
မိမိအရင်ပို့စ်၌ အသက်ကိုပင်စွန့်လွှတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည့် မဟမဟာကိုသိုလ်ရှင် ဘိက္ခုနီမလေးအကြောင်းနှင့်စပ်ကာ ဒါနပရမတ္ထပါရမီ ၊ဇီဝိတပရိစ္စာဂအကြောင်းကိုဖော်ပြပေးခဲ့ပြီးဖြစ်၏။
ယခုပို့စ်၌ကား မိမိ၏သားသမီးကိုပင် ဆင်းရဲဒုက္ခတွင်းထဲထားကာ သမီးလေးနှင့်အလဲအထပ်လုပ်ပြီး ဆွမ်းကပ်ခဲ့သည့် ထင်းခွေသမားမောင်တိဿရဲ့ ပုတ္တပရိစ္စာဂ မည်သော၊ ထို့ထက်ပို၍ဖွဲ့ဆိုရလျှင်ချစ်လှစွာသော သမီးလေးဟူသည့် မိမိရဲ့ နှလုံးသည်းပွတ်နှင့်ပင် အလည်းအထပ်လုပ်ကာဆွမ်းကပ်လှူခဲ့ခြင်းဖြစ်၍ အင်္ဂပရိစ္စာဂ ဒါနဥပပါရမီမြောက်သော အလှူဒါနအကြောင်းကို တင်ပြပေးပါဦးမည်။
...................................
သီဟိုဠ်ကျွန်း၊ မဟာဂါမနေပြည်တော်ကြီးမှ
ထင်းခွေသည် ဇနီးမောင်နှံ နှစ်ဦးနှင့် ချစ်လှစွာသော သမီးလေးတို့ နေထိုင်ခဲ့ကြလေသည်။
သူတို့သည် အလွန်ဆင်းရဲနွမ်းပါးသဖြင့် သံဃာတော်များကို ဆွမ်းကောင်းဟင်းကောင်းများဖြင့် မဆက်ကပ်နိုင်ခဲ့ကြချေ။ သို့သော်ရှိတာလေး ချက်တာလေးနှင့်ပင် လဆန်းတစ်ကြိမ်လဆုတ်တစ်ကြိမ် တစ်လနှစ်ကြိမ်ဆွမ်းလောင်းကြလေသည်။
ကိုရင်လေးများသည်လည်း အစားကောင်းကိုခုံမင်ကြကာ ထိုထင်းရောင်းသမားလင်မယားအိမ်က ဆွမ်းကြမ်းဟင်းကြမ်းများကို လမ်းမှာစွန့်ပစ်ခဲ့ကြ၏ ။ထိုအကြောင်းကို ဇနီးသည်က တွေ့မြင်ခဲ့ရပြီး အလွန်စိတ်ထိခိုက်သွားကာ ယောက်ျားအားသွားရောက်အသိပေးရာ ။
စိတ်မကွက်သည့်အပြင် ရှင်မရေ တို့ကသူများလောက်မှ
ကောင်းကောင်းမလှူနိုင်ပဲကိုးကွ။ တို့တွေချမ်းသာလို့လှူနိုင်ပြီဆိုရင် တို့တွေကပ်တဲ့ထောပတ်ဆီဦးကိုပဲ ဘုန်းပေးကြမှာပေါ့။
အိုရှင်ကလည်း ဘယ်အချိန်မှချမ်းသာလာမယ်ဆိုတာမသိပဲနဲ့တော့ ထိုင်စောင့်မနေချင်ပါဘူး သံဃာတော်တွေမြတ်နိုးတဲ့
ထောပတ်ဒိန်ချဉ်တွေကိုယ်တိုင်လုပ်လှူဖို့ ကျမတော့နွားမတစ်ကောင်လောက်
ဝယ်ချင်တယ် ဟု ယောက်ျားကိုပူဆာလေတော့၏။
ဟာရှင်မရယ် ငါတို့မှာကနေ့ဖို့ညစာတောင်အနိုင်နိုင်
နောက်သမီးငယ်လေးအတွက်ကလည်းလုံးပမ်းနေရသေးတယ်။ ပိုက်ဆံရှိမှ နွားမက၀ယ်နိုင်မှာပေါ့။
ကျမကတော့ ဒီလိုလုပ်ချင်တယ် ။ သမီးလေးလည်းဒီမှာနေလည်းဆင်းရဲတာပဲမလား ဒီတော့ သူဋ္ဌေးကြီးအိမ်မှာ သမီးလေးကိုအပေါင်ပစ္စည်းအနေနဲ့သွားထားပြီး ပိုက်ဆံချေးကြမယ်လေ ။သမီးလေးလည်းချမ်းချမ်းသာသာနေရရော ။နောက်နွားမတစ်ကောင်ဝယ်ပြီး အဲဒီနွားမကထွက်မယ့်နွားနို့တို့ ဒိန်ချဉ်ထောပတ်တို့လုပ်ပြီးလည်း ဆွမ်းကပ်တဲ့ထဲလည်း ထည့်ကပ်လို့ရတာပေါ့။
ဤတွင်မိန်းမရဲ့သဒ္ဓါတရားကိုအခြေခံထားတဲ့ အစီအမံကို သိရှိနားလည်သွားသော ထင်းခွေသမားမောင်တိဿကလည်း ဒါဆိုလည်းမင့်သဘောလေ ။ငါကတော့ကန့်ကွက်ရန်မရှိပါဘူး ။ နောက်ကျမှငွေရအောင်ပြန်ရှာပြီး ငါရွေးပေးပါ့မယ်။ မင်းအလှူလုပ်ချင်တယ်ဆိုလည်း သူဋ္ဌေးဆီသွားပေါင်ထားလိုက်ကြတာပေါ့။
ဤသို့ဖြင့်သမီးလေးအား သွားရောက်ပေါင်နှံလိုက်ကြရာ အသပြာ ၁၂-ကျပ်မျှရရှိ၍ ထိုငွေဖြင့်ပင် နွားမတစ်ကောင်ဝယ်လိုက်ကြပြီး
ထိုနွားမမှထွက်သော နွားနို့ဖြင့် နို့ဆီ နို့စိမ်း အမျိုးမျိုးမရိုးရအောင် သံဃာတော်များအားကပ်လှူကြလေ၏။
သံဃာတော်များလည်း ထိုသမီးလေးပေါင်လှူရသော အလှူကိုအားရ၀မ်းသာ ဘုဉ်းပေးသုံးဆောင်ကြလေထို ။ထိုအချင်းရာကိုမြင်ရကာမျှဖြင့် အလွန်အားရ
နေကြလေသည်။
သို့သော် သမီးလေးနေရထိုင်ရတာ အဆင်ပြေမပြေကို သွားတွေ့ကြသည့်အခါ၌ကား သမီးလေးမှာ ထိုအိမ်ကြီး၌ မပျော်မွေ့ကြောင်း သူဋ္ဌေးကြီးကလည်း အလုပ်ကြမ်းတွေခိုင်းသဖြင့် မနက်ကမိုးချုပ်တကုပ်ကုပ်အလုပ်တွေပဲ လုပ်နေရကြောင်း ငိုယိုပြောပြလေတော့၏။
အင်း ဒုက္ခပါပဲသမီးရယ် ဖေကြီးတို့က သူဋ္ဌေးအိမ်ကိုပို့ထားလိုက်ရင် ရွှေပင်နားတော့ ရွှေကျေးလေးများဖြစ်လာမလားမျှော်လင့်တယ် သွားနားမိတာကရွှေပင်မဟုတ်ဘူး အရင်းရှင်ပင်ကြီးကိုး ။အေးအေး ဖေကြီးငွေရှာပြီး လာရွေးခေါ်ပါ့မယ်နော် သမီးလေးခဏအောင့်အီးသည်းခံလိုက်ပါ ဖေကြီးလာခေါ်မှာပေါ့။
သို့ဖြင့် သူတစ်ပါးအိမ်မှာ ပေါင်နှံထားသောသမီးလေးရွေးဖို့ငွေရှာမည်ဆိုကာ ထင်းရောင်းသမားမောင်တိဿဟာ အခြားတနယ်ကိုသွားပြီး ကြံသကာချက်ရသည့်အလုပ်မှာဝင်လုပ်ရာ ခြောက်လခန့်မျှကြာမှ အသပြာ ဆယ့်နှစ်ကျပ်ကိုရရှိလေ၏။
ထိုငွေ ၁၂-ကျပ်ပြည့်လျှင်ပြည့်ခြင်းပင် သမီးလေးကိုရွေးဖို့တောလမ်းတခုမှ ဖြတ်ပြန်အလာမှာခရီးသွားရဟန်းတော်တစ်ပါးနှင့်
တစ်ခရီးတည်းကြုံရပြန်လေ၏။ခေါင်းပေါ်သို့မော့ကြည့်လိုက်ပြန်တော့လည်း နေမွန်းတည့်ချိန်နီးကပ်နေလေပြီ ၊ဆရာတော်မှာလည်းအခြားတပည့်တကာမပါရှိပေ ။မိမိနေထိုင်ရာ မဟာဂါမမြို့ရောက်မှ ဆွမ်းဝယ်ကပ်ရအောင်လည်းအချိန်မမှီနိုင်တော့။
သို့သော် မိမိမှာကလည်း သမီးလေးရွေးမယ့် အသပြာ ၁၂-ကျပ်ကလွဲလို့ အခြားခဲဖွယ် စားဖွယ်လည်းထည့်ယူမလာခဲ့မိပေ။
အင်း ငါဆွမ်းကပ်ဖို့ခဏစောင့်ခိုင်းပြီး ။သစ်ခုတ်ဝါးခုတ်သူတွေဆီကနေ ထမင်းထုတ်လိုက်ဝယ်ရင်တော့ တစ်ပြားနှစ်ပြားလောက်နဲ့ ရတန်ကောင်းပါရဲ့….ဒီလိုတွေးလိုက်မိပြီး။
အရှင်ဘုရား ၊အရှင်ဘုရား ရပ်တော်မူပါဦးဘုရား… အပြေးကလေးအမှီလိုက်ကာ လျှောက်ထားလိုက်ရတော့၏။
ဘာများလည်းတကာတော်။ ….အရှင်ဘုရား ဆွမ်းဘုန်းပေးပြီးခဲ့ပါပြီလားဘုရား။ အင်း ကပ်လှူမည့်သူရှိလျှင်တော့ ဆွမ်းရပါလိမ့်မယ် တကာတော်။
သြော်…ဤအရှင်မှာ ငါထင်သည့်အတိုင်းပင် ဆွမ်းမစားခဲ့ရသေးဘူး။ဒုက္ခပဲ ငါဆွမ်းရအောင်ရှာကပ်မည်။ သူယတိပြတ်ဆုံးဖြတ်လိုက်တော့၏။
ဒါနဲ့အနီးနား သစ်ပင်ရိပ်အောက်မှာ ပုခုံးပေါ်တင်လာခဲ့တဲ့ ပုဆိုးအပိုလေးကိုခင်းလိုက်ပြီး ဒီနေရာလေးမှာ ခဏသီတင်းသုံးပါဦးဘုရား ။တပည့်တော်အနီးအပါးမှာ ဆွမ်းထမင်းရလိုရငြား ရှာကြည့်လိုက်ပါဦးမည်။
ရဟန်းတော်ကြီးသည်လည်း ထိုပုဆိုးကြမ်းလေးပေါ်မှာထိုင်ကာ ကမ္မဋ္ဌာန်းပွားနေလိုက်တော့၏။
မောင်တိဿလည်း အပြေးအလွှားလိုက်လံရှာဖွေသော်လည်း တစ်ဦးတစ်ယောက်မှမတွေ့မြင်ရပေ။ တောကလည်း ခေါင်လိုက်သည့်ဖြစ်ခြင်း။ ခရီးသွားဆိုလို့ သူနှင့် ထိုရဟန်းတော်ကြီးတို့နှစ်ဦးသားထဲ။
သို့သော် ခဏအကြာမှာ ကံအားလျှော်စွာ ခရီးသွားတစ်ယောက်ယောက်ကိုတွေ့၍ ချက်ချင်းပင် အသပြာတစ်ကျပ်ပေးပါ့မယ်ဗျာ ခင်များထမင်းထုတ်လေး ကျုပ်ရောင်းခဲ့ပါ..ဟုတောင်းတောင်းပန်ပန်ပြောလိုက်၏။
ခရီးသွားလည်းမျက်လုံးပြူးသွားလေသည် ၊တစ်လလုပ်ခလစာမှ နှစ်ကျပ်သာရရှိသည့်ခေတ်မှာ ထမင်းတစ်ထုတ်ဆိုတာ
ခြောက်ပဲ၊နှစ်ပြားတန်သည်မဟုတ်ပေ။ ဧကန္တတော့ ဒီကောင် ငတ်ပြတ်နေတဲ့ မစားရရင်သေသွားနိုင်တဲ့ ခိုးသားဓားပြဖြစ်ရမယ်ဟု အတွေးပေါက်သွားကာ ။
ဟာနောင်ကြီးရာ တစ်ကျပ်ပေးလည်းမရောင်းနိုင်ပါဘူး။ ကျုပ်လည်းဒီလိုခရီးခဲမှာ မစားရရင် ခရီးဆက်မရမှာစိုးလို့အဝေးကြီးထဲက သယ်လာခဲ့ရတာဗျ…ဟု ဈေးဆစ်လေတော့သည်။
ရော် ခက်ချေပြီး စကားပြောနေရရင် ဆွမ်းချိန်မမှီမှာစိုးလို့သာ တစ်ကျပ်ပေးလိုက်တာ ။ ဒီလူကလည်း လောဘအိုးပါလား တစ်ကျပ်ပေးတာတောင် မရောင်းနိုင်ဘူးတဲ့။
ကဲနောင်ကြီးရာ ကျနော်နှစ်ကျပ်ပေးပါ့မယ်။
ဟာ…ခက်တော့နေပြန်ပါပြီ ဒီတောလမ်းဆိုတာ ကျနော်လိုက်ရှာဝယ်လို့လဲ မရတော့ဘူးဗျ တစ်နေကုန်အငတ်နေရမှာ နှစ်ကျပ်လည်းမရောင်းဘူးဗျာ ။
နောင်ကြီးရာ အဲလိုတော့မလုပ်ပါနဲ့ ကျနော်လည်း ဒီထမင်းထုတ်လေး အချိန်မှီမရရင် မဖြစ်လို့ပါ။ သုံးကျပ်ပေးမယ်ဗျာ ….ဒီလိုဒီလိုနဲ့ နောက်ဆုံးပါသဖြင့် ဆယ့်နှစ်ကျပ်ကို အကုန်ပေးလိုက်မှသာ ထိုထမင်းထုတ်ကလေးကိုရခဲ့လေတော့၏။
သို့သော် သူ့စိတ်ထဲမှာတော့ တော်တော်လေးစိတ်မကောင်းဖြစ်သွားရပေသည်။ သမီးလေးရွေးနိုင်ဖို့ ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့တာတောင်မှ ခြောက်လပြည့်မှ သမီးလေးရွေးမယ့် ဆယ့်နှစ်ကျပ်ပြည့်ခဲ့လေသည်။ ထိုပြည့်တဲ့နေ့မှာပဲ သမီးလေးရွေးဖို့ပြန်လာမှ ဒီလောဘကုမ္မာရခရီးသွားလုပ်တာနဲ့ ထမင်းတစ်ထုတ်ကို ဆယ့်နှစ်ကျပ်ကြီးများတောင် ပေးဝယ်လိုက်ရပြန်လေသည်။
အေးလေ ရဟန်းတော်ကြီးကလည်း သက်တော်လည်းကြီးလှပြီ ငါကသမီးလေးပြန်ရွေးဖို့ ငွေပြန်ရှာလို့ ရဦးမှာပါဟုသာ မိမိနှလုံးသည်ပွတ်ကိုဖြတ်ကာ ထမင်းတစ်ထုပ်နှင့်လဲယူခဲ့ရလောတော့၏။
သို့နှင့် အချိန်မလင့်မီ မထေရ်ကြီးထံ အရောက်ပြေးလာခဲ့ပြီး ဆက်ကပ်လိုက်၏။ မထေရ်ကြီးဆွမ်းဘုဉ်းပြီးသည်နှင့် စကားစမြည်ပြောကြားရင်းက မထေရ်ကြီးကမေးသည်
“တကာတော့အတွက်ကော ထမင်းထုတ်မရလာခဲ့ဘူးလား”
မရခဲ့ပါဘူးဘုရား ဒီထမင်းတစ်ထုတ်တောင် အနိုင်နိုင်ရှာခဲ့ရတယ် ။ လူတွေကလည်းလောဘတယ်ကြီးတယ်ဘုရား ဒီထမင်းထုတ်လေးရဖို့ကို သူတို့မတန်ရင်ကန် တောင်းလွှတ်လိုက်တယ်ဘုရား ။
လျှောက်ထားနေရင်ပင် ထင်းခွေသမားတိဿမှာ ဟန်မဆောင်နိုင်တော့ပဲ မျက်ရည်များဝေ့တက်လာခဲ့လေတော့သည်။ သို့သော် မထေရ်ကြီးကိုကား သူ၏အကြောင်းစုံကို ဘာမှမလျှောက်ထားရက်ပေ။
မပြောချင်ဘူးဆိုကာမှ မထေရ်ကြီးကလည်း အကြောင်းစုံကို မေးမြန်းနေချေပြီ ။တကာကြီးကလည်း သဒ္ဓါတရားအလွန်ကြီးလှပါလား ဒီငွေအသပြာဆယ့်နှစ်ကျပ်က ဘယ်လိုစုရလာတာလဲ ။
ဒီတင် သူ့သမီးလေးကိုပေါင်နှံကာ သံဃာတော်များဆွမ်းဆက်ကပ်ခဲ့ကြပုံ ။သမီးလေးကို မိမိတို့ထက်ချမ်းသာတဲ့သူဋ္ဌေးကြီးထံ ပေါင်နှံလို့ စိတ်ချမ်းချမ်းသာသာနေရမလားမှတ်တယ် ။သူဋ္ဌေးကအလကားမထားပဲ နွားချေးကြုံးခိုင်း တံမြက်လှည်းခိုင်းစသည်ဖြင့် အလုပ်ကြမ်းများခိုင်းပြီး နှိပ်စက်သဖြင့် အချိန်မှီပြန်ရွေးနိုင်အောင်
ခြောက်လတိုင်တိုင်ငွေစုခဲ့ရပုံနဲ့ ။ယခုဆွမ်းထုပ်လေးဟာ သမီးလေးရဲ့ဘ၀နဲ့ရင်းပြီး ကပ်ခဲ့ရတဲ့ထမင်းထုတ်လေးဖြစ်ကြောင်းပြောဆိုလျှောက်ထားလိုက်တော့မှ
မထေရ်ကြီးမှာလည်း အလွန်ပင်သနားကရုဏာဖြစ်သွားလေသည်။ ငါသည် ဤတကာတော်၏ဆွမ်းမျှကိုသာ စားခဲ့ရသည်မဟုတ်ချေ ။ သူတို့၏ဘ၀တစ်ခုလုံးနှင့်အလဲအထပ်လုပ်ကာ ဆွမ်းကပ်ခဲ့သည့်အတွက် သူ့သမီးငယ်လေးမှာလည်း ။ကျွန်အဖြစ်မှမလွတ်မြောက်နိုင်တော့။
ငါတို့ရဟန်းမည်သည်လည်း ငွေကြေးအသပြာဆိုတာ ကိုင်တွယ်သုံးစွဲကြသူများမဟုတ်ကြ၍ မကယ်နိုင်ပေဘူး။ သို့သော် ငါဒီလိုပုထုဇဉ်အဖြစ်နဲ့ ဘ၀ကိုမဖြတ်သန်းပဲ တရားထူးတရားမြတ်များရကာ သူတို့မိသားစုကိုလည်း ကျေးဇူးဆပ်နိုင်အောင်လုပ်မှ တော်ကာကျတော့မည်ဟု နှလုံးပြုကာ ရဟန်းတရားကိုအပြင်းအထန်ပွားဖို့ သန္ဒိဋ္ဌာန်ချလိုက်တော့၏။
သို့ဖြင့် မြို့သို့ရောက်သောအခါ ထင်းခွေသမားမောင်တိဿလည်း
ငွေတစ်ပြားမှမပါပဲ မိမိအိမ်ရှိရာသို့သာ ပြန်သွားရရှာတော့၏ ။မထေရ်ကြီးလည်း မဟာတိဿဝိဟာရကျောင်းတိုက်ကြီးသို့ရောက်သည်နှင့် အခန်းတံခါးပိတ်ကာ မထတမ်းအားထုတ်တော်မူရာ ခုနစ်ရက်မြောက်မှသာလျှင်
အရဟတ္တဖိုလ်သို့ရောက်ကာ ကိလေသာကုန်ခမ်း
ရဟန္တာမထေရ်ကြီးဖြစ်သွားလေတော့၏။
သို့သော် ခုနစ်ရက်တိုင်တိုင်အစာမစားပဲ တရားထုတ်သည့်ဒဏ် ။မိမိ၏ အသက်အရွယ်ကြီးရင့်မှူတို့ကြောင့် ပျံလွန်တော်မူတော့မည်ဖြစ်ကြောင်း
သဘောပေါက်သည်နှင့် သံဃာများစုဝေးရန် အချက်ပေးသည့်စည်ကြီးကို ရိုက်ခတ်လိုက်ပြီး သံဃာအားလုံး ကြွရောက်လာသောအခါ ။
တကယ်ကြိုစားပွားများအားထုတ်လျှင် ခုနစ်ရက်မျှနှင့် တရားထူးရနိုင်ကြောင်းဘုရားရှင်ဟောကြားတော်မူခဲ့သည်ကို မိမိသက်သေပြုနိုင်ခဲ့ကြောင်းနဲ့ မိမိနဲ့ထင်းခွေသမားတို့လမ်းမှာဆုံခဲ့ပုံ သူ၏ဆွမ်းကိုစားခဲ့ရခြင်းကြောင့် ကျေးဇူးဆပ်သည့်အနေနှင့် ရဟန်းတရားပွားများအားထုတ်ပုံမှစ၍ အလုံးစုံကိုဟောကြားတော်မူပြီး ။
ငါ၏ဆွမ်းတကာ မောင်တိဿလက်နှင့်မတို့ထိရသေးမျှ ငါ၏ရုပ်ကလပ်အား မည်သူမျှ မချီ၍မရပါစေသတည်း…ဟု အဓိဋ္ဌာန်မြွက်ဆိုကာ ထိုသံဃာ့ပရိတ်သတ်အလည်မှာပင် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
ထိုရဟန္တာမထေရ်ကြီးအဓိဋ္ဌာန်ချက်အတိုင်းပင် မည်သူတစ်ဦးတစ်ယောက်မျှ မ၍မရတော့ပေ။ ထိုသတင်းမှာ တမဟုတ်ချင်းနေပြည်တော်သို့ပြန့်နှံ့သွားပြီး ကာက၀ဏ္ဏတိဿမင်းကြီးကိုယ်တိုင်လာရောက်စမ်းသပ် မကြည့်သေး၏ တစ်ဆံချည်မှရွေ့ခြင်းငှါ မစွမ်းနိုင်ချေ။
သို့သော် ထိုထင်းရောင်းသမားဆိုသူကို ဖြူသလား မည်းသလားပင် မည်သူတစ်ဦးတစ်ယောက်မျှလည်းမသိကြ ။ထို့ကြောင့်မင်းကြီးကိုယ်တိုင် စည်လည်စေကာရှာဖွေရတော့၏။
ထိုသမီးလေးရွေးမည့်ပိုက်ဆံဖြင့် ဆွမ်းကပ်လှူခဲ့သောမောင်တိဿကိုတွေ့ရှိသောအခါမှ ရဟန္တာမထေရ်ကြီးအလောင်းတော်ကို ပင့်ဆောင်ပေးဖို့ တောင်းဆိုကြရာမှ အလွယ်တကူပင့်ဆောင်ရသွားတော့၏။
ကာက၀ဏ္ဏတိဿမင်းကြီးလည်း ချက်ချင်းပင် နန်းဝတ်နန်းစားများ ဆုတော်လာဘ်တော်များပေးသနားပြီး အစ်ကိုကြီးတိဿအရာမှာ
ထားကာ ချက်ခြင်းပင် ချီးမြှောက်လိုက်တော့၏။
မထေရ်မြတ်ကို ဆွမ်းတစ်ထုတ်ကပ်ရဖို့ အသပြာဆယ့်နှစ်ကျပ်နှုင့် အလဲအထပ်လုပ်ခဲ့ရပေမယ့် ။ထိုအသပြာဆယ့်နှစ်ကျပ်ကပင် သူတို့၏ ဆင်းရဲသားအနုပ်စုတ် ဂုတ်စုတ်ဘ၀ကိုအဆုံးသတ်သွားစေခဲ့သည်မဟုတ်ပါလား။
ထိုကဲ့သို့သော ဆွမ်းမျိုးကိုကား သားသမီးအရင်းကိုပင် စွန့်လွတ်ကာ ဆွမ်းဆက်ကပ်ခဲ့သောကြောင့် ပုတ္တပရိစ္စာဂ+ဒါနပါရမီဟူ၍၄င်း ။
ထို့ထက်အလွန်ဆိုရလျှင် မိမိတို့၏ဘ၀တစ်ခုလုံးနှင့်ရင်းကာ မိမိရင်တွင်းက နှလုံးသည်းပွတ်တို့နှင့် အလဲအထပ်လုပ်ကာ ဆွမ်းကပ်ခဲ့သောကြောင့် အင်္ဂပရိစ္စာဂ+ဒါနဥပပါရမီ ထိုက်၏ဟူ၍၄င်း မှတ်ယူကြရမည် ဟူသတည်း။
................................................
(ဆက်လက်ဖော်ပြပါဦးမည်)
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment