Tuesday, June 26, 2012

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၂) *****


(၁ဝ) တန်ခိုးပလိဗောဓ

      တန်ခိုး ဟူသည်ကား ပုထုဇဉ်တို့၌ ဖြစ်သော တန်ခိုးတည်း။ မှန်ပေ၏၊ ထိုပုထုဇဉ်တန်ခိုးသည် ပက်လက်အိပ်တတ် ကာမျှ သူငယ်ကဲ့သို့၎င်း၊ ကောက်နုကဲ့သို့၎င်း (မပျက်အောင်) ဆောင်ထားရန်ခက်ခဲ၏၊ အနည်းငယ်မျှသော အနှောက်အယှက် ဖြင့်ပင် ပျက်စီးတတ်၏။ ထိုတန်ခိုးသည် ဝိပဿနာ၏(သာ) ပလိဗောဓ ဖြစ်သည်၊ သမာဓိ၏ ပလိဗောဓကား) မဖြစ်ပေ။ အဘယ့်ကြောင့်ဆိုသော် သမာဓိတို့ရောက်ပြီးမှ(သာ) (ထို တန်ခိုးသို့) ရောက်နိုင်ခြင်းကြောင့်တည်း။ ထို့ကြောင့် ဝိပဿနာကို အလိုရှိသောသူသည် တန်ခိုးဟူသော ပလိဗောဓကို (လည်း) ဖြတ်အပ်၏။

    မဂ်ဖိုလ်နိဗ္ဗာန်သွားရာလမ်းခရီး၌ အခက်ခဲ အတားဆီးများစွာရှိနေကြောင်းကို ရှေး၌ဖော်ပြခဲ့ပြီးသော ပို့စ်များအရ သဘောပေါက်ကြပြီးဖြစ်ပေလိမ့်မည်ဖြစ်၏။
      ပရိယတ်ကျမ်းစာများသည်လမ်းညွှန်များဖြစ်နေပေမယ့် ငြိကပ်နေမိကြလျှင် လိုရာခရီးရောက်ဖို့ ဖြစ်နိုင်တော့မည်ကား မဟုတ်ပေ။ လှေသည်တဖက်ကမ်းသို့ လွယ်ကူချောမွေ့စွာ ကူးမြောက်နိုင်ကြဖို့သာတည်း ထိုလှေကို ကျေးဇူးကြီးလှဘိ၏ဟု မိမိခရီးတစ်ယောက်ဦးထိပ်ရွက်သယ်ဆောင်သွားဖို့ ကြိုးစားမိလျှင်ကား မိုက်မဲရာကျပေလိမ့်မည်ဖြစ်၏။


    ယခုလည်း ရှေးပလိဗောဓကိုးပါးကိုပယ်ခွါကာ ကမ္မဋ္ဌာန်းတရားကိုကြိုးစားအားထုတ်နိုင်လာသူတစ်ယောက်အဖို့ ပို၍ခက်ခဲသော အတားဆီးတစ်ခုကား သမာဓိစခန်းအရောက် ကိုယ်ပျောက်ဝိဇ္ဇာတစ်ယောက်ကဲ့သို့ လောကီအဘိညာဏ်တန်ခိုးများ ရရှိလာရာမှ တွယ်တာကပ်ငြိနေမိခြင်းတည်း။

     အရှင်အနုရုဒ္ဓါပင်လျှင်သောတာပန်ဖြစ်သည်အထိ လမ်းမှန်ကိုလျှောက်ခဲ့ပြီးပါလျှက် အထက်မဂ်စခန်းမတက်လှမ်းနိုင်လို့ အရှင်သာရိပုတ္တရာထေရ်မြတ်ထံ ချဉ်းကပ်လျှောက်ထားရာမှ-
    သင်သည် ဒိဗ္ဗစက္ခု တန်ခိုးအဘိညာဉ်ဖြင့် လောကကြီးတစ်ခုလုံးကို ထွင်းဖောက်မြင်နိုင်ခြင်းအပေါ် ငါကဲ့သို့ ကြိုးစားပွားများအားထုတ်သူသာ မြင်နိုင်စွမ်းရှိသည်ဟု အထင်ကြီးမှူမာနတရားက ကြားမှာ အတားဆီးပြုထားသဖြင့် အထက်မဂ်စခန်းမတက်လှမ်းနိုင်ခြင်းဖြစ်ကြောင်း၊
     ရှေ့တစ်စခန်းတက်ဖို့ တည်ကြည်ငြိမ်သက်အောင် စုစည်းမရတော့ပဲ စိတ်ပျံလွင့်မှူဖြစ်ကာ ဥဒ္ဓစ္စပါဝင်ရောက်လာကြောင်း၊ ထိုတန်ခိုးဣဒ္ဓိပါဒ်နဲ့စပ်တဲ့မာနကို မှန်ကန်စွာမမြင်နိုင်တဲ့အခါမှ
     ငါဘာကြောင့်ရှေ့မရောက်ရပါလိမ့်ဟု ကုက္ကုစ္စတရား
ဖြစ်ပွားလာသောကြောင့်၎င်း၊
      ယင်း မာန၊ဥဒ္ဓစ္စ ၊ကုက္ဏုစ္စ တရားသုံးပါးက လမ်းလွှဲပြလိုက်လို့ လမ်းလျှောက်ရင်းလမ်းပျောက်သွားရတာလို့  အချက်ကျကျထောက်ပြလိုက်တော့မှ  ထိုတရားတွေပယ်ခွါပြီး အထက်မဂ်ဖိုလ်များရရှိသွားတယ်လို့ ဆိုပါတယ်။
      ဒီနေရာမှာ စကားစပ်၍ ၀ိပဿနာဓမ္မလမ်းကြောင်းပေါ်မှ  အတားအဆီး(၁၀)မျိုးအကြောင်းကို တင်ပြပေးချင်ပါသေးတယ်။
                           ……………………………………………….

      သမ္မဿနညာဏ်နဲ့ မှန်ကန်စွာရှူမြင်သုံးသပ်လိုက်သောအခါမှာ ဥယဗ္ဗယာနုပဿနာမည်သော နုသော တရုဏဝိပဿနာဉာဏ်အဆင့်ကိုရရှိလေသည် ထိုအခါ

မျိုးမှာ(၁၀)ပါးသော ဝိပဿနာ ညစ်ညူးကြောင်း ဥပက္ကိလေသ တို့သည် ဖြစ်ပေါ်လာကြကုန်၏၊

      ထိုဝိပဿနာ ညစ်ညူးကြောင်း ဥပက္ကိလေသတို့သည် မဂ် ဖိုလ် နိဗ္ဗာန် ဟူသော ပဋိဝေဓသို့ ရောက်ပြီးသော အရိယာသာဝက အား၎င်း, ဖောက်ပြန် မှားယွင်းစွာ ကျင့်သော ပုဂ္ဂိုလ်အား၎င်း, ကမ္မဋ္ဌာန်းကို ချထား၍ ရပ်နားနေသော ပုဂ္ဂိုလ်အား၎င်း, ပျင်းရိ(စွာ အားထုတ်နေ)သော ပုဂ္ဂိုလ်အား၎င်း မဖြစ်ပေါ်ကုန်။၊

       အမှန်အားဖြင့်သော်ကား နည်းလမ်းမှန်စွာ ကျင့်သည် ဖြစ်၍ မပြတ် မစဲ အားထုတ်နေသော (ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်သည်တိုင်အောင်) အားထုတ်စပြုပြီးသော ဝိပဿနာ ရှုသူဖြစ်သော အမျိုးကောင်းသားအားသာ ဓမ္မလမ်းခရီးထက်ဝက်မှ နှစ်သက်ဖွယ်ကောင်းသော အာရုံများအဖြစ် ပေါ်ပေါက်လာကြကုန်၏။ထိုတရားများကိုအပြစ်တရား မဂ်ဖိုလ်၏အတားအဆီးအဖြစ် အနိစ္စတရား၊ဒုက္ခတရား၊အနတ္တတွေသာတည်းဟု ရှူပွားပယ်သတ်နိုင်သူအတွက် ပြဿနာတစ်စုံတစ်ရာမရှိနိုင်သော်လည်း ၊ဒါရှူပွားလို့ မဂ်ပေါ်လာတာ၊ ငါကြိုးစားလို့ ငါသိနိုင်တာစသည်ဖြင့် မလျော်ကန်သောစိတ်ထားများ ကပ်ငြိမှုများဖြစ်လာလျှင်သော်ကား ဆူးလှည်းကြီးမောင်းလာဘိသကဲ့သို့ ဟိုငြိဒီချိပ်ဖြစ်ကာ ခရီးလမ်းပျောက်ရလေတော့၏။ ထို့ကြောင့် ၀ိပဿနာ၏အညစ်ကြေးဟုသာ ဆိုရလေသည်။ ဒီိတရားများမပေါ်လာကြပဲ မဂ်ဖိုလ်ရသွားပါသည်ဟူလျှင်လည်း အဓိမာနသက်သက်မျှသာဖြစ်ပြီး နည်းမှန်လမ်းမှန်မဟုတ်ပြန်ချေ။


