Tuesday, August 21, 2012

*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁)***


     
    မေတ္တတရားဟာ ဆားနှင့်တူ၏ ၊ဟင်းချက်ဘယ်လောက်ကောင်းကောင်းဆားမပါရင်အရသာမရှိပေ။ထိုနည်းတူစွာ မည်မျှကုသိုလ်ကောင်းမှူတွေ လူမှုကိစ္စတွေပြုမူဆောင်ရွက်သော်လဲ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံအပြုမူ၊၀စီကံအပြောအဆိုနဲ့ မေတ္တာနဲ့ယှဥင်္တဲ့စိတ်နှလုံးသာမဦးစီးပါက အရသာမဲ့နေပေလိမ့်မည်။ အဋ္ဌကထာ၌ကား လှူဒါန်းပေးကမ်းတဲ့နေရာ သီလစောက်တည်တဲ့နေရာမှာ မေတ္တာပါမှသာလျှင်
အကျိုးတရားလည်း ပိုမိုဖွင့်ဖြိုးတိုးပွားတယ်လို့ဆိုထားပေ၏။

        မေတ္တာပါမပါဆိုတာ သူတို့ရဲ့လုပ်ဆောင်ချက်ကိုဆင်ခြင်သုံးသပ်လိုက်တာနဲ့ ရှင်းရှုင်းလင်းလင်းနားလည်သဘောပေါက်နိုင်ကြပေသည်။ 
        အချို့အလှူရှင်များသည် ပညာဦးစီးပြီး သံသရာရိက္ခာပါအောင် ဒါနထုပ်ကို မြှပ်နှံယူဆောင်နိုင်ဖို့ အလှူဒါနပြုလုပ်အားထုတ်ကြပေမယ့်လည်း အလှူခံပုဂ္ဂိုလ်စသော သတ္တ၀ါတို့အပေါ်၌ မေတ္တာတရားမပွားများနိုင်ပါက ထိုအလှူခံပုဂ္ဂိုလ်တို့ခံယူသုံးစွဲနေခြင်းအပေါ် ကြည်နူးနှစ်သက်နိုင်ဖို့မလွယ်ပေ၊
    အလှူခံတို့အပေါ်မေတ္တာမပါသော အလှူရှင်တို့၏အပြုအမူသည်လည်း အလှူခံပုဂ္ဂိုလ်တို့အတွက် နှစ်သက်မြတ်နိုးဖွယ်မရှိလှပေ ၊

      ဥပမာ အလှူရှင်သည် နောင်ဘ၀တွင်ပညာကြီးရင့်လို၍ ပိဋကတ်သုံးပုံ ပါဠိအဋ္ဌကထာ ဋီကာစာအုပ်များဝယ်ယူလှူဒါန်းသည် ကျောင်းသံဃိကအဖြစ်သာ စာအုပ်ဗီရိုကြီးများဖြင့် အလှပြထားမည်ဆိုပါစို့ ။ထိုစာသင်တိုက်များမှာလည်း ရှိနေပြီးသားများဖြစ်နေပါက အပိုသက်သက်ဖြစ်ကောင်းဖြစ်နေပေမည်။
      ထိုကျောင်းနေ စာသင်သားကိုရင်ငယ်များအဖို့ ထိုဗီရိုကြီးထဲမှ ပါဠိကျမ်းစာအုပ်ကြီးများကို ကိုင်ယူဖတ်ရှုခြင်းငှါလည်း မဖြစ်နိုင်ပေ။ အများအားဖြင့် ထိုကျမ်းစာအုပ်ကြီးများမှာ ဘီရိုအတွင်းမှာ နှစ်ရှည်လများကျမ်းအိပ်များအဖြစ်ဖြင့်သာ ဆွေးမြေ့သွားရသည်သာများပေသည်။

