ဘုရားနှင့်တန်ခိုးပြိုင်မည့်သူ ပေါ်လာပြီ
မြတ်စွာဘုရား ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌သီတင်းသုံးစဉ်အခါ က အဝတ်မဝတ်ပဲ ကိုယ်လုံးတီးနေသူ ပါထိကပုတ္တတက္ကတွန်းသည်
''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊ သင်တို့ဆရာ’ဂေါတမ’ရဟန်းကြီးကိုသာ အကြောင်းကြားလိုက်စမ်းပါ သူက ငါနဲ့ယှဉ်ပြိုင်ဖို့ရန် ခရီးထက်ဝက်လာခဲ့လျှင် ငါကလည်း ခရီးထက်ဝက်သို့ သွားရောက်စောင့်ကြိုကာ နှစ်ဦးလုံးတွေ့ဆုံတဲ့နေရာမှာပင် အချိန်မဆိုင်းပဲ တန်ခိုးပြိုင်မည် အကယ်၍ ရဟန်းဂေါတမက တန်ခိုးတစ်မျိုးဖန်ဆင်းပြလျှင် ငါကနှစ်မျိုးပြလိုက်မည် …အကယ်၍ သူက တန်ခိုးလေးမျိုးဖန်ဆင်းပြလျှင် ငါက ရှစ်မျိုးဖန်ဆင်းပြလိုက်မည် ၊ သူ့ထက်နှစ်ဆနှစ်ဆ တိုး၍ပင် တန်ခိုးပြပြီး ဘယ်သူကတန်ခိုးပိုကြီးတယ်ဆိုတာကို အားလုံးသိအောင် လုပ်ပြမည်”ဟု လူအများအထင်ကြီးလာအောင် အဝေးမှနေ၍ စိန်ခေါ်နေလေ၏
သို့သော် မြတ်ဗုဒ္ဓရှိရာသို့ကား မလာရဲပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် မည်သည့်ဈာန်အဘိညာဏ်မှမရတဲ့ သာမန်တက္ကတွန်းတစ်ယောက်ဖြစ်သော်လည်း ၊ ဂေါတမဗုဒ္ဓသည် ငါ့လိုပါမွှားနှင့် ယှဉ်ပြိုင်အံ့ဟု မည်သည့်အခါမှ ကြွလာလိမ့်မည်မဟုတ်ချေ၊ လူအများသည်သာ ငါ့ကိုလည်း တန်ခိုးရှင်တစ်ယောက်ဟု အထင်ကြီးကာ ဆည်းကပ်ပူဇော်ကြပေလိမ့်မည်’ဟု ယူဆထားသောကြောင့် ပုဆိုးခြုံထဲမှ လက်သီးဆုပ်ကာ တန်ခိုးပြဖို့ စိန်ခေါ်နေခြင်းပင်တည်း။
သို့သော် သူကြိုတွက်ထားသည့်အတိုင်းပင် ပညာမဲ့သူလူအများတို့သည် “ပါထိကပုတ္တ ကိုယ်တုံးလုံးကိုယ်တော်ကြီးသည် အမှန်တကယ်ပင် တန်ခိုးကြီးသူဖြစ်၏။ ဘုရားဟုကျော်ကြားသူ ကိုပင် တန်ခိုးပြိုင်ဖို့ စိန်ခေါ်ဝံ့သော လူစွမ်းကောင်းပေတည်း၊ အရိယာသူတော်စင်ကြီးအား ပူဇော်ကြကုန်အံ့”ဟုဆိုကာ ကျောင်းအိပ်ယာ နေရာ စားစရာသောက်စရာ စသည်တို့ဖြင့်လှုဒါန်းပူဇော်ကြရာ တခဏချင်းပင် အလွန်ကျော်ကြားလာလေတော့၏၊ သူ၏ဂုဏ်သတင်းသည်လည်း တစတစပျံ့နှံ့လာရာ ဇေတ၀န်ကျောင်းတိုက်ရှိ ဘုရားအလုပ်အကျွေး အရှင်သုနက္ခတ္တထံသို့ပင် ရောက်လာလေတော့၏။
သုနက္ခတ္တသည်လည်း ဒီသတင်းကို ကြားလျှင်ကြားချင် အလွန်လျှင်အံ့သြ၀မ်းသာသွားပေ၏ ၊အကြောင်းမူကား သူသည်မြတ်စွာဘုရား၏ ဂုဏ်သိက္ခာကျဆင်းပြီး အကျော်စောမဲ့ခြင်းကို လိုလားတောင့်တနေခဲ့သော်လည်း အပြစ်တစုံတစ်ရာရှာ၍ မရခဲ့ပေ၊ ထို့ထက်ပို၍ ဆိုးသည်ကား မုသာဝါဒဖြင့် စွပ်စွဲပုတ်ခတ်လိုက်မည်ဟု အားခဲထားရာမှာ ခွေးလိုကျင့်ကြံသူ ကောရခတ္တိယ နှင့် ကဠာရမဋ္ဋက တို့၏အနာဂတ်ကိုကြိုတင်ဟောကြားတော်မူခဲ့သည်တွင် ဟောသည့်အတိုင်းမှန်ကန်ခဲ့၍ နှုတ်ဆိတ်နေခဲ့ရလေသည်၊
သို့သော် ‘နေနှင့်ဦးပေါ့ကွာ ထင်းခွေမတွေ့ ရေခပ်တွေ့ပေါ့ တချိန်ချိန်တော့ ဘုရားကိုအန်တုမည့်သူ ၊ဘုရားထက်သာလွန်သူ တစ်ဦးဦးပေါ်လာဦးမှာပါ ‘ဟု ဘုရားရှင် ပျက်စီးရာ ပျက်စီးကြောင်းကို ကြိတ်ကြံနေတဲ့ အတွင်းရန်သူတစ်ယောက်ဖြစ်နေတဲ့အတွက်
ယခုလို ပါထိကပုတ္တ ဆိုတဲ့ အ၀တ်မ၀တ်တဲ့ တက္ကတွန်းကြိးက ဘုရားနှင့်တန်ခိုးပြိုင်နိုင်စွမ်းရှိတယ် ၊ယှဉ်ပြိုင်လိုတယ် ဟုကြားလိုက်ရခြင်းမှာ ရေငတ်နေသူ ရေတွင်းထဲကျဘိသကဲ့သို့ သူ့ဆန္ဒပြည့်တော့မည်ဟုထင်မှတ်ကာ အလွန်ပင် ၀မ်းသာသွားလေသည်။
သုနက္ခတ္တသည် ဟန်မပျက် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ်များကို ပြုလုပ်ပေးပြီး မြတ်စွာဘုရားဂန္ဓကုဋိတိုက်တော်အတွင်းသို့ ၀င်ရောက်အနားယူတဲ့အချိန်အတွင်းမှာ ကျောင်းတော်မှ တစ်ပါးတည်းထွက်ကာ ပါထိကပုတ္တ တက္ကတွန်းကြီးရှိရာသို့ထွက်လာခဲ့လေတော့သည်။
တက္ကတွန်းကြီးသည် ဂေါတမဗုဒ္ဓ၏သာဝကရဟန်းတစ်ပါး ရောက်လာတယ်ကြားလိုက်သည်နှင့် ပါထိကပုတ္တသည် သူ့ကိုတန်ခိုးဖြင့်ဆုံးမမည့် ရဟန်းတစ်ပါးပါးအား ရဟန်းကြီးဂေါတမကလွှတ်လိုက်လေသလား??? ဟု အလွန်တုန်လှုပ်သွားလေ၏။ သို့သော် ဟန်ကိုယ့်ဖို့ဟု တွေးလိုက်ပြီး လက်ခံတွေ့ဆုံပြီး အခြေနေကိုတီးခေါက်ကြည့်လိုက်လေသည်။
“အသင်ရဟန်းသည် အဘယ့်အတွက်ကြောင့် အကျွန်ုပ်ထံရောက်လာပါသလဲ “
“အို အရိယာသူတော်စင်ကြီး အသင်ဆရာကြီးးသည် ဂေါတမမြတ်စွာဘုရားနှင့် တန်ခိုးယှဉ်ပြိုင်ဝံ့သည် ဆိုသည်မှာ မှန်ကန်ပါသလော”
ပါထိကပုတ္တ တက္ကတွန်းကြီးသည် သူ့ကိုဆုံးမဖို့ ရောက်လာသော ရဟန်းတော်တည်းဟု ထင်မှတ်သွားကာ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။ မျက်နှာသည်ပင် သွေးဆုတ်သွားသကဲ့သို ထင်ရ၏။
“ ဟုတ် ဟုတ်ပါတယ် အသင်ရဟန်း အကျွန်ုပ်အဲလိုပြောခဲ့ပါတယ်”
သုနက္ခတ္တသည် ပညာမဲ့သူပီပီ ပါထိကပုတ္တ၏ လက်ရှိအခြေနေအမှန်ကိုပင် မသုံးသပ်နိုင် တကယ်ယှဉ်ပြီုင်နိုင်စွမ်းရှိ၍ ပြောဆိုခြင်းဟုတ်မဟုတ် ထပ်မံစုံစမ်းမနေတော့ပဲ ၊
“ဟာ လေးစားလိုက်တာ သူတော်စင်ကြီးရယ် ကျုပ်ကတခြားမဟုတ်ပါဘူး ရဟန်းဂေါတမရဲ့ ခြေရင်းအလုပ်အကျွေးရဟန်း သုနက္ခတ္တဆိုတာ ကျုပ်ပဲဗျ မြတ်စွာဘုရားအကြောင်း ကျုပ်လောက်ဘယ်သူသိဦးမှာလဲ ဒဿနအမြင်တွေ တွေးတောကာထုတ်ဖော်ပြောကြားနေတာကလွဲလို့ အရှင်နဲ့တန်ခိုးပြိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ အရှင်ဘုရားက တန်ခိုးပြိုင်ဖို့ စိန်ခေါ်လိုက်ကြောင်းကို သွားပြောပြီးကြောက်ပြေးအောင်လုပ်လိုက်မယ် ဘာမှမပူနဲ့ ဒီအတိုင်းသာ ဆက်လက်ပြီးပြောဆိုနေပါ”ဟု အားပေးစကားပြောပြီး
စိတ်ထဲမှာလဲ” ဒီတစ်ခါတော့ လူတွေက တန်းခိုးတော်အနန္တရှိတယ်လို့ထင်နေကြတဲ့ ဂေါတမမြတ်စွာဘုရား သူ့အလိမ်အညာတွေ ရှင်းရှင်းကြီးပေါ်တော့မှာပဲ လူတွေကြားမှ တန်ခိုးမပြနိုင်ပြီဆိုမှ တခါတည်းပွဲပြီးပြီ ငါလည်း တန်ခိုးမပြနိုင်တဲ့သူကို ဆရာမတော်နိုင်ဟု အပြတ်ပြောကာ စွန့်ခွါတော့မည်” ဟု ၀မ်းသာအားရ ကျောင်းတော်သို့ ပြန်လာခဲ့လေသည် ။
ကျောင်းတော်သို့ ပြန်ရောက်သည်နှင့် ဘုရားရှိရာသွားကာ အရှင်ဘုရား အ၀တ်မ၀တ်သော ပါထိကပုတ္တ တက္ကတွန်းဆရာကြီးသည် ''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊
သင်တို့ဆရာ’ဂေါတမ’ရဟန်းကြီးကိုသာ အကြောင်းကြားလိုက်စမ်းပါ သူက ငါနဲ့ယှဉ်ပြိုင်ဖို့ရန် ခရီးထက်ဝက်လာခဲ့လျှင် ငါကလည်း ခရီးထက်ဝက်သို့ သွားရောက်စောင့်ကြိုကာ နှစ်ဦးလုံးတွေ့ဆုံတဲ့နေရာမှာပင် အချိန်မဆိုင်းပဲ တန်ခိုးပြိုင်မည် အကယ်၍ ရဟန်းဂေါတမက တန်ခိုးတစ်မျိုးဖန်ဆင်းပြလျှင် ငါကနှစ်မျိုးပြလိုက်မည် …အကယ်၍ သူက တန်ခိုးလေးမျိုးဖန်ဆင်းပြလျှင် ငါက ရှစ်မျိုးဖန်ဆင်းပြလိုက်မည် ၊ သူ့ထက်နှစ်ဆနှစ်ဆ တိုး၍ပင် တန်ခိုးပြပြီး ဘယ်သူကတန်ခိုးပိုကြီးတယ်ဆိုတာကို အားလုံးသိအောင် လုပ်ပြမည်”ဟု အရှင်ဘုရားနှင့် တန်ခိုးယှဉ်ပြိုင်လိုကြောင်း ပြောကြားစိန်ခေါ်နေပါသည်ဘုရား ၊ အရှင်ဘုရားအနေနဲ့ သူနှင့် သူနှင့်တန်ခိုး ယှဉ်ပြိုင်ခြင်းငှါ စွမ်းနိုင်ပါမည်လော၊ ဒီတစ်ခါသာ မယှဉ်ပြိုင်နိုင်ပဲ ရှုံးခဲ့ပါက အတုမရှိမြတ်စွာဘုရားဆိုတဲ့ နာမည်တော့ ပျက်ရတော့မှာပဲ”ဟု စိုးရိမ်ကြောင့်ကျလေဟန်ဖြင့် လျှောက်ထားလေ၏။
ထိုအခါ မြတ်ဗုဒ္ဓက ''သုနက္ခတ် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည်
(၁) “အကျွန်ုပ်သည် ဘုရားမဟုတ်ပါပဲလျှက် ဘုရားဟုပြောဆိုကာ လှည့်လည်မိခဲ့ပါပြီ ၊ကျွန်ုပ်လိမ်ညာမိခဲ့ပါပြီ ဘုရားမဟုတ်ပါ”ဟု ပြောဆိုကာ ထိုဘုရားဖြစ်၏ဟူသော စကားကို မရုပ်သိမ်းမူ၍
(၂)စိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ဆင်ခြင်ပြီး “သြော် ငါဘုရားမဟုတ်ပဲလျှင် ဘုရားဟုထင်မှတ်ကာ လှည့်လည်မိခဲ့ပြီ တကယ်တော့ ငါဟာ ဘုရားမဟုတ်ပါလား”ဟု ဘုရားဟူသော စိတ်ကြီးဝင်မှုကို မပယ်မူ၍
(၃) “ဤမျှလောက်ကာလပတ်လုံး ဘုရားမဟုတ်ပဲ ဘုရားဖြစ်၏ဟူသော အယူမှားဖြစ်ပေါ်ခဲ့ပြီ ထိုအယူမှားကိုစွန့်ပါအံ့”ဟု ထိုအယူမှားကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊
'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏၊ ခုနစ်စိတ်သော်လည်း ကွဲလေရာ၏’ဟု မိန့်တော်မူလိုက်လေသည်။
သုနက္ခတ္တသည် တွက်ထားသည်ကား ပါထိကပုတ္တအကြောင်းကိုကြားသည်နှင့် ဂေါတမဗုဒ္ဓသည် အခြားအရပ်တစ်ပါးသို့ ဒေသစာရီလှည့်လည်မည်ဟု ဆိုကာထွက်ခွါသွားလိမ့်မည်၊ ထိုအခါမှ ငါသည် ဂေါတမဗုဒ္ဓကို တန်ခိုးပြာဋိဟာမယှဉ်ပြီုင်ရဲ၍ ဘုရားမဟုတ် မဟုတ်ဟုဆိုကာ စွန့်ခွါမည်ဟု ဖြစ်၏ သို့သော် ဘုရားရှင်က “ပါထိကပုတ္တသည် ငါဘုရားကိုတွေ့ခြင်းငှါ မစွမ်းနိုင် တွေ့ဖို့လာပါက သူ့ဦးခေါင်းပြတ်၍ သေလိမ့်မည် ၊ခုနစ်စိတ်သော်လည်း ကွဲ၍သေလိမ့်မည်”ဟူ၍ ရဲရဲတောက် မိန့်တော်မူသောစကားကိုကြားရသောအခါ ၊ လုံးဝမယုံနိုင်ဖြစ်သွားလေသည်၊
အကြောင်းမှာ လုံးဝမဖြစ်နိုင်သော ပါထိကပုတ္တက ဘုရားရှင်ကိုတွေ့ရုံနှင့် ဦးခေါင်းပြတ်၍ သေမည်ဟု မိန့်တော်မူသောကြောင့်တည်း။ ထို့ကြောင့် အပြင်းအထန်ပင်
“မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ”ဟု စကားကို အရမ်းကာရော နှုတ်မစောင့်ပဲ မပြောမိဖို့ တားမြစ်လေသည်။
သုနက္ခတ် သင်သည် အဘယ့်ကြောင့် ဤစကားကို ဆိုသနည်း၊ ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ''ဟု ဆိုဘိသနည်းဟုမေးမြန်းရာမှ
“ အရှင်ဘုရားသည် ကိုယ့်ကိုယ်ကို အထင်ကြီးကာ အတိအကျကို ပါထိကသည်ငါ့ထံသို့လာမည်ဟု အကြံဖြစ်ကာမျှဖြင့် ဦးခေါင်းပြတ်၍သော်၎င်း ခုနစ်စိတ်ကွဲ၍သော်၎င်း သေလိမ့်မည်”ဟု မိန့်တော်မူဘိ၏ ၊ ပါထိကပုတ္တဆရာကြီးသည် အကယ်၍ ခြေင်္သေ့အသွင် ကျားအသွင်၊အခြားသော အသွင်ပြင်တစ်မျိုးမျိုးဖြင့် အရှင်ဘုရားထံလာခဲ့သော် မြတ်စွာ ဘုရား၏ ထိုစကားသည် မှားရာ၏ “ဟု မုသာဝါဒဖြင့် နှိပ်ကွပ်လေတော့၏။
ထိုအခါ မြတ်ဗုဒ္ဓက ''သုနက္ခတ် ငါဘုရားသည် နှစ်ခွဖြစ်သော စကားကို ပြောရာသလော''ဟု ထပ်၍မေးမြန်းရာမှာ “အရှင်ဘုရားသည် ပါထိကပုတ္တဆရာကြီး အရှင်ဘုရားထံလာမည်ဟု အကြံဖြစ်ကာမျှဖြင့် ဦးခေါင်းပြတ်၍သေမည်ဟု ဘယ်လိုသိပါသလဲ ၊ ပါထိက၏စိတ်ကို တန်ခိုးအဘိညာဉ်ဖြင့် ထိုးထွင်းသိပါသလား ၊သို့တည်းမဟုတ် နတ်ဗြဟ္မာတစ်ယောက်ယောက်ကများ လျှောက်ထားလို့သိတာပါလား”ဟု ဘုရားရှင်အားမေးမြန်းရာမှ
သုနက္ခတ် ပါထိက ငါဘုရားအထံသို့လာမည်ဟု အကြံဖြစ်ကာမျှဖြင့် ဦးခေါင်းပြတ်၍ သေဆုံးရမည်ကို ပါထိက၏စိတ်ကို ငါကိုယ်တိုင်လည်း တန်ခိုးအဘိညာဉ်ဖြင့် ထိုးထွင်း၍သိ၏ နတ်တို့ကလည်းလျောက်ထားခဲ့ဖူး၏။
အဇိတမည်သော ငါဘုရား၏သာဝကဖြစ်သော လိစ္ဆဝီစစ်သူကြီးသည် သေလွန်၍ ယခုတာဝတိံသာဘုံ၌ ဖြစ်နေ၏။ ထိုသူသည် လည်း ငါ့ထံသို့ ချဉ်းကပ်၍
''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အရှက်မရှိသူ ဖြစ်ပါ၏၊
မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် မုသားပြောတတ်သူ ဖြစ်ပါ၏၊
မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အကျွန်ုပ်ကိုလည်း 'အဇိတလိစ္ဆဝီ စစ်သူကြီး သည် ကြီးစွာသော ငရဲ၌ ဖြစ်၏ 'ဟု ဝဇ္ဇီမင်းတို့၏ ရွာ၌ ပြောကြားပါ၏။
မြတ်စွာဘုရား အကျွန်ုပ်သည် ကြီးစွာသော ငရဲ၌ မဖြစ်ပါ၊ တာဝတိံသာဘုံ၌ ဖြစ်ပါ၏။
''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကား ကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက် မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု လျှောက်ထားခဲ့ဖူး၏။
သုနက္ခတ် ငါသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခွါခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏ အရံသို့ ချဉ်းကပ်အံ့၊ သုနက္ခတ် ယခု သင်ပြောကြားလိုသူကို ပြောကြားလော့”ဟု ပါထိကတက္ကတွန်းဆရာကြီး တောင့်တသကဲ့သို့ တန်ခိုးပြာဋိဟာပြတော်မူရန် ဆွမ်းစားပြီးပါက ပါထိက၏နေရာ ကျောင်းသင်္ခန်းသို့ ကြွတော်မူမည်ဖြစ်ကြောင်း အတိအလင်း ကျေညာချက်ထုတ်တော်မူလိုက်တော့သည်။
သုနက္ခတ်သည်လည်း အကြီးအကျယ်ဝမ်းသာသွားလေသည် ၊ ငါ၏စိတ်အကြံသည် ယနေ့ပင်ပြည့်ဝပေတော့အံ့ တန်ခိုးယှဉ်ပြိုင်၍ အရှုံးကြီးရှုံးသွားသော ရဟန်းဂေါတမကိုစွန့်ခွါ၍ သာသနာမှလူထွက်ကာ လွပ်လပ်စွာနေတော့အံ့ ဟုကြိတ်ကာ ၀မ်းသာအားရဖြစ်နေလေသည်။ သူသည် သာသနာဘောင်မှ လူထွက်လိုသော်လည်း ဘုရားရှင်၏အလုပ်အကျွေးအဖြစ်ဖြင့် အလွန်ထင်ရှားသူတစ်ယောက်ဖြစ်သဖြင့် သာသနာဘောင်သို့ ဆွေးမျိုးဥစ္စာတို့ကိစွန့်ခွါကာ သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပြီးကာမှ ယခုကဲ့သို့ လူဝတ်လဲလိုက်ပြန်ပါက အကျင့်သီလများကို ပြည့်ဝစွာမဖြည့်ကျင့်နိုင်၍ လူထွက်လာသည်ဟု ကဲ့ရဲ့ရှုံ့ချကြမည်ဖြစ်၍ ဘုရားရှင်၏ အပြစ်တစ်စုံတစ်ရာကိုထောက်ပြပြီး ဒါ့ကြောင့်စွန့်ခွါ၍ လူဝတ်လဲရပါသည်ဟု လူထွက်ရခြင်းအကြောင်းကို ချပြလိုခြင်းတည်း။
ထို့ကြောင့် ဒီတန်ခိုးပြိုင်ပွဲကို လူအများသိနိုင်သမျှသိကြစေဖို့ ကြိုးစားမှတော်မည်ဟုကြံကာ တစ်မြို့လုံးလှည့်လည်ကာ ဘုရားရှင်နှင့် ပါထိကပုတ္တတက္ကတွန်းဆရာကြီးတို့ တန်ခိုးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း လှည့်လည်ပြောကြားလေရာ တစ်မြို့လုံး အုံးအုံးကျွတ်ကျွတ်ဖြစ်နေလေတော့၏။
တန်ခိုးပြာဋိဟာပြဖို့ ကြွတော်မူခြင်း
ဘုရားရှင်ကိုယ်တော်မြတ်သည်လည်း မိန့်တော်မူထားသည့်အတိုင်းပင် ဆွမ်းစားပြီးချိန်၌ ပါထိကပုတ္တတက္ကတွန်းနေထိုင်ရာ ကျောင်းသို့ကြွတော်မူလေသည်။
လိစ္ဆဝီမင်းသား သုနက္ခတ်သည် လျင်လျင်မြန်မြန် ဝေသာလီပြည်သို့ ဝင်၍ ထင်ရှား ကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ထံ ချဉ်းကပ်ပြီးလျှင် ဤစကားကို ဆို၏၊
''ငါ့သျှင်တို့ မြတ်စွာ ဘုရားသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့လျက် နေ့သန့်စင် နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။
ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ့သျှင်တို့ သွားကြကုန်လော့၊ ချီးမွမ်းအံ့သြဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့''ဟုပြောကြားလေသည်။
ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည်လည်း ချက်ချင်းပင် စစ်ထွက်ကြသည့်အလား လှည်းသံ ယာဉ်သံ ခရာသံတို့ကို ညံစေလျှက် ''အချင်းတို့ အံ့သြချီးမွမ်းဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လိမ့်သတတ်၊ အချင်းတို့ ယခုသွားကြ ကုန်အံ့''ဟု အဆောတလျှင်ထွက်လာကြလေသည်။
သုနက္ခတ်သည် ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့ထံသို့လည်း ချဉ်းကပ်၍ ထိုအကြောင်းကို ပြောပြပြန်ရာ အလွန်ထင်ရှားကုန်သော အမျိုးလေးပါးတို့သည် ထိုတန်ခိုးပြာဋိဟာ ပြမည့် ပါထိကကျောင်းသို့သာ ချီတက်လာကြလေတော့သည်။ အရာမကအထောင်မက သောပရိတ်သတ်ကြီးသည်” မြတ်စွာဘုရားနှင့် ပါထိကပုတ္တ ဆရာကြီး၏တန်ခိုးပြမှုကို ကြည့်ကြကုန်အံ့”ဟု လာရောက်ကြလေသည်။
သုနက္ခတ္တလိစ္ဆ၀ီ ရဟန်းအား ဥပဋ္ဌာက အလုပ်အကျွေးအဖြစ် ခွင့်ပြုထားခြင်း အကြောင်းရင်း
ဒီနေရာမှာ စာရှုသူတို့သံသယကင်းဖို့ အနည်းငယ်တင်ပြဖို့လိုပေလိမ့်မည်။
သုနက္ခတ္တသည် ဒီလောက်မြတ်စွာဘုရားအပေါ်၌ ဖောက်လွဲဖောက်ပြန်ပြုပြီး အကျိုးမဲ့ကိုသာလိုလားနေသူဖြစ်ပါလျှက် နှင်ထုတ်စွန့်လွှတ်ခြင်းမပြုမူ၍ ယခုလောက်ထိ ပစ္ဆာသမဏအဖြစ်ဖြင့် လှည့်လည်နေခြင်းသည် ၊ပြုစုမည့်သူ အခြားရဟန်းတစ်ပါးပါး မရှိ၍လော ??? ဆုံးမရနိုင်မည်ထင်မှတ်တော်မူ၍လော ???
ဤသို့ကားမဟုတ်ပေ၊ ယခုလိုပြာဋိဟာပြမည့်ပွဲမျိုး၌ များလှစွာသော ပရိတ်သတ်ကြီးကို စည်းရုံးဆော်သြကာ စုဆောင်းနိုင်မည်ကိုမြင်တော်မူသောကြောင့် ဖြစ်ပေသည်။
သုနက္ခတ္တ လိစ္ဆ၀ီကဲ့သို့သော ပရိတ်သတ်များစိတ်ဝင်တစားလာရောက်စုဝေးရန် စွမ်းဆောင်နိုင်သော ရဟန်းတော်ကားမရှိပေ၊ အဘယ့်ကြောင့်ဆိုသော သုနက္ခတ္တည် ၀ဇ္ဇီတိုင်းသာ လိစ္ဆ၀ီမင်းမျိုးမှ ရဟန်းပြုလာသောသူဖြစ်သဖြင့်လည်း ယခုဝေသာလီပြည်၌ မင်းမျိုး ပုဏ္ဏားမျိုး သူဋ္ဌေးမျိုး သူကြွယ်မျိုးတို့အတွင်းတွင် အလွန်ထငှ်ရှားသူဖြစ်သည့်အလျောက် သို့ကလောက် ပရိတ်သတ်များကို စည်းရုံးစုစည်းနိုင်ခဲ့ခြင်းဖြစ်လေသည်။
(ဆက်လက်ဖော်ပြပါဦးမည်….)

No comments:
Post a Comment