
မေတ္တာသုတ်အစဂါထာမှာ “ယန္တသန္တံပဒံ အဘိသမစ္စ ၊သက္ကော” ဆိုတာကတော့ ရှေးပို့စ်များမှာဖော်ပြခဲ့သလို ‘ကိလေသာခပ်သိမ်းအေးငြိမ်းချမ်းသာတဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းသည်သာ အမြင့်မြတ်ဆုံးအကျိုးစီးပွားဖြစ်တယ်’ လို့ နားလည်သဘောပေါက်သွားပြီး ထိုနိဗ္ဗာန်ချမ်းသာကိုအလိုရှိနေတဲ့ အကျိုးစီးပွါး၌ လိမ္မာသောသူသည် ဤဆိုလတ္တံ့သော နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းစည်းကမ်းတို့ကို ပြုကျင်ရမယ်။ကိုယ်နှင့်အသက်ကိုပင် မငဲ့ကွက်ဘဲ အသက်သေလျှင်သေ မသေလျှင်တရားရဟု ဇွဲနပဲကြီးကြီးဖြင့် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်စွမ်းရှိရမယ်လို့ ဟောကြားတော်မူလိုက်တာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျင့်စဉ်တရားများကို ကျင့်ကြံအားထုတ်ခြင်းငှါ စွမ်းနိုင်ခဲ့ကြသူများနှင့် မစွမ်းနိုင်ခဲ့ကြသူများကို အင်္ဂုတ္ထိုရ်ပါဠိတော်၊ သတ္တကနိပါတ်၊အဂ္ဂိခန္ဓောပမသုတ်မှာလာတဲ့ဖြစ်ရပ်ကလေးကို ထုတ်နှုတ်တင်ပြပေးချင်ပါသေးတယ်။
………………………………………………….
အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသောရဟန်းတော်တို့နှင့်အတူ ဒေသစာရီကြွတော်မူရင်း
တဟုန်းဟုန်တောက်လောင်နေတဲ့ မီးပုံကြီးကိုမြင်တော်မူရာ ရဟန်းတော်များကို မီးပုံကြီးနဲ့ ဥပမာပေးကာ တရားဟောကြားတော်မူလို၍ သစ်ပင်ကြီးတစ်ပင်အောက်သို့ ၀င်ရောက်သီတင်းသုံးတော်မူလိုက်ပါတယ်။ရဟန်းတော်များလည်း ဘုရားရှင်
တရားဟောကြားတော်မူမည်ကို သိရှိကြပြီး ဘုရားရှင်အပါးချဉ်းကပ်ကာ ထိုင်လိုက်ကြပါတယ်။
အားလုံးနေရာအသီးသီးယူပြီးကြသည်နှင့် ဘုရားရှင်က “ချစ်သားတို့ ဟိုမလှမ်းမကမ်းက မီးပုံကြီးကို တွေ့ကြသလား…လို့ မေးမြန်းတော်မူလိုက်ရာ ရဟန်းတော် အားလုံးကလည်း တွေ့မြင်ကြပါတယ်ဘုရား..လို့ပြန်လည်လျှောက်ထားလိုက်ကြပါတယ်။
ဒါဆိုချစ်သားတို့ အလွန်ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်ကိုပွေ့ဖက်ရတာနဲ့ အဲဒီမီးပုံကြီးကိုပွေ့ဖက်ရတာ ဘယ်သင်းကကောင်းမလဲလို့ အကဲစမ်းပြီး မေးမြန်းတော်မူလိုက်ရာ ။ရဟန်းတော်အားလုံး အဖြေရကြပ်သွားကြပါတယ်။ မီးပုံကြီးဖက်ရတာက ပိုကောင်းပါလိမ့်မယ်ဘုရားလို့လည်း တစ်ပါးမှ ထမလျှောက်ရဲဘူးလေ။ ဒါဆို တကယ်လုပ်ပြစမ်းပါလို့ မိန့်တော်မူလိုက်ရင်ဒုက္ခ၊ နောက်ပြီး အမျိုးသမီးလေးကစိတ်ချမ်းသာသလောက် မီးဆိုတာက ကပ်လာသမျှလောင်ကျွမ်းဝါးမြိုပစ်မှာမလား။ နောက်ပြီး ဘုရားရှင်ဆိုတာ မှန်ကန်စွာလျှောက်ထားတဲ့ သစ္စာစကားကိုသာနှစ်သက်တော်မူတာ။
ဒါနဲ့ရဟန်းတော်တစ်ချို့က မှန်တာပြောသစ္စာကွာဆိုပြီး “အမျိုးသမီးလေးကိုပွေ့ဖက်ရတာက ပိုကောင်းမြတ်ပါတယ်ဘုရား…”လို့ဖြေလိုက်ကြပါတယ်။
ထိုအခါ ဘုရားရှင်က “မဟုတ်သေးဘူး ချစ်သားတို့ မီးပုံကြီးကိုသွားပွေ့ဖက်လိုက်လို့ မီးလောင်မြိုက်သေဆုံးရရင် တစ်ဘ၀ပဲခံရမယ်။ ရဟန်းသီလမပျက်စီးမယုတ်လျော့တာကြောင့်
အပါယ်ဆင်းရဲမခံစားရပါဘူး။ ဒါပေမယ့် မိန်းမပျိုလေးကို သွားထိမိကိုင်မိ သာယာမိလျှင်တော့ ကိလေသာအပူမီးတွေသံသရာထိလောင်ခံရနိုင်တယ်။ မိမိတို့ကျင့်သုံးနေတဲ့ရဟန်းဝိနည်းများလည်း ပျက်စီးသွားတော့မယ်။
မိမိကိုယ်ကို ရဟန်းတစ်ပါးလို့အများသိအောင် ၀န်ခံထားပြီးမှ ထိုကာမချမ်းသာခံစားလိုတဲ့ အလိုဆိုးတွေကိန်းအောင်းနေမယ်ဆိုရင် ၊
ကိလေသာအလိုလိုက်ကာ ယုတ်မာညစ်နွမ်းတဲ့မကောင်းမှုတွေကို ကျုးလွန်မိပြီးကာမှ လူမသိအောင်ဖုံးဖိနေဦးမယ်ဆိုရင်၊
မြင့်မြတ်တဲ့ သူတော်ကောင်းတရားတွေကို ပြည့်စုံဖြူစင်အောင်မကျင့်နိုင်ပါပဲလျှက် သီလဖြူစင်သူ အခြားရဟန်းတော်များနှင့်ရောယောင်ကာ မိမိကိုယ်ကို သူတော်ကောင်းတစ်ယောက်အဖြစ် ၀န်ခံပြောဆိုနေကြဦးမယ်ဆိုရင် အတွင်းပုပ်နေတဲ့ယောက်သွားပုပ်ကဲ့သို့ စက်စုပ်ဖွယ်ဖြစ်ပေလိမ့်မယ်ချစ်သားတို့”
လို့ဟောတော်မူလိုက်ပါတယ်။
……………………………………
ထိုသို့ဟောကြားလိုက်သောအခါ ကျင့်ဝတ်ကိုလိုက်နာပြုကျင့်ခြင်းငှါစွမ်းနိုင်သူတို့က ငါတို့သည် အဖဘုရားရဲ့ဝိနည်းတော်ကိုသာအသက်နဲ့လဲပြီး မိမိကိုယ်ကိုသာ ကာကွယ်စောင့်ရှောက်သွားမယ်။
သာသနာနဲ့မအပ်စပ်တဲ့ အမျိုးသမီးဆိုတဲ့ဝိသဘာဂအာရုံမှာ စိတ်ဖြင့်ပင်မပြစ်မှားမိစေရဘူး”လို့
သန္ဒိဋ္ဌာန်ချလိုက်ကြပါသတဲ့။
ဒါပေမယ့် ၀ိနည်းတရားတွေကိုလျော့လျော့ပေါ့ပေါ့သဘောထားကာ စိတ်အလိုလိုက်မိခဲ့ကြတဲ့ရဟန်းတော်များခမျာ နောင်တကြီးစွာရသွားကြရပါသတဲ့။
“ဟာသွားပြီ ကိလေသာကိုအနိုင်တိုက်ဖို့ သာသနာ့ဘောင်ရဟန်းပြုလာကာမှ ကိလေသာစစ်သည်တို့ရဲ့ပူးသတ်ခြင်းခံလိုက်ရပြီ”တဲ့လေ။
………………………………………..
ထို့နောက် ဘုရားရှင်က ဆက်လက်ပြီး “ချစ်သားတို့ သားရေလွန်းကြိုးဖြင့် မိမိခြေသလုံးတွေကို အရိုးထိပါပြတ်အောင် တိုက်ဖြတ်ပစ်ခြင်းနဲ့ လူဒါယကာတို့ အရှိခိုးခံရခြင်း ဘယ်သင်းကကောင်းမြတ်သလဲ”လို့ မေးမြန်းတော်မူပြန်ရာ ၊ရဟန်းတော်များက
“အရှိခိုးခံရခြင်းက ကောင်းမြတ်ပါတယ်”လို့ဖြေကြားကြပြန်ပါတယ်။
ဒါပေမယ့် ဘုရားရှင်က “သီလမရှိပဲ သီလ၀န္တဟန်ဆောင်ကာ အဖူးမြှော်ခံနေခြင်းကား အပါယ်သွားရာလမ်းကြောင်းကြိးဖြစ်တယ် ၊ဒါ့ကြောင့်ဒုဿီလအဖို့ အရှိခိုးခံခြင်းထက် သားရေလွန်းကြိုးနဲတိုက်ဖြတ်တာကမှသက်သာဦးမယ်” ဟူ၍မိန့်ကြားတော်မူကာ။
ဆက်လက်ပြီး
လက်အုပ်ချီမိုးရှိခိုးခံခြင်းနှင့် လှံဖြင့်ရင်ဝကိုထိုးစိုက်ခြင်းခံရခြင်းကိုလည်း ဘယ်သင်းကမြတ်သလဲဟုမေးတော်မူပြန်ရာ။ ရဟန်းတော်များကား ရင်ထဲအရှိအတိုင်းပင် လက်အုပ်ချီမိုးရှိခိုးခံရတာကကောင်းပါကြောင်း လျှောက်ထားကြပါတယ်။
ထိုအခါမှာလည်းဘုရားရှင်က သီလမရှိလျှင် လူဒါယကာများရှိခိုးခံခြင်းထက် လှံဖြင့်ရင်ဝကိုထိုးခံလိုက်ရတာကမှ သက်သာဦးမည်ဖြစ်ကြောင်းကိုမိန့်ကြားတော်မူလိုက်ပြန်ပါတယ်။
တဖန်…ချစ်သားတို့အလျံတစ်ပြောင်ပြောင်တောက်လောင်နေတဲ့သံပြားကြီးကို ကိုယ်မှာပတ်ခံထားရတာနဲ့ လူဒါယကာတို့လှူဒါန်းတဲ့သင်္ကန်းလျာအ၀တ်ကိုဝတ်နေရခြင်း ဘယ်သင်းကချမ်းသာမလဲလို့မေးပြန်ရာ ပူလောင်လွန်းလှတဲ့သံပြားကြီးပတ်ခံရတာနှင့်စာပါက သင်္ကန်းလျာအ၀တ်လေးပတ်ထားတာကပိုသက်သာပါဦးမည်ဘုရား
ဟုလျှောက်ထားကြပြန်ရာ-
ချစ်သားတို့ ဒုဿီလတစ်ယောက်အဖို့ကား သင်္ကန်းကိုဝတ်ရုံနေခြင်းထက် ရဲရဲတောက်သံပြားကြီးကိုပတ်ခံထားရတာကမှ သက်သာရာရပေလိမ့်ဦးမယ်..ဟုရှင်းလင်းဟောပြတော်မူလိုက်ပြန်ပါတယ်။
ဆက်လက်ပြီး ချစ်သားတို့သံချိပ်ကောက်ကြီးဖြင့်ခံတွင်းကိုဆွဲဖွင့်ပြီး သံရည်ပူတွေလောင်းထည့်လိုက်တာနဲ့ အရသာရှိသောဆွမ်း၊ဆွမ်းဟင်းလျာတို့ကိုစားရတာ ဘယ်ကအရသာရှိမလဲ..ဟုမေးမြန်းတော်မူပြန်ရာ…
ဒါယကာတို့လောင်းလှူတဲ့ဆွမ်းကိုစားရသည်ကကောင်းမြတ်ပါတယ်ဘုရားဟုလျှောက်ထားကြပြန်ရာ
ဒုဿီလရဟန်းတစ်ပါးအတွက်ကတော့ ဒါယကာတွေသဒ္ဓါနဲ့လူတဲ့ဆွမ်းကိုစားမြိုရခြင်းထက် ရဲရဲတောက်သံတွေသံခဲတွေခံတွင်းထဲလောင်းထည့်ခံရခြင်းကသက်သာဦးမည်ဖြစ်ကြောင်းကို ဆက်လက်ရှင်းလင်းဟောပြတော်မူခဲ့ပါတယ်။
ထို့နောက် ရဲရဲတောက်လောင်နေတဲ့သံကုဋင်ညောင်စောင်းတို့မှာလျောင်းစက်ရခြင်းနဲ့
လူဒါယကာတို့လှူဒါန်းထားတဲ့ဖဲမွေ့ယာကုဋင်ညောင်စောင်းကိုခေါင်းအုံးအိပ်ရခြင်း ဘယ်သင်းကမြတ်သလဲဟုမေးတော်မူပြန်ရာ ရဟန်းတော်များကလည်း ဒါယကာတွေလှူဒါန်းတဲ့ကုဋင်ညောင်းစောင်းတွေကသက်သောင့်သက်သာရှိလှပါကြောင်း
လျှောက်ထားကြသောအခါ ၊
ဒုဿီလရဟန်းအတွက်ကတော့ ဒါယကာတွေလှူဒါန်းထားသည်များကိုအသုံးပြုနေခြင်းထက် လောလောပူရဲရဲတောက်နေတဲ့
သံကုဋင်ညောင်စောင်းတွေမှာအိပ်ရခြင်းကသက်သာဦးမည်ဖြစ်ကြောင်း မိန့်တော်မူလိုက်ပြန်ပါတယ်။
တဖန်ထပ်၍ ပွက်ပွက်ဆူနေတဲ့သံရည်ပူအိုးကြီးထဲ အရှင်လတ်လတ် ပစ်ထည့်ခံရခြင်းနဲ့ ဒါယကာတွေလှူဒါန်းထားတဲ့ကမ္မဋ္ဌာန်းကျောင်းထဲမှာနေရခြင်း၊ဘယ်သင်းကပိုပြီးချမ်းသာမလဲဟု
မေးမြန်းတော်မူလိုက်ပြီး ဒါယကာတွေလှူထားတဲ့ကျောင်းကချမ်းသာပါတယ်ဟုလျှောက်ထားကြပြန်ရာ
ဒုဿီလရဟန်းတစ်ပါးဖြစ်နေပါက ဒါယကာတွေလှူဒါန်းထားတဲ့ကျောင်းသင်္ခန်းမှာနေထိုင်ခြင်းထက်
လောလောပူသောသံရည်ပူအိုးကြီးထဲမှာပစ်ချခံရခြင်းက ချမ်းသာလိမ့်ဦးမည်ဖြစ်ကြောင်း၊
ထိုမျက်မှောက်ဘ၀ဆင်းရဲတို့သည် အလွန်ဆုံးအသက်ကိုသာသေဆုံးစေနိုင်လိမ့်မည်ဖြစ်ပြီး ရဟန်းဝိနည်းကိုကောင်းစွာမစောင့်ရှောက်ဘဲ ပေါက်လွှတ်ပဲစားဖြစ်သလိုသာနေကြမည်ဆိုပါက
သံသရာတစ်လျှောက်လုံး အပါယ်လေးဘုံမှာသာစုံချည်ဆန်ချည် ဆင်းရဲဒုက္ခတွေသာ ခံနေရမည်သာဖြစ်ကြောင်း မိန့်တော်လူလိုက်ပါတယ်။
………………………………..
*သာသနာမှာ ကျင့်သုံးနေထိုင်ရမည့်နည်းလမ်း*
ထို့နောက်ဆက်လက်ကာ ကျင့်စဉ်တရားများဟောကြားတော်မူလိုသောဘုရားရှင်က
ချစ်သားတို့ သာသနာတော်မှာနေကြသူတို့သည်……
ငါတို့သည် အကြင်ဒါယကာတို့၏ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့
ဆေးအသုံးအဆောင်တို့ကို သုံးဆောင်ကုန်၏၊
*ထိုဒါယကာတို့ ပြုအပ်သော ကောင်းမှုတို့သည် အကျိုးအာနိသင်ကြီးမားကုန်လိမ့်မည်၊
*ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း အကျိုးရှိသည် တိုးပွါးခြင်းရှိသည် ဖြစ်၍မမြုံသည်
ဖြစ်ပေလိမ့်မည်''ဟုနှလုံးသွင်းကာ ရဟန်းတရားကိုကောင်းစွာကျင့်ရမည်။
*မိမိအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း။
*သူတစ်ပါးအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့်ပြည့်စုံရန် သင့်သည်သာတည်း။
* မိမိသူတစ်ပါးနှစ်ဦးသားတို့အကျိုးစီးပွားကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည်
မမေ့မလျော့မှုနှင့် ပြည့်စုံရန်သင့်သည်သာတည်း”ဟု မိန့်တော်မူလိုက်လေသည်။
မြတ်စွာဘုရားရှင်ကထိုကဲ့သို့ ဒုဿီလများအတွက်ကား
*ဒါယကာမျာလှူသောဆွမ်းကိုစားသုံးရခြင်းထက် လောလောပူသောသံတွေခဲတွေကိုစားမြိုရခြင်းက
သက်သာဦးမည်ဖြစ်ကြောင်း။
*ဒါယကာတွေလှူဒါန်းထားသော ပိုးဖဲကတ္တီပါ သင်္ကန်းများကိုဝတ်ရုံနေခြင်းထက် တရဲရဲတောက်လောင်နေသည့် သံပြားကြီးကောက်ပတ်ထားခြင်းကတော်သေးကြောင်း၊
*ဒါယကာတွေလှူဒါန်းထားတဲ့ကျောင်းတိုက်ထဲမှာနေထိုင်သီတင်းသုံးရခြင်းထက်သံရည်ပူအိုးကြီးထဲအ
ပြုပ်ခံရခြင်းကခံရသက်သာဦးမည်ဖြစ်ကြောင်း။
*ဒါယကာများရှိခိုးအရိုသေပေးခြင်းထက် လှံနဲ့ရင်ဝထိုးသတ်ခံရတာကမှခံသာဦးမည်ဖြစ်ကြောင်း
အကျယ်တ၀ံ့ဟောပြတော်မူလိုက်ရာမှာ...................
*ကုစားမရနိုင်တဲ့အပြစ်ကြီးများကိုအဖန်ဖန်အထပ်ထပ်ကျုးလွန်ပြီး သီလ၀န္တများနှင့်ရောယောင်ကာ
ဒါယကာတို့လှူဒါန်းထားတဲ့ ပစ္စည်းလေးပါးကို ခံယူသုံးစွဲမိခဲ့ကြတဲ့ရဟန်းတော်အပါးခြောက်ဆယ်ဟာ
ချက်ချင်း နောင်တတရားများဖြင့်လောင်မြိုက်ကာ
ထိုနေရာမှာပင်သွေးပွက်ပွက်အန်ထွက်ကုန်ကြပါတော့တယ်။
*သဒ္ဓါတရားနဲ့သာသနာဘောင်ဝင်လာကြခြင်းမဟုတ်ပဲ
အနေချောင်အစားချောင်လို့သာသနာဘောင်ချောင်ခိုနေမိသူ ရဟန်းခြောက်ဆယ်မှာလည်း
''မြတ်စွာဘုရား အလွန်ပြုနိုင်ခဲပါ၏၊ မြတ်စွာဘုရား အလွန်ပြုနိုင်ခဲပါ၏''ဟုလျှောက်ထားကြပြီးလျှင်
သိက္ခာချ၍ လူဝတ်လဲသွားကြတယ်။
*တကယ့်ကိုရဟန်းစစ်ရဟန်းမှန်များဖြစ်ပြီး အရင်ထဲကကျင့်ဝတ်ပဋိပတ်များကျင့်ကြံကာ
သာသနာတော်မှာကောင်းမွန်စွာနေထိုင်ခဲ့ကြသူ သီလ၀န္တရဟန်းတော်အပါးခြောက်ဆယ်ကား
ဘုရားရှင်တော်၏တရားစကားဆုံးသည်နှင့် -
“ကြည့်စမ်း….အရတော်လေစွ၊ငါတို့ဟာ ဘုရားရှင်သာသနာတော်မှာသီတင်းသုံးခဲ့သမျှကာလပတ်လုံး အပြစ်တစ်စုံတစ်ရာမပြုလုပ်မိခဲ့ကြဘူး။ငါတို့ရဟန်းအဖြစ်ဟာအရတော်လိုက်တာ”လို့..
မိမိသီလကိုပြန်လည်ဆင်ခြင်ကာ သီလာနုဿတိဖြစ်လာပါတယ်။ မိမိသီလဖြူစင်မှုကို ကိုတွေ့မြင်ရပြန်တော့
ဖြစ်ပေါ်လာတဲ့ပီတိသောမနဿတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ဆင်ခြင်ရှုပွားလိုက်တာ
တရားပွဲဆုံးသည်နှင့် ရဟန္တာမထေရ်ကြီးများဖြစ်သွားကြပါတော့သတဲ့။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
ကဲ ဒီအဂ္ဂိက္ခန္ဓောပမသုတ်တော်အဆုံးက အကျိုးရလာဘ်ကိုသုံးသပ်ကြည့်လျှင် ဘုရားရှင်အဆုံးအမတော်အတိုင်းကျင့်သုံးနေထိုင်ခြင်းငှါ စွမ်းနိုင်သူများသာ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့တရားထူးကို ရရှိပိုင်ဆုင်သွားကြတာတွေ့ရပြီး သာသနာတော်မှာကောင်းမွန်စွာမနေထိုင်နိုင်မဖြည့်ကျင့်နိုင်ကြသူများကတော့ နောင်တတရားများပြင်းစွာနှိပ်စက်ခံကြရခြင်း၊သိက္ခာချလူထွက်သွားကြခြင်းများကို
တွေ့ကြရမှာဖြစ်ပါတယ်။ သို့ဖြစ် မဂ်၍ ဖိုလိနိဗ္ဗာန်ကို အမှန်တကယ်ရလိုတယ်ဆိုလျှင် ဘုရားရှင်ချမှတ်ထားတဲ့လမ်းစဉ်အတိုင်း ကျင့်ကြံပွားများနိုင်ကြရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် မေတ္တာသုတ္တာန်လာ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ "သက္ကော"ဆိုတဲ့ အင်္ဂါနှင့်အညီ ကျင့်စဉ်တွေကို လိုက်နာဖြည့်ကျင့်ခြင်းငှါစွမ်းနိုင်သူတစ်ယောက်ဖြစ်နိုင်ဖို့သာ ကြိုးစားကြပါလို့တိုက်တွန်းအားပေးလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
မေတ္တာများစွာဖြင့် -လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment