Tuesday, June 26, 2012

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၃) *****

  
  မဇ္ဈိမနိကာယ် သိင်္ဂါလသုတ်တော်မှာ မိတ်ဆွေစစ်(၄) မျိုးလေးစားရှိကြောင်း
ဟောကြားတော်မူခဲ့ပါတယ်။

     (၁)မိမိမူးရူးနေလျှင်တောင်မှ မိမိနှင့် မိမိဥစ္စာပစ္စည်းတို့လုံခြုံအောင်စောင့်ရှောက်ပေးတတ်တယ် မိမိအန္တရာယ်တစ်စုံတစ်ရာကျရောက်တဲ့အခါ ပစ်မသွားပဲ မိမိရှေ့က မားမားမတ်မတ်ရပ်တည်ပေးတယ်။မိမိအခက်ခဲကြုံလျှင် လိုသလောက်ယူငင်သုံးစွဲလို့ရတယ် ဒီလိုပုဂ္ဂိုလ်မျိုးကို လက်ရှိမျက်မှောက်ဘ၀မှာ မိမိအပေါ် ကျေးဇူးများတဲ့ မိတ်ဆွေစစ်လို့ခေါ်ပါတယ်။



      (၂) သူ့ရဲ့ အတွင်းရေးကိုလည်း ဖွင့်ဟတိုင်ပင်လေ့ရှိတယ်၊မိမိကပြောပြတဲ့ လျို့ဝှက်ချက်များကိုလည်း နှုတ်လုံစွာစောင့်စည်းတယ်။ဘေးရန်ဖြစ်ပေါ်လာလျှင်လည်း အတူလက်တွဲပြီး ရင်ဆိုင်ဖြေရှင်းတယ်၊ မိမိအတွက်အသက်ပါစွန့်ပြီးကာကွယ်ပေးတဲ့သူမျိုးကိုတော့ မိမိနဲ့ တစ်သားထဲဖြစ်တဲ့မိတ်ဆွေစစ်လို့ဆိုပါတယ်။

(၃)မိမိလမ်းမှားနေလျှင် တည့်ပေးတယ် ၊အပြစ်ကင်းတဲ့အမှုကိစ္စတို့ကိုသာ လုပ်ကိုင်ဆောင်ရွက်စေတယ် ၊တရားဓမ္မနဲ့စပ်တဲ့စကားကိုသာပြောဆိုဆွေးနွေးပြီး နတ်ရွာသုဂတိလမ်းကို ညွှန်ပြပေးတဲ့သူမျိုးကိုတော့ အကျိုးစီးပွားပြောကြားတတ်တဲ့ သံသရာခရီးထိအောင် ကျေးဇူးများလှတဲ့ ဓမ္မမိတ်ဆွေစစ်လို့ဆိုပါတယ်။

(၄)မိမိအကျိုးစီးပွားကိုသာလိုလားပြီး အခြားသူများကမိမိမကောင်းကြောင်းပြောလာလျှင်တောင်မှ လုံးဝလက်မခံဘူး။ အခြားသူများထံမှလည်း မိမိရဲ့ဂုဏ်သတင်းကိုသာ ခံနားထောင်လေ့ရှိတယ်။ ဒီလိုမိတ်ဆွေမျိုးကိုတော့ မိမိအပေါ် အစဉ်သနားတတ်တဲ့မိတ်ဆွေစစ်လို့ ဆိုပါတယ်။

     ယခုပို့မှာဖော်ပြပေးနေတဲ့ ရဟန်းတော်ခုနစ်ပါးဟာလည်း တစ်ဦးနဲ့တစ်ဦး လမ်းမှန်သို့ရောက်အောင် ဆုံးမသြ၀ါဒပေးကြ၊ အပြစ်ကင်းပြီးတရားဓမ္မနဲ့စပ်တဲ့စကားကိုသာ ပြောဆိုဆွေးနွေးတိုင်ပင်လေ့ရှိကြတဲ့ ဓမ္မမိတ်ဆွေ စစ်စစ်များဖြစ်ကြပါတယ်။
                      ………………………………………………
       ကဿပဘုရားရှင်သာသနာနောက်ပိုင်းကာလမှာ ဓမ္မ၀ိနယပိုင်းမှာ ယိုယွင်းပျက်စီးလာသည့်အလျောက် ဓမ္မမဏ္ဍိုင်လည်း ယိမ်းယိုင်လာကာ သာသနာတော်ကြီးလည်း မကြာမီ အဆက်ပြတ်ကွယ်ပဖို့ တာစူနေပါတော့တယ်။

      ထိုအချိန်မှာ ထိုရဟန်းတော်ခုနစ်ပါးတို့ဟာ အညီအညွှတ်စည်းဝေးကြပြီး မိမိတို့ရှေ့ဆက်ရမယ့်ရပ်တည်ချက်အတွက် ဆွေးနွေးဖြစ်ကြပါသတဲ့ ။
       “မလိုက်နာမကျင့်ကြံကြတဲ့ လူ့ဗာလများကိုဟောကြားဆုံးမနေပါက သဲကိုကြိတ်က ဆီမရသကဲ့သို့ မိမိတို့သာ အကျိုးမဲ့အချိန်တွေကုန်ကြရတယ်။
    “ လူမိုက်တိရစ္ဆာန် နိဗ္ဗာန်စကား အလွန်ခါး၏”ဆိုတာလို နားမထောင်ပါဘူးဆိုမှ အခါခါဆုံးမနေမိရင် ဟောင်လွန်းသည့်ခွေး လူမလေးဖြစ်ရုံမှအပ အကျိုးမရပေဘူး ဒီတော့ ငါတို့ဖာသာ လူသူကင်းဝေးတဲ့နေရာသွားပြီး တရားအားထုတ်ကြစို့ရဲ့လို့ “တိုင်ပင်ဆွေးနွေးမိကြပါသတဲ့။


     ယင်းမထေရ်ခုနစ်ပါးတို့ ဆွေးနွေခဲ့ကြသည့်အတိုင်း ကိုင်း ဒီအတိုင်းဆိုမဖြစ်ချေဘူး ဘုရားသာသနာမကွယ်ခင် ငါတို့တွေထောက်တည်ရာရအောင် ကြိုးစားအားထုတ်မှဖြစ်တော့မယ်ဟု တညီတညွှတ်ထဲဆုံးဖြတ်ကြကာ ကဿပဘုရားရှင်ရဲ့ရွှေစေတီတော်ကြီးကို တောမထွက်ခင် နောက်ဆုံးအနေနဲ့
ဖူးမြော်ပူဇော်ကန်တော့ကြပါတယ်။ ထို့နောက် ထိုရဟန်းတော်ခုနစ်ပါးထဲမှာ သံဃမထေရ်ကြီးကခရီးကိုဦးဆောင်ကာ တောတွင်းသို့တရားကျင့်ဖို့ ၀င်ရောက်ခဲ့ကြပါတော့တယ်။

     တောတွင်းကတောင်ခြေအရောက်မှ မထေရ်ကြီးက သြ၀ါဒပေးပြီး “ငါ့ရှင်တို့ သံသရာခရီးတစ်လျှောက်မှာ အစာမစားရပဲသေခဲ့ရတဲ့ဘ၀တွေကလည်း များလှပြီပဲ ဒီတော့ ဘ၀ဆက်လက်ရှင်သန်လိုတဲ့အရှင်များ လှည့်ပြန်လိုကပြန်နိုင်ပါတယ် ။တပည့်တော်ကတော့ တရားရလျှင်ရ မရလျှင်လည်း တောင်ထိပ်မှာပဲ တရားရှူရင်း အသေခံသွားမယ်ဘုရား”
       ကျန်သောရဟန်းတော်ခြောက်ပါးကလည်း ထိုမထေရ်ကြီးရဲ့ ရဲရင့်ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုလုံးဝသဘောတူလက်ခံကြပြီး။ ထိုရဟန်းတော်ခုနစ်ပါးလုံးတို့၏ဆန္ဒက တရားရလျှင်ရ မရလျှင် တရားရှူရင်းအသေခံမယ်တဲ့…။
တကယ်ရဲဝံ့ပြတ်သားလှတဲ့ ဆုံးဖြတ်ချက်ချမှူကြီးပဲဖြစ်ပါတယ်။
     ထို့နောက် တောင်ထိပ်ကိုအရောက်တက်နိုင်ကြဖို့ လေကားတစ်ခုပြုလုပ်ပြီးတောင်ထိပ်ရောက်အောင်ကြိုးစားတက်ပြီး သူရဲဘောကြောင်ကာ ပြန်မဆင်းဖြစ်ပဲ တရားကိုရဲရဲကြီး အသက်ပေး အားထုတ်နိုင်ကြစေရန် ထိုလှေကားကြီးကိုအောက်ကန်ချလိုက်ကြပါတဲ့။
    ကဲအခုတော့ထိုကိုယ်တော်များအဖို့ ပြန်လမ်းလည်းမရှိတော့ပါဘူး တရားရအောင်အားထုတ်ရင်အားထုတ် တရားမရလျှင်လည်း အစာရေစာပြတ်ကာ သေဆုံးကြရဖို့ပဲရှိတော့တယ်။

       ဒီလိုအားထုတ်ကြရင်း ပထမညလွန်မြောက်လို့ အာရုံတက်ချိန်သို့ရောက်သည်နှင့်တပြိုင်နက် သံဃာမထေရ် ရဟန်းတော်ကြီးမှာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ကာ အဘိညာဏ်တန်ခိုးပါဝါများပါ ရရှိသွားပါတော့တယ် ။ ဒီတော့ သူက တန်ခိုးနဲ့ကောင်းကင်ပြန်ပြီး မြောက်ကျွန်းဆွမ်းခံကြွပြီး အနောဒတ်အိုင်မှ နွယ်ချိုဒန်ပူတွေပါ သယ်ဆောင်လာကာ “ငါ့ရှင်တို့ နွယ်ချိုတန်ပူို့နှင့်တကွ မြောက်ကျွန်းမှဆွမ်းကို ငါခံယူခဲ့ပြီ ၊လာရောက်ဘုဉ်းပေးသုံးဆောင်ကြပါလို့ ”ဆွမ်းဖြင့်ဖိတ်မံလိုက်ပါတယ်။

   ဒါပေမယ့် တကယ့်ကိုသန္ဒိဋ္ဌာန်ပြင်းထန်လွန်းကြတဲ့ ထိုအရှင်ခြောက်ပါးက ဆွမ်းစားဖို့ရန်ငြင်းပယ်ပြီး ၊အရှင်ဘုရား တပည့်တော်တို့တရားအားထုတ်ဖို့ ကတိက၀တ်ထားထွက်လာကြစဉ်က တန်ခိုးအဘိညာဏ်ရရှိပါက ဆွမ်းဆောင်ယူကျွေးကြစတမ်းလို့မပါပါဘူးဘုရား ။အသက်သေချင်သေပါစေဆိုပြိး လှေကားကြီးကန်ချခဲ့ပြီးကာမှ ယခုတဖန်ဆွမ်းကိုပြန်ခံယူစားသောက်နေကြပါက ရသတဏှာ၊ဘ၀တဏှာကို မတွန်းလှန်နိုင်ရာကျပါတယ် ။ တပည့်တော်များလည်း အရှင်ဘုရားကဲ့သို့ ရဟန်းကိစ္စပြီးလို့ တန်ခိုးအဘိညာဏ်ရတဲ့အခါကျမှ ကိုယ်တိုင်ဆွမ်းခံကြွစားပါတော့မယ်ဟု ပြန်လည်ပြောဆိုကြကာ မထတမ်းအားခဲ့ တရားအားထုတ်နေကြပါသတဲ့။

     ဒီလိုနဲ့အားထုတ်လာလိုက်တာ ဒုတိယနေ့မှာလည်း ဒုတိယမြောက်မထေရ်ကြီးဟာ အနာဂါမ်မိမဂ်ဖိုလ်ထိပေါက်မြောက်သွားပြီး တန်ခိုးအဘိညာဏ်များပါရရှိသွား၍ ရှေးနည်းအတူ ဆွမ်းခံပြီးဖိတ်မံပါသေးတယ် ။ဒါပေမယ့် ကျန်ရဟန်းငါးပါးကား “အရှင်ဘုရား တပည့်တော်တို့ကတိက၀တ်ထဲမှာ ပထမမထေရ်ကြီးရဲ့ဆွမ်ကိုတော့မစားဘူး ၊ဒုတိယမထေရ်ရဲ့ ဆွမ်းခံကျွေးမှူကိုစားမည်လို့များ ပါခဲ့သလားဘုရား” “မပါခဲ့ပါဘူး ငါ့ရှင်တို့ ””ဒီလိုဆိုလျှင် တပည့်တော်တို့ဖာသာ တရားထုးရတဲ့ခါမှသာ ကိုယ်တိုင်ဆွမ်းခံစားပါတော့မယ်ဘုရား”ဟု ပယ်မြစ်ကာ ဆက်လက်ပြီး ကြိုးစား အားထုတ်ကြပြန်တယ်။
                 xxxxxxxxxxxxxxxxxxxxxxxxxxxxxx

     သို့သော်ထိုမထေရ်ငါးပါးတို့မှာ ထိုဘ၀၌ပင်လျှင် တရားထူးရအောင် အားထုတ်တော်မမူနိုင်ကြပဲ ခုနစ်ရက်မြောက်သော် အစာရေစာခြောက်သွေ့၍ ပျံတော်မူသွားကြလေသည်။
    ထိုရဟန်းတော်(၇)ပါးတို့အနက် ရဟန္တာဖြစ်သွားသောမထေရ်ကြီးကား သက်တမ်းကုန်ဆုံးရာအခါ၌ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။ ဒုတိယအနာဂါမ်ရဟန်းတော်သည်လည်း ထိုဘ၀မှစုတေလတ်သော် အနာဂါမ်ပုဂ္ဂိုလ်တို့လားရာ သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံသို့ ရောက်ရှိသွားလေတော့၏။ ကျန်ရဟန်းတော်ငါးပါးမှာကား ကာမာဝစရသုဂတိဘုံဖြစ်သော နတ်ပြည်၌ နတ်သားငါးရောက်သွားဖြစ်ကြကာ နတ်စည်းစိမ်ကို ခံစားစံစားကြရလေတော့၏။
    ထိုရဟန်းတော် ခုနစ်ပါးတို့၏ အသက်စွန့်ကာ ဘုရင့်နောင်ဖောင်ဖျက်ကိန်းဖြင့် တရားအားထုတ်ခဲ့ကြသည်ကား အကျိုးမပြီး အချီးနှီးမဖြစ်ခဲ့ပေ။

       ထိုရဟန်းခုနစ်ပါးတို့သည် အတူတူပရိယတ်စာပေတွေသင်ယူခဲ့ကြပါလျှက်၊ အတူတူကမ္မဋ္ဌာန်းတရားများရှူပွားခဲ့ကြပါလျှက် ၊ ရရှိအောင်မြင်သွားကြသော အကျိုးတရားမှာ မတူကြပဲ အရဟတ္တဖိုလ်ပေါက်မြောက်ကာ ရဟန္တာဖြစ်သွားသူ၊ အနာဂါမ်ဖြစ်ကာ ဗြဟ္မာ့ဘုံရောက်သွားသူနှင့် ပုထုဇဉ်အဖြစ်နှင့်သာ ဘ၀ကိုအဆုံးသတ်သွားရသူဟူ၍ သုံးမျိုးသုံးစားကွဲပြားသွားသည်ကို တွေ့ရပေမည်။ အဘယ့်ကြောင့်ဟူမည် ထိုအရှင်တို့၏ ပါရမီကြောင့်ဟု ဆိုရပေမည်။ မိမိသည် ယခုဘ၀မှာ ဘုရားသာသနာနှင့်လည်းကြုံ၊ တရားနည်းလမ်းကိုလည်းမှန်ကန်တိကျစွာသင်ယူလေ့လာခဲ့ရပါက ကြိုးစားအားထုတ်လျှင် ပါရမီပြည့်ဝပြီးသူသူတော်ကောင်းဖြစ်ပါက အနည်းဆုံးတမဂ်တဖိုလ်ပေါက် တရားထူးရမည်မှာ သေချာလှပေ၏။ ပါရမီနုသေးလျှင်ကား နောက်ဘ၀များမှာ ကျွတ်တမ်းဝင်နိုင်ဖို့ရန် အားကြီးသောအထောက်အပံ့ဖြစ်သွားနိုင်ပေ၏။
     သို့သော် ဒီဘ၀အားထုတ် ဒီဘ၀တရားထူးရကိုရရမည် ၊ပါရမီမလိုဘူးဟူ၍ကားလွဲမှားစွာမယူဆသင့်ပေ။ အကယ်၍ ပါရမီမလို လမ်းမှန်အတိုင်းကျင့်လျှင် ရကိုရနိုင်သည်ဆိုပါက ဘုရားရှင်သည် ကျွတ်ထိုက်သူသာဝကတို့၏ အချိန်အခါကို စောင့်နေမည်မဟုတ်ပဲ ဘုရားနှင့်တွေ့သည်နှင့် ဘုရားရှင်တော်က တရားအားထုတ်ရန်ကမ္မဋ္ဌာန်းတန်းပေးတော်မူမည်သာတည်း။
ထိုသို့ကားမဟုတ်ချေ။နောက်ဆုံးတရားထူးရကာ ရဟန္တာဖြစ်မည့်ဘ၀မှာပင်လျှင် ထိုကျွတ်ထိုက်သည့်သတ္တ၀ါ၏ ညာဏ်ရင့်ကျက်သည်အထိ စောင့်ဆိုင်းပြီးမှ တရားပြတော်မူရကြောင်းကို ၀က္ကလိတ္ထေရ၀တ္ထု၌
     သတ္ထာ တဿ ဉာဏပရိပါကံ အာဂမေန္တော ကိဉ္စိ အဝတွာ ''ဣဒါနိဿ ဉာဏံ ပရိပါကံ ဂတ''န္တိ ဉတွာ ''ကိံ တေ၊ ဝက္ကလိ၊ ဣမိနာ (ဓမ္မ၊ဋ္ဌ၊၂၊၃၈၁ ပူတိကာယေန ဒိဋ္ဌေန၊ ယော ခေါ၊ ဝက္ကလိ၊ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ ယော မံ ပဿတိ၊ သော ဓမ္မံ ပဿတီ''တိ (သံ၊ နိ၊ ၃။၈၇)ဟူ၍ ဖွင့်ဆိုထားပေသည်။

               မိုးကုတ်ဝိနိစ္ဆယမှ ပါရမီလို/လိုနှင့်ပတ်သက်၍ ဆုံးဖြတ်ထားသည်ကို စာရှူသူများ အမြင်ရှင်းစေဖို့ ထုတ်နှုတ်တင်ပြပေးချင်ပါသေးတယ်-

     ပဏ္ဍိတသာမဏေ သောပါကသာမဏေ အရှင်ဗေလဋ္ဌသီသ စသည်တို့ကဲ့သော
ပကတိသာဝကအလောင်းတို့သည် မည်မျှကြာအောင်ပါရမီဖြည့်ကြရမည်ဟု
ကာလသတ်မှတ်ချက်မရှိပေ ၊ ကမ္ဘာပေါင်းများစွာဘ၀ပေါင်းများစွာ ပါရမီဖြည့်ကြရလေသည်
(ဒီ ဋီ ။၁ ။ ၂၄၆ ၊ သီဋီသစ် ၂ ။၈၉ ၊ မ ဋီ ၁၃၅ ၊ သံ ဋီ ၂ ။၄၆၁)
(မှတ်ချက်) ပါရမီပြည့်ရမည့်ကာလဖြစ်သော်လည်း ဘုရားမပွင့်သော
သုညကမ္ဘာနှင့်တွေ့ကြုံနေပြန်လျှင် အချိန်ကာလစေ့သော်လည်း ကျွတ်တမ်းမ၀င်နိုင်ပေ၊
အချိန်ကာလလည်းစေ့မှ ဘုရားသာသနာနှင့်လည်းတွေ့မှသာ ကျွတ်တမ်းဝင်နိုင်ကြပေမည် ၊
ဆိုင်ရာဗာဓိညာဏ်တို့ကိုရ၍ အထွတ်အထိပ်သို့ရောက်ကြရပေမည်။

            …………………………………………………..

ထို့အပြင် သာဝကပါရမီညာဏ်ဟူသည်…..

သာဝကပါရမီညာဏန္တိ သာဝကာနံ ဒါနာဒိပါရိပူရိယာ နိဗ္ဗတ္တယဆဠဘိညာ စတုပ္ပဋိသမ္ဘိဒါဒိဘေဒံ
ညာဏံ (ဒီ ဋီ ၁။၁၃၆ /သီ ဋီသစ် ၁။၁၃၆)တို့နှင့်အညီ ဒါနစသောပါရမီတို့၏ ပြည့်ုစုံခြင်းကြောင့်
ရလာသောဝိဇ္ဇာသုံးပါး အဘိညာဏ်ခြောက်ပါး ပဋိသမ္ဘိဒါလေးပါးစသော ညာဏ်များတည်း ။ထိုညာဏ်များရင့်ကျက်ဖို့ရန် အနည်းဆုံး ကမ္ဘာတစ်သိန်းအောက် တစ်ခု နှစ်ခုသော ဗုဒ္ဓန္တရခေတ်တိုင်အောင်ဖြည့်ကျင့်ရမည်ဟု ယေဘုယျ မှတ်သားထားကြရမှာဖြစ်ပါတယ်။

ဓမ္မရုစိမထေရ်ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပင် ပါရမီဖြည့်ခဲ့ရကြောင်း
အပါဒါန်အဋ္ဌကထာ၌ ပြဆိုထားပေသည်။

                         ………………………………………………..       

ပါရမီရှိမှ တရားကိုသိမြင်နိုင် ……..

     စမ္ပာမြို့အနီး ဂဂ္ဂရာရေကန်ဘောင်ပေါ်၌ ဘုရားရှင်သည် ပရိတ်သတ်များးကိုတရားဟောကြားနေစဉ် ဖားလေးတစ်ကောင်ကလည်း
ပရိသတ်အစွန်တစ်နေရာ၌၀တ်လျှက် တရားတော်ကိုအာရုံပြုနေပါသတဲ့
၊နွားကျောင်းသားတစ်ယောက်ကလည်း ယင်းပရိသတ်အစွန်သို့ရောက်လာကာ တရားကိုနားစွန့်ရင်း
နွားရိုက်နှင်တံဖြင့် ယင်းဖားလေးကိုယ်ပေါ်ကို အမှတ်မထင်ထောက်လိုက်မိရာမှ
ဖားလေးမှသေဆုံးသွားပြီး ယင်းဓမ္မဿဝနကုသိုလ်ကံ၏အကျိုးကြောင့်
နတ်သားတစ်ပါးဖြစ်သွားရပါသတဲ့ ၊ ဒီတော့သူ့ဖြစ်ရပ်အလုံးစုံကိုပြန်ဆင်ခြင်ကြည့်မိတဲ့
ဖားနတ်သားလေးဟာ ဘုရားရှင်ထံပြန်လာပြီး ရိုသေစွာရှိခိုးရာ မြတ်စွာဘုရားကတရားဟောပြ၍
သောတာပတ္တိမဂ်ကိုရရှိသွားခဲ့ပါတယ်။

       ယင်းအတ္ထုပ္ပတ်ကိုထောက်၍ ဖားလေးပင် လွယ်လင့်တကူတရားထူးရ၍
ပါရမီကအဓိကမကျပါဘူးဟု နားမလည်စွာပြောဆိုသူတို့ရှိကြလေသည်
အမှန်မှာ ယင်းမြတ်စွာဘုရားတရားဟောတော်မူစဉ်က တရားကိုနှလုံးသွင်းနိုင်စွမ်းအားကြီးမားတဲ့
ဖားကလေးရဲ့ပါရမီကို သတိပြုရမည်ဖြစ်`၏ လူတွေမှာ အဆင့်တန်းကွာခြား
အသိညာဏ်ကွဲပြားကြသလို တိရစ္ဆာန်တွေမှာလည်း အဆင့်အတန်းအမျိုးမျိုးကွဲပြားကြလေသည် ။
ဝိမတိဝိနောဒနီ ဋီကာ၌် ယင်းဖားကလေးတရားနှလုံးသွင်းနိုင်ရခြင်းအကြောင်းကို “သရေ နိမိတ္တံ
အဂ္ဂဟေသီတိ ပုဗ္ဗဗုဒ္ဓုပ္ပါဒေသု ဓမ္မဿဝနပရိစယေန ‘ဧသောဓမ္မော ၀ုစ္စတီ’သရေ အာကာရံ ဂဏှိ။ ဟိ
ပုဗ္ဗာဘိယောဂ၀သေန ဤဒိသာနံ တိရစ္ဆာနံ ဓမ္မဿဝနာဒီသု ပသာဒေါ ဥပ္ပဇ္ဇတိ၊ ကိမိဝ ၀ဂ္ဂုလိအာဒီနံ
ဓမ္မဿဝနာဒီသု ပသာဒေါ ဥပ္ပဇ္ဇတိ ၀ိယ ”လို့ ဆိုထားတာတွေ့ရပါတယ် ။

      ဆိုလိုတာက ဘုရားအသံတော်၌ တရားတော်တည်းဟူသော
နှလုံးသွင်းမှမှတ်ကြောင်းနိမိတ်လက္ခဏာကိုယူနိုင်တာက ရှေးဘုရားရှင်တို့သာသနာတော်၌
တရားတော်ကိုနာယူမှတ်သားလေ့ကျက်ခြင်း၏အစွမ်းဖြင့် “ဒါဟာ တရားတော်ပါလား”ဟု
အသံတော်၌ အခြင်းအရာကိုယူနိုင်ခြင်းဖြစ်ပါတယ် ၊

     မှန်ပါတယ် ရှေး၌ ပြုလုပ်အားထုတ်ဖူးသည်၏အစွမ်းဖြင့် ဤသို့သဘောရှိသော တိရစ္ဆာန်တို့၏
တရားနာယူခြင်းအစရှိသည်တို့၌ ကြည်ညိုသဒ္ဓါသည်ဖြစ်ပေါ်လာဘိ၏။ ရှင်သာရိပုတ္တရာ၏
တပည့်အဘိဓမ္မာဆောင်ရဟန်းတော်များ အရင်ဘ၀တစ်ခုမှာ လင်းနို့သားငါးရာဖြစ်စဉ်က
တရားတော်ကိုနာယူခြင်း၌ ကြည်ညိုသဒ္ဓါဖြစ်ပေါ်သကဲ့သို့တည်း လို့ရှင်းထားတာပါ ။ ဒီတော့ ယ္ခုဘ၀အားထုတ်ပြီးရယခုဘ၀မှာပဲ တရားထူးရ/မရဆိုတာကတော့ မိမိရဲ့ပါရမီအနုအရင့်နှင့်သာ ဆိုင်ပါကြောင်းလည်း ရှာဖွေတင်ပြပေးလိုက်ရပါတယ်။

ပါရမီ လိုမလို ရှင်းလင်းချက်အကျယ်ကို မိုးကုတ်ဝိနိစ္ဆယမှာ လေ့လာကြည့်နိုင်ပါတယ်
http://www.mediafire.com/?wq5om8thsazzypl__                                …………………………………………………
       ဒါ့ကြောင့် ထိုအထက်ကတင်ပြပေးခဲ့သည့် ရဟန်းတော်ခုနစ်ပါးတို့ဟာ အားထုတ်ကြိုးစားကြပုံခြင်းတူညီကြပေမယ့် အကျိုးရပုံခြင်းက ကွဲပြားခြားနားသွားရတာဖြစ်ပါတယ် ။ဒီတော့ မိမိတို့လည်း ထိုရဟန်းတော်ခြောက်ပါးတို့ကဲ့သို့ ဒီဘ၀မှာပဲ တရားထူးရကိုရရမယ်ဟဲ့ဟူသော ဇွဲနပဲဖြင့် ကြိုးစားအားထုတ်သင့်ကြသည်ကားအမှန်ပင်။

                                       ( ဆက်လက်ဖော်ပြပါဦးမည်)
                                           လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..