
(၃) လာဘပလိဗောဓ
ကမ္မဋ္ဌာန်းအားထုတ်ရာမှာ ဆွမ်းကွမ်းမပင်ပန်းပဲ လွယ်ကူစွာ ရရှိဖို့ရန် ဘောဇနသပ္ပါယမျှတဖို့ရန် လွန်စွာအရေးကြီးပေသည်။
ထို ဆွမ်းစသော ပစ္စည်းလာဘ်လာဘ မပြည့်စုံလျှင်လည်း ကမ္မဋ္ဌာန်းတရားရှူပွားခြင်းငှါ မဖြစ်နိုင်သကဲ့သို့ ၊ မိမိသည် အလွန်ထင်ရှားကြော်ကြားသူ တစ်ဦးဖြစ်နေပါကလည်း လှူဒါန်းသူများ ဖူးမြှော်သူများများပြားလွန်းသဖြင့်လည်း မိမိ၏ ရဟန်းတရားကို ကောင်းစွာ အားထုတ်နိုင်မည်မဟုတ်ပေ။
ဘုရားရှင်လက်ထက်တော်အခါက တောင်ခြေက မာတိကာရွာကြီးမှာ သီတင်းသုံးတော်မူကြတဲ့ ရဟန်းတော်ခြောက်ကျိပ်ဟာ ပစ္စည်းလေးပါးဒါယိကာမကြီးက ဤအရှင်များဟောကြား ပြသသည့်နည်းလမ်းအတိုင်း တရားဘာဝနာများပွားများအားထုတ်ရာမှ အနာဂါမိမဂ်ဖိုလ်တိုင်အောင် အောင်မြင်ပေါက်မြောက်ခဲ့ပေမယ့် ထိုအရှင်မြတ်များမှာတော့ ဘာတရားထူးမှ ထူး၍ မသိမြင်နိုင်ကြရှာဘူးတဲ့ ၊
ရဟန်းတော်တွေမှာက တစ်ပါးနဲ့တစ်ပါး ဓာတ်ခံမတူ ကျန်းမာရေးအခြေနေကကွဲနေကြတော့ ။ ပါစက၀မ်းမီးကောင်းတဲ့ ကိုယ်တော်များမှာ စားသမျှဘောဇဉ်တွေ နာရီပိုင်းအတွင်းအစာကြေသွားပြီး မကြာခဏ ဆာလောင်ခြင်းဒဏ်ကို အလူးအလဲခံကြရပါတယ်။ ဒါ့ကြောင့် ထိုအရှင်တွေက ဆွမ်းမာ ဆွမ်းကြမ်းများကို တောင့်တမိကြတယ်တဲ့ ဒါမှလည်းထိုအရှင်တို့အတွက် နောက်ရက်နံနက်တိုင်အောင် ဆာလောင်ခြင်းကင်းပြီး တရားဘာဝနာရှူမှတ်နိုင်ကြမှာကိုး။
တချို့အရှင်များကြပြန်တော့လည်း အစာအိမ်ရောဂါ အစာမကြေညက်တာတွေ ခံစားကြရတဲ့အခါ ၊ ယာဂု၊ဟင်းရည်ချိုလေး ၊ဆွမ်းပူ ဆွမ်းပျော့ကလေးများ မျှော်လင့်တမ်းတမိကြတာပေါ့ ။
ဒါပေမယ့် ဆွမ်းတကာတကာမဆိုတာ ကိုယ့်မိဘမောင်နှမတွေလည်းမဟုတ်ကြ ကိုယ်နဲ့လည်းဘာမှမပတ်သက်ကြဘူးလေ ဒီတော့ လောင်းလှူတာယူခဲ့ပြီး အဆာပြေ ၀မ်းဝပြီးတာပဲလေလို့ စားလိုက်ကြရတယ်။
ဒီတော့ ထိုမာတိကာရွာနေ ရဟန်းတော်ခြောက်ဆယ်ဟာ
ဘောဇနသပ္ပါယမမျှတမှူဖြစ်ကာ တရားမတက်နိုင်ဖြစ်နေကြတာပေါ့။
ဒီအခြေနေကိုအဘိညာဏ်တန်ခိုးနှင့်သိမြင်တော့မှ ထိုသံဃာများ၏ ပစ္စည်းလေးပါးဒါယိကာမကြီး ကြီးမာတိကာမာတာက ဟင်းမယ်လျာများအစုံအလင် ၊ယာဂု ဆွမ်းကြမ်း များတစ်ပုံတစ်ပင်ကျောင်းသွားပို့စေပြီ အရှင်များကြိုက်နှစ်သက်သလိုသာသုံးဆောင်တော်မူကြပါဆိုပြီး
ဘူဖေးစံနစ်နဲ့ ဆွမ်းကပ်လိုက်ပါသတဲ့ ။
ဒီတော့မှ ထိုအရှင်များလည်း ဘောဇနသပ္ပါယပါမျှတပြီး အရဟတ္တဖိုလ်ပေါက်အားထုတ်နိုင်ကြကာ တရားထူးတရားမြတ်များ ရသွားကြပါတော့တယ်။
................................
