
သဒ္ဒေါ စိတ္တောတုဇော ဆိုတဲ့ သင်္ဂဟပါဠိအရ အသံကိုတိုက်ရိုက်ဖြစ်စေနိုင်တဲ့ မျက်မှောက်အကြောင်းရင်းကတော့ စိတ်နဲ့ ဥတုလို့ဆိုပါတယ်။ မေတ္တာရှေ့ထားပြောဆိုတဲ့အခါ၊ဒေါနှင့်မောနှင့်ပြောဆိုတဲ့အခါတွေမှာ အသံနေအသံထားတွေပြောင်းလဲသွားတာလည်း သတိထားမိကြမယ်ထင်ပါတယ်။ ရာသီဥတုကောင်းတဲ့အခါ ဖောက်ပြန်တဲ့အခါတွေမှာလည်း အသံတွေဖောက်ပြန်ပြောင်းလဲသွားတာကိုလည်း ကြုံဖူးကြမယ်မဟုတ်ပါလား။
ဒီနေရာမှာ ထိုဥတုသပ္ပါယမျှတမှု မညီညွှတ်မှူတွေနဲ့ကြုံတွေ့ရအောင် ၊ သူတော်မသူတော်တွေနဲ့သွားရောက်ပေါင်းဆုံခွင့်ရအောင်ကျတော့ အတိတ်က မိမိစည်းပူးခဲ့တဲ့ကောင်းကံမကောင်းကံတွေကလည်း အခြေခံအကြောင်းတရားတစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။
ခွေးငယ်လေးတစ်ကောင်ဟာ ပစ္စေကဗုဒ္ဓါဆွမ်းခံကြွရာလမ်းတစ်လျှောက်မှာ ရှေ့တော်ပြေးလုပ်ပြီး ဟောင်လျှက် ပိုးကောင်မွှားကောင်များရှင်းလင်းသွားအောင် လမ်းရှင်းပေးခဲ့ပါတယ်။ထိုဘ၀ဆုံးသည်နှင့် တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်ပြီး အသံပေးပြီး လမ်းရှင်းပေးခဲ့တဲ့ ကုသိုလ်ကြောင့်ပဲ နားရင်းမှာကပ်ပြီး တိုးတိုးညင်သာပြောလျှင်ပင် ဆယ့်ခြောက်ယူဇနာက အတိုင်းသားကြားရပါသတဲ့။ပကတိပြောကြားတဲ့အသံဟာ ယူဇနာတစ်သောင်းကနေ အတိုင်းသားကြားရပါတယ်။ ဒါ့ကြောင့်သူ့ကို ဃောသကနတ်သားလို့ခေါ်ကြပါတယ်..တဲ့။
နတ်ပြည်ကစုတေပြန်တော့ ပြည့်တန်ဆာမ၀မ်းမှာပဋိသန္ဓေနေခဲ့ရပြန်တယ်။သားလေးမွေးလို့မလိုချင်ပဲ အမှိုက်ပုံမှာသွားစွန့်ပစ်ပါသတဲ့ ဒါပေမယ့်ခွေးလေးဘ၀တုန်းက အသံပေးပြီးလမ်းရှင်းပေးခဲ့တဲ့ကုသိုလ်ကံကြောင့် အသံသြဇာကြီးမားတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ပြန်ပါတယ်။အမှိုက်ပုံမှာကျက်စားတဲ့ခွေးတွေကျီးတွေ တစ်ကောင်မှအနားမသီရဲဘူးဖြစ်နေပါတယ်။ အနားကပ်လာလိုက်ကလေးလေးငိုသံကြောင့် လန့်ပြေးလိုက်ဖြစ်နေတာပေါ့။နောက်ဆုံးမှာ ဃောသကသူဋ္ဌေးဆိုတာဖြစ်လာခဲ့ရပါသတဲ့။
ဒါကတော့ဓမ္မပဒ အဋ္ဌကထာ အပ္ပမာဒ၀ဂ် သမာဝတီဝတ္ထုလာ မာဝတီရဲ့ဖခင်သူဋ္ဌေးကြီးအကြောင်းဖွင့်ဆိုရာမှာ တွေ့ရတာပါ။
ဒီတော့အသံသြဇာနဲ့ပြည့်စုံခြင်းဟာလည်း အသံနဲ့ပတ်သက်ပြီး လှူခဲ့တဲ့ရှေးကောင်းမှုတစ်ခုခုဆည်းပူးခဲ့လို့ဖြစ်ပါလိမ့်မယ်
ဒါ့ကြောင့် သံသြဇာတိက္ကမ ပြည့်စုံဖို့ ကြေးစည်၊ခေါင်းလောင်းလှူရတယ်လို့ ပြောစမှတ်တစ်ခုရှိနေတာဖြစ်ပါတယ်။
ကျွန်ုပ်တို့ဘုရားအလောင်းတော်ဟာ မလှူဘူးသည့်အလှူဒါနမရှိအောင် လှူဒါန်းတော်မူခဲ့တာကြောင့်လည်း အသံသြဇာတိက္ကမနဲ့ပြည့်စုံတော်မူခဲ့တာဖြစ်ပါတယ်
ဘုရားရှင်တော်၏အသံတော်သည်လည်း -
၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်ခြင်း ၊
၂။ မဉ္ဖူ - သာယာခြင်း ၊
၃။ ၀ိညေယျ - သိလွယ်ခြင်း ၊
၎။ သ၀နီယ - နာခြင်ဖွယ်ရှိခြင်း ၊
၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊
၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊
၇။ ဂမ္ဘီရ - နက်နဲခြင်း ၊
၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း ဆိုတဲ့ ကောင်းမြတ်တဲ့ဂုဏ်အင်္ဂါ (၈)ပါးနှင့်ပြည့်စုံပါသတဲ့။
အသံသြဇာကို နားထောင်လိုက်ရုံနဲ့ ဒီပုဂ္ဂိုလ်ဟာ သာယာနှစ်လိုဖွယ်ရှိသလား။ အများယုံကြည်လက်ခံနိုင်တဲ့ ခေါင်းဆောင်အရည်အချင်းရှိသူတစ်ယောက်လား။ ပညာတတ်လား။ အသိညာဏ်နုံ့နည်းနေသူလား။ သူဆင်းရဲမျိုးရိုးဖြစ်မလား။သူဋ္ဌေးသူကြွယ်မျိုးရိုးလားဆိုတာကိုလည်း ပညာညာဏ်ကြီးသူတို့အဖို့ ခန့်မှန်းသုံးသပ် ဆုံးဖြတ်နိုင်ကြတဲ့သဘောရှိပါတယ်။
အသံသြဇာနှင့်ပြည့်စုံသော ကုမ္ဘဃောသကသူဋ္ဌေးအကြောင်း
ကုမ္ဘဃောသကဆိုတာကတော့ ပစ္စေကဗုဒ္ဓါကိုလမ်းရှင်းပြီးဟောင်ပေးခဲ့တဲ့ခွေးလေးကဖြစ်လာတဲ့ သာမာဝတီမိဖုရားကြီးရဲ့ဖခင် သူဋ္ဌေးကြီးဃောသကမဟုတ်ဘူးနော် နောက်ဃောသကတစ်ယောက်လို့မှတ်ထားဦး ။ ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒ၀ဂ်မှာလာတဲ့ဝတ္ထုပါ။ သူက ရာဇဂြိုဟ်မြို့တော်ကြီးမှာ နိဗ္ဗာန်ဆော်လုပ်နေတဲ့ ဆင်းရဲသားယောင်ဆောင်နေတဲ့ သူဋ္ဌေးတစ်ဦးပါ။ ဒါပေမယ့်သူ့ခေတ်သူ့အခြေနေအရ သိုသိုသိပ်သိပ်လှူပ်ရှားနေထိုင်နေရတဲ့သဘောပါ။
သူငယ်စဉ်ကလေးဘ၀အချိန်မှာ ရာဇဂြိုဟ်မြို့ကြီးမှာ ထူးဆန်တဲ့ကပ်ရောဂါတစ်မျိုးဖြစ်ပွားလာပါတော့တယ်။ ပုလိပ်ရောဂါ ၊ကြက်ငှက်တုပ်ကွေး၊ဆားရောဂါတို့လိုပါပဲ တိရစ္ဆာန်တွေမှာစတင်ဖြစ်ပွားပြီး လူတွေဆီထိကူးစက်လာပါတယ်။ ပထမဦးဆုံး ယင်ကောင်တွေကနေ အစားအစာများကိုနားရာမှ ရောဂါပိုးမွှားများပါလာပြီး ထိုကပ်ရောဂါစခဲ့တယ်လို့ဆိုပါတယ်။ ကျွဲနွားတိရစ္ဆာန်တွေအရင်ဆုံးသေဆုံးပြီးမှ အလုပ်ကြမ်းများလုပ်ကြရတဲ့ ကျွန်အမှုလုပ်ယောက်ျားများထိပါကူးစက်လာပါတယ်။ ယင်းရောဂါမှာ ကုသစရာဆေးကလည်းမရှိကြတော့ တစတစကူးစက်ပြန့်ပွားလာရာ အိမ်ရှင်လယ်ရှင်သူဋ္ဌေးမိသားစုများပါ မိသားစုလုံးအမျိုးပြုတ်သေဆုံးကြရတာများပါသတဲ့။
ဃောသကလေးရဲ့အိမ်မှာလည်း ထိုကပ်ရောဂါကြီးကူးစက်ဖြစ်ပွားလာရာ အထိမ်းတော်များ အမှုလုပ်များသာမက သူဋ္ဌေးကြီးဇနီးမောင်နှံတို့ပါ ရောဂါကူးစက်ခံလိုက်ကြရပါတယ်။ ရောဂါမဖြစ်သေးတဲ့ အိမ်မှုလုပ်သမားများလည်းရောဂါမကူးမီ အိမ်ကနေထွက်ပြေးကြပါတော့တယ်။
သူဋ္ဌေးကြီးပါသေဆုံးသွားတဲ့အခါ သေရတော့မှာကိုသိလိုက်ရတဲ့ဃောသကရဲ့မိခင်ကြီးက သားတော်မောင် ဃောသကကိုအနားခေါ်ပြီး
“သားငယ်လေး မေမေတို့မှာ အမွေဆက်ခံရမယ့်သူဆိုလို့ မင်းတစ်ယောက်ထဲရှိတယ်။ အခုအမေ့မှာလည်း ကပ်ရောဂါကြီးဖြစ်လာပြီ၊မေမေတို့မြေကြီးထဲမှာမြှုပ်ထားတဲ့ရတနာတွေ ကုဋေလေးဆယ် ရှိတယ်။ဒီလိုဒီလိုအမှတ်အသားတွေနဲ့မြှုပ်ထားခဲ့တယ်။
အမေမျက်စိမှိတ်တာနဲ့ လူဆိုးလူမိုက်တွေက အိမ်တွင်းပစ္စည်းတွေလာယူကြလိမ့်မယ်။ သားလေးကိုလည်းသူတို့ကရိုက်နှက်ပြီး မြေအောက်မှာမြှုပ်နှံထားတဲ့ရတနာတွေကိုပြခိုင်းမှာ ။ ညှင်းပန်းနှိပ်စက်၊သတ်ဖြတ်ကြလိမ့်မယ်သား။သားလေး လူဆိုးလူယုတ်တွေလက်ကလွတ်အောင်သာ
ခုထဲကထွက်ပြေးရှောင်ပုန်းနေပါ။ အားလုံးအေးဆေးပြီး ဘေးကင်းတဲ့အခါကျမှ လူသူမသိအောင်လာရောက်ဖော်ယူပြီး ရင်းနှီးလုပ်ကိုင်စား ငါ့သား”ဟုမှာကြားကာ ဆုံးပါးသွားပါတော့တယ်။
ဒီတင် အားကိုးရာမဲ့ဖြစ်နေပြီဖြစ်တဲ့ဃောသကလည်း အခြားသူများမသိခင်မှာ အခြားတစ်မြို့သို့ထွက်ပြေးကာ ဖြစ်သလိုအသက်မွေးနေထိုင်ရတာပေါ့။
နောက်အရွယ်လေးလည်းအနည်းငယ်ရပြီး ပစ္စည်းဥစ္စာများကိုစိမံခန့်ခွဲနိုင်တဲ့အရွယ်ရောက်လာမှ ရာဇဂြိုဟ်မြို့သို့ပြန်လာခဲ့ပြီး မိခင်ကြီးပြောတဲ့လျို့ဝှက်အမှတ်အသားအတိုင်း တူးဖော်ကြည့်ရာ ရတနာပစ္စည်းများမှာ ခြေရာလက်ရာမပျက်ရှိနေတာကိုတွေ့ရပါတယ်။
ဒါပေမယ့် သူစဉ်းစားလိုက်တယ်။ ငါ့ကိုလည်းဘယ်သူကမှ သူဋ္ဌေးသားမှန်းမသိကြတော့ဘူး။ ချက်ချင်းလက်ငင်းရတနာတွေဖော်ပြီး ထုခွဲရောင်းချရင် သူခိုးထင်ကာ ခေါ်ယူစစ်ဆေးမယ် ထုထောင်းရိုက်နှက်ခံရမှာ မင်းဘဏ္ဍာအဖြစ်အသိမ်းခံရမှာဧကံပဲ။ဒီတော့ အရင်ဆုံးအိမ်ရာအတည်တကျဖြစ်အောင် ။လူအများယုံကြည်မှူရလာအောင် ကြိုးစားအားထုတ်ပြီးမှ ဖြေးဖြေးချင်းရတနာတွေဖော်ယူသုံးစွဲတော့မယ်ဟု ပြန်လည်သိုဝှက်မြှုပ်နှံထားလိုက်ပြီး ရာဇဂြိုလ်မြို့ထဲအလုပ်လိုက်ရှာရာမှာ နိဗ္ဗာန်ဆော် သို့မဟုတ် ရွာဆော်လုပ်ခွင့်ရပါသတဲ့။
မနက်အရုဏ်တက်သည်နှင့် ဘွန္တော-သပ္ပုရိသအပေါင်း သူတော်ကောင်းတို့၊ နံနက်အရုဏ်တက်ပြီဖြစ်ပါသဖြင့် အိပ်ယာမှထကြပါကုန် အမျိုးသမီးများလည်း ဘုရားရှင်နှင့်သံဃာတော်များအတွက် ဆွမ်းဆွမ်းဟင်းများ ချက်ပြုပ်ကြပါကုန်၊
အမျိုးသားများလည်း လယ်တောယာတောသို့ သွားကြပါကုန်စသည်ဖြင့် လိုက်လံနှိုးဆော်ရတဲ့ အနှိုးတော်ပေါ့။ဟုတ်တယ်လေ ရှေးခေတ်မှာက နာရီတွေနှိုးစက်တွေမရှိကြသေးတော့ အချိန်မှန်အိပ်ယာထနိုင်ကြဖို့ အနှိုးတော်ထားကြရတာပေါ့။
လောစပီကာတွေဘာတွေလည်းမရှိသေးတော့ အသံကောင်းပြီး ချိုသာတဲ့ဃောသကကိုပဲ တာဝန်ပေးလိုက်ကြပါသတဲ့။