Wednesday, July 4, 2012

သင်္ကန်းစွန်းကို ဆွဲ၍လိုက်သော်လဲ……(၆)

ဘုရားရှင်၏အလုပ်ကျွေး သုနက္ခတ္တ လူဝတ်လဲလေပြီ

     သုနက္ခတ္တလိစ္ဆ၀ီရဟန်သည် မြတ်စွာဘုရားအပေါ်၌ လုံးဝမကြည်ညိုနိုင်တော့သဖြင့် ဘုရားရှင်အား ၀တ်ကြီးဝတ်ငယ်ပြုနေရသည်ကိုလည်း မပျော်ပိုက်တော့ချေ ၊လူဝတ်လဲကာ လူထွက်ချင်စိတ်ပေါက်နေသော
(လူစိတ်ပေါက်နေသော )ရဟန်းတစ်ပါးမျှသာ ဖြစ်ပေတော့၏၊

     သို့သော်လည်း လူအများက သူ့အားဘုရားအလုပ်အကျွေးရဟန်းတစ်ပါးအဖြစ် ချီးကျူးစကားများ ပြောဆိုခဲ့ကြခြင်း၊ သူကိုယ်တိုက်ကလည်း ဘုရားရှင်၏ ဂုဏ်ကျေးဇူး ၊တရားတော်၏ ဂုဏ်ကျေးဇူး ၊သံဃာတော်၏ဂုဏ်ကျေးဇူးတို့ကို ရေပက်မ၀င်အောင် ပြောဆိုချီးမွမ်းခဲ့သည်ဖြစ်သောကြောင့် လူဝတ်လဲသွားပါက ဘုရားရှင်၏အဆုံးမအတိုင်း မလိုက်နာနိုင်၍သာ လူဝတ်လဲခြင်းဖြစ်ကြောင်း ကဲ့ရဲ့ရှုံ့ချခံရမှာလည်း တွေးကြောက်နေမိ၏၊

      ထို့ကြောင့်ပင် မြတ်စွာဘုရား၏အားနည်းချက်တစ်ခုခုကို ထောက်ပြ၍ ဒါ့ကြောင့် သူဘုရားရှင်အားမကြည်ညိုနိုင်တော့ပဲ လူထွက်ရခြင်းဖြစ်ကြောင်း သက်သေသာဓက ထုတ်ပြလို၏ ။  ခက်သည်ကား  ယခုအချိန်တိုင်အောင်ပင် မြတ်စွာဘုရားရှင်၏အားနည်းချက်ကိုကား တစွန်းတစမျှရှာမရခဲ့ချေ၊ သူက ဘုရားရှင်ထက်သာလွန်သည်ဟု ထင်မှတ်၍ သွား၍ဆည်းကပ်မိသူတို့သည်လည်း မြတ်စွာဘုရားရှင်အား မယှဉ်နိုင်ပဲ လမင်းကြိးနှင့် ပိုးစုန်းကြူးတို့  အလင်းချင်း ယှဉ်ပြိုင်ကြဘိ၏သို့ဖြစ်ခဲ့ရသည်ချည်းးသာ။

     ပါထိကပုတ္တတက္ကတွန်း၏ အရံ၌ တန်ခိုးပြာဋိဟာတို့ကို အံ့သြဘနန်း ဖန်ဆင်း၍ ပြတော်မူပြီးသည်မှနောက်ဝယ်  မြတ်စွာဘုရားရှင်အား တန်ခိုးပြာဋိဟာ ထင်ရှားပြတော်မမူခြင်းနှင့်ပတ်သက်၍ ကဲ့ရဲ့စွပ်စွဲဖို့ မဖြစ်နိုင်တော့ချေ။ ဆိုလိုသည်မှာ သာမန်လူသားတို့ထက်သာလွန်၍ တန်ခိုးကြီးမားသော အတုမရှိမြတ်စွာဘုရားမဟုတ်မူ၍ သူလိုငါလို လူသာမန်မျှသာဖြစ်ချေသည်ဟူ၍လည်း စွတ်စွဲပြောဆိုလို့ မဖြစ်နိုင်တော့ချေ။ တန်ခိုးပြာဋိဟာများပြတော်မူခဲ့သည်ကိုလည်း သူကိုယ်တိုင်ပင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီးဖြစ်လေသည်။
        သို့သော် အခြားတိတ္ထိဆရာအားလုံးတို့သည် လူသားအစ ဘယ်ကစသည်ကို ယင်းတို့၏အယူအစအတိုင်း
   * လောကကြီးကို ဖန်ဆင်းရှင်ကြီးက ဖန်ဆင်းထားကြောင်း ၊ သို့တည်းမဟုတ် *မိဘနှစ်ပါးတို့မှသာ စတင်ပေါက်ဖွားပြီး အတိတ်ဘယ်ဘုံဘ၀ကမှာ ယခုဘ၀သို့ရောက်လာသည်မဟုတ်ကြောင်း၊ စသည်ဖြင့်
ထုတ်ဖော်ဟောကြားနေကြသည်တို့ကို သူကြားဖူးခဲ့၏ ၊ မြတ်စွာဘုရားရှင်သည်ကား ယင်းတိတ္ထိဆရာများကဲ့သို့  လောက၏ အဦးအစ အဂ္ဂညတရားကိုဟောကြားတော်မူခဲ့သည်ဟူ၍ တရံတဆစ်မျှမကြားခဲ့ဖူးချေ။
       ‘ထိုသို့ မဟောကြားနိုင်ခြင်းကိုအကြောင်းပြု၍ မြတ်စွာဘုရားအားစွန့်ပစ်ကာ လူဝတ်လဲတော့အံ့’ဟု  မြတ်စွာဘုရားရှင်ထံသို့ သွားရောက်ကာ

      “ အရှင်ဘုရားသည် အခြားသောတိတ္ထိဆရာများကဲ့သို့ သတ္တလောက စတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားတော်မမူနိုင် ထို့ကြောင့်  အရှင်ဘုရားအား ဆရာအဖြစ်မှ စွန့်လွှတ်ပါ၏၊
ယနေ့မှစ၍  မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ”ဟု လျှောက်ထားလေသည်။
    ဆိုလိုရင်း အဓိပ္ပါယ်မှာ ‘အရှင်ဘုရားသည် အခြားသာသနာပ ဒိဋ္ဌိဆရာကြီးတို့လောက်မှ လောကကြီး၏အဦးအစကိုမသိနိုင်ပဲ သဗ္ဗညူဘုရားအဖြစ် ၀န်ခံဘိ၏၊ ထိုသို့အခြားဆရာကြီးများအောက် အသိညာဏ်အားဖြင့်ယုတ်နိမ့်သောအရှင်ဘုရားကို ဆရာတင်၍ မကိုးကွယ်နိုင်တော့ပါ’ဟု လျှောက်ထားလိုက်ခြင်းပင်ဖြစ်၏။

       ထိုအခါ မြတ်ဗုဒ္ဓက    ''သုနက္ခတ် သင့်ကို ‘ ငါ့တပည့်အဖြစ်ခံယူပါက လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို  ငါ ဟောကြားမည်''ဟုများ ပြောကြားခဲ့ဖူးသလော”ဟု မေးမြန်းရာ မပြောဆိုဖူးပါဟု လျှောက်ထားလေသည်။

   “သင်ကိုယ်တိုင်ကရော ငါဘုရားအား “အရှင်ဘုရားသည် အဂ္ဂညတရားကို ဟောကြားတော်မူလျှင် တပည့်ခံပါမည်ဟူ၍များ လျောက်ထားခဲ့ဖူးသလော”ဟုမေးမြန်းတော်မူပြန်ရာ မလျောက်ထားဖူးပါ ဘုရား ဟုပြန်လည်လျှောက်ထားလေသည်။

    “ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ငါဘုရားသည် လောကကြီးစတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားသည်ဖြစ်စေ၊ မဟောကြားသည်ဖြစ်စေ ငါဘုရားဟောကြားထားတော်မူသည့်အတိုင်းကျင့်သူ၏ အလုံးစုံသော ဆင်းရဲဒုက္ခတို့ ကုန်ခြင်းအကျိုးငှါ ဖြစ် သည် မဟုတ်လောဟု ပြန်လည်မေးမြန်းတော်မူရာ ။
  “လောကကြီးစတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားသည်ဖြစ်စေ၊ မဟောကြားသည်ဖြစ်စေ အရှင်ဘုရားဟောကြားထားတော်မူသည့်အတိုင်းကျင့်သူ၏ အလုံးစုံသော ဆင်းရဲဒုက္ခတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ပါသည်ဘုရား”ဟု ပြန်လည်လျှောက်ထားရပြန်လေသည်။

     “သုနက္ခတ် ထိုသို့ဖြစ်ပါက လောကကြီး၏အဦးအစ အဂ္ဂညတရားကိုဟောကြားခြင်းဖြင့်  အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့”ဟု ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင်

    “ သုနက္ခတ် သင်သည် အစပထမျ၌ကား  အကြောင်းအမျိုးမျိုးဖြင့် ရတနာသုံးပါး၏  ဂုဏ်ကို ဝဇ္ဇီမင်းအပေါင်း ပရိတ်သတ်အပေါင်းအား ပြောဆိုချီးကျူးခဲ့ဖူး၏။ ယခုအခါ၌သင်သည် သာသနာ့ဘောင်မှာ ကောင်းစွာမဖြည့်ကျင့်နိုင်သဖြင့် လူဝတ်လဲလိုခြင်းသာဖြစ်၏။     သုနက္ခတ် ထိုအကြောင်းကို ငါဘုရားသည် တပည့်သာဝကအပေါင်းအား ပြောကြားသိစေအံ့။
       လူအပေါင်းသည် သင့်အား ''လိစ္ဆဝီမင်းသား သုနက္ခတ်သည် ရဟန်းဂေါတမထံ၌ မြတ်သော အကျင့်ကို ကျင့်ရန် မစွမ်းနိုင်သဖြင့် သိက္ခာချ၍ လူ ထွက်၏''ဟု ကဲ့ရဲ့ပြစ်တင် ကြကုန်လိမ့်မည်သာတည်း”ဟု သတိပေးစကားဖြင့် မိန့်ကြားတော်မူခဲ့လေသည်။
      သို့သော်လည်း  လိစ္ဆ၀ီမင်းသား သုနက္ခတ်သည် လူဝတ်လဲကာ တိတ္ထိဘောင်သို့ပြောင်းသွားပြီး ဘုရားရှင်အားအငြှိးအာဃာတထားကာ ကျေးဇူးတရားကို ချေဖျက်၍ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးမဲ့ကိုသာ လူအပေါင်းအား လိုက်လံပြောဆိုနေလေတော့၏။
                            (ဆက်လက်ဖော်ပြပါဦးမည်).....

No comments:

Post a Comment

တရားဓမ္မများ နားကြားရန်


Music

Good Bye ..