
အကြောင်းသော်ကား မဟာပရိနိဗ္ဗာနသုတ်တော်မှာ
ဣမေ စ [မူကွဲ-ဣဓေဝ (က)] သုဘဒ္ဒ၊ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ ။
“ ငါ၏ချစ်သား ရဟန်းတို့သည် ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသမျှ ကာလပတ်လုံး လောကမှာ ရဟန္တာမဆိတ်သုဉ်းပါဘူး ၊ငါဘုရား၏ တရားရဖို့ရန် ဆုံးမညွှန်ကြားထားချက်တွေ အလကားမဖြစ်သေးပါဘူး”…….
လို့ မိန့်မှာတော်မူထားသည်ကို ထောက်ဆသောအားဖြင့် ကျင့်ကြံကြိုးစား အားထုတ်နေသူ အရှင်မြတ်တို့ ရှိနေသေးသောကြောင့်သာ ပဋိဝေဓ သာသနာတော်မြတ်ကြီး စည်ပင်ထွန်းကားရပြီး ကျင့်ကြံအားထုတ်သူ ဆိတ်သုံးသွားသည်နှင့် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာများ ထိုးထွင်းမသိနိုင်ကြတော့ပဲ၊သာသနာတော်လည်း ဆုတ်ယုတ်ပျက်စီးသွားရပေတော့၏။
ထိုသို့လျှင်မြန်စွာ ကွယ်ပရခြင်းသည်လည်း အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ပေါက်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြမည့် ပါရမီရှင်များ မကြွင်းကျန်ကြသောကြောင့်ပင်။
ပါရာဇိကဏ် အဋ္ဌကထာမှာ ရှင်းပြထားသည်ကား ၀ိပဿီ ဘုရားရှင်သည် အသက်တော်ရှစ်သောင်းမျှ ရှည်ကြာစွာသီတင်းသုံးတော်မူခဲ့ပြီး သာသနာတော်သည်လည်း ယင်း၏နှစ်ပြန် နှစ်ပေါင်း တစ်သိန်းခြောက်သောင်းမျှကာလသာ တည်ရှိခဲ့လေသည်။
သိခီ မြတ်စွာဘုရားသည် ၊သက်တော်ခုနှစ်သောင်းမှာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပြီး သာသနာသည်ယင်း၏နှစ်ပြန် အနှစ် တစ်သိန်းလေးသောင်းမျှသာ တည်ရှိခဲ့၏။
ဝေဿဘူ ဘုရားရှင်သည်လည်း အနှစ်ခြောက်သောင်းမှာပရိနိဗ္ဗာန်ပြုတော်မူခဲ့ပြီး အဆုံးအမသာသနာတော်ကား နှစ်ပေါင်းတစ်သိန်းနှစ်သောင်းမျှသာတည်ခဲ့လေသည်။
ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့သည် အနည်းဆုံး နှစ်ပေါင်း ခြောက်သောင်းကာလမျှကြာအောင် သက်တော်ရှည်ကြ၍ ကျွတ်ထိုက်သသူ ဝေနေယျသတ္တ၀ါတို့ကို မိမိနှင့်အတူတစ်ပါတည်း အပါခေါ်သွားတော်မူကြ၏။ ပရိနိဗ္ဗာန်စံတော်မူပြီးမှ လက်ကျန်လူများကား ကိလေသာပိန်းပိတ်အောင် အားကြီးသူများသာဖြစ်ရကား သာသနာအစဉ်အဆက် ဆက်လက်မထိန်းသိမ်းနိုင်တော့ပဲ လူသားနှစ်ဆက်တိုင်ရုံမျှဖြင့် သာသနာ ကွယ်ပသွားရခြင်းဖြစ်၏။
ကကုသန် မြတ်စွာဘုရားရှင်သည်ကား ထိုရှေးဘုရားရှင် ကိုယ်တော်မြတ်ကြီးများလောက် သက်တော်မရှည်လှပဲ အနှစ်လေးသောင်းမျှသာ ၊ကောဏဂုံ မြတ်စွာဘုရားရှင်ကား သုံးသောင်း ၊နှင့် ကဿပ မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကား အနှစ်နှစ်သောင်းမျှသာ သက်တော်ရှည်တော်မူ၏။
ထိုဘုရားရှင်တို့၏ အဆုံးအမ သာသနာတော်သည်ကား ရှေး ၀ိပဿီစသား ဘုရားသုံးဆူတို့ကဲ့သို့ လူသားနှစ်ဆက် ဘုရားရှင်၏ သက်တော်နှစ်ပြန်မျှသာ မဟုတ်မူ၍ လူသားမျိုးနွယ် အစဉ်အဆက် ဆက်ကာဆက်ကာ ရှည်ကြာတည်ရှိခဲ့လေသတည်း။အကြောင်းမှာ ကျွတ်ထိုက်သသူ သတ္တ၀ါများ အများအပြားကျန်ရှိသေသေးသောကြောင့် သာသနာအဓွန့်ရှည်တည်တံ့ဖို့ ၀ိနည်းစည်းကမ်းဘောင်များ ချမှတ်ထားခဲ့သောကြောင့်ပင်။
အထက်ပါဘုရားရှင်တို့၏ သက်တမ်းကို ထောက်ဆပါက ကျွန်ုပ်တို့ ဂေါတမဘုရားရှင်သည် လူတို့သက်တမ်း အနှစ်တစ်သောင်းတန်းမှာ ပွင့်ဖို့သင့်သည်ကား အမှန်ပင် ၊ထိုသို့မဟုတ်တောင်မှ သက်တမ်း ငါးထောင်၊ တစ်ထောင်ကာလတို့မှာ ပွင့်ဖို့သင့်လှပေ၏ ။သို့သော် ဘုရားဖြစ်ကြောင်း သဗ္ဗညုတညာဏ်တော်ကြီး၏ အဆောက်အဦးကို စုစည်းတော်မူကာ ညာဏ်တည်းဟူသော ကိုယ်ဝန်ကို ယူခဲ့ရပြီး အသက်တစ်ရာတမ်းမှ ညာဏ်တော်၏ရင့်ကျက်ခြင်းသို့ရောက်၍ အသက်တစ်ရာတမ်းမှာသာ ပွင့်တော်မူရပေတော့၏။
ထို့ကြောင့် ယ္ခုဘုရားရှင်၏သက်တမ်းကာလကား အလွန်တိုတောင်းလှ၍ သာသနာကြာရှည်ခိုင်ခံ့ဖို့ရန် ၀ိနည်းစည်းကမ်းများဖြင့် ပညတ်ကာရံကာ နှောင်းပိုင်းသာသနာမှာ ကျွတ်တမ်းဝင်ကြဦးမည့် သာဝကများစွာတို့အား ငဲ့ညှာသနားသောအားဖြင့် သာသနာတော်ကို ထားတော်မူခဲ့ပေသတည်း။
ဝိနယေ ဌိတေ သာသနံ ဌိတံ ..ဆိုသည့်စကားအရ ၀ိနည်းတော်ကို လေးစားလိုက်နာမှသာလျှင် သာသနာ အရှည်ခံ့မှာမဟုတ်ပါလား ။ အကယ်၍ အကျွန်ုပ်တို့သည်ဝိနည်းစည်းကမ်း ဘောင်များကိုကျော်လွန်၍
ဖောက်ဖျက်ပစ်ပါက ၀ိနည်းစည်းကမ်းဖျက်တာနှင့် သာသနာကြီးပျက်စီးရမည်မှာ ဧကန်ပင်။
ကဿပဘုရားသာသနာ၏ နှောင်းပိုင်းကာလ ရဟန်းတော်များအခြေနေကို သုံးသပ်ကြည့်လျှင် အကျင့်ပျက်ခြစားရဟန်းတော်များသည် များသထက်များလာသည်ကို တွေ့ရှိရပေ၏။ ဥပမာအားဖြင့် အထင်ရှားပြရလျှင် ကပိလမထေရ်ကဲ့သို့သော် တိပိဋကဓရ ဆရာတော်ကြီးကိုယ်တိုင်ကပင်လျှင် ဓမ္မကို အဓမ္မ အဓမ္မကို ဓမ္မ မိမိထင်သလိုသာသနာကိုခြယ်လှယ်ကာ လူများအား လမ်းလွဲညွှန်ပြနေခြင်းပင်တည်း။ ထို့ကြောင့်ပင် ကျွန်ုပ်တို့ ဂေါတမဘုရားရှင်လက်ထက်တိုင်အောင် မကျွတ်လွတ်နိုင်သေးပဲ တိရစ္ဆာန်နှင့်ငရဲ တလှည့်စီကူးပြောင်းကာ ဆင်းရဲကြီးစွာ ခံနေရဆဲဖြစ်ပေ၏။ထိုကပိလမထေရ်ကြီး၏ မယ်တော်သာဓိနီနှင့် ညီမ တာပနာ ဘိက္ခုနီတို့သည်လည်း ထိုအယူမှားနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့မိကြ၍ ငရဲမှလွတ်ခွင့်မရနိုင်ကြသေးပေ။
နောက်တဖန် ကျွန်ုပ်တို့ဘုရားရှင်လက်ထက်မှာမှ
သောတာပန်ကြီးများဖြစ်ခွင့်ရခဲ့ကြသည့် သာတဂိရနှင့် ဟေမ၀တ နတ်ဘီလူးကြီးများသည်လည်း အခြားသူများမဟုတ်ကြပဲ ကဿပဘုရားရှင်၏ နောက်ဖျားသာသနာတုန်းက ၀ိနည်းဓိုရ်ကြီးမထေရ်ကြီးနှစ်ပါး ဖြစ်ကြလျှက် ဆန္ဒာဂတိလိုက်ကာ အမှားကိုအမှား အမှန်ကိုအမှန် ဝေဖန်ဆုံးဖြတ်မှူမပေးပဲ ရေငုံနှုတ်ပိတ်နေကြကာ အလဇ္ဇီအနီးနေတပည့်အား အပြစ်မှ ကင်းလွတ်ခွင့်ပေးခဲ့မိကြလေသည် ။ ထိုအခါ ဓမ္မ၀ါဒီရဟန်းလည်း မထေရ်နှစ်ပါးတို့၏ အအဓမ္မ၀ါဒီဖက် အလေးသာက ဓမ္မမျက်ကွယ်ပြုနေသည်၏အဖြစ်ကို မြင်ရတွေ့ရသောအခါ အားကိုးရာမဲ့ကာ
“သာသနာ့မျက်နှာကို မကြည့်ဘဲ ပုဂ္ဂိုလ်မျက်နှာကိုသာကြည့်ကာ ဆုံးဖြတ်ခဲ့ကြသဖြင့် ကဿပမြတ်စွာဘုရား သာသနာတော်ကား ပျက်စီးခြင်းမလှ ပျက်စီးရချေပြီတကားဟု ငိုကြွေးပြောဆိုလျက် ထိုဝိနည်းဓိုရ်တို့ထံမှ ထွက်ခွာသွားလေသည်။
မထေရ်ကြီးနှစ်ပါးတို့သည်လည်း “ငါတို့သည် အလဇ္ဇီဒုဿီလပုဂ္ဂိုလ်ကို ငဲ့ညှာစောင့်ရှောက်လျက် သာသနာတော်တည်းဟူသော ရတနာမြတ်ကြီးကို ထုံးအိုင် ချောက်ကမ်းပါး၌ ပစ်ချမိခဲ့လေပြီတကား”ဟု နောင်တ တဖန် ပူပန်စိတ်ဖြင့် သေဆုံးခဲ့ကြရာ မထေရ်တစ်ပါးက ဟိမ၀န္တာတောအတွင်း ဟေမ၀တတောင်၌ ဟေမ၀တမည်သော နတ်ဘီလူးကြီးများ ဖြစ်သွားကြရလေတော့၏။
