
* မုဒု-စိတ်ထားနူးညံ့ပျော့ပြောင်းသူ *
မေတ္တာသုတ်လာ ကရဏီယမတ္ထကုသလေန ဂါထာတော်၌ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းလိုသော သူတော်စဉ်သူတော်ကောင်းများပြည့်စုံရမယ့် နောက်ထပ် အင်္ဂါရပ် တစ်မျိုးကတော့ မုဒု-ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့
“ ရွှေပန်းတိမ်သည်ရဲ့ ကောင်းစွာလှော်ပြီးဦးပြီးသောရွှေကဲ့သို့ နူးညံ့ပျော့ပြောင်းတဲ့စိတ်ရှိသူ ၊
မိမိနဲ့ ပတ်သက်ဆက်ဆံနေရသူများ
နှလုံးစိတ်ဝမ်း အေးချမ်းစေမယ့် ကြည်ညိုဖွယ်ရာ ကိုယ်အမူရာနှုတ်အမူရာရှိတဲ့သူမျိုးကို မုဒုလို့ဆိုလိုတာပါ။ ဒီတော့ သီလ၊သမာဓိ၊ပညာတရားတွေကို ပြည့်စုံအောင် ဖြည့်ကျင့်တဲ့နေရာမှာ စိတ်ထားနူးညံ့သိမ်မွေ့တဲ့ သူတော်ကောင်းမျိုးဖြစ်ရမှာပါ။
ဒါပေမယ့် “မုဒူတိ ဂဟဋ္ဌေဟိ ဒူတဂမနပဟိဏဂမနာဒီသု နိယုဇ္ဇမာနော တတ္ထ မုဒုဘာဝံ အကတွာ ထဒ္ဓေါ ဟုတွာ” လို့သေချာထပ်မံဖွင့်ပြထားပြန်တာကြောင့် လူတွေက ရဟန်းအလုပ်မဟုတ်တာတွေကိုခိုင်းလာပြီ၊
မအပ်မရာတွေကျူးလွန်ဖို့ရာတိုက်တွန်းလာပြီဆိုရင်တော့ ခက်ထန်ကြမ်းတမ်းစွာ ခါးခါးသီးသီး ငြင်းဆန်ရပါလိမ့်မယ်တဲ့…
ဒီညွှန်ကြားချက်ဟာ လုံးဝကိုမှန်ကန်ပါတယ်။ မိမိတို့ချိုသာစွာပြောဆို ကိုယ်အမူရာနှုတ်အမူရာယဉ်ကျေးသိမ်မွေ့အောင် ကြိုးစားနေကြတယ်ဆိုတာက လူအထင်ကြီးအောင် ၊လှူချင်တန်းချင်အောင်နေပြကြရတာမှမဟုတ်တာပဲ စိတ်ကောင်းစေတနာကောင်းတွေဖြစ်လာနိုင်သမျှဖြစ်လာပြီး လိမ္မာရေးခြားရှိသူတွေကို သူတော်စဉ်သူတော်ကောင်းတွေက အရေးတယူ ခေါ်ပြောဆက်ဆံကြတာကြောင့်သာ သူတော်ကောင်းများနဲ့ ၀င်ပေါင်းဆံ့ဖို့ မိမိကိုဆက်ဆံသူတွေလည်း
မိမိနဲ့ပတ်သက်ပြီး စိတ်ကောင်းနှလုံးကောင်းပေါက်ဖွားလာစေဖို့ နူးညံ့သိမ်မွေ့အောင် ကြိုးစားကြရခြင်းပဲဖြစ်ပါတယ်။
ဒါပေမယ့် အရာရာမှာနူးညံ့ပျော့ပြောင်းပြီး ဘုန်းကြီးခေါင်းတက်ခေါက်နေတဲ့ကလေးငယ်တွေကိုလည်း လိမ္မာရေးခြားရှိအောင်မဆုံးမဘဲ ပြုံးပြနေလို့မဖြစ်ပါဘူး။ လူတွေက ဟိုသွားပါဦး-ဒီလာပါဦး ၊စသည်စသည်ခိုင်းစေတာကိုလည်း စိတ်သဘောကောင်းသူတစ်ယောက်ဖြစ်ရမယ်ဆိုပြီး " လူ့ခိုင်းဖတ်ကိုယ်တော်ကြီး"လုပ်နေလို့လည်းမတော်ပြန်ဘူး မဟုတ်ပါလား။ ဒါ့ကြောင့်အဋ္ဌကထာမှာသေချာဖွင့်ပြထားတာက ကုသိုလ်ရေးရာသေချာဖြစ်မယ့်ကိစ္စတွေမှာ နူးညံ့သိမ်မွေ့ရမယ်။
အကုသိုလ်အပါယ်လမ်း သာသနာဖျက်စခန်းကို မိမိအားတာဝန်ပေးတဲ့အခါမျိုးမှာကတော့ တစ်ရွာလုံးနဲ့တစ်ယောက်၊
တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဖြစ်ချင်ဖြစ်နေပါစေ ဆန့်ကျင်ဖက်ပြုပြီး မကောင်းမှုကိုမလုပ်နိုင်ပါဘူးလို့ ခါးခါးသီးသီး ငြင်းဆန်ရပါလိမ့်မယ်..တဲ့။
ကဲဒီတော့ ကောင်းတဲ့အလုပ်များမှာ စိတ်ထားနူးညံ့ပျော့ပြောင်းရမယ်ဆိုတော့ ဘယ်လိုနေရာမျိုးမှာ ဘယ်ပုံဘယ်နည်းပျော့ပြောင်းနူးညံ့ရမလဲဆိုတာကိုလည်း အနည်းငယ်ဆွေးနွေးတင်ပြပေးချင်ပါသေးတယ်။
ဘုရားရှင်တရားဟောတော်မူရင် အရင်ဦးဆုံး သစ္စာလေးပါးတရားကိုတန်းဟောတော်မူတာမဟုတ်ပါဘူး။ အများအားဖြင့်တော့ ဒေသနာ အစဉ်အတိုင်း ဟောတော်မူသဖြင့် အလှူ့ဒါယကာတို့အား အလှူဒါနနဲ့ပတ်သက်တဲ့ ဒါနနဲ့စပ်တဲ့တရားစကားကို
ဟောပြတော်မူလေ့ရှိပါတယ်။ နောက်မှဆက်လက်ပြီး အလှူဒါနပြုရင်သီလရှိသူရဲ့အလှုဒါနမျိုးနဲ့
သီလ၀န္တအလှူခံတွေကိုပေးလှူရခြင်းကပို၍အကျိုးတရားဖွင့်ဖြိုးကြီးထွားကြောင်း
သီလကထာ၊ ယင်းသို့သီလ၀န္တအလှူဒါနမျိုးကား လူချမ်းသာနတ်ချမ်းသာတို့ကိုရရှိစေနိုင်ကြောင်း သဂ္ဂကထာတို့ကိုပါ ဆက်လက်ဟောပြတော်မူပြန်ပါတယ်။
သို့သော် ယင်းဒါနနှင့်သီလတို့သည် ၀ဋ္ဋနိဿိတ-ဘုံဘ၀ကိုတောင့်တ
ပေးလှူတဲ့အလှူမျိုးမဖြစ်သင့်ကြောင်း။လူချမ်းသာလည်းအိုနာသေမလွတ်၊နတ်ချမ်းသာလည်းအိုနာသေမလွတ်သဖြင့် ယင်းဒုက္ခတို့ငြိမ်းရာ နိဗ္ဗာန်ကိုသာရည်မှန်းလှူဒါန်းကြရမည်ဖြစ်ကြောင်းလှူဖို့နည်းလမ်းကို ညွှန်ကြားပြသတဲ့မဂ္ဂကထာကို၎င်း။
လောကလူအများထင်မှတ်နေကြတဲ့ကာမဂုဏ်ချမ်းသာတွေဆိုတာ ရေမီးစသော ရန်သူမျိုးငါးပါးနဲ့ဆက်ဆံနေပြီး
လောဘဒေါသမောဟများနှင့်သုံးဆောင်ခံစားပါကလည်း အပါယ်ဆင်းရဲသို့သာကျရောက်ကြရဦးမည်ဖြစ်၍ အပြစ်များစွာရှိနေကြောင်းစသဖြင့် ကာမနံအာဒီန၀ကထာကို၎င်း၊
နောက်ယင်းကာမဂုဏ်တို့ဟာ အနှစ်သာရမရှိမူ၍ သူတော်စင်သူတော်ကောင်းများစက်ဆုပ်ရွံရှာစွန့်ခွါကြတဲ့အတွက် ယုတ်ညံ့တဲ့ သြကာရတရားဖြစ်ကြောင်း၊မိမိရဲ့ကုသိုလ်စိတ်ကိုညစ်နွမ်းစေရုံသံကိလေသတရားအစုသာဖြစ်ကြောင်း စသည့် အနုပုဗ္ဗိကထာ(တရားဟောစဉ်ခုနစ်မျိုး)ကိုဟောကြားတော်မူပြီးမှ သစ္စာလေးပါးတရားကိုဟောကြားတော်မူတာပါ ။ ဘာ့ကြောင့်အရေးကြီးတဲ့သစ္စာတရားကိုတန်းမဟောဘဲ တရားဦးနိဒါန်းချီနေရပါသလဲဆိုတော့
၁။ ကလ္လ စိတ္တ- တရားတော်ထဲ၌ ဖြောင့်မတ်တည်ကြည်ပြီး ရုံစိုက်နာယူနိုင်ခြင်း
၂။ မုဒု စိတ္တ- စိတ်ထားနူးညံ့သိမ်မွေ့ခြင်း
၃။ ၀ိနီဝရဏ စိတ္တ-စိတ်သန္တာန်မှာ နီဝရဏကင်းနေခြင်း
၎။ ဥဒဂ္ဂ စိတ္တ- သစ္စာတရားသိမြင်နားလည်ဖို့စိတ်အားထက်သန်လာခြင်း
၅။ ပသန္န စိတ္တ- စိတ်ထားကြည်လင်နေခြင်းဆိုတဲ့အင်္ဂါ(၅)ချက်နဲ့ညီညွှတ်နေမှ သစ္စာတရားကိုထိုးထွင်းသိမြင်နိုင်မှာမို့
(နူးညံ့သိမ်မွေ့ပြီးဖြူစင်မြင့်မြတ်နေပြီဆိုတော့မှ ခက်ခဲနက်နဲတဲ့သစ္စာတရားများကိုသိမြင်နိုင်တာမို့ဖြစ်ပါတယ်။
ဒီတော့ နူးညံ့တဲ့စိတ်ထားသဘောထားရှိမှတရားရမယ်ဆိုတာ ထင်ရှားလှပါတယ်။
အင်္ဂုတ္ထိုရ်ပါဠိတော် တိကနိပါတ် ပံသုဓောဝကသုတ်တော်မှာလည်း ဘုရားရှင်က-
ရွှေဟာ အညစ်ကြေးများနဲ့ မာကြောကျွတ်ဆပ်နေရင် ပြိုးပြိုးပြက်ပြက်အရောင်တလက်လက်မတောက်ပနိုင်သလို၊
လိုသလိုလည်းပုံသွင်းလို့လည်းမရနိုင်ဘူး ။ဒီတော့ လက်ကောက်၊နားဆွဲစသည့်လက်ဝတ်ရတနာကို လိုသလိုပုံစံသွင်းပြုလုပ်လိုတဲ့ ပန်းတိမ်ပညာရှင်ဟာ ရွှေအစစ်ကို ပျော့ပြောင်းနူးညံ့သွားအောင် လိုသလိုပုံသွင်းရအောင် မိုက်လုံထဲထည့်ကာ အဖန်ဖန် အထပ်ထပ် မီးဖြင့်မှုတ်ရပါလိမ့်မယ်။ သို့မှသာ မိမိလိုသလိုပုံသွင်းပြုပြင်၍ရမှာဖြစ်တယ်။
ထို့အတူယောဂီ ရဟန်း၏စိတ်ကိုလည်း နူးညံ့သိမ်မွေ့ပြီး တရားထူးရနိုင်အောင်
(၁)ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ဟူသော အကြမ်းစား စိတ်အညစ်ကြေး၊
(၂)ကာမ၀ိတက် ဗျာပါဒ၀ိတက် ၀ိဟိံသ၀ိတက်ဟူသော အလတ်စားအညစ်ကြေး၊
(၃) ဆွေမျိုးနှင့် စပ်သော အကြံ, ဇနပုဒ်နှင့် စပ်သောအကြံ, မထီမဲ့မြင် မပြုစေလိုခြင်းနှင့်စပ်သော အကြံဟူသော ညစ်နွမ်းကြောင်း အနုစား အနုစားအညစ်ကြေးတို့ကိုပယ်စွန့်ပြီး နူးညံ့သိမ်မွေ့သွားအောင် အားထုတ်ရမယ် "..လို့မိန့်တော်မူခဲ့တာဖြစ်ပါတယ်။
ဤမျှနူးညံ့သိမ်မွေ့သွားတာတောင် တရားနှင့်စပ်သော အကြံဝိတက်နဲ့တကွဖြစ်တဲ့သမာဓိဟာ အမြင့်ဆုံးစိတ်အဆင့်မဟုတ်သေးပါဘူး။ဒါ့ကြောင့်
အဘိညာဉ်သမာပတ်များရအောင်ကြိုးစားအားထုတ်ရမယ်။အမြတ်ဆုံးသမာဓိကိုရရှိလျှင်ကား အချိန်ခါမရွေးအရဟတ္တဖိုလ်ကိုလိုသည့်အချိန်
မျက်မှောက်ပြုစွမ်းနိုင်မှာဖြစ်ပါတယ်..လို့ဟောကြားတော်မူခဲ့ပါတယ်။
အထက်ပါရွှေပန်းတိမ်သည်လက်ဝတ်ရတနာပြုလုပ်နိုင်ရန် ရွှေကိုနူးညံ့အောင်ပြုလုပ်ရပုံ
ဥပမာနှင့်စပ်ယှဉ်ဟောကြားတော်မူသောတရားတော်ကိုနှလုံးထား၍၄င်း၊
ဘုရားရှင်ဟောကြားတော်မူထားသောသစ္စာလေးပါးတရားတော်တို့ကို ( မုဒု စိတ္တ ) စိတ်ထားနူးညံ့သိမ်မွေ့မှသာ ထိုးထွင်းသိမြင်နိုင်သောကြောင့်၎င်း။
မေတ္တာသုတ်တော်လာ မုဒု-နူးညံ့သိမ်မွေ့သူဖြစ်အောင်ပြုလုပ်အားထုတ်ရမည်ဟု ဟောကြားထားတော်မူချက်နှင့်အညီ စိတ်ထားနူးညံ့သိမ်မွေ့သည့် သူတော်စင်သူတော်ကောင်းများဖြစ်အောင်ကြိုးစားနိုင်ကြပါစေကြောင်း
တိုက်တွန်းလိုက်ရပါတယ်။ (ဆက်လက်ဖော်ပြပါဦးမည်)
မေတ္တာများစွာဖြင့်- လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment