
အခါတစ်ပါး၌ အရှင်အာနန္ဒာမထေရ်မြတ်သည် မြတ်စွာဘုရားထံတော်သို့သွား၍ “မိတ်ဆွေကောင်းနှင့်ပေါင်းသင်းဆက်ဆံရခြင်းသည် အလွန်ပင် အကျိုးများလှပါတယ်ဘုရား ၊အမှုကိစ္စတို့၏ ငါးဆယ်ရာခိုင်နှုံးသည် မိတ်ဆွေကောင်းများ၏ ကူညီစောင်မမှုကြောင့် ပြီးစီးအောင်မြင်ရတယ်လို့ တပည့်တော် ယူဆပါမိပါတယ်”လို့ လျှောက်ထားတော့၊
''အာနန္ဒာ ယင်းသို့ မယူဆလိုက်ပါနဲ့ အမှူကိစ္စအားလုံး ရာနှုံးပြည့်ပင် မိတ်ဆွေကောင်းများကြောင့်သာ ပြီးစီးအောင်မြင်ရတယ်”လို့ မိန့်ကြားတော်မူခဲ့ပါတယ် ။
မိမိဘ၀တစ်လျှောက်မှာလည်း မိတ်ဆွေများ သူငယ်ချင်းများ၏ကျေးဇူးကြောင့်ပင် အရာအားလုံး အဆင်ပြေချောမွေ့စွာဖြင့် ဖြတ်သန်းခဲ့ရတာပါပဲ ၊ မှတ်မှတ်ရရ မိမိ သာမဏေလင်္ကာရလုပ်နေစဉ် အပြင်းအထန် အအေးမိပြီး ဖျားနာခဲ့ရပါတယ်၊ သို့သော် မိမိသည် အလွန်ပေသော သူတစ်ယောက်ဖြစ်သည့်အလျှောက် ဒီကိုဂျင်ကဲ့သို့သော အဖျားပျောက်ဆေးများကို အစာမရှိပဲလည်း တစ်လုံးပြီးတစ်လုံးသောက်၍သာ သင်္ကန်းခေါင်းမြီးခြုံ၍ အိပ်နေခဲ့ပါတယ်။
အိပ်မောကျသွားသည်မှာ မည်မျှကြာသွားသည်မသိပေ ၊ညနေခင်းရောက်လို့ မိမိနိုးလာတဲ့အခါမှာတော့ သူငယ်ချင်းအားလုံးကလည်း ဘေးမှထိုင်နေကြတာတွေ့ရပါတယ်၊နောက် ကိုရင်အာစိဏ္ဏဆိုတဲ့ မိမိနဲ့စာအတူလုပ်ဖက်သူငယ်ချင်းက ပြောပြတယ်၊
“မင်းအိပ်ပျော်နေတုန်း ချွေးတွေမတရားထွက်နေတာနဲ့ ငါတို့သင်္ကန်းတွေ လဲပေးထားတာကွ၊ ချွေးတွေဆိုကွာ အိုင်လို့ မင်းသင်္ကန်းကိုညှစ်ချလို့ရတယ် သိလား..။
မိမိလည်း သူပြောပြမှ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိရာ အခြားသင်္ကန်းတစ်ထည်ဖြစ်နေကြောင်း သိရပေသည်။ အမှန်တကယ်ဆို မိမိသည် အအိပ်အနေအလွန်နည်းပြီး အိပ်ရေးအလွန်ဆပ်သူဖြစ်၏၊
ထိုနေ့ကား အိပ်ပျော်သွားခြင်းမဟုတ်ပဲ မေ့မျောသွားခြင်းပင် ဖြစ်တန်ရာသည်ဟု အောက်မေ့မိ၏။
ထို့အပြင်လည်း သူငယ်ချင်းများ၏ မိမိအပေါ် ဂရုစိုက်ကာ ယင်းသို့ပြုစုကြခြင်းအပေါ် အလွန်ပင် ကျေးဇူးတင်မိနေတော့၏။ သူငယ်ချင်း အာစိဏ္ဏပြောလိုက်သော” မင်းအိပ်နေတုန်း ငါတို့သင်္ကန်းတွေ လဲပေးထားတာကွ ချွေးတွေဆို ရေညှစ်ချလို့တောင် ရတယ်”ဆိုတဲ့စကားဟာ ဦးဏှောက်ထဲမှာ (စိတ်ထဲမှာ)ပဲ့တင်မြည်ဟီးသွားသလိုလည်း အောက်မေ့လိုက်မိတယ်၊ယနေ့တိုင်အောင်လား ပြန်လည်ကြားယောင်နေမိသလိုပဲ တကယ်စွဲသွားတဲ့ ထူးဆန်းတဲ့စကားလုံးပဲ။
အော် ဒီလိုသူငယ်ချင်း ကောင်းတွေကသာ ငါ့ကိုမပြုစုခဲ့ရင် အိပ်မောကျနေရင်းပင် သေများသွားလေမလားပဲ ၊ အလွန်ကျေးဇူးကြီးလိုက်တဲ့ ငါ့အသက်ကိုကယ်ခဲ့တဲ့ သူငယ်ချင်းတွေပဲ” လို့ ခံစားလိုက်ရပြီး မိမိကလည်း သူတို့ဖိနပ်မရှိရင်ဖိနပ် ၊စာအုပ်လိုရင်စာအုပ် ၀ယ်ယူလှူဒါန်းပေးလေ့ရှိပါတယ်။ မယ်တော်ကြီးလာတော့ သူတို့ကိုဝယ်ပေးတာ သိသွားပြီး ခမည်းတော်ကြီးကို ရွာရောက်တဲ့အခါ ပြန်ပြောပြပုံရပါတယ်။ အကြောင်းမှာ နောက်တစ်ခါ ရွာကစာလာသောအခါ မှာတမ်းတွေပါလာသောကြောင့်တည်း။
ကျွန်ုပ်တို့ အညာဒေသသည် အိုးကောင်းလျှင် “ဒေါင်-ဒေါင်”ဟု အသံမြည်သကဲ့သို့ ကျန်းမာရေးကောင်းတာကို ပြောချင်လျှင် “ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ ဟေ့”ဟု ပြောဆိုသုံးနှုံးကြလေသည်၊
မယ်တော်ကြီးရွာပြန်ရောက်၍ မကြာမီ ခမည်းတော်ကြီးဆီမှ မိမိထံပါးလိုက်သောစာကို သူငယ်ချင်းများနှင့်အတူတကွ ပျော်ပျော်ကြီးဖတ်နေကြရာမှ “သားကိုရင်သာ ကျန်းမာရေးကိုဂရုစိုက်ပါ ၊ ကို့ရင့် မယ်တော်ကြီးရဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ”ဟူသော အသုံးအနှုံးကိုကြားရသောအခါ သူငယ်ချင်းများမှာ အထူးဆန်းသဖွယ် ၀ိုင်းရယ်ကြလေသည်။
ထို့နောက် စာကိုဆက်ဖတ်ကြပြန်ရာ သားကိုရင်သို့မှားကြားခန်း အရောက် “ကိုရင့်ထံ ငွေသုံးထောင်ပါးလိုက်တယ် ၊အဲဒီငွေတွေကို အခြားသူငယ်ချင်းတွေလည်း မချေးနဲ့နော်၊နောက်ပြီးလွယ်လွယ်လည်းမထားနဲ့၊ ကိုယ့်မှာငွေရှိတာလည်း သူများတွေသွားမပြနဲ့ ကိုယ်နဲ့ကပ်ထား”စသည်ဖြင့် မိဘမေတ္တာအလျှောက် အဲလိုတွေ မှားကြားရေးသားထားလေသည်။
သူငယ်ချင်းများမှယ ထိုစာပိုက်ကိုဖတ်ပြီး အစပိုင်းက ပျော်ရွှင်ကြည်နူးမှုများပျောက်ကာ အားလုံးနှုတ်ဆိတ်သွားကြလေတော့သည်။ သေချာသည်မှာ ခမည်းတော်ကြီး၏လျှို့ဝှက်မှာတမ်းသည် သူတို့အားကဲ့ရဲ့ရှုံ့ချဘိသကဲ့သို့ ခံစားသွားကြရသောကြောင့်ထင်၏။
ကျွန်ုပ်သည်လည်း စာကလေးအား အသာခေါက်သိမ်းလိုက်ပြီး သူငယ်ချင်းများစိတ်မကောင်းဖြစ်သွားသည့်အတွက် အတော်ပင် ၀မ်းနည်းသွားလေသည်။
ထို့ကြောင့် ညတွင်းချင်းပင် ကျွန်ုပ်ခမည်းတော်ကြီးထံ စာပြန်ရေးရင်း ရင်တွင်းကအန်ထွက်လာသည့်စကားသံတွေ ရေးချလိုက်မိလေသည်။
ခမည်းတော်ကြီးရေ သူငယ်ချင်းတွေကို ပိုက်ဆံမချေးဖို့ ၊သူတို့လိုချင်ရာ လျှောက်ဝယ်မပေးဖို့ ၊ပိုက်ဆံကို လွယ်လွယ်မထားဖို့တွေ သားတော်အပေါ်မှာ အစိုးရိမ်လွန်ပြီး မှာကြားတာ သဘောပေါက်ပါတယ် ၊ ဒါပေမယ့် ကိုရင့်သူငယ်ချင်းတွေက အဲလို ပေါင်းနှုတ်မြှောက်စား သူငယ်ချင်းတွေမဟုတ်ပါဘူး ၊အကုန်လုံး လိမ္မာကြပါတယ်၊သူတို့မိဘဆရာသမားတွေကလည်း သူတို့ဆီပို့ထားကြတာရှိတယ်၊သူုတို့ကမှ ကိုရင်တို့အိမ်ထက်ချမ်းသာကြဦးမယ်။ ကိုရင်ကျန်းမာရေးမကောင်းလို့ ချွေးအိုင်ထဲလဲနေတုန်းကလည်း သူတို့တွေပဲ ပြုစုပေးကြတာလေ၊ ရေနွေးတယ်ပေးကြတယ်၊သင်္ကန်းတွေလျှော်ပေးကြတယ်၊ ဆန်ပြုပ်တွေကြိုပေးကြတယ်၊အလှည့်ကျ ဆေးခန်းလိုက်ပို့ပေးတယ်လေ။ဆေးတိုက်ကြတယ်ဗျ။
ခမည်းတော်ကြီး မယ်တော်ကြီးတို့နဲ့ အဝေးမှာနေရတာဆိုတော့ ကိုရင်နေမကောင်းရင် အနီးကပ်ပြုစုပေးတာ သူုတို့တွေပဲရှိတော့တယ်။ ကိုရင့်မှာ ခင်ရာမင်ရာ ပေါင်းသင်းရာလည်း သူတို့ပဲရှိတယ်၊ မိဘရင်ခွင်နဲ့ဝေးနေကြတဲ့ ဘ၀တူကိုရင်လေးအချင်းချင်း “ငါ့အမေက ငါ့ကို ဘယ်လို ချစ်တာ ၊ဂရုစိုက်တာ ငါငယ်ငယ်က ဘယ်လို ခိုးခဲ့ဆိုးခဲ့တာတွေ စီကာပတ်ကုံးပြောကြရင်း ရွာကိုအလွမ်းသယ်ကြရတယ်ဗျ၊ နယ်မြေစုံကရောက်လာကြပေမယ့် ညီအစ်ကိုအရင်းထက်မလျော့သော ခင်မင်မှုတွေနဲ့ အပြန်အလှန် ကျေးဇူးပြုနေကြတာ။
ခမည်းတော်ကြီးက “ဘေးကကိုရင်တွေလည်း ပိုက်ဆံမချေးနဲ့ဦး” အဲလိုကြီးရေးချလိုက်တော့ သူတို့လည်းအဲဒီစာဖတ်ပြီး မျက်နှာပျက်သွားတယ် ၊အဲဒါ ကိုရင်အရမ်းစိတ်မကောင်းပါဘူး ၊နောက်တစ်ခါ အဲလိုတွေမရေးလိုက်ပါနဲ့ဗျာ…”လို့…စာပြန်လိုက်တော့မှ
“ခမည်းတော်ကြီး မှားသွားပါတယ်ဘုရား ကိုရင်တစ်ပါးထဲ စာဖတ်မယ်ထင်လို့ ရေးလိုက်မိတာပါ”လို့ ပြန်စာရောက်လာပါတယ်။
နောက် မယ်တော်ကြီးကိုယ်တိုင်မြို့အလည်ရောက်လာတဲ့အခါမှာလည်း မိမိရဲ့ သူငယ်ချင်း အခြားကိုရင်လေးများအတွက်ပါ စားစရာတွေပါအောင် ယူလာပါတော့တယ်။ နောက် ကိုရင်တွေ ဦးဇင်းတွေအားလုံးကိုလည်း မှာထားခဲ့လိုက်သေးတယ်။ “တပည့်တော်မတို့က တောကနေပဲ သားကိုရင်လေး ကျန်းမာပါစေ မေတ္တာပို့နေရတယ်ဘုရား ဦးဇင်းတို့ကိုရင်တို့က အနီးကပ်နေကြရတာဆိုတော့ သားမောင်ကိုရင် နေမကောင်းရင် ဂရုစိုက်ပေးကြပါဦး ၊တပည့်တော်မ အားလုံးကိုဦးတင်ပါတယ်ဘုရား………တဲ့လေ၊မိဘတွေလည်း မိမိသူငယ်ချင်းကောင်းများအကြောင်းကို အတွင်းကျကျသိခွင့်ရပြီး သားကိုရင်အတွက် စိတ်ချသွားရတာပေါ့။ ။
ဒါ့ကြောင့်လည်း မိဘနဲ့အနေဝေးနေတဲ့အချိန်တွေမှာ မိမိရဲ့အနီးဆုံးဖြစ်တဲ့ သူငယ်ချင်းကောင်းများကျေးဇူးကြောင့်သာ မပင်မပန်း ဘ၀ကိုဖြတ်သန်းနိုင်ခဲ့တယ်လို့ပဲ ဆိုလိုက်ပါရစေတော့။
ဒီနေရာမှာ မြတ်စွာဘုရား မိန့်တော်မူထားခဲ့သလို မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းများကြောင့် ရာနှုံးပြည့် အကျိုးကျေးဇူးတရားများ ခံစားသွားကြရတဲ့ ၀တ္ထုသာဓကလေးတစ်ခု ထုတ်ပြချင်ပါသေးတယ်။
အဖြစ်ပျက်လေးကတော့ ကဿပ ဘုရားရှင်သာသာနာတော်နောက်ပိုင်း သာသနာကွယ်လုလုအချိန်မှာဖြစ်ခဲ့တာလေးပါ။
(ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)

No comments:
Post a Comment