
သဘိယပရိဗိုဇ်နှင့် ဘုရားရှင်
ကဿပဘုရားရှင်သာသနာနောက်ပိုင်းမှာ တောင်ထိပ်တက်ကာ အသက်စွန့်ပြီး တရားအးထုတ်ခဲ့ကြသော ရဟန်းတော်(၇)ပါးတို့တွင် တရားထူးကိုမဖြစ်စေနိုင်ကြပဲ ပုထုဇဉ်အဖြစ်နှင့်သာစုတေ၍ နတ်ပြည်ရောက်သွားကြသော ရဟန်းတော်(၅)ပါးမှ တစ်ပါးသည်ကာ ကျွှန်ုပ်တို့ဘုရားရှင်ပွင့်တော်မူရာကာလ၌ ပဗ္ဗတေယျအမည်ရသော
တောင်ပေါ်ဒေသရှိတိုင်းနိုင်ငံမှ ပရိဗိုဇ်မတစ်ဦး၏ ၀မ်းမှာ ပဋိသန္ဓေနေခဲ့လေသည်။
ပရိဗိုဇ်မဆိုတာ သာသနာပရဟန်းမတစ်မျိုးဟုသာ နားလည်ထားရပေမည်။ ရဟန်းမတို့သည် အိမ်ထောင်သားမွေးလုပ်နိုင်ပါသလား ဟုကား မေးမြန်းဖွယ်ရှိ၏။ အမှန်မှာ ထိုပရိဗိုဇ်မကလေးသည် ခတ္တိယမင်းမင်းမျိုးသတို့သမီးလေးဖြစ်ပြီး သမီးလေးလိမ္မာရေးခြားရှိဖို့ သူတို့ကိုးကွယ်အားထားရာ ပရိဗိုဇ်ဆရာကြီးကျောင်းသွားရောက်အပ်နှံကာ ပရိဗိုဇ်မလေးအဖြစ်နဲ့ပညာသင်ကြားစေရာမှ အိုးချင်းထားတော့အိုးချင်းထိ ကြိုးခြင်းထားတော့ကြိုးခြင်းငြိဆိုတာလို
ထိုဆရာကြီးအလုပ်အကျွေးပရိဗိုဇ်လေးနှင့်ကျုးလွန်ဖောက်ပြားမိရာမှ ကိုယ်လေးလက်ဝန်ရလာလေတော့၏။ အခြားပရိုဗိုဇ်မများလည်း ထိုကိုယ်ဝန်ပြဿနာပေါ်လာသောအခါ ကျောင်းတိုက်မှအပပြုနှင်ထုတ်လိုက်ကြရာ မိမိကျုးလွန်မိခဲ့တဲ့ပြစ်မှုကြောင့် မိဘဆွေမျိုးများထံသို့လည်း သူမမသွားလို/မသွားရဲ။
လာမယ့်ဘေးပြေးတွေ့ရုံ မိမိမိုက်ပြစ်အတွက် ခေါင်းငုံခံရုံမှအပ အခြားရွေးစရာလမ်းမရှိတော့။ ထို့ကြောင့် သူမသူငယ်ချင်းမိတ်ဆွေများရှိရာ အရပ်တစ်ပါးသို့ထွက်လာခဲ့ရင်း လမ်းခုလပ် ပရိတ်သတ်စုံညီနေတဲ့ ပွဲသဘင်တစ်ခုအကြားမှာ သဘိယအလောင်းသားကလေးကို မွေးခဲ့ရပါတယ်။
ဖုံးသမျှအခုမှပေါ်ဆိုတာလို ရဟန်းမလေးက လူပုံပရိတ်သတ်အလည်မှာကလေးမွေးတယ်။ပရိဗိုဇ်မကလေးမွေးတယ်နဲ့ ဟိုးလေးတစ်ကြော်ကြော်ဖြစ်ရပြီပေါ့ ။ ဒါနဲ့ပဲ ကလေးကိုလည်း သဘိယ(ပွဲကြိုက်မောင်)လို့ နာမည်မှည့်ခေါ်လိုက်ကြပါသတဲ့။
သဘိယကလေးလည်း အရွယ်ရောက်လာတော့ မယ်တော်ပရိဗိုဇ်မကြီးလို သာသနာပရဟန်းပရိဗိုဇ်ဝတ်ကာ ၀ါဒရေးရာအတတ်ပညာတွေသင်ယူလေ့လာ တဖက်ကမ်းခပ် တတ်မြောက်လာတာပေါ့ ။ သူ့ခေတ်သူ့အခါက သဘိယဆိုရင်ကို အတွေးအမြင်ဒဿနဆရာကြီးတစ်ဆူရယ်လို့အလွန်ထင်ရှားလှပါတယ်။ သူနဲ့ဝါဒရေးရာယှဉ်ပြိုင်ပြောဆိုကြသူအားလုံးသာ လက်ဖျားခါသွားကြရတယ်။ သူကလည်းနှယ်နှယ်ရရမှမဟုတ်တာ ပါရမီဖြည့်စဉ်ကာလမှ ကကုသန်ဘုရားရှင်ကိုယ်တော်မြတ်ကြီးနေ့သန့်ရန် ကြွတော်မူရာမှာ အလွန်ကြည်ညိုပြီး ဖိနပ်တစ်ရံလှူဒါန်းခဲ့ဖူးတဲ့ကုသိုလ်ထူးရှိတယ်။ ကဿပဘုရားသာသနာမှာတုန်းကလည်း သီတင်းသုံးဖော်ရဟန်းတော်ခြောက်ပါးနဲ့တရားဘာဝနာတွေပွားများအားထုတ်ခဲ့တယ်။
ဒီတော့ ဒီနောက်ဆုံးပစ္ဆိမဘ၀မှာ တောက်မည့်မီးခဲတရဲရဲဖြစ်နေတာပေါ့ ။ သူနဲ့ဝါဒရေးရာ ယှဉ်ပြိုင်ပြောဆိုနိုင်မယ့်သူကို မတွေ့မမြင်ရတဲ့အခါမှ မြို့ပြင်မှာပဲ သင်္ခန်းကျောင်းလေးဆောက်ကာ မင်းအမျိုးသတို့သားတွေကို သူ့အသိပညာတွေ လက်ချာပေးပို့ချနေတဲ့ ၀ါဒရေးရာ ပါရဂူကြီးတစ်ဦးလို့ ဆိုကြပါစို့။
အင်္ဂုတ္ထိုရ်အဋ္ဌကထာနဲ့ ထေရဂါထာအဖွင့်တွေမှာ ဆိုထားတာက သဘိယ၏မယ်တော်ဟာ အမျိုးသမီးဘ၀ကိုရင်နာစက်စုပ်ပြီး ကမ္မဋ္ဌာန်းတရားများကြိုးစားအားထုတ်ရာမှ ဈာန်သမာပတ်များရရှိကာ စုတေမနေသေလွန်သောအခါ ဗြဟ္မာကြီးဖြစ်သွားပြီး ပြဿနာပေါင်းနှစ်ဆယ်ကို ၀ါဒရေးရာယှဉ်ပြိုင်ပြောကြားရာတွင်အသုံးပြုဖို့ လာရောက်သင်ပေးထားပါသတဲ့။ ဒီလိုတွေးထင်ပြောဆိုမယ်ဆိုလညိး ပြောဆိုစရာကိုး။သူ၏မယ်တော် ဆုံးသွားပြီးမကြာခင်ပဲ ဗြဟ္မာကြီးတစ်ဦးက လာရောက်သင်ပေးခဲ့တာကို သဘိယကိုယ်တိုင် မယ်တော်ကြီးကဗြဟ္မာကြီးဖြစ်ပြီး လာသင်ပေးတယ်လို့ ထင်သွားပုံရပါတယ်။