ထိုနည်းတူစွာ ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားသည်မှာ မဟာအနုဠှ မည်သော မထေရ်သည် များစွာသော ရဟန်းတို့သည် ဆွမ်းခံ လှည့်လည်၍ ဟင်းမပါပဲ ဆွမ်းသက်သက်ကိုသာရ၍ ဂင်္ဂါ မြစ်ကမ်း၌ ထိုင်လျက် ဘုဉ်းပေးသုံး ဆောင်နေကြသည်ကို မြင်ရသော အခါ ဘောဇနသပ္ပါယမမျှတသည်၏အဖြစ်ကိုသိမြင်တော်မူသဖြင့် ဂင်္ဂါမြစ်၌ ရေကို ထောပတ်ကြည်အဖြစ် အဓိဋ္ဌာနိဒ္ဓိဖြင့် ဖန်ဆင်းတော်မူကာ သာမဏေတို့အား ထောပတ်ကို မြင်အောင်အမှတ်သညာကို ပေးတော်မူ၏။ ထိုသာမဏေတို့သည် ခွက်ငယ်တို့ဖြင့်ဆောင်ယူ၍ ရဟန်းသံဃာအား ကပ်လှူကြ၏။ အားလုံးသော ရဟန်း သာမဏေတို့သည် ချိုမြိန် ကောင်းမြတ်သော ထောပတ်ကြည် နှင့်တကွ ဘုဉ်းပေးတော်မူကြရမှသာ ရဟန်းတရားများ ကောင်းမွန်စွာ ပွားများအားထုတ်နိုင်ကြောင့် ဖွင့်ဆိုခဲ့လေသည်။
..............................
ထိုသို့ဆွမ်းကွမ်းဟင်းလျာများ ရှားပါးပါကလည်း ကမ္မဋ္ဌာန်းအန္တရာယ်ဖြစ်စေနိုင်သလို ဆွမ်းစသော လာဘ်လာဘပေါများလွန်းပါကလည်း မိမိတို့ပင်တိုင် ရဟန်းတရားကိုကြိုးစားအားမထုတ်နိုင်တော့ပဲ လူအများ၏အဖူးမြှောက်အပူဇော်ခံရင်းဖြင့်သာ အကျိုးရှိလှသော အချိန်များကိုကုန်ဆုံးကြရပြန်တော့၏။
ထိုဘုဉ်ကံကြီးမားသော ရဟန်းသည် ထိုလူတို့အား အနုမောဒနာပြုလျက် တရားဟောရသည်ဖြစ်၍ ရဟန်း တရားကို အားထုတ်ခြင်းငှါ အခွင့်မရတော့ပေ။ နေအရုဏ်တက်သည်မှ ပဌမယာမ်တိုင်အောင် လူတို့နှင့်ရောယှက်မှု မပြတ်တော့ပေ။
အချို့အချို့သော လာဘ်လာဘပေါများခြင်းကို လိုလားကြကုန်သော ရဟန်းတို့သည် ထိုဘုဉ်းကံကြီးမားသော ဆရာတော်ထံချဉ်းကပ်၍ ''အရှင်ဘုရား ဤမည်သော ဥပါသကာသည်, ဥပါသိကာမသည်, အမတ်သည်, အမတ်၏သမီးသည် အရှင်ဘုရားတို့ကို ဖူးမြော်လိုပါသည်''ဟုလျှောက်ကြ၏။
ထိုဘုန်းကြီးသော ရဟန်းသည် သံဃာတော်များအတွက် အကျိုးများပါစေတော့ဟု ထိုလှူဒါန်းပူဇော်ဖွယ်များကိုအလှုခံရန်ကြွရောက်ပေးနေရခြင်းဖြင့်ပင် မိမိ၏ကမ္မဋ္ဌာနဓုရမှ လစ်ဟင်းရလေတော့၏။
ဘုရားလက်ထက်တော်အခါကလည်း ဘုဉ်းကံကြီးမားမှူကြောင့် လာဘ်လာဘကပလိဗောဓဖြစ်လာ၍ ပရိတ်သတ်စွန့်ခွါပြီး မထင်မရှားနေရာများသို့ ချဉ်းကပ်သီတင်းသုံးကြရသော အရှင်မြတ်များလည်း မနည်းလှပေ။
ထို့ကြောင့် မိမိသည် ထင်ရှားကျော်ကြားလူသိများနေသော ဆရာတော်တစ်ပါးဖြစ်နေပါက ဒါယကာအပေါင်းကို စွန့်ခွါ၍ မိမိကိုသိသူတို့ မရှိကြရာအရပ်၌ တပါးတည်း သီတင်းသုံး နေထိုင်ခြင်းသာ လာဘပလိဗောဓကိုပယ်ခွါနိုင်ခြင်းအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အဌကထာအလိုကျတင်ပြပေးလိုက်ရပါတယ်။
………………………………..
ဒီနေရာမှာ လာဘ်လာဘနှင့်ပတ်သက်ပြီး ရေလိုက်မလွဲမိကြဖို့ သာသနာအစဉ်အဆက် အဆုံးအမ သြ၀ါဒပေးခဲ့ပုံလေးတွေ တင်ပြပေးချင်ပါသေးတယ် ။
ပဋိသမ္ဘိဒါ မဂ်ပါဠိတော်၌....
''သပရိယန္တမည်သော ထိုသီလကား အဘယ်နည်း၊
လာဘ်လျှင် အဆုံးအပိုင်းအခြားရှိသော သီလ သည်ရှိ၏၊
အခြံအရံလျှင် အဆုံး အပိုင်း အခြားရှိသော သီလသည်ရှိ၏၊
ဆွေမျိုးလျှင် အဆုံးအပိုင်း အခြားရှိသော သီလသည်ရှိ၏၊
ကိုယ်အင်္ဂါလျှင် အဆုံးအပိုင်းအခြားရှိသော သီလသည်ရှိ၏၊
အသက်လျှင် အဆုံးအပိုင်း အခြားရှိသော သီလသည်ရှိ၏။
လာဘ်လျှင်အဆုံး အပိုင်းအခြားရှိသော ထိုသီလကား အဘယ်နည်း၊
ဤလောက၌ အချို့ပုဂ္ဂိုလ်သည် ဆောက်တည်ထားပြီးသော သိက္ခာပုဒ်ကို လာဘ်ဟူသော အကြောင်းကြောင့် (လာဘ်ကိုအကြောင်းပြု၍) ကျူးလွန်၏။ ဤသည်ကား လာဘ်လျှင် အဆုံးအပိုင်း အခြားရှိသော ထိုသီလပေတည်း''
''လာဘ်လျှင် အဆုံးအပိုင်းအခြားမရှိသော ထိုသီလကား အဘယ်နည်း၊ ဤလောက၌ အချို့ပုဂ္ဂိုလ် သည် ဆောက်တည်ထားပြီးသော သိက္ခာပုဒ်ကို လာဘ်ဟူသော အကြောင်းကြောင့် (လာဘ်ကို အကြောင်း ပြု၍) ကျူးလွန်ရန် စိတ်အကြံကိုသော်လည်းမဖြစ်စေ၊ ထိုပုဂ္ဂိုလ်သည် အဘယ်မှာ ကျူးလွန်တော့ အံ့နည်း၊ ဤသည်ကား လာဘ်လျှင် အဆုံး အပိုင်းအခြား မရှိသော ထိုသီလပေတည်း'' -ဟု မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ပေသည် ။
ဤသို့လျှင် သီလသည် သပရိယန္တသီလ, အပရိယန္တသီလအားဖြင့် ၂-ပါးအပြားရှိ၏။ (အခြံအရံလျှင် အဆုံးအပိုင်းအခြားရှိသော သီလအစရှိသည်တို့ကိုလည်းနည်းတူမှတ်ရမည်ဖြစ်၏)
ဒါ့ကြောင့် ရှေးဆရာတော်ကြီးများက လာဘ်လာဘနောက်လိုက်ကာ မိမိ၏ ကိုယ်ကျင့်သီလ မပျက်စီးကြစေဖို့
“ပစ္စည်း၊မာတု ဤနှစ်ခု ဘိက္ခုသေမင်း ဓားနှစ်စင်း”ဟူ၍၄င်း၊
ရဟန်းဘ၀ မြဲလိုကလျှင် ၊
မာတုဂါမနှင့်ဝေး ၊ ငွေကြေးမစု ၊
ရဟန်းမှုကို အာရုံပြု၍နေ ၊
ဘိက္ခဝေ မြဲလေသာသနာ”
ဟူ၍၄င်း ဆုံးမတော်မူခဲ့ကြပေသည်။
အချို့သော ဆရာတော်ကြီးများ မှတ်ချက်ပေးသည်မှာလည်း
“မာတုဂါမဆိုတဲ့ ၀ိသဘာဂအာရုံတွေကို ဝေးဝေးရှောင်နိုင်ကြတဲ့ အရှင်တချို့တောင်မှ လာဘ်လာဘရဲ့တိုက်ခိုက်မှူဒဏ်ကိုမခံနိုင်ကြတော့ပဲ ၊ သူ့တကာ ,ငါ့တကာ ,သူ့ကျောင်း ,ငါ့ကျောင်းစတာတွေကို အစွဲကြီးကာ အလဲလဲ အကွဲကွဲဖြစ်ကုန်ကြသကွဲ့ -
လာဘ်လာဘထောက်ပံ့တဲ့ တကာတကာမတွေ ဆိုတာလည်း “မရှိမကောင်း၊ရှိမကောင်း၊ မပေါင်းလည်းခက် ၊ပေါင်းလည်းခက်တွေမဟုတ်လား”လို့ သြ၀ါဒပေးသနားတာ မှတ်သားခဲ့ရဖူးပါတယ်။
ဟုတ်တယ်လေ တကာတကာမ လှူမယ့်တန်းမယ့်သူမရှိပြန်ပါကလည်း
ရေလောင်းသူမဲ့ပန်းပင်လေးတွေလို ဖြူရော်ညှိးဖတ်ပြီး သာသနာမှာ ဆက်လက်ရှင်သန်ဖို့ရန် မလွယ်သလို ၊ လာဘ်လာဘပေါများလွန်းပြန်ပါကလည်း ။ပစ္စည်းဂုဏ်မောက် သမဏသညာပျောက်ကုန်ကြကာ ရဟန်းဘ၀ကို အလွယ်တကူစွန့်လွှတ် လူဝတ်လဲသွားကြသူ ရှင်လူထွက်များကိုလည်း တွေ့မြင်ကြရဖူးသည်မဟုတ်ပါလား။
မိမိငယ်စဉ် ကိုယ်ရင်ဘ၀တုန်းက ကိုရင်လေးဝဏ္ဏိတ ဆိုသူကို သတိရမိသေး၏။ ကိုရင်လေးသည် အရွယ်ငယ်သလောက် အပြောအဆိုစကားသည် အလွန်တတ်၊ဥပဓိရုပ်ကလေးကလည်း ကြည်ညိုဖွယ်ကိုရင်လေးတစ်ပါးပင်၊ သူ၏ဘုဉ်းကံအားလျော်စွာ ထိုကိုရင်လေးဆွမ်းခံကြွသော ဆွမ်းတကာမများမှာလည်း သဒ္ဓါတရားအားကြီးကြသူများပီပီ ကိုရင်လေးအတွက် ဆွမ်းကွမ်းသာမက အနာမာသ ၀တ္ထုငွေများပါ မကြာခဏလှူတတ်ကြသည်လည်းရှိ၏။
ထို့ကြောင့် ကိုရင်လေးဝဏ္ဏိတဆီမှာ လိုချင်တာဝယ်လို့ရရနိုင် သုံးနိုင်ဖြုန်းနိုင်လေးဖြစ်လာကာ ၀ံ့ကြွားလက်မထောင်နေလေသည်။
စကားတတ်လိုက်ပုံမှာကလည်း ဆွမ်းတကာမများက ကိုရင်လိုတာမိန့်ပါဘုရားဆိုလျှင်လည်း “ကိုရင်ဆိုတာက ဘာလိုအပ်တယ် မမိန့်ကောင်းဘူး တကာမကြီးရဲ့ ၊တကာမကြီးတို့ဖာသာ ၀ါဆိုသင်္ကန်း၊ကထိန်သင်္ကန်း စီမံလှူဒါန်းပေါ့”ဟု သင်္ကန်းဝယ်ယူလှူဒါန်းဖို့ရန် နိမိတ်သြဘာစကား ရည်ညွှန်းပြောကြားလိုက်သေး ဟူ၏။
ဝါဆို၊ကထိန် စတဲ့သင်္ကန်းဖြစ်ပေါ်ချိန်ကာလများမှာ ရဟန်းတော်များမှာ သင်္ကန်းလျာတစ်စုံ နှစ်စုံတန်သည်ရဖို့မလွယ်ပေမယ့် ကိုရင်ဝဏ္ဏိတအဖို သင်္ကန်း(၁၅)စုံလောက် ဆွမ်းခံအိမ်များမှ လှူဒါန်းဆက်ကပ်ကြလေ၏၊
သူငယ်ချင်းများအားလည်း မုန့်ဝယ်ကြွေးခြင်း ၊ဆွမ်းတကာ ကွမ်းတကာခံခြင်းစသည်ဖြင့် မိတ်သင်္ဂဟများလည်း ပေါများလာလေရာ စည်းကမ်းပျက်ကိုရင်တချို့နှင့်ပေါင်းမိကာ တီဗွီဂိမ်းများပါ ကစားတတ်လာလေသည်။ နောက်ဆုံး ဆရာသမားများက စည်းကမ်းပျက်ပြစ်မှူများ အကြိမ်ကြိမ်ကျူးလွန်သည်ကို တွေ့ရှိရသဖြင့် ကျောင်းတိုက်မှ အပပြုလိုက်ကြရတော့၏။
ဤသို့ဤပုံ ဖြစ်လာရခြင်းမှာ မိမိကိုယ်ကိုယ် မထိန်းသိမ်းနိုင်သေးတဲ့ ကလေးဘ၀မှာ လာဘ်လာဘနောက်လိုက်ကာ ငွေရအောင်ရှာတတ် သုံးတတ်ဖြုန်းတတ်ခြင်းမှ အရင်းအစပြုခဲ့သည်မဟုတ်ပါလော။
မိမိအအမြင်အရတင်ပြရလျှင် စာသင်သားကိုရင်ငယ်လေးများကို ၀တ္ထုငွေမကိုင်စေပဲ ကျောင်းတိုက်နာယကဆရာတော်များမှ စရင်းဇယားဖြင့်ထိန်းသိမ်းပေးထားပြီး လိုအပ်သော သပိတ်သင်္ကန်း၊ စာအုပ်စာတမ်းများကို လူကြီးများမှ လိုအပ်သလိုစီမံပေးသည့်စံနစ်သည် စာသင်သား ကိုရင်ငယ်လေးများအတွက် အလွန်အင်မတန် သင့်တော်သော စည်းကမ်းတရပ်ဖြစ်ပေ၏။
ထိုစည်းကမ်းကိုသဘောမကျသော စာသင်သားအချို့က
“ကိုယ့်ငွေကိုယ်ကိုင်တာ သုံးတာပဲကွာ လက်နဲ့မထိလည်း ငါ့ငွေ၊ငါ့ရွှေလို့ သတ်မှတ်ဘဏ်အပ်ပြီး ချက်လက်မှတ်ကိုင်ထားရင်တောင် အနီး၌ချထားသည်ကို စိတ်ကသာယာသည်နှင့် အာပတ်သင့်တာ ဘယ်လိုမှ ၀ိနည်းစည်းကမ်းမလွတ်ဘူး ။အလကား လူအထင်ကြီးအောင် နောက်ပါကပ္ပိယထားအကိုင်ခိုင်းတာတို့ ၊ သူတစ်ပါးထံအပ်နှံသုံးစွဲတာတို့ လုပ်ရတယ်လို့ ဟိတ်ကြီးဟန်ကြီးလုပ်တာပါ” ဟု စွပ်စွဲပြောဆိုကြသည်ကိုလည်း ကြားခဲ့ရဖူး၏။
အမှန်မှာ လူ့လောကမှာလည်း သုံးစွဲစာရင်းပြန်လည်တင်ပြခြင်း၊
စစ်ဆေးရခြင်းဖြင့်သာ ငွေကိုင်ပုဂ္ဂိုလ်များ ငွေအလွဲသုံးစားမလုပ်အောင် အထိန်းအကွပ်ပေးထားလိုက်သကဲ့သို့ စာသင်သားကိုရင်ငယ်လေးများသည် မိမိဖာသာ ငွေကိုင်သုံးခွင့်မရပဲ ၊သုံးစွဲစာရင်းတင်ပြလျှောက်ထားနေကြရတာကြောင့် မဟုတ်မဟုတ်သော ကစားစရာ ရေဒီယို ၊ကက်ဆက်စသည်များ အလွယ်တကူဝယ်ယူလို့မရနိုင်တော့ပေ။
ဆရာသမားများမသိအောင် မိမိဆီမှာ လျှို့ဝှက်စွာထား ကိုင်ယူသုံးစွဲနေလျှင်တောင်မှ အများမသိအောင် လျှို့ဝှက်သုံးစွဲရသဖြင့် လူမြင်မခံဝံ့ ဈေးကြီးသည့် ကစားစရာပစ္စည်းများ ၀ယ်ယူဖို့ပင် စိတ်ကူးမိတော့မည်မဟုတ်ချေ။
မိမိကိုယ်တိုင် ကိုင်ယူသုံးစွဲခွင့်ပြုလိုက်ခြင်းဖြင့် ကလေးငယ်လေးများမှာ ရှိသမျှငွေအကုန်သုံးစွဲပစ်လိုက်သဖြင့် ဖျားနာမကျန်းမာ၍ ဆေးခန်းသွားရလျှင်ဖြစ်စေ ၊ စာအုပ်စာတန်းဝယ်ယူရမည့်အချိန်ဖြစ်စေ အခက်ခဲများကြုံကာ ဒုက္ခကြီးစွာရောက်တတ်ကြလေသည်။
ထို့ကြောင့် စာသင်တိုက်ကြီးများမှာ စာသင်သားကိုရင်ငယ်လေးများအား လက်လွှတ်စံပယ် ငွေသုံးစွဲခွင့်ပေးမထားပဲ ၊တာဝန်ရှိလူကြီး ၊ဆရာသမားများမှ ထိန်းသိမ်းပေးထားခြင်းသည် အကောင်းဆုံးစည်းကမ်းတရပ်အဖြစ် သတ်မှတ်သင့်ကြပေ၏ သို့မဟုတ်ပါက လာဘ်လာဘရလာ သုံးနိုင်ဖြုန်းနိုင်လာသည်နှင့် လူစိတ်ပေါက်ကာ ပျက်စီးရဖို့ သေချာသလောက်ပင်။
ကျွန်ုပ်၏သူငယ်ချင်းတစ်ပါးလူထွက်သွားပုံမှာလည်း သတိထားဖွယ်တစ်ခုပင်။
အရင်ဆုံး မိမိဖာသာ ပုဆိုးအင်္ကျီဝယ်ထားက သေတ္တာတွင်းသိမ်းဆည်းထားလိုက်ပြီး ရွာကမိခင်ထံစာရေးလိုက်သည် ၊ “သားကိုရင်မပျော်ပိုက်၍ ပုဆိုးအင်္ကျီမြို့လာပို့ပါ ၊လူထွက်တော့မည်”ဟူ၏။ ထိုသတင်းကိုကြားလျှင်ကြားချင်း မိခင်ကြီးမှာ သောကကြီးစွာဖြင့် သားတော်မောင်ကိုပျော်အောင်ချော့ဖို့စိတ်ကူးနဲ့ ပုဆိုးအင်္ကျီမယူလာပဲ မြို့လိုက်လာခဲ့ရလေသည်။
ထိုမိခင်ကြီးစိတ်ကူးမှာ ပုဆိုးအင်္ကျီယူသွားလျှင် သားတော်မောင်ဧကန်စင်စစ်လူဝတ်လဲပေလိမ့်မည်။ ကလေးငယ်စဉ်မို့သာ လောကသုက္ခဒုက္ခတွေနားမလည်သေးပဲ လူဝတ်လဲချင်ကြခြင်းတည်း လယ်တီဆရာတော်ကြီးပင်လျှင် ငယ်စဉ်ကလူထွက်ခဲ့ဖူးသည်၊ မစိုးရိမ်ဆရာတော်ဘုရားကြီးပင် လူထွက်လိုခြင်းဖြစ်ခဲ့ရသည် သားတော်မောင်လူမထွက်ဖို့ ရအောင်တားမည်ဟု ဆုံးဖြတ်ကာ မြို့တက်လာရာမှ ။
ကျောင်းရောက်သည်နှင့် သားတော်မောင်က မိခင်ပုဆိုးအင်္ကျီပါမလာတာတွေ့တော့ မိမိကြိုတင်ဝယ်ယူထားသည့် ပုဆိုးအကျီင်္နှင့်ပင် မိခင်ကြီးမျက်မှောက်မှာ လူဝတ်လဲပစ်လိုက်ရာ မိခင်ကြီးခမျာ ရင်ထုမနာဖြစ်ပြီး သားတော်မောင်ရှင်လူထွက်ကိုသာ ရွာသို့သာပြန်ခေါ်သွားရတော့၏။
အခြားလူထွက်လိုကြသည့် သူငယ်ချင်း အချို့သည်လည်း ထိုနည်းနှင်နှင်တည်း။
ပုဆိုးအကျီင်္များရအောင်ရှာကြံ်ထားကြကာ ကျောင်းပိတ်လို့ရွာအပြန်မှာ တခါတည်းအပြီးလူဝတ်လဲသွားကြတော့၏။ ထိုသို့ဖြစ်ရခြင်းမှာလည်း ကိုယ်တိုင်ကိုယ်ကျ ငွေကိုင်စီမံခွင့်ရနေသဖြင့် စိတ်အလိုလိုက်ကာ လုပ်မိသွားကြခြင်းဖြစ်၏။
ထိုသူငယ်ချင်းများနှင့် မိမိတို့ပြန်ဆုံကြလျှင်ကား နောင်တလေသံလေးဖြင့်
“သူငယ်ချင်းတို့ရေ သာသနာဘောင်မှာသာ မြဲအောင်နေပါဘုရား..တပည့်တော်တို့မှာ မစင်တွင်းကတက်ခဲ့ပြီးကာမှ မင်တွင်းထဲပြန်ကျသလို မရှူသာ မကယ်သာဖြစ်နေရတာ ကိုယ်တွေ့နော် ၊ လူ့လောကကြီးက ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး”ဟု လူမထွက်ရေး ရင်ဖွင့်လျှောက်ထားကြလေတော့၏။
ထိုသို့သာသနာဘောင်မှလျောကျရခြင်း၏ အများစုမှာ လာဘ်လာဘနောက်လိုက်ရင်းလိုက်ရင်း လိုက်ရင်းနှင့် လူ့လောကတွင်း နစ်မြုပ်သွားကြရသူများပင် ၊
ယခု မိမိတို့လက်ထက်သာ ထိုကဲ့သို့ လာဘ်လာဘနောက်ပျက်စီးနေသူများ ရှိသည်မဟုတ်သေး ၀ိသုဒ္ဓိမဂ်၌ ရဟန်းတစ်ပါးသည် မလှူချင်၍ ရှောင်လွှဲနေသော ဥပါသိကာမကိုပင် ဆွမ်းမရရအောင်အလှူခဲ့ပုံကို မှတ်တမ်းတင်ဖော်ပြထားသော-ဟူ၏ ။
ဆွမ်းခံကိုယ်တော်တစ်ပါးသည် အိမ်တစ်အိမ်အတွင်းသို့ ဇွတ်ဝင်ကာ အိမ်ဦး၌ ထိုင်နေသတတ်။ထိုအခါ အိမ်ရှင်မသည်လည်း ထိုရဟန်းအမူရာနှင့်မတူသော အပြုအမူကိုမြင်ကာမျှဖြင့် သဒ္ဓါတရားပျက်ကာ တစ်စုံတစ်ရာမလှူလိုသောကြောင့့်  ''ဆွမ်းချက်စရာ ဆန်ပင်မရှိဘူးးဘုရား ၊အိမ်နီးနားချင်းတွေလိုက်ချေးငှါးကြည့်ရမှာပဲ “ဟုဆိုကာ ဆန်ကို ဆောင်ယူလို၍ သွားသကဲ့သို့ အိမ်နီးချင်းအိမ်သို့ သွားလေ၏။
