း ၊အသက်ကယ်ပေးခြင်းဖြင့်တွေမလုပ်ခင်က ဒီကိုယ်တော်ဟာ သံဃာထဲကသံဃာတစ်ပါးပါပဲ ဒီနှစ်ရာ့နှစ်ဆယ်ခုနစ်သွယ်သော သိက္ခာပုဒ်ကို အတူတူစောင့်သုံးနေတာပဲ ။ ပရိယတ်အလုပ် ပဋိပတ်လုပ်နေသူတွေနဲ့ ဘယ်လိုမှ ခွဲခြားလို့မရဘူးလေ။ အဲ လူမှူရေးလေးလုပ်လာပြီ ။လူပုံအလည်မှာ ထင်ပေါ်လာပြီ ဆေးကုရင်းနာမည်ကြော်လာပြီဆိုတော့မှ လူတွေရဲ့မျက်လုံးထဲမှာ သံဃာထဲက သံဃာတစ်ပါးသာလို့ မမြင်တော့ပဲ တို့ဘုန်းဘုန်း ၊တို့ဘုန်းဘုန်း ။ ငါတို့အသက်သခင် ကျေးဇူးရှင်ဟု အထင်မြင်တွေကြီးသွားကြကာ ဟိုကလည်းကြွပါကြွပါ ဒီကလည်းကြွပါကြွပါ ဖြစ်သွားကြတော့တယ်။
နောက်တစ်ဖန် အခြားသံဃာတော်တွေက ဘာ…မှတို့လူသားတွေကောင်းကျိုးအတွက် မလုပ်ပေးဘူး ။တို့တွေဆင်းရဲတွင်းနက်နေချိန်မှာ သေလုမြောပါ အသက်လုနေကြရချိန်မှာ တို့အတွက်အသက်ကယ်ဆေးတစ်ခွက်တိုက်လာတဲ့တို့ဘုန်းဘုန်းစေတနာကို တို့နားလည်ကြရပြီ ။ ဟိုကိုယ်တော်တွေ အလကား ၊ဒီဘုန်းဘုန်းလောက် အောက်သုံးမကျဘူး အဲလိုတွေ သံဃာအချင်းချင်း လက်ညှိးတွေထိုးလာကြတယ်မလား။
နောက် ၀ိနည်းစည်းကမ်းအရ ဒီလို ပန်းပေးခြင်း သစ်သီးပေးခြင်း ဆေးကုခြင်းစတာတွေနဲ့ အခြားရဟန်းတော်များနှင့်တမူထူးစွာလုပ်ဆောင်လာတာမြင်လို့ ရဟန်းသံဃာတော်တွေက အစည်းအဝေးခေါ်ပြီး ဒီကိုယ်တော်ကို ဒီလိုနောက်ဒါမျိုးမလုပ်ဖို့ သံဃာ့အမိန့်နဲ့တားမြစ်ကြစို့ဆိုတော့ ထိုဆေးကုပေးတဲ့ကိုယ်တော်ကလည်း ကက်ကက်လန်ရန်ပြန်တွေ့တယ် အရှင်ဘုရားတို့ကဘာတွေလည်း ဒါပရဟိတအစစ်မှန်လုပ်နေတာ ။ ဆွမ်းစား သင်္ကန်းခေါင်းမြီးခြုံအိပ်နေတဲ့ ကိုယ်တော်တွေကများ ငါ့လိုပရိတ်သတ်များတဲ့သူကို ပြောရလားလို့ မလိုက်နာတော့ဘာလုပ်နိုင်မှာမို့လို့လဲ ဒီလိုအာဏာပါဝ်ါလာမပြနဲ့ ဒါဒီမိုကရေစီ ကိုယ်ကြိုက်သလိုကျင့်သုံးလို့ရတယ်နားလည်လားလို့ ပြန်အသံလွှင့်လိုက်ရင် ။ ကျေးဇူးခံကျေးဇူးစား နောက်လိုက်နောက်ပါ တကာတကာမတွေကလည်း ဒါမှတို့ဘုန်းဘုန်းက ဟိုဘုန်းဘုန်းအလိုမရှိ ဒီဘုန်းဘုန်းလို ဒို့နဲ့တစ်သားထဲရပ်တည်တဲ့သံဃာတော်မှ အစစ်အမှန်သံဃာ သူတို့တွေကဘာတွေလဲဘာညာနဲ့ ငရဲတွင်းကို ၀ိုင်းတူးကြတော့တာပါပဲ ။
ဒီလိုရဟန်းဆိုးတွေနဲ့ပေါင်းလိုက်ခြင်းသည်ပင် အရင်ကသဒ္ဓါတရာလို ဘုရားသားတော်မှန်ရင်ကြည်ညိုနိုင်တဲ့စိတ်ထားတွေပျောက်သွားကြပြီ
ငါတို့အတွက်အကျိုးများရင်ထောက်ပံ့မယ် အကျိုးမများရင်တော့
အလကားကျွေးမထားနိုင်ဘူးရယ်လို့ သံဃာကို ကျွန်စာရင်းသွင်းမှန်းမသိသွင်းပစ်လိုက်ကြပါတယ် ။
ဒါ့ကြောင့် ဒီကိုယ်တော်လုပ်ရပ်ကို ကုလဒူသက သူတော်ကောင်းအမျိုးတွေရဲ့ စစ်မှန်တဲ့သဒ္ဓါတရားကို ဖျက်ဆီးပစ်လိုက်တဲ့ သာသနာ့ဗိုင်းရပ်ကောင် လို့ ဘုရားရှင်က သုံးနှုံ့းရှုံ့ချသွားတာပါ။
ဒီလိုလာဘ်လာဘကိုငဲ့ပြိး သာသနာကဖျက်ကယက်လုပ်နေတဲ့ ကုလဒူသကရဟန်းနဲ့ တကယ့်သူတော်စင်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းဆိုတာကို ဘုရားရှင်က ဓမ္မပဒ ဗာလ၀ဂ်မှာ
အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေကမနုဗြူဟယေ။
* လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း၊
* နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း၊
ဤသို့ ဤအကျင့်နှစ်မျိုးနှစ်စားကို ခွဲခြားသိသော မြတ်စွာဘုရား၏ တပည့်သား ရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ၀ိဝေကသုံးပါးကိုသာ တိုးပွားစေရာ၏…….ဟူ၍ ရဟန်းစစ်ရဟန်းမှန်တို့ကျင့်ကြံပွားများရမည့် လမ်းကြောင်းမှန်ကို သေချာကျန ချပြခဲ့သည် မဟုတ်ပါလော။
ဒီနေရာမှာ သံဃိကလာဘ်လာဘ ရဟန်းသံဃာတော်တွေရည်မှန်းလှူဒါန်းထားတာတွေကို စားသောက်မိတာနဲ့ ပတ်သက်လို့ တကာမကြီးတစ်ယောက် လျှောက်ထားမေးမြန်းဖူးတာလေး တင်ပြပေးပါဦးမယ်။
ဦးဇင်းရယ် ဘုရားတပည့်တော်မတို့ ဒါတွေဒါတွေမသိနားမလည်ခင်က ဘုန်းကြိးကျောင်းတွေသွားတယ် ကျွေးသမျှစားတယ်ဘုရား …ဘုန်းကြီးကျောင်းကဟင်းပေါင်းကမှ ဟင်းစုံသလေးဘာလေးနဲ့ ခံတွင်းတွေ့ခဲ့မိတယ်။ နောက် ဘုရားစာပေတွေလေ့လာလို့ ကုလဒူသကဆိုတာတွေနားလည်လာတော့မှာ ဘုရားကျောင်းကန်ပစ္စည်းကို သီလမရှိပဲသုံးစွဲမိရင် ထေယျပရိဘောဂ ၊ပေစ္စ၀က္ခဏာမဆင်ခြင်ပဲ သုံးမိရင် ဣဏပရိဘောဂတွေထိုက်တယ်ဆိုတာ သိလာရတယ်ဘုရား ။တပည့်တော်တို့လည်း အကြွေးတွေတင်ကုန်ပြီထင်ပါ့ဘုရား…..လို့ စိတ်မကောင်းကြိးစွာလျှောက်ာထားလာတယ်။
ဟာ …..အဲဒီလိုလည်းစိတ်မကောင်းမဖြစ်ရဘူးတကာမကြိးရေ ၊အဲလိုအစွဲစိတ်နဲ့များ သေသွားရင် သေချာပေါက်မကောင်းတဲ့ဂတိရောက်လိမ့်မယ်ဗျ ။ကိုယ်မသိလို့အဲလိုတွေလုပ်မိခဲ့ပေမယ့် ကိုယ်သိတဲ့အချိန်ကစပြီး အချိန်မဆိုင်းပဲ နောင်ဒီလိုမျိုးအကြွေးမတင်အောင် ဆင်ခြင်ရမှာပေါ့။ လုံးဝမစားကောင်းဘူးတော့မဟုတ်ဘူးနော်…ကိုယ်ကဘုရားကျောင်းကန်ရောက်တုန်း တံမြက်လှည်း ပန်းကန်ဆေး ၊ အမှိုက်ကြုံးခွက်တိုက် အကုန်လုပ်နိုင်သမျှလုပ်ပေးရမယ်လေ ဒါဆို သံဃာတော်တွေရဲ့ ဒါသ ၊သံဃကျွန်တစ်ယောက်ဖြစ်သွားလို့ သံဃာတော်များပိုလျှံတဲ့ ဆွမ်းကျန် ကွမ်းကျန်လေးတော့စားလို့ရပါတယ်ဗျာ။
ဒါပေမယ့် ကိုယ့်ရှေ့လာချတည်ထားတဲ့ အုန်းသီး ငှက်ပျောသီးတွေကို နံပတ်တစ် အရင်စဉ်းစားရမှာက။ ငါသည် သံဃာ့ဝေယျာဝစ္စတွေလုပ်လို့ သံဃာ့ကျွန်ဖြစ်သွားပြီ ဒီစားဖွယ်တွေစားထိုက်တာတော့မှန်ရဲ့ ၊ငါ့ထက် အကျင့်သီလမြင့်မြတ်တဲ့ သာမဏေလေးတွေမစားကြရသေးတာများ ရှိနေသေးလား ။ ငါ့ထက်အလုပ်တွေပိုလုပ်နေတဲ့ အရံစောင့်ဂေါပကလူကြိးတွေများ စားချင်ကြသေးလားမသိဘူး ။သူတို့ထက်ဦးဦးဖျားဖျားသွားစားမိရင်တော့ ငါမသင့်ဘူး အစားတစ်လုပ်နဲ့ သမိုင်းတော့အပုပ်မခံဘူး …နောက်ဆုံးဘယ်သူမှ မစားလို့ကျန်မှ ငါစားမယ်လို့ စဉ်းစားဆင်ခြင်ပြီးမှ စားတာအကောင်းဆုံးပါပဲ လို့ သတိပေးပြောကြားလိုက်ရဖူးသေးတယ်။
ဒါဟုတ်မဟုတ်သေချာစဉ်းစားကြည့်ဖို့လိုပါတယ်။
အခုခေတ်မှာ ကျွန်ုပ်တွေ့ကြုံရသမျှ လူအများကျင့်သုံးနေထိုင်မှုတို့သည် တကယ့်သာသနာ့မျက်လုံးတပ်ကြည့်လိုက်ပါက ဗိုင်းရပ်ကပ်ပါးကောင်များအဖြစ်သာတွေ့ကြရဖို့ များလှပေ၏
အဘယ့်ကြောင့်ဆိုသော ကျွန်ုပ်တို့ငယ်စဉ် စာသင်တိုက်တွေနေခဲ့ရစဉ်က ဆွမ်းကပ်ရှိပြိဆိုလျှင် ကိုရင်ငယ်လေးတွေ မျက်နှာမဲ့ကြရပြီ ။
လူများထိုင်စားသောက်နိုင်ကြဖို့ ခုံတွေရွှေ့ရသယ်ရ။ ပန်းကန်ုတွေထုတ်ရပြင်ရ။နောက် ဟင်းချက်တော့လည်း ကိုရင်တွေပဲ ။
လူအများက ရေစက်ခွက်လေးကိုင်ပြိး အမျှအမျှဝေပြိး စလွန်းကားလေးတွေမောင်းထွက်သွားကြတယ် သူတို့တွေစားပြိး စုပစ်ထားခဲ့တဲ့ ပန်းကန်ပြားများ ။ခုံများ ကော်စောများ ဒါတွေ ဒါတွေအားလုံးက ကိုရင်လေးတွေပဲ ပြန်သိမ်းကြရပြန်ပါတယ်။
စာသင်တိုက်များမှာ ကိုရင်တွေလုပ်အားနဲ့ သံဃာတွေဆွမ်းကပ်တာက သဘာဝကျပေမယ့် ယခုလို စာကျက်စာအံပါကိုဖျက်ပြီး လူတွေစားသောက်ထားခဲ့သမျှတွေလိုက်လံသိမ်းဆည်းနေရတာကိုက အလွန်ပင် မနှစ်မြို့ဖွယ်ကားအမှန်ပင်။ထိုအလှူ့ရှင်နှင့်အဖွဲ့များသည်လည်း ၀တ်ကောင်းစားလှတွေဝတ် ဇွန်းခရင်းများနဲ့ စားသောက်ကြတာမို့ ပန်းကန်တွေဆေးဖို့နေနေသာသာ သယ်တော်မပေးချင်ပဲ မသိမသာ လစ်သွားကြတာပါပဲ။
ဒီလိုအဖြစ်တွေကို စာဖတ်သူတို့ပါ မပါမိကြစေဖို့
ထောက်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ သိလျှင် ထိုသို့မဖြစ်ဖို့ရှောင်ကြဉ်ကြရမှာပါပဲ။
ကဲဆေးကုမှူနဲ့ ရဟန်းတော်တို့ဝိနည်းကို ပြန်ဆက်ကြဦးစို့ --
......................................
ဘုရားရှင်လက်ထက်တော်အခါက ဗ္ဘာရဝါသီတိဿမထေရ်ကြီးလို့ ထင်ရှားကျော်ကြားခဲ့တဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ထိုရဟန်းတော်ဟာ ဘုရားရှင်ထံတော်မှ ကမ္မဋ္ဌာန်းကိုသင်ယူပြီး ကမ္မဋ္ဌာန်းတရားကိုပွားများဖို့ရန် နေရာလိုက်ရှာရာ အလွန်ဆိတ်ငြိမ်တဲ့တောင်ကြားတစ်ခုမှ လှိုင်ဂူတခုကိုတွေ့ရပြီး ထိုအရပ်မှာပဲ တရားအားထုတ်ဖို့ ဆုံးဖြတ်တော်မူလိုက်တယ် ။
နောက် အနီးနားကရွာကိုဆွမ်းခံကြွပြန်တော့လည်း သဒ္ဓါတရာရှိတဲ့ ဥပါသိကာမတစ်ဦးကလည်း သားတည်းဟူသော ချစ်ခြင်းနဲ့ ဆွမ်းဆွမ်းဟင်းတွေပြည့်စုံအောင်လောင်းလှူပါသတဲ့ ။ ဒီလို ဆွမ်းကွမ်းနေရာအဆင်ပြေတဲ့နေရာလေးဖြစ်လို့ နေလာလိုက်တာ ဆယ့်ငါးရက်တောင်ရှိလာပါပြီ ။ဒါပေမယ့် ပြဿနာတစ်ခုဖြစ်နေရတာက ထိုလှိုင်ဂူစောင့်နတ်သမီးပါ။ ရဟန်းရဲ့သီလတန်ခိုးကြောင့် သားငယ်လေးလက်ဆွဲပြီးလှိုင်ဂူပြင်ဖက်ထွက်နေရပြီး ဘုံပျောက်နေတာပေါ့ ။ တစ်နေ့ပြန်ကြွနိုး တစ်နေ့ပြန်ကြွနိုးနဲ့ စောင့်လာလိုက်တာ ဆယ့်ငါးရက်ပြည့်တဲ့နေ့အထိ ပြန်မကြွလေတော့ ငါမထွက်ထွက်အောင်လုပ်မှပဲလို့ ရွာထဲက ဆွမ်းတကာမကလေးကို ပြုစားလိုက်ပြီး ငါ့အဖို့ အခြားဗလိနတ်စာဖြင့် အကျိုးမရှိချေ သင်၏အိမ်၌ ဆွမ်းခံကြွလာမည့် ကိုယ်တော်ထံမှ
ဆေးတစ်စုံတစ်ရာတောင်းပြီးသာ ကလေးကိုတိုက်ပါလော့ ၊ယင်းသို့ ထိုကိုယ်တော်ဆေးကုပေးလျှင် သင်၏ကလေး ချမ်းသာရာရလိမ့်မည်လို့ ပူးကာပြောသတဲ့ ။ အစပထမတော့ မိခင်ရင်ခများ သူတော်စင်ရဟန်းကို သူ့သားလေးအသက်ကယ်ပေးဖို့ ဆေးကုခိုင်းပြီး သီလဖျက်ခိုင်းရန်သင့်မသင့်ပေါ့။ နောက်ဆုံ့းတော့ ရဲရဲကြီးဆုံးဖြတ်ချက်ချလိုက်တယ် ငါ့သားလေးအသက်ကယ်ဖို့နဲ့ ငါတို့မိသားစုသဒ္ဓါတရားအပျက်ခံရမှာလား ဟေ့အသင်နတ် ငါ့သားအသက်သာ အသေခံမယ် ငါ့ဆွမ်းခံရဟန်းထံမှတော့ ဘယ်ဆေးမှမတောင်းနိုင်ဘူး။
လှိုဏ်ဂူစောင့်နတ်သမီးလည်း လုံးဝအကြံအိုက်သွားတယ် အဓိကပစ်မှတ်က ထိုကိုယ်တော် ဆေးကုစြေ့ပီး သီလပျက်စီးစေဖို့ပဲ ။
ဒီအခြေနေမရတော့ တစ်မျိုးကြံရပြန်တယ် တကယ့်အာဂဗုဒ္ဓဘာသာဝင် ဒါယိကာမနဲံမှ သွားတွေ့နေတာကို သားအသက်အသေခံမယ် ဆေးတော့မတောင်းနိုင်ပါဘူးတဲ့ လေးစားဖို့ အင်မတန်ကောင်းတဲ့ တကာမလေးပဲ။
ဒါနဲ့နတ်သမီးက ဒီလိုဆို ဆွမ်းခံကိုယ်တော်ကိုခြေဆေးပြီး အဲဒီခြေဆေးရေနဲ့ ဦးခေါင်းလောင်းလိုက်ရင် သင့်သားရောဂါဝေနာအားလုံးပျောက်ပါလိမ့်မယ်လို့ ပြောခဲ့ရတယ်တဲ့။
ဆွမ်းတကာမလေးလည်း ရေဆိုတာကတော့ ဆေးမှမဟုတ်ပဲ အပြစ်မရှိပါဘူး ဟုဆိုကာ ဆွမ်းခံကြွလာတော့ အရင်နေ့တွေအတိုင်း ကိုယ်တော်ကိုခြေဆေးပေးပြိး အရှင်ဘုရား ဒီခြေဆေးရေနဲ့ တပည့်တော်သားလေးဝေဒနာ သက်သာပျောက်ကင်းဖို့ ရေးလောင်းပေးချင်ပါတယ် ခွင့်တောင်းတာပေါ့ ။
ကိုယ်တော်ကလည်း ခြေဆေးရေဆိုတာ ဆေးမှမဟုတ်တာကို ရပါတယ်တကာမကြိးလောင်းပါလို့ ခွင့်ပေးလို့လောင်းလိုက်တော့မှ ကလေးလေးလည်း ပင်ကိုယ်ပကတိ သတိပြန်လည်ကာ ကျန်းမာလာတာပေါ့ ။ရဟန်းတော်လည်း ဆွမ်းခံရာမှပြန်လာရော နတ်သမီးကလှိုင်းဂူဝကိုပိတ်ရပ်လိုက်ပြီး …
အို…ဆေးဆရာကြီး ……အကျွန်ုပ်၏နေရာလှိုဏ်ဂူတွင်းသို့လုံး၀၀င်ခွင့်မရှိလို့ သီလပျက်ရဟန်း ဒုဿီလလို့ စွပ်စွဲပြောဆိုတော့တာပေါ့ ။ ဒီတင် ရဟန်းတော်လည်း မတ်တပ်ရပ်ပြီး မိမိရဟန်းခံရာနေ့မှ ယခုအချိန်တိုင်အောင် ရဟန်းသီလတစ်စုံတစ်ရာကျိုးပေါက်တာများရှိသလားရှာဖွေ့ကြည့်တယ် ဘယ်နေရာမှ အကျိုးအပေါက်မရှိ ပြီးပြည့်စုံနေတဲ့သီလ၀န္တဖြစ်တယ်ဆိုတာ
တွေ့ရတယ်။ ဒါနဲ့...
အိုနတ်သမီး ငါ၏သီလသည် အစွန်းထင်းလုံးဝမရှိ ပကတိဖြူစင်နေပါလျှက် အဘယ့်ကြောင့်ငါ့အား ဆေးဆရာကြီး(ဒုဿီလကြီး)လို့ ပုတ်ခတ်စွပ်စွဲဘိသနည်း…
အိုရဟန်း သင်သည် ယနေ့ ကလေးငယ်လေးအား ခြေဆေးရေပေးခြင်းဖြင့် ရဟန်းသီလကိုချိုးဖောက်ခဲ့သည်မဟုတ်ပါလော။
ထိုအခါမှ ရဟန်းတော်လည်း အလွန်ပင် ၀မ်းမြောက်ဝမ်းသာဖြစ်သွားတယ် ။ တယ် အရတော်တဲ့ငါပါလား ဒီလိုဏ်ဂူစောင့်နတ်သမီးသည် ငါ့အပြစ်တစ်စုံတစ်ရာ နတ်မျက်စိနဲ့ရှာတာတောင်မတွေ့လို့ ကလေးငယ်ကိုပူးဝင်ဖမ်းစားကာ ငါ့ကိုခြေဆေးရေပေးခိုင်းတာပဲ …
ပီတိတွေတဖွားဖွား တဖွားဖွားဖြစ်ပေါ်လာတယ် ။ ငါသည်ဘုရားသာသနာမှာ နေရတာ အရတော်လေစွ။ စသညဖြင့် မိမိသီလစင်ကြယ်မှုကိုဆင်ခြင်တဲ့ သီလာနုဿတိကနေ ပီတိပဿဒ္ဓိတွေတဖွားဖွားဖြစ်လာရာမှ ထိုပီတိသုခတွေကို အနိစ္စ၊ဒုက္ခ ၊အနတ္တလက္ခဏာတင်ပွားများလိုက်ရာ ထိုနေရာပင် ရဟန္တာဖြစ်တော်မူသွားခဲ့ပါတယ်။
ထိုအကြောင်းကိုဘုရားရှင်သိတော်မူသောအခါမှာ
အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
လူမှုကိစ္စများကို ၀ိုင်းဝန်းလုပ်ကိုင်ပေးရင်း လူတို့နှင့်လည်းကောင်း ၊
သပိတ်ဖုတ်ခြင်း သင်္ကန်းချှုပ်ခြင်း စသည်လုပ်ပေးကာ ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သော တဏှာကင်း ကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှ အပပြုအပ်ပြီးသော သူတော်စင် ဗြဟ္မဏဟု ငါဘုရားဟောကြားသတ်မှတ်တော်မူတယ်…လို့ကောင်းချီးပေးဟောကြားတော်မူခဲ့ပါတယ်။
ဒါ့ကြောင့် သူတော်ကောင်း သီလ၀န္တရဟန်းတော်များဟာ ထိုအသက်ကယ်ဆေးကုပေးတယ်ဆိုတဲ့ အလဇ္ဇီဒုဿီလ အသက်မွေးဝမ်းကြောင်းအလုပ်ကို လွန်စွာဆက်စုပ်ကြကြောင်း သဘောပေါက်သင့်ကြပါတယ်။
နောက်မထေရ်တစ်ပါးကတော့ မဟာမိတ္တမထေရ်လို့ခေါ်ပါသတဲ့ သူ၏မွေးမယ်တော်ကြီးခမျာ နို့ကင်ဆာဖြစ်ကာ ကုသမရသည့်အဆုံး ကြံရာမရ ဆေးလေးဘာလေးရှာပေးဖို့ရန် နှမငယ်ဘိက္ခုနီမလေး အား ဆေးအတောင်းလွှတ်လိုက်သတဲ့။ ဒါနဲ့ညီမငယ်လေးက အစ်ကိုကြီးဦးဇင်းထံ မယ်တော်ကြီးအတွက်ဆေးလာတောင်းရာမှာ
''ငါ့ညီမရေ အစ်ကိုကတော့ ရဟန်းတစ်ပါးဆိုတော့ ဆေးမြစ် စသည်တို့ကို စု၍ ဆေးကို ကြိုချက်ရန် နားမလည်ဘူး၊ ဒါပေမယ့် မယ်တော်ကြီးရောဂါအတွက် ငါဆေးနည်းကောင်းတစ်ခုပေးလိုက်မယ့် အဲဒါကတော့ အစ်ကိုကြီးရဲ့ သီလစင်ကြယ်သန့်ရှင်းကြောင်းသစ္စာတရားပါပဲ…ဟုဆိုကာ
“ငါသည် ရဟန်းပြုပြီးသည်မှ စ၍ တပ်မက်သော ကိလေသာနှင့် တကွဖြစ်သော စိတ်ဖြင့် စက္ခုစသော ဣနြေ္ဒတို့ကို ဖျက်၍ မာတုဂါမ ၏ အဆင်းကို မကြည့်စဘူးပေ၊ ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ၏ မယ်တော်အား ချမ်းသာခြင်း ဖြစ်ပါစေသတည်း”ညီမကလေးရှေ့မှာပင် သစ္စာဆိုပြလိုက်ပါသတဲ့။
ထို့နောက် နှမ မယ်တော်ကြီးထံပြန်ပြီး ဤအတိုင်း သစ္စာစကားကို ဆို၍ ဥပါသကာမကြီး၏ ကိုယ်ကို သုံးသပ်လေလော့''ဟု ဆို၏။
နှမတော်ဘိက္ခုနီမသည် မိခင်ထံသို့ သွား၍ ဤအကြောင်းကို ပြောကြားပြီးလျှင် ထိုမထေရ်မိန့်မှာ လိုက်သည့်အတိုင်း သစ္စာပြုလေ၏။
အံ့သြဖွယ်ကောင်းသည်ကား ထိုမယ်တော် ဥပါသကာမကြီး၏ အိုင်းအနာသည် ထိုခဏ၌ပင်လျှင် ရေမြှုပ်စိုင်ကဲ့သို့ကျေ၍ ပျောက်လေ၏၊
ထိုမယ်တော် ဥပါသကာမကြီး သည် (အိပ်ရာမှ) ထ၍ ''မြတ်စွာဘုရားသခင်သည် အကယ်၍ ထင်ရှားရှိငြားအံ့၊ ငါ့သားနှင့်တူသော ရဟန်းကောင်း၏ ဦးခေါင်းကို ကွန်ယက်ဇာလက္ခဏာတော်ဖြင့် ဆန်းကြယ်သော ရွှေလက်တော်ဖြင့် အဘယ်ကြောင့် မသုံးသပ်ပဲ ရှိအံ့နည်း (သုံးသပ်တော်မူရာသည်သာတည်း)''ဟု ရွှင်လန်းဝမ်းမြောက်သော စကားကို ကျူးရင့်မြွတ်ဆိုခဲ့ပါသတဲ့။
ကဲထိုဥပါသိကာမကြီးမှမဟုတ်ပါဘူး ထိုကဲ့သို့ ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းရတဲ့ ပါတိမောက္ခသံဝရသီလရော ၊စိတ်ကိုလုံခြုံအောင် စောင့်ထိန်းရတဲ့ ဒွါရခြောက်ဖြာ ၀ိပဿနာဘာဝနာဆိုတဲ့ ဣန္ဒြိယသံဝရသီလကိုပါ လုံခြုံစွာစောင့်ထိန်းတော်မူနိုင်တဲ့ တကယ့်သူတော်စင်ကြီး ဘုရားသားတော်ရင်နှစ်မြေးတော်စစ်ကြီးဖြစ်ကြောင်း သစ္စာဆိုပြလိုက်တာကိုက မိမိသည်ပင် ဖတ်ရှုလေ့လာရင်း ကြက်သီးတဖြန်းဖြန်းထသွားခဲ့ရပါတယ်။
“ငါသည် ရဟန်းပြုပြီးသည်မှ စ၍ တပ်မက်သော ကိလေသာနှင့် တကွဖြစ်သော စိတ်ဖြင့် စက္ခုစသော ဣနြေ္ဒတို့ကို ဖျက်၍ မာတုဂါမ ၏ အဆင်းကို မကြည့်စဘူးပေ၊ ဤမှန်ကန်သော သစ္စာစကားကြောင့်….ဆိုတဲ့စကားတစ်လုံးဟာ လွယ်တယ်မထင်လိုက်ပါနဲ့ ။လူတိုင်းဟာ ကိုယ်နဲ့နှုတ်ကိုယ်မကျုးလွန်မဖောက်ပြားမိအောင်စောင့်စည်းနိုင်ကြပေမယ့် ။စိတ်ထဲကနေ မပြစ်မှားမိ လှပတဲ့အဆင်းရူပါရုံအပေါ်တပ်မက်မှူမဖြစ်အောင် စောင့်စည်းနိုင်ဖို့ဆိုတာကတော့ ကမ္မဋ္ဌာန်းဘာဝနာနဲ့ကင်းပြီး
လုံးဝမဖြစ်နိုင်လောက်တဲ့ အခြေနေတရပ်မဟုတ်ပါလား ။ ဒီလိုသူတော်စင် သားကြီးတစ်ယောက်ကိုမွေးထုတ်ပေးလိုက်ရတဲ့ ဘယ်မိခင်မျိုးမဆို အထက်ပါမယ်တော်ကြီးကဲ့သို့ ဥဒါန်းကျုးရင့်မိကြမှာပါပဲ။
ညာတိပလိဗောဓကိုလည်းပယ်ခွါနိုင်ကြကာ ရဟန်းသီလကိုလည်းပြည့်ဝအောင်ဖြည့်ကျင့်နိုင်ကြစေကြောင်း ရည်သန်လျှက် ……………………………………………..
လင်္ကာအရှင်(မုံရွာ)
( ဆက်လက်ဖော်ပြပါဦးမည်)
No comments:
Post a Comment