သုနက္ခတ်၏ ငယ်သူငယ်ချင်းအား ဘုရားသွား၍ ဆုံးမတော်မူပုံ
ဘဂ္ဂ၀ပရိဗိုဇ်နှင့် သုနက္ခတ္တလိစ္ဆ၀ီမင်းသားတို့သည် လူ့ဘ၀က သူငယ်ချင်းအရင်းများဖြစ်ကြသောကြောင့် လူထွက်ပြီးလျှင်ပြီးချင်း ဘဂ္ဂ၀ထံသို့ သွားရောက်လည်ပတ်ပြီး 'ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ'ဟုပြောကြားရာ ဘဂ္ဂ၀ပရိဗိုဇ်မှာ အလွန်ပင် အံ့အားသင့်သွားရလေတော့၏။ အရင်ကသူသည်ပင် ဂေါတမဗုဒ္ဓကောင်းကြောင်းများ ချီးမွမ်းခဲ့ဖူးပြီး ယ္ခုပင် ကဲ့ရဲ့စကားများ ဆိုနေပြန်၏။ လူတို့၏ သဘောသဘာဝကား မခိုင်မမြဲ ဖောက်လွှဲ ဖောက်ပြန် မြန်လှချေ၏တကားဟုပင် ကြားနေ၀ါဒအဖြစ် ရှုမြင်မိလေတော့၏။ သို့သော်လည်း.......
ဘဂ္ဂ၀မှာ သုနက္ခတ္တ၏ စကားများကြောင့် ဘုရားကိုပင် သဗ္ဗညူဟုတ်မဟုတ် သံသယ၀င်နေလေတော့၏။
………………………………………………………..
နောက်ရက်များမကြာမီအတွင်း မြတ်စွာဘုရားသည် မလ္လတိုင်း မလ္လမင်းတို့၏ အနုပိယမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ် နံနက်အချိန်ခါ သဗ္ဗညုတရွှေညာဏ်တော်ဖြင့် ဖြန့်ကျက်၍ ကြည့်ရှုတော်မူလျှင် သုနက္ခတ္တလိစ္ဆ၀ီပြောသည့်စကားများကြောင့် မြတ်စွာဘုရားရှင်အပေါ်၌ “သဗ္ဗညအမည်ခံကာ အလုံးစုံအကုန်သိသည်ဟု ကျော်ကြားတော်မူသော ရှင်ကြီးဂေါတမသည် လောကကြီးအဦးအစ အဂ္ဂညတရားကို မသိဘူးဆိုပါလား ၊ သုနက္ခတ္တပြောစကားသည် အမှန်တကယ်ပင်လော သို့တည်းမဟုတ် သုနက္ခတ္တက ကဲ့ရဲ့ရှုံ့ချမှု သက်သက်သာလောဟု စဉ်းစားမရဖြစ်နေသည်ကို သိမြင်တော်မူ၍ ယနေ့ပင် ဘဂ္ဂ၀၏ အရံသို့ ဆွမ်းခံမ၀င်မီ ကြွရောက်တရားဟောကြားအံ့ ၊ယင်းသို့ ဟောကြားခြင်းဖြင့် ဘဂ္ဂ၀သည်လည်း ငါဘုရား၏အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားတိုးပွားကာ အကျိုးများရာ၏ ၊ထို့အပြင် လောက၏အဦးအစ အဂ္ဂညတရားကိုလည်း ငါဘုရားသာ အကုန်အစင် အမှန်အတိုင်းသိမြင်သူဖြစ်ကြောင်း ထင်ရှားလတ္တံ့”ဟု ကြံတော်မူကာ ဆွမ်းခံချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူလျက် အနုပိယနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူရင်း
''အနုပိယနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် စောလွန်းသေး၏၊ ငါသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏အရံ ဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟုအကြံဖြစ်တော်မူလေသည်။ ဆွမ်းခံချိန်စောလွန်းသေးသည်ဟူသည်မှာလည်း ဘဂ္ဂ၀၏အရံသို့ ကြွလို၍သာ သက်သက်စော၍ ထွက်တော်မူခဲ့ခြင်းတည်း ၊ ဆွမ်းခံချိန်ကိုမသိ၍ စောကြွခဲ့မိခြင်းကားမဟုတ်ချေ။
ထို့နောက် မြတ်စွာဘုရားသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏ အရံဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်တော်မူရာ
ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားကို မြင်လိုက်သည်နှင့် အားရ၀မ်းသာ 'မြတ်စွာဘုရား ကြွလာတော်မူပါ အသျှင်ဘုရား၊
မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ကြာမြင့်မှ ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ပေးတော်မူဘိ၏ အသျှင်ဘုရား၊ မြတ်စွာဘုရား ထိုင်တော်မူပါ၊ ဤနေရာကို ပြင်ထားပါသည် အသျှင်ဘုရား''ဟု နေရာပေးပြီးလျှင် စိတ်အတွင်း၌ သောင်မတင် ရေမကျဖြစ်နေသော သုနက္ခတ္တပြဿနာကို ယင်းသို့လျှောက်ထားလိုက်လေတော့၏။
''မြတ်စွာဘုရား ယခင့်ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် 'ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ'ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါ၏၊ မြတ်စွာဘုရား လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်ပါသလော''ဟုမေးလျှောက်ရာ ။
သုနက္ခတ္တလိစ္ဆ၀ီပြောသည်မှာ မှန်ကန်ကြောင်းနှင့် အထက်ကဖော်ပြခဲ့သည့်အတိုင်း သုနက္ခတ္တလိစ္ဆ၀ီ၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အသေအချာ ဟောပြတော်မူလေ၏။ ထိုအခါမှသာ သုနက္ခတ္တလိစ္ဆ၀ီသည် ဘုရားရှင်အဆုံးအမအတိုင်း လိုက်နာကျင့်ကြံပါက …….လောကကြီးစတင်ဖြစ်ပေါ်လာပုံ အဂ္ဂညတရားကို ဟောကြားသည်ဖြစ်စေ၊ မဟောကြားသည်ဖြစ်စေ အလုံးစုံသော ဆင်းရဲဒုက္ခတို့ ကုန်ခြင်းအကျိုးငှါ ဖြစ်ပါဖြစ်ပါလျှက် မကျင့်ကြံ မလိုက်နာနိုင်၍သာ သာသနာဘောင်မှ လူဝတ်လဲခဲ့ခြင်းဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်သွားလေတော့၏။
သို့သော် သို့သော် ဘဂ္ဂ၀စိတ်ထဲ၌ မတင်မကျဖြစ်နေသေးသည်ကား သုနက္ခတ္တစွပ်စွဲသကဲ့သို့ ဂေါတမဗုဒ္ဓသည် လောကကြီးစတင်ဖြစ်ပေါ်ပုံ အဂ္ဂညတရားကို တကယ်ပင်မသိ၍ မဟောကြားခဲ့သလော ၊ ဘုရားမိန့်တော်မူသကဲ့သို့ အဂ္ဂညဆိုတဲ့ လူသားများစတင်ဖြစ်ပေါ်လာပုံကို သိရုံမျှဖြင့် ၀ဋ်ဒုက္ခမှ မလွတ်မြောက်နိုင်သောကြောင့်မဟောကြားလေသလောဟူသော သံသယက ဖြစ်မြဲဖြစ်လျှက်ပင် ရှိနေသေး၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဆက်လက်၍
ဘဂ္ဂ၀ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊
ထို့ထက် လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့ သိသော်လည်း မှားသောအား ဖြင့် မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင် သာလျှင် သိ၏၊ ယင်းသို့ သိသောကြောင့် ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်ပေ။
မဟာဗြဟ္မာကြီးဖန်ဆင်းရာမှ လူသားများစခဲ့သော အယူအဆ ဖြစ်ပေါ်လာပုံ
ဘဂ္ဂ၀ ဤလောက၌ အချို့သော သမဏ တို့သည်၎င်း ၊ သူတော်စင်ဟု အမည်ခံထားကြသူတို့သည်၎င်း သူတို့၏အယူအတိုင်း လောကကြီးကို စိုးပိုင်တော်မူသော ဖန်ဆင်းရှင်ကြီးက မည်သို့မည်ပုံ ဖန်ဆင်းထားကြောင်း၊ ဗြဟ္မာကြီးကဖန်ဆင်းခဲ့ကြောင်း စသည်ဖြင့် ပြောဆိုပညတ်ကြကုန်ဘိ၏။
ငါဘုရားသည် ထိုသူတို့အထံသို့ ချဉ်းကပ်၍ သင်တို့သည် ဘယ်အထောက်အထားဖြင့် လောကကြီကို “ဖန်ဆင်းရှင်ကဖန်ဆင်းထားသည် ၊ဗြဟ္မာကြီးကဖန်ဆင်းထားသည်”ဟုပြောဆိုနိုင်ကြဘိသနည်းဟု သေချာစိစစ်မေးမြန်းရာ၌ကား မည်သူမှ တိကျစွာ မှန်ကန်စွာ ရှင်းလင်းမပြနိုင်ကြတော့ချေ ။
ထိုသူတို့ကပင် ငါဘုရားအား လောကကြီး မည်သို့မည်ပုံစတင်ဖြစ်ပေါ်လာကြောင်းကို ပြန်လည်၍ မေးမြန်ကြရကုန်ဘိ၏။ ထိုအခါ ငါဘုရားကသာ ယင်းတို့အား ကမ္ဘာကြီးမည်သို့မည်ပုံ စတင်ဖြစ်ပေါ်လာသည်ကို ဟောပြတော်မူခဲ့ရဖူး၏။
အရာအားလုံးသည် အနိစ္စသဘောသာဖြစ်သောကြောင့် ကာလကြာညောင်းလတ်သော် ဤလောကသည် ပျက်ရမည့်အခြေနေသို့ ရောက်ရှိလာလေသည်။ ထိုအခါမျိုး၌ ကမ္ဘာမပျက်မီ အနှစ်တစ်သိန်းအလိုမှာ အထက်နတ်ပြည်က ကာမာဝစရနတ်တွေ ဆင်းလာပြီး ခန္ဓာကိုယ်၌ နီမြန်းဟောင်းနွမ်းသောအဝတ်များကို ဝတ်ဆင်၊ ခေါင်း၌ညှိုးနွမ်းသောပန်းကို ပန်ဆင်၊ လည်ပင်း၌ ပုလဲသွယ်ဆွဲ၊ မျက်ရည်ထွေထွေစီးကျလျက် လက်တစ်ဖက်က ပုလဲသွယ်ကို ကိုင် တစ်ဖက်က မျက်ရည်တွေသုတ်ပြီး ကမ္ဘာကြီးပျက်စီးတော့မည်ဖြစ်ကြောင်း အသိပေးကြွေးကြော်ကြကုန်၏၊ ထိုသတင်းစကားကိုကြားကြရကုန်၍ လူအပေါင်းသည် မေတ္တာကမ္မဋ္ဌာန်းများစည်းဖြန်းကြရာမှအပ္ပနာဈာန်သမာပတ်သို့တိုင် ရောက်ကြ၍ သေလွန်သည့်အခါမှာ များသောအားဖြင့် အာဘဿရဗြဟ္မာ့ဘုံ၌ ဖြစ်ကြကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ' လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာ ရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ကမ္ဘာပျက်ပြီးသည်မှနောက်၌ ကာလကြာသော် ဤလောကသည် ဖြစ်တည်လာပြန်လေ၏၊ လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှား ဖြစ်ပေါ်၏၊
ထိုအခါ အာဘဿရဗြဟ္မာတစ်ဦးသည် အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ ထိုကမ္ဘာမပျက်ခင်ကရောက်သွားသော ဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊
ထိုသူသည် ထိုဘုံ၌ ဈာန်စိတ်ကြောင့်ဖြစ်၏၊ နှစ်သိမ့်ခြင်း 'ပီတိ' လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက် ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သောနေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။
ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာနေရသောကြောင့် မမွေ့လျော်သည် ဖြစ်၍ ''တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ''ဟု တောင့်တ၏။
ထိုတောင့်တမှုနှင့် တိုက်ဆိုင်စွာပင် တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သောကြောင့် ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အပေါင်းအဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊
ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန် စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်၏၊ မိမိတို့ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
ထိုသို့ တိုက်ဆိုင်သော အခြေနေတစ်ရပ် ဖြစ်ပေါ်လာရာ၌ မူလရောက်နေနှင့်သော ဗြဟ္မာအား
''ငါသည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်း မိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရ သူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊့ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊
အဘယ်ကြောင့်ဆိုသော် 'တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက် လာဘိမူ ကောင်းလေစွ'ဟု ငါ့အား ရှေး၌ အကြံဖြစ်ခဲ့၏၊ ဤသို့ ငါ့အားလည်း တောင့်တခြင်း သည် ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤဗြဟ္မာဘုံသို့ ရောက်လာကုန်၏''ဟု ထိုဗြဟ္မာကိုယ်တိုင်ရော အခြားနောက်ပေါက်ဗြဟ္မာများပါ ဈာန်စိတ်အကြောင်းကံကြောင့် ဗြဟ္မာ့ဘုံသို့ရောက်ရှိလာကြရခြင်းဟု နားလည်သဘောမပေါက်နိုင်တော့ပဲ ၊ ဖန်ဆင်းရှင်ဟူသော နိမ္မာန၀ါဒ၊ အစိုးရသူဟူသော ဣဿရ ၀ါဒများ ဖြစ်ပွားလာရလေတော့၏။
………………………………………..
နောက်မှ ဖြစ်ပေါ်လာသော ထိုသတ္တဝါတို့အားလည်း
''ဤအသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအသျှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ အဘယ်ကြောင့်ဆိုသော် ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ် နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှ ဖြစ်ပေါ်လာကုန်၏''ဟု ရှေးမူလဗြဟ္မာကြီနည်းတူ အယူမှားကြပြန်လေသည်။
ဖြစ်ပွားပြီးနောက် တဖန်ဆုတ်ယုတ်လာရသည့် ဓမ္မတာသဘောတရားအတိုင်း ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော ထိုသတ္တဝါသည် အသက်လည်း သာလွန်၍ ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်း တိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။
ဤပုံဤနည်းဖြင့်ပင် လူသားတို့ ဖြစ်ပေါ်မလာခင်ပင်လျှင် ဗြဟ္မာ့ဘုံ၌ ဣဿရနိမ္မာန၀ါဒ နိယတမိစ္ဆာဒိဋ္ဌိ ၊ အယူမှားတို့သည် အမြစ်တွယ်ကြပြီး ဖြစ်လေ၏။
တဖန် ထိုဗြဟ္မာ့ပြည်မှလည်း အသက်အားဖြင့် တိုကြကုန်သော နောက်ပေါက်ဗြဟ္မာအချို့သည် ထိုဘုံမှ စုတေခဲ့၍ ဤလူ့ဘုံသို့ ဥပပတ်ပဋိသန္ဓေဖြင့် လူအဖြစ်ဖြင့် ရောက်လာကြပြန်ရာ ထိုလူသားအတွင်းမှ တချို့သည် ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သော သဘောရှိသော စိတ်တည်ကြည်ခြင်း ကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌နေဖူးသော ထို (ဗြဟ္မာ) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်။ ထိုသူသည် ဤသို့ ဆို၏ -
''အကြင် အသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာ ဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူ ကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ယင်း အသျှင်ဗြဟ္မာသည် ဖန်ဆင်းထား၏၊ ထိုဗြဟ္မာသည် (ဖြစ်ပေါ်ခြင်း မရှိမူ၍) မြဲ၏၊ (သေခြင်း မရှိမူ ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ထို့ကြောင့် မြဲသောအရာ တို့နှင့်တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအသျှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်ကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု သူသိမြင်ရသည့်အတိုင်း ပြန်လည်၍ဟောပြရာမှ ကမ္ဘာမြေကို ဗြဟ္မာကြီးကဖန်ဆင်းတော်မူသည်ဟူသော ဖန်ဆင်းရှင်ဝါဒကြီးလည်း ဖြစ်ပေါ်လာလေတော့၏။ ဤကမ္ဘာမြေအလုံးကို ပိုင်သသူဟူသော ဣဿရ၀ါဒကြီးလည်း ကြီးစိုးလာလေတော့၏။
ထိုအကြောင်းအရာတို့ကို ငါဘုရားသည် သေချာကျနဟောပြတော်မူပြီးသောအခါ “သင်တို့၏ အယူအလိုအရ လူသားတို့၏အစပအထမသည် မဟာဗြဟ္မာကြီးကအစပြုသည် ဖန်ဆင်းသည်မဟုတ်ပါလော “ဟု မေးမြန်းရာ
''ငါ့သျှင်ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ထိုသူတို့ကလည်းဝန်ခံကြကုန်ဘိ၏။
……………………………………………………
ခိဍ္ဍာပဒေါသိကနတ်တို့မှ လူသားများအစပြုသည် ဟူသောအယူအဆဖြစ်ပေါ်လာပုံ
ဘဂ္ဂဝ အဂ္ဂညကို ထိုသူတို့ပညတ်ကြခြင်း၏ နောက်ထပ်အကြောင်းတစ်မျိုးကား…..
ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။
ငါသည်ထိုသူတို့အား ထိုသို့ဟောကြားရခြင်း၏အကြောင်းကိုမေးသော် အသေအချာရှင်းမပြနိုင်ကြပဲ ငါဘုရားအားသာ ပြန်လည်၍ ဟောပြကြရန် တောင်းပန်ကြကုန်၏။ ထိုအခါမှ ငါဘုရားက
ခိဍ္ဍာပဒေါသိကနတ် မည်သော နတ်တို့သည် အလွန် ကြာမြင့်စွာ ကျီစယ်ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေ၍ အချို့မှာလူ့ပြည်သို့ရောက်ကြကုန်၏။
ထိုလူ့ဘောင်သို့ရောက်လာသူတို့မှ အချို့သည်လည်း ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်။ ထိုသမထဆရာကြီးတို့သည်
''အကြင် အသျှင် နတ်တို့သည် ခိဍ္ဍာပဒေါသိက၂ မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ ကျီစယ်ပျော်ပါးလျက် မနေကုန်၍ (စားသောက်ရန်) သတိမမေ့သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်း မရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ ထာဝရကောင်းကင်ဘုံ၌ပင် တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြဲသော အရာတို့နှင့် တူစွာ တည်မြဲ တိုင်းပင် တည်ကုန်လတ္တံ့။
ခိဍ္ဍာပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ ကျီစယ် ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟုဟောပြတော်မူ၍
သင်တို့၏အယူအလိုအရ ကမ္ဘာလူသားတို့အစပထမသည် ခိဍ္ဍာပဒေါသိကနတ်များမှ အစပြုသည်မဟုတ်လောဟု မေးမြန်းလေလျှင်
''ငါ့သျှင်ဂေါတမ အသျှင် ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏ဟု ၀န်ခံကြကုန်ဘိ၏။
………………………………………………………………
မနောပဒေါသိကနတ်တို့မှ လူသားများအစပြုသည်ဟူသော အယူဝါဒဖြစ်ပေါ်လာပုံ
ဘဂ္ဂဝ နောက်တစ်မျိုးသော်ကား အချို့သော သမဏတို့သည်၎င်း သူတော်စင်ဟု သမုတ်အပ်သူတို့သည်၎င်း မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏၊ ထိုသို့ဟောကြားရခြင်း၏ အကြောင်းရင်းအမှန်ကိုမေးမြန်းလတ်သော်ကား မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ ထိုအခါ ငါဘုရားက
မနောပဒေါသိကနတ်တို့သည် အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် ဖြစ်ကုန်၍ ကိုယ်စိတ်ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကြရကာ အချို့မှာ လူ့ပြည်သို့ ကပ်ရောက်ကြကုန်ဘိ၏ ၊ထိုသူတို့တွင်လည်း အချို့သည် ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန် ၍ မအောက်မေ့နိုင်ကြကုန်။
ထိုသူတို့သည် ''အကြင် အသျှင် နတ်တို့သည် မနောပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ အချင်းချင်း တစိန်းစိန်း မကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် မဖြစ်ကုန်၍ ကိုယ်စိတ် မပင်ပန်း ကုန်သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ ကြောင့် မြဲသောအရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်ကုန်လတ္တံ့။ မနောပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသ စိတ်ဖြစ်ကုန်၍ ကိုယ်စိတ်၏ ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်း သဘော ရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု လောက၏အစသည် မနောပဒေါသိက မည်သော နတ်ပြည်(ကောင်းကင်ဘုံ)မှသာဖြစ်ကြောင်း ထိုနတ်ပြည်မှပင် လောကကြီးအစပြု၍ ဖြစ်ပေါ်ရကြောင်း ပညတ်ကြကုန်၏။
ဤသို့ ရှင်းလင်းဟောပြ၍ ယင်းတို့အား ထိုအတိုင်းပင် ဟုတ်မဟုတ် မေးမြန်းလတ်သော်
''ငါ့သျှင်ဂေါတမ အသျှင်ဂေါတ မဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ၀န်ခံကြကုန်ဘိ၏၊
အဟေတုက၀ါဒ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်း
ဘဂ္ဂဝ သည်သာမကသေး တချို့သမဏဗြဟ္မဏတို့သည် လောကကို အကြောင်းမဲ့သာဖြစ်လာသည်ဟူသော အဂ္ဂညတရားကို အစဉ်အဆက် ယူဆကြကုန်ဘိသေး၏။ ယင်းသို့ယူဆရခြင်း အကြောင်းရင်းကိုမေးရာ၌ကာ သေချပြောမပြနိုင်ပဲ ငါဘုရားအားသာလျှင် ပြန်လည်မေးမြန်းကြကုန်ဘိ၏။ ထိုအခါ ငါဘုရားက
အသညသတ်မည်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ထိုဗြဟ္မာတို့သည် ပဋိသန္ဓေသညာ ဖြစ်ပေါ်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံမှ စုတေကာ လူ့ပြည်၌ ဖြစ်လာကြပြီး အချို့သူတို့သည်
ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ပဋိသန္ဓေသညာဖြစ်ပေါ်ခြင်းကို အောက်မေ့နိုင်၏၊ ထို့ထက်အလွန် မအောက်မေ့နိုင်။ ထိုသူတို့သည်လည်း မိမိတို့ သိရမြင်ရသည့်အတိုင်းသာ လောကကြီးသည် အကြောင်းမဲ့သာ ဖြစ်ပေါ်လာရသည်ဟု ဟောပြကြကုန်ဘိ၏။ ဟုဟောပြတော်မူ၍ ဟုတ်မဟုတ် မှန်မမှန်ကိုမေးမြန်းရာ
''ငါ့သျှင် ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ၀န်ခံကြလေသည်။
ထိုအကြောင်းတို့ကြောင့် ဘဂ္ဂဝ ….ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို့ထက်လွန်မြတ်သော တရားကိုလည်း သိ၏၊ သို့သော်လည်း ထိုအဂ္ဂညကိုထုတ်ဖော်ပြောဆိုနေကြသူများကဲ့သို့ လွဲမှားသောအားဖြင့်မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင်သာ လျှင် သိ၏၊ ယင်းသို့သိသောကြောင့် ငါဘုရားသည် ဆင်းရဲခြင်းသို့ မရောက်ပေ”ဟု သေချာကျန လူသားတို့၏ အဦးအစအဂ္ဂညတရားအမျိုးမျိုးကိုရော ယင်းသို့ဖြစ်ပေါ်ယူဆရခြင်း အကြောင်းတို့ကိုပါ တိကျစွာ ဟောပြလိုက်သောအခါ
ဘဂ္ဂ၀သည် မြတ်စွာဘုရားသည် အဂ္ဂညတရားကို၎င်း ထို့ထက်ပိုလွန်၍၄င်း သိစွမ်းနိုင်ပေသည် ၊အခြားသူများနှင့် မနှိုင်းစကောင်းသော အတုမရှိသဗ္ဗညူရှင်ဖြစ်ကြောင်းကို ကောင်းစွာသဘောပေါက်သွားပြီး သံသယကင်းရှင်းသွားလေတော့သတည်း ။
…………………………………………
ဗုဒ္ဓ၀ါဒသည် အဆိုးမြင်သက်သက်မဟုတ်ချေ
ဘဂ္ဂဝ ဤသို့ဆိုလေ့ရှိသော ဤသို့ဟောလေ့ရှိသော ငါ့ကို အချို့သော သမဏဗြာဟ္မဏတို့သည် ထင်ရှားမရှိသော အချည်းနှီးသော ချွတ်လွဲသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲကုန်၏၊
''ရဟန်းဂေါတမသည် ဖောက်ပြန်သော သညာရှိ၏၊ ရဟန်းတို့သည်လည်း ဖောက်ပြန်သော သညာရှိကုန်၏၊ ရဟန်းဂေါတမသည် 'တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံး စုံ (တင့်တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ် 'ဟုသာ သိမှတ်၏ဟူ၍ ဟော၏''ဟု စွပ်စွဲကြကုန်၏”
“ဘဂ္ဂဝ ''တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံးစုံ (တင့် တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ်ဟုသာ သိမှတ်၏''ဟု ဤသို့ ငါဘုရား မဟောချေ “
“ဘဂ္ဂဝ စင်စစ်သော်ကား ''တင့်တယ် သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ တင့်တယ်၏ ဟူ၍သာ သိမှတ်၏''ဟုသာ ငါဟော၏ “ဟု မြတ်စွာဘုရားရှင်သည် တင့်တယ်သည်ကို တင့်တယ်သောအဖြစ်ဖြင့် အမှန်အတိုင်းပင် ရှုမြင်သုံးသပ်တော်မူကြောင်း ၊ မတင့်တယ်သောအရာကိုလည်း မတင့်တယ်သည့်သဘောမှန်အတိုင်းပင် ရှုမြင်သုံးသပ်ကြောင်း ၊ သို့ဖြစ်ပါလျှက်
“ဗုဒ္ဓ၏အယူဝါဒသည် သုဘရော အသုဘပါ အသုဘအဖြစ်ဖြင့်ပင် သုံးသပ်ရှုပွားရသော အဆိုးမြင်ဝါဒတစ်ခုသာဖြစ်ချေသည်”ဟု ထင်မြင်ယူဆထားသည့်အတိုင်း တရားသေဆုံးဖြတ်ခြင်းသည် မြတ်စွာဘုရားရှင်အား မုသာဝါဒဖြင့်စွပ်စွဲခြင်းပင်ဖြစ်ကြောင်း ထပ်မံရှင်းလင်းမိန့်ကြားတော်မူလိုက်လေသည်။
ကောက်ကျစ်တတ်တဲ့ ညဉ်ဆိုးကြောင့်
ထိုအခါ ဘဂ္ဂ၀ပရိဗိုဇ်က မြတ်စွာဘုရားအား “အရှင်ဘုရားကို၎င်း ၊အရှင်ဘုရား၏တပည့်သား ရဟန်းများကို၎င်း ဖောက်ပြန်သောအားဖြင့် စွပ်စွဲကြသော ထိုသူတို့သာ ဖောက်ပြန်ကုန်၏။
မြတ်စွာဘုရား မြတ်စွာဘုရား၌ အကျွန်ုပ်သည် ဤသို့ ကြည်ညိုပါ၏ ''အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေနိုင်သည့် တိုင်အောင် မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောရန် စွမ်းနိုင်ပါ၏''ဟုလျှောက်ထားလေသည်။
သုနက္ခတ္တ၏ဖြစ်ကြောင်းကုန်စင်ကို အကြောင်းအထုပ္ပတ်နှင့်တကွ ရှည်လျားလှစွာ ဟောကြားပါသော်လည်း မြတ်စွာဘုရားရှင်အား ကြည်ညိုလေးစားသွားပေမယ့် သာသနာ့ဘောင်ဝင်၍ ရဟန်းပြုခြင်းငှါမစွမ်းနိုင်ချေ ။ သို့သော် သူ့စိတ်အကြံ၌ ပဋိပတ်ကျင့်သောရဟန်းတော်များကဲ့သို့ မိမိ၌ ၀ိမောက္ခဈာန်တရား ထင်ရှားမရှိပါပဲလျှက် စဉ်းလဲလိုသောစိတ်ထားဖြင့် တရားနာရင်း ၀ိမောက္ခဈာန်တိုင်အောင် တရားထူးရသွားဘိသကဲ့သို့ လျှောက်ထားလိုက်ခြင်းဖြစ်၏။
ထိုအကြောင်းကို သိတော်မူသောကြောင့် မြတ်စွာဘုရားက
“ ဘဂ္ဂဝ အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုးရှိသော သင်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် ခဲယဉ်း၏။ ဘဂ္ဂဝ ငါ့တိုက်တွန်း၏၊ သင်သည် ငါ၌ ကြည်ညိုခြင်းကိုသာ ကောင်းစွာ စောင့်ထိန်းလော့”ထပ်မံ ဆုံးမတော်မူရပြန်လေသည်။
ထိုအခါမှ မှန်ပါဘုရား အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုး ရှိသော အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် အကယ်၍ ခဲယဉ်းပါလျှင် မြတ်စွာဘုရား၌ အကျွန်ုပ်၏ ကြည်ညိုခြင်းကိုသာ အကျွန်ုပ် ကောင်းစွာ စောင့်ထိန်းပါအံ့”ပြင်၍ လျှောက်ထားလိုက်လေ၏။ ထိုခါမှ မြတ်ဗုဒ္ဓသည်လည်း ဘဂ္ဂ၀ပရိဗိုဇ်၏အရံမှ ထွက်တော်မူကာ အနုပိယ နိဂုံးသို့ ဆွမ်းခံဝင်တော်မူလေ၏
ဘဂ္ဂ၀သည် ထိုမျှ ရှည်လျားလှသော သုတ္တာန်ကြီးကို နာယူရပါလျှက် ကိလေသာကုန်ခြင်းကိုပြုခြင်းငှါ မစွမ်းနိုငိခဲ့ချေ ၊ သို့သော် နောင်အခါ ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး ကိလေသာကုန်ဖို့ အထုံဝါသနာတော့ ရရှိကိန်းအောင်းသွားလေတော့သတည်း ။ ( အထက်ပါ သုနက္ခတ္တရဟန်းအကြောင်းကို ဒီဃနိကာယ် ပါထိက၀ဂ် ပါဠိ အဋ္ဌကထာများနှင့် တိုက်ဆိုင်လေ့လာနိုင်ကြပါသည်)
( သုနက္ခတ္တလိစ္ဆ၀ီ နှင့် သူ၏ငယ်သူငယ်ချင်းတို့ဖြစ်ရပ် ဤတွင်တစ်ခန်းရပ်ပြီး၏)
အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
အရှင်ဝိမလာလင်္ကာရ-မုံရွာ

No comments:
Post a Comment