
*သန္တိန္ဒြိယော စ-တည်ငြိမ်ညိမ်သက်သော စက္ခုစသား ခြောက်ပါးသော ဣနြေ္ဒတို့လည်းရှိရမယ်*
စက္ခုစသားဆိုတာက မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ခြောက်ဒွါရကိုဆိုလိုတာဖြစ်ပါတယ်။ တည်ကြည်ငြိမ်သက်ရမယ်ဆိုတော့ ဘယ်လိုလုပ်ရမှာပါလိမ့်၊ ဣဋ္ဌ အနိဋ္ဌကောင်းကောင်းဆိုးဆိုး အာရုံမျိုးတွေနဲ့ကြုံတွေ့လာရင် တုန်လှုပ်မှုမရှိအောင် လောဘဒေါသတွေကြောင့် တစ်ဖျတ်ဖျတ်ခါမသွားအောင် သတိတရားလက်ကိုင်ထားပြီး အမြဲတမ်းစောင့်ကြည့်နေရမယ်လို့ ဆိုလိုတာပါ။
ဒီအတိုင်းဖြစ်ဖို့ဆိုတာက အပြောလွယ်သလောက်အလုပ်ခက်ခဲပြီး ဘုရားရှင်မှားကြားတဲ့အတိုင်းတစ်သွေမတိမ်းလိုက်နာနိုင်ပြီး ဣနြေ္ဒခြောက်ပါးတံခါးပေါက်ကနေ ကိလေသာရန်သူတွေဝင်မလာနိုင်အောင် တံခါးကိုလုံအောင်စောင့်နိုင်ပြီဆိုတာနဲ့ပဲ နိဗ္ဗာန်ဆိုတဲ့ တဏှာကိလေသာရမ္မက်တွေငြိမ်းရာနိဗ္ဗာန်ဟာာ စာရှုသူရဲ့လက်တစ်ကမ်းမှာလို့တောင်ပြောလို့ရပါတယ်။
ဒါကြောင့်လည်း မိုးကုပ်ဆရာတော်ဘုရားကြီး အမြဲမိန့်တော်မူလေ့ရှိတာပေါ့ ကိလေသာကြားမခိုစေနဲ့ မနက်အားထုတ်ညနေရနိုင်တယ်၊ညနေအားထုတ်မနက်ရနိုင်တယ်..ဆိုတာ။
ဒီတော့ တရားထူးရခြင်းမရခြင်းထက် စာရှုသူမိတ်ဆွေများရဲ့ လက်တွေ့လောကီဘ၀ထဲမှာကို လိုအပ်မှုတွေနည်းလေ စိတ်ချမ်းသာလေ။ မကျေနပ်မှုတွေနည်းလေ စိတ်အေးချမ်းလေဆိုတာကိုတော့ ဘယ်သူမှငြင်းနိုင်မယ်မဟုတ်ပါဘူး။ ဒီတော့ ဘုရားရှင်မိန့်တော်မူထားတဲ့ မေတ္တာသုတ်တော်လာ” သန္တိန္ဒြိယော စ-တည်ငြိမ်ညိမ်သက်သော စက္ခုစသား ခြောက်ပါးသော ဣနြေ္ဒတို့လည်းရှိရမယ်”ဆိုတဲ့ စကားတော်လေးကို အမြဲတမ်းသတိရကာ ဒွါရတံခါးခြောက်ပေါက်မှာ မလှုပ်မယိုင်မြဲခိုင်တဲ့သတိတရားနဲ့ ကိလေသာရန်သူများကို ကာဆီးကာ ဣနြေ္ဒရှင်ကြီးများဖြစ်နိုင်ကြပါစေလို့ပဲ ဆန္ဒပြုရမှာပါပဲ ။
စာရှုသူများဗဟုသုတရကြစေဖို့ ဣနြေ္ဒကြီးလှတဲ့ နိဂြောဓသာမဏေကြောင့် သာသနာရောင်ဝါထွန်းတောက်ခဲ့ရပုံအကြောင်းကို တင်ပြပေးပါဦးမယ်။
ဗုဒ္ဓသာသနာတော်မှာ အသောကမင်းတရားကြီးဆိုတာ ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့တာတွေ။ တတိယသံဃာယနာတင်ပွဲကြီးကျင်းပပြီး မိစ္ဆာဝါဒတွေကိုနှိပ်ကွပ်ခဲ့တာတွေ၊ ရေတွင်းပေါင်းရှစ်သောင်းလေးထောင်ရေကန်ပေါင်းရှစ်သောင်းလေးထောင်နဲ့ကျောင်းကန်ဘုရားပေါင်းရှစ်သောင်းလေးထောင်လှူဒါန်းပြီး ဘုရားရှင်ရဲ့ အထင်ကရနေရာများကိုလည်း ကျောက်စာတိုင်ကြီးများနဲ့ သက်သေထူပေးခဲ့တာတွေကို အားလုံးသိကြပြီးဖြစ်မှာပါ။ ဒါပေမယ့် သူသာသနာမပြုခင်အချိန် ကျွတ်တမ်းမ၀င်ခင်အချိန်ထိ အဲဒီသီရိဓမ္မာသောကမင်းကြီးဆိုတာကို တိုင်းသူပြည်သားတွေက စန္ဒာသောက-အလွန်ရက်စက်ကြမ်းကြုတ်တဲ့ မင်းဆိုးတစ်ပါးလို့ပဲ သတ်မှတ်ထားကြတာပါ။
အဲလိုသတ်မှတ်မယ်ဆိုလည်း သတ်မှတ်ရမှာဖြစ်ပါတယ်။ ဖခင်ဗိန္ဓုသာရမင်းကြီးမှာ သားတော်ပေါင်းက တစ်ရာ့တစ်ပါးတောင်ရှိပါသတဲ့။ အသောကမင်းသားနဲ့တိဿမင်းသားကတော့ ညီအစ်ကိုအရင်း။ ကျန်တဲ့မင်းသား(၉၉)ယောက်ဆိုတာကတော့ ဖအေတူမအေကွဲတွေမို့ တစ်ဝမ်းကွဲညီအစ်ကိုပဲတော်စပ်တာ။ ဖခင်ဗန္ဓုသာရမင်းကြီးက အသောကကို ဥဇ္ဇေနီပြည်ကို အပိုင်စားပေးပြီး အုပ်ချုပ်စေခဲ့ပေမယ့် သူကဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုအုပ်စိုးလိုတဲ့ ဧကရာဇ်ဘုရင်လုပ်ချင်နေတယ်။ ဒါနဲ့ဘယ်ညီအစ်ကိုတွေမှမသိအောင် စစ်ရေးပြင်ဆင်ထားပြီး ဖခင်ဗိန္ဓုသာရမင်းကြီးနတ်ရွာစံလို့ သားအကြီးဆုံးကြီး သုမနကိုလည်းမင်းမြှောက်ဖို့ပြင်ဆင်ကြရော အသောကကကျန်တဲ့တစ်ဝမ်းကွဲ ညီအစ်ကိုတွေရော အစ်ကိုအကြီးဆုံးကြီးသုမနမင်းသားကိုပါ အကုန်လုံးကိုလုပ်ကြံသတ်ဖြတ်ပစ်လိုက်တာကိုး။
……………………………………
အသောကက သုမနမင်းသားကြီးကိုပါ လုပ်ကြံလိုက်ပြီဆိုတဲ့ သတင်းရောက်လာလာချင်း ကိုယ်ဝန်အရင်းအမာကိုလွယ်ထားရတဲ့ ဇနီးဖြစ်သူ သုမနဒေ၀ီမင်းသမီးလည်း သူတောင်းစားမအသွင်ဆောင်ကာ ဒွန်းစဏ္ဏားရွာဖက်သို့ ထွက်ပြေးပုန်းအောင်းခဲ့ရင် ပညောင်ပင်ကြီးအောက်မှာပဲ သားငယ်လေးကိုဖွားမြင်ခဲ့ရသည်။
ပညောင်ပင်အောက်မှာဖွားတဲ့သားလေးမို့ “ နိဂြောဓမင်းသား”လို့ခေါ်ကြတာပေါ့။ နိဂြောဓလေးကိုလည်း အိမ်ရှေ့မင်းရဲ့သားဖြစ်ပေမယ့် ဖခင်ကြီးလည်းလုပ်ကြံခံရပြီး သူကိုယ်တိုင်လည်း သူတောင်းစားရွာမှာပဲ နေခဲ့ရလို့ သူတောင်းစားကလေးတစ်ယောက်လို့ထင်သွားကြတာပေါ့။
သုမနမင်းသမီးလည်း ခုနစ်နှစ်တိုင်တိုင် ဒွန်းစဏ္ဍားတို့အရပ်မှာ ပုန်းအောင်းနေထိုင်ခဲ့ပြီး မထင်မရှားအသွင်ဖြင့် ပါဋလိပုတ်နေပြည်တော်အရှေ့တံခါးနားမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး
သားငယ်လေးကိုလည်း မဟာဝရုဏမထေရ်ကြီးထံမှာ ရှင်ပြုပေးရာ နိဂြောဓမင်းသားလေးမှာ ဆံပင်များရိတ်ပယ်နေစဉ်ပင် တဉ္စ ပဉ္စကကမ္မဋ္ဌာန်းကို ရှုမှတ်ရင်း ခုနစ်နှစ်သား ရဟန္တာကိုရင်လေးဖြစ်သွားခဲ့ပါတယ်။
…………………………….
အသောကမင်းသားလည်း အဘိသိက်မသွင်းသေးပဲ နေခဲ့ပြီးမှ လေးနှစ်မြောက် ( သာသနာသက္ကရာဇ် (၂၁၈)ခုနှစ်)မှ
မင်းအဖြစ် အဘိသိက်သွင်းကာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရဲ့ ဧကရာဇ်မင်းအဖြစ်ခံယူခဲ့ပြီး ဖခင်ကြီးလက်ထက်ကကျွေးမွေးလှူဒါန်းမြဲ တိတ္ထိ(၆၀၀၀၀)ကိုလည်းသုံးနှစ်တိုင်တိုင် နေ့စဉ် ဆွမ်းဆက်ကပ်လှူခဲ့ပါတယ်။ဒါပေမယ့် အနေအထိုင်မတတ် ဣနြေ္ဒမရှိသိက္ခာမရှိတဲ့တိတ္ထိတွေကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ တကယ်ကြည်ညိုဖွယ် တည်ကြည်ငြိမ်သက်တဲ့ ကိုယ်အမူရာနှုတ်အမူရာရှိတဲ့ သမဏဗြဟ္မဏသူတော်စဉ်တွေကိုလှူခွင့်ရရင်ကောင်းမှာပဲလို့တွေးမိပြီး ။အလှူခံပုဂ္ဂိုလ်ပေါင်းစုံကိုနန်းတော်ပင့်ပြီး ဆွမ်းကပ်စေတယ်။ ဒါပေမယ့် အယုတ်အမြတ်နေရာပေါင်းစုံခင်းထားပြီး အရှင်တို့နဲ့သင့်တော်တဲ့နေရာကိုထိုင်ကြပါလို့ ပြောဆိုလေ့ရှိသတဲ့။
အလှူခံတိတ္ထိများကလည်း အနှစ်သာရမရှိကြသူများပီပီ မြင့်မြတ်တဲ့နေရာများမှာတက်မထိုင်ရဲကြဘူး။ တစ်ချို့ကလည်းကြမ်းပြင်ပေါ်ထိုင်စားပြီးပြန်သွားတယ် ။တစ်ချို့ကတော့လည်း အင်းပျဉ်၊ကုတင်ညောင်းစောင်းများပေါ်မှာသာထိုင်စားသွားကြတယ်။
ဒီတော့ မင်းကြီးစိတ်ထဲမှာ နှစ်ထောင်းအားရသိပ်မရှိလှဘူးဖြစ်နေတာပေါ့။
သူမြတ်အမည်ခံပြီး မြတ်တဲ့နေရာများမှာမထိုင်ရဲတာကိုပင် ဘ၀င်မကျဖြစ်နေတာပေါ့။
ဒီလိုနဲ့ အဘိသိက်မခံမီနန်းစံတာလေးနှစ် အဘိသိက်ခံပြီး တိတ္ထိများကိုဆွမ်းကျွေးနေခဲ့တာသုံးနှစ်ပေါင်းရင် ခုနစ်နှစ်ဆိုတော့ ကိုရင်နိဂြောဓလေးရဲ့ အသက်နဲ့အမျှ မိစ္ဆာဒိဋ္ဌိမင်းကြီးရဲ့ဘ၀နဲ့ နေခဲ့ရတာပေါ့။
တစ်နေ့မှာတော့ တူတော်စပ်တဲ့ သုမနမင်းသမီးရဲ့ သားငယ် ခုနစ်နှစ်အရွယ်ကိုရင်လေးက သူ့နန်းတော်ဘေးမှဖြတ်ပြီး မယ်တော်ကြီးရှိရာသို့ ကြွသွားပါသတဲ့။
…………………………………………..
နိဂြောဓကိုရင်လေး လမ်းမပေါ်မကြွလာခင်လေးမှာပဲ အသောကမင်းကြီးကနန်းတော် အရှေ့ဖက်လေသာပြတင်းကိုဖွင့်ပြီး အပြင်ကိုရှုစားနေတာပေါ့ ။လမ်းမပေါ်မှာလည်း ကလေးငယ်တို့ဘာသာဘာဝ ဆော့ကစားနေကြတဲ့ကလေးငယ်လေးတွေကိုလည်းတွေ့ရတယ်။
"ကလေးတွေရဲ့ ငယ်ဘ၀ဟာ အရမ်းလွပ်လပ်ပါကလား။ ငါငယ်ငယ်တုန်းကဆို ငါ့နောင်တော်ညီတောင်မင်းသားတစ်ရာတို့နဲ့ အတူတူပျော်ပျော်ကြီး ကစားခဲ့ကြတာပေါ့ "
သူကလေးတွေကြည့်ရင် သူလုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ညီတောင်နောင်တော်တွေကိုပြန်သတိရနေမိတယ်။
"အမှန်တော့ငါမှားခဲ့တာပဲ။ သူတို့အားလုံးကငါ့အပေါ် ဘာမျက်မုံးကြိုးခဲ့တာ။ ပြစ်မှားခဲ့တာတစ်စုံတစ်ခုမှမရှိခဲ့ပဲ။ အာဏာရူးရူးခဲ့တဲ့ငါ ငါ အော် မိုက်မဲလေစွ"

ဤသို့ တောင်တောင်ဤဤကြံစည်တွေးတောနေခိုက် နန်းတော်နဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ သင်္ကန်းကိုသပ္ပါယ်စွာရုံပြီး သပိတ်ကိုလွယ် လျှက် ဣနြေ္ဒကြီးတစ်ခွဲသားနဲ့ ကြွချီနေတဲ့ ကိုရင်ငယ်လေးကိုမြင်ရတယ်။
ဒီတင် သူ့ရင်ထဲက နောင်တတရားတွေနဲ့ဗလောင်ဆူနေတာတွေ အမြိုက်ရေနဲ့ငြှိမ်းလိုက်သလို ခဏခြင်းငြိမ်းအေးသွားကြတယ်။
“ဟင် ခုနစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ပါလား။ ဘာပါလိမ့်အခြားကလေးတွေလိုလည်း ရယ်ရယ်မြူးမြူးမရှိဘူး အ၀တ်အစားကလည်း အခြားကလေးတွေနဲ့မတူဘူး ကြည်ညိုဖွယ်ကောင်းလိုက်ပါဘိ။ဧကန္တ ပရိဗိုဇ်မတစ်ယောက်ယောက်ရဲ့သားလေးပဲဖြစ်ရမယ်။ ဒီကလေးကို ငါဆုတော်လာဘ်တော် ခေါ်ချဦးမှပဲ ”
ဒါနဲ့အနားရှိတဲ့သက်တော်စောင့်တွေထဲကတစ်ယောက်ကိုအမိန့်ပေးလိုက်တယ်။
"ဟေ့..သွားစမ်း ဟိုမှာမြင်လား အဲဒီကလေးလေး ငါ့ဆီခေါ်လာခဲ့ချေ"
"မှန်လှပါအရှင်မင်းကြီး"
သက်တော်စောင့်လည်း အမောတကောပြေးဆင်းသွားတာပေါ့ ။
လမ်းမပေါ်ရောက်တော့ ကိုရင်လေးကိုလှမ်းအော်တားလိုက်တယ်
“ဟေ့ရပ် ဟိုကလေးရပ်စမ်း ရပ်စမ်း”
ကိုရင်ငယ်လေးကတော့ ကြောက်ရွံ့ဟန်လည်းမပြဘူး မတုန်မလှုပ်
“ဘာအကြောင်းရှိလို့ပါလဲ တကာကြီး”
"မင်းကြီးကမင်းကိုခေါ်ခိုင်းလိုက်လို့ လာလာအခုနန်းတော်ထဲအမြန်လိုက်ခဲ့ တော်ကြာ မင်းကြီးအမျက်တော်ရှနေဦးမယ်"
သက်တော်စောင့်ကြီးကပြောပြောဆိုဆို ခြေလှမ်းကျဲကြီးနဲ့ နန်းတော်ဖက်ပြန်လှည့်သွားပြီး ၀ါးနှစ်ရိုက်သုံးရိုက်လောက်ရောက်တော့ နောက်လှည့်ကြည့်လိုက်တယ် ။
“ရော် ခက်တော့နေပြန်ပါပြီ မြန်မြန်လာပါဆိုမှ မြေပြိုကျမယ့်အတိုင်း ရွရွလေးနင်းလျှောက်နေလိုက်သေး။
ဒီကလေးကတော့ ဘယ်သူ့ကိုမှလည်းကြောက်လန့်ပုံမပေါ်ဘူး ရိုက်နှက်ခေါ်လို့လည်းမဖြစ်ဘူး မင်းကြီးကသဘောကျလို့ခေါ်ခိုင်းဟန်တူရဲ့”
သူစိတ်ရှည်လက်ရှည်စောင့်ခေါ်နေရပြီပေါ့။
……………………………………..
ကိုရင်လေးအပင့်ခိုင်းလိုက်သော သက်တော်စောင့်ပေါ်မလာတော့ မင်းကြီးစိတ်ထဲ နည်းနည်းတိုသွားမိတယ်။
”ကလေးသွားခေါ်ပါဆို ဘာသွားလုပ်နေတယ်မသိဘူး ။ဟေ့ နောက်တစ်ယောက်လိုက်သွားစမ်း”
ကိုရင်လေးကအလာနှေး မင်းကြီးကခုဆိုခု စိတ်မြန်ကိုယ်မြန်နဲ့တော့ တွေ့ကြပြီပေါ့ မလာနိုင်တာကြာလို့ အဲလိုသုံးယောက်လောက်ထပ်လွှတ်အခေါ်ခိုင်းလိုက်တယ်။
ကိုရင်လေးနန်းတော်ထဲဝင်လာတော့ နန်းတွင်းသူနန်းတွင်းသားအားလုံး ခဏတာမျှနှုတ်ဆိတ်မေ့မြောသွားကြတယ် ။ ကလေးငယ်လေးက ခုနစ်နှစ်သား ဣနြေ္ဒကြီးတစ်ခွဲသားနဲ့ သင်္ကန်းဟန်ပါပါရုံပြီး သပိတ်လွယ်ကာ တစ်လှမ်းချင်းကြွလာနေတာကိုး။
မင်းကြီးပင် သက်တော်စောင့်တွေလာရင်တော့ အပြစ်ဒဏ်ချမှတ်လိုက်ဦးမယ် ငါ့အမိန့်ကိုမလေးစားဘူးလို့တွေးလိုက်မိတဲ့အတွေးတွေ ။အကုန်လွင့်ပျယ်ကုန်တယ်လို့ဆိုပါတယ်။
…………………………………………………………..
ရာဇပလ္လင်ရှေ့ရောက်လာတော့ မင်းကြီးကိုယ်တိုင်ပဲ ထပြီး ခရီးဦးကြိုဆို၍ “ လျှောက်ပတ်သောနေရာ တွင် သီတင်းသုံးပါ” ဟု အရင်တိတ္ထိတွေကိုစမ်းသလိုပြောလိုက်ရာ ကိုရင်လေးက ဘေးဝဲယာတစ်ချက်ကြည့်လိုက်တယ်။ ယခင်ရောက်နေပြီးသော သူများကိုကြည့်လိုက်ရာ မိမိထက် သိက္ခာအားဖြင့်၎င်း၊ ဂုဏ်အားဖြင့်၎င်း မြင့်သည့်သူကို မတွေ့သည့်အတွက် ထီးဖြူကြီးမိုးထားတဲ့ ရာဇပလ္လင်ပေါ်သို့ သွားကာ ထိုင်တော်မူ လိုက်ရာ အသောကမင်းကြီးလည်း ကြက်သီးများပင် တဖြန်းဖြန်းထသွားရတော့တာပေါ့။
ကိုရင်လေးလုပ်လိုက်ပုံမြင်တော့ မင်းကြိးချက်ချင်းသဘောပေါက်သွားတယ် တဲ့။ “ဤသူငယ်သည် ယနေ့ပင် ငါနန်းတော်၏ အရှင်သခင်ဖြစ်လိမ့်မည်၊ လောကတွင်ငါ့ကို ဆုံးမသွန်သင်မည့်သူ ပေါ်ပေါက်လာပြီ” လို့လေ။
နောက်ပြီး ကိုရင်လေးကသပိတ်ကိုလှမ်းပေးလိုက်တော့ မင်းကြီးလည်း သူ့ပွဲတော်အုပ်ထဲက ဆွမ်းထမင်းများ ဟင်းများနဲ့ ဆွမ်းဆက်ကပ်အပြီးမှာ
“ ကိုရင်ဟာ အဘယ်သူရဲ့ အဆုံးအမကို ခံယူပါသလဲ၊ အဘယ်အယူကို ယူပါသလဲ” လို့မေးကြည့်လိုက်တော့
“ မင်းကြီး….ကျွန်ပ်ဟာ သဗ္ဗညု မြတ်စွာဘုရားရဲ့ အဆုံးအမကို ခံယူပါတယ်၊ နိဗ္ဗာန် ဆိုတဲ့ ကိလေသာကုန်ရာကို အာရုံပြုပါတယ်” ဟု ဖြေလိုက်ပါသတဲ့။
ဒါဆိုသင့်ဆရာ မြတ်စွာဘုရာရဲ့ အဆုံးအမကို ပြောပြပါလို့တောင်းပန်တော့..
အပ္ပမာဒေါ အမတံ ပဒံ ၊ ပမာဒေါ မစ္စုနော ပဒ။ံ
အပ္ပမတ္တာ နမီယန္တိ ၊ ယေ ပမတ္တာ ယထာမတာ။
“တကာတော်မင်းကြီး….မမေ့မလျော့နေသူဟာ သေဘေးမှလွတ်ရတယ် ။
မေ့လျော့နေသူတွေကတော့ သေမင်းထံလက်နက်ချရမှာပဲ…
လို့ဟောပြလိုက်တာပေါ့။
မင်းကြိးကား ထိုတရားကိုကြားနာလိုက်ရသည့်အချိန်မှစ၍ ကိုရင်လေးကို အရမ်းကြည်ညိုသွားပြီး “ ကိုရင့်ကိုနေ့စဉ်ဆွမ်းရှစ်အုပ်လှူပါ့မယ်လို့ လျှောက်လိုက်တာပေါ့ ။တိုက်လည်းတိုက်ဆိုင်နေတယ်လေ စစ်ဘုရင်းကြီးတစ်ယောက်အဖို့ သတိတစ်ချက်လစ်တာနဲ့ လုပ်ကြံခံရမယ်မဟုတ်လား။ ကိုရင်လေးဟောလိုက်တဲ့တရားကလည်း သူ့အဖြစ်နဲ့ကွက်တိပဲ။
ဆွမ်းရှစ်အုပ်လှူတယ်ဆိုတော့ သာမဏေက သာဓုခေါ်ပြီ
“ဒါဆိုလည်း ဒီဆွမ်းရှစ်အုပ်ကို ကိုရင့်ဥပဇ္ဈာယ်အားထပ်မံလှူရတာပ”လို့မိန့်တော်မူပါတယ်။
ကိုရင်ကလည်း ကိုယ်တိုင်မဘုဉ်းပဲ ဥပေဇ္ဈာယ်လှူတယ်ဆိုတော့ အဲဒီဥပေဇ္ဈာယ်ဆိုတာ ဘယ်သူမို့တုန်း လို့မေးရာ “ ကိုရင်လိမ္မာရေးခြားရှိလာအောင် အပြစ်ထောက်ပြ ပြင်ဆင်ပေးတော်မူတဲ့ ဆရာသခင်ကို ဥပဇ္ဈာယ်ဆရာ လို့ခေါ်ကြောင်းရှင်းပြလိုက်ပါတယ်။
မင်းကြီးသဘောပေါက်သွားပြန်ပါတယ် ။ ဆရာအသွင်သင်ကောင်းလို့ ဒီကိုရင်လေး ဒါလောက်လိမ္မာရေးခြားရှိတာပဲ
"ကဲဒါဆိုကိုရင် ကိုရင့်ကိုလည်းဆွမ်းရှစ်အုပ် ၊အရှင့်ဥပေဇ္ဈာယ်အတွက်လည်း ဆွမ်းရှစ်အုပ်နေ့စဉ်လှူမှာပေါ့ဘုရား ”
"မင်းကြီး ဒါဆို ကိုရင်အလှူခံရမယ့် ဆွမ်းရှစ်အုပ်ကိုတော့ စာချဆရာကိုလှူဒါန်းလိုပါတယ်”
"ဟင် ကိုရင်ကလည်း ဥပေဇ္ဈာယ်ဆရာအပြင် နောက်ဆရာတစ်ယောက်ရှိသေးတာလား သူကဘာတွေသင်ပေးလို့လဲ"
“်မင်းကြီး…စာချဆရာဆိုတာ မြတ်စွာဘုရားဟောတော်မူခဲ့တဲ့ တရားတော်တွေကို သင်ပေးသူ၊ ထိုတရားတော်အတိုင်း နည်းလမ်းမှန်ကန်သည့် အကျင့်ပဋိပတ္တိကို သင်ပေးသူကို ခေါ်ပါတယ်”
မင်းကြိးစိတ်ထဲ တော်တော်အားရသွားမိတယ် ။ ကိုရင်လေး ဒီအရွယ်နဲ့ ဒီလောက်ဟောတတ်ပြောတတ် အနေထိုင်တွေတတ်နေတာလည်း နိဿျည်းဆရာကျေးဇူးကြောင့်ကိုး …
“ဒါဆိုကိုရင် အဲဒီစာချဆရာကိုရှစ်အုပ် ကိုရင်ရှစ်အုပ် ၊ဥပေဇ္ဈာယ်ဆရာရှစ်အုပ်လှူမှာပေါ့ဘုရား”
“မင်းကြီး သာဓုပါ ဒါပေမယ့် ကိုရင်အလှုခံရမယ့် ဆွမ်းရှစ်အုပ်ကိုတော့ ကိုရင်လို သီတင်းသုံးဖော်သံဃာတော်တွေကိုလှူချင်ပါတယ်”
“သြော် ကိုရင်လို အခြားသံဃာတော်တွေရှိသေးတာလား ဒါဆိုအဲဒီသံဃာတော်တွေအတွက်လည်း ရှစ်အုပ် အားလုံးသုံးဆယ့်နှစ်အုပ်လှူမယ်ကိုရင် တပည့်တော်ရဲ့နန်းတော်ကိုသာ နေ့စဉ်ဆွမ်းစားကြွပါ” ဒီတော့မှ ကိုရင်လေးလည်း
“ကောင်းပါပြီမင်းကြီး နက်ဖြန် ဆွမ်းစားကြွလာခဲ့ပါ့မယ်”ဟုဆိုကာ ပြန်ကြွသွားပါတော့တယ်။
………………………………………………………………..
နောက်ရက်နံနက်ရောက်သောအခါ တိတ္ထိခြောက်သောင်းလည်း အရင်လိုနန်းတော်တွင်းမှာ ၀င်ထွက်စားသောက်မြဲအတိုင်းလာရောက်စားသောက်ကြပါတယ် ။တဖက်မှာကလည်း
နိဂြောဓသာမဏေကပင် ရဟန်းသံဃာတော် (၃၂)ပါးက ဣနြေ္ဒရရ ဆွမ်းဘုဉ်းပေးတော်မူနေကြတယ်။ ဒီလို တိတ္ထိများနဲ့ ဘုရားသားတော်တို့ကိုပြိုင်တူဆွမ်းပင့်ကပ်လိုက်ရမှ တည်ကြည်ငြိမ်သက်ပြီး အေးချမ်းလှတဲ့ လောဘဒေါသကင်းစွာဘုန်းပေးနေကြတဲ့ဘုရားသားတော်တို့အမူရာဟာ ပိုပေါ်လွင်ထွင်ရှားပြီး ကြက်သရေရှိလှပါတော့တယ်။
သို့နှင့် ဆွမ်းကိစ္စများ ပြီးသောအခါ ကျွန်ပ်က “ယနေ့ကြွတော်မူလာကြသည့် ရဟန်းသံဃာ (၃၂)ပါးနှင့်အတူ ထပ်မံ၍ (၃၂)ပါးတိုးကာ ရဟန်းသံဃာတော်(၆၄)ပါးတို့သည် အရှင်ဘုရားနှင့်အတူ မနက်ဖန် ဆွမ်းခံတော်မူကြပါရန်ကျွန်ပ်က ထပ်မံ၍ ပင့်ဖိတ်လိုက်ပြန်ရာ ထိုသို့တစ်နေ့တစ်နေ့တိုးတိုးသွားရင် နန်းတော်တွင်းသို့နေ့စဉ် ရဟန်းတော်(၆၀၀၀၀) ဆွမ်းစားကြွတော်မူကြပြီး မင်းကြီးလည်း တိတ္ထိများဆွမ်းပင့်ကျွေးတဲ့ဘတ်ဂျက်ကို လျှော့ချပစ်လိုက်ကာ နောက်ဆုံးရပ်တန့်ပစ်လိုက်ပါတော့တယ်။
နောက်ဆုံးမတော့ ဣနြေ္ဒသိက္ခာနှင့်ပြည့်စုံတဲ့ ခုနစ်နှစ်သားအရွယ် ကိုရင်ငယ်လေး နိဂြောဓသာမဏေကျေးဇူးကြောင့် နန်းတော်မှပရိသတ်များနဲ့တကွ ကြမ်းတမ်းရိုင်းပြလှတဲ့ စန္ဒာသောကမင်းကြီးဟာ သီရိဓမ္မာသောကမင်းကြီးအဖြစ်နဲ့ တတိယသံဃာယနာတင်ကာ အနယ်နယ်အရပ်ရပ်သို့ သာသနာပြုစေလွှတ်တော်မူခဲ့သည့် သာသနာပြုမင်းတြားကြီးဖြစ်ခဲ့ရပါတော့တယ်။
စာရှုသူများလည်း တည်ကြည်ငြိမ်သက်ခြင်းဂုဏ်ကို အာရုံယူပြီး ဣနြေ္ဒသိက္ခာပြည့်ဝစွာသာသနာပြုသွားတော်မူခဲ့သည့် ခုနစ်နှစ်အရွယ် ရဟန္တာသာမဏေငယ်လေး နိဂြောဓကို ပို၍ ကြည်ညိုနိုင်ကြပါစေ။ မေတ္တာသုတ်တော်လာအတိုင်း သန္တိန္ဒြိယော စ၊ တည်ငြိမ်ရင့်ကျက်တဲ့ ဣနြေ္ဒရှင်ကြီးများလည်းဖြစ်နိုင်ကြပါစေ။
ဆက်လက်ဖော်ပြပါဦးမည် (လင်္ကာအရှင်-မုံရွာ)

No comments:
Post a Comment