       အလှူခံကိုရင်ငယ်လေးအများအပေါ်မေတ္တာကြီးမားလှသော အလှူရှင်ကား မိမိလှူဒါန်းလိုသော မိမိဆန္ဒကိုဦးစားမပေးပဲ ထိုစာသင်တိုက်များရှိကိုရင်ငယ်များထံချည်းကပ်၍ လိုအပ်သည့်စာအုပ်စာတမ်းကိုသာ ၀ယ်ယူလှူဒါန်းမည်မှာဧကန်ပင် ။အကျိုးတရားသည်လည်း လွန်စွာမှကြီးကျယ်လှ၏။ အလှူရှင်နှစ်ဦးရေစက်ချသည့်အချိန်တွင်ပင်ကြည့်ပါဦး ပိဋကတ်ဗီရိုကြီးများအလှူရှင်ရေစက်ချလျှင် ရောယောင်ပြီးသာသာဓုခေါ်ကြရပေမည် ။ ထိုလက်တွေ့အသုံးပြုပြီးအကျိုးများနိုင်မည့် ကိုရင်လေးများအားလှူသူအပေါ်လောက် ကျေးဇူးတင်ဝမ်းသာကြည်နူးမိကြမည်ကားမဟုတ်ပေ။

          ဆွမ်းကပ်ခြင်းစသည့်အလှူဒါနများမှာလည်း ပညာဦးစီး၍သာအလှူလုပ်သူတို့သည် မိမိချက်ပြုတ်ဆက်ကပ်လိုသည်ကိုသာ တဖက်သတ်တွေးလေ့ရှိပြီး နေ့ဆွမ်းကိုခေါက်ဆွဲကြော် ဆွမ်းကပ်လှူကြခြင်း၊ စကဆွမ်းဟုအမည်ပေး၍ အရုဏ်မကျ နေ့ဆွမ်းမကျ ရှစ်နာရိကိုးနာရီလောက်ဆွမ်းကပ်လှူကြခြင်း၊ ထို့ထက်ဆိုးသည်မှာ အလှူရှင်သည် သက်သတ်လွတ်စားသူဖြစ်ပါက စာသင်တိုက်များသို့ဆွမ်းကပ်လျှင် သက်သတ်လွတ်ဆွမ်းဖြင့်ကပ်လှူဖို့စီမံလေတော့၏။ ထိုအခါမျိုးများ၌ အလှူခံသံဃာတော်များအလိုအကြိုက်သည် အလှူခံပုဂ္ဂိုလ်နှင့်တထပ်တည်းမကျခဲ့လျှင် မည်သို့မျှစိတ်ချမ်းသာစွာ ဘုဉ်းပေးနိုင်ကြမည်မဟုတ်ပေ။

     အလှူခံသံဃာများအပေါ်မေတ္တာစေတနာရှေ့ထားပြီး ဆက်ကပ်လှူဒါန်းသောအလှူရှင်များစီမံရာ၌ကား သံဃာအများ အလှူခံပုဂ္ဂိုလ်များဘာကိုနှစ်သက်သနည်း ။မည်သည့်ဟင်းလျှာသည် သံဃာတော်များအားရပါးရဘုဉ်းပေးကြမည်နည်းဟူ၍သာစဉ်းစား၍ အလှူခံပုဂ္ဂိုလ်များစိတ်ချမ်းသာစွာ ဆက်ကပ်လှူဒါန်းကြ၏ ။ ထိုအခါ အလှူပေးအလှူခံ အားလုံးကြည်နူးဝမ်းမြောက်ကြရ၍ ထိုအလှူမျိုးကို ထာဝရအမှတ်ရနေမိကြမည်မှာ မလွဲပေ။ ထိုမျှအကြောင်းကောင်းသော အလှူဒါနမျိုး၏အကျိုးသည်လည်း ဖွံ့ဖြိုးကြီးထွားမည်မှာ ထုတ်ဖော်ပြောနေဖို့မည်လိုမည်မထင်။

     သီလစောင့်ကြရာတွင်လည်း ပညာဦးစီးသူသည် သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးခြင်းစသည်မှရှောင်ကြဉ်သော်လည်း သတ္တ၀ါတို့အပေါ်သနားငဲ့ညှာစိတ်ကြောင့်ကားမဟုတ်ပေ ၊မိမိတစ်ကိုယ်ရေကောင်းစားရေးရှေးရှူ၍သာ ဥပုသ်သီလကိုစောင့်ထိမ်းခြင်းဖြစ်၏။ ထိုသီလမျိုးကား အတ္တာဓိပတေယျ ၊ဟီနသီလအမျိုးအစားထဲတွင်ပါဝင်သွားပေသည်။
       ထိုသို့မဟုတ်ပဲ သတ္တ၀ါအများအား ကိုယ်ချင်းစားစိတ်ပွားပြီး ကိုယ်အသက်ရှည်ရှည်နေချင်သလို သတ္တ၀ါအများလည်းအသက်ရှည်ကြပါစေ။ ငါ့အတွက်နဲ့ ဘယ်သတ္တ၀ါတစ်ကောင်တစ်လေမှ သေကြေဒဏ်ရာရခြင်းမဖြစ်ပါစေနှင့်ဟု
မေတ္တာအပြည့်ဖြင့် စောင့်ထိမ်းကြလေသည်။

      အုတ်တံတိုင်းကြိးများဟီးနေအောင်ကာရံပြီး သော့အထပ်ထပ်ခတ်ကာ ကာကွယ်စောင့်ရှောက်နေကြသော လူသားများကိုတွေ့မြင်ကြရာ၌ မေတ္တာကြီးမားသူတို့စိတ်မှာ " သြော် လောကီလူသားတို့ဟာ ယင်းတို့ပိုင်ဆိုင်မှူအပေါ်ခိုးမှာဝှက်မှာ အင်မတန်စိုးရွံ့ထိတ်လန့်ကြပါလား ။သူတို့ရင်ထဲမှာ မဖြစ်စေချင်တဲ့ ပစ္စည်းဥစ္စာတစုံတရာဆုံးရှုံးမှူမျိုး မကြုံကြပါစေနဲ့ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ"ဟု တကယ့်မေတ္တာတရားများပွားများကာ ခိုးခြင်းဝှက်ခြင်းလိမ်ခြင်းညာခြင်း။ ယုတ်စွအဆုံးသူတစ်ပါးအကျိုးခံစားခွင့်တစ်စုံတစ်ရာမှ မိမိကြောင့်လွဲချော်သွားခြင်းမဖြစ်အောင် ကြိုးစားစောင့်ထိန်းကြလေသည်။
       ထို့ကြောင့် သီလစောင့်ထိန်းရာမှာလည်း မေတ္တာတရားကြီးမားသူနှင့် မေတ္တာတရားခေါင်းပါးသူတို့၏ စောင့်ထိန်းမှုသည် လွန်စွာမှကွာလှပေသည်။

      တခါတရံလူတို့သည်ပြောတတ်ကြ၏။ ဥပုသ်ကြီးနဲ့မို့နော် ငါထသတ်လိုက်ရ၊ ထရိုက်လိုက်ရ စသည်ဖြင့် ထိုသို့မကျုးလွန်မိအောင် အံကြိတ်၍စောင့်ထိန်းသွားခြင်းသည်ကား အကျိုးမရှိမဟုတ်ရှိသည်ကားအမှန်၊သို့သော် မေတ္တာအစိုဓာတ်ခမ်းခြောက်နေသူဖြစ်သဖြင့် သူ၏သီလသည်ထိုမျှခဲယဉ်းစွာထိန်းနေရခြင်းဖြစ်၏။ မေတ္တာတရားကြီးမားသူကား ဥပုသ်ယူသည်ဖြစ်စေ ၊မယူသည်ဖြစ်စေ ။သတ်လိုဖြတ်လို ခိုးလိုဝှက်လိုစိတ်ဖြစ်ပေါ်လာမည်မဟုတ်ချေ။

           လောကကြီးတစ်ခုလုံး ဒေါသမီးတွေတဟုမ်းဟုမ်းတောက်လောင်နေရသည်လည်း ထိုမေတ္တာအစိုဓာတ်ခမ်းခြောက်နေသောကြောင့်ပင်။ ဘာသာတရားတို့တွင် ဗုဒ္ဓဘာသာ၏ခန္တီတရားသည် လွန်စွာမှလေးစားဖွယ်ဖြစ်ကြောင်း ဘာသာခြားတို့ပင် အသိအမှတ်ပြုကြရ၏။ မိမိတို့ဗုဒ္ဓသာဝကများ သည်းခံစိတ်ကြီးမားပြီး ဒေါသကိုအောင်နိုင်ခြင်းသည်လည်း ထိုမေတ္တာတရားကြိးမားမှူကြောင့်ပင်။
      ထို့ကြောင့်မေတ္တာတရားသည် လောကသားတို့ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော တရားဓမ္မတခုပင်ဖြစ်၏။

                                    နိဗ္ဗာန်ခရီးပင်လျှင်  မေတ္တာပါမှ ပြီးလွယ်၏

      “ဒါဆို အရှင်ဘုရားရယ် ဒါန သီလစတဲ့ ကုသိုလ်ကောင်းမှူပြုရာမှာသာ မေတ္တာကအခရာကျပြီး ဘာဝနာကျတော့ မပါတော့ဘူးပေါ့ “လို့များ သွားမတွေးလိုက်နဲ့ဦး မေတ္တာဆိုတာ အတွင်းရန် အပရန် ဘေးနှစ်တန်ကိုကာကွယ်ပေးတဲ့ ချပ်ဝတ်တန်ဆာ ၊ဒိုင်းပမာပါ ခုခေတ်မှာဆို ကျည်ကာအင်္ကျီ နဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးစသည်ပေါ့၊ ဒါတွေမပါပဲနဲ့ တိုက်ပွဲဝင်တဲ့ရဲ့ဘော်ဟာ ဆန့်ကျင်ဖက်ရန်သူတွေလက်ချက်နဲ့ လွယ်ကူစွာ အသက်ထွက်သွားရနိုင်ပါတယ်။

      ဘာဝနာလုပ်ငန်းမှာလည်း ဒီမေတ္တာဘာဝနာဆိုတာက မပါလို့ဖြစ်ကိုမဖြစ်တာပါ၊ ဒါ့ကြောင့်ဘုရားရှင်က ယောဂီပုဂ္ဂိုလ်ရဲ့ တွင်းပနှစ်သွယ် အန္တရာယ်တို့ကိုကာကွယ်နိုင်ဖို့ ကိုယ်စောင့်တရားလေးပါးကို ညွှန်ပြဟောကြားထားတော်မူခဲ့တာမဟုတ်ပါလား။
ယောဂီပုဂ္ဂိုလ်အတွက် မသိမကျင့်မဖြစ်တဲ့ ကိုယ်စောင့်တရားလေးပါးဆိုတာက

      ၁။ ဗုဒ္ဓါနုဿတိဖြစ်ပါတယ်။ ဗုဒ္ဓါနုဿတိဆိုတဲ့ ဘုရားဂုဏ်နဲ့ကိုယ်မှာထုံထားမှလည်း တရားရှုမှတ်စဉ် လောဘ ဒေါသ မောဟစသည်ဝင်လာလျှင် ဘုရားရှင်ရဲ့ ဂုဏ်တော်တွန်းအားတွေနဲ့ လွယ်ကူစွာကျော်လွှားနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် တရာားအားထုတ်စဉ် အကျိုးတရားချက်ချင်းရမလာလို့ စိတ်ပျက်အားလျော့သွားပါက လေးသင်္ချေကမ္ဘာတစ်သိန်းလုံးလုံးပါရမီဖြည့်ပြီး နောက်ဆုံးဘုရားဖြစ်မည့်ဘ၀မှာပင် ခြောက်နှစ်လုံးလုံး ဒုက္ကရစရိယ ခြောက်နှစ်ကြီးများတောင်ကျင့်ပြခဲ့တာ ဘာအစာမှလည်းမမှီဝဲလို့ နတ်တွေကတောင်မွှေးညှင်းပေါက်က အစာသွင်းအသက်ဆက်ပေးခဲ့ရတယ်။ ငါအားထုတ်တယ်ဆိုတာ ဘာဟုတ်သေးမှာလဲ စသည်ဘုရားရှင်လုပ်ဆောင်သွားပုံတွေ အာရုံယူအားမွေးလို့ရပါတယ်။

     မိမိကျင့်စဉ်အပေါ်မှာ ငါအားထုတ်တာ လမ်းမှန်မှဟုတ်ပါလေစ စသည်ယုံမှားမှူတွေဖြစ်ပေါ်လာခဲ့ရင်လည်း ဘုရားဂုဏ်တော်ပွားများထားလို့ ဘုရားရှင်ကိုကြည်ညိုပြီး ဘုရားဟောတရားကိုယုံကြည်လက်ခံတဲ့ သဒ္ဓါတရားက  တွန်းလှန်ပယ်သတ်ပေးပါလိမ့်မယ်။ ဒါ့ကြောင့်ယောဂီပုဂ္ဂိုလ်တိုင်း ဦးစွာပွားများရမှာက ဗုဒ္ဓါနုဿတိဖြစ်ပါတယ်။

      နောက် ၂-နံပတ် ကိုယ်စောင့်တရားတစ်မျိုးကတော့ အသုဘဘာဝနာနဲ့ မိမိကိုယ်ကိုယ်ရော မိမိနှစ်သက်ချစ်ခင်သူအားလုံးကိုရော အသုဘတင်ရှုနိုင်မှ ရှင်အသုဘလို့ခေါ်တဲ့ အသားအရိုးအစုပုံချည်းသာတည်းစသည်ဖြင့် အမှန်ကိုအမှန်တိုင်းမြင်နိုင်မှ ရာဂကိလေသာကို အနိုင်တိုက်နိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက မိမိရဲ့တွယ်တာတပ်မက်မှူတွေက မိမိနောက်ကျောကိုဓားနဲ့ထိုးသွားတာခံလိုက်ရမှာပါပဲ ။ ဆိုလိုတာက ရာဂကိုပယ်ခွါဖို့ ကမ္မဋ္ဌာန်းအားထုတ်ရင်းပင် တစ်စုံတစ်ရာတွယ်တာနေပါက တရားထူးတရားမြတ်နဲ့ဝေးနေဦးမှာပါပဲ ။ထိုသို့မဖြစ်အောင် အသုဘကိုနိုင်နိုင်ရှူထားနိုင်မှ ရာဂတဏှာကို အလွယ်တကူပယ်ခွါသတ်ဖြတ်နိုင်မှာဖြစ်ပါတယ်။

      နောက် ၃-နံပါတ် ကိုယ်စောင့်တရားတမျိုးဆိုတာက တိုက်ပွဲမှာအချိန်နဲ့တပြေးညီကြိုးစားအားထုတ်လိုစိတ်ရှိဖို့ မရဏာနုဿတိကိုလည်း ကြိုးစားအားထုတ်ရမှာပါတဲ့။ မိမိကိုယ်ကိုယ် ငါငယ်ပါသေးတယ် ပထမအရွယ်ပညာရှာရမယ်၊ ဒုတိယအရွယ်ဥစ္စာရှာရမယ်၊တတိယအရွယ်တရားရှာရတယ်လို့ ရှေးစားတွေကဆိုထားတာပဲ ။အသက်လေးဆယ်ဆို စီးပွားရေးကကောင်းတုန်း မလုပ်နိုင်မကိုင်နိုင် ခြောက်ဆယ် ခုနစ်ဆယ် အိုပယ်ဘ၀ရောက်မှအားထုတ်ပါတော့မယ်လေတွေးထားပြီးနေရင် သေမင်းအခေါ်ဦးသွားပါက ဗုဒ္ဓုပ္ပါဒန၀မခဏ သစ္စာတရားကိုထိုးထွင်းသိရမယ့်အခွင့်ထူးကြီးနဲ့လွဲသွားရမယ်လေ။

       ဥပမာ တိုက်ပွဲဝင်ရှေ့တမ်းသွားပါတယ်ဆိုမှ စားလိုက်အိပ်လိုက်နဲ့ အချိန်ဖြန်းနေရင်တော့ ရန်သူလက်ချက်နဲ့ အသက်ဆုံးပါးသွားရမှာမလွဲပါဘူး ။ရန်သူကိုမိမိကလက်ဦးမှူရယူနိုင်အောင် ကြိုးစားတိုက်ခိုက်ကြရမှာပါတဲ့ ။ဒီလိုပဲ သေမင်းဆိုတဲ့ ကမ္ဘာ့ရန်သူကြီးနဲ့တိုက်ပွဲဝင်ရာမှာ သူကဦးအောင်မသတ်ခင် ကိုယ်ကသူ့ရဲ့အဓိကသော့ချက် လောဘဒေါသကိလေသာတွေကို သတ်ဖြတ်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ် ။

         နောက်ထပ် ကိုယ်စောင့်တရားတစ်မျိုးက မေတ္တာဘာဝနာပါပဲ မေတ္တာဘာဝနာမပွားများပါက စိတ်ဓာတ်များကြမ်းတမ်းခက်ထရော်ခြင်း သမာဓိလွယ်ကူစွာမရနိုင်ခြင်း၊ တရားရှူမှတ်ရာမှာဖြစ်ပေါ်လာမယ့် အခက်ခဲတွေအပေါ်မှာ လွယ်ကူစွာသည်းမခံနိုင်ခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာပြီး ကိုယ်တွင်းရန်ရဲ့ အငိုက်ဖမ်းသတ်ဖြတ်ခြင်း ခံရနိုင်ပါတယ်။
        နောက်ထပ်တဖန် ၄-နံပတ် ကိုယ်စောင့်ကိုယ်ရန်တော်တပ်ဖွဲ့ထဲမှာ မပါမဖြစ်တာကတော့ အထက်ကဆိုခဲ့တဲ့ မေတ္တာတရားပါပဲ ၊ မိမိကမည်မျှပင်ဇွဲကောင်းကောင်းနှင့်ကြိုးစားအားထုတ်သော်လည်း မိမိပတ်ဝန်းကျင်ကို ဂရုမစိုက်မိ မေတ္တာဘာဝနာဆိုတဲ့ စိတ်ကောင်းစိတ်မြတ်ကို မပွားများမိခြင်းကြောင့် မိမိမျက်နှာအမူရာကလည်းမချိုမသာဖြစ်နေတတ်တယ်။ မိမိပတ်ဝန်းကျင်နဲ့ ဆက်ဆံတဲ့အခါလည်း အတ္တသမားကြီးသက်သက်ကဲ့သို့ ချိုသာတဲ့ ကာယကံ ၊၀စီကံတွေနဲ့မဆက်ဆံမိဖြစ်နေမယ်ဆိုရင်တော့ ။ မိမိနီးရာပတ်ဝန်းကျင်ကလည်း မိမိအပေါ်ချိုသာတဲ့အပြုံး နားဝင်ပီယံစကားတွေနဲ့ပြောဆိုကြမှာမဟုတ်ပါဘူး။ မိမိပတ်ဝန်းကျင်က မိမိအလုပ်ကိုတိုက်တိုက်ဆန့်ကျင်ဖက်လုပ်ပြီး နှောက်ယှက်နေရင်လည်း တရားအားထုတ်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်။
စွန်းလွန်းဆရာတော်လောင်း ဦးကျော်ဒင်တရားအားထုတ်တော့ ဇနီးသည်ဒေါ်ရွှေရည်က အမျိုးမျိုးနှောက်ယှက်ခဲ့သလိုပေါ့။
ဦးကျော်ဒင်က ညစဉ်ညတိုင်းတရားအားထုတ်နေတော့ အိမ်အလုပ်ပျက်တယ် အားအားရှိတရားထိုင်နေတာပဲ ဟုဆိုတာ ကုတင်ပေါ်ကနေတွင်းချပြီး ကြမ်းတွေကိုတစ်ချောင်းခင်းဆွဲနှုတ်ပစ်က နှောက်ယှက်ပါသတဲ့။ နောက်မှ ပြန်ခင်းပေးတော့ မင်းဘာလို့အဲလိုလုပ်ရတာလဲကွယ် ဟုမေးတော့ ထရိုက်အောင်လို့ ဟုပြောတယ်ဆိုပဲ၊နောက်လည်း တရားအားထုတ်ပြီဆိုလျှင် အိမ်ကနွားမကိုကြိုးဖြတ်လွှတ်ပြီး နွားမကြီးလွတ်သွားလို့လိုက်ဖမ်းပေးပါဦးဟု နှောက်ယှက်ပြန်တယ်။ နေ့စဉ်နေ့တိုင်းမြည်တွန်တောက်တီးပြီး တေမိကြီးကျလို့ ဘာမှချိုတယ်ခါးတယ်မပြောဘူး တရားအားထုတ်ချင်ရင် ဘုန်းကြီးကျောင်းသွားဘုန်းကြီးလုပ်နေပါလား စသည်ပြောကနှောက်ယှက်ခဲ့တယ်လို့ ရဟန္တာကြီးဖြစ်တော်မူလို့ပြန်ဟောတဲ့အခါ ထည့်ဟောခဲ့ပါသတဲ့။ ဒါတွေဟာ မမြင်နိုင်တဲ့ မျှော်လင့်မထားတဲ့အနှောက်ယှက်များပဲဖြစ်ပါတယ်

        ထိုအနှောက်ယှက်တွေထဲမှာ အဆိုးဆုံးအနှောက်ယှက်မျိုးက သပ္ပယမဖြစ်အောင်နှောက်ယှက်ခြင်းမျိုးတွေဖြစ်ပါတယ်။  ပုဂ္ဂလသပ္ပါယ၊ဘောဇနသပ္ပါယ၊အာဝါသပ္ပါယစသည်တို့မမျှတပါကလည်း တရားထူးတရားမြတ်ကိုရနိုင်ဖို့ခဲယဉ်းတတ်လေသည်။ ထိုသို့အကြောင်းကောင်းများနဲ့ မိမိအပေါ်ထောက်ပံ့ပေးကြ ကူညီကြစေရန် မိမိကလည်း မနောကံဖြင့်လည်းမေတ္တာပွားရမှာဖြစ်သလို မေတ္တာနှင့်ယှဉ်သော ကာယကံ ၊၀စီကံတို့ဖြင့်လည်း သတိကြီးစွာထားပြီး ဆက်ဆံရမှာဖြစ်ပါတယ်။

      ထိုသို့အများမေတ္တာခံယူရအောင် မေတ္တာကမ္မဋ္ဌာန်းကိုကြိုတင်ပွားများထားမှသာလျှင် မိမိရဲ့ကမ္မဋ္ဌာန်းတရားးကိုလည်းလွယ်လင့်တကူ ကြိုးစားအားထုတ်ခွင့်ရမှာမဟုတ်ပါလား။ ဒါ့ကြောင့်မေတ္တာဘာဝနာကိုလည်း တရားအားမထုတ်ခင် ပွားများထားရမှာဖြစ်ပါတယ်။

     ဒီလို ဗုဒ္ဓါနုဿတိ အသုဘဘာဝနာ မရဏာနုဿတိ မေတ္တာ ဆိုတဲ့ ကိုယ်စောင့်တရားလေးပါးကို အရင်ဦးဆုံးပွားများအားထုတ်ထားမှသာ တကယ်တမ်းကိလေသာရန်သူတွေနဲ့ ဘတပြန်ကျားတပြန်တိုက်ပွဲဝင်ကြရတဲ့အခါ အလွယ်တကူအောင်ပန်းဆင်နိုင်ကြမှာဖြစ်ပါတယ်။
                                        (      ဆက်လက်ဖော်ပြပါဦးမည်  )
                                                       လင်္ကာအရှင်(မုံရွာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..