Tuesday, June 26, 2012

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၈) *****


(၆) ခရီးပလိဗောဓ

     ခရီးသွားခြင်းကို ခရီး-ဟု (ဆိုအပ်ပေသည်)။ အကြင်ရဟန်းအား တစုံတခုသော အရပ်၌ ရှင်ပြုပေးရမည့် ရှင်လောင်းသော်လည်း ရှိငြားအံ့၊ ရသင့် ရထိုက်သော တစုံတခုသော ပစ္စည်းသော်လည်း ရှိငြားအံ့၊ အကယ်၍ (ထို ရှင်လောင်း) ထိုပစ္စည်းကို မရလျှင် သည်းမခံနိုင်ပါမူ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ် နေသော်လည်း ခရီးသွား လိုသော စိတ်ကို ဖျောက်နိုင်ခဲ၏၊

       ထိုခရီးသွားလိုသော ဆန္ဒမျိုးကို လွန်စွာပင် ပယ်နိုင်ဖို့ခက်ခဲကြောင်းကိုလည်း ဘုရားရှင်ကိုယ်တော်တိုင်ပင် ဒုပ္ပဋိဝိနောဒယသုတ်မှာ အောက်ပါအတိုင်း
ဟောကြားတော်မူခဲ့ပေသည်။

     ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(၁)ဖြစ်ပေါ်လာသည့် စွဲလမ်းမှု 'ရာဂ'ကို ဖျောက်နိုင်ခဲလှ၏။
(၂)ဖြစ်ပေါ်လာသည့် အမျက်ထွက်မှု 'ဒေါသ'ကို ဖျောက်နိုင်ခဲလှ၏။
(၃)ဖြစ်ပေါ်လာသည့် တွေဝေမှု 'မောဟ'ကို ဖျောက်နိုင်ခဲလှ၏။
(၄)ဖြစ်ပေါ်လာသည့် ဉာဏ်၌ ထင်မြင်မှုကို ဖျောက်နိုင်ခဲလှ၏။
(၅)ဖြစ်ပေါ်လာသည့် ခရီးသွားလိုစိတ်ကို ဖျောက်နိုင်ခဲလှ၏။



    ထိုသို့ဟောကြားထားတော်မူခဲ့ပြီးဖြစ်၍  မိမိခရီးသွားလိုစိတ်ကို
ထိုခရီးပြီးဆုံးအောင် ထသွားလိုက်ခြင်းအားဖြင့်
ထိုခရီးသွားလိုသော အလိုဆန္ဒကို ငြိမ်းအေးစေပြီးမှသာ
မိမိအားထုတ်သည့်  ရဟန်းတရား၌ ကြောင့်ကြစိုက်ခြင်း- အားထုတ်ခြင်းကို ပြုသင့်ကြောင်း ၀ိသုဒ္ဓိမဂ်၌ ဖွင့်ဆိုထားပေသည်။

        ဒီခရီးသွားလိုမှု ပယ်ဖျောက်နိုင်ခဲခြင်းအကြောင်းကို ရေးသားနေရင်းပင် ကျွန်ုပ်ငယ်စဉ်က စာမေးပွဲနီးကာမှ ခရီးသွားချင်နေသော သူငယ်ချင်းတစ်ပါးအကြောင်း သတိရမိ၏။

      ထိုသူငယ်ချင်း၏ ဘွဲ့အမည်မှာ တေဇ၀န္တဖြစ်ပြီး မိမိတို့နှင့်လည်း အတန်းတူ အခန်းတူ သူငယ်ချင်းအရင်းကြီးပင်တည်း။
       တစ်ညကျိန်းစက်ရင်းအိပ်မက်တစ်ခုမက်ရာ အိပ်မက်ထဲ၌ သူ၏မယ်တော်မှာ လွန်စွာမကျန်းမမာဖြစ်နေကြောင်း မြင်မက်ပါသတဲ့ ။

       ဒီအိပ်မက်အကြောင်းကို မိမိတို့သူငယ်ချင်းတစ်စုအား ဖွင့်ပြောပြရာ မိမိတို့ကလည်း ထိုထိုဤဤ အိပ်မက်နှင့်ပတ်သက်သမျှကြားဖူးနားဝများကို အိပ်သွန်ဖာမှောက် တစ်ယောက်တစ်မျိုးဝိုင်း၍ ပြောကြလေတော့၏။ စိုးရိမ်နေသူအား ၀ိုင်း၍ချောက်တွန်းကြဘိ၏သို့တည်း။

      “မင်းအိပ်မက်က ဘယ်အချိန်လောက်မက်တာလဲကွ”ဟု မေးရာ
မနက် အိပ်ယာမထခင်လေးဟု ဆို၏။

      ဟာ..ဟေ့ကောင် ဒါဆိုသတိထားကွ လင်းအားကြီးမက်တဲ့အိပ်မက်က မှန်တာများသတဲ့၊ ဘုရားမယ်တော်တောင် ဘုရားအလောင်းကိုယ်ဝန်ကိုဆောင်တော့ ဆင်ဖြူတော် ၀င်လာတယ်မက်တယ်လေ။ ဘုရားရှင်တောင် သူကိုယ်တိုင်ပြန်ဟောပြခဲ့တာ ဘုရားဖြစ်မယ့်အကြောင်း အိပ်မက်ကြီးငါးပါးကိုမြင်မက်ရသတဲ့။
      မင်းနှယ် မိဘနဲ့သားသမီးဆိုတာ တယ်လီပသီနည်းအရ သွေးသားချင်းက
ဆက်နွှယ်နေတာ မင်းမကျန်းမာတာ ၊လမ်းမှာလိုက်တာကအစ မိခင်ရဲ့မသိစိတ်က နားလည်လေ့ရှိသတဲ့ ။
      တခါတလေ မိခင်က မိမိကိုတမ်းတသတိရတဲ့အခါ သားသမီးတွေမှာ အိပ်မင်မြင်တတ်တယ်ဆိုပဲ …စသည်ဖြင့် သူငယ်ချင်းမျးက ၀ိုင်း၍ မီးတိုက်လိုက်ကြရာ သူငယ်ချင်းမျက်မှာမှာ သူ့မယ်တော်အတွက် အစိုးရိမ်လွန်ကာ

        မယ်တော်ကြီး နေမကောင်း၍ ရွာပြန်ခွင့်ပြုဖို့ အကြောင်း ဆရာတော်သွားလျှောက်လေတော့၏။

    ဆရာတော်ဘုရားကလည်း စည်းကမ်းအလွန်ကြပ်မတ်သူပီပီ စာမေးပွဲနီးချိန်၌ မည်သည့်အကြောင်းနှင့်မျှ ရွာပြန်ခွင့်မပေးသလို၊ မိခင် ဆွေမျိုး
ရွာကတကာတကာမစသည့် မည်သည့်ဧည့်သည်ကိုမျှ
ကျောင်းလာရောက်တွေ့ဆုံခြင်းကိုလည်း နှစ်သက်တော်မမူပေ။

      စာမေးပွဲပြီးလျှင်တောင်မှ သာမဏေငယ်လေးများကို သုံးနှစ်ပြည့်မှသာ ရွာအလည်အပတ်ပြန်ခွင့်ပြုလေ့ရှိ၏။ အကြောင်းမှ ကိုရင်ငယ်များသည် ရွာပြန်ရောက်သည်နှင့် လူဝတ်လဲလဲသွားကြပြီး စာသင်တိုက်သို့
တဖန်ပြန်မရောက်လာရှိတတ်ရာမှ  ထိုသို့မဖြစ်စေလိုသောကြောင့် စာမေးပွဲပြီးချိန်လည်း ကျောင်းမှာသာပျော်အောင်ဆော့ကစားခွင့်ပေးထား၏။ ရွာတော့ပြန်ခွင့်မပေးပေ။

     ယခု ကိုရင်တေဇ၀န္တမှာ စာမေးပွဲတွင်းကြီး ရွာပြန်လိုကြောင်းလျှောက်နေသဖြင့် အကြောင်းကိုမေးရာ အိပ်မက်မကောင်းလို့ပြန်ချင်ကြောင်းသိရသဖြင့် အိပ်မက်ကိုပြောင်းပြန် အဓိပ္ပါယ်ကောက်ယူရကြောင်း မယ်တော်ကြီးတိုး၍သာ ကျန်းမာရေးကောင်းဦးမည်ဖြစ်ကြောင်း နှစ်သိမ့်ပေးကာ ရွာပြန်ခွင့်မပြုပဲ စာမေးပွဲအတွက်သာ စာမဲကျက်မှတ်စေ၏။

    သို့သော် ကိုရင်တေဇ၀န္တသည် မယ်တော်ကြီးတကယ်
နေကောင်းမကောင်းသိရအောင်ဟုဆိုကာ သူ့ရွာသို့ စာတစ်စောင်ရေးပြီး ပို့လိုက်ပါသတဲ့  ထိုစာမှာက

“အမေ.. ကိုရင်အသည်းအသန်ဖြစ်နေလို့ မြို့အမြန်လိုက်လာပါ ”ဟူသတည်း ၊

    ထိုစာရလျှင်ရခြင်း မိဘနှစ်ပါးရော အခြားရင်းနှီးကျွမ်းးဝင်သူ ဆွေမျိုးတကာတကာမအချို့ပါ ရပ်မရွာမှာ ဆေးဖိုးငွေစုဆောင်းပြီး အမြန်လိုက်လာကြရာ ဆရာတော်ဆီရောက်လာကြမှ အားလုံးအဖြစ်မှန်သိကြရပြီး ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ကြရလေတော့၏။

    ထိုသို့ကိုရင်တေဇ၀န္တလုပ်လိုက်ခြင်းအတွက်ကား အကျွန်ုပ်တို့ ဟင်းကောင်းကောင်းစားလိုက်ရလေသတည်း ၊အကြောင်းမှာကာ သူ့အတွက်ဆေးဖိုးစုဆောင်းလာကြသော ငွေဇြင့်ပင် သူ့မယ်တော်ကြီးတို့ဆွေမျိုးတစ်သိုက် ဆွမ်းတစ်ရက်ကပ်ကာ ၀မ်းမြောက်ဝမ်းသာစွာ ပြန်သွားကြသောကြောင့်တည်း။

    ထိုနေ့ညဘုရားဝတ်တက်သြ၀ါဒ၌ ဆရာတော်ဘုရားသည် အိပ်မက်နှင့်စပ် သိမှတ်ဖွယ်ရာ သြ၀ါဒကထာကို ဗဟုသုတအဖြစ် သြ၀ါဒပေးသနားတော်မူခဲ့လေသည်။

   မှတ်မိသလောက် တင်ပြရလျှင် အိပ်မက်မက်ခြင်းသည်
(၁) မိမိခန္ဓာကို ဂေဟစံနစ်ပျက်စီး၍ သွေးလေ၊သည်းချေ သလိပ်မညီညွှတ်ခဲ့ရင် ။ကျန်းမာရေးမကောင်းခဲ့လျှင်လည်း စိတ်ချောက်ခြားဖွယ်ရာ အိပ်မက်တစ်မျိုးမျိုးကို မြင်မက်တတ်ကြောင်း
(၄) အကျိုးလိုသော /မလိုသော နတ်တို့ဖန်းဆင်းပြသဖြင့်လည်း  မြင်မက်တတ်ကြောင်း။
(၅) မိမိ၏စွဲလမ်းစိတ်ကြောင့်လည်း မြင်မက်တတ်ကြောင်း။
(၆) ရှေ့ပြေးပုဗ္ဗနိမိတ်အနေနဲ့လည်း မြင်မက်တတ်ကြောင်း။
    ထို့ကြောင့် ဘုရားမယ်တော်၊ဘုရားအလောင်းတော်၊ကောသလမင်းကြီးတို့ရဲ့ အိပ်မက်များသည် ပုဗ္ဗနိမိတ်အနေနှဲ့မှန်ကန်တိုင်း မိမိအိပ်မက်လည်း မှန်ရမည်ဟု တထစ်ချ မယုံကြည်အပ်ကြောင်း ။
   ယ္ခုပင် ကိုရင်တေဇ၀န္တမက်သော မယ်တော်ကြီးကျန်းမာရေးမကောင်းဟုမြင်မက်ခြင်းသည် မိမိ၏ သတိရစိတ်အစွဲလမ်းကြောင့်သာ မြင်မက်ခဲ့ခြင်းဖြစ်ပြီး သူ၏မယ်တော်ပင် ကျောင်းရောက်လာကာ ဆွမ်းကပ်သွားခဲ့ကြောင်း၊
      တချို့လူများမှာ မိမိအိပ်မက်တစ်ခါတိုက်ဆိုင်မှန်ကန်ဖူးသည်နှင့်
နောင်လာလတံ့သော အိပ်မက်ဟူသမျှမှန်လိမ့်မည်ဟု နားလည်မှူလွဲကာ စိတ်သောက ဒုက္ခရောက်ကြရကြောင်း ။

   တစ်ခါက မင်းအကိုးကွယ်ခံ ဆရာတော်ကြီးတစ်ပါးသည် နံတော်မုခ်ဦးလေးခု၌ ရွှေအိုးကြီးလေးလုံးရှိကြောင်း အိပ်မက်မြင်မက်၍ မင်းကြီးအားပြောပြ၍ ရှာဖွေတူးဖော်ကြည့်ကြရာ
တကယ်ပင်မှန်ကန်နေ၍ အိပ်မက်မှန်သည်ဟု အလွန်ကျော်ကြားကြောင်း ။ များမကြာမီ အိပ်မက်တစ်ခုမက်ပြန်ရာ မင်းတြားကြီးခုနစ်ရက်အတွင်း နတ်ရွာစံလိမ့်မည် ဟူသတည်း။ မင်းဆိုသည်မှာ သေမည် နတ်ရွာစံသည်ကို အမင်္ဂလာသတင်းဖြစ်၍ လျှောက်တင်စေဆိုမှ လျှောက်တင်ကြရပေရာ။
       ထိုအိပ်မက်သတင်းကို ရုတ်တရက်ကြားလိုက်ရ၍ အလွန်စိတ်ထိခိုက် ဒေါသလည်းထွက်သွားကြောင်း ။နယ်စွန်နယ်ဖျားမှ သူပုန်သူကန်များလည်း ခုနစ်ရက်အတွင်း မင်းကြီးနတ်ရွာစံလိမ့်မည်သတင်းကြားရသည်နှင့် ထကြွလာရာ မင်းကြီးနှင့် စစ်သေနာပတိများ အလွန်ပင် သတိကြီးစွာ ပြန်လည်နှိမ်နင်း ထိန်းသိမ်းလိုက်ရကြောင်း ။

   သို့သော် ခုနစ်ရက်ကျော်လွန်သည့်တိုင် မင်းကြီးလည်း ကျန်းကျန်းမာမာဖြစ်နေ၍ ထိုဆရာတော်အား မုသားပြောသည်ဆိုကာ လျှာဖြတ်ပစ်လိုက်ဖို့ ရက်စက်စွာ အမိန့်ချပစ်လိုက်ကြောင်း ။
     ဤကဲ့သို့သော အိမ်မက်မျိုးသည် အကျိုးမလိုလားသော နတ်မိစ္ဆာများကပေးသော အိပ်မက်ဖြစ်၍ ယုံကြည်သူအား အကျိုးမဲ့သာဖြစ်စေနိုင်ကြောင်း။   

      အကောင်းဆုံးမှာ အိပ်နိုး ချမ်းသာ ယုတ်မာ မမက် ၊ နှစ်သက်နတ်လူ..... ဆိုသည့်အတိုင်း အိပ်မက်ဆိုးများကင်းဝေးစေပြီး လူနတ်အများ ချစ်ခင်ကြည်ညိုစေနိုင်ကြစေဖို့ မအိပ်ခင်မေတ္တာပို့အိပ်ကြဖို့ လိုကြောင်း သြ၀ါဒပေးတော်မူခဲ့ရာ အလွန်အမှတ်ရဖွယ် အဖြစ်ပျက်တစ်ခု
ဖြစ်သွားလေတော့၏။

     ထိုကိုရင်လေးတေဇ၀န္တဆန္ဒဖြစ်ပေါ်ခဲ့သော အိပ်မက်အပေါ်သံသယပွားမိကာ မိမိချစ်ခင်လေးစားသော ဆရာမိဘ ဆွေးမျိုးညာတကာများ နေကောင်း ကျန်းမာရှိမရှိသွားကြည့်ရှုလိုသော ချဉ်ခြင်းဖြင့်  ခရီးသွားလိုခြင်းမျိုးကိုကား သွားကိုသွားလိုက်ပြီး စိတ်ကျေနပ်မှုရအောင် ဖြေဖျောက်သင့်က
ဖြေဖျောက်ရမည်ဖြစ်၏။ သို့မဟုတ်ပါက မိမိတို့ ကမ္မဋ္ဌာန်းဘာဝနာပွားများမှုကိုပင် ထိုပူပင်သောကမျိုးက စိတ်ကို အနှောက်အယှက်ပေးကာ သမာဓိဆောက်တည်မရဖြစ်နေတတ်သောကြောင့်တည်း။
                          ……………………………………………..             
                                ( ဆက်လက်ဖော်ပြပါဦးမည်)
                                           လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..