သဘိယသုတ်ပါဠိတော်အလိုအရရော ယင်းအဖွင့် သုတ္တနိပါတ်အဋ္ဌကထာအလိုအရပါ အဲဒီပြဿနာသင်ပေးတဲ့ဗြဟ္မာကြီးဆိုတာ သူနဲ့တရားကျင့်ဖက် သူငယ်ချင်းဟောင်းဗြဟ္မာကြီးပင်ဖြစ်တယ်လို့ အတိကျဖွင့်ဆိုပြထားပါတယ် ဒါ့ကြောင့် ပါဠိတော်နောက်လိုက်ကာ သူငယ်ချင်းဟောင်းဗြဟ္မာကြီးကပဲ သင်ပေးသွားတယ်လို့ မှတ်ကြပါစို့။
ထိုသူငယ်ချင်းဟောင်းဗြဟ္မာကြီးသည် အခြားသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ကုမာရကဿပနဲ့ ဗာဟိယဒါရုစီရိယတို့ကို ဘုရားထံမရောက်ရောက်အောင် ကြံဆောင်ပေးခဲ့ပြီး ဘုရားပွင့်တော်မူနေတာမသိသေးတဲ့ သဘိယပရိဗိုဇ်ကိုလည်း ဘုရားထံမရောက်ရောက်အောင်ပို့ဆောင်ဦးမှ….ဟု သဘိယကျောင်းသွား၍
“သဘိယ၊သဘိယ”နဲ့ သုံးကြိမ်တိုင်တိုင် ခေါ်လိုက်ပါတယ်တဲ့ ။
သဘိယလည်း ဘယ်သူများငါ့ကိုခေါ်နေပါလိမ့်လို့ ကျောင်းအပြင်ထွက်ကြည့်တော့
ကျောင်းတစ်ကျောင်းလုံးလည်းလင်းထိန်နေပြီး သုဒ္ဓါဝါသဘုံရောက် သူငယ်ချင်းဟောင်းတရားကျင့်ဖက်ဗြဟ္မာကြီးကြွလာတာကိုတွေ့ရပါသတဲ့ ။သဘိယပရိဗိုဇ်လည်း လက်အုပ်ချီကာ “ပြောပါအရှင်ဗြဟ္မာကြီး”လို့ဆိုတော့
“သင်သိရှိနားလည်စေနိုင်ဖို့ အမေးပုစ္ဆာပြဿနာနှစ်ဆယ်ကို
ငါယူဆောင်လာခဲ့တယ် ယခုသင်ယူပြီး အဖြေမှန်ရအောင်လိုက်လံမေးမြန်းပါ ။ အားရကျေနပ်တဲ့အဖြေမှန်ကိုပေးနိုင်သူထံမှာ တပည့်ခံပြီး
တရားအားထုတ်ပါလေလော့…”ဟုမှာကြားပြီးမှ သင်ပေးခဲ့ပါတယ်…တဲ့။
ဘုရားပွင့်တော်မူပြီဖြစ်ကြောင်း တန်းအသိမပေးတာက သဘိယဟာ သာသနာပရဟန်းဆိုတဲ့ ၀ါဒရေးရာကျွမ်းကျင်တဲ့ ပရိဗိုဇ်တစ်ယောက်ဖြစ်တယ် သူ့အသိညာဏ်နှင့်လိုက်လံစုံစမ်းစေမှ သာသနာပတိတ္ထိများရဲ့ အနှစ်သာရကင်းမဲ့ပုံနဲ့ ဘုရားရှင်ရဲ့ ဂုဏ်အသရေအစွမ်းကို
သိသိသာသာပေါ်လွင်ထင်ရှားစေချင်တဲ့ဆန္ဒလည်းပါပါတယ်။
သဘိယလည်းထိုပြသနာများရဲ့အဖြေမှန်ကိုလိုက်လံစုံစမ်းရာ ပူရဏကဿပ ၊ မက္ခလိဂေါသာလ ၊ အဇိတကေသ ကမ္ဗလ ၊ ပကုဓကစ္စာန ၊ သဉ္စယဗေလဋ္ဌပုတ္တ ၊ နိဂဏ္ဌနာဋပုတ္တဟူသော ဘုရားအမည်ခံ အတုအယောင်ဂိုဏ်းဆရာကြီး
ခြောက်ယောက်တို့ထံလည်းရောက်ခဲ့ပြီဖြစ်၏။ သို့သော်
နှစ်သက်အားရဖွယ်အဖြေမှန်တစ်စုံတစ်ရာကိုကား မရရှိခဲ့သေးချေ။
သဘိယလည်း အဖြေမရသည့်အဆုံး တရားရှာရတာ စိတ်ပျက်ငြီးငွေ့လာပြီး အကျိုးမရှိမယ့်အတူတူ လူထွက်၍ ကာမတို့ကို သုံးဆောင်ခံစားရတာမှ ကောင်းပေလိမ့်ဦးမည်ဟုပင် အကြံဖြစ်မိပါသတဲ့။
နောက်ဆုံးမသိနားမလည်တာ မဖြေဆိုနိုင်တာမရှိတဲ့ ကျွန်ုပ်တို့ဘုရားရှင်အကြောင်းကိုကြားလိုက်ရသည်တွင်မှ သွားရောက်စုံစမ်းမေးမြန်းကြည့်ဦးမည်ဟု အကြံဖြစ်မိတယ်။ ဒါပေမယ့် ဆရာကြီးခြောက်ယောက်ပင်လျှင် မဖြေဆိုနိုင်တဲ့ပြဿနာ "ယခုဂေါတမ၊သဗ္ဗညူဘုရားသည်ကား ငါ့ထက်လည်း အတန်ငယ်လွန်းလှ၏ မဖြေဆိုနိုင်ပါက မေးမြန်းသောငါကပင် မသိနားမလည်ရာကျပေလိမ့်ဦးမည်"ဟု မသွားဖြစ်ပဲရှိနေလေသည်။သို့သော် တစတစ ဘုရားရှင်ဂုဏ်သတင်းသည် မသိတာမရှိသူ သဗ္ဗညူအဖြစ်တလောကလုံးပျံ့နှံ့လာရာ
''ရဟန်းဂေါတမကို ငယ်၏ဟူ၍ မထီမဲ့မြင်မပြုအပ် မဖြေနိုင်ဟု မဆိုအပ်၊ ရဟန်းဂေါတမသည် ငယ်သော်လည်း တန်ခိုးအာနုဘော်ကြီး၏။ ငါသည်ရဟန်းဂေါတမသို့ ချဉ်းကပ်၍ ဤအမေးပြဿနာတို့ကို မေးရမူကား
ကောင်းလေစွ''ဟုတွေးမိကာ ရာဇဂြိုဟ်မြို့ဝေဠုဝန်ကျောင်းတိုက်တော် ဘုရားရှိရာသို့ရောက်လာခဲ့ပါတယ်။ ဘုရားထံရောက်သည်နှင့် အလ္လပ္ပသလ္လပစကားပြောဆို နှုတ်ဆက်ကြပြီး တစ်ခုသောနေရာ၌ထိုင်လျှက်
"မြတ်စွာဘုရား တွေးတောယုံမှားလျက် မဆုံးဖြတ်နိုင်သည် ဖြစ်သောကြောင့် အမေးပြဿနာကို မေးလျှောက်ရန် အလိုရှိသည်ဖြစ်၍ အကျွန်ုပ် ရောက်လာပါ၏။ ထိုပြဿနာတို့ကို အဆုံးတိုင် ဖြေရှင်းတော်မူပါ၊ အကျွန်ုပ်မေးအပ်သော အသျှင်ဘုရားသည် ပြဿနာစဉ် အနက်စဉ်အတိုင်း အကျွန်ုပ်အားဖြေတော်မူပါ.. " ဟုလျှောက်ထားလိုက်ရာ ဘုရားရှင်ကလည်း
“သဘိယ သင်သည် ပြဿနာတို့ကို မေးရန် အလွန်လိုလားတောင့်တသည်ဖြစ်၍ အဝေးမှ လာဘိ၏။ သင်မေးအပ်သော် ငါသည် ထိုပြဿနာတို့ကို အဆုံးတိုင် ဖြေရှင်းတော်မူအံ့၊ သင်မေးအပ်သော ပြဿနာစဉ် အနက်စဉ်အတိုင်း သင့်အား ဖြေကြားပေအံ့။ သဘိယ သင်၏ စိတ်၌ မေးလိုသော ပြဿနာကို ငါ့အား မေးလော့၊ ထိုထိုပြဿနာအတွက်ဖြစ်ပေါ်နေသော သင်၏ ယုံမှားခြင်း 'ဝိစိကိစ္ဆာ'ကို အဆုံး တိုင် ပြေရှင်းအောင် ငါဖြေရှင်းအံ့ "ဟု..မိန့်တော်မူလိုက်ရာ
သဘိယမှာ လွန်စွာအံ့သြ၀မ်းသာသွားလေ၏။ ဘုရားအပေါ်၌လည်း သဗ္ဗညူဂုဏ်အင်နှင့်ပြည့်စုံသူ ဘုရားစစ်ဘုရားမှန်ဖြစ်ကြောင်း သက်ဝင်ယုံကြည်မိကာ စတင်မေးမြန်းလျှောက်ထားလေတော့၏။
(၁)မြတ်စွာဘုရား အဘယ်သို့ ရောက်သူကို ဘိက္ခုဟူ၍ဆိုကြကုန်သနည်း၊
“သဘိယ…… အကြင်ပုဂ္ဂိုလ်သည် မိမိပြုအပ်သော မဂ်ဖြင့် ကိလေသာငြိမ်းရာ (နိဗ္ဗာန်)သို့ ရောက်၏။ ယုံမှားခြင်းကို လွန်မြောက်၏။ ပျက်စီးဆုတ်ယုတ်ခြင်းကိုလည်းကောင်း၊ ကြီးပွါးခြင်းကိုလည်းကောင်းပယ်စွန့်၍ မဂ်အကျင့်ကို ကျင့်သုံး ပြီး ဖြစ်၏။ တစ်ဖန် ဘဝသစ်၌ ဖြစ်မှုကုန်ခန်းပြီး ဖြစ်၏။ ထိုပုဂ္ဂိုလ်သည် ဘိက္ခု မည်၏။”
(၂) အဘယ်အကြောင်းဖြင့် လွန်စွာ ငြိမ်းသောသူဟူ၍ ဆိုကြကုန်သနည်း၊
“ အကြင်ပုဂ္ဂိုလ်သည် အလုံးစုံသော အာရုံတို့၌ (ဆဠင်္ဂုပေက္ခာဖြင့်)
လျစ်လျူရှုတတ်၏။ သတိရှိ၏။ ထိုသူသည် လောကအားလုံး၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ ၊ သြဃလေးပါးမှ ကူးမြောက်ပြီး ဖြစ်၏။ မကောင်းမှု ငြိမ်းအေးပြီး ဖြစ်၏။ မိစ္ဆာဝိတက်တို့ဖြင့် မနောက်ကျု၊ အကြင်ပုဂ္ဂိုလ်အား (ရာဂစသော) ထူပြောမှု 'ဥဿဒ'တို့ မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် လွန်စွာ ငြိမ်းအေးသောသူ မည်၏။”
(၃) အဘယ်သို့ သောသူကို ယဉ်ကျေးပြီးဟူ၍ ဆိုကြကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်၏ အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌
လည်းကောင်း လောကအားလုံးဝယ် စက္ခုစသော ဣနြေ္ဒတို့သည် ပွါးများပြီး
ဖြစ်ကုန်၏။ ဤလောကကိုလည်းကောင်း၊တမလွန်လောကကိုလည်းကောင်း
ထိုးထွင်းသိ၍ သေရမည့် အချိန်ကာလကို ငံ့လင့်နေ၏။
ထိုပုဂ္ဂိုလ်သည် ပွါးများပြီးဖြစ်၍ ယဉ် ကျေးသူ မည်၏။”
(၄) အဘယ်အကြောင်းဖြင့် ဗုဒ္ဓဟူ၍ ဆိုသနည်း၊
“ကပ်ကမ္ဘာအားလုံးတို့ကိုလည်းကောင်း၊ နှစ်ပါးစုံသော စုတိ ပဋိသန္ဓေဟူသော ကျင်လည်မှု သံသရာကိုလည်းကောင်း သိမြင်တော်မူပြီး၍ ရာဂမြူကင်းလျက် အညစ်အကြေးမရှိသော အထူးသဖြင့် စင်ကြယ်သော ဇာတိကုန်ရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ထိုပုဂ္ဂိုလ်ကို ဗုဒ္ဓဟူ၍ဆိုကြကုန်၏။ “
