
(၈) အနာရောဂါပလိဗောဓ
အနာရောဂါတစ်စုံတစ်ခု နာကျင်ခံခက် နှိပ်စက် လတ်သော် တရားဘာဝနာကို စိတ်ချမ်းသာစွာမရှူပွားနိုင်တော့ပဲ ကမ္မဋ္ဌာန်းတရား အနှောက်အယှက်အဟန့်အတား ဖြစ်သွးတတ်ပါတယ် ဒါ့ကြောင့် ထိုအနာရောဂါ ပလိဗောဓကို ဆေးကုခြင်းဖြင့် ဖြတ်ရမယ်လို့ ဆိုပါတယ်။ အင်္ဂုတ္ထိုရ် ပဉ္စက ပဓာနိယင်္ဂသုတ်တော်လာ တရားဘာဝနာ ပွားများအားထုတ်သူ ယောဂီသူတော်စဉ်ပြည့်စုံရမည့်အချက်များမှာ-
“ယုံကြည် ၊ ကျန်းမာ ၊ ဖြောင့်မတ်စွာဖြင့် လျှော်စွာအားထုတ် ၊နာမ်နှင့်ရုပ်ကို ၊ဖြစ်ချုပ်သိမြင် ဤငါးအင် မှန်ပင်မဂ်ရကြောင်း” ဆိုတဲ့အင်္ဂါငါးချက်ကို ဘုရားဟောတော်မူခဲ့ပါတယ်။
အရင်ဆုံး မိမိရှုပွားသည့် တရားနည်းလမ်းသည် နည်းမှန်လမ်းမှန်ဆိုတာရယ်၊ မိမိအစွမ်းအစရယ်ကို ယုံကြည်ထားဖို့လိုပါတယ်။ ဟိုနည်းကောင်းနိုးနိုး ၊ဒီနည်းမှန်နိုးနိုး သံသယ ၀ိစိကိစ္ဆာတွေများပြီး နည်းလိုက်စမ်းနေတာနဲ့ပဲ အချိန်ကုန်သွားသူများအဖို့တော့ တရားရဖို့ လမ်းစမမြင်နိုင်ပါဘူး။
နောက်ထပ်အင်္ဂါရပ်တစ်ခုဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းဆိုတာလည်း တရားအားထုတ်သူယောဂီအဖို့ အလွန်အရေးပါပါတယ်။ ဒါဆိုဟုတ်ပြီ ကျန်းမာတယ်ဆိုတာ ဘာကိုခေါ်ပါလိမ့်။ ဒါကိုဘုရားရှင်ကိုယ်တော်တိုင်က “အနာရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါခံ့သော အစာကို အညီအမျှကြေကျက်စေတတ်သည့် ဝမ်းမီးနှင့်ပြည့်စုံ၏”လို့ ဟောပြထားခဲ့တာပါ။
ဖြောင့်မတ်ရမယ်ဆိုတာက သဒ္ဓါနဲ့ပညာ ၀ီရိယနဲ့ သမာဓိကို အညီအမျှထမ်းပိုးပြီး မဂ္ဂင်လမ်းကို တစ်ဖြောင့်ထဲလျှောက်သွားရမယ်လို့ဆိုလိုပါတယ်။ သဒ္ဓါလွန်ပြီး ပညာမပါပြန်ရင်လည်း မဂ်အတုကိုမဂ်အစစ် လမ်းမှားကိုလမ်းမှန်ထင်ပြီး မလိုရာရောက်သွားတာပါပဲ ။
လမ်းကမှန်နေပါလျှက်နဲ့ ညာဏ်ကြီးရှင်လုပ်ကာ ဒီလိုရှုတာကမှ ပိုလမ်းမှန်မှာပေါ့ ဟိုလိုရှုကွက်ကမှားနေတာပဲ စသည်ဖြင့် ဆင်ခြင်စဉ်းစားမှုတွေများတော့ သံသယများစွာနဲ့ ရှေ့မရောက်ခရီးမတွင်နိုင်လို့ လိုရာမရောက်ပြန်ဘူး။
ဝီရိယလွန်နေပြန်ရင်လည်း အရှင်အာနန္ဒာမထေရ်မြတ်တရားမတက်နိုင်လို့ စိတ်ဓာတ်ကျခဲ့ရသလိုဖြစ်သွားမှာပါ။
သမာဓိလွန်နေရင်လည်း ခရီးသွားပါတယ်ဆို နားနားနေနေပေါ့ ဖြစ်နေဦးမှာပါ။သမထဖက်အလေးသာပြီး ဈာန်ချမ်းသာနဲ့နေတဲ့အချိန်ကများနေပြန်ရင်လည်း ၀ိပဿနာပညာဖက်မတက်နိုင်ဖြစ်တတ်တယ် ညာဏ်ဦးမဆောင်ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒီသဒ္ဓါနဲ့ပညာ ၀ီရိယနဲ့သမာဓိတို့ အညီအမျှညှိပြီးမှ မိမိသွားရမယ့်လမ်းကိုဖြောင့်တန်းစွာသွားလို့ မိန့်ဆိုထားတာပါ။
ထိုအတိုင်းလျော်တဲ့ဝီရိယနဲ့ကြိုးစားအားထုတ်လို့ ဖြစ်ပျက်သဘောတရား အနိစ္စတွေ ညာဏ်မှာထင်လာပြီဆိုတာနဲ့ အောင်မြင်မှုပန်းတိုင် လှမ်းကိုင်နိုင်တော့မယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ တရားရနိုင်ဖို့ အကြောင်းတရားတစ်ခုက အနာရောဂါကင်းရမယ်ဆိုတော့ အဲဒီရောဂါဆိုတာ သည်းခြေနာလား လေနာလား မကွဲဘူးလေ ဒီတော့ သံသယဖြစ်နေတဲ့ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံမှောက်သွားပြီး
“ရောဂေါ ရောဂေါ’တိ ဘန္တေ ၀ုစ္စတိ ၊ကတမော ရောဂေါ ”ရောဂါဆိုတာ ဘယ်လိုအရာပါလဲဘုရားလို့ လျှောက်ထားလိုက်တာပေါ့။ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး ဘုရားရှင်က ရဟန်းတော်များကို ။
“ရောဂေါတိ ဘိက္ခဝေ ကာယေဿတံ အဓိဝစနံ”ရောဂါဆိုတာ ခန္ဓာကိုယ်ကို ပြောလိုရင်းဖြစ်တယ်။ ရုပ်ခန္ဓာကြီးဟာ ရောဂါပါပဲ ချစ်သားတို့လို့ မိန့်တော်မူခဲ့ပါတယ်။
ရုပ်တရားဆိုတာ ရုပ္ပတီတိ ရူပံဆိုတဲ့ အတိုင်း အမြဲမပြတ် ဖောက်ပြန်ပြောင်းလွဲ ပျက်စီးခြင်းဘေးတွေ ဆိုက်နေတာမလား ။ အခြားဣရိယာပထ သွားရပ်ထိုင်လျောင်းတွေနဲ့ ပြောင်းပြောင်းပေးနေလို့ ဒုက္ခဝေဒနာဆိုတာ မသိသာတာလေ။ မယုံရင် တစ်နာရီကျော်ကျော်လောက်မလှုပ်မယှက်ပဲ ထိုင်ခြင်း ၊အိပ်ခြင်းစတဲ့ ဣရိယာပုတ် တစ်မျိုးထဲနဲ့နေပြီး ခန္ဓာကိုယ်ကိုညာဏ်စိုက်ကြည့်လိုက်ပါ ဒုက္ခဝေဒနာတွေ ဖြစ်လိုက်ပျက်လိုက် အစားထိုးလိုက်ဆက်နေတာတွေ မြင်ရမှာပါ ။ ဒီလိုတွေ ဒုက္ခကိုဒုက္ခမှန်းသိအောင် အနိစ္စကို အနိစ္စမှန်းသိအောင် ဒီအခြေနေတွေကနေ ရှောင်ပြေးလို့မရမှန်းသိအောင် ထိတ်အောင်လန့်အောင် သံဝေဂညာဏ်တွေရင့်သန်လာအောင် ရှူပွားရတာကိုက ခန္ဓာကို ၀ိပဿနာတင်တယ် ခေါ်တာပေါ့၊ ဒီတော့ ရောဂါပျောက်ကင်းမှ ကျန်းမာရေးကောင်းမှပဲ တရားအားထုတ်လို့ရမှာလို့ မယူဆရပါဘူး။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကတော့ ယုံကြည်ကျန်းမာစတဲ့ အင်္ဂါရပ်တွေမှာ ကျန်းမာဆိုတာ စိတ်ကျန်းမာရေးကိုပြောတာပါ။ ခန္ဓာကိုယ်ကရောဂါအလဲထိုးမှုကြောင့် သေပွဲဝင်ရဆဲဆဲတွေတောင်မှ စိတ်ဓာတ်ကြံ့ခိုင်ပြီး တရားထူးမရရအောင် အားထုတ်ပြသွားသူတွေ အများကြီးရှိခဲ့တယ်လို့ မိန့်တော်မူဖူးပါတယ်။ (ဒါအလွန်အင်မတန်လျော်ကန်တဲ့ကောက်ချက်တခုပါပဲ )။
သီဟိုဠ်ကျွန်းမှာ သူဋ္ဌေးသားအဖြစ်မှ ရဟန်းဝတ်လာသော အရှင်တိဿဆိုတဲ့မထေရ်ဟာ ညှင်းဆဲသတ်ဖြတ်ဖို့ဝိုင်းထားသောလူဆိုးတို့ကို
''အမောင်တို့ ငါသည် ခြေထောက် ၂-ချောင်းတို့ကို ရိုက်ချိုးပြီးလျှင် သင်တို့ကို (တခြားသို့ ထွက်မပြေးမည့် အကြောင်း) သိစေပါအံ့၊ ငါသည် ရာဂနှင့်တကွ သေခြင်းကို စက်ဆုပ်ပါ၏၊ ရှက်နိုးပါ၏''ဟု ပြောဆိုတောင်းပန်ကာ ထိုမိမိခြေထောက်မှ ဒဏ်ရာဝေဒနာကိုပင် ၀ိပဿနာတင်ရှူကာ အရဟတ္တဖိုလ်ဆိုက်ရောက်သွားတော်မူခဲ့ရဖူးပါတယ်။
အခြားရဟန်းတော်တစ်ပါးသည်လည်း အသည်းအထန် မကျန်းမာသည် ဖြစ်၍ မိမိလက်ဖြင့် အာဟာရကိုသော် လည်း သုံးဆောင်ခြင်းငှါ မစွမ်းနိုင်သည်ဖြစ်၍ မိမိ၏ ကျင်ကြီးကျင်ငယ်၌ ကျွံနစ်လျက် တပြောင်း ပြန်ပြန် လူးလိမ့်နေရ၏၊ ထိုသို့ လူးလှိမ့်နေရသော မထေရ်ကို ရဟန်းငယ်တပါးက မြင်၍ ''ဇီဝိတိနြေ္ဒနှင့် စပ်သော သင်္ခါတို့သည် သြော် ဆင်းရဲကုန်စွ'' ဟူ၍ ညည်းတွားပြောဆိုမိ၏။
ထိုရဟန်းငယ်ကို မထေရ်ကြီးက ''ငါ့ရှင် ငါသည် ယခုသေသည်ရှိသော် နတ်စည်းစိမ်ကို ရအံ့၊ ဤသို့ရအံ့သည်၌ ငါ့မှာ ယုံမှားမရှိပေ၊ သို့သော်လည်း ဤရဟန်း သီလကို ဖျက်၍ ရသောနတ်စည်းစိမ် မည်သည် သိက္ခာကို စွန့်၍ရသော လူ့အဖြစ်နှင့် တူ၏၊ ထို့ကြောင့် ငါအလိုမရှိချေ'' ဟုဆိုပြီးလျှင် ''သီလနှင့်သာ အတူတကွ သေမယ်လို့''မိန့်တော်မူပါသတဲ့။
ထိုသို့ ဆိုပြီးနောက် ထိုအိပ်ရာ၌ပင်လျှင် လျောင်းလျက် နာကျင်ခံခက် နှိပ်စက်သော ထို ရောဂါဝေဒနာကိုပင် သုံးသပ်လျက် ရဟန္တာဖြစ်တော်မူခဲ့ရပါတယ်။ ထိုအကြောင်းကိုအခြားသီတင်းသုံးဖော်တို့ကိုလည်း မိမိအား အားကျမြတ်နိုးစေတော်မူလို၍
''ငါ့ရှင်တို့ တခုသောအနာရောဂါက တွေ့ထိနှိပ်စက် (အပ်)သည်ဖြစ်၍ အသည်းအထန် ဆင်းရဲ ရောက် လျက် ဖောက်ပြန်သော ကိုယ်ရှိသော ငါ၏ ဤကိုယ်ကောင်သည် နေပူရောင်ဖြင့် ပူလောင်(အပ်)သော မြေမှုန့်ပေါ်၌ ပစ်ချထား(အပ်)သော ပန်းကဲ့သို့ လျင်စွာ အကုန်ခြောက်သွေ့ သွားလတံ့။
အကြင်အပုပ်ကောင်ခန္ဓာကိုယ်၌ ရာဂကြောင့်လှသည် ယဉ်သည်စသည်ဖြင့် မေ့လျော့ကုန်သော မက်မောတွေဝေကုန်သော ပုထုဇဉ်ငမိုက်သား သတ္တဝါများတို့သည် သုဂတိဘဝသို့ ရောက်ကြောင်းဖြစ်သော မိမိ၏သီလကိုသော်လည်း ဆုတ်ယုတ် ပျက်စီးစေကုန်ဘိ၏။
နှစ်သက်ဖွယ်မဟုတ် စက်ဆုပ်ဖွယ်ဖြစ်ပါလျက် နှစ်သက်ဖွယ်ဟု (မသိသူတို့က) ပြောဆိုအပ် သော မစင်ကြယ်သည် ဖြစ်ပါလျက် စင်ကြယ်သည်ဟု သမုတ်အပ်သော (ကျင်ကြီးကျင်ငယ်စသော) အပုပ် အမျိုးမျိုးတို့ဖြင့် သတိပြည့်သော (ပညာမျက်စိဖြင့်) မမြင်နိုင်သော လူပြိန်းအား နှစ်သက်ဖွယ် ထင်အောင် အယောင်ဆောင် ပြတတ်သော (ရောဂါ အမျိုးမျိုးတို့ဖြင့်) နာကျင်သော ပုပ်ညှီသော အနံ့ ရှိသော သန့်ရှင်းစင်ကြယ် တပ်မက်ဖွယ်ကင်းသော နာခြင်းသဘောရှိသော ဤအပုပ်ကောင် ရုပ်ကိုယ်၏အပေါ်၌ စက်ဆုပ် ရွံရှာခြင်းသည် သင်တို့အား ဖြစ်ပါစေလော့၊ “ဟု အသုဘဘာဝနာတရားဟောကြား ဆုံမတော်မူခဲ့ပါတယ်။
ဒါ့ကြောင့် ဆိုးဝါးပြင်းထံ ခံရခက်တဲ့ ဒုက္ခဒုက္ခလို့ခေါ်တဲ့ ရောဂါမျိုးတွေပေါ်လာရင် ကမ္မဋ္ဌာန်းအရှုပျက်မှာစိုးလို့ ဆေးကုခြင်းဖြင့် ရောဂါထမြောက်အောင်လုပ်လိုက်ပါလို့ပြောထားတာပါ။ အကယ်၍ ရက်အနည်းငယ် ဆေးကုတာတောင်မှ ရောဂါကသက်သာမလာပဲ တိုးလာနေတယ်ဆိုရင်တော့ အသေမဦးခင် ညာဏ်ဦးအောင်
''ငါသည် ခန္ဓာကိုယ်တည်း ဟူသော သင်၏ ကျွန်မဟုတ်၊ အခစား လည်းမဟုတ်၊သင့်ကိုသာလျှင် လုပ်ကျွေးလျက် အစမထင်သော သံသရာဝဋ်၌ ဆင်းရဲသို့ရောက်ခဲ့ရလေပြီ''ဟု ခန္ဓာကိုယ်ကို ကဲ့ရဲ့၍ ရဟန်းတရားကိုသာလျှင် ဆက်လက်အားထုတ်ရမည့်အကြာင်း တင်ပြပေးလိုက်ရပါသည် ။
……………………………………………..
အနာရောဂါတို့ကို ဆေးဖြင့်ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ ပယ်ခွါပြီး
အနာရောဂါပလိဗောဓမှကင်းဝေးကာ တရားဘာဝနာများ
ကြိုးစားအားထုတ်နိုင်ကြစေရန်ရန်သန်လျှက်။ ။
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment