
(၉) ကျမ်းဂန်ပလိဗောဓ
စာပေကျမ်းဂန်ဆိုတာ နိဗ္ဗာန်ခရီးလမ်းကြောင်းမှာ သူမပါလို့လည်း မပြီးပါဘူး ။ ဘုရားရှင်သက်တော်ထင်ရှားမရှိတော့တဲ့နောက်မှာ အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဇေတ၀န်ကျောင်းတော်ရာ ၊၀ိသာခါရဲ့ ပုဗ္ဗာရာမ နေရာတွေသွားကြည့်လည်း အုပ်ခုံ အုပ်ပုံတွေပဲတွေ့ရမှာပါ ။ တကယ့်ဘုရားရှင်နဲ့တွေ့ချင်တယ် ဘုရားတရားစကားကိုနာကြားပြီးလိုက်နာကျင့်ကြံချင်တယ်ဆိုရင် ပိဋကတ်ကျမ်းစာတော်တွေဆီအရောက်သွားပါလို့ ဆိုရမှာပါပဲ ။ ဒီကျမ်းစာတွေဟာ သံသရာထွက်မြောက်ရေးအတွက်လမ်းပြပေးပါလိမ့်မယ် ။သို့သော် ထိုကျမ်းစာတွေသင်ရင်နဲ့ပဲ အချိန်တွေကုန်ပြီး ရဟန်းတရားကြိုးစားအားမထုတ်နိုင်ခဲ့ရင်တော့ လှော်ရင်းနစ်နေတဲ့လှေလို ကျမ်းဂန်ကြောင့်ပဲ ပလိဗောဓ နိဗ္ဗာန်သွားမယ့်လမ်းမှာ အဟန့်အတားဖြစ်သွားစေနိုင်ပါတယ်။
ဒေ၀မထေရ်အကြောင်း
မဇ္ဈိမနိကာယ်ကို အာဂုံဆောင်နိုင်သော ဒေဝမထေရ်သည် မလယအရပ်၌ နေသော ဘွဲ့တူ ဒေဝမထေရ်ကြီးထံသွား၍ ကမ္မဋ္ဌာန်းတောင်းရာ ''ငါ့ရှင် စာပေ ပရိယတ် လေ့ကျက်သင်အံဖူးပါသလော''ဟု မေးပါသတဲ။့
''မဇ္ဈိမနိကာယ်ကို နှုတ်တက်ဆောင်ပါသည် ဘုရား''ဟု လျှောက်ထားရာ
''ငါ့ရှင် ဤမဇ္ဈိမနိကာယ် မည်သည် ဆောင်ရန် ခက်ခဲ၏၊
မူလပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သူအား မဇ္ဈိမပဏ္ဏာသသည် နှုတ်သို့ရောက်လာတတ်၏၊ ထိုမဇ္ဈိမပဏ္ဏာသကို ရွတ်အံသရဇ္ဈာယ်သော သူအား ဥပရိပဏ္ဏာသသည် နှုတ်သို့ ရောက်လာတတ်၏၊
သင့်အား အဘယ်မှာ လျှင် ကမ္မဋ္ဌာန်း (နှလုံးသွင်းမှု) ဖြစ်နိုင်လိမ့်မည်နည်း''ဟု စာပေကျန်းဂန်က ကမ္မဋ္ဌာန်းဘာဝနာအလုပ်အား အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း မိန့်တော်မူရာ
''အရှင်ဘုရားတို့အထံ၌ ကမ္မဋ္ဌာန်းကို ရပြီးသည် ရှိသော် (ပရိယတ်ကို) နောက်တဖန်ပြန်၍ မကြည့်ပါတော့အံ့ အရှင်ဘုရား''ဟု လျှောက်ထားမှသာလျှင် ကမ္မဋ္ဌာန်းရှူကွက်ကို သင်ပြပေးသတတ်။
ကမ္မဋ္ဌာန်းကို ယူပြီးလျှင် ၁၉-နှစ်ပတ်လုံး ရွတ်အံ သရဇ္ဈာယ်ခြင်းကို မပြုပဲ အနှစ်နှစ်ဆယ်မြောက်၌ အရဟတ္တဖိုလ်သို့ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုမဇ္ဈိမနိကာယ်ဆောင် ဒေမမထေရ်ကြီး ရဟန္တာဖြစ်သွားကြောင်း ကြားသိကြရသောအခါ ပရိယတ်စာပေကို
ပြန်လည်သင်ကြားပို့ချပေးစေအံ့ဟုကြံကာစာသင်သားသံဃာတော်များ စုရုံး၍ ချဉ်းကပ်ကြရာ ''ငါ့ရှင်တို့ ငါသည် ပရိယတ်ကို မကြည့်သည်မှာ အနှစ်နှစ်ဆယ် ရှိပေပြီ၊ (သို့သော်လည်း) ငါသည် ဤမဇ္ဈိမနိကာယ်၌ လေ့လာကျေပြွန်ပြီး ဖြစ်၏၊ အားထုတ်ကြပါကုန်''ဟု ဆိုပြီးလျှင် အစမှစ၍ အဆုံးတိုင်အောင် ရွတ်ဆိုပြတော်မူရာ အက္ခရာတလုံးမျှ၌ သော်လည်း ယုံမှားမှု မဖြစ်ပေပဲ အားလုံးမှန်ကန်စွာ စွဲမြဲမှတ်မိနေပါသတဲ့ ။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ပရိယတ္တိယေ၀ သာသနမူလံ….
သာသနာတော်နှစ် ၄၅၀-မတိုင်မီ သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ) မှာ ဗြဟ္မဏတိဿ မိစ္ဆာသူပုန်ဘေးကြီးဖြစ်ပေါ်ခဲ့၍ သာသနာတော်လည်း မှေးမှိန်ခဲ့ရပါတယ်။ ထိုစဉ်က ရဟန်းတော်တချို့က အိန္ဒိယဖက်ကိုကူးသွားကြပြီး ပိဋကတ်တော်များကို စောင့်ရှောက်ကြရပါတယ်။ အိန္ဒိယဖက်ထိမကြွနိုင်ကြသော သံဃာတော်များကလည်း ဖြစ်တဲ့နည်းနဲ့ ပိဋကတ်တော်တွေမပျောက်ပျက်ဖို့ အသက်နဲ့လည်းစောင့်ရှောက်ရွတ်အံခဲ့ကြရပါတယ်။ ယခုခေတ်လို ကွန်ပျူတာတွေ ဒေတာဆော့ဝဲတွေ ။စာအုပ်တွေကျောက်စာပေစာတွေနဲ့ မှတ်တမ်းတင်ထားကြတာလည်းမဟုတ်တော့ နေ့စဉ်မမေ့အောင် ရွတ်ဆိုခြင်းနဲ့ပဲ အာဂုံဆောင်ကြရတဲ့ခေတ်ပါ။ဆွမ်းမရလို့ ရေသောက်ဗိုက်မှောက်နေကြရတဲ့နေ့တွေမှာတောင် ၀မ်းအေးခေါင်းအေးအောင် သဲပုံကြီးကိုရေဖြန်းကာ ထိုသဲပုံကိုခေါင်းစိုက်ကာ စာပြန်ခြင်းဖြင့် ထိန်းသိမ်းတော်မူခဲ့ကြရတာ နှစ်ပေါင်း (၁၂)နှစ်တိုင်တိုင်ကြာပါသတဲ့။
နောက် သူပုန်ဘေးကြီးငြိမ်းလို့အိန္ဒိယကပြန်ကြွလာကြသော သံဃာတော်များနှင့် ကျန်ရှိခဲ့ကြသည့်သံဃာတော်များ ပိဋကတ်တော်များကို တဖန်ပြန်၍ နှီးနှောတိုက်ဆိုင်ပြီး စတုတ္ထသံဃာယနာ တင်ခဲ့ကြရပါတယ်။ တိုက်ဆိုင်စစ်ဆေးကြည့်ကြရာမှာ တစ်လုံးတစ်ပါဒမျှ ကွဲလွဲမှုမရှိပဲ အားလုံးမှန်ကန်တာတွေ့ရပါသတဲ့။
နောက်ထပ်တစ်ဖန် သံဃာတော်များအားလုံး သာသနာမကွယ်ပျောက်စေဖို့ဆိုရင် ပရိယတ်ကအဓိကကျသလား ပဋိပတ်ကအဓိကလား ထပ်မံဆွေးနွေးကြပြန်တော့
ပဋိပတ်အားသန်တော်မူကြတဲ့မထေရ်များက မဟာပရိနိဗ္ဗာနသုတ်တော်လာ “သုဘဒ္ဒ၊ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿာ” ”သုဘဒ္ဒ ရဟန်းတော်များ ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသမျှကာလပတ်လုံး၊ အရိယာသာဝကများမဆိတ်သုံးနိုင်ပဲ သာသနာတော်လည်း စီပင်နေပါလိမ့်မယ် ” ဆိုတဲ့စကားရပ်ကိုထောက်ပြကြကာ ပဋိပတ်သာ သာသနာတော်ရဲ့အသက်ဖြစ်ကြောင့် ကျင့်သူမရှိလျှင် လမ်းပြမြေပုံဆိုတာဟာလည်း အသက်ဝင်တော့မည်မဟုတ်ကြောင်း လျှောက်ထားကြပါတယ်။
ထိုအဆိုသည်လည်းလွန်စွာသတိထားလေးစားရမယ့်အချက်ပါပဲ ။နောက်ထပ် သံဃာတော်တစ်ချို့အဆိုတင်သွင်းလာသည်မှာလည်း အလွန်အဖိုးတန်လှပါတယ် ထိုအရှင်မြတ်များဖြည့်စွက်လျှောက်ကြားကြသည်ကား….
ဒသ အတ္ထဝသေ ပဋိစ္စ ဘဂဝတာ ပဌမံ ပါရာဇိကံ ပညတ္တံ -- သံဃသုဋ္ဌုတာယ၊ သံဃဖာသုတာယ၊ ဒုမ္မင်္ကူနံ ပုဂ္ဂလာနံ နိဂ္ဂဟာယ၊ ပေသလာနံ ဘိက္ခူနံ ဖာသုဝိဟာရာယ၊ ဒိဋ္ဌဓမ္မိကာနံ အာသဝါနံ သံဝရာယ၊ သမ္ပရာယိကာနံ အာသဝါနံ ပဋိဃာတာယ၊ အပ္ပသန္နာနံ ပသာဒါယ၊ ပသန္နာနံ ဘိယျောဘာဝါယ၊ သဒ္ဓမ္မဋ္ဌိတိယာ၊ ဝိနယာနုဂ္ဂဟာယ။..ဆိုတဲ့ဘုရားစကားတော်အရ ၀ိနည်းတရားသည်သာ သာသနာတော်၏အသက်သွေးကြောဖြစ်ကြောင်း ၀ိနည်းတော်ကိုမှ လုံအောင်မကျင့်ကြံနိုင်ကြပဲ ဘယ်လိုနည်းနှင့်မျှ နောက်တဆင့်တက်ကာ ပဋိပတ်အလုပ်အားထုတ်ပြီး ပဋိဝေဓသာသနာတော်လည်း စည်ပင်မည်မဟုတ်ကြောင်း
''ပဉ္စိမေ၊ ဘိက္ခဝေ၊ အာနိသံသာ ဝိနယဓရေ ပုဂ္ဂလေ -- အတ္တနော သီလက္ခန္ဓော သုဂုတ္တော ဟောတိ သုရက္ခိတော၊ ကုက္ကုစ္စပကတာနံ ပဋိသရဏံ ဟောတိ၊ ဝိသာရဒေါ သံဃမဇ္ဈေ ဝေါဟရတိ၊ ပစ္စတ္ထိကေ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဏှာတိ၊ သဒ္ဓမ္မဋ္ဌိတိယာ ပဋိပန္နော ဟောတီ''တိ (ပရိ၊ ၃၂၅)။ဆိုတဲ့ ဘုရားဟောမူရင်းစကားတော်မှာကို ၀ိနည်းလေးစားသူအရှင်မြတ် ၀ိနည်းဓိုရ်ဆရာတော်များသာလျှင် သာသနာအဓွန့်ရှည်ဖို့ ကျင့်ကြံသူစစ်စစ်များဖြစ်ကြကြောင့် မိန့်ဆိုတာခြင်းကိုထောက်၍လည်း ၀ိနည်းဆိုတဲ့ ပရိယတ်သာသနာတော်သာ မူလရင်းမြစ်ကျကြောင်း။
သဒ္ဓမ္မဋ္ဌိတိယာ သူတော်ကောင်းတရားကြာရှည်တည်တံ့စေခြင်းငှါ သိက္ခာပုဒ်တော်တွေပညတ်တော်မူရတယ်လို့လာပါတယ် နောက်ဝိနည်းကိုဆောင်တဲ့ပုဂ္ဂိုလ်ဟာ သာသနာကြာရှည်စေခြင်းငှါ ကျင့်သူမည်ပေတယ်လို့ဟောထားတာကြည့်ရင် ဘုရားကိုယ်တော်တိုငိဟောတော်မူခဲ့တယ်ဆိုတာ သေချာနားလည်သဘောပေါက်ကြရမှာပါ
ဝိနယ ပါရာဇိကဏ်အဋ္ဌကထာ (ဝိ၊ဋ္ဌ၊၁၊၁၁)လာ သံဃာယနာတင်ခမ်းမှာလည်း …
နိသိန္နေ တသ္မိံ အာယသ္မန္တေ မဟာကဿပတ္ထေရော ဘိက္ခူ အာမန္တေသိ -- ''အာဝုသော၊ ကိံ ပဌမံ သင်္ဂါယာမ၊ ဓမ္မံ ဝါ ဝိနယံ ဝါ''တိ? ဘိက္ခူ အာဟံသု -- ''ဘန္တေ မဟာကဿပ၊ ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု၊ ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ၊ တသ္မာ ပဌမံ ဝိနယံ သင်္ဂါယာမာ''တိ၊။ အရှင်မဟာကဿပမထေရ်ကြီးက ပဌမသံဃာယနာမှာ ရဟန္တာထေရ်ရှင်ချည်းသာဖြစ်တော်မူကြတဲ့ သံဃာပရိသတ်ကို ဓမ္မနဲ့ ၀ိနယ ဘယ်အရာကို အရင်ဦးဆုံးသံဃာယနာတင်ကြမလဲဆိုတော့ အားလုံးကတင်ပြခဲ့ကြကြောင်း ဒီပါဠိ အဌကထာလာ ဘုရားစကားတော် ရဟန္တာအရှင်မြတ်အားလုံးရဲ့သဘောထားကိုထောက်ဆခြင်းအားဖြင့်
သုတ္တာန် အဘိဓမ္မာဟူသော ဒုတိယမြောက် ကျင့်စဉ်တရားများထက်လည်း ၀ိနည်းတော်ကသာ သာသနာရဲ့ မူလပထမ ရင်းမြစ်ဖြစ်ပါကြောင်း ဒါ့ကြောင့် ပရိယတ်တရားတော်လမ်းညွှန်ချက်မပါဘဲလည်း မည်သည့်နည်းနှင့်မျှ မှန်ကန်တည့်မတ်စွာ ကျင့်ကြံအားထုတ်လို့ရမည်မဟုတ်ကြောင်း ဒါ့ကြောင့် သာသနာတော်ရဲ့နှလုံးသည်းပွတ်သည် ပဋိပတ်အားထုတ်လို့ ပဋိဝေဓအသီးအပွင့်များ အောင်မြင်ပေါက်မြောက်မှုအမှန်တကယ်ဖြစ်သော်လည်း လမ်းညွှန်မြေပုံ ပရိယတ်မှာ မပါမဖြစ်၍ မူလပထမရင်းမြစ်ဖြစ်ပါကြောင်း လျှောက်ထားခဲ့ကြပါတယ်။
ဒီအဆိုကို အားလုံးသဘောတူတော်မူကြ၍ ပရိယတ္တိယေ၀ သာသနမူလံ လို့ တညီတညွှတ်ထဲ ဆုံးဖြတ်ကာ ပရိယတ်သာသနာမကွယ်ပဖို့ လုံ့လ၀ါယမ အထူးစိုက်တော်မူခဲ့ကြရတာဖြစ်ပါတယ်။
ဒါဆိုပရိယတ်ကို သင်ယူရမယ် ပို့ချရမယ် ဒါမှလည်း နည်းမှန်လမ်းမှန် ကျင့်ကြံအားထုတ်နိုင်မယ်မဟုတ်ပါလား ။ဒီလိုစာပေပရိယတ်သင်ကြပြီဆိုပြန်တော့ နည်းမှန်လမ်းမှန်သင်ယူနိုင်ကြစေဖို့ စာသင်နည်းမှာ သုံးမျိုးရှိကြောင်း ပါရာဇိကဏ်အဌကထာမှာ ဖွင့်ဆိုသတိပေးထားပါတယ်
ပရိယတ်စာပေကိုသင်ယူတယ်ဆိုတာက ငါသိငါတတ် ဆရာတစ်ဆူပါရဂူကြီးအဖြစ် ၀င့်ကြွားလိုလို့ သင်ကြရတာမဟုတ်ပါဘူး ဘယ်လိုကြင့်ကြံရမယ် နေထိုင်ရမည်ဆိုတာတွေ သိနားလည်အောင်လို့ပါ။ ဒီလို သိသည့်အတိုင်း ကျင့်ကြံနေထိုင်မယ်လို့ သင်ယူတာကို နိဿရဏတ္ထ ပရိယတ်လို့ခေါ်ဆိုကြောင်း ၊
ရဟန္တာထေရ်ရှင်များသည်လည်း ဘုရားသာသနာတော်ကိုချီးမြှောက်လိုလို့ သင်ယူပို့ချကြပါကြောင့် ထိုရဟန္တာတို့ သင်ယူခြင်းကား ကိုယ်ပိုင်သိမြင်ပြီးတရားဓမ္မတွေကို ဘုရားနည်းလည်းကျ ထပ်မံသင်ယူကြခြင်းဖြစ်၍ ဘဏ္ဍာဂါရိက ပရိယတ်လို့ခေါ်ဆိုကြောင်း။ ဒီလိုမဟုတ်ပဲ သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုပ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင်တော့ ပိဋကတ်မတတ်မြောက်လျှင်အကောင်းသား တတ်မြောက်လာမှ ဆက်လက်မကျင့်ကြံအားမထုတ်ပဲ တိပိဋကဓရ ကပိလမထေရ်ကြီးကဲ့သို့ သာသနာဖျက်လုပ်ငန်းများလုပ်ပြီး အပါယ်သို့ရောက်ရတတ်ကြောင်း ဒီလိုလမ်းမှားသင်ယူခြင်းမျိုးကား မြွေကိုအလိုရှိလို့ ဖမ်းသူဟာ အဖမ်းမတတ်လျှင် ထိုမြွေကိုက်လို့ သေဆုံးရဘိသကဲ့သို့ဖြစ်၍ အလဂဒ္ဓူပမာ စာသင်နည်းမျှသာဖြစ်၍ အကျိုးမဲ့မည်သာဖြစ်ကြောင်း ဖွင့်ဆိုပြထားပါတယ်။ ဒီတော့ ကျွန်ုပ်တို့သည် ဘုရားသားတော်များသည်လည်း ဆေးက အဆိပ်ဖြစ်မသွားစေဖို့ အရမ်းအရေးကြီးလှပါတယ် ။
ပရိယတ်ကိုတတ်အောင်သင်ယူပြီး ဆက်လက်လက်ဆင့်ကမ်းပို့ချပေးနေပေမယ့်လည်း မိမိကိုယ်တိုင်သိအောင် မကျင့်လျှင် ပေါဌိလမထေရ်ကြီးကို ဘုရားရှင်ကဲ့ရဲ့တော်မူသကဲ့သို့ အနှစ်သာရမဲ့တဲ့ဘ၀တစ်ခုသာ ဖြစ်နေပါလိမ့်ဦးမယ် ပေါဌိလမထေရ်ဆိုတာက နှယ်နှယ်ရရမဟုတ်ပါဘူး ဘုရားခုနှစ်ဆူတို့ရဲ့သာသနာမှာ တိပိဋကဓရကြီးအဖြစ်နဲ့ ရဟန်းတော်ငါးရာကို စာချပေးနေတဲ့ အကျော်ဒေးယျ ဆရာတော်ကြီးတစ်ပါးပါ။
……………………………………….
ပေါဌိလထေရ်ကြီး အကြောင်း..
ဘုရားခုနစ်ဆူတို့ရဲ့ သာသနာနဲ့ကြုံပါလျှက်နဲ့ တရားအားထုတ်ဖို့ စိတ်မကူး ။စာချဆရာတော်အဖြစ်နဲ့သာ ပျော်မွေ့နေတဲ့ ထိုမထေရ်ကြီးကိုကြည့်ပြီး မြတ်ဗုဒ္ဓကသနားတော်မူတယ် ဘုရားခုနစ်ဆူတို့သာသနာမှာ ရဟန်းအဖြစ်ကိုလည်းရ ပိဋကတ်သုံးပုံကိုလည်း အာဂုံဆောင်ကာ ရဟန်းငါးရာတို့ကို အမြဲမပြတ် ပိဋကတ်တွေကိုပြန်လည်ပို့ချပေးနေပါလျှက် ကိုယ့်ဒုက္ခလွတ်အောင်ကျ ကိုယ်မရုန်းဘူး သံသရာမှလွတ်မြောက်လိုတဲ့ဆန္ဒမရှိရှာဘူး သူ့ကိုငါထိတ်လန့်သံဝေဂရစေဦးမှပဲဟုကြံလျှက် ပေါဌိလမထေရ်ကြီး ဘုရားထံအဖူးမြော်ရောက်လာတာတိုင်း
''ဧဟိ၊ တုစ္ဆပေါဋ္ဌိလ” ”ဟဲ့ အကျိုးမပြီး အချီးနှီးအလကလားကောင် ပေါဌိလကြီးလာလာ” လို့ ရှေ့တော်မှောက်ဝင်ခွင့်ပေးသတဲ့ ၊
ရှိခိုးပြန်တော့လည်း “ဝန္ဒ၊ တုစ္ဆပေါဋ္ဌိလ” “အေး အေး အလကားကောင်ကြီး ရှိခိုးလော့ ၊”
” နိသီဒ၊ တုစ္ဆပေါဋ္ဌိလ၊ ”သင့်တော်တဲ့နေရာထိုင်..လို့မိန့်သတဲ့ ။ ဘုရားဖူးပြီး ပြန်တော့မည့်အကြောင်း
လျှောက်ထားပြန်တော့လည်း “ယာဟိ၊ တုစ္ဆပေါဋ္ဌိလာ''”အေးအေး အချီးနှီး အလကား ပေါဌိလကြီး ကြွပေးဦးရော့”လို့ မိန့်တော်မူပါသတဲ့ ။
ဒီတင်ပေါဌိလကြီး ကြီးစွာစိတ်မကောင်းဖြစ်ရပြီပေါ့ ငါ့မှာတော့ သတ္တ၀ါတွေအကျိုး သာသနာတော်အကျိုး အားကြိုးမာန်တက် ကြိုးစားပြီး စာပေပရိယတ်တွေသင်ယူခဲ့ စာပေတွေပြန်လည်ပို့ချပေးနေခဲ့ရတယ်။ ငါ့ကိုယ်ငါလည်း တကယ့်အနှစ်သာရပြည့်ဝတဲ့ဘ၀လို့ ခံယူထားခဲ့တာဘဲ။ ခု ဘုရားရှင်ကငါ့ကို “တုစ္ဆ ပေါဌိလ”အကျိုးမပြီး အချီးနှီး အလကားကောင်ကြီး အလကားကောင်ကြီးနဲ့ သံဃာအလည်မျက်နှာငယ်ခဲ့ရတယ်။ ဘာလို့ပါလိမ့် ဘာလို့ပါလိမ့် …။ သူအဖန်ဖန်အထပ်ထပ်စဉ်းစားရင်း နောက်ဆုံးသူအဖြေရလာတာက သြော ငါ့မှာ ပရိယတ်သာသနာပဲအငှါးပိုင်ပိုင်ပြီး အဘဘုရားနွားတွေ အငှါးကျောင်းနေရပါပကော ၊အဘဘုရားက နွားပိုင်ရှင်ဖြစ်အောင်လုပ်ဖို့ ငါ့ကိုသတိပေးနေတာပဲ။ ဒီနေ့ကစပြီး ငါ့သန္တာန်မှာ ပရိယတ်ဆိုတဲ့လမ်းပြမြေပုံစာရွက်ကြီးကိုင်ကျေနပ်နေလို့မဖြစ်တော့ဘူး။ ပဋိပတ်ကိုအားသွန်ကြိုးစားပြီး သာသနာရဲ့အနှစ် အသီးအပွင့်ဖြစ်တဲ့ ပဋိဝေဓ မဂ်ဖိုလ် ငါ့ကိုယ်မှာကိန်းစေရမယ်၊ ဒီအခါကျမှ အနှစ်သာရပြည့်ဝတဲ့ ပေါဌိလမထေရ်ကြီးအဖြစ်နဲ့ သာသနာ့ဂုဏ်ကိုဆောင်ပြီး ဘုရားရှင်ချီးမွမ်းစေရမယ်၊ ငါလိုပရိယတ်အကျော်ဒေးယျဆရာတော်ကြိုးစားရင် ကမ္မဋ္ဌာန်းတရားလွယ်လွယ်ရနိုင်ပါတယ်လို့လည်း တရားအားထုတ်မယ့်ဟာတောင် စာမာန်ခံနေပြန်ပါသတဲ့။
ဒါနဲ့ သူနေထိုင်သီတင်းသုံးရာကျောင်းတော်ကြီးကနေ ဘယ်သူမှမသိအောင်တိတ်တဆိတ်ထွက်ပြီး ရဟန္တာအပါးသုံးဆယ်သီတင်းသုံးနေတဲ့တောကျောင်းလေးအရောက်သွားပြီ သံဃာ့ထေရ်ရန္တာကြီးထံချည်းကပ်ပြီး ကမ္မဋ္ဌာန်းအားထုတ်နည်းလေးပေးဖို့ လျှောက်ထားပါသတဲ့။
ရဟန္တာကိုယ်တော်ကြီးက သူ့အတွင်းအဇ္ဈာသယကြည့်လိုက်တော့ စာမန်ခံနေတယ်ဒီမာနကို အရင်ဆုံးခွါချနိုင်အောင် ဆုံးမရဦးမယ်ဆိုကာ ။
ဘယ်လိုပြောလိုက်ပါလိမ့် ငါ့ရှင် သင်ဟာ သံဃာ့အလည်မှာ အလွန်အင်မတန်ထင်ရှားကျော်ကြားလှတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ငါတို့လိုတောကျောင်းကမထင်မရှားကိုယ်တော်တွေထံ လာကမ္မဋ္ဌာန်းတောင်းရတယ်လို့ သင်ရောက်တုန်းရောက်ခိုက် တို့တောနေရဟန်းများကိုသာ ညွှန်ကြားဆုံးမရမယ်မဟုတ်ပါလား။
ဟာ အဲလိုမဟုတ်သေးပါဘူးဘုရား တပည့်တော်မှာ ကိလေသာတန်းလန်းနဲ့မို့ ဒီကိလေသာရောဂါပျောက်အောင် ကုစားချင်လို့ပါဘုရား။
အေး အေး မင်းတကယ်အားထုတ်ချင်ရင် ငါတော့မအားသေးဘူးကွဲ့ …ဒုတိယမထေရ်ထံ နည်းသွားခံပါချေလို့ လွှဲလိုက်ပြန်တယ်။
ဒုတိယမထေရ်ထံရောက်ပြန်တော့လည်း သံဃာ့ထေရ်ကြီးက သူကမ္မဋ္ဌာန်းမပေးဘဲ အဘယ့်တွက်ငါ့ဆီလွှတ်လိုက်ပါလိမ့် ကြည့်လိုက်တော့ သူ့မာနမကျပဲ တရားအားထုတ်နေရင် ဘယ်လိုမှ တရားထူးမရနိုင်မှန်းသိသွားပြီး ငါလည်းမအားဘူး ။ငါ့အောက်ကထေရ်ထံတောင်းပါ။
ဒီလိုဒီလိုတွေ လွှဲလွှဲနေကြရာက နောက်ဆုံး ခုနှစ်နစ်သားနဲ့ရဟန္တာဖြစ်ပြီး ဘာပရိယတ်မှမရှိသေးတဲ့ ကိုရင်ငယ်လေးထံရောက်သွားပါတော့တယ်။
ဒီတစ်ခါတော့ ပေါဌိလကြီးတော်တော်လေး စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး မာနပါနည်းနည်းကွာစပြုလာပြီလေ။ ကဲလေမထူးပါဘူး တကယ်သံသရာဒုက္ခကလွတ်မယ့်အရေး ကိုယ်ရင်လေးကိုဆရာတင်ပြီး ကမ္မဋ္ဌာန်းတောင်းရတော့မှာပဲဆိုပြီး ထိုကိုရင်ငယ်လေးအား…
ဆရာ တပည့်တော်ကိုသနားသောအားဖြင့် ကမ္မဋ္ဌာန်းပေးပါဘုရားလို့ လျှောက်ထားသတဲ့ ။
ကိုရင်ငယ်လေးကလည်း အရှင်ဘုရား တပည့်တော်ကခုမှ ခုနစ်နှစ်အရွယ်သာမဏေငယ်မျှသာရှိပါသေးတယ်။ဆရာထေရ်ရှင်ကသာ ပရိယတ်အရာ သင်ပြရမယ်မဟုတ်ပါလား…လို့ပြန်လျှောက်ထားတော့ ။
ပရိယတ်အရာမှာ ပါရဂူမြောက်တာနဲ့ ကမ္မဋ္ဌာန်းအားထုတ်နည်းနာနိဿယကို လက်တွေ့အားထုတ်ဖူးသူတွေလောက် မသိနိုင်ပါဘူးကိုရင်ဘုရား ။အသင့်ဆရာအားလုံးက ကိုရင့်ထံကမ္မဋ္ဌာန်းနည်းခံပါလို့ လွှတ်လိုက်လို့လာခဲ့ရတာပါ။
ဟုတ်ပါပြီဘုရား ဒါဆိုလည်း ဆရာခိုင်းတဲ့အတိုင်း တစ်သွေမတိမ်းလိုက်လုပ်နိုင်ရင် ကမ္မဋ္ဌာန်းပေးမယ်လို့ပြောလိုက်ပါသတဲ့။ပေါဌိလကြီးလည်း မာနကျိုးသွားပြီဖြစ်တဲ့အတွက် ဆရာကိုရင်စေခိုင်းရင် မီးပုံထဲခုန်ဆင်းဆို ဆင်းပါ့မယ် ကိုရင် လို့ တလေးတစားပြန်ပြောတော့မှာ
ကိုရင်လေးက ပေါဌိလထေရ်ကြီးကြည့်လိုက်တော့ သံဃထေရ်ကြီးများဝတ်တဲ့ အကောင်းစားသင်င်္ကန်းကြီးတစ်ပြောင်ပြောင်ဝတ်ထားတာကို မြင်ရတယ်။ အင်း ဟုတ်မဟုတ် စမ်းဦးမှပဲဟုဆိုကာ ။
ဟိုရေအိုင်ထဲကို ဆင်းပါဘုရားလို့ စစမ်းသတ်တာပေါ့ ။ ဥပမာ ငါ့တပည့်ဆို ငါခိုင်းတာလုပ်ရမယ် ခုထိုင်ထလုပ်ဆိုတာလိုမျိုးပေါ့။
ပေါဌိလကြီးလည်း ၀တ်မြဲတိုင်းဝတ်လျှက်ပဲ ရေအတွင်းဆင်းတာပါပဲ ရေစိုမှာပေါ့ကိုရင်တွေဘာတွေ အထွဋ်တက်မနေတော့ဘူး။ တကယ်တရားရချင်ပြီကိုး။
သင်္ကန်းစွန်းရေထိတော့မှ ကိုရင်ကတကယ်မာနကျိုးသွားမှန်းသိသွားပြီ ပြန်လာလို့ရပါပြီဘုရား ဆိုပြီးကမ္မဋ္ဌာန်းပေးသတဲ့ ။ကိုရင်လေးပေးတဲ့ကမ္မဋ္ဌာန်းက ရိုးရိုးလေး ဒါပေမယ့် လမ်းကြောင်းအင်မတန်မှန်ပါတယ်။
''ဘန္တေ၊ ဧကသ္မိံ ဝမ္မိကေ ဆ ဆိဒ္ဒါနိ၊ တတ္ထ ဧကေန ဆိဒ္ဒေန ဂေါဓာ အန္တော ပဝိဋ္ဌာ၊ တံ ဂဏှိတုကာမော ဣတရာနိ ပဉ္စ ဆိဒ္ဒါနိ ထကေတွာ ဆဋ္ဌံ ဘိန္ဒိတွာ ပဝိဋ္ဌဆိဒ္ဒေနေဝ ဂဏှာတိ၊ ဧဝံ တုမှေပိ ဆဒွါရိကေသု အာရမ္မဏေသု သေသာနိ ပဉ္စဒွါရာနိ ပိဓာယ မနောဒွါရေ ကမ္မံ ပဋ္ဌပေထာ''
အရှင်ဘုရား၊ အပေါက်ခြောက်ပေါက်ရှိတဲ့တောင်ပို့ထဲကဖွတ်ကို ရအောင်ဖမ်းချင်တယ်ဆို ကျန်တဲ့ငါးပေါက်လုံအောင်ပိတ် တစ်ပေါက်ကနေ သတိဝီရိယကြီးစွာနဲ့ ထွက်လာမယ့်ဖွတ်ကြီးကို မလွတ်တမ်းဖမ်းရပါမယ်။ ကမ္မဋ္ဌာန်းအားထုတ်ရာမှာလည်း မျက်စိ ၊နား ၊နှာ ၊လျှာ ၊ကိုယ်၊စိတ် ၊ဆိုတဲ့ ဒွါရခြောက်ပေါက်မှာ ဒွါရငါးပေါက်ကိုအလုံပိတ်ပြီး သတိဝီရိယကြီးစွာနဲ့ ကျန်တဲ့မနောဒွါရတစ်ပေါက်ကနေပဲ
မိမိစိတ်ကလေးကိုမိအောင်ဖမ်းရမှာ ဒါကမ္မဋ္ဌာန်းပဲ လို့ပြောလိုက်ရင်ပဲ တိပိဋကဓရဆရာတော်ကြီးသဘောပေါက်သွားတယ် ။
ဒါဆို ရှူနည်းရှူကွက်သဘောပေါက်ပါပြီဘုရားဟုလျှောက်ထားကာ ကမ္မဋ္ဌာန်းတရားပွားပါတော့တယ်။
ဘုရားရှင်လည်း တန်ခိုးအဘိညာဏ်ဖြင့် ပေါဌိလကြီးတကယ်ကြိုးစားအားထုတ်ပြီဆိုတာမြင်တော့ ကမ္မဋ္ဌာန်းအာရုံထင်ထင်လင်းလင်းဖြစ်ပြီး ညာဏ်ရှင်ရှင်းလာချိန်မှာ
“ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်မှုလုံ့လကြောင့် ပညာဖြစ်ပွား၏၊ အားထုတ်မှု လုံ့လမရှိခြင်း ကြောင့် ပညာကုန်ခန်း၏၊ ပညာဖြစ်ပွားခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်းနှစ်သွယ်ကို သိ၍ အကြင်လမ်းဖြင့် ပညာတိုးပွား၏၊ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏”
လို့ ဇေတ၀န်ကျောင်းတော်ကနေ ရောင်ခြည်တော်လွှတ်ကာ တရားဟောတော်မူလိုက်ရာ ဂါထာဆုံးသည်နှင့် အာသဝေါကုန်ခမ်း ရဟန္တာကြီးဖြစ်သွားပါတော့တယ်။
အထက်ပါ ပေါဌိလထေရ်ကြီးဝတ္ထုကိုထောက်လျှင် စာချစာသင်ခြင်းဖြင့်သာ ဘ၀ကိုမကုန်ဆုံးကြစေပဲ ဘုရားရှင်ချီးမွမ်းတော်မူတဲ့ ပဋိပတ်အလုပ်ကိုဆက်လက်အားထုတ်ကာ ပဋိဝေဓအသီးအပွင့်များခံစားနိုင်ကြဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။
……………………………………
ထို့ကြောင့် ပဋိပတ်ပဋိဝေဓသာသနာတို့၏ မူလရင်းမြစ်ဖြစ်တဲ့ ပရိယတ်စာပေများကိုသင်ယူလေ့လာမှတ်သားကြရင်း ဂန္ထပလိဗောဓ မဖြစ်စေမူ၍ ၊ထိုသိနားလည်တတ်မြောက်ကြသည့်အတိုင်း ဆက်လက်ကြိုးစား အားထုတ်နိုင်ကြစေရန် စိတ်ရည်သန်၍ ဂန္ထပလိဗောဓ အကြောင်း တစေ့တစ်စောင်းမျှ တင်ပြလိုက်ရပါတယ် ။ဘုရားသာသနာ၏ အနှစ်သာရဖြစ်တဲ့ ပဋိဝေဓသာသနာအရောက် လှမ်းလျှောက်နိုင်ကြပါစေကုန်
…………………………………………………
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)

No comments:
Post a Comment