Tuesday, June 26, 2012

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၇) *****


             မိတ်ဆွေကောင်းက တရားပြခဲ့သော ပက္ကုသာတိမင်းကြီး
(မှတ်ချက်-ပုက္ကုသာတိမင်း ဟူ၍လည်းမူကွဲရှိလေသည် )                         ********************

     ကဿပဘုရားရှင်သာသနာနောက်ပိုင်းမှာ တောင်ထိပ်တက်အသက်စွန့်ကာ တရားအားထုတ်တော်မူခဲ့ကြသည့် ရဟန်းတော်ခုနစ်ပါးမှ တရားထူးမရပဲ အသက်စွန့်သွားခဲ့ရသူရဟန်းတော်ငါးပါးမှ ရဟန်းတော်တစ်ပါးသည် နတ်စည်းစိမ်လူစည်းစိမ်အကြိမ်ကြိမ်ခံစားနေခဲ့ရာ ကျွှန်ုပ်တို့ဘုရားရှင်ပွင့်တော်မူလာရာအချိန်၌ကား ပစ္စန္တရာဇ်အရပ် တက္ကသိုလ်ပြည်ကြီးမှာ ပက္ကုသာတိမင်းကြီးဖြစ်လာခဲ့ပါတယ်။

      မဇ္ဈိမဒေသက ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးနဲ့  ပစ္စန္တရဇ် အရပ်ဒေသက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးတို့ဟာ သံခင်းတမန်ခင်းအရ မိတ်ဖွဲ့ထားကြတာပေါ့ စီးပွားရေးအရလည်း နှစ်နိုင်ငံအခွန်ကင်းလွတ်ပြီး လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့် စာချပ်စာချွန်လွှာပြုလုပ်ထားကြပါသတဲ့။

  ပက္ကုသာတိမင်းကြီးဆိုတာကလည်း ဗိမ္ဗသာရမင်းကြီးနဲ့ သက်တူရွယ်တူဖြစ်ပြီး တိုင်းသူပြည်သားတို့အား မိမိရင်ဝယ်သားကဲ့သို့ တရားဓမ္မနဲ့အညီအုပ်ချုပ်သတဲ့ လစာရိက္ခာချီးမြှောက်ထောက်ပံ့သင့်သူကို လောက်ငှအောင်ချီးမြှောက်တယ်၊ ချစ်ဖွယ်စကားကိုသာ ပြောကြားလေ့ရှိတယ်။ ကိုယ်ကျိုးမငဲ့ပဲ တိုင်းသားပြည်သူတို့အတွက် အကျိုးစီးပွားကိုသာ ရွက်ဆောင်တယ်။ ကိုယ်နဲ့တန်းတူထားပြီး တရားဥပဒေနဲ့အညီအုပ်ချုပ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။


   တစ်ခါမှာတော့ ဗိမ္ဗိသာရမင်းကြီးထံ လက်ဆောင်ပဏ္ဏာတော်အဖြစ် အရောင်အသွေးငါးမျိုးရှိပြီး အလွန်နူးညံ့သော  အဖိုးမဖြတ်နိုင်တဲ့ ကမ္ဗလာကြီးရှစ်ခုကို လက်ဆောင်ပို့လိုက်ပါသတဲ့။ ထိုကမ္ဗလာကြီးများဟာ အလျားတစ်ဆယ့်ခြောက်တောင် အနံ့ရှစ်တောင်ခန့်မျှရှိကြပါတယ်။
      များသောအားဖြင့် ကိုယ်တိုင်အလည်အပတ်ရောက်ဖြစ်ကြမှသာ လက်ဆောင်ပဏ္ဏာတွေယူလာကြတာလေ၊ ယခုပက္ကုသာတိမင်းကြီးက မိမိအား တစ်ခါမျှမမြင်ဖူး မိမိနိုင်ငံတော်သို့လည်း မလည်ပတ်ဖူးပါပဲလျှက် အမှတ်ရစွာ လက်ဆောင်ပဏ္ဏာများပို့လိုက်သည့်အတွက် ဗိမ္ဗိသာရမင်းကြီးလည်း ပက္ကုသာတိမင်း၏ မိမိနှင့်ချစ်ကြည်ရင်းနှီးမှူအပေါ်မှာ အလွန်အားရ၀မ်းသာဖြစ်မိပါသတဲ့ ......

     ဗိမ္ဗိသာရကလည်း အယူဖက်ကချည်းနေလို့မဖြစ်သေးဘူးလေ အသွားရှိရင် အပြန်လည်းရှိရမယ်မလား ဒီတော့ လက်ဆောင်ပဏ္ဏာ တစ်ခုခုစီမံပို့ဖို့စဉ်းစားတယ်။ ပထမပို့လိုက်တဲ့ လက်ဆောင်ပဏ္ဏာထက်လည်း တန်ဖိုးအရည်အသွေးမနည်းမှဖြစ်လိမ့်မယ်။ ငါ့ဆီမှာလည်း အဖိုးမဖြတ်နိုင်တဲ့ ကျောက်သံပတ္တမြား သက်မဲ့ရတနာတွေ များစွာရှိပါရဲ့ ။ ဒါပေမယ့် သက်ရှိလက်ဆောင်ပဏ္ဏာနဲ့စာရင် သက်မဲ့လက်ဆောင်ပဏ္ဏာဆိုတာ လူ့အသုံးအဆောင်ဖြစ်သွာတယ် ။ သက်ရှိထဲမှာလည်း တိရစ္ဆာန်ဆို ဆင်ဖြူတော်သာအမြတ်ဆုံး ဒါပေမယ့် ဒါလည်းလူ့အသုံးအဆောင်ပဲဖြစ်နေပြန်တယ်။ လူထဲမှာလည်း ကျေးရတနာကျွန်ရတနာပို့ဆက်လို့ရပါရဲ့ ၊ဒါပေမယ့် မိဖုရားရတနာလောက် တန်ဖိုးမရှိဘူး။....

     အင်း…..စင်္ကြာမင်းကြီးရဲ့မိဖုရားဆိုတဲ့ မိန်းမရတနာတောင်မှ စင်္ကြာမင်းအသုံးတော်ခံရတာဖြစ်လို့ ယောက်ျားသားတွေထက်စာရင်အေက်ကျယုတ်နိမ့်နေပြန်တယ်။
ယောက်ျားသားတွေထဲမှာလည်း အာဂါရိက ၊အနာဂါရိက နှစ်မျိုးမှာ စကြ်ာမင်းကြီးကတောင် ယနေ့ရှင်ရဟန်းပြုတဲ့ ကိုရင်လေးကိုရှိခိုးရတော့ အနာဂါရိကကမြတ်တယ် ၊ ဒီအနာဂါရိကတွေမှာကို သေက္ခ-ကျင့်ဆဲနဲ့ ။ အသေက္ခကျင့်ပြီးဆိုပြီးရှိနေပြန်တယ် ဒီတော့ ကိလေသာအာသဝေါကုန်ပြီး အသေက္ခပုဂ္ဂိုလ်တွေကမြတ်တာပေါ့ ။ ဒီအသေက္ခရဟန္တာတွေထဲမှာလည်း သာဝကနဲ့ ဗုဒ္ဓဆိုပြီးနှစ်မျိုးရှိပြန်တယ်။ ဗုဒ္ဓမှာကို ပစ္စေကဗုဒ္ဓ နဲ့သမ္မာသမ္ဗုဒ္ဓရယ်လို့နှစ်မျိုးရှိပြီး သမ္မာသမ္ဗုဒ္ဓဘုရားရှင်က အမြတ်ဆုံးဖြစ်တော်မူပါတယ် ဒီတော့ လောကမှာ အမြတ်ဆုံး ဘုရားရတနာက ငါ့နိုင်ငံတွင်းမှာ ရှိတော်မူနေတာပဲ ။

     ဒါပေမယ့် “ဗုဒ္ဓါ ပန ပစ္စန္တိမေသု ဇနပဒေသု န အရုဏံ ဥဋ္ဌပေန္တိ-ဘုရားရှင်တော်တို့မည်သည် ပစ္စန္တရာဇ်အရပ်မှာ ညအိပ်ညနေသီတင်းသုံးပြီး အာရုံတက်တော်မမူဘူး“.......ဒီတော့ ဘုရားရှင်ကိုထိုပစ္စန္တရာဇ်သို့ ဒေသစာရီကြွရောက်ရန်လျှောက်ထားလို့လည်း မသင့်တော်ဘူး။  ဒါပေမယ့် ဘုရားရှင်ကိုယ်တော်တိုင်ကြွဘိသကဲ့သို့ ဘုရားရှင်ဂုဏ်တော်တွေကိုသာ ရွှေပေလွှာမှာရေးသားပို့စေမယ်လို့ ဆုံးဖြတ်လိုက်သတဲ့။

   လေးတောင်ခန့်မှရှည်လျားပြီး တစ်ထွှာမျှလောက်ထုထည်ရှိသော
ရွှေပေလွှာကိုပြုလုပ်စေ၍ ကိုယ်တိုင်လက်ရေးစာမူဖြင့်ထွင်းထုကာ “ဤမဇ္ဈိမဒေသမှာ ဘုရားရှင်ပွင့်ထွန်းပေါ်တော်မူနေပြီဖြစ်ကြောင်း ထိုဘုရားရှင်တော်မှာ အရဟံအစရှိသော ဤသို့ဤပုံ ဂုဏ်အလုံးစုံတို့နှင့်ပြည့်စုံတော်မူကြောင်း နဲ့ ဗုဒ္ဓ၀င်ကို၎င်း၊ တရားဂုဏ်တော်နှင့် အာဏာပါဏကမ္မဋ္ဌာန်းရှူနည်းကို၎င်း ၊သံဃာ့ဂုဏ်တော်တို့ကို၎င်း အပြည့်အစုံရေးကာ လက်ဆောင်ပဏ္ဏာအဖြစ် ပက္ကုသာတိမင်းကြီးထံ ပို့စေလိုက်ပါတယ်။

                  XXXXXXXXXXXXXXXXXXXXXXX

   ပက္ကုသသာတိမင်းကြီးသည်လည်း ဗိမ္ဗိသာရမင်းကြီးထံမှ ထိုလက်ဆောင်ပဏ္ဏာအဖြစ် ရွှေပေလွှာကိုရသောအခါ  မဇ္ဈိမဒေသတွင် ဘုရားပွင့်တော်မူနေကြောင်းနှင့် ဘုရားမဟာဗုဒ္ဓ၀င်နှင့် ဂုဏ်တော်တို့ကို ဖတ်ရှုနေရင်းပင် မွှေညှင်းတွင်းပေါင်း ကိုးသောင်းကိုးထောင်တို့မှ
မွှေးညှင်းအားလုံးရွှင်ကာ ကြက်သီးတဖြန်းဖြန်းထကာ ဖရဏာပီတိ ဂွမ်းဆီထိရလေတော့၏။

     ကမ္ဘာကုဋေသိန်းပေါင်းများစွာပတ်လုံး သံသရာကျင်လည်ရပါသော်လည်း ကြားသိရဖို့ ခဲယဉ်းလှတဲ့ ဒီရတနာသိုက်ညွှန်း သီတင်းစကားကို ဗိမ္ဗိသာရမင်းကြီးကဲ့သို့သော် သူငယ်ချင်းကိုအကြောင်းပြု၍ ယ္ခုဘုရားရှင်ပွင့်ပေါ်ကာ တရားဟောတော်မူနေကြောင်း ကြားသိခွင့်ရပေသည် ၊ အလွန်ကျေးဇူးကြီးပေစွ၊...ဟု သူငယ်ချင်းမင်းကြီးရဲ့
ကျေးဇူးတရားးကိုလည်း အောက်မေ့မိတော့၏။

     တရားဂုဏ်တော် သံဃဂုဏ်တော်တို့ကို ဆက်လက်ဖတ်ရှူရာမှာလည်း ထိုကဲ့သို့ ပီတိအဟုန်ကိုဖြစ်ပေါ်ခံစားရသောဟူ၏ အာနာပါဏကမ္မဋ္ဌာန်းအရောက်မှာ ထိုကမ္မဋ္ဌာန်းရှူနည်းရှူကွက်ကို ရွတ်ဆိုကာမျှဖြင့် ဟိုအရင်ပါရမီအဟုန်များ၏ ဥပနိဿယသတ္တိကထောက်ပံ့ကာ ရွတ်ဖတ်ရင်းပင် စတုတ္ထဈာန်တိုင်အောင် ရရှိပေါက်မြောက်သွာလေတော့၏။ အံ့ဖွယ်ကောင်းလေစွ။

      မင်းကြီးသည် ထိုလက်ဆောင်ပဏ္ဏာစာချွန်လွှာကိုရရာနေ့မှ လခွဲကြာသည့်တိုင် အနီးနေအလုပ်အကျွေးလေးတစ်ယောက်သာအတွေ့ခံပြီး ပြဿဒ်ထက်မှာပင် ဈာန်တရားများရှူပွားလျှက်နေခဲ့လေသည်။
         တိုင်းသူပြည်သားတို့သည်လည်း လက်ဆောင်ပဏ္ဏာရရှိရာနေ့မှ တဆယ့်ငါးရက်တိုင်တိုင် မင်းမှုကိစ္စများကိုလည်းမစီမံ ၊ကပွဲသဘင်လည်းမရှူစား တစ်ပါးထဲအခန်းအောင်းနေသော မင်းကြီးအား အဘယ့်အတွက်ကြောင့် ယင်းသို့ဖြစ်ရသနည်း ဗိမ္ဗိသာရမင်းကြီးကများ ထီးနန်းလုပ်ကြံဖို့ ဖျားယောင်းသိမ်းသွင်းလိုက်လေသလော ၊အကြောင်းကိုပြောပါဟု စုရုံးကာနန်းရင်ပြင်မှာအော်ဟစ်တောင်းဆိုကြလေလျှင်
         ပက္ကုသာတိလည်း မင်းအဖြစ်ကိုဆက်လက်သိမ်းပိုက်မှာလား ၊ဂေါတမဘုရားရှင်ရှိရာလိုက်သွားပြီး ဘုရားရှင်တပည့်သားလုပ်မှာလားလို့ သူ့ကိုယ်သူပြန်မေးမိရာ

        " အို....မင်းအဖြစ်ဆိုတာ ဘုရားတပည့်သားအဖြစ်နဲ့ဘာမှနိုင်းစာလို့မရဘူး ငါရဟန်းပြုတော့အံ့ "ဟုဆုံးဖြတ်၍ သန်လျှက်ဖြင့် ဆံကိုဖြတ်ကာ ထိုသန်လျှက်မင်းမြှောက်တန်ဆာတို့နှင့်တကွ လေသာပြတင်းတံခါးမှနေ၍ တိုင်းသူပြည်သားတို့ထံပစ်ချလိုက်ပြီး ။ "အလိုရှိသောသူငါ၏ထီးနန်းကို အုပ်ချုပ်မင်းလုပ်ရစ်ကြကုန် ငါသည်ကား ဂေါတမဘုရားရှင်ထံသွားတော့အံ့"
ဟု ပြောဆိုလိုက်တော့၏။ တိုင်းသူပြည်သားတို့လည်း ၀မ်းနည်းပက်လက်ငိုကြွေးမြည်တမ်းကြလေတော့၏။

       မင်းကြီးလည်း အနီးနေအလုပ်အကျွေးအား ဖန်ရည်စွန်းစသောအ၀တ်နှစ်ထည်နှင့် မြေသပိတ်ကိုဆောင်ယူခဲ့စေ၍ ရသေ့ရဟန်းအသွင်ဝတ်ဆင်ကာ နန်းတော်ထက်မှာဆင်းလာရာ တိုင်းပြည်အားလုံး ၀ရုံးသုံးကား ငိုကြွေးမြည်တမ်းကာ တားမြစ်ကြလေတော့၏။

       သို့သော် မင်းကြီးသည်ဆက်လက်ကြွလေရာ ရထားလုံးစီစဉ်ပေးကြပါသော်လည်း မစီးနင်းပေ၊ရထားလုံးသာမဟုတ် ဖိနပ်လည်းမစီးထီးလည်းမဆောင်း ဘုရားလောင်းတောထွက်ပုံကိုအာရုံယူလျှက်သာ ခရီးဆက်ခဲ့ပါသတဲ့။ တိုင်းသူပြည်သားတို့လည်း ခရီးပြင်းနှင်ကြရမည်ဖြစ်၍ ခရီးသွားအဖွဲ့အစည်းဖွဲ့လိုက်ကြကာ ဘုရင်မင်းမြတ်အား ဆွမ်းရေချမ်းစသည်ဆက်ကပ်လျှက် လိုက်လံစောင့်ရှောက်ပေးခဲ့ကြလေသည်။
                        .................................
    ဤသို့ဖြင့်  ၁၉၂-ယူဇနာမျှ ခရီးပေါက်သောအခါ သာဝတ္ထိပြည်ဇေတ၀န်ကျောင်းအနီးနားသို့ရောက်လာပါသော်လည်း ဗိမ္ဗိသာရမင်းကြီး၏စာအရ ရာဖဂြိုလ်မြို့တွင်းမှာ ဘုရားရှင်သီတင်းသုံးတော်မူသည်အထင်ဖြင့် ခရီးဆက်လာခဲ့ရာ ၄၅- ယူဇနာတိုင်အောင် ဘုရားရှင်သီတင်းသုံးရာကျောင်းတော်ကို
ကျော်လွန်၍သွားမိလေတော့၏။

          ရာဇဂြိုလ်မြို့တော်အနီးသို့ရောက်လာသောအခါမှ ဘုရားရှင်သီတင်းသုံးရာအရပ်ကိုမေးမြန်းကြည့်မိရာမှ မိမိသည် ဘုရားကျောင်းတော်ဘေးမှကျော်ဖြတ်ကာ ၄၅-ယူဇနာမျှ ခရီးလွန်လာခဲ့သည်၏အဖြစ်ကိုသိရလေတော့၏

     သို့ဖြင့်” ယနေ့တော့ ထိုဇေတ၀န်ကျောင်းတော်သို့ အရောက်ပြန်သွားဖို့ရန် အချိန်လင့်လေပြီ ။ ရဟန်းတော်များအတွက် တစ်ညတာတည်းခိုနိုင်တဲ့နေရာ ညွှန်ပြကြပါ”ဟု မေးမြန်းစုံစမ်းကြည့်ရာမှ အိုးထိန်းသယ် ဘဂ္ဂ၀ရဲ့အိုးဖုတ်ရာတဲအတွင်းမှာ သီတင်းသုံးနိုင်ကြောင်း လျှောက်ထားကြသဖြင့်  အိုးထိန်းသယ်ထံခွင့်ပန်ကာ ထိုအိမ်းသယ်ရဲ့ဇရပ်မှာပဲ တစ်ညတာသီတင်းသုံးနေလိုက်ရတော့၏။

        ဘုရားရှင်တော်သည်လည်း ပက္ကုသာတိမင်း၏ မိမိကျောင်းတော်ဘေးမှခရိးလွန်ကာ ရာဇဂြိုလ်မြို့တော်အနီးက အိုးထိန်းသည်ဖရပ်မှာရောက်နေသည်၏အဖြစ်ကို၎င်း နောက်ရက်နံနက်မိုးသောက်အလင်းရောက်သည်နှင့် အသက်ပျောက်က သေပွဲဝင်ရမည်၏အဖြစ်ကို၎င်း ကြိုတင်သိမြင်တော်မူသည်နှင့်  ထိုနေ့ညအဖို့ ပက္ကုသာတိမင်းတည်းခိုရာ အိုးထိန်းဇရပ်သို့ ချဉ်းကပ်ကာ တရားဟောတော်မူမှသင့်မည် ။သို့မဟုတ်ပါက ပုထုဇဉ်အဖြစ်နှင့် စုတိကျခဲ့လျှင် ဗုဒ္ဓုပ္ပါဒန၀မခဏကြီးနှင့် အပြီးလွဲချော်ရပေတော့မည်…ဟု သနားကရုဏာသက်ကာ နေ့ဆွမ်းစားပြီးသည်နှင့် ရာဇဂြိုလ်သို့ တစ်ပါးတည်းသာ ခရီးထွက်ခဲ့လေတော့၏။

            အိုးထိန်းဇရပ်သို့ရောက်တော်မူလာသောအခါ လက္ခဏာတော်ကြီးငယ်ရောင်ခြည်တော်ခြောက်သွယ်တို့ကို ကွယ်ဝှက်ကာ လမင်းတိမ်အုပ်ထားဘိသကဲ့သို့ မထင်မရှားရဟန်းတစ်ပါးအသွင်ဖြင့်ပင် အိုးထိန်းသည်ထံချဉ်းကပ်ကာ

                    xxxxxxxxxxxxxxxxxxxxxx

     ''ဘဂ္ဂဝ အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဥ့်မျှ နေလို၏''ဟု တည်းခိုခွင့်တောင်းလေသည်။ အိုးထိန်းသည်သည်လည်း  အရင်ခွင့်တောင်းလာသော ပုက္ကုသာတိမင်းအား တည်းခိုခွင့်ပြုထားပြီးဖြစ်၏ ထို့ကြောင့် ငါ၏ဇရပ်ကားရဟန်းတော်နှစ်ပါး သီတင်းသုံးခြင်းငှါ တတ်ကောင်း၏ သို့သော် ရဟန်းတို့မည်သည် အလိုဆန္ဒအမျိုးမျိုးရှိတတ်ကြပြီး တချို့မှာ ရောက်လာသှူနှင့် ၀ါဒရေးရာဆွေးနွေးမေးမြန်းခြင်း ပြုလုပ်တတ်ကြ၏။ တချို့မှာကား ဧကစာရီတစ်ကိုယ်ထဲနေရတာကိုနှစ်သက်ပြီး အခြားတစ်ပါးနှင့်ထွေရာလေးပါးပြောဆိုကာ လောကွတ်မလုပ်လိုကြပေ။ ထိုအရင်ရဟန်းကခွင့်ပြုမှသာ ဤရဟန်းတော်အတွက် သင့်မြတ်လျော်ကန်လိမ့်မည်ဟုတွေးမိကာ
       အရှင်ဘုရား တပည့်တော်ဖို့ရန်မှာကာ အရှင်ဘုရားတို့ကြွလာသီတင်းသုံးတော်မူကြသည်ကို ပို၍ပင်ကြည်နူးဝမ်းသာရပါသည်ဘုရား သို့သော်လဲ အရှင်ဘုရားထက် အရင်ဦးစွာ ရဟန်းတော်တစ်ပါး တည်းခိုခွင့်တောင်းကာ ၀င်ရောက်သီတင်းသုံးနေပါသည်ဘုရား ။အကယ်၍ ထိုကိုယ်တော်သဘောတူပါက ၀င်ရောက်သီတင်းသုံးလို့ရပါသည်ဟု ..ပြန်လည်လျှောက်ထားလေ၏။

                 ထိုအခါ၌ မြတ်စွာဘုရားသည် ပက္ကုသာတိထံသို့သွား၍  ''ရဟန်း အကယ်၍ သင့်အား ဝန်မလေးမူ အိုးလုပ်ရာ တင်းကုပ်၌ တစ်ညဥ့်မျှ နေလို၏''ဟု မိန့်တော်မူရာ ပက္ကုသာတိသည် ဘုရားရှင်ဖြစ်ကြောင်းမသိရှာချေ။
     “ ငါ့သျှင် အိုးထိန်းသည်၏ အိုးလုပ်ရာတင်းကုပ်သည် ကျယ်ပြန့်ပါ၏၊ အသျှင်သည် ချမ်းသာသလို သီတင်းသုံးနေထိုင်နိုင်၏”ဟု တစ်ညတာမျှအတူတကွသီတင်းသုံးကြဖို့ သဘောတူလေသည်။

     ထိုအခါ မြတ်စွာဘုရားသည် အိုးထိန်းသည်၏ အိုးလုပ်ရာ တင်းကုပ်သို့ ဝင်၍ တစ်ခုသော နေရာ၌ မြက်အခင်းကို ခင်းပြီးလျှင် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းသို့ရှေးရှူ သတိကို ဖြစ်စေ၍ ထိုင်နေခြင်းဖြင့်သာ အချိန်ကိုကုန်လွင်စေလေသည်။
         အသျှင်ပက္ကုသာတိသည်လည်းကျောမခင်းပဲ ဘုရားရှင်ကဲ့သို့ပင် ထိုင်နေခြင်းဖြင့်သာ သီတင်းသုံးနေလေသည်။

          ထိုအချင်းအရာကိုမြင်တော်မူသောအခါ မြတ်စွာဘုရားအား ''ဤအမျိုးကောင်းသားသည် ကြည်ညိုဖွယ်ကို ဆောင်နိုင်သော ဣရိယာ ပုထ်ကို ဖြစ်စေ၏၊ ငါသည် အကယ်၍ အကျိုးအကြောင်းကိုမေးရမူကား ကောင်းပေစွ''ဟုအကြံဖြစ်တော်မူ၍ အစအဆုံးသိရှိပြီးဖြစ်သော်လည်း မေးခွန်းများမေးလျှက်တရားဟောတော်မူအံ့ဟုစကားစလိုက်လေသည်။
                          xxxxxxxxxxxxxxxxxxxx
''ရဟန်း သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊
အဘယ်သူသည် သင်၏ ဆရာဖြစ်သနည်း၊
အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း''ဟု မေးတော်မူရာ

 “ငါ့သျှင် ငါသည် ဘုရားရှင်ကို ရည်မှန်း၍ မိမိကိုယ်တိုင် သင်္ကန်းဝတ်လာခဲ့ပါသည် ။ ထိုမြတ်စွာဘုရားသည်ပင်  အကျွန်ုပ်၏ ဆရာဖြစ်ပါ၏၊။
အကျွန်ုပ်သည် ထိုမြတ်စွာဘုရား၏ တရားကို နှစ်သက်ပါ၏”ဟုဖြေကြားသည်တွင်
     “ရဟန်း ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်မှာ နေတော်မူသနည်းဟု မေးတော်မူရာ။
     ငါ့သျှင် ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ ယခုအခါ ဘုရားရှင်သီတင်းသုံးတော်မူနေကြောင်း ကြားသိရပါသည်..ဟု ပြန်လည်ဖြေကြားလေသည်။

      ထိုအခါဘုရားရှင်က ငါကား ဘုရားရှင်တည်းဟု မိန့်တော်မမူပဲ..
      “ရဟန်း သင်သည် ထိုသင်၏ဆရာ မြတ်စွာဘုရားကို မြင်ဖူး၏လော၊  မြင်ဖူးလျှင်တောင်မှ တွေ့ဆုံရတဲ့အခါ ဒါဘုရားရှင်ပဲလို့ တတ်အပ်သိနိုင်ပါအံ့လော…ဟု မေးမြန်းတော်မူရာ
          ငါ့သျှင် အကျွန်ုပ်သည် ထိုမြတ်စွာဘုရားကို မမြင်ဖူးပါ၊ ဘုရားရှင်နှင့် ပက်ပင်းတွေ့ရလျှင်သော်မှ တတ်အပ်မသိနိုင်ပါ…ဟုပြောဆိုရာ။
      ဘုရားရှင်၏စိတ်တော်၌  ''ဤအမျိုးကောင်းသားသည် ငါ့ကိုသာလျှင် ရည်မှန်း၍ ရဟန်းပြုခဲ့၏၊ ထိုအမျိုးကောင်းသားအား ငါသည် တရားဟောရမူ ကောင်းပေမည်''ဟု တရားဟောတော်မူရန် စိတ်အားထက်သန်တော်မူသည်ဖြစ်၍
    ''ရဟန်း သင့်အား တရားဟောပေအံ့၊ ထိုတရားကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့''ဟု မိန့်တော်မူလေသည်။
     ပက္ကုသာတိမင်းသည် သူမျှော်လင့်တမ်းတနေသော ဘုရားရှင်နှင့် တစ်ညတာမျှ အတူနေထိုင်သီတင်းသုံးနေကြရသော်လည်း ဘုရားရှင်တော်မှန်းမသိခဲ့ပဲ သာမန်ရဟန်းတော်တစ်ပါးဟုသာ ထင်မှတ်ခဲ့လေရာ။  ဘုရားရှင်အား အရိုအသေပေး ရှိခိုးဖူးမြှော်ခြင်းလည်းမပြုခဲ့ ၊သနားသောအားဖြင့်  တရားဟောတော်မူပါရန်လည်း မလျှောက်ထားမတောင်းပန်ခဲ့ချေ ၊သို့သော် ထိုပက္ကုသာတိမင်း၏ ရည်ရွယ်ချက် စိတ်နေစိတ်ထားနှင့် နေထိုင်ကျင့်သုံးပုံက မြတ်ဗုဒ္ဓအား အားရကျေနပ်စေခဲ့သောကြောင့် ဘုရားရှင်ကိုယ်တိုင်ပင် တရားဟောတော်မူမည် နာယူပါဟု မိတ်မံတော်မူခဲ့ခြင်းဖြစ်၏။
    ပက္ကုသာတိလည်း သာမန်ရဟန်းတော်တစ်ပါး၏ ကိုယ်တွေ့တရား သို့မဟုတ် တဆင့်ကြားနာရဖူးသော တရားစကားကိုပြောဟောမည်အထင်ဖြင့်  ''ငါ့သျှင် ကောင်းပါပြီ''ဟု ဆိုကာ ဘုရားရှင်၏တရားတော်အပေါ်သေချာနားစိုက်ကာ နားကြားနေ၏။
      ထိုတရားပွဲ၌ကား နာယူသူသည်လည်း အိုးထိန်းသယ်ရဲ့ တဲကုပ်ထဲမှာ ပက္ကုသာတိမင်းကြီးတစ်ဦးထဲ ဟောကြားတော်မူသော ဘုရားရှင်သည်လည်း မြက်အခင်းလေးပေါ်မှာပင် သီတင်းသုံးတော်မူလျှက်က စတင်ဟောကြားတော်မူခဲ့လေသည်။

                   XXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

    ထိုပက္ကုသာတိမင်းကြီးအား ဟောကြားတော်မူခဲ့သော တရားတော်မှာ ဓာတုဝိဘင်္ဂသုတ္တာန်ဖြစ်ပြီါ် ယင်း၏ အနှစ်ချုပ်မှာ ပုဂ္ဂိုလ်သတ္တ၀ါတစ်ဦးတစ်ယောက်စီမှာ
ပထဝီဓာတ် ဆိုတဲ့   =ခက်မာမှူသဘော ။
                           ကြမ်းတမ်းမှူသဘော၊
                           ချောမွေ့မှူသဘော၊
                           ပျော့ပြောင်းနူးညံ့မှူသဘော၊
                           လေးလံမှူသဘော၊
                           ပေါ့ပါးမှူသဘော။
အာပေါဓာတ် ဆိုတဲ့ = ယိုစီးမှူသဘော ၊
                           ဖွဲ့စည်းမှူသဘော။
တေဇောဓာတ် ဆိုတဲ့ =ပူမှူနွေးမှူသဘော
                            အေးမူ သဘော
ဝါယောဓာတ်ဆိုတဲ့=   ထောက်ကန်မှူသဘော၊                              
                           တွင်းကန်မှူသဘော။
အာကာသဓာတ် ဆိုတဲ့= ကလပ်အဖွဲ့အစည်းတွေတစ်ခုနဲ့တစ်ခုခြားပေးထားတဲ့                                အပေါက်အကြားသဘောကလေးနဲ့
ဝိညာဏဓာတ်ဆိုတဲ့ =လှူပ်ရှားမှူအားလုံးကို ချုပ်ကိုင်စေစားနေတဲ့ 
                          အသိစိတ်ဝိညာဏ်တို့သာရှိကုန်၏။


ထိုဓာတ်လေးပါးတို့ အပေါင်းအစုမှ မျက်စိ၊နား၊နှာလျှာ၊ကိုယ်၊တို့ဖြစ်လာပြီး စိတ်ဆိုတဲ့တရားပါပေါင်းလျှင် ယင်း(၆)ပါးဟာ ကုသိုလ်အကုသိုလ် အကျိုးအပြစ်တို့ရဲ့ဖြစ်ပေါ်ရာ အာယတနခြောက်ပါးဖြစ်ပေါ်လာကြကုန်၏ ။

ထိုခြောက်ဒွါရတို့တွင်
မျက်စိနဲ့မြင်သမျှအာရုံတွေမှာ
(၁) အကြိုက်တွေ့တော့ဝမ်းမြောက်တဲ့စိတ်၊
(၂)မကြိုက်တွေ့တော့ နောက်ထပ်မလိုချင်မမြင်ချင် သည်းမခံနိုင်တဲ့စိတ်၊
(၃) ဖာသိဖာသာမြင်ကြားနံစားထိသိ ဖြစ်နေပြန်တော့ ဥပေက္ခာနဲ့ယှဉ်တဲ့စိတ်တွေဖြစ်နေတော့ ဒီအာယတနခြောက်ပါးမှာ စိတ်ပေါင်း(၁၈)ပါးဆိုတာ ဖြစ်ပေါ်လာကြတော့တာပေါ့။

         ဒီကြိုက်မကြိုက်အာရုံတွေကြားမှာ လောဘ၊ဒေါသတွေအတောမသတ်နိုင်လို့ သံသရာမှာ တွယ်ရာမဲ့မျောနေကြရဲ့တဲ့ သတ္တ၀ါတို့အဖို့  ထောက်တည်ရာရဖို့ဆိုရင်
(၁) အမှန်အတိုင်းသိနိုင်ဖို့ ညာဏ်ပညာရှိရမယ်
(၂)  မမြဲခြင်းအမှန် ၊ဆင်းရဲခြင်းအမှန်၊အစိုးမရခြင်းအမှန်ကိုအမှန်အတိုင်း၊
      ရုပ်ဓာတ်၊နာမ်ဓာတ်၊ပရမတ်သစ္စာကိုအမှန်အတိုင်းသိ၍
(၃) လိုမလိုကြိုက်မကြိုက်စတဲ့ကိလေသာအားလုံးကို ပယ်ခွါနိုင်ရမယ် (၄)ယင်းကိလေသာမီးတောက်မီးလျှံငြိမ်းးသွားပြီဆိုရင်တော့ သံသရာသမုဒ္ဒရာမှာ    
 ထောက်တည်တရာရပြီဖြစ်၏ ။အမှန်ကို အမှန်အတိုင်းသိမြင်ကာ ယုံမှားမှူအာသ၀တရာများ ကင်းဝေးသောကြောင့်ထိုသူကို  ကိလေသာ ငြိမ်းသော ရဟန်း ဟူ၍ ဆိုရ၏၊   
        ''အလုံးစုံသော သင်္ခတတရားတို့၌ အနိစ္စ၊ဒုက္ခ၊အနတ္တလက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာပညာကို ပွားရာ၏၊ ……………..စသည်ဖြင့်
ဓာတုဝိဘင်္ဂသုတ်တော်ကိုဟောကြားတော်မူလိုက်ပါတယ်။
                        ...................................
         အရုဏ်တက်သည်နှင့် တရားတော်၏ပြီးဆုံးခြင်း ကွယ်ဝှက်ထားသောရောင်ခြည်တော်တို့ကိုပကတိအတိုင်းကွန့်မြုးစေတော်မူခြင်း တို့သည် တပြိုင်နက်သာလျှင်ဖြစ်ကုန်၏။ မြို့သူမြို့သားတို့ကိုလည်း ဘုရားရှင်
အိုးထိမ်းစရပ်သို့ရောက်ရှိတော်မူနေကြောင်းကို သိမြင်တော်မူစေလိုက်ရာ တစ်မြို့လုံး အုံးအုံးကြွက်ကြွက် အဖူးမြှောက်ရောက်လာကြတော့၏။
              xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
      အသျှင်ပက္ကုသာတိသည်လည်း တရားဆုံးသည်နှင့် အနာဂါမိဖိုလ်တိုင်အောင်ဆိုက်ရောက်သွားရာမှ ….သြော်….. ငါ၏မျက်မှောက်၌ သီတင်းသုံးတော်မူနေသူကား အခြားသူမဟုတ် ငါ၏ဆရာသခင် မြတ်စွာဘုရားတည်းဟု နားလည်သဘောပေါက်သွားကာ  နေရာမှ ထလျက် လက်ဝဲပခုံးစွန်း၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်လျှိုး၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏
      ''မြတ်စွာဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးသွားခဲ့ပါ၏၊ အကြင်အကျွန်ုပ်သည် မြတ်စွာဘုရားကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်မိခဲ့ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါ''ဟု လျှောက်ထား၏။

     ဘုရားရှင်တော်ကလည်း  " ရဟန်း စင်စစ် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ငါ့ကို ငါ့သျှင်ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ဟု မှတ်ထင်ခဲ့၏၊ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အပြစ်အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ အကြင်သူ သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ဤကုစားခြင်း စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း'အဆုံးအမ'၌ ကြီးပွါးခြင်းပင်တည်း"...ဟု ခွင့်လွှတ်တော်မူလေသည်။

         ထို့နောက်မှ ဘုရားတပည့်သား ရဟန်းတော်တစ်ပါးအဖြစ် ခွင့်ပြုတော်မူပါရန်လျှောက်ထားရာ ကိုယ်ပိုင်သပိတ်သင်္ကန်းရှိသူကိုသာ ရဟန်းပြုခွင့်ပေးတော်မူကြောင်း မိန့်ကြားတော်မူသဖြင့် ရှိခိုးအရိုအသေပေးလျှက် သပိတ်သင်္ကန်းအရှာထွက်သွားလေသည်။

      ပက္ကုသာတိမင်းကြီးးသည် သင်္ကန်းပရိက္ခာများလှူဒါန်းဖူးခဲ့သော
ကောင်းမှုထူးရှိပါသော်လည်း အနာဂါမ်မျှသာဖြစ်သေး၍ ပစ္ဆိမဘ၀ိကသား မဟုတ်သောကြောင့် ဧဟိဘိက္ခုခေါ်တော်မမူခြင်းဖြစ်၏။မိမိကိုယ်တော်တိုင်း သင်္ကန်းလျှာရှာကာ ရဟန်းပြုမပေးခြင်းမှာလည်း မကြာမီခဏအတွင်းမှာပင် အသက်ဇီဝိန်ချုပ်ကာ အ၀ိဟာဗြဟ္မာ့ဘုံသို့ရောက်လိမ့်မည်ဖြစ်ကြောင့် သိမြင်တော်မူပြီးဖြစ်၍ သင်္ကန်းအရှာသွားမည့်အကြောင်း
လျှောက်ထားသည်ကိုလည်း ခွင့်ပြုတော်မူလိုက်ခြင်းဖြစ်၏။

        ထိုပက္ကုသာတိမင်းကြီးသည် အမှိုက်ပုံတို့၌ ပံ့သကူသင်္ကန်းချုပ်ဖို့ အ၀တ်စုတ်များကိုလိုက်လံကောက်ယူနေစဉ် အတိတ်ဘ၀သူဋ္ဌေးသားဖြစ်စဉ်က သူငယ်ချင်းများနှင့်ပြည့်တန်မတစ်ယောက်အားလုပ်ကြံသတ်ဖြတ်ခဲ့ဖူးရာ ထိုအမျိုးသမီးမှဖြစ်နေသော ဘီလူးမသည်နွားမတစ်ကောင်အားပူးကပ်ခါ
ခွေ့သတ်လိုက်ရာ ကောင်းကင်ထက်လွင့်ထွက်သွားစဉ်မှာပင် အသက်ပျောက်သွားရလေတော့၏။အ၀ိဟာဗြဟ္မာ့ဘုံသို့ ရောက်လျှင်ရောက်ခြင်းပင် အရဟတ္တဖိုလ်သို့ရောက်ကာ ရဟန္တာဗြဟ္မာကြီးဖြစ်သွားရလေတော့သတည်း။ 

                 xxxxxxxxxxxxxxxxxxxxxxxxxxxx

အဝိဟာဗြဟ္မလောကေ ကိရ နိဗ္ဗတ္တမတ္တာဝ သတ္တ ဇနာ အရဟတ္တံ ပါပုဏိံသု။ ဝုတ္တဥှေတံ --
''အဝိဟံ ဥပပန္နာသေ၊ ဝိမုတ္တာ သတ္တ ဘိက္ခဝေါ။
ရာဂဒေါသပရိက္ခီဏာ၊ တိဏ္ဏာ လောကေ ဝိသတ္တိကံ။
ကေ စ တေ အတရုံ ပင်္ကံ၊ မစ္စုဓေယျံ သုဒုတ္တရံ။
ကေ ဟိတွာ မာနုသံ ဒေဟံ၊ ဒိဗ္ဗယောဂံ ဥပစ္စဂုံ။
ဥပကော ပလဂဏ္ဍော စ၊ ပုက္ကုသာတိ စ တေ တယော။
ဘဒ္ဒိယော ခဏ္ဍဒေဝေါ စ၊ ဗာဟုရဂ္ဂိ စ သိင်္ဂိယော။
တေ ဟိတွာ မာနုသံ ဒေဟံ၊ ဒိဗ္ဗယောဂံ ဥပစ္စဂု''န္တိ။ (သံ၊ နိ၊ ၁။၅ဝ၊ ၁ဝ၅)။

                    XXXXXXXXXXXXXXXXXXXXXXX

     ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားထံအဖူးမြှောက်ရောက်လာပြီး အရှင်ဘုရား ဘယ်အချိန်ထဲက အိုးထိမ်းစရပ်ရောက်နေပါသလဲလဘုရား…ဟုလျှောက်ထားရာ အသင်မင်းကြီး၏သူငယ်ချင်း ပက္ကုသာတိမင်းသည် ငါဘုရားကိုရည်မှန်းရဟန်းပြုလာရာ သာဝတ္ထိကိုကျော်လွန်လျှက် ရာဇဂြိုလ်မြို့သို့ရောက်သွား၍ ယမန်နေ့ညထဲက ငါဘုရားလာရောက် တရားဟောပြ
ဆုံးမတော်မူရခြင်းဖြစ်သည်။ ယ္ခုသင်၏သူငယ်ချင်း ပက္ကုသာတိသည် အနာဂါမိဖိုလ်သို့ဆိုက်ရောက်သွားလေပြီဟု မိန့်တော်မူလိုက်ရာ ။
     အခုအဘယ်မှာလည်းဘုရား တပည့်တော်တို့လည်း မတွေ့မြင်ရပါလားဟုလျှောက်ထားရာမှ သင်္ကန်း သပိတ်မရှိသေး၍ အရှာထွက်သွားကြောင်းမိန့်ကြားတော်မူ၍ တန်ခိုးအဘိညာဏ်ဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်သို့ပြန်ကြွခဲ့လေတော့၏။
     ဗိမ္ဗိသာရမင်းကြီးလည်း သူငယ်ချင်းပက္ကုသာတိမင်းကြီးအားလိုက်လံရှာဖွေစေရာ အမှိုက်ပုံထက်မှာ အသက်ပျောက်နေရှာသော အလောင်းဥတုဇရုပ်ကလပ်ကိုသာ တွေ့ရလေတော့၏
ဗိမ္ဗိသာရမင်းကြီးလည်း ထိုအကြောင်းစုံကိုသိရသောအခါ ငါ့သူငယ်ချင်းကြီးအတွက် ဘာတစ်ခုမှအကူအညီမပေးလိုက်ရလေခြင်းဟု ကြီးစွာသောစိတ်မကောင်းမှူဖြစ်ရကာ အလောင်းတော်ကိုကောက်ကာ မီးသဂြိုလ်ပြီး အရိုးဓာတ်တော်များကိုစေတီတည်ထားခဲ့လေသည်။
                           ..................................

             ဤမျှဖြင့်ပင် ပက္ကုသာတိမင်းကြီးဇာတ်လမ်း တစ်ခန်းရပ်လိုက်ပါသတည်း။
ကျန်ရှိနေသေးသော ရဟန်းတော်တစ်ပါးအကြောင်းဖြစ်သည့် မလ္လမင်း၏သား ရှင်ဒဗ္ဗအကြောင်းကို ဆက်လက်ဖော်ပြပေးသွားပါမည်။
                                  မေတ္တာများစွာဖြင့်
                                          လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..