Wednesday, July 4, 2012

သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လဲ……(၂)

မြတ်ဗုဒ္ဓက သုနက္ခတ္တရဟန်းအား ဘုရားရှင်အပေါ်၌ မပြစ်မှားဖို့ တားမြစ်ငြားသော်လည်း …ထိုစကားကိုဂရုမထားမူ၍ .လူသာမန်တို့ပြုလုပ်နေကြ ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ကမ္မပထတရား(၁၀) ပါးထက်လွန်မြတ်သော  တန်ခိုးပြာဋိဟာကို ပြတော်မမူပါ ဒါ့ကြောင့် ဘုရားရှင်အား ဆရာအဖြစ်မှစွန့်လွှတ်ခြင်းဖြစ်ကြောင်း ထပ်မံလျှောက်ထားပြန်လေသည် ၊ထိုအခါ မြတ်ဗုဒ္ဓက

      “သုနက္ခတ် သင့်အားငါ ဘုရားက တန်းခိုးပြာဋိဟာများကို ဖန်းဆင်း၍ပြပါမည်၊ ငါ့ထံ၌ တပည့်ခံ၍ နေလော့ဟုများပြောဖူးသလော”ဟုမေးရာ

      “မပြောဆိုခဲ့ဖူးပါဘုရား”ဟုလျှောက်ထားလေ၏။
 “သင်ကိုယ်တိုင်ကရော တန်ခိုးပြာဋိဟာများဖန်ဆင်းပြခဲ့ပါလျှင်  တပည့်တော်သည် အရှင်ဘုရားတပည့်ခံပါမည်ဟုများ လျောက်ထားခဲ့ဖူးသလော “ဟု ပြန်လည်မေးမြန်းတော်မူရာ
  ယင်းသို့မပြောဆိုဖူးပါကြောင်း ပြန်လည်လျှောက်ထားလေ၏။  

     “သို့ဖျြစ်ပါက သင်သည် အဘယ်သူ ဖြစ်၍ အဘယ်သူကို စွန့်သနည်း။ ငါဘုရားသည်  တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါ ဖြစ်သည် မဟုတ်လော”ဟုမေးမြန်းတော်မူပြန်ရာ
“ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူအား အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါဖြစ်ပါသည်ဘုရား”ဟု ၀န်ခံလျှောက်ထားရလေတော့၏။

မြတ်ဗုဒ္ဓက ဆက်လက်ပြိး
      “သုနက္ခတ် ငါဘုရားဟောကြားတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံသူအား  ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်လျှင် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြခြင်းဖြင့်  အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့”ဟု ကဲ့ရဲ့တော်မူလေသည် ။

ကောရခတ္တိယ တက္ကတွန်းနှင့်ပတ်သက်၍ တန်ခိုးပြာဋိဟာ ငါးချက် ထင်ရှားပြတော်မူခဲ့ခြင်း

    တခါက  မြတ်စွာဘုရားသည် ထူလုဇနပုဒ် ဥတ္တရကာ မည်သော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်း လိစ္ဆဝီ မင်းသား သုနက္ခတ်နှင့်အတူ ဥတ္တရကာနိဂုံးသို့ ဆွမ်းခံဝင်တော်မူခဲ့လေသည်။ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်း၏ ခွေးလိုလေးဖက်ထောက်သွားကာ ပြာပုံဖိုခနောက်နေရာ၌သာ ၀ပ်ခြင်း၊ခွေးလိုစားခြင်း ခွေးလိုဟောင်ခြင်း စတာတွေကိုကျင့်ကြံနေခြင်းကိုမြင်ရာမှ သုနက္ခတ္တလိစ္ဆ၀ီရဟန်းသည်

     ''အချင်းတို့ လေးဘက်ထောက်လျက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤရဟန်းကား ချီးမွမ်းအံ့သြဖွယ် ကောင်းလေစွတကား''ဟု တွေးတောကာ သာသနာပြင်ပ မှားယွင်းစွာ ခွေးကျင့်ခွေးကြံကြံနေသူကိုမှ အထင်ကြီး လေးစားသွားလေသည်။

ဘုရားရှင်သည် သုနက္ခတ္တရဟန်း၏ စိတ်အကြံကိုသိတော်မူ၍
       '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု မိန့်တော်မူရာ၊

     “မြတ်စွာဘုရား  အကျွန်ုပ်ကို '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု အဘယ့်ကြောင့် ဆိုတော်မူပါသနည်းဟု ပြန်လည်မေးမြန်းလေသည်။

      “သုနက္ခတ် သင်သည် ခွေးကျင့် ကျင့်လျက် လေးဘက်ထောက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤကောရခတ္တိယ တက္ကတွန်းကိုမှ အဟုတ်ကြီးမှတ်ကာ အံ့သြဘနန်းအနေဖြင့် အထင်ကြီးလေးစားနေသည် မဟုတ်လော “ဟုအပြစ်ကို ထင်ရှားပြက မိစ္ဆာအယူကို အထင်ကြီးလေးစားနေသည်၏ အဖြစ်ကို မိန့်ကြားတော်မူလိုက်ရာ သုနက္ခတ္တသည် ခိုးထုပ် ခိုးထည်နှင့်တကွ ဖမ်းမိလိုက်သော ခိုးသူကဲ့သို့ မည်သည့်ငြင်းချက်မှ ထုတ်မရနိုင်ပဲ ရှိလေတော့၏။

       သို့သော် မြတ်စွာဘုရားရှင်ကိုပင် " မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုပါ သနည်း''ဟု ဓမ္မမစ္ဆရိယဖြစ်ပွားနေသူ  သာမညလူသား တစ်ယောက်ကဲ့သို့ စွပ်စွဲပုပ်ခပ်ပြန်လေ၏။

   ထိုအခါ မြတ်ဗုဒ္ဓက “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်"ဟု မိန့်တော်မူပြီး ဆက်လက်၍

    " သုနက္ခတ် သင်ယခု အထင်ကြီးလေးစားနေသော ကောရခတ္တိယတက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊

     သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာ ဖြစ်လတ္တံ့။

     အလောင်းကိုကား ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့။

     သုနက္ခတ် ထိုတက္ကတွန်း၏လားရာဂတိကို အသေချာသိလိုပါက အလောင်းစွန့်ပစ်ထားရာ ပြိတ်မြက်တောသို့သွားကာ အလောင်းကောင်အား လက်ဖြင့်ပုတ်၍ ကောရခတ္တိယ မိမိလားရာကို သိသလော''ဟု မေးလော့။ ထိုအလောင်းကောင်သည် ထ၍ သင့်အား ကာလကဉ္စိကအသုရာကြီး ဖြစ်နေသည်၏အဖြစ်ကို ပြောဆိုလတ္တံ့”

      ဟု ခွေးအကျင့်ကျင့်သော ကောရခတ္တိယ၏ ရှေ့ဖြစ်အနာဂတ်အကြောင်းအလုံးစုံကို (အနာဂတံသအဘိညာဏ်ဖြင့်)တိကျသေချာစွာ ကြိုတင်ဟောကြားတော်မူလိုက်လေသည်။

     ( ဒီနေရာမှာ ကာလကဉ္ဇိက အသူရာဆိုတာကတော့ ခန္ဓာကိုယ်ကြီးက သုံးဂါဝုတ်လောက်ကြီးပြီး အသွေးအသားကင်းမဲ့ကာ အရိုးနဲ့အရေမျှသာရှိပါသတဲ့ ၊ ညှိးနွမ်းရင့်ရော်နေသော သစ်ရွက်ဟောင်းသဖွယ်ဖြစ်ပြီး မျက်လုံးကလည်း ပုဇွန်မျက်လုံးလို ဦးထိပ်ပေါ်မှ အပြင်သို့ပြူးထွက်နေပါသတဲ့ ၊ မိမိကျက်စားသွားလာရာကိုမြင်ရဖို့ရန် ကိုယ်ခန္ဓာကြီးကို ကုန်းကွပြီး လှည့်လည်ကျက်စားသွားလာရပါသတဲ့ ၊ ပါးစပ်ပေါက်ကလည်း အပ်ပေါက်လေးလောက်သာ အရာမျှပါရှိပြိး အလွန်ဆာလောင်မွတ်သိပ် ပင်ပမ်းဆင်းရဲစွာခံစားနေရတဲ့ အယုတ်ဆုံးအသူရာမျိုးတည်း )

     သုနက္ခတ္တသည်လည်း “ဂေါတမဗုဒ္ဓ၏ စကားမည်သည် ချွတ်လွဲမှုမရှိခဲ့ဖူးချေ သို့သော် ငါသည် ကောရခတ္တိယထံသို့သွား၍ အသိပေးထားလျှင် ကောရခတ္တိယသည် အစားအသောက်ဆင်ခြင်ပါက လုံးဝစားပိုးနင့်၍ မသေနိုင်ရာ အကယ်၍ သေဆုံးခဲ့လျှင်တောင်မှ ပြိတ်မြက်တောရှိသော သချိုင်္င်း၌ မစွန့်ပစ်ဖို့ရန် စီမံစေမည်၊ အကယ်၍ ပြိတ်မြက်တောမှာ စွန့်ပစ်ထားလျှင်တောင်မှ သူသေကို ကျောပုတ်၍ လားရာဂတိကိုမေးလျှင် အလောင်းကောင်သည် ထ၍ လားရာဂတိကိုပါ ပြောလိမ့်ဦးမည်ဆိုသည်မှာလည်း လုံးဝကိုဖြစ်နိုင်စရာအကြောင်းမရှိချေ ၊မှန်သောစကားကိုသာ ပြောဆိုသည်ဟု ကြော်ကြားနေသော ဂေါတမဗုဒ္ဓအား  ဒီတခါတော့ မုသာဝါဒဖြင့် စွတ်စွဲအံ့ ” ဟူသောစိတ်ယုတ်မာဖြင့် ကောရခတ္တိယတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင်
      ''ငါ့သျှင် ကောရခတ္တိယ 'အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်လတ္တံ့၊ သေပြီးသော ထိုသူကို ပြိတ်မြက် တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့ 'ဟု ရဟန်းဂေါတမသည် ပြောထား၏၊ ငါ့သျှင် ကောရခတ္တိယ ယင်းသို့ဖြစ်သောကြောင့် ရဟန်းဂေါတမ၏ စကားလွဲမှားစေခြင်းငှါ အတိုင်းအရှည်နှင့်ယှဉ်၍ အစာကို စားလော့၊ အတိုင်းအရှည်နှင့်ယှဉ်၍ ရေကို သောက်လော့၊ အကယ်၍ သင်မသေခဲ့လျှင် ငါတို့ဂေါတမဗုဒ္ဓအား မုသာဝါဒဖြင့် စွပ်စွဲကြကုန်အံ့'' အသိပေးပြောကြားလေ၏။

   ကောရခတ္တိယသည်လည်း ဖိုခနောက်ကြားပြာပုံထဲဝပ်လျှက်က ခေါင်းထောင်ကြည့်ပြီး "မင်းမို့ ဂေါတမပြောတာ ယုံသကွာ သက်သက်ခြောက်လှန့်တဲ့စကား ငါ့လာပြောမနေပါနဲ့"ဟု ဟန်လုပ်ကာပြန်ပြောလိုက်ရသော်လည်း 
   " ဂေါတမ၏စကားသည် နှစ်မျိုးနှစ်စားဖြစ်သည်မရှိ ငါတော့ခုနှစ်ရက်အတွင်း ဧကန်သေရတော့မယ်ထင်ရဲ့ ၊ဒါပေမယ့် စားပို့နင့်သေမှာဆိုတော့ ဘာမှမစားပဲနေမယ်"[ဟုတွေးကာ အစားပင်မစားပဲနေခဲ့လေသည်။၊
     ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် မြတ်ဗုဒ္ဓ၏စကားကို မယုံသည်ဖြစ်၍ တစ်ရက် နှစ်ရက်ဟု ဆို၍ ခုနစ်ရက်တို့တိုင်အောင် ရေတွက်ရင်း စောင့်ကြည့်နေခဲ့လေသည်။

     ခုနစ်ရက်မြောက်သောနေ့၌ ကောရခတ္တိယတက္ကတွန်း၏ အလုပ်အကျွေးတကာတဦးသည် “ငါ၏ဆရာသည် ခုနစ်ရက်တိုင်တိုင် ငါ၏အိမ်သို့မလာရောက်ခြင်းသည် နေမကောင်း၍ဖြစ်ပေလိမ့်မည် ၊၀က်သားဟင်းစတဲ့ ဟင်းကောင်းဟင်းလျှာများဖြင့် ထမင်းချက်ကာ ကောရခတ္တိယရှေ့ မြေပြင်ပေါ်မှာသွားပုံ၍ ကျွေးလေ၏။ ကောရခတ္တိယလည်း ယင်းစားကောင်းသောက်ဖွယ်များမြင်ရသောအခါ စာလောင်မွတ်သိပ်ခြင်းဝေဒနာကို သည်းခံခြင်းငှါ မစွမ်းနိုင်တော့ချေ၊

      နောက်တချက်စဉ်းစားမိသည်ကား ရဟန်းဂေါတမ၏စကားသည် မချွတ်လွဲခဲ့စဖူးချေ ၊ သူ့စကားအတိုင်း ငါခုနစ်ရက်အတွင်းသေဆုံးခဲ့မည်ဆိုလျှင် ၊ အငတ်ငတ် အပြတ်ပြတ်ဖြင့် သေရခြင်းထက် ဗိုက်ကားအောင်စား၍ သေရခြင်းကတော်သေး၏”ဟု ဆုံးဖြတ်ကာ ယင်းထမင်း ဟင်းများကို ခွေးကဲ့သို့ လေးဖက်ထောက်၍ ပါးစပ်ဖြင့်သား ငုံ့၍ ခွေးတစ်ကောင်ကဲ့သို့ အားရပါးရစားလေတော့၏။

    အစားကို အတိုင်းအရှည်ထက်လွန်ကာ စားပစ်လိုက်သဖြင့် အစာကိုကြေချက်ခြင်းငှါ မစွမ်းနိုင်ပဲ ထိုညတွင်ပင် စားပိုးနင့်သော ရောဂါဖြင့် သေဆုံးသွားလေသည်၊ သေပြီးသော် အယုတ်ဆုံးသော  ကာလကဉ္စိကာ မည်သော အသုရာဖြစ်၏၊

     ကောရခတ္တိယ၏ တပည့်တက္ကတွန်းတို့သည် ငါတို့ဆရာကား ဂေါတမကြိုတင်ဟောကိန်းထုတ်ထားသကဲ့သို့ ခုနစ်ရက်အတွင်းပင် စားပိုးနင့်၍ သေဆုံးခဲ့ပြီ ၊သို့သော် သူ၏ ပြိတ်မြက်တော်မှာစွန့်ပစ်လိမ့်မည်ဟူသောာစကားကိုကား ချွတ်လွဲအောင် အားထုတ်ကြကုန်အံ့ဟု ဆိုကာ နွယ်ကြိုးဖြင့်ချီကာ အခြားသော နေရာတို့သို့ ဆောင်ယူတိုင်း လူမြင်သူမြင် ပြောင်ရှင်းနေသောရင်ပြင်ချသည်းသာ ထင်ကုန်သဖြင့် ပြိတ်မြက်တောရှိရာ သချိုင်းသို့စွဲယူသွားရာမှ ပြိတ်မြက်ပင်တွေကြားအရောက်မှာတော့ လုံးဝကိုရွေ့အောင်ဆွဲယူ၍ မရတော့ချေ ထို့ကြောင့် လက်လျှော့ကာ စွန့်ပစ်သွားကြကုန်၏။

     သုနက္ခတ္တသည်လည်း လူသေကောင်ကိုမေးလို့ ထစကားပြောတယ်ဆိုတာ လုံးဝလက်ခံနိုင်စရာမရှိပေ ၊သို့သော် ဂေါတမဗုဒ္ဓ၏စကားသည်ကား နှစ်လုံးနှစ်ခွမဖြစ်စဖူး ၊ ဒီတစ်ခါတော့ အကြောင်းသိရအံ့ သင်္ချိုင်းကုန်းသွားပြီး ကောရခတ္တိယ၏အလောင်းက သူရောက်ရှိရာဘုံကိုပြောရင်ပြောရော့ မပြောခဲ့လျှင်ကား မုသာဝါဒဖြင့်စွပ်စွဲပုတ်ခတ်အံ့ဟု ယုတ်မာသောအကြံဖြင့် ပြိတ်မြက်သုဿန်သို့သွားကာ  

      ''ငါ့သျှင် ကောရခတ္တိယ မိမိလားရာကို သိ၏လော''ဟု လက်ဖြင့်အလောင်းကောင်၏ ကျောကိုသုံးကြိမ်ပုတ်၍ မေးလိုက်ရာ
ကောရခတ္တိယ၏အလောင်းကြီးသည် လက်ဖြင့် ကျောကိုပွတ်လျက် ထပြီးလျှင် '' သုနက္ခတ် မိမိလားရာကို သိပါ၏၊ အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်နေပါ၏''ဟု ဆို၍ ထိုနေရာ၌ပင်လျှင် ပက်လက်လဲလေ၏။
    သုနက္ခတ္တသည်လည်း    အလောင်ကောင်ကပြောလိုက်သောစကားကိုကြားလျှင်ပင်  ကြက်သီးများတဖြန်းဖြန်းထသွားကာ မြတ်ဗုဒ္ဓရှိရာကျောင်းသို့ ချက်ခြင်းပြန်လာခဲ့လေတော့သည်။

      ကျောင်းသို့ပြန်ရောက်သောအခါ မြတ်စွာဘုရားသည် သုနက္ခတ္တအား "အသို့နည်း  သုနက္ခတ္တ ငါဘုရားမိန့်တော်မူခဲ့သည့် ကောရခတ္တိယတက္ကတွန်း၏ အကြောင်းအရာတို့တွင် ငါဘုရားမိန့်တော်မူသည့်အတိုင်းပင်ဖြစ်သလော သို့တည်းမဟုတ် တစ်စုံတစ်ရာချွတ်လွဲသည်ကိုများ တွေ့ရသလော”ဟုမေးမြန်းရာ
“အရှင်ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းပင် အလုံးစုံအကုန်မှန်ပါသည်ဘုရား”လျှောက်ထားလေ၏။

      ဒီနေရာမှာ မြတ်စွာဘုရားရှင်သည် တန်ခိုးပြာဋိဟာ (၅)ပါးကို ထင်ရှားဖော်ပြတော်မူခဲ့တာဖြစ်ပါတယ် ၊

     ၁။  ကောရခတ္တိယ တက္ကတွန်းသည် ခုနှစ်ရက်မြောက်သောနေ့၌ သေလိမ့်မည်ဟု မိန့်တော်မူရာ ခုနှစ်ရက်မြောက်သောနေ့၌ သေဆုံးခဲ့ရခြင်း၊
    ၂။    စားပို့နင့်၍သေလိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်းပင် စားပိုးနင့်၍ သေဆုံးရခြင်း။
    ၃။ကာလကဉ္ဇိကအသူရာဘုံ၌ ဖြစ်လိမ့်မည်ဟု မိန့်တော်မူသည့်အတိုင်းပင် သေဆုံးပြိးနောက် ကာလကဉ္ဇိကအသူရာကြီးဖြစ်သွားခြင်း၊
    ၄။ပြိတ်မြက်တောသုဿန်မှာ စွန့်ပစ်ကြလတ္တံ့ဟု မိန့်တော်မူထားသည့်အတိုင်းပင် ကောရခတ္တယ၏အလောင်းကို ပြိတ်မြက်တောသုဿန်မှတစ်ပါးတစ်ခြားသော နေရာတို့၌ စွန့်ပစ်၍မရခြင်း၊
    ၅၊သေပြီးနောက် ဖြစ်ရာဘုံဌာနမှလာပြီး အလောင်းကောင်မှာပူးကပ်ကာ သုနက္ခတ္တနှင့်စကားပြောလိမ့်မည်ဟု မိန့်တော်မူရာမှာလည်း မိန့်တော်မူသည့်အတိုင်းပင် ၊ အလောင်ကောင်ကိုပူကပ်၍ သူဖြစ်ရာဘုံဌာနကိုပြောခြင်း၊
     ဟူသောမချွတ်လွဲခြင်းငါးပါးဖြင့်သက်သေပြကာ  အနာဂတံသအဘိညာဏ်၏ အစွမ်းအားဖြင့် လူတို့၏ ကုသိုလ်ကံမ္မပထတရား(၁၀)ပါးထက်လွန်သော တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့လေသည်

      (လူသေကောင်မှ မိမိလားရောက်ရာဘုံဌာနကို  ပြောပြသည်ဆိုရာ၌ မြတ်စွာဘု၇ားရှင်၏ တန်ခိုးတော်ကြောင့်သာ ပြောကြားခဲ့သည်ဟုမှတ်ယူရမည်ဖြစ်၏)

     ထိုအခါမြတ်ဗုဒ္ဓက “သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်မည်သလော၊ မပြသည်မည်သလောဟု”မေးမြန်းရာ ၊
“ မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု”၀န်ခံလျှောက်ထားရလေတော့သည် ။

    ဤတွင်မှ မြတ်ဗုဒ္ဓသည် သုနက္ခတ္တအား “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို '' မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူ''ဟု သင်ဆိုဘိ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့”ဟု ပြောဆို၍ ကဲ့ရဲ့ရှုံ့ချတော်မူခဲ့လေသည်။
           (ဆက်လက်ဖော်ပြပါဦးမည်….)

No comments:

Post a Comment

တရားဓမ္မများ နားကြားရန်


Music

Good Bye ..