သဘိယလည်း ဤမျှလောက် အဖြေစကား ကြားရရုံမျှဖြင့်ပင်လျှင် အရင်ဂိုဏ်းဆရာကြီးတို့၏ အဆံမရှိဟန်သာရှိကြသည်၏အဖြစ်ကို၎င်း ၊ဂေါတမ ဗုဒ္ဓ၏ အလုံးစုံကိုသိမြင်စွမ်းသူ သဗ္ဗူညူအဖြစ်ကို၎င်း ကွဲကွဲပြားပြားသဘောပေါက်ကာ အလွန်ဝမ်းသာကြည်နူးမိလေတော့၏။ရေငတ်နေသူရေတွင်းထဲကျသွားရာ အငမ်းမရသောက်သုံးမိဘိ၏သို့ ပြဿနာများကိုဆက်လက်မေးမြန်းပြန်လေ၏။
(၅) အဘယ်သို့ ရောက်သူကို မကောင်းမှုမှ အပပြုပြီးသူ 'ဗြာဟ္မဏ'ဟူ၍ ဆိုကြကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် မကောင်းမှုအားလုံးတို့ကို အပပြု၍ တည်သော သဘောရှိ၏။
အညစ်အကြေး ကင်း၏။ အရဟတ္တဖိုလ် သမာဓိဖြင့် ကောင်းစွာ တည်၏။ သံသရာကို လွန်၍ပြုဖွယ်ကိစ္စပြီးဆုံးပြီး ဖြစ်၏။ တဏှာဒိဋ္ဌိကို မမှီမူ၍ တာဒိဂုဏ်နှင့်
ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို မကောင်းမှုမှအပပြုပြီးသူ 'ဗြာဟ္မဏ'ဟူ၍ ဆိုအပ်၏။”
(၆) အဘယ်အကြောင်းဖြင့် ငြိမ်းအေးပြီးသူ 'သမဏ'ဟူ၍ ဆိုကြကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် ထိုအရိယမဂ်ဖြင့် ကိလေသာတို့ကို ငြိမ်းစေလျက် တည်၏။ ကောင်းမှုမကောင်းမှုကို ပယ်၍ ရာဂမြူ ကင်း၏။ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်းသိ၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်၏။ ဖောက်ပြန်ခြင်းမရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။
ထိုပုဂ္ဂိုလ်ကို ငြိမ်းအေးပြီးသူ 'သမဏ'ဟူ၍ ဆိုအပ်၏။”
(၇) အဘယ်သို့ သောသူကို မကောင်းမှုကို ဆေးကြောပြီးသူ 'နှာတက'ဟူ၍ ဆိုကြကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းလောကအားလုံးဝယ် အလုံးစုံသော မကောင်းမှုတို့ကို ဆေးလျော် ပြီးလျှင် တဏှာဒိဋ္ဌိတို့ဖြင့် ကြံစည်အပ်ကုန်သော လူ့ပြည် နတ်ပြည်တို့၌ လူဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း ကြံစည်ခြင်းသို့ မရောက်၊ ထိုပုဂ္ဂိုလ်ကို ဆေးလျော်ပြီးသူ'နှာတက'ဟူ၍ ဆိုအပ်၏။”
(၈) အဘယ်အကြောင်းဖြင့် မကောင်းမှုကို မပြုတတ် သူ'နာဂ'ဟူ၍ ဆိုပါသနည်း၊
“အကြင်ပုဂ္ဂိုလ်သည် လောက၌ တစ်စုံတစ်ခုသော မကောင်းမှုကို မပြု၊ စပ်ယှဉ်မှုအားလုံးတို့ကိုလည်းကောင်း၊ အနှောင်အဖွဲ့တို့ကိုလည်းကောင်း
ဖြေ ဖျောက်ပယ်စွန့်ပြီးလျှင် အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်သည်ဖြစ်၍ မကပ်ငြိ ဖောက်ပြန်ခြင်း မရှိမူ၍သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို
မကောင်းမှုကို မပြုသော 'နာဂ'ဟူ၍ ဆိုအပ်၏။”
(၉) မြတ်စွာဘုရား အဘယ်သူကို ခေတ္တမည်သော အာယတနကို အောင်သူဟူ၍ မြတ်စွာဘုရားတို့ဟောကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော အာယတနကိုလည်းကောင်း၊ လူ၌ ဖြစ်သော အာယတနကိုလည်းကောင်း ဗြဟ္မာ့ပြည်၌ ဖြစ်သော အာယတနကိုလည်းကောင်း
အာယတနအားလုံးတို့ကို သိမြင်တော်မူပြီး၍ အာယတနအားလုံးတို့၏ မူလအနှောင်အဖွဲ့မှလွတ်မြောက်၏။ ဖောက်ပြန်ခြင်းမရှိမူ၍ သဘောအတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို ခေတ္တမည်သော အာယတနကို အောင်ပြီးသူဟူ၍ ဆိုအပ်၏။”
(၁၀) အဘယ်အကြောင်းဖြင့် ဖြတ်တောက် ဖျက် ဆီးတတ်သူ (လူလိမ္မာ)ဟူ၍ဟောကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် နတ်၌ ဖြစ်သော ကျီ ကြ (ကံ) ကိုလည်းကောင်း လူ၌ ဖြစ်သော ကျီ ကြ (ကံ) ကိုလည်းကောင်း ဗြဟ္မာ၌ ဖြစ်သော ကျီကြ (ကံ) ကိုလည်းကောင်း ကုသိုလ်ကံ အကုသိုလ်ကံကျီကြအားလုံးတို့ကို သိမြင်ပြီး၍
ကျီ ကြကံအား လုံးတို့၏ မူလအနှောင်အဖွဲ့မှ လွတ်မြောက်၏။
ဖောက်ပြန်ခြင်းမရှိမူ၍ သဘော အတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံ၏။ ထိုပုဂ္ဂိုလ်ကို ကျီကြ (ကံ) ကို ဖြတ်တောက် ဖျက်ဆီးတတ်သူလူလိမ္မာဟူ၍ဆိုအပ်၏။”
(၁၁) အဘယ်သို့ သောသူကို ပညာရှိဟူ၍ ဆိုကြကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း ဖြစ်ကုန်သော ဖြူစင်ကုန်သော အာယတန နှစ်ပါးတို့ကို သိမြင်၍ စင် ကြယ်သော ပညာရှိ၏။ မည်းနက်သော အကုသိုလ်ကံ ဖြူစင်သော ကုသိုလ်ကံ တရားကို လွန်မြောက်၏။
ဖောက်ပြန်ခြင်း မရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို ပညာရှိဟူ၍ ဆိုအပ်၏။”
(၁၂) အဘယ်အကြောင်းဖြင့်မုနိမည်၏ဟူ၍ ဆိုအပ်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ လောကအားလုံး၌ သူယုတ်မာတို့၏ တရားကိုလည်းကောင်း၊ သူတော် ကောင်းတို့၏တရားကိုလည်းကောင်း သိမြင်၍ (ရာဂစသော) ကပ်ငြိမှုနှင့် (တဏှာ ဒိဋ္ဌိဟူသော) ကွန်ရက်ကို လွန်၍တည်၏။ ထိုပုဂ္ဂိုလ်ကို နတ်လူတို့ ပူဇော်အပ်သည်ဖြစ်၍ မုနိဟူ၍ ဆိုအပ်၏။”
(၁၃) အဘယ်သို့ ရောက်သူကို သိခြင်းသို့ ရောက်သူ 'ဝေဒဂူ'ဟူ၍ ဆိုကုန်သနည်း၊
“ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် သမဏဗြာဟ္မဏတို့၏ ဝေဒကျမ်းအားလုံးတို့ကို သိမြင်၍ဝေဒကျမ်းအားလုံးကို လွန်မြောက်လျက် ဝေဒနာအားလုံးတို့၌ တပ်စွန်းမှု ကင်း၏။ ထိုပုဂ္ဂိုလ်ကို့ ဝေဒဂူမည်၏ဟူ၍ ဆိုအပ်၏။”
(၁၄) အဘယ်အကြောင်းဖြင့်လျော်စွာ သိသူ 'အနုဗုဒ္ဓ'ဟူ၍ ဆိုကြကုန် သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် အဇ္ဈတ္တသန္တာန်၌လည်းကောင်း ဗဟိဒ္ဓသန္တာန်၌လည်းကောင်း (တဏှာ ဒိဋ္ဌိ မာန) ပပဉ္စတရားသုံးပါး နာမ်ရုပ်တရားနှင့် (နာမ်ရုပ်)ဟူသော အနာရောဂါ၏ အမြစ်အဝိဇ္ဇာဘဝတဏှာကိုလျော်စွာသိမြင်၍ ရောဂါအားလုံးတို့၏ မူလဖြစ်သော အနှောင်အဖွဲ့မှ လွတ်မြောက်၏။ ဖောက်ပြန်မှု မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို
အနုဗုဒ္ဓဟူ၍ ဆိုအပ်၏။”
(၁၅) အဘယ်သို့ သောသူကို ဝီရိယရှိသူဟူ၍ ဆိုကြကုန်သနည်း၊
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် မကောင်းမှုအားလုံးတို့မှ ကြဉ်ရှောင်၏။ ငရဲ၌ ဖြစ်သော ဝဋ်ဆင်းရဲကို လွန်မြောက်၍ တည်၏။ ဝီရိယဟူသောနေရာအိမ်ရှိ၏။ အကျင့်ပဓာနရှိသည်ဖြစ်၍တည်ကြည်မှုရှိသော ဖောက်ပြန်မှု မရှိမူ၍ သဘော အတိုင်း တည်သောကြောင့် တာဒိဂုဏ်နှင့်ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို
ဝီရိယရှိသူဟူ၍ ဆိုအပ်၏။
(၁၆) အဘယ်သို့လျှင် အာဇာနည် မည်သနည်း၊
အကြင်ပုဂ္ဂိုလ်အား အဇ္ဈတ္တသန္တာန်၌လည်းကောင်း၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်းအနှောင်အဖွဲ့တို့သည် ဖြတ်တောက်ပြီး ဖြစ်ကုန်၏။ ကပ်ငြိမှု အမြစ်မူလကိုလည်း နုတ်ပြီးဖြစ်၏။ ကပ်ငြိမှုအားလုံး၏ မူလအနှောင်အဖွဲ့မှ လွတ်မြောက်၏။ ဖောက်ပြန်မှု မရှိမူ၍ သဘောအတိုင်းတည်သောကြောင့် တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုပုဂ္ဂိုလ်ကို အာဇာနည်ဟူ၍ ဆိုအပ်၏။
(၁၇) အဘယ်သို့ ရောက်သူကို အကြားအမြင်များသူ 'သောတ္ထိယ'ဟူ၍ ဆိုကြကုန်သနည်း၊
“လောက၌ တရားအားလုံးကို ကြားနာရသည်ရှိသော် ထူးသောဉာဏ်ဖြင့် သိလျက် အပြစ်ရှိ မရှိတရားဟူသမျှကို နှိမ်နင်းသူ ယုံမှားခြင်းမရှိသူ အနှောင် အဖွဲ့မှ လွတ်မြောက်သူ ခန္ဓာစသောတရားအားလုံးတို့၌ ရာဂစသည် နှိပ်စက်ခြင်း မရှိသူကို အကြားအမြင်များသူ 'သောတ္တိယ'ဟူ၍ဆိုကြကုန်၏။”
(၁၈) အဘယ်အကြောင်းဖြင့် အရိယာဟူ၍ ဆိုကြကုန်သနည်း၊
“အကြင်ပုဂ္ဂိုလ်သည် အာသဝလေးပါးတို့ကိုလည်းကောင်း၊ တဏှာဒိဋ္ဌိဟူသော အာလယနှစ်ပါးတို့ကိုလည်းကောင်း ဖြတ်၍ လေးပါးသောမဂ်ဉာဏ်သို့ ရောက်သဖြင့်
သိကြားလိမ္မာ၏။ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းသို့ မကပ်ရောက်၊ သုံးပါးအပြားရှိသော သညာကိုလည်းကောင်း၊ ကာမဂုဏ်တည်းဟူသော ညွန်ကိုလည်းကောင်း ပယ်ဖျောက်၍
(တဏှာဒိဋ္ဌိ)ဟူသော ကြံစည်မှု 'ကပ္ပ'သို့လည်း မရောက်၊
ထိုပုဂ္ဂိုလ်ကို အရိယာဟူ၍ ဆိုကြကုန်၏။”
(၁၉) အဘယ်သို့ သောသူကို စရဏရှိသူဟူ၍ဆိုကြကုန်သနည်း၊
“ဤသာသနာတော်၌ အကြင်ပုဂ္ဂိုလ်သည် စရဏတရားတို့ကြောင့် ရောက် သင့် ရောက်ထိုက်သော အရဟတ္တဖိုလ်သို့ ရောက်၏။ စရဏတရားတို့၌လည်း လိမ္မာ၏။ အခါ ခပ်သိမ်း နိဗ္ဗာန်တရားကိုလည်းသိ၏။ အလုံးစုံသော ခန္ဓာစသောတရားတို့၌ မကပ်ငြိ၊ နှစ်ပါးသော ဝိမုတ္တိတို့ဖြင့် လွတ်မြောက်ပြီးသော စိတ်ရှိ၏။ အကြင်ပုဂ္ဂိုလ်အား စိတ်ထိခိုက်မှု 'ပဋိဃ'တို့သည် မရှိကုန်၊ ထိုပုဂ္ဂိုလ်သည် စရဏရှိသူမည်၏။”
(၂၀) အဘယ်သို့လျှင် ပရိဗိုဇ် မည်ပါသနည်း၊
“အကြင်ပုဂ္ဂိုလ်သည် ဆင်းရဲကျိုးကို ဖြစ်စေတတ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ကံကို မဂ်ဉာဏ်ဖြင့် ပယ်ထုတ်လွှင့်မှုတ်၍ လှည့်ပတ်မှု 'မာယာ'ကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ လောဘ ဒေါသကိုလည်းကောင်း ပိုင်းခြားသိလျက် ကျင့်သုံးပြီးလျှင် နာမ်ရုပ်တို့၏ အဆုံးကို ပြုခဲ့ပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ပရိဗ္ဗာဇကဟူ၍ ဆိုကြကုန်၏။”
XXXXXXXXXXXXXXXXXXXXXXXXXXXXXX
သဘိယသည် မြတ်စွာဘုရား၏ အဖြေစကားမျးကိုကြားရသောအခါ ကြက်သီးများပင် တဖြန်းဖြန်းထကာ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ အလွန်ပင်ဝမ်းသာသွားလေသည်။ ပရိဗိုဇ်အမည်ခံကာ ကျောင်းဆရာလုပ်၍ မင်းသားငယ်လေးများကိုစာသင်ပေးနေရသော်လည်း အကယ်တိတိတွင်မူ သူ၏အကျင့်သီလသည် ကိုယ်နှင့်နှုတ်မျှသာ ၀ီတိက္ကမကိလေသသာတို့ကိုတားမြစ်နိုင်သေးတဲ့ အပယိက သူတော်စင်မည်ကာမျှ အဆင့်မျှသာရှိသေးကြောင်း သူကောင်းကောင်းသဘောပေါက်သွား၏။
နောက်ဆုံးမေးခွန်းဖြစ်သော အဘယ်သူသည် ပရိဗိုဇ်အစစ်အမှန်နည်းဟု…တန်းကနဲမေးလိုက်ရာ ဘုရားရှင်က ပရိဗိုဇ်နာမည်ခံသူ ဟူးဟူးငြားငြားအား ပရိဗိုဇ်မခေါ်နိုင်ကြောင်း ကံကိလေသာတို့ကိုပယ်သတ်ပြီးသူ ရဟန္တာအရှင်သူမြတ်များသာ ပရိဗိုဇ်အစစ်အမှန်ကွဲ့လို့လည်း မိန့်လိုက်ရော
သူ့ဘ၀အဖြစ်အမှန်ရော ဘုရားသာသနာတွင်းသား အရိယာများနှင့်စာလျှင် ဆင်နှင့် ဖြုတ်လောက်ပင် အကွာကြီးကွာခြားနေကြောင်း ကောင်းကောင်းကြီး
သိမြင်သဘောပေါက်သွားလေတော့၏။ ထို့ကြောင့် တကယ်ရင်ထဲကလာသောစကားတွေနဲ့ထုဆစ်ကာ …
* မြေကြီးကဲ့သို့ ပြန့်ပြောကြီးကျယ်သော ပညာရှိတော်မူသော မြတ်စွာဘုရား….
အသျှင်ဘုရားသည် သာသနာ့ပြင်ပ သမဏတို့၏ အယူဝါဒကိုမှီကုန်သော ဣတ္ထိပုရိသဟူသော ဝေါဟာရနှင့် အမှားကြံစည်မှုတစ်ဆင့်ကြားမှုစသည်တို့၏ အစွမ်းအားဖြင့် ဖြစ်သော ဖောက်ပြန်မှုသညာ ဤနှစ်ပါးကိုလည်းမှီကုန်သော
သက်ဆင်းရာ ရေဆိပ်သဖွယ် ဖြစ်ကုန်သော (သက္ကာယဒိဋ္ဌိနှင့်တကွ) မိစ္ဆာအယူ ခြောက်ဆယ့်သုံးပါးတို့ကို ပယ်ဖျောက်တော်မူ၍
သြဃတည်းဟူသော အမိုက်တိုက်ကို လွန်မြောက်တော်မူပါပေ၏။
* မြတ်စွာဘုရား အသျှင်ဘုရားသည် ဝဋ်ဆင်းရဲ၏ အဆုံးနိဗ္ဗာန်သို့ ရောက်သူ နိဗ္ဗာန်ဟူသောတစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်တော်မူပါပေ၏။
အသျှင်ဘုရားသည် ပူဇော်အထူးကို ခံထိုက်သူ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသူ ဖြစ်တော်မူပါပေ၏။ ပညာအရောင်ရှိသူသိစွမ်းနိုင်သော ပညာရှိသူ အဆုံး မရှိသူ ပညာရှိသူ ဖြစ်တော်မူပါပေ၏။ အသျှင်ဘုရားကို အာသဝေါကုန်ခန်းပြီးသူဟု အကျွန်ုပ် ထင်မှတ်ပါ၏။ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုတတ်သော မြတ်စွာဘုရားအသျှင်ဘုရားသည် အကျွန်ုပ်ကို (ယုံမှားခြင်းမှ) ကူးမြောက်စေပါ၏။
* မြတ်စွာဘုရား အသျှင်ဘုရားသည် အကျွန်ုပ်၏ ယုံမှားခြင်းကို သိတော်မူပါပေ၏။ အကျွန်ုပ်ကို ယုံမှားခြင်းမှ ကူးမြောက်စေပါ၏။ ထို့ကြောင့် အသျှင်ဘုရားအား ရှိခိုးပါ၏။ ရောက်ထိုက်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီး ထသော ယုံမှားခြင်းတည်းဟူသော ငြောင့်တံသင်းမရှိထသော နေမင်း၏ အဆွေ ဖြစ်သော မြတ်စွာဘုရား အသျှင်ဘုရားသည် လွန်စွာငြိမ်းအေးသောသူ ဖြစ်တော်မူပါပေ၏။
* ရှေးအခါ က ဖြစ်ပေါ်နေသော အကျွန်ုပ်၏ ယုံမှားခြင်းကို စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည် ပြောကြားတော်မူပါ၏။ မြတ်စွာဘုရား အသျှင်ဘုရားသည် သစ္စာလေးပါးတရားကို သိတော်မူသော သမ္ဗုဒ္ဓအစစ် ဖြစ်တော်မူပါ၏။ အသျှင်ဘုရားအား အပိတ်အပင် 'နီဝရဏ' တရားတို့မရှိတော့ပါကုန်။
* အသျှင်ဘုရားသည် ပြင်းစွာ ပင်ပန်းမှု 'ဥပါယာသ'အားလုံးတို့ကို ဖျက် ဆီးအပ်ပါကုန်ပြီ၊ ကျူပင်ကို နုတ်သကဲ့သို့ နုတ်အပ်ပါကုန်ပြီ၊ (မြတ်စွာဘုရားသည် ) ငြိမ်းအေးသည်ဖြစ်၍ ဣနြေ္ဒတို့ကို ဆုံးမပြီးသူ၏ အဖြစ်သို့ ရောက်ပြီးသူ သမာဓိရှိသူမှန်ကန်သော ဝီရိယရှိသူ ဖြစ်တော်မူပါပေ၏။
* ရဟန္တာဖြစ်တော်မူသော မြတ်စွာဘုရား ဆင်ပြောင်ကြီးနှင့် တူသော ကြီးမြတ်သော လုံ့လရှိတော်မူသောတရားဒေသနာကို ဟောကြားတော်မူတတ်သော အသျှင်ဘုရားအား နာရဒတောင်၌ နေကြကုန်သော နှစ်မျိုးကုန်သော အာကာသဋ္ဌ ဘုမ္မဋ္ဌနတ်အားလုံးတို့သည် ဝမ်းမြောက်ဝမ်းသာအနုမောဒနာ ပြုကြကုန်၏။
* ယောက်ျားအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးပါ၏။ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးပါ၏။ နတ်နှင့်တကွသော လောက၌ အသျှင်ဘုရားအား
တုပြိုင်နိုင်မည့် ပုဂ္ဂိုလ် မရှိပါ။
* မြတ်စွာဘုရား အသျှင်ဘုရားသည် သစ္စာလေးပါးကို သိတော်မူပါ၏။ အသျှင်ဘုရားသည် ဆရာဖြစ်တော်မူပါ၏။ အသျှင်ဘုရားသည် မာရ်ငါးပါးကို နှိမ် နင်းတော်မူပါ၏။ အသျှင်ဘုရားသည် အနုသယတို့ကို ဖြတ်တောက်လျက် သံသရာမှ ကူးမြောက်ပြီး ဖြစ်၍ ဤသတ္တဝါအပေါင်းကို သံသရာမှကယ်တင်တော်မူပါပေ၏။
* အသျှင်ဘုရားသည် ဥပဓိလေးပါးတို့ကို ကောင်းစွာ လွန်မြောက်ပါကုန်ပြီ၊ အသျှင်ဘုရားသည် အာသဝတို့ကို ခွဲဖျက်အပ်ပါကုန်ပြီ၊ အသျှင်ဘုရားသည် ခြင်္သေ့ သဖွယ် ဖြစ်တော်မူပါ၏။ တစ်စုံတစ်ရာစွဲလမ်းမှု မရှိသူ ကြောက်ခြင်း ထိတ်လန့်ခြင်းတို့ကို ပယ်ပြီးသူ ဖြစ်တော်မူပါပေ၏။
* အဆင်းလှသော ကြာသည် ရေ၌ မလိမ်းကျံသကဲ့သို့ ဤအတူ အသျှင်ဘုရားသည် ကုသိုလ်ကံ၌လည်းကောင်း၊ အကုသိုလ်ကံ၌လည်းကောင်း နှစ်ပါးစုံ၌ မလိမ်းကျံ မကပ်ငြိပါ၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား ခြေတော်ကို ဆန့်တန်း တော်မူပါ၊ သဘိယသည်ဆရာဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ .....
ဝမ်းမြောက်ဝမ်းသာလျှောက်ထားပြီး မြတ်စွာဘုရား၏ ခြေဖမျက်တော်တို့ကို အားရပါးရဆုပ်ကိုင်လျှက် သူ၏နှာဖူးဖြင့် ဦးတိုက်၍ ဦးတိုက်ရှိခိုးလေတော့၏။
သဘိယကဲ့သို့သော် အလွန်ထင်ရှားကျော်ကြားလှပြီး သူ၏ပြဿနာ(၂၀)ကြောင့် တလောကလုံးလက်လန်ထားကြရသူကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတရွှေညာဏ်တော်ကြီးဖြင့် အပြတ်သတ်အနိုင်ယူလိုက်ပြီတဲ့ဆိုသော ဂယက်သည်လည်း တစ်လောကလုံးသို့ ပျံ့နှံ့သွားတော့၏။
သက်ကြီးရွယ်အိုများက မြင့်မြတ်သည်သာလွန်သည်ဟု ယုံကြည်လက်ခံထားကြသော ထိုခေတ်ထိုအခါမှာ အသက်သိက္ခာကြီးမားသူ ၀ါဒဆရာကြီးသဘိယကိုယ်တိုင်က ဘုရားရှင်ခြေတော်အစုံတို့အား ဦးခိုက်လိုက်သည်ဆိုခြင်းသည် အကျွန်ုပ်တို့သာသနာအတွက်မည်မျှ ဂုဏ်ရောက်တောက်ပသွားသည်ဆိုသည်ကို စာရှူသူတို့ပင် ပုံဖော်ကြည်နူးကြည့်ကြစေချင်မိ၏။
ထို့နောက်သဘိယသည် ဘုရားသာသနာတော်မှာ တပည့်သားအဖြစ်ဖြင့် ရဟန်းပြုကာ တရားအားထုတ်လိုပါကြောင်းလျှောက်ထားရာ
“သဘိယ သာသနာတော်၌ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူသည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလိုမူ၊ ရဟန်းအဖြစ်ကို ရလိုမူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးရ၏။ လေးလလွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင် ရှင်ပြုပေးကုန်လတ္တံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်လတ္တံ့၊
သို့သော် ဤအရာ၌ ငါသည်ကား ပုဂ္ဂိုလ်တို့၏ ခြားနားသည့်အဖြစ်ကို သိတော်မူ၏ဟု..”မိန့်တော်မူလေလျှင်၊
အသျှင်ဘုရား သာသနာတော်၌ တစ်ပါးသော အယူရှိသည့် တိတ္ထိဖြစ်ဖူးသောသူတို့သည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလိုကုန်မူ ရဟန်းအဖြစ်ကို ရလိုကုန်မူ လေးလတို့ပတ်လုံး အစမ်းကျင့်သုံးကြရကုန်ငြားအံ့၊ လေးလလွန်သောအခါ ရဟန်းတို့ ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးကုန်ငြားအံ့၊ ရဟန်းအဖြစ်သို့ မြှင့်တင်ပေးကုန်ငြားအံ့၊ အကျွန်ုပ်သည် လေးနှစ်တို့ပတ်လုံးအစမ်းကျင့်သုံးပါမည်၊ လေးနှစ်လွန်သောအခါ ရဟန်းတို့သည် ကျေနပ်သော စိတ်ရှိကြလျှင်ရှင်ပြုပေးတော်မူကြပါစေ၊ ရဟန်း အဖြစ်သို့ မြှင့်တင်ပေးတော်မူကြပါစေဟု(လေးလမဟုတ်ပါဘူးဘုရား လေးနှစ်ကျင့်ဆိုလည်းကျင့်သုံးပါ့မည် ရဟန်းဝတ်ခွင့်သာ ပေးသနားတော်မူပါ)ဟု လျှောက်ထားတောင်းပန်ရာအခါ၌ကား….
ဤတိတ္ထိဘောင်မှ သာသနာဘောင်ဝင်ရောက်လာသူတို့
လေးလပတ်လုံးပရိဝတ်နေရသည် ဆိုသော်လည်း မီးကိုပြုစုလုပ်ကျွေးသော ကမ္မ၀ါဒီရသေ့များ သာကီဝင်မင်းမျိုးများကားကျင့်သုံးဖွယ်မလိုပေ။ ယခုသဘိယပရိဗိုဇ်သည်လည်း ကုသိုလ်အကုသိုလ်ကံနဲ့ ယင်း၏ အကျိုးတရားတို့ကိုယုံကြည်လက်ခံသည့် ခတ္တိယမင်းမျိုး ကမ္မ၀ါဒီပရိဗိုဇ်တစ်ဦးဖြစ်တာကြောင့် လေးလပရိဝတ်အစမ်းသဘော
ကျင့်သုံးဖွယ်မလိုပဲ တိုက်ရိုက်ရဟန်းဝတ်ဖို့ခွင့်ပြုခွင့်ပေးတော်မူလေသည်။ သဘိယပရိဗိုဇ်လည်း မြတ်စွာဘုရား၏ အထံ၌ ရှင်ရဟန်းပြုခွင့်ရရှိကာ တရားဘာဝနာများပွားများအားထုတ်ပြီး ရဟန္တာကြီးဖြစ်သွားလေတော့၏။
XXXXXXXXXXXXXXXXXXXXXXXXXXXXXX
ဤသို့လျှင်လျှင် ကဿပဘုရားသာသနာတော်နောက်ပိုင်းမှာ အတူတကွ တရားအားထုတ်ဖော် အားထုတ်ဖက် သူငယ်ချင်းဗြဟ္မာကြီး၏ကျေးဇူးတရားကြောင့် သဘိယလည်း ဘုရားထံမှောက်ရောက်သွားရပြီး ဒုက္ခခပ်သိမ်းငြိမ်းခဲ့ရပါကြောင်း။
သူငယ်ချင်းဓမ္မမိတ်ဆွေများ၏ ကူညီရိုင်းပင်းမှုကို အသိမှတ်ပြုနိုင်ကြပါစေကုန်..
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သဘိယ၊ ဗာဟိယဒါရုစီရိယ၊ကုမာရကဿပတို့နှင့် အတူတကွတရားကျင့်ဖော် ပုက္ကုသာတိမင်းနှင့် မလ္လမင်း၏သား ရှင်ဒဗ္ဗမလ္လတို့အကြောင်းကိုလည်း ဆက်လက်တင်ပြပေးပါဦးမည်။
မေတ္တာများစွာဖြင့်
လင်္ကာအရှင်



No comments:
Post a Comment