ထိုဆယ်ပါးသော ဥပက္ကိလေသတို့သည် အဘယ်သည်တို့ နည်းဟူမူ ?
(၁) သြဘာသ-အရောင်အလင်း၊
(၂) ဉာဏဉာဏ်၊
(၃) ပီတိ-နှစ်သိမ့်ဝမ်းမြောက်ခြင်း၊
(၄) ပဿဒ္ဓိ-ငြိမ်းအေးခြင်း၊
(၅) သုခ-ချမ်းသာခြင်း၊
(၆) အဓိ မောက္ခ- ယုံကြည်ဆုံးဖြတ်ခြင်း၊
(၇) ပဂ္ဂဟ-ချီးမြှောက် အားထုတ်ခြင်း၊
(၈) ဥပဋ္ဌာန-သတိထင်ခြင်း၊
(၉) ဥပေက္ခာ-အညီအမျှ လျစ်လျူ ရှုခြင်း၊
(၁ဝ) နိကန္တိ-ငြိကပ်တွယ်တာခြင်း၊ တို့တည်း။

     မမြဲဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား အရောင်အလင်းသည် ဖြစ်ပေါ်လာ ၏၊ ''အရောင်အလင်းသည် တရားထူးတည်း''ဟု အရောင်အလင်းကို နှလုံးသွင်း ဆင်ခြင်၍ နှစ်သက်နေတတ်လေသည် ။ခရီးသွားရင်း မျက်လှည့်ဝင်ကြည့်နေမိ၏သို့တည်း ၊မိမိ၏ ပင်မအလုပ် လက္ခဏာရေးသုံးပါးကိုနှလုံးထားမပွားပဲ လမ်းလွဲလိုက်မိမှူကြောင့် စိတ်ပျံ့လွင့်မှူ ဥဒ္ဓစ္စဖြစ်ကာ အနိစ္စ၊ဒုက္ခ၊အနတ္တတရားများကို ဟုတ်တိုင်းမှန်စွာ မသိနိုင်တော့ချေ။
ပီတိ၊ပဿဒ္ဓိစသည်ဖြစ်ပေါ်လာလျှင်လည်း ထိုနည်းတူစွာပင် လမ်းလွဲသွားတတ်လေသည်။

      ထြိုသဘာသ စသော ဥပက္ကိလေသဆယ်ပါးတို့တွင်  သြဘာသ အရောင် အလင်း ဟူသည်မှာ ဝိပဿနာ (စိတ်ကြောင့် ဖြစ်သော) အရောင်အလင်းတည်း။ ထို အရောင်အလင်း ဖြစ်လတ်သော် ယောဂီပုဂ္ဂိုလ်သည် ''ဤမှ ရှေးကာလ၌ ငါ့အား ဤသို့ သဘောရှိသော အရောင်အလင်းသည် စင်စစ်အားဖြင့် မဖြစ်ပေါ်ခဲ့ဘူးသေး၊ မချွတ် ဧကန်ပင် ငါသည် မဂ်သို့ ရောက်ပြီ ဖိုလ်သို့ ရောက်ပြီ''ဟု သာယာမှူတဏှာဖြစ်လာကာ တရားစစ်တရားမှန်များပျောက်ရလေတော့၏။

      ထိုသို့ (ဖြစ်ပေါ်လာ)သော ဤအလင်းရောင်သည် အချို့သော ရဟန်းအား တင်ပလ္လင်ခွေ အရပ် ဌာနကိုသာလျှင် လင်းစေလျက် ဖြစ်ပေါ်၏၊ အချို့သော ရဟန်းအား တိုက်ခန်းတွင်းအရပ်ကို။ အချို့သော ရဟန်းအား တိုက်ခန်း အပြင်ဘက်ကို သော်လည်း။ အချို့သော ရဟန်းအား တကျောင်းလုံးကို။ တဂါဝုတ် အရပ်ကို။ ယူဇနာခွဲ အရပ်ကို။ တယူဇနာ အရပ်ကို။ နှစ်ယူဇနာအရပ်ကို။ သုံးယူဇနာအရပ်ကို။ပ။ အချို့သော ရဟန်းအား မြေပြင်မှ အကနိဋ္ဌ ဗြဟ္မာပြည်တိုင်အောင် တခုတည်း သော အရောင် အလင်း ရှိသည်ကို ပြုလျက် ဖြစ်ပေါ်၏၊ မြတ်စွာဘုရားမှာ မူကား တသောင်းသော လောကဓာတ်ကို လင်းစေ လျက် ဖြစ်ပေါ်လေ၏။

       သီဟိုဠ်ကျွန်း စိတ္တလတောင်တွင် နံရံ နှစ်ထပ် ရှိသော ကျောင်းဆောင်၏ အတွင်း၌ ၂-ပါးသော မထေရ်တို့သည် ထိုင်လျက် နေကုန်၏။ ထိုနေ့သည်လည်း လကွယ် ဥပုသ်နေ့ ဖြစ်၏၊ အရပ်မျက်နှာတို့ကို မိုဃ်းတိမ်လွှာ ဖုံးအုပ်လျက် ရှိ၏၊ ညဥ့်အချိန်၌ အင်္ဂါလေးပါး ရှိသော အမှောင်သည် ဖြစ်လျက် ရှိ၏၊
       ထိုအခါ တပါးသော မထေရ်က ''အရှင်ဘုရား၊ ယခုအခါ အကျွန်ုပ်မှာ စေတီယင်ပြင်က သီဟာသနခေါ် မြတ်သော နေရာ၌ ငါးပါးသော အဆင်းရှိသော ပန်းတို့သည် ထင်ပေါ်နေပါကုန်၏''ဟု ဆို၏။

      ထိုမထေရ်ကို အခြားမထေရ်က ''ငါ့ရှင်၊ အံ့ဖွယ် မဟုတ်သည်ကို ပြောဘိ၏၊ ငါ့မှာမူ ယခုအခါ မဟာသမုဒ္ဒရာထဲက တယူဇနာခန့် ကျယ်သော အရပ်၌ ငါးနှင့်လိပ်တို့သည် ထင်ပေါ်နေကုန်၏''ဟု ဆို၏။ ဤ ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသသည် များသောအားဖြင့် သမထနှင့် ဝိပဿနာ နှစ်ပါးလုံးကို ရသောသူ အား ဖြစ်တတ်၏၊ သမထနှင့် ဝိပဿနာ နှစ်ပါးလုံးကို ရသော ထိုယောဂီသည် သမာပတ်ဖြင့် ခွါအပ်ပြီးသော ကိလေသာ တို့၏ မဖြစ်ပေါ်လာခြင်းကြောင့် ''ငါသည် ရဟန္တာတည်း''ဟု ထင်သော စိတ်ကို ဖြစ်စေ၏၊

       တလင်္ဂရအရပ်၌ သီတင်းသုံးသော ဓမ္မဒိန္န မထေရ်အမည်ရှိသော ကွဲပြား ထူးခြားသော ပဋိသမ္ဘိဒါနှင့် ပြည့်စုံသော ရဟန္တာမထေရ်ကြီး တပါးသည် များစွာသော ရဟန်းသံဃာအား  အဆုံးအမသြဝါဒ ပေးသော မထေရ် ဖြစ်သတတ်၊ ထို ဓမ္မဒိန္နမထေရ်သည် တနေ့သောအခါ မိမိ၏ နေ့သန့်စင်ရာအရပ်၌ ထိုင်နေလျက် ''ငါတို့၏ ဆရာဖြစ်သော ဥစ္စဝါလိကအရပ်၌ သီတင်းသုံးသော မဟာနာဂမထေရ်ကြီးအား ရဟန်းအဖြစ် ကိစ္စသည် အပြီးအဆုံး သို့ရောက်ပြီလေလော၊ မရောက်သေးဘူး လေလော''ဟု ဆင်ခြင်လတ်သော် ထိုမထေရ်ကြီး၏ ပုထုဇဉ် အဖြစ်ကိုသာလျှင် တွေ့မြင်၍ ''ငါမသွားသည်ရှိသော် ပုထုဇဉ်၏ သေခြင်းကိုသာလျှင် ပြုရရှာလိမ့်မည်''ဟု သိသောကြောင့် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်သွားပြီးလျှင် နေ့သန့်စင်ရာ အရပ်၌ ထိုင်နေသော မဟာနာဂမထေရ်ကြီး၏ အနီး၌ သက်ဆင်း၍ ရှိခိုးလျက် အရိုအသေပေးမှု ဝတ်ကို ပြုပြီးလျှင် တခုသော နေရာ၌ ထိုင်နေလေ၏၊

      ''ငါ့ရှင် ဓမ္မဒိန္န၊ အခါမဟုတ်ပဲ အဘယ့်ကြောင့် လာသနည်း''ဟု မေးလတ်သော် ''ပြဿနာကို မေးခြင်းငှါ လာခဲ့ပါသည် အရှင်ဘုရား''ဟု လျှောက်၏၊ ထိုအခါ ''ငါ့ရှင်၊ မေးပေတော့၊ သိလျှင် ဖြေကုန်အံ့''ဟု ဆိုလတ်သော် ပြဿနာပေါင်း တထောင်ကို မေးလျှောက်လေ၏။
မဟာနာဂ မထေရ်သည် မေးတိုင်း မေးတိုင်းကို ငြိတွယ် ဖင့်နှေးခြင်း မရှိမူ၍သာလျှင် ဖြေကြားလေ၏။

      ထိုအခါ ''အရှင်ဘုရား၊ အရှင်ဘုရားတို့၏ ဉာဏ်သည် အလွန်ပင် ထက်မြက်ပါပေသည်။ အရှင်ဘုရားတို့သည် ဤ တရားကို ဘယ် အခါက ရထားပါသနည်း''ဟု လျှောက်ထားလတ်သော် ''ယခုအခါမှ အနှစ်ခြောက်ဆယ် ကာလက ရခဲ့သည် ငါ့ရှင်''ဟုဆို၏။ ''အရှင်ဘုရား၊ သမာဓိကိုလည်း အသုံးပြုပါကုန်သေး သလော''ဟု မေးလတ်သော် ''ငါ့ရှင်၊ ဤသမာဓိကို အသုံးပြုခြင်းသည် ဝန်မလေး''ဟု ဆို၏။
     ''သို့ဖြစ်လျှင် အရှင်ဘုရား၊ ဆင်တကောင်ကို ဖန်ဆင်း ပါကုန်လော့''ဟု လျှောက်၏။ မဟာနာဂ မထေရ်သည် အလုံးစုံ ဖြူသော ဆင်ကို (အလိညာဉ်ဖြင့်) ဖန်ဆင်း၏။ ''အရှင်ဘုရား၊ ယခုအခါ ဤဆင်သည် နားရွက်ကုပ် လျက် အမြီးကို ထောင်၍ နှာမောင်းကို ခံတွင်း၌ ထည့်ပြီးလျှင် ကြောက်မက်ဖွယ် ကောင်းသော ဆင်အော်သံကို ပြုလျက် အရှင်ဘုရားတို့ဆီသို့ ရှေးရှု ပြုလျက် လာအောင် ထိုဆင်ကို ပြုပါကုန်ဦးလော့''ဟု လျှောက်၏။
       မဟာနာဂမထေရ်သည် ထိုသို့ လျှောက်သည့်အတိုင်း ပြုပြီးလျှင် လျင်သော အဟုန်ဖြင့် ပြေးလာသော ဆင်၏ ကြောက်မက်ဖွယ်ကောင်းသော အခြင်းအရာကို မြင်လတ်သော် သူဖန်ဆင်းသည့်ဆင်ကို သူပင်လျှင်ကြောက်လန့်သွားပြီး ထ၍ ပြေးရန် အားထုတ်လေ၏။ ထိုသို့ (ပြေးရန်အားထုတ်)သော ဤမဟာနာရမထေရ်ကို ဓမ္မဒိန္န ရဟန္တာ မထေရ်သည် လက်ကို ဆန့်၍ သင်္ကန်းစွန်၌ ဆွဲကိုင်လျက် ''အရှင်ဘုရား၊ ရဟန္တာပုဂ္ဂိုလ်အား ကြောက်ရွံ့ခြင်း မည်သည် ရှိပါ သေးသလော''ဟု လျှောက်၏။

      ထိုမဟာနာဂမထေရ်သည် ထိုအခါ၌ မိမိ၏ ပုထုဇဉ်အဖြစ်ကို သိ၍ ''ငါ့ရှင် ဓမ္မဒိန္န၊ ငါ၏ အားထား မှီခိုရာ ဖြစ်ပါလော့'' ဟု ဆိုလျက် ခြေရင်း (ခြေအနီး)၌ ဆောင့်ကြောင့် ထိုင်နေ၏။ ''အရှင်ဘုရား၊ အကျွန်ုပ်သည် အရှင်ဘုရားတို့၏ အားထားမှီခိုရာ ဖြစ်စေမည်ဟု ရည်ရွယ်၍ လာခဲ့ပါသည်၊ မစိုးရိမ်ပါကုန်လင့်''ဟု ဆို၍ ကမ္မဋ္ဌာန်းကို ဟောကြား၏။ မဟာ နာဂမထေရ်သည် ကမ္မဋ္ဌာန်းကို ယူပြီးလျှင် စင်္ကြန်သို့ တက်၍ (အားထုတ် လတ်သော်) တတိယ ခြေလှမ်း၌ပင်လျှင် ရဟန္တာ၏ အဖြစ်ဟူသော အမြတ်ဆုံး ဖိုလ်သို့ ရောက်တော်မူလေ၏။

      ထိုကဲ့သို့ လမ်းခုလပ်မှာ မိမိတို့ရရှိထားသော အဆင့်အတန်းမှာပဲ သာယာမနေမိကြစေပဲ မိမိတို့မျှော်မှန်းထားသည့် နောက်ဆုံးပန်းတိုင် အရဟတ္တမဂ်ညာဏ်ဖိုလ်ညာဏ်တိုင်အောင် ကြိုးစားပွားများ အားထုတ်နိုင်ကြစေရန် ကမ္မဋ္ဌာန်းလမ်းခရီးမှ အတားအဆီးများကိုလည်း အသိညာဏ်ကြီးကြီးဖြင့် ရှောင်ရှားပြီး ပန်းတိုင်အရောက်သွားနိုင်ကြစေဖို့ ရည်ရွယ်တင်ပြပေးရခြင်းဖြစ်ပါတယ်။

        XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

     (မှတ်ချက် ) ဤပလိဗောဓနဲ့ပတ်သက်တဲ့စကားစုများဟာ ကဿပဘုရားသာသနာနောက်ပိုင်းမှာ သာသနာတော်ကြီးဆုတ်ယုတ်ပျက်စီးလာပြီဖြစ်၍ သူတစ်ပါးကိုဆုံးမပဲံပြင်ဖို့ထက် ကိုယ်လွတ်လမ်းကိုယ်ပဲကြိုးစားအားထုတ်ကြစို့ရဲ့လို့ တိုင်ပင်ဆွေးနွေးနေကြတဲ့ ရဟန်းတော်(၇)ပါးတို့ဆွေးနွေးခန်းမှာဗဟုသုတရကြစေဖို့
ကြားညှပ်တင်ပြပေးလိုက်ရခြင်းသာဖြစ်ပါတယ်။

    ဆက်လက်ပြီး ထိုရဟန်းတော်(၇)ပါးရဲ့ ဘယ်လိုဘယ်ပုံ
မိတ်ဆွေကောင်းများဖြစ်ခဲ့ကြပုံကို အာရုံယူရင်း တင်ပြပေးသွားဖို့ ရည်ရွယ်ထားပါတယ် ။
                                  မေတ္တာများစွာဖြင့်
                                …………………………………………………

                                           လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..