
တော်တော်တော့ ကြာခဲ့ပါပြီ မိမိသီရိလင်္ကာရောက်ကာမှ လင်္ကာသုသာန်များသို့သွားကာ သုသာန်ဓုတင်ဆောက်တည်လေ့ရှိသူ (သို့မဟုတ်) သုသာန်သွား၍ အသုဘဘာဝနာပွားလေ့ရှိသူ ဆရာတော်တစ်ပါးနှင့် တွေ့ခဲ့ရပါတယ်။
သုသာန်သို့သွား၍ တရားအားထုတ်လေ့ရှိတာကိုတော့ သူက သိချင်တာလေးတစ်ခုရှိလို့ မေးလာမှသိခွင့်ရခဲ့တာပါ။ တန်ခူးလနှစ်သစ်ကူးကာလအတွင်းမှာ မိမိဆီဖုန်းဆက်ပြီး
“ဟေး…၀ိမလကြီး၊တစ်ခုလောက်မေးချင်လို့ကွ ၊မင်းကစာဖတ်လေ့ရှိတော့ တွေ့များတွေ့ဖူးသလားလို့”
“မှန်ပါ၊ ဘုန်းကြီး ၊မိန့်ပါဘုရား ဘာများမေးချင်လို့ပါလိမ့်”ဆိုတော့။
"သုသာန်ဓုတင်ဆောက်တည်ရင် ဘယ်လိုဘယ်လိုတွေကျင့်ရပါသလဲ"..တဲ့၊
"မှန်ပါ ဓုတင်မြောက်ချင်ရင်တော့ ညလူခြေတိတ်ချိန်မှ သုသာန်သို့သွားပြီးတရားဘာဝနာပွားများရပါတယ်။ နံနက်အရုဏ်တက်လာသည်နှင့် မိမိသီတင်းသုံးရာကျောင်းသို့ပြန်လာရပါတယ်ဘုရား"
“အေးကွ၊အခု ငါကသင်္ကြန်တွင်းမှာ ကိုလံဘိုထဲက သုသာန်တစ်ခုသွားပြီး
အသုဘဘာဝနာရှူပွားမလို့၊အဲဒါဓုတင်အကြောင်းလည်း နည်းနည်းပိုရှင်းရှင်းလင်းလင်းသိအောင်မေးကြည့်တာ၊ ဒါနဲ့ သုသာန်မှာတရားအားထုတ်တဲ့ရဟန်းက သက်သတ်လွတ်စားရတာဆို”
“မှန်ပါ ၊ အသားငါးမစားရင်တော့ ပိုကောင်းတယ်၊ပိုအန္တရာယ်ကင်းတယ်လို့ပြောကြတယ်ဘုရား။ အဋ္ဌကထာတွေမှာလည်း အသားငါးမစားသင့်ကြောင်း ဖွင့်ပြထားပါတယ်။ဒါပေမယ့် ဘုရားလက်ထက်တော်ထဲကနေ သာသနာ့သမိုင်းတစ်လျှောက်မှာမည်သည့်ရဟန်းတော်မျှ သုသာန်ဓုတင်ဆောက်တည်လို့ သက်သတ်လွတ်စားနေပါသည်၊အသားငါးရှောင်နေပါသည်လို့ ဖွင့်ဟ၀န်ခံထားတာမတွေ့ရဖူးပါဘူး။ အသားငါးမရှောင်ဘဲ ပုံမှန်ရရသမျှဆွမ်းဆွမ်းဟင်းတို့ကိုဘုဉ်းပေးကြတာလည်းဖြစ်မယ်။ဒါမှမဟုတ် မိမိသုသာန်ဓုတင်အကျင့် ကျင့်နေတာကို လူသိမခံလိုတာကြောင့် သပိတ်ထဲရောက်လာမှပဲ မိမိမစားတော့ဘဲ ဘေးဖယ်ထားလိုက်တာလည်းဖြစ်မယ်ဘုရား ။
သေချာတာကတော့ ယခုခေတ်သက်သတ်လွတ်သမားများလို ငပိလေးငံပြာရည်လေးပုဇွန်ခြောက်လေးကမျှမတို့မထိတော့ပဲရှောင်တာတော့မဖြစ်နိုင်ပါဘူး။
ဟင်းခတ်အမွှေးအကြိုင်ထဲမှာပါလို့ ဖယ်မရတာတော့ ဘုဉ်းပေးကြမယ်ပဲထင်ပါတယ်။ ဒီသက်သတ်လွတ်ကိုကျင့်ခြင်းအားဖြင့်အနိစ္စ၊ဒုက္ခ၊အနတ္တလက္ခဏာရေးသုံးတန်ရှုပွားရေးက အလွန်အလှမ်းဝေးတယ်မဟုတ်ပါလားဘုရား။
အမှန်က သုသာန်ဓုတင်ဆောက်တည်လို့ အသားငါးမစားဘူးဆိုတာ ခန္ဓာကိုယ်ကညှီနံမရအောင် ဘီလူးသားရဲသဘက်တွေက ငါတို့အသားကြိုက်သလို ဒီကိုယ်တော်လည်းအသားကြိုက်တာပါပဲလားဟု မတွေးမထင်အောင်သာရှောင်ကြဉ်တဲ့သဘောဖြစ်နိုင်ပါတယ်။ ဒါတောင် ရှောင်တယ်မရှောင်ဘူး ဘယ်သူမှတတ်အပ်တော့မပြောနိုင်ပါဘူးဘုရား။ ဘုရားရှင်ကလည်းမဟောခဲ့သလို ဘယ်ရဟန်းတော်မှလည်းမိမိသက်သတ်လွတ်စားနေပါသည်လို့ မပြောခဲ့တာကိုး။
တပည့်တော်ဖတ်ဖူးတဲ့ မဂ္ဂဇင်းတွေဆောင်းပါးတွေအရဆိုရင်တော့ အသားငါးမစားတာပိုကောင်းမယ်လို့ထင်ပါတယ်။ ကျန်းမာရေးဆေးပညာအရလည်း အသားစားသူများက ရောဂါပိုများတာတစ်ချက်၊နောက် ကျားသစ်သား၊ကျားသား၊ခြင်္သေ့သားတွေမစားရဘူး စားရင်အဲဒီသတ္တ၀ါတွေက အန္တရာယ်ပြုတတ်လို့တဲ့။ သူတို့အသားတွေစားတာတော့မကြိုက်တာသေချာတာကိုး။
"စပါးကြီးလို၊ငါန်းဇောင်းလို မြွေသားဟင်းချက်စားရင် မြွေတွေကသတ်စားသူကိုလိုက်ရှာဖို့ အိမ်ထိလိုက်လာကြတယ်၊
စပါးကြီးတစ်ကောင်ရရင် နှစ်ကောင်ရဖို့သေချာတယ်" ဆိုပြီး ပြောစမှတ်တောင်ရှိတယ်ဘုရား။
ဒီတော့ အင်အားကြီးတဲ့သတ္တ၀ါတွေကအန္တရာယ်ပေးသလို အန္တရာယ်မပေးနိုင်တဲ့သတ္တ၀ါတွေကလည်း သူတို့အသားစားတာတော့ ကြိုက်မှာမဟုတ်ဘူ။ ဥပမာ ခွေးသားချက်စားတဲ့သူကို ခွေးတွေက ၀ိုင်းဟောင်လေ့ရှိတယ်။ နွားသားဟင်းချက်စားသူကို အိမ်ကခိုင်းနွားတွေက တရှူးရှုးဝှေ့ဟန်ပြင်တယ်လို့ ဆိုပါတယ်ဘုရား။
တစ်ခါ တပည့်တော်တို့ လယ်တီဆရာတော်ကြီးက နွားသားမစားရေးလိုက်လံဟောကြားတော့ ၊တစ်ရွာအရောက်မှာ တကာတစ်ယောက်က ကိုယ်ကြိုက်လို့ကိုယ်စားတာ ဘာဖြစ်လဲ စသည်ဘေးထိုင်ဘုပြေတာနေစဉ် သူ့ခိုင်းနွားကြီးကပြေးဝှေ့လိုက်လို့ ပေါင်ကျိုးသွားရပါသတဲ့။ ဒီတော့ အသားဟင်းတွေကိုစားရင်တော့ ထိုကျားနွားစတဲ့ သတ္တ၀ါတွေကမနှစ်သက်ကြဘူး၊ အန္တရာယ်ပေးကြတယ်လို့ပဲ ကောက်ချက်ဆွဲရမယ့်သဘောရှိတယ်ဘုရား။
ရဟန်းဆိုတာကတော့ ရရသမျှနဲ့ပဲ တင်းတိမ်ရောင့်ရဲရတယ်၊ အပူလိုလည်းအအေးရတယ်၊အအေးလိုလည်းအပူရတယ်လို့ ဆိုထားတာကိုး ဒီတော့လည်းအသားငါးမစားရဘူးလို့ဘယ်လိုမှပညတ်လို့မရပါဘူး။ အဲလိုပညတ်လိုက်မယ်ဆိုရင်လည်း သာသနာမကြည်ညိုတဲ့လူတွေက ဆွမ်းထဲအသားရောကျွေးလိုက်မယ် ။မစားကြလို့ တစ်ပတ်အတွင်းသေကုန်ကြရင်လည်း
သာသနာအဆက်ပြတ်သွားနိုင်တယ်၊စားလိုက်ရင်လည်း ပညတ်ချက်ကိုဖောက်ဖျက်ရာကျလိမ့်မယ်။ ဒါ့ကြောင့် တောနေရဟန်းများအန္တရာယ်ကင်းအောင်သာ အသားကြီးဆယ်မျိုးထဲက ကျားသားကျားသစ်သားခြေင်္သေ့သားတွေမစားရလို့ပညတ်ထားတော်မူခဲ့တာဖြစ်ပြီး အဋ္ဌကထာဆရာတော်ကလည်း သုသာန်ဓုတင်ဆောင်များ အန္တရာယ်ကင်းစေရန် အမဲသားငါးများရှောင်သင့်တယ်လို့ အကြံပြုခဲ့တာဖြစ်မယ်ထင်ပါတယ်ဘုရား။
တပည့်တော် အလျင်းသင့်လျှင် ၀ိသုဒ္ဓိမဂ်လာ သုသာန်ဓုတင်အကြောင်းလေး ရှာဖွေရေးသားပေးပါဦးမယ်”လို့ အာမ၀န္တာပြု ကတိပေးလိုက်ပါတယ်။ ယခုတလောမှာ မိမိတို့သုသာန်ဓုတင်အကြောင်းလေးလည်း ဆွေးနွေးဖြစ်တုန်း အခွင့်ခါသင့်သည်နှင့် ၀ိသုဒ္ဓိမဂ်လာ သုသာန်ဓုတင်အကြောင်းရှာဖွေတင်ပြပေးလိုက်ရပါတယ်။
လင်္ကာအရှင်(မုံရွာ)
XXXXXXXXXXXXXXXXXXXXXXXXXX
သုသာန်ဓုတင် ဆောက်တည်ပုံ
သုသာန်ဓုတင်ကိုဆောက်တည်လိုသောရဟန်းတော်သည်-
''နသုသာနံ ပဋိက္ခိပါမိ-သုသာန်မဟုတ်သော အရပ်ကို ပယ်ပါ၏''ဟူ၍ဖြစ်စေ၊
''သောသာနိကင်္ဂံ သမာဒိယာမိ-သုသာန်၌ နေလေ့ရှိသော ရဟန်း၏အကြောင်း အင်္ဂါစေတနာကို ဆောက်တည်ပါ၏''ဟူ၍ဖြစ်စေ တမျိုးမျိုးဖြင့် ဆောက်တည်ရမှာဖြစ်ပါတယ်။
ကျင့်သုံးပုံ ကျင့်သုံးနည်း
သူသေမြှုပ်ရာ သုသာန်မှာသာနေရမည်။ အလောင်းများမြှုပ်နှံထားသည်မှာ ၁၂-နှစ် တိုင်အောင် ကြာသွားပြီး အသုံးမပြုတော့သည့် သုသာန်သင်္ချိင်းဟောင်းများမှာလည်း ဓုတင်ကျင့်လို့ရနိုင်ပါတယ်။
ဒါပေမယ့် ရွာသစ်ကို တည်ထောင်ကာစ သုသာန်နေရာပါ သတ်မှတ်ထားကြရာ ထိုနေရာမျိုး၌
အလောင်းတစ်လောင်းမျှမမြှုပ်ရသေးမီမှာ ဓုတင်ကျင့်လို့မရသေးပါဘူး ။သင်္ချိုင်းနာမည်ရရုံသာရပြီး အလောင်းမြုပ်နှံမှူမရှိသေးသောကြောင့်ဖြစ်ပါတယ်။
အထူးသတိပြုဖွယ်ကား ထိုသုသာန်၌နေသော ရဟန်းသည် စင်္ကြံမဏ္ဍပ် စသည်တို့ကို ပြုစေ၍ ညောင်စောင်း အင်းပျဉ် ကို ခင်းစေ၍ သောက်ရေ သုံးရေကို တည်ထားစေ၍ တရားစာပေကို သင်ကြားပို့ချလျက် မနေအပ်။
ဤဓုတင်သည် ဆောင်နိုင်ခဲ၍အလွန်လည်းအန္တရာယ်ကြီးလှပါတယ်။ ရန်သူအလာကိုမစောင့်တော့ပဲ ရန်သူရှိရာသွားပြီး စစ်တိုက်ရသလိုပါပဲ ။အသုဘဘာဝနာနှင့် မရဏဿတိကိုလက်ကိုင်မထားပါက ခန္ဓာကိုယ်မှာတွယ်တာမှုအပေါက်ကြားကလေးရှာပြီး သရဲတစ္ဆေများလည်းပူးကပ်ကာ အန္တရာယ်ပေးလာနိုင်လို့ မိမိသုသာန်ဓုတင်ဆောက်တည် နေကြောင်းကို သံဃမထရ်ကြီးအား အသိပေးပြောကြားထားရမှာဖြစ်တယ်။ နံနက်မိုးသောက်လို့မှ ဓုတင်ဆောင်ပုဂ္ဂိုလ်ပြန်မလာပါက မထေရ်ကြီးက သံဃာများစေလွှတ်၍ ဘေးအန္တရာယ်ရှိမရှိ၊သွားရောက်စုံစမ်းနိုင်ဖို့ သံဃာ့မထေရ်ကြီးကို အသိပေးထားသင့်ပါတယ်။
ခိုးသားဓားပြစသည်များလည်း သုသာန်မှာ လူသတ်၍စွန့်ပစ်တတ်ကြခြင်း၊ ဘဏ္ဍာထုတ်များမြှုပ်နှံထားတတ်ကြခြင်းကြောင့် ဘေးအန္တရာယ်တစ်စုံတရာပေါ်က သက်သေခံရစေရန် ရွာလူကြီးကိုလည်းအကြောင်းကြားထားသင့်တယ်၊ မမေ့မလျော့ ကမ္မဋ္ဌာန်းတရားရှူပွားပြီး စင်္ကြံကြွလျှင်လည်း ထက်ဝက်သော မျက်စိဖြင့် သူကောင်ဖုတ်ရာ (မြှုပ်ရာ) အရပ်ကို ကြည့်လျက် အသုဘဘာဝနာရှုပွားကာ စင်္ကြံကြွရမယ် လို့ ဆိုပါတယ်။
သုသာန်သို့ သွားသောအခါ၌လည်း သွားရိုးလမ်းမမှ ဖဲ၍ လူသူလေးပါးမသိအောင် လျှို့ ဝှက်သွားလာရမယ်။ လူတွေဆိုတာ ထူးထူးခြားခြားကျင့်သူကိုမှ အထင်ကြီးကတရုန်းရုန်းလှူကြတန်းကြနှင့် မိမိ၏ အဓိကရည်ရွယ်ချက် ရဟန်းတရားအလုပ်ပျက်မည်စိုးသောကြောင့်ဖြစ်ပါတယ်။
နေ့ခင်းကပင် (သွား၍ သစ်ငုတ် သစ်ပင် တောင်ပို့ စသည်ဖြင့် ညဥ့်အခါ၌ မို့မို့မဲမဲ မြင်ကောင်း သော) အာရုံကို ပိုင်းခြားမှတ်သားထားရမယ်။ ညဥ့်အခါ၌ ထိုသစ်ငုတ် စသော ဝတ္ထုသည် ထိုရဟန်းအား (တစ္ဆေအသွင်) ထင်မြင်လာလျှင် သရဲသဘက်မဟုတ် လရိပ်ကြောင့် မဲမဲသဲသဲမြင်ကာ ကြောက်ဖွယ်ထင်နေရခြင်းတည်းဟု မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်အောင်လို့ပဲဖြစ်ပါတယ်..တဲ့။
ညဥ့်အခါ၌ ဘီလူးတို့လာရောက်ခြောက်လှန့်ကြပါက တစုံတခုသော မြေခဲ ကျောက်ခဲစသည်ဖြင့် မပစ်ခတ်ရ ၊မေတ္တာပို့အမျှပေးဝေခြင်းကိုသာ ပြုလုပ်ရမယ်။ သုသာန်သို့ နေ့စဉ်မပျက်သွားပြီး သုသာန်၌ သန်းခေါင်ယာမ်ကို ကုန်စေ၍ အရုဏ်တက်ပြီးမှ သုသာန်ကဖဲခွါရမယ်လို့လည်း အင်္ဂုတ္တရနိကာယ်ဆောင် ဆရာတို့က မိန့်ဆိုထားကြပါတယ်..တဲ့။
ဘီလူးတို့ ကြိုက်နှစ် သက်သော (ဆီထွေး) နှမ်းထောင်း, ပဲထမင်း, ငါး, အမဲ, နို့ရည်, ဆီ, တင်လဲ အစရှိသော ခဲဘွယ်စားဖွယ်ကိုလည်း အန္တရာယ်ကင်းစေဖို့ လည်းရှောင်ကြဉ်သင့်တယ် ၊ သုသာန်မှပြန်လာလျှင်လည်း ဒါယကာတို့က ဆွမ်းစသည်ဖိတ်မံလျှင် အိမ်တွင်းသို့မ၀င်သင့်ဘူး။ မကောင်းဆိုးဝါးများပူးကပ်လိုက်လာပြီး ထိုအိမ်သူအိမ်သားများအား ဒုက္ခပေးခြင်း၊ ယင်းအိမ်မှာ အမင်္ဂလာတစ်စုံတစ်ရာဖြစ်လာပါကလည်း မိမိကိုယိုးစွပ်လာနိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။
သုသာန်ဓုတင်အပြားသုံးပါး
သုသာန်ဓုတင် ကျင့်သုံးသူကို သုံးမျိုးသုံးစားခွဲခြားလို့ရပါတယ်၊
(၁) သူသေကောင်ကို (နေ့စဉ်) မပြတ်မြှုပ်နှံရာ, အလောင်းကောင်တို့အပုပ်နံ့တထောင်းထောင်းထရာနေရာ,နေ့စဉ်မပြတ် အသုဘပို့သူတို့ ငိုကြွေးကြရာနေရာမှာ ဓုတင်ဆောက်တည်သူဟာ ဥက္ကဌ-အမြတ်ဆုံးဓုတင်ဆောင်ပုဂ္ဂိုလ်ဖြစ်ပါတယ်။
(၂)အထက်ပါအင်္ဂါသုံးပါးလုံးမစုံပေမယ့် တစ်ပါးပါးနဲ့ညီညွှတ်တဲ့နေရာမှာ ဓုတင်ဆောက်တည်သူကိုတော့ မဇ္ဈိမ-အလည်အလတ်အဆင့်ရှိတဲ့ဓုတင်ဆောင်လို့ ဆိုပါတယ်။
(၃) သုသာန်မည်ကာမတ္တ သချိုင်းဟောင်းမှာ ဓုတင်ကျင့်လျှင်ကား အောက်ထစ်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ၊သူသေကောင်များ၊ ငိုကြွေးသူများကိုမမြင်ရ၍ အကျိုးများလှမည်တော့မဟုတ်ချေ ၊သို့သော် လူသူအရောက်အပေါက်မရှိ၍ ၀ိပဿနာကမ္မဋ္ဌာန်းကိုတော့ ပွားများအားထုတ်လို့ကောင်းသည့် နေရာမွန်တစ်ခုပင်ဖြစ်၍ ကျင့်ကြံအားထုတ်သင့်ပါတယ်။။
အထက်ပါ ဓုတင်ဆောင် ပုဂ္ဂိုလ်တို့ ဓုတင်သည် သုသာန်မဟုတ်သော အရပ်မှာအရုဏ်တက်သည်နှင့် သီတင်းသုံးမိသည်နှင့် ဓုတင်လည်းပျက်စီးသွားပါတယ်။
သုသာန်ဓုတင်၏ အကျိုးအာနိသင်
ယင်းသို့ပွားများအားထုတ်ဆောက်တည်ခြင်းဖြင့်
(၁) သေရချေအံ့ဟု အမှတ်သတိကို ရခြင်း၊
(၂) မမေ့မလျော့ နေလေ့ရှိသည်၏ အဖြစ်၊
(၃) အသုဘအာရုံနိမိတ်ကို ရခြင်း၊
(၄) ကာမရာဂကို ပယ်ဖျောက်နိုင်ခြင်း၊
(၅) ကိုယ်ခန္ဓာ၏ အသုဘသဘောကို အဖန်တလဲလဲမြင်နိုင်ခြင်း
(၆) သံဝေဂအဖြစ်များခြင်း၊
(၇) ကျန်းမာခြင်း, ပျိုနုခြင်း, အသက်ရှင်ခြင်း၌မှီ၍ ဖြစ်သော မာန်ယစ်မှုကိုပယ်နိုင်ခြင်း၊
(၈) ဘေးကြီး ဘေးငယ်ကို သည်းခံနိုင်ခြင်း၊
(၉) နတ်တို့အလေးပြုအပ် ချီးမွမ်းအပ်သည်၏ အဖြစ်၊
(၁ဝ) အပ္ပိစ္ဆတာ စသည်တို့ အားလျော်သော အကျင့်ရှိသည်၏အဖြစ်၊ စသောအကျိုးတို့ကို ရရှိနိုင်သောကြောင့် သုသာန်ဓုတင်ကို မပြတ်မှီဝဲသင့်လှပေ၏။
(၀ိသုဒ္ဓိမဂ်အဋ္ဌကထာမှထုတ်နှုတ်၍ သင့်လျော်အောင်ဖော်ပြပေးခြင်းဖြစ်သည်)
No comments:
Post a Comment