Wednesday, July 4, 2012

သင်္ကန်းစွန်းကိုဆွဲ၍လိုက်သော်လည်း....(၅)

ဘုရားကြောက်၍ ထွက်ပြေးသူ    

  အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် သူ၏ကျောင်းအရံသို့ မြတ်စွာဘုရားကြွလာတော်မူကြောင်း ၊မင်းပုဏ္ဏားစသော အမျိုးလေးပါးတို့ လည်း တန်ခိုးပြာဋိဟာကိုကြည့်ကြကုန်အံ့ဟုဆိုကာ တဖွဲဖွဲလာနေကြပြီဖြစ်ကြောင်းကြားလျှင်ကြားခြင်း ထိတ်လန့်တုန်လှုပ်သွားလေသည်။

“ ငါသည် အလွန်မိုက်မှားခဲ့လေစွ အလွန်ကြီးကျယ်သောစကားတွေပြော၍ လောကသုံးပါး၌ အမြတ်ဆုံးပုဂ္ဂိုလ်ကြီးနှင့် ဆန့်ကျင်ဖက်ကိုပြုခဲ့မိလေပြီ ၊ လူအများအထင်ကြီးနေသကဲ့ သို့ ငါ့သန္တာန်၌ အရဟတ္တဖိုလ်ညာဏ်သည်၎င်း ၊ တန်ခိုးဖန်ဆင်းနိုင်တဲ့ အဘိညာဉ်အစွမ်းတစ်စုံတစ်ရာသည်၎င်း မရှိခဲ့၊  ရဟန်းဂေါတမသည်ကား သူပြောသည့်အတိုင်းပင် တန်ခိုးပြာဋိဟာကို ပြတော်မူလိမ့်မည်၊
ထိုအချင်းအရာကိုတွေ့မြင်ကြရသောလူအုပ်ကြီးသည် “ဟဲ့လူမိုက်အယုတ်တမာ …ကိုယ့်အတိုင်းအရှည်ကို ကိုယ်နားမလည်ပဲ လောကမှာ အမြတ်ဆုံးဘုရားရှင်နှင့်မှ အန်တုဖက်ပြိုင်ကာ “တန်ခိုးပြလိုက်မည် ၊မည်သူကပို၍ သာလွန်ကြောင်း အကြောင်းသိစေမည်”ဟု ကြုံးဝါးပြောဆိုဘိ၏ ၊ သင်ပြနိုင်သောတန်ခိုးကို ယခုပြလော့ မပြနိုင်က အကြောင်းသိစေမည်”စသည်ဖြင့် ခြိမ်းခြောက်ကာ ဒုတ်ခဲစသည်ဖြင့် ပစ်ကြလျှင်ဖြင့် တခါတည်းအသက်ထွက်သွားလိမ့်မည်၊ တွေးကာ ချွေးပြိုက်ပြိုက်ကျကာ ထောက်တည်ရာမရဖြစ်နေလေသည်၊ ထို့ကြောင့် သူနေထိုင်ရာ ကျောင်းအရံသို့ မပြန်ရဲတော့ပဲ   ယူဇနာခွဲပမာဏ အလွန်ဝေးကွာသော တိန္ဒုကခါဏု ပရိဗိုဇ်အရံရှိရာသို့သွားလေသည်၊
     လမ်းခရီး၌ သူ၏အလုပ်အကျွေး ဒါယကာတစ်ဦးနှင့်ပက်ပင်းဆုံရာ၌ ၊

      “အရှင်ဘုရား ဒီနေ့ ဂေါတမဗုဒ္ဓနှင့် ယှဉ်ပြိုင်တန်ခိုးပြမည်ဟု ကြားသိရပါ၍ ကျွန်ုပ်တို့အရှင်ဘုရားကျောင်းသို့သွားမည်ဖြစ်ပါသည်၊ ဂေါတမဗုဒ္ဓလည်း ရောက်နေပြီဖြစ်ကြောင်း ကြားရပါသည်။ ယခု အဘယ်သို့ကြွမလို့ပါလဲဘုရား”ဟု လျှောက်ထားလိုက်ရာ၊
   “ ထိုအကြောင်းအရာကို ငါ၏တန်ခိုးဖြင့် ကြိုတင်သိမြင်ပြီးဖြစ်သည်၊ ယခု ငါ့အရေးကြီးကိစ္စရှိ၍ တိန္ဒုခါဏုပရိဗိုဇ်အရံသို့ သွားရမည်ဖြစ်သည်၊ ပြန်ရောက်တာနှင့် ဂေါတမဗုဒ္ဓနှင့် ယှဉ်ပြိုင်အနိုင်ယူမည် ၊သင်ဘာမှမပူပန်ပါနှင့်” ဆက်လက်လိမ်ညာလိုက်ရသေး၏ ၊သို့သော် မရမကအားယူပြောလိုက်ရခြင်းသာ မကြာမီ ဘာဖြစ်လာမည်ဆိုသည်ကိုကားသူကိုယ်တိုင်မမှန်းနိုင်ချေ၊ သို့သော် အကောင်းဖက်ကိုကား မမျှော်လင့်ရဲတော့ချေ၊

    ဒကာတော်ကလည်း ယုံကြည်ရင်းစွဲရှိသည့်အားလျှော်စွာ “မှန်ပါ အကြောင်းရှိလျှင်လည်း ကြွပြီး အမြန်ပြန်လာခဲ့ပါဘုရား ၊တော်ကြာမှ ဂေါတမရဲ့ပရိတ်သတ်တွေက အရှင်ဘုရားကြောက်လို့ရှောင်သွားတယ်ပြောနေဦးမယ်”
“ဒကာတော် သင် ငါ၏အစွမ်းကို ယုံကြည်ပြီးမဟုတ်ပါလော ”
“မှန်ပါဘုရား ၊ဒါ့ကြောင့်လည်း တပည့်တော်တို့ အောင်ပွဲခံရအောင်လို့ အလုပ်ဖျက်ပြီး အမှီရောက်လာတာပါ”
“ပရိတ်သတ်အားလုံးကိုပြောလိုက်ပါ ကျွန်ုပ် တိန္ဒုကခါဏု ပရိဗိုဇ်ထံမှ ပြန်ရောက်လာတာနှင့် တန်ခိုးပြမည်ဟု”
“မှန်ပါဘုရား ၊မှန်ပါ ကြားရတာနှင့်ပင် အားရတော်မူလှပါသည်”

      ပါထိကပုတ္တ ပရိဗိုဇ်သည် ပြော၍သာပြောလိုက်ရသည် ၊ ကြောက်အားကြီး၍ ရင်များပင် တလှပ်လှပ်တုန်လာကာ ၊ မျက်လုံးတွေပင်ပြာလာတော့၏၊ ထို့ကြောင့် သူ့ကျောင်းတိုက်နှင့်ဝေးနိုင်သမျှဝေးအောင် ချေကုန်သုတ်၍ ခရီနှင်ခဲ့လေတော့သည်။
     မကြာမီပင် တိန္ဒုကခါဏုပရိဗိုဇ်၏ အရံသို့ရောက်သောအခါ တိန္ဒုကခါဏုပရိဗိုက်ထံသို့ရောက်သွားရာ တိန္ဒုကခါဏှသည်လည်း ကြည်ညိုရင်းစွဲရှိသည့် အယူသီလတူမျှသူတစ်ဦးဖြစ်သဖြင့် ခရီးဦးကြိုပြုကာ ၊
     “ အဘယ့်အတွက်ကြောင့် နေ့လည်ခင်းကြီးကြွလာရပါသလဲ ၊ ညနေနေချမ်းမှ ဆရာလာသင့်ပါသည်”
ဟုလျှောက်ထားရာ ကဲ တိန္ဒုကခါဏု စကားများမနေနဲ့ ငါ့အာရုံအတွင်းမှာ သင်၏ကျောင်းအရံသို့နေလိုတဲ့ အဇ္ဈာသယကြောင့် ချီးမြောက်ဖို့ ကြွရောက်လာခြင်းဖြစ်တယ်”
“မှန်ပါဘုရား မှန်ပါ ဆရာတက္ကတွန်းကြီး အချိန်မရွေး ဘယ်အချိန်ကြွလာလာ တံခါးဖွင့်ထားပြီးသားပါ နှစ်သက်တဲ့နေရာသီတင်းသုံးတော်မူပါ”ဟု နေရာပေးလေသည်။

     တိန္ဒုကခါဏုက ပရိဗိုဇ် နေရာပေးသော သူ၏ကျောင်းကလေးသည် အေးချမ်းသာယာလှပေမည့် ပါထိကပုတ္တတက္ကတွန်းကြီး၏ရင်ထဲမှာ ဗလောင်ဆူနေလေသည်၊
    “အင်း ၊ဒီအချိန်ဆို ငါ၏ကျောင်းတွင်းမှာ ငါ့ကိုမတွေ့မမြင်ကြ၍ လိုက်ရှာနေကြလောက်ပြီ ၊လမ်းခရီး၌ဆုံလိုက်တဲ့ ငါ့ဒါယကာကများ ငါဒီကျောင်းရောက်နေတာ သွားပြောရင်ဒုက္ခ ၊တစ်စုံတစ်ယောက်လိုက်လာပြီး ငါ့ကိုတန်ခိုးပြဖို့ခေါ်ဆောင်မှ အရှက်နှစ်ခါကွဲရချေရဲ့ ၊ ဒီကျောင်းအတွင်းနေလို့တော့မဖြစ်တော့ဘူး ၊တခြားလုံခြုံတဲ့နေရာသွားပုန်းနေမှ တော်မည်”ဟုတွေးမိကာ
   “တိန္ဒုကခါဏုက ငါအေးအေးချမ်းချမ်းနေလို၍ ကျောင်းအစွန်အဖျား အရိပ်ကောင်းတဲ့နေရာတစ်နေရာရာမှာ နေလိုတယ်”ဟု ပြောပြီး ကျောင်းဝင်အစွန်အဖျား တောခြုံထူထပ်တဲ့တစ်နေရာမှာ ပျဉ်ချပ်ကလေးခင်းကာ ထိုင်ရင်း ချွေးပြိုက်ပြိုက်ကျလျှက် စိတ်သောကကြီးစွာရောက်နေတော့၏။    
                        ……………………………………………………………………………………….

       တန်ခိုးပြာဋိဟာပြပွဲသို့ ရောက်လာကြကုန်သော ပရိတ်သတ်တို့မှာလည်း တိုးမပေါက်အောင်စည်ကားများပြားလှပေသည်၊ မြတ်စွာဘုရား၏ တပည့်ဒကာဒကာမ သာဝကတို့သည်လည်း ငါတို့မြတ်စွာဘုရား၏ တင့်တယ်စံပယ်ခြင်းကို ကြည့်ကြကုန်အံ့ဟု၎င်း ၊ပါထိကပုတ္တတက္ကတွန်းကြီး၏ တပည့်ပရိတ်သတ်တို့သည်လည်း ငါတို့ဆရာကြီး ပါထိကပုတ္တ၏ ဂေါတမဗုဒ္ဓကိုယှဉ်ပြိုင်အနိုင်ယူပုံကို ကြည့်ရှုကြပြီး တစ်လောကလုံးယှဉ်ဖက်မရှိ အမြတ်ဆုံးပုဂ္ဂိုလ်ကြီးအဖြစ် အောင်ပွဲခံကြကုန်အံ့ဟုဆိုတာ တခဲနက်ရောက်လာနေရာယူထားကြလေသည် ။ သို့သော် နှစ်ဖက်လုံးတို့သည် မိမိတို့၏မြင့်မြတ်မှုနှင့် အဆုံးအမနာခံမှုတို့ကို ထင်ရှားပြကြကုန်အံ့ဟုနှလုံးသွင်းကာ တိတ်ဆိတ်ညိမ်သက်လွန်းလှ၏ ၊ မည်သူတစ်ဦးတစ်ယောက်မှ ဆူညံသံ ချောင်းဟန့်သံကိုမပြုမူ၍ မြတ်စွာဘုရားရှေ့တော်မှောက်၌ ညိမ်သက်စွာ ထိုင်စောင့်နေကြလေသည်။
     အချိန်သည်လည်း ကြာသထက်ကြာလှပေပြီ ပါထိကပုတ္တတက္ကတွန်းသည် ထွက်ပေါ်မလာသေး ၊ မြတ်စွာဘုရား၏ ပရိတ်သတ်ကား ဘုရားရှင်ကိုယ်တော်တိုင်ကြွရောက်တော်မူနေပြီဖြစ်သဖြင့် စိတ်အေးချမ်းသာစွာပင် တက္ကတွန်းကြီးအလာကိုသာ စောင့်မျှော်နေကြ၏။ ထိုပါထိကပုတ္တ၏ ပရိတ်သတ်သည်ကား အခြေနေကိုနည်းနည်းရိပ်စားမိစပြုလာကာ အသံအနည်းငယ်ထွက်လာ၏။ 

      “တို့ ဆရာကြီး ဘယ်ကြွသွားသလဲကွ လုပ်ကြပါဦး ဒီလိုဆို မပြိုင်ရဘဲ ရှုံးနိမ့်သွားမှာစိုးရတယ်၊ ရှာကြ ရှာကြ”   ”ဟာ လိုက်ရှာမနေနဲ့တော့ လာမှမဟုတ်တော့ဘူးဗျ ဒီအလာမှာ ကျုပ် တက္ကတွန်းကြီးကိုမြင်လိုက်တယ်၊ အခြားတနေရာ ထွက်သွားပုံပဲ  ” “ကြားနေပရိတ်သတ်တို့သည်လည်း သည်းမခံနိုင်ကြတော့ပဲ ‘ပြောတုန်းကသူပဲ ပြောပြီး အခုမှကြောက်လို့ ရှောင်သွားတာနေမှာပါကွ“စသည်ဖြင့် တယောက်တစ်ပေါက် ဆူညံ့ဆူညံ့ဖြစ်လာကြတော့သည်။
      ထိုစဉ်လမ်းမှာ ပါထိကပုတ္တတက္ကတွန်းကြီးနဲ့တွေ့ခဲ့ရတဲ့ သူ့အလုပ်အကျွေးဒါယကာတစ်ယောက်ကထ၍ “ပရိတ်သတ်ကြီးခများ သည်းခံစောင့်ဆိုင်းကြပါဦး ဆရာကြီးဟာ ကြောက်လန့်၍ ထွက်ပြေးသွားခြင်းမဟုတ်ပါဘူး လမ်းခရီးအကြား၌ ကျွှန်ုပ်နှင့်ဆုံခဲ့ပြီး အကြောင်းရှိ၍ တိန္ဒုကခါဏုက ပရိဗိုဇ်အရံကိုသွားနေတာဖြစ်ပါတယ်၊ မကြာမီပြန်လာပါလိမ့်မယ် ၊ပြန်ရောက်ရောက်ခြင်း တန်ခိုးပြာဋိဟာကိုပြမယ်လို့လည်း မှားကြားသွားပါတယ် ခင်များ”ဟု ထကာ ကြေညာလိုက်သည်။
      ထိုတွင်မှ ပရိတ်သတ်ကြီးသည် အုပ်အုပ်ကျက်ကျက်ဖြစ်လာကာ ဒါဆိုတစ်ယောက်ယောက်သွားပင့်ကွာ တို့လည်းစောင့်ရတာကြာလှပြီ၊ ဂေါတမဗုဒ္ဓလည်း ကြွရောက်လာတာကြာပြီ ၊ဒီအကြောင်းကိုသိပါရက်နဲ့ ဒါ့ထက်အရေးကြီးတဲ့ကိစ္စ ရှိနိုင်ပါဦးမလား၊ သွားခေါ်ပါ သွားခေါ်ပါ “ဟု အဆိုပြုကြလေတော့၏။

        ထိုနောက် ပရိသတ်အတွင်းမှ  ယောက်ျားတစ်ယောက်ကို စေခိုင်းလိုက်ကြတော့၏ -
“အချင်းယောက်ျား လာလော့၊ တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း ထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ''ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာကြပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာကြပါကုန်၏၊ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏၊
       ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊         သင်တို့ဆရာ’ဂေါတမ’ရဟန်းကြီးကိုသာ အကြောင်းကြားလိုက်စမ်းပါ  သူက ငါနဲ့ယှဉ်ပြိုင်ဖို့ရန် ခရီးထက်ဝက်လာခဲ့လျှင် ငါကလည်း ခရီးထက်ဝက်သို့ သွားရောက်စောင့်ကြိုကာ  နှစ်ဦးလုံးတွေ့ဆုံတဲ့နေရာမှာပင် အချိန်မဆိုင်းပဲ  တန်ခိုးပြိုင်မည်  အကယ်၍ ရဟန်းဂေါတမက တန်ခိုးတစ်မျိုးဖန်ဆင်းပြလျှင် ငါကနှစ်မျိုးပြလိုက်မည် …အကယ်၍ သူက တန်ခိုးလေးမျိုးဖန်ဆင်းပြလျှင် ငါက ရှစ်မျိုးဖန်ဆင်းပြလိုက်မည် ၊ သူ့ထက်နှစ်ဆနှစ်ဆ တိုး၍ပင် တန်ခိုးပြပြီး ဘယ်သူကတန်ခိုးပိုကြီးတယ်ဆိုတာကို အားလုံးသိအောင် လုပ်ပြမည်”ဟု ပြောခဲ့ဖူးးသည်မဟုတ်ပါလော၊  ယခုပင်ကြွလာပါလော့” ဟု အပင့်လွှတ်လိုက်ကြလေသည်။

      ထိုယောက်ျားသည် ''အသျှင်တို့ ကောင်းပါပြီ''ဟု ထိုပရိသတ်အား ဝန်ခံ၍ တိန္ဒုကခါဏု ပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းထံသို့ ချဉ်းကပ၍ ထိုအတိုင်းပင် ပြောဆို၍ ပင့်လေ၏။
      ထိုအခါ ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်ချေ ။
     ထိုသို့ မထနိုင်ခြင်းမှာ မြတ်စွာဘုရားရှင်က အဓိဋ္ဌာနိဒ္ဓိဖြင့် “အကယ်၍ ဤလူမိုက်သည်  တစ်စုံတစ်ရာပြောဆို၍ ငါဘုရားနှင့်တန်ခိုးပြိုင်မည်ဟု လိမ်ညာပြောဆိုကာ လိုက်လာပါက ဦးခေါင်းပြတ်ကျွေးမြေ၌ကျ၍ သေဆုံးပျက်စီးရာ၏၊ ထိုသို့ အကျိုးမဲ့တစ်စုံတစ်ရာမဖြစ်ပါစေလင့်”ဟု အဓိဋ္ဌာန်ထားတော်မူသောကြောင့် ထိုင်နေရာပျဉ်ချပ်ဖြင့် ဖွဲ့ချည်နှောင်ထားဘိသကဲ့သို့၎င်း ၊ခြေတို့ကို ရိုက်ချိုးထားဘိသကဲ့သို့၎င်း ထ၍ပင်မရတော့ချေ။

         ထိုယောက်ျားသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ''ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်နေပါသလော၊ 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်ပါသလော''ဟု ပြောဆိုကာ ဘုရားရှင်နှင့် ပရိတ်သတ်ရှိရာသို့ပြန်လာခဲ့ပြီး
        ''အသျှင်တို့ ဤအဝတ်မဝတ်သော ပါထိက ပုတ္တ တက္ကတွန်းသည် 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု ပြောကြား၏။
       ထိုအခါ မြတ်စွာဘုရားက

         '' အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော် လည်း ပြတ်၍ ကျရာ၏''ဟုမိန့််တော်မူလိုက်ရာ တိတ္ထိသာဝကများမှာ အလွန်ပင်မခံချိမခံသာဖြစ်သွားကြလေသည်၊ ဂေါတမဗုဒ္ဓသည် ပါထိကပုတ္တတက္ကတွန်းကြီးမရောက်လာသည့်အပေါ်မှာ ကြောက်လန့်၍ မလာခြင်းဖြစ်ပြီး မိမိနိုင်ပြီအထင်ဖြင့် ထင်ရာပြောဆိုနေဘိ၏၊ ဤပရိတ်သတ်ရှိရာလာရုံမျှဖြင့် ခေါင်းပြတ်သေမည်ဆိုသည်မှ လုံးဝမဖြစ်နိုင်ရာ ၊လောကမှာလည်း တစ်ခါဘူးမျှ မဖြစ်စဖူးချေ ၊ ယင်းစကားအပေါ် မုသာဝါဒဖြစ်စေရန် ငါတို့ဆရာအား မရအရခေါ်ဆောင်ကြမည်ဟု ဆုံးဖြတ်လိုက်ရလေတော့သည်။ ပရိတ်သတ်အားလုံးတို့သည်လည်း  လှုပ်လှုပ်ရှားရှားဖြစ်ကုန်တော့သည်။

          ထိုအခါ လိစ္ဆဝီအမတ်ကြီးတစ်ဦးသည် နေရာမှ ထ၍ “အားလုံးဆန္ဒမစောကြပါနဲ့ ၊ ဒီတန်ခိုးပြာဋိဟာပြပွဲဖြစ်ကိုဖြစ်စေရပါစေ့မယ် ၊ ကျွန်ုပ်ကိုယ်တိုင် ပါထိကပုတ္တဆရာကြီးအားရအောင်သွားခေါ်ဆောင်ခဲ့ပါမည် ကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင့်ငံ့ကြပါဦး” ဦးဟုဆိုကာ ချက်ချင်းခေါ်ဖို့ ရထားလုံးအပြင်းနှင်ကာ ထွက်သွားလေတော့သည်။
       ထိုလိစ္ဆဝီအမတ်ကြီးသည် တိန္ဒုကခါဏုပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းထံရောက်လျှင်ရောက်ချင်း “ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာခြင်းသည် သင့်အား ကောင်းမြတ်၏၊ ရဟန်းဂေါတမသည် ပရိသတ်၌ ဤ ရောက်မလာသေးသောသင့်အား မဟုတ်တမ်းတရားလုပ်ကြံပြီး  မိစ္ဆာအယူကိုမစွန့်မူ၍ ငါ့ထံမှောက်လာအံ့ဟုကြံသည်နှင့် ခေါင်းပြတ်ကျ၍ သေလိမ့်မည်”စကားကိုပင်ပြောနေပါ၏၊ အသျှင်ြကွလာရုံမျှဖြင့်ပင် ဦးခေါင်းပြတ်၍ မကျဟု သက်သေပြနိုင်ရုံဖြင့်ပင် သင့်ကို အနိုင်၊ ရဟန်းဂေါတမကို အရှုံးပြု၍ ကျွန်ုပ်တို့ ဆုံးဖြတ်ကြပါလိမ့်မည်”ဟု လျှောက်ထားလေ၏။
ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကိုကြားရသည်နှင့်
      ‘ငါထိုအရပ်ကိုရောက်အောင် လိုက်သွားသည်နှင့်ပင် ငါ့ဦးခေါင်းပြတ်၍မကျပါက မည်သည့်တန်ခိုးမှပြစရာမလိုပဲ ငါအနိုင်ရမည်ဆိုပါလား ၊ ဒါပေမယ့် ဂေါတမပြောသကဲ့သို့ ငါ့ဦးခေါင်းများ တကယ်ပြတ်သေနေလျှင်လျှင်း ကိုယ်နဲ့ခေါင်းအိုးစားကွဲရခြိမ့် ၊အေးလေ ဂေါတမက ငါကြောက်မှန်းသိလို့ သက်သက်ခြောက်လှန့်တာဖြစ်မယ် ဒီလောက်တော့ သူမစွမ်းနိုင်ပါဘူး၊ စွမ်းနိုင်လျှင်တောင်မှ သတ္တ၀ါတွေအပေါ်မေတ္တာကြီးမားတယ်ဆိုတဲ့ ဂေါတမကငါ့ခေါင်းတော့မဖြတ်လောက်ပါဘူး ငါလိုက်သွားမှသင့်မယ်’ဟုတွေးကာ..
 ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။ မြတ်ဗုဒ္ဓက အထံတော်မှောက်သို့ရောက်လာလျှင်လာခြင်း ဦးခေါင်းပြတ်၍ သေဆုံးရမည်၊သို့မဟုတ် ဦးခေါင်း ခုနစ်စိတ်ကွဲကာ သေပွဲဝင်ရမည်ကို ကြိုတင်သိမြင်တော်မူသဖြင့် အဓိဋ္ဌာနိဒ္ဓိဖြင့် ထ၍မရနိုင်အောင် အဓိဋ္ဌာန်ထားခြင်းဖြစ်ပေ၏။
      သို့သော် ပါထိကပုတ္တတက္ကတွန်းကြီးရော လိစ္ဆ၀ီအမတ်ကြီးတို့ပါ ယင်းအကြောင်းရင်းအမှန်ကိုမသိကြချေ။ ယ္ခုပင်လျှင် စတင်၍မြတ်ဗုဒ္ဓက တန်ခိုးပြနေပြီ မဟုတ်ပါလား။………

      ထိုအခါလိစ္ဆဝီအမတ်ကြီးသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ''ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်၍ နေသလော၊ 'အရှင်ဘုရား မြန်မြန်သွက်သွက်လုပ်ပါ လူတွေကသည်းမခံနိုင်ဖြစ်နေကြပြီ” ဟု စိတ်မရှည်နိုင်သဖြင့် ဆိုလတ်သော် ထိုနေရာမှရွှေ့မရပဲ လူးလွန့်၍သာနေရရှာတော့၏။
ထိုအခါမှ လိစ္ဆဝီအမတ်ကြီးလည်း အခြေနေမှန်ကိုသဘောပေါက်ကာ ပြန်လာခဲ့ပြီး ဆရာကြီးသည် ထိုနေရာမှပင် မထနိုင်ဘူးဗျို့  ရှုံးဖို့အလေးသာနေပြီ”ဟု ဆိုလေရာ အချို့သောလိစ္ဆ၀ီတို့စိတ်ဝယ် မရရအောင်ခေါ်မယ်ကွာ လုံးဝမရရင် လွန်ကြိုးတွေနဲ့တုပ်ပြီး နွားတွေနဲ့ဆွဲကွာ ဒီရောက်လာဖို့သာ အရေးကြီးတယ်၊ဒီရောက်တာနဲ့ ခေါင်းပြတ်သွားခဲ့ရင် ဂေါတမပြောတာ လက်ခံမယ် ၊မဟုတ်လို့ကတော့ တို့တိုင်းပြည်မှာ ဒီလိုလိမ်ညာပြောကြားသူကို  လက်မခံနိုင်ဘူး စသည်ဖြင့် အကြံဖြစ်ကြ၏၊ ထိုအကြောင်းကိုသိတော်မူသော မြတ်စွာဘုရားသည် ။
အို လိစ္ဆဝီမင်းအပေါင်းတို့ သင်တို့အား 'ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့'ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္ထတက္ကတွန်းသော် လည်း ပြတ်ရာ၏၊ အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊
      'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏''ဟုမိန့်တော်မူလိုက်ပြန်ရာ လိစ္ဆ၀ီမင်းတို့မှာ ထိတ်လန့်သွားကြကုန်တော့၏။

     ထိုအခါ ဒါရုပတ္တိက၏တပည့် ဇာလိယသည် ‘ဒီအတိုင်းသာဆို ရှင်ကြီးဂေါတမပြောသမျှကိုသာ အဟုတ်ကြီးမှတ်ကာ တို့အတွေ မပြိုင်ရဘဲ အရှုံးပေးရချေတော့မည် ဆရာကြီးအား မရရအောင်ကိုခေါ်အံ့’ဟု  နေရာမှ ထ၍
        ''အသျှင်တို့ သို့ဖြစ်လျှင် အကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင်းငံ့ကြပါဦး၊ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းကို ဤပရိသတ်သို့ ခေါ်လာရန် တတ်နိုင်ကောင်း တတ်နိုင်ပါလိမ့်မည်''ဟု ဆိုကာ ထွက်သွားပြန်လေ၏။
      ဇာလိယသည် တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းထံသို့ ရောက်သည်နှင့် ရှေးနည်းအတိုင်းပင် ပင့်ခေါ်ပြီး ကြိုးတုပ်ပြီး နွားလှည်းများဖြင့်ဆွဲယူလျှင်တောင် ကြိုးသော်၎င်း ၊လူသော်၎င်းပြတ်ထွက်လိမ့်မည် ၊ငါ့ဘုရား အထံမှောက်သို့ ရောက်မလာနိုင်”ဟု ဆိုနေချေ၏ အကျွန်ုပ်တို့နားထဲ၌ သံရည်ပူဖြင့် လောင်းထည့်သကဲ့သို့ အခံရခက်လှသည် မြန်မြန်ကြွပါ ဆရာကြီး ဟိုရောက်သွားတာနှင့် အားလုံးကအနိုင်ပေးကြပါလိမ့်မည်”ဟု ခေါ်နေပြန်ချေပြီ သို့သော် “ယခုပင် ငါလိုက်ခဲ့ပါမည်”ဟု ကြိုးစားထပါသော်လည်း ကြွလို့ပင်မရတော့ချေ ။

       ထိုအခါတွင်မှ မိမိတို့ဆရြာုကီးကို ဖွတ်ထွက်ကာမှ တောင်ပို့မှန်းသိရှိသွားလေတော့သည် ၊အလွန်လည်းရွံရှာစက်စုတ်သွားပြီး မိမိမစွမ်းနိုင်တဲ့အရာကို ပြောကြားပြီး လူပုံအလည်မှာမှ မိမိတို့တိတ္ထိများအား အရှက်တကွဲ အကျိုးနည်းဖြစ်စေခြင်းအပေါ်လည်း အလွန်ပင် ဒေါသထွက်သွားတော့၏။ ထို့ကြောင့် …
       ငါ့သျှင် ပါထိကပုတ္တ ရှေး၌ ဖြစ်ဖူးသည်ကား သားများဘုရင် ခြင်္သေ့မင်းအား ဤသို့သော အကြံ သည် ဖြစ်၏ -
   ''ငါသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ထိုနေရာမှ ထွက်အံ့၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေး မျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက် ပြီးလျှင့်အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ခိုအောင်းရာသို့သာလျှင် ကပ်အံ့၊ (ဤသို့ ပြုရမူ) ကောင်းလေစွ''ဟု (အကြံဖြစ်၏)။
ထိုကြံစီတိုင်းပင် ပြုစွမ်းနိုင်ပြီး နူးညံ့သောအသားတို့ကိုမှ သုံးဆောင်စားသောက်ကာ မိမိနေရာသို့သာပြန်သွားနိုင်သည်သာတည်း ။
     ငါ့သျှင် ပါထိကပုတ္တ ထို သားများဘုရင် ခြင်္သေ့မင်း၏ စားကြွင်းဖြင့်သာ ကြီးပွားလာသော ဝလည်းဝ အားလည်းကောင်းသော မြေခွေးအိုသည် ရှိ၏၊ ငါ့သျှင် ထိုအခါ ထိုမြေခွေးအိုအား ဤသို့သော အကြံသည် ဖြစ်၏ -
      ''ငါကား အဘယ်သူနည်း၊ သားများဘုရင် ခြင်္သေ့မင်းကား အဘယ်သူနည်း၊ ငါလည်း တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်အံ့၊ ခိုအောင်းရာမှ ထွက်ပြီးလျှင် ကိုယ်လက်ဆန့်တန်းအံ့၊ ကိုယ်လက် ဆန့် တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ် လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်ပြီးလျှင် အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ထိုခို အောင်းရာသို့သာ ကပ်အံ့၊ ဤသို့ ပြုရမူ ကောင်းလေစွ''ဟု ခြေင်္သေ့မင်းအားအန်တု၍
ရဲရင့်သော ဟောက်ခြင်းကို ''သုံးကြိမ် ဟောက်အံ့''ဟု ဟောက်သော်လည်း မြေခွေးအူသံသာထွက်ပေါ်လာလေ၏၊ ငှက်ဆိုးသံကိုသာ မြည်၏၊
        ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူ ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍) အသက် ရှင်လျက် (ဂေါတမဘုရားရှင်ကဲ့သို့ ဗုဒ္ဓတစ်ဆူမှတ်ထင်ကာ လူအများကထင်မှားကာ ပေးလှူသောလှုဖွယ်တို့ကို အလှုခံယူပြီး) ဘုရား၏ စားကြွင်းများကို စားလျက်
        ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊
       ''မြေခွေးသည် သူတစ်ပါးနောက်လိုက် ဖြစ်သော မိမိကိုယ်ကို ရေကြွင်းရေကျန်၌ ကြည့်၍ မိမိ ကိုယ်ကိုဟုတ်မှန်သည့်အတိုင်း မမြင်သမျှ ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံ ကား အဘယ်နည်း''ဟု ကဲ့ရဲ့ရှုံ့ချလေတော့သည်။
          ဖားများ လယ်ကြွက်များ၊သင်းချိုင်း၌ ပစ်ထားသော အကောင်ပုပ်များကိုသာစား၍ တောကြီးဆိတ်ညံ၌ ကြီးပွါးနေသော မြေခွေးသည် ငါကား ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊
မြေခွေးယုတ်ဟောင်သံကား အဘယ်သူနည်း !
 ခြင်္သေ့သံကား အဘယ်နည်း'' ! ဟု လုံးဝကဲ့ရဲ့ရှုံ့ချပြီး ပြန်လာခဲ့ရပြန်လေသည်။

      ပြန်ရောက်သည်နှင့် အခြေနေကိုဝိုင်းမေးကြရာ မျက်နှာကိုမဲ့ရွဲ့လျှက်
'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့် ၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်တော့ချေ၊ ပါထိကပုတ္တသည် ရှုံးဖို့ရာသေချာသလောက်ဖြစ်နေပါပြီ အရှင်တို့''ဟု ပြောကြားရာ မြတ်ဗုဒ္ဓက ပရိတ်သတ်အား …..

        ပါထိကပုတ္တအား ယင်းသို့သွားရောက်ခေါ်ယူကာမျှဖြင့် အရောက်လိုက်လာနိုင်မည်မဟုတ်ချေ ကြိုးဖြင့်ချည်နှောင်ပြီး နွားအရှဉ်းများစွာတို့ဖြင့်စွဲခေါ်လျှင်တောင်မှ ဤအရပ်သို့ ရောက်လာနိုင်မည်မဟုတ်ကြောင်းနှင့် ယင်းမိစ္ဆာအယူကို မစွန့်မူ၍ ငါဘုရားအထံမှောက်သို့ရောက်လာပါကလည်း ဦးခေါင်းပြတ်ကြွေ မြေ၌သော်၎င်း ကျ၍သေဆုံးသွားလိမ့်မည် ၊ ခုနစ်စိတ်သော်၎င်းကွဲကာ သေဆုံးသွားလိမ့်မည်”ဟု မိန့်တော်မူကာ
ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော်
     ရှစ်သောင်းလေးထောင် သော သတ္တဝါတို့ကို (ကိလေသာ) အနှောင်အဖွဲ့မှ လွတ်စေ၍ (သြဃလေးပါး) ခရီးခဲမှ ထုတ်ဆောင်ပြီးလျှင်
      တေဇောဓာတ်ကို ဝင်စား၍ ကောင်းကင်သို့ ထန်းခုနစ်ဆင့်တိုင်အောင် တက်၍ အထက်သို့ အခြားထန်းခုနစ်ဆင့်တိုင်အောင်လည်း မီးလျှံဖန်ဆင်း၍ ပြောင်ပြောင်တောက်စေ၍ အခိုးထွက်စေ၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ပြန်၍ကြွတော်မူလေသည်။
       သုနက္ခတ်သည် ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အခုမလွဲဖြစ်ပေါ်ခဲ့သောကြောင့် မုသာဝါဒဖြင့် စွပ်စွဲခွင့်မရတော့ပဲ ဘုရားရှင်ရှေ့မှောက်မှာ တိတ်ဆိတ်စွာ ၀င်၍ထိုင်နေဘိ၏။ ထိုအခါ မြတ်ဗုဒ္ဓက ထိုအကြောင့်နှင့်စပ်၍
       ''သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို အကြောင်းပြု၍ ငါပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်သလော''ဟုမိန့်တော်မူရာမှာ သုနက္ခတ္တလည်း မငြင်းနိုင်တော့ပဲ
    “အရှင်ဘုရားတို့ မိန့်တော်မူထားသည့်အတိုင်းပင် တစ်ခုမလွဲဖြစ်ခဲ့ပါသည်ဘုရား”ဟု ၀န်ခံလျှောက်ထားရလေတော့၏။

    ထိုအခါတွင်မှ မြတ်စွာဘုရားရှင်သည် သာမန်တွေးခေါ်ရှင်တစ်ယောက်မျှသာဖြစ်သည် ၊အခြားသူများထက် ဘာတခုမှ သာလွန်၍မသိနိုင်ဟူသောသဘောဖြင့် “လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော တန်ခိုးပြာဋိဟာကို မပြ ”ဟု စွပ်စွဲခဲ့ခြင်းအပေါ်
        “သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလော” ဟု စကားအစဖော်ကာ မေးမြန်းတော်မူလိုက်လေ၏။ သုနက္ခတ္တလည်း “ဤအချင်းအရာသည်  လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါ” ဟု ၀န်ခံလျှောက်ထားရလေတော့၏ ။ ထိုအခါမှ မြတ်စွာဘုရားက

      “(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ''ဟု သင်ဆို၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော”့ဟု ဆိုကာ   ကဲ့ရဲ့ ရှုံ့ချ အပြစ်တင်တော်မူခဲ့ပါတော့တယ်၊
                            (   ဆက်လက်ဖော်ပြပါဦးမည်  )…….

No comments:

Post a Comment

တရားဓမ္မများ နားကြားရန်


Music

Good Bye ..