ထိုရဟန်းသည်လည်း အိမ်ရှင်မ မရှိခိုက် အိမ်အခန်းအတွင်းသို့ဝင်၍ ကြည့်ရှုလတ်သော် တံခါးရွက်ထောင့်၌ ကြံကို၎င်း, အိုးထဲ၌ တင်လဲကို၎င်း, ခြင်းတောင်းထဲ၌ ငါးခြောက်ပြားခြမ်းကို၎င်း, ဆန်အိုးထဲ၌ ဆန်တို့ကို၎င်း, တောပတ်အိုးထဲ၌ ထောပတ်ကို၎င်း တွေ့မြင်ရလေလျှင် “နေနှင့်ဦးပေါ့ကွာ ဒီတကာမတော့ မရရအောင် ဆွမ်းချက်ကပ်ခိုင်းရမည်”ဟုကြံကာ အိမ်ဦးခန်းမှာပြန်၍ထိုင်နေလေ၏။
အိမ့်ရှင်မသည် 'ဆန်မရခဲ့'ဟု ညည်းတွားလျက် ပြန်လာရာ ''အင်း ဖြစ်နိုင်ပါတယ် တကာမရေ ယနေ့ဆွမ်း မပြည့်စုံလတံ့ဟု စောစောကပင် နိမိတ်ကို မြင်ခဲ့ရတယ်။
ဒီနေ့ဆွမ်းခံကြွဖို့ ကျောင်းကအထွက်မှာ ''တကာမအိမ်ထဲမှာထောင်ထားသော ကြံချောင်းလုံးပတ်လောက်ရှိတဲ့ မြွေတစ်ကောင်ဗျာ လမ်းမှာ စင်းစင်းကြီး ။ဒီတော့ ကံဆိုးပြီပေါ့ “ လို့ပြောလိုက်တော့ တကာမလည်း “ဟိုက် ငါ့အိမ်အတွင်းထဲက ထောင်ထားတဲ့ကြံချောင်းလောက်ဆိုပါလား “ လို့ လန့်သွားသတဲ့ ။ လူမမြင်အောင် အိမ်အတွင်းဝှက်ထားကာမှ ဒီရဟန်းအိမ်ထဲဝင်ကြည့်ဟန်တူပြီလို့တွေးလိုက်မိသတဲ့လေ။
ဒါနဲ့တကာမရေ အဲဒီမြွေကိုချောက်လှန့်ပစ်ခတ်ဖို့ လိုက်ရှာတာ ဘာမှရှာမရဘူး ၊ဒါနဲ့ တကာမအိမ်တွင်းက အိုးထဲမှထည့်ထားတဲ့တင်လဲခဲတွေလောက် ရှိတဲ့ကျောက်ခဲတွေနဲ့ လှမ်းပစ်ရတာပေါ့ ၊
(တကာမလည်း နားထောင်ရင်းပင် မျက်လုံးပြုးပြူးလာလေတော့၏။ )
“ဒါပေမယ့် မြွေကလမ်းမဖယ်တဲ့အပြင် မာန်ဖြီပြီး ပါးပြင်တောင်ထောင်နေလိုက်သေးဗျာ ၊ပါးပြင်းကြီးထောင်နေလိုက်ပုံများ တကာမအိမ် ခြင်းတောင်းထဲက ငါးခြောက်ပြားကြီးလောက်ရှိတယ်ဗျို့ ၊
ဦးဇင်းပစ်လိုက်တဲ့ ခဲကိုလိုက်ကိုက်တော့ မြွေရဲ့သွားတွေများ အတိုင်းသားမြင်ရတယ် ၊တကာမအိမ် ဆန်အိုးထဲက ဆန်တွေအတိုင်းပဲ၊
အဲဒီမြွေကဒေါသထွက်ပြီး ပါးစပ်ကအဆိပ်လူးသွားရည်တွေထွက်နေလိုက်ပုံများ တကာမအိမ်ထောပတ်အိုးထဲက ထောပတ်တွေကျလို့” လို့
နင့်အိမ်အတွင်းမှာ ဘာတွေဘာတွေရှိတာ ငါသိတယ်လို့ သွယ်ဝှိုက်ပြောလိုက်တော့မှ ။ ' 'ဟယ် ဒီ ဦးပြည်းကတုံးကို ငါဘယ်လိုမှ လှည့်ပတ်မရတော့ဘူး''ဟု ဆင်ခြင်၍
“အဲ ဟုတ်ပါ့ဘုရား အရှင်ဘုရားပြောပြမှာ သတိရတယ် အိမ်မှာ ဆန် ငါးခြောက် ၊ကြံပိုင်းတွေ ရှိသားဘုရား တပည့်တော်ဆွမ်းချက်တုန်း ခဏစောင့်ပါ ”ဟု ဆိုကာ ဆွမ်းချက်ကပ်လိုက်ရပါတော့သတဲ့ ။ဒီလို လှူဖွယ်ဝတ္ထုကို ရည်ညွှန်းပြောဆိုတာကို သာမန္တဇပ္ပ ဟုခေါ်ဆိုကြောင်း ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားပါတယ်။
……………………………….
အချို့သော အလိုဆိုးရှိသူ ရဟန်းအချို့သည်လည်း တကာတကာမတို့က ပစ္စည်းလေးပါးဖြင့် ဖိတ်မန်လာလျှင် အထင်ကြီးအောင်ကြံလျှက် ထောင်မြင်ရာစွန့်သဘောဖြင့်-
'ကိလေသာ ငြိမ်းအောင် ကျင့်သော ရဟန်းမှာ အဖိုးတန်သော သင်္ကန်းဖြင့် အဘယ် အကျိုး ရှိအံ့နည်း၊ ရဟန်းသည် သုသာန်မှဖြစ်စေ အမှိုက်ပုံမှဖြစ်စေ ဈေးအနီးမှ ဖြစ်စေ စုတ်ပြတ်ဟောင်းရိ အနား မရှိကုန်သော အဝတ်တို့ကို ကောက်ယူကာ သင်္ကန်းပြု၍ ဝတ်ရုံရာ၏၊ ဤသို့ဝတ်ရုံခြင်းသည် သင့်လျော်လျောက်ပတ်၏။
ရဟန်းမှာ အဖိုးတန်သောဆွမ်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းသည် ဆွမ်းခံခြင်းဖြင့် (ရသော) တလုပ်တခဲ ဆွမ်းဖြင့် အသက်မွေးခြင်းကို ပြုရာ၏၊ ဤသို့ အသက်မွေးခြင်း သည် သင့်လျော်လျောက်ပတ်၏။
ရဟန်းမှာ အဖိုးတန်သောကျောင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်း သည် သစ်ပင်အောက်၌ နေလေ့ရှိသည်၎င်း, ဟင်းလင်းပြင်အရပ်၌ နေလေ့ ရှိသည်၎င်း ဖြစ်ရာ၏၊ ဤသို့ သစ်ပင်အောက် ဟင်းလင်းပြင်၌နေခြင်းသည် သင့်လျော်လျောက်ပတ်၏။
ရဟန်းမှာ အဖိုးတန်သော ဆေး ပစ္စည်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ရဟန်းသည် နွားကျင်ငယ်ရေဖြင့်သော်၎င်း ဖန်ခါးသီးပိုင်းဖြင့်သော် ၎င်း၊ ဆေးကိုပြုရာ၏၊ ဤသို့ နွားကျင်ငယ်ရေ ဖန်ခါးသီးကို ဆေးပြု၍ သုံးဆောင်ခြင်းသည် သင့်လျော် လျောက်ပတ်၏'ဟု ပြောဆိုကာ ခေါင်းပါးယုတ်ညံ့သော သင်္ကန်းကို ဝတ်ရုံ၏၊
ခေါင်းပါးယုတ်ညံ့သော ဆွမ်းကို သုံးဆောင်၏၊
ခေါင်းပါးယုတ်ညံ့သော ကျောင်းကို မှီဝဲ၏၊
ခေါင်းပါးယုတ်ညံ့သော ဆေးကို သုံးဆောင်၏၊
ထိုသို့ ဟန်ဆောင်ကျင့်ပြသော အလိုဆိုးရှိသူကိုမှ ဆွမ်း ၊သင်္ကန်း၊ကျောင်း၊ဆေးတို့ဖြင့် တိုးကာတိုးကာ လှူဒါန်းမိကြတော့၏။ ဤတွင်မှ ထိုရဟန်းက -
အကယ်၍ ငါမချီးမြှောက်ငြားအံ့ သင်တို့သည် ကောင်းမှုမှ အပဖြစ်ကြရချေတော့မည်၊
ငါ့မှာမူ (သင်တို့လှူသော) ဤပစ္စည်းဖြင့် အလိုမရှိပေ၊ သို့သော်လည်း သင်တို့ကိုသာလျှင် အစဉ်သနားသဖြင့် အလှူခံပါ၏'ဟု ဆိုကာ ထိုဖြစ်ပေါ်လာသော ကျောင်းကောင်း ၊သင်္ကန်းကောင်း၊ဆွမ်းကောင်း၊ဆေးပစ္စည်းကောင်းများကိုသာ ရွေးချယ်၍ မက်မက်မောမော သုံးဆောင်ခံစားရင်းကမ္မဋ္ဌာန်းတရားမှ ဝေးသွားရပါတော့တယ်။
ဒီတော့ ရဟန်းတော်များဆိုတာ လာဘ်လာဘနောက်လိုက်သွားမိရင် မိမိတို့ရဲ့ လောဘဒေါသမောကငြိမ်းကြောင်း အကျင့်လမ်းမှန်မှ သွေဖီသွားကြပါလိမ့်မယ် ။
ဒါကြောင့် ပစ္စည်းမာတု ဤနှစ်ခု ဘိက္ခုသေမင်း ဓားနှစ်စင်းနဲ့ ခုတ်ထစ်ခြင်းမခံမိကြရစေဖို့ ရှာဖွေတင်ပြပေးလိုက်ရပါတယ်။
……………………………………….
( ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment