
သင့်လျော်သောကျောင်း…………..
''ရဟန်းတို့၊ ကျောင်းသည် အဘယ်သို့လျှင် အင်္ဂါငါးပါးနှင့် ပြည့်စုံသနည်း? ရဟန်းတို့၊ ဤ (သာသနာတော်)၌ ကျောင်းသည်-
(၁) (ဆွမ်းခံရွာနှင့်) နီးလည်း မနီးလွန်း ဝေးလည်းမဝေးလွန်း (ဆွမ်းခံရွာ သို့ သွားလာရေးအတွက် ဘေးရန်စသည် ကင်းရှင်းသော လမ်းရှိ ခြင်းကြောင့်) သွားလာရန် သင့်လျော်လျောက်ပတ် ပြည့်စုံကောင်းမြတ်၏၊
(၂) နေ့အခါ၌ လူတို့နှင့်မရောပြွမ်း၊ ညဥ့်အခါ၌ လူသံ တိတ်ဆိတ်၏၊ အုတ်အော်သောင်းသင်း ဆူညံခြင်းလည်း ကင်း၏။
(၃) မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ ကိုက်ခဲထိပါးခြင်း အတွေ့တို့မရှိပေ။
(၄) ထိုကျောင်း၌နေသော ယောဂီရဟန်းအား သင်္ကန်း, ဆွမ်း, ကျောင်းနှင့် သူနာ၏အထောက်အပံ့ကာကွယ်ရေး ဆေးတို့သည် မပင်ပန်းရပဲ လွယ်ကူ စွာသာလျှင် ဖြစ်ပေါ်ကုန်၏။
(၅) ထိုကျောင်း၌ ပရိယတ်ကျမ်းဂန် များစွာကို ကြားနာသင်ယူပြီး ဖြစ်ကုန်သော ပရိယတ္တိဓမ္မကို နှုတက်ရွရွ ဆောင်ထားကြကုန်သော (သုတ်အဘိဓမ္မ ဟူသော) ဓမ္မကို ဆောင်ကုန်သော ဝိနည်းကိုဆောင်ကုန်သော (သုတ်အဘိဓမ္မာဝိနည်းတို့၏) မာတိကာကို ဆောင်ကုန် သော ခိုင်မြဲသော သီလစသောဂုဏ်ထူးရှိ ကုန်သော ရဟန်း တော်တို့သီတင်းသုံးနေထိုင်ကြကုန်၏ ၊
ထိုရဟန်းတော်တို့ (အထံ)သို့ ရံဖန်ရံခါ ချဉ်းကပ်၍ ''အရှင်ဘုရား ဤပုဒ်သည် (ရှေ့နောက် အဆက် အစပ်အားဖြင့်) အဘယ် သို့ပါနည်း၊ ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း''ဟု ပါဠိပုဒ်ပါဌ်ကို မေးမြန်း၏၊ အနက်ကို မေးမြန်း စုံစမ်း၏၊ ထိုယောဂီ ရဟန်းအား ထိုအရှင်တို့သည် မဖွင့်ရသေးသော အနက်ကိုလည်း ဖွင့်ပြကုန်၏၊ ပေါ်လွင်အောင် မပြုရသေးသည်ကိုလည်း ပေါ်လွင်အောင် ပြုပေးကုန် ၏၊ များစွာသော သံသယဖြစ်ဖွယ်ရာ ခက်ခဲ ဖုထစ်သော ပါဠိရပ် တို့၌လည်း သံသယကိုပယ်ဖျောက် ပေးကုန်၏။ ရဟန်းတို့၊ ဤသို့လျှင် ကျောင်းသည် အင်္ဂါငါးပါးနှင့် ပြည့်စုံ၏'' ဟု ဘုရားရှင်ကိုယ်တော်တိုင်
နေထိုင်သီတင်းသုံးသင့်သည့် ကျောင်းသင်္ခန်းပုံစံကို ချပြလမ်းညွှန်တော်မူ
ထားသည်လည်း ရှိနေပေသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းတရားပွားများမည့်အရှင်သည်
ကျောင်းပလိဗောဓမှ ကင်းလွတ်စေကာ သင့်လျော် လျှောက်ပတ်သော
တောကျောင်းတောင်ကျောင်းများကိုသာ ရွေးချယ်သီတင်းသုံးသင့်လှပေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အပြင်းအထန်တရားအားထုတ်တော်မူလိုကြသော ၀ိပဿနာဓုရထေရ်ရှင် ရဟန်းတော်အချို့ကား အာဝါသ မစ္ဆရိယ၊အာဝါသပလိဗောဓ၊ ငါ့ကျောင်း ငါ့ကန်ဟူသော အစွဲမငြိစေရန်အလို့ငှါ
''ဆန္နံပဋိက္ခိပါမိ-(အုတ်ကြွပ်စသောအမိုးငါးမျိုးဖြင့်)မိုးအပ်သော အရိပ်အာဝါသကို ပယ်ပါ၏''။
''ရုက္ခမူလိကင်္ဂံ သမာဒိယာမိ-သစ်ပင်ရင်း သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းအင်္ဂါ စေတနာကို ဆောက်တည်ပါ၏''ဟု အဓိဋ္ဌာန်ပြုကာ ကျောင်းကြီးကန်ကြီးများ၌ စက်တော်ခေါ်ခြင်းကိုပယ်၍ ရုက္ခမူဓုတင်ကို ဆောက်တည်ကျင့်သုံးတော်မူကြလေသည်။

(၂) ကုလပလိဗောဓဟူသည်……….
ဆွေမျိုး ဒါယကာကိုဖြစ်စေ၊ အလုပ်အကျွေး ဒါယကာကိုဖြစ်စေ (ကုလ) ဒါယကာ-ဟု (ဆိုအပ်ပေသည်)။ မှန်ပေ၏၊
''ဒါယကာတို့ ချမ်းသာသည်ရှိသော် မိမိလည်း ချမ်းသာ၏'' အစရှိသော နည်းဖြင့် (ဒါယကာတို့နှင့်) ကျွမ်းချစ် နှီးနှော ရောယှက်လျက်နေသော အချို့ရဟန်းအား အလုပ်အကျွေးဒါယကာသော်လည်း ပလိဗောဓဖြစ်၏။
သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာပဂဗ္ဘေန ၊ သံကိလိဋ္ဌေန ဇီဝိတံ။
ဟိရီမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန ၊ သုဒ္ဓါဇီဝေန ပဿတာ။
အရှက်မရှိသူသည်
ရဲတင်းသောကျီးနှင့်တူသဖြင့် လည်းကောင်း၊
သူတစ်ပါးဂုဏ်ကို ဖျက်စီးသဖြင့်လည်းကောင်း၊
သူတစ်ပါးပြုသည်ကို မိမိပြုသယောင်ဆောင်သဖြင့် လည်းကောင်း၊
ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း၊
အသက်မွေးမှု ပြုသောကြောင့် အသက်မွေးလွယ်ကူ၏။
အရှက်ရှိသူသည်
အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊
မတွန့်တိုသဖြင့်လည်းကောင်း၊
မကြမ်း ကြုတ်သဖြင့်လည်းကောင်း၊
စင်ကြယ်သော အသက်မွေးမှုဖြင့်လည်းကောင်း၊
သင့်မသင့်ကို မြော်မြင်သဖြင့် လည်းကောင်း
အသက်မွေးမှုပြုသောကြောင့် အသက်မွေးမှု ခဲယဉ်း၏။
ဟူသောဓမ္မပဒမလ၀ဂ်လာ စူဠသာရိမည်သော ရဟန်းအားအကြောင်းပြုဟောကြားတော်မူခဲ့သော ဂါထာထဲမှအဟိရိကေန ပုဒ်အဖွင့်ကို
အဟိရိကေနာတိ ဆိန္နဟိရောတ္တပ္ပကေန။ ဧဝရူပေန ဟိ အမာတရမေဝ ''မာတာ မေ''တိ အပိတာဒယော ဧဝ စ ''ပိတာ မေ''တိအာဒိနာ နယေန ဝတွာ ဧကဝီသတိဝိဓာယ အနေသနာယ ပတိဋ္ဌာယ သုခေန ဇီဝတုံ သက္ကာ…. လို့ဖွင့်ပြထားတဲ့ ဓမ္မပဒအဋ္ဌကထာအဖွင့်ပါဌ်လေးကို သွားသတိရမိပေသည်။
ယင်းပါဠိ၏ ဆိုလိုချက်မှာ အဟိရိကဆိုတာ ရှက်ကြောပြတ်နေတာပါပဲ…တဲ့ ၊ သီလ၀န္တရဟန်းတော်တွေဆိုတာက မိမိရဲ့ မိရင်းဖရင်း စသော ဆွေမျိုးရင်းချာများကိုသာ အလှူခံခွင့်ရှိကြပါတယ်။
ဒါပေမယ့် အရှက်မရှိတဲ့သူတွေဟာ မိမိအား ကိုးလလွယ် ဆယ်လဖွားပြီး ရင်နဲ့လွယ်မေးပေးထားတဲ့ အမေအရင်းမဟုတ်တဲ့သူကိုလည်း “အမေ”ဟု၎င်း၊ ကိုယ့်မိခင်၏အိမ်သားမဟုတ်သူကိုလည်း “အဖေ”
ဟု၎င်း ခေါ်လိုက်ခြင်းအားဖြင့် ဆွမ်းကောင်း၊ဟင်းကောင်းများစားရမည်၊ အထောက်အပံ့လေးများ ရမည်ဆိုပါက ယင်းသို့နှုတ်က ထုတ်ခေါ်ဖို့ရန် ၀န်မလေးပေ။
တချို့သားသမီးမရရှာသော ဒါယိကာမကြီးများသည်လည်း သားသမီး ငတ်မွတ်နေကြရာ မိမိအိမ်သို့ ဆွမ်းကြွလာကြသော ကိုရင်ငယ်လေးများကိုဖြစ်စေ၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ခင်မင်ရင်းနှီးကြသည်ဖြစ်စေ…ဦးဇင်းငယ် ကိုရင်ငယ်များကို သားလေး ၊သားလေးဟု ဆိုကာ သားသမီးအရာထားကာ ပြုစုလုပ်ကျွေးလေ့ရှိကြ၏။
အစထဲကမှ နှလုံးသားနူးညံ့သိမ်မွေ့ပြီး မိခင်မေတ္တာစိတ်အပြည့်ရှိကြသော ထိုသားသမီးမရရှာကြသည့် ဒါယိကာမကြီးများ အိမ်ထောင်မရှိကြသော အပျိုကြီးများကို “အမေ”မေမေ” စသည် တီတီတာတာ ခေါ်ဝေါ်ပြောဆိုလိုက်ခြင်းအားဖြင့် ထိုဒါယိကာမကြီးများ၏ ပိုက်ဆံအိပ်အား အေးဓားပြတိုက်လို့ရမှန်းသိသည်နှင့် အရှက်မရှိကြသော တချို့တချို့သည် ယင်းသို့လုပ်ဆောင်နေကြပုံကို အနီးနားမှ သီတင်းသုံးဖော်များကား မကြားချင်မှ အဆုံးမြင်တွေ့နေရတော့၏။
မြတ်ဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒကား ရှင်းပါသည် ကောင်းကင်က လမင်းကြီးသည် မည်သည့်အခါမှ တိမ်တိုက်နှင့်ငြိကပ်နေ၍ မိမိလိုရာခရီးကို မသွားနိုင် တရံတခါမှ မရှိသကဲ့သို့ ရဟန်းဆိုသည်မှာ လူဒါယကာတို့အပေါ် တွယ်တာတပ်မက်မှုမထားပဲ မိမိလျှောက်လှမ်းရမည့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းသွားဖို့လိုသည် ဟု အတိအလင်း မိန့်မှာဟောကြားထားတော်မူခဲ့ပေသည်။
မဟာပရိနိဗ္ဗာနသုတ်တော်မှာ အရှင်အာနန္ဒာမထေရ်မြတ်မှာ မြတ်ဗုဒ္ဓအား….
''အသျှင်ဘုရား အကျွန်ုပ်တို့သည် မာတုဂါမနှင့် စပ်လျဉ်း၍ အဘယ်သို့ ကျင့်သုံးရပါမည်နည်း''ဟု မေးလျှောက်ရာ
အာနန္ဒာ မတွေ့မြင်ရအောင် ရှောင်နေရမည်၊ရှောင်မရသည့်အဆုံး ဆွမ်းခံကြွရာ ၊သီလပေးရာ၊စသည်မှာ ဆုံတွေ့ခဲ့ကြလျှင်တောင်မှ စကားစမြည် မပြောသင့်ပေ၊ အကြောင်းရှိလို့ ပြောခဲ့ရလျှင်တောင်မှ (အမိရင်းစသည်ကဲ့သို့) အမှတ် (သတိ) ထား၍ ပြောဆိုရမည်ဟု မိန့်မှာထားတော်မူချက်ရှိပေသည်။
မှန်လှပေ၏ အနမတဂ္ဂ သံသရာခရီးမှာ အမိအဖ ညီအစ်ကို မောင်နှမ အဖြစ်ဖြင့် ဆွေမျိုးမတော်စပ်ဖူးသူ မရှိစကောင်းပေ။
ဘုရားရှင်ကိုယ်တော်ကိုပင်လျှင် သံသုမာရဂိရမြို့ရောက်သွားစဉ်ကပင်လျှင် နကုလမာတာနှင့် နကုလပိတာ အဖိုးအိုအဖွားအို ဇနီးမောင်နှံတို့သည် ဘုရားရှင်ကို တွေ့လျှင်တွေ့ချင်း သားတော်ကြီး ၊သားတော်ကြီး ဟု အလွန်အချစ်ကြီးခဲ့ကြဖူးလေသည်။
တကာတကာမအားလုံးအား ဘ၀ခြားနေ၍သာ မသိမမှတ်မိခဲ့ကြခြင်း ဖြစ်ပေမည်။ အားလုံးဟာ ငါ၏ မယ်တော် ၊ခမည်းတော် ၊ညီငယ် ညီမငယ်များသာတည်းဟု သာတူညီမ နှလုံးထား၍ သမာသမတ်ကျကျသာ ဆက်ဆံပေါင်းသင်းသင့်ပေ၏။ ကောက်ကျစ်စဉ်းလဲလိုသော ၊လာဘ်လာဘကိုငဲ့သော စိတ်ထား၊တွယ်တာတပ်မက်သော ဂေဟဿိတ ပေမ စိတ်ထားများဖြင့် အမေ ၊အမ ခေါ်ခြင်းမျိုးကို ရှောင်ကြဉ်ကာ ပဒတ္ထ ဝေါဟာရအားဖြင့်ဖြစ်စေ၊ တဏှာပေမ ကင်းသော မေတ္တာစိတ်ထားဖြင့်ဖြစ်စေ မယ်တော်ကြီး၊ ညီမ စသည်ခေါ်ဝေါ်ပြောဆိုခြင်းကား အပြစ်မရှိသော်လည်း လာဘ်လာဘကိုငဲ့ကွက်ခါ မယ်တော်၊အမ စသည်နှုတ်ဖျားကမချပဲ မြှောက်ပင့်ပြောဆိုနေခြင်းမျိုးကား အထက်ပါဂါထာမှာဖွင့်ပြသကဲ့သိှု့ရှက်ကြောပြတ်ခြင်းမျိုးတည်း။
ယင်းသို့ အပြန်ပြန်အလှန်လှန် ကိလေသာကာမဖြင့် ချီနှောင်ရစ်ပတ်ကြခြင်းဖြင့် ရုန်းမထွက်နိုင်ကြတော့ပဲ ကိလေသာကာမနွံအတွင်း သက်ဆင်းရသူများကား ဒုနှင့်ဒေးပင်။
………………………………………..
အင်္ဂုတ္တိုရ်ပါဠိတော် မာတာပုတ္တသုတ်၌ကား ….
မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း အာရာမ်၌ သီတင်းသုံး နေတော်မူစဉ် သားအမိနှစ်ဦးတို့ သာသနာ့ဘောင်ဝင်၍ သားက ရဟန်း၊ အမေက ရဟန်းမ ပြုလျက် ၀ါကပ် နေထိုင်ကြသည်။
ထိုသားအမိနှစ်ဦးတို့သည် အချင်းချင်း အမြဲ တွေ့မြင်လိုကြသည်။ အမိကလည်း သားကို, သားကလည်း အမိကို အမြဲ တွေ့မြင်လိုသည်၊ ထိုသားအမိနှစ်ဦးတို့ အမြဲ တွေ့မြင်နေခြင်းကြောင့် ဆက်ဆံမူ ရင်းနှီးလာကြသည်၊ ဆက်ဆံမူ ရင်းနှီးလာခြင်းကြောင့် အကျွမ်းဝင်လာကြသည်၊ အကျွမ်းဝင်လာခြင်းကြောင့် ရာဂစိတ် သက်ဝင်လာကြသည်၊ ထိုသားအမိ နှစ်ဦးတို့ ရာဂစိတ်သက်ဝင်လာခြင်းကြောင့် သိက္ခာလည်း မချ အားနည်းအောင်လည်း ထင်စွာမပြုဘဲ မေထုန်အကျင့်ကို မှီဝဲကြသည်။ သားအမိနှစ်ယောက်တို့၏ ထိုအဖြစ်သနစ်ကို ရဟန်းများစွာတို့က မြတ်စွာဘုရားအား လျှောက်ထားကြရာ - “အမိက သားကို, သားက အမိကို တပ်မက်ခြင်း မဖြစ်နိုင် - ဟု မဂ်ဖိုလ်မမှီး အချည်းနှီးသော ထိုယောက်ျားသည် အဘယ့်ကြောင့် ထင်မှတ်နေကြကုန်ဘိသနည်း !!!
လောက၌ မိန်းမ၏ အဆင်းအာရုံ ၊အသံ၊အနံ့၊အရသာ နှင့် အတွေ့အထိတို့သည် သဘောသဘာဝမတူကြသော ယောက်ျားများအဖို့ ထောင်ခြောက်ဖြစ်သကဲ့သို့ မိန်းမအတွက်လည်း ယင်းယောက်ျား၏ အဆင်း ၊အသံ၊အနံ့၊အရသာ နှင့် အတွေ့ထိတို့သည် ရုန်းထွက်မရသော အနှောင်ဖွဲ့သာတည်း။ မာရ်နတ်၏ထောင်ခြောက်အစစ်ကို ညွှန်ပြလိုလျှင် ယင်း မိန်းမ၊ယောက်ျားဆိုတဲ့ အာရုံကိုသာ ညွှန်ပြရပေလိမ့်မည်ဟု မိန့်တော်မူကာ ဆက်လက်ပြီ့း … “ ရဟန်းတို့ သတ္တဝါတို့သည် မိန်းမ၏ အတွေ့အထိ၌ စွဲမက်ကုန်၏၊ မက်မောကုန်၏၊ ရစ်ပတ်ကုန်၏၊ တွေဝေကုန်၏၊ (စိတ်ဖြင့်) လွှမ်းမိုးဝင်ရောက်ကုန်၏၊ ထိုသတ္တဝါတို့သည် မိန်းမတို့၏ အတွေ့အထိအလိုသို့ အစဉ်လိုက်ကုန်သည်ဖြစ်၍ ရှည်စွာသော ကာလပတ်လုံး ပူဆွေးကြရကုန်၏။
ရဟန်းတို့ မိန်းမသည် သွားနေသော်လည်း ယောက်ျား၏ စိတ်ကို ဆွဲဆောင်၍ ထားနိုင်၏၊ ရပ်နေသော်လည်း၊ ထိုင်နေသော်လည်း၊ အိပ်နေသော်လည်း၊ ရယ်ရွှင်သော်လည်း၊ စကားပြောဆိုသော်လည်း၊ သီချင်း သီဆိုသော်လည်း၊ ငိုသော်လည်း၊ ဖူးဖူးရောင်သော်လည်း၊ သေသော်လည်း ယောက်ျား၏ စိတ်ကိုသိမ်းကျုံးယူ၍ တည်၏။
ရဟန်းတို့ ''မာရ်မင်း၏ ထက်ဝန်းကျင် ကျော့ကွင်း''ဟု ကောင်းစွာ ပြောဆိုလိုသူသည် မာတုဂါမကိုသာလျှင် ''မာရ်မင်း၏ ထက်ဝန်းကျင် ကျော့ကွင်း''ဟု ပြောဆိုရာ၏ဟု (မိန့်တော်မူ၏)။
(သတ်ဖြတ်အံ့ဟု) သန်လျက်စွဲကိုင်သူနှင့် စကားပြောဆိုရာ၏၊ မြေဖုတ်ဘီလူးနှင့် သော်လည်းစကားပြောဆိုရာ၏၊ ကိုက်သည်ရှိသော် အသက်သေစေတတ်သော မြွေကိုသော်လည်း ထိပါးကိုင်တွယ်ရာ၏၊ မာတုဂါမနှင့် တစ်ယောက်ချင်းချင်း စကားမပြောမဆိုရာသည်သာတည်း။
ထိုမိန်းမတို့သည် သတိလွတ်ကင်းသော ယောက်ျားကို ကြည့်ရှုခြင်းဖြင့်လည်း ကောင်း၊ ပြုံးရွှင်ခြင်းဖြင့်လည်းကောင်း၊ ထိုမှတစ်ပါး မလုံ့တလုံ ဝတ်ဆင်ခြင်းဖြင့်လည်းကောင်း၊ သာယာနူးညံ့စွာပြောဆိုခြင်းဖြင့်လည်းကောင်း နှောင်ဖွဲ့တတ်ကုန်၏၊ ထိုမိန်းမအလောင်းကောင်ကို သေ၍ဖူးဖူးရောင်ထနေသော်လည်း မထိပါး မကိုင် တွယ်အပ်သည်သာတည်း။ စိတ်နှလုံးပျော်မွေ့ဖွယ်ဖြစ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့ဟူသော ဤကာမဂုဏ်ငါးပါးတို့သည် မိန်းမတို့ ရုပ်၌ ထင်ကုန်၏။
ဝတ္ထုကာမ ကိလေသာကာမတို့ကို ပိုင်းခြား၍ မသိကြကုန်သဖြင့် ကာမတည်းဟူသော သြဃ၌ မျောကြရကုန်သော ထိုသူတို့အား သံသရာ၌ ကာလ ဂတိ ဘဝ ကြီးငယ်ဟူသော တရားတို့သည်ခြံရံကုန်၏။
ဝတ္ထုကာမ ကိလေသာကာမတို့ကို ပိုင်းခြားသိမြင်၍ ဘေးရန် တစ်စုံတစ်ရာ မရှိကုန်ဘဲလှည့်လည်ကုန်သော ပုဂ္ဂိုလ်တို့သည် အရဟတ္တဖိုလ်ကို ရကုန်သည်ဖြစ်၍ စင်စစ်အားဖြင့် လောက၌ တစ်ဖက်ကမ်း (နိဗ္ဗာန်)သို့ ရောက်ကြလေကုန်သတည်း..ဟု ဆုံးမသြ၀ါဒ ပေးသနားတော်မူခဲ့ပေ၏။
………………………………………..
ယင်းမာတာပုတ္တသုတ်အရ ဆိုပါက အမိအရင်းပင်ဖြစ်စေကာမူ ကိလေသာအမှောင်ဖုံးသွားပါက အရှက်အကြောက်များပျောက်ဆုံးကာ မှောက်မှားမိတတ်ကြလေရာ မာတုဂါမများအားလုံးကို ဝေးဝေးရှောင်ကြဉ်နေခြင်းကသာလျှင် ရဟန်းတစ်ပါးအဖို့ အမှန်ကန်ဆုံးလမ်းဖြစ်ပေလိမ့်မည်။ မလွှဲမရှောင်သာ ဆက်ဆံနေရစေကာမူ ကိလေသာကို တိုးပွားစေသော အပြောအဆိုအပြုအမူအားဖြင့် လူသားများကဲ့သို့ မပြုသင့်ကြသည်ကားအမှန်ပင်။
အချို့အရှက်မရှိသော ရဟန်းများသည်ကား ယင်းသို့ “အမေ””အမ”ခေါ်ဝေါ်ပြောဆိုလိုက်ရုံဖြင့် ဆွမ်းကောင်း၊ဟင်းကောင်းစားရခြင်းသင်္ကန်းကောင်းဝတ်ရခြင် ၊လိုအပ်သော အထောက်အပံ့ပစ္စည်းများရရှိခြင်းစသော အကျိုးများလှသည်ဟု ထင်မှတ်ကောင်းထင်မှတ်နေမိကြပေလိမ့်မည်။
သို့သော်ယင်းသို့ မိသားစုဝင်တစ်ဦးပမာ ဆက်ဆံကြရခြင်းအားဖြင့် သာရေးနာရေးပင့်ဖိတ်မှူများခြင်း နာမကျန်းဖြစ်က ဆေးရုံဆေးခန်းတိုင်လိုက်ကာ ချစ်ခင်ကြင်နာကြောင်းပြကြရခြင်းအားဖြင့် အလုပ်များကာ မိမိတို့ပရိယတ် ပဋိပတ်ရဟန်းကိစ္စများ၌ လစ်ဟင်းရလေတော့၏။
………………………………………………………
မိမိငယ်စဉ်ဘ၀ စာသင်တိုက်နေခဲ့ရစဉ်က ရဟန်းတော်တစ်ပါး ကြုံခဲ့ရဖူးလေသည်။ သူ့မှာ မယ်တော်နှစ်ယောက်ပင် ရှိသောဟူ၏။ ထိုရဟန်းလေးသည် ရွာမှာရှိသော မိခင်ရင်းကိုကား ဖုတ်လေသည့်ငပိ ရှိလေသလား ပြောရလောက်အောင် စကားပင် မဟပေ။
သို့သော် သူ့မွေးစားမယ်တော်ကြီးကား မည်၍မည်မျှသူ့ကို ဂရုစိုက်ကြောင်း ၊တစ်ပတ်တစ်ခါ စာမရေးပါက စိတ်ဆိုးကြောင်းစသည်ဖြင့် မိခင်ရင်းထက်ပင် သံယောဇဉ်ပိုနေရှာ၏။နောက်သော်ကား ယင်းမွေးစားမယ်တော်ကြီးနှင့်ဝေးဝေးမနေနိုင်ဟုဆိုကာမန္တလေးမှာစာဆက်လက်မသင်ကြားနိုင်တော့ပဲထိုမယ်တော်ကြီးရှိရာ မြို့သို့သာ ပြောင်းရွှေ့သွားခဲ့လေတော့၏။ ကျွန်ုပ်အမြင်ကား တကာတကာမများအပေါ် ယင်းကဲ့သို့ တွယ်တာသံယောဇဉ်ဖြစ်နေခြင်းသည် မှန်သော လမ်းကြောင်းကား လုံးဝမဖြစ်နိုင်ပေ။
ဇာတ်တော်တစ်ခုမှ နွားညီနောင်ပြောစကားကိုလည်း တိုက်ဆိုက်စွာ သွားသတိရမိသေးတော့၏။ ယင်းဇာတ်တော်မှာ ဘုရားလောင်းနှင့် အာနန္ဒာအလောင်းတို့သည် နွားညီနောင်ဖြစ်ပြီး လှည်းတံပိုးမှာ အတူရုန်းကာ ကုန်တွေလည်းသယ်ရ၏၊စပါးလည်းနယ်ရ၏။ သို့သော် ကောင်းကောင်းမွန်မွန်မစားရပဲ ပြောင်းရိုး မြက်ချောက်ကိုသာ ရေနှင့် မျှောချနေကြရလေသည်။
ထိုစဉ်က တစ်အိမ်ထဲအတူနေကြရသော ၀က်ကြီးမှာကား စားပြီးအိပ် ၊အိပ်ပြီးစား လွန်စွာပင် ဇိမ်ကျနေလေသည်။
တစ်နေ့ညီငယ်နွားလေးက အစ်ကိုကြီးအား ကျနော်တို့ကျတော့လုပ်သာလုပ်ရတယ် ၊ကောင်းကောင်းလည်းမကျွေးဘူးဗျာ ၊ဟိုကောင်ကြီးကျ စားပြီးအိပ် ၊အိပ်ပြီးစား မတရားလိုက်တာ အစ်ကိုရယ် “ဆိုတော့ ။
“အသာနေတဲ့ကောင်ဟာ အသေနာမှာပါ ငါ့ညီရာ ဘေးရန်ကင်းတဲ့ တို့ပြောင်းရိုးနဲ့မြက်ခြောက်သာ ပျော်ပျော်ရွှင်ရွှင်စားနေပါ၊ အဲဒီအိပ်ပုပ်သိုးကြီးကို မကြာခင် ထိုးခုတ်သတ်ဖြတ်ကြတာ မင်းကိုယ်တိုင်မြင်ရပါလိမ့်မယ်” လို့ ဆုံးမပါသတဲ့ ၊
ဘုရားလောင်းနွားအစ်ကိုကြီးပြောပြတာ တစ်ချက်မလွဲပဲ များမကြာမီရက်ပိုင်းအတွင်းမှာပဲ ယင်းအိမ်ကသမီးပျိုမင်္ဂလာပွဲအတွက် ၀က်သားချက်ဖို့ ယင်းဝက်သိုးကြီးအား ဆွဲခေါ်သွားရာမှ ညီငယ်နွားလေးလည်း သဘောပေါက်သွားပါသတဲ့။
ယခုလည်း သာသနာတော် ထောက်တည်နိုင်ဖို့ရန်သာ တကာတကာမများ ဆွေမျိုးမိဖများ၏ အထောက်အပံ့ကို အလှူခံကြရသော်လည်း ဟေဟဿိတပေမ မငြိကပ်မိကြဖို့ အရေးကြီးလှပေ၏။
သို့မဟုတ်ပါက ယင်းတကာတကာမဟူသော ကုလပလိဗောဓနှိပ်စက်ခြင်းကိုခံကြရကာ ယင်းဂေဟဿိတပေမကပင် လည်ပင်းကိုကြိုးတုပ်ပြီး ဘုရားသာသနာတော်က ဆွဲထုတ်သွားနိုင်ကြောင်းလည်း သတိကြီးစွာထားသင့်ကြပေ၏။
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)


No comments:
Post a Comment