ဘုရားရှင်၏ရှေ့တော်မှောက်၌ တန်းခိုးကြီးမားတော်မူသော မောဂ္ဂလာန်ကိုယ်တော်ကြီးသည် အရှင်လက္ခဏအား ဂိဇ္ဈကုဋ်တောင်မှ ဆွမ်းခံဖို့ဆင်းကြစဉ် ကောင်းကင်၌ သွားနေကြသော ရဟန်း၊ရဟန်းမ၊ကိုရင် ၊သာမဏေမ၊သိက္ခမန်ပြိတ္တာများကို တန်ခိုးအဘိညာဏ်ဖြင့် မြင်ခဲ့ရကြောင်း၊ ထိုသူတို့၏ သပိတ်သင်္ကန်းတွေရော ခါးပမ်းကြိုးရော တစ်ကိုယ်လုံးပါ မီးဟုမ်းဟုမ်းတောက်ကာ
အော်ဟစ်ငြီးငြူနေကြရကြောင်း ပြောပြရာ-
ထိုသူတို့သည် ကဿပဘုရားရှင်သာသနာတော်နောက်ပိုင်းက အကျင့်သီလနှင့်မပြည့်စုံကြသောအလဇ္ဇီဒုဿီလများသာဖြစ်ကြကြောင်း ဘုရားရှင်ကိုယ်တော်တိုင်ပင် မိန့်ကြားတော်မူခဲ့ဖူးလေသည်။
ထိုအခြေနေကိုထောက်ဆကြည့်ပါက သာသနာနောက်ပိုင်းအချိန်သည် အလဇ္ဇီဒုဿီလရဟန်းများ အားသာနေကြောင်း သိသာလှပေ၏။
သို့ပေမယ့် သာသနာနောက်ပိုင်းကာလဖြစ်သော်လည်း စိတ်ကောင်းရှိ သီလမြဲ ၀ိပဿနာစွဲနေကြသော တကယ့်သူတော်စင် သူတော်ကောင်း ရဟန်းတော်အချို့လည်း ရှိပေသေးသည်ကား အမှန်ပင် ထိုကဲ့သို့ သီလ၀န္တ လဇ္ဇီပေသလ သိက္ခာကာမ ရဟန်းတော်များရှိနေသေးသောကြောင့်ပင် ဘုရားအဆုံးအမသာသနာ ရှိနေသေးသည်ဟု သတ်မှတ်ရပေတော့၏။
သို့သော် ရှိကားရှိ၏ မထင်ပေါ်ကြတော့ချေ။ လူအများသည်လည်း သီလ၀န္တ သူတော်ကောင်းများကို တန်ဖိုးထားလေးစားရကောင်းမှန်းမသိကြတော့ချေ၊
မိမိတို့အား ပြုံးပြ နှုတ်ဆက် ၊လ္ဘက်ပဲခြမ်း၊ရေနွေးကြမ်းလေးများဖြင့် ဧည့်ခံပြီးလောကွတ်လုပ်တတ်မှသာလျှင် ဆွမ်းတစ်ဇွန်း တစ်ယောက်မ လောင်းလှူကြတော့၏။ သာသနာအခြေအနေသည်ကား အလဇ္ဇီများအားသာသွားသဖြင့် ရဟန်းကောင်းများ ချမ်းသာစွာသီတင်းသုံးနိုင်ကြဖို့ မဖြစ်နိုင်တော့ချေ။
ထိုအခါ တကယ်သီလသမာဓိနှင့်ပြည့်စုံကြသော ရဟန်းတော်(၇)ပါး တို့သည် ၊မိမိတို့ရပ်တည်ချက်နှင့် သာသနာတော်ကြီးအခြေအနေ၊ အခြားအကျင့်ပျက်ရဟန်းတော်များနှင့်ပေါင်းသင်းနေထိုင်ခြင်းဖြင့်
ရရှိလာမည့်သံသရာဆိုးကျိုးအမျိုးမျိုးကို ဆွေးနွေးတိုင်ပင်မိကြလေ၏။
...................………………..
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)

No comments:
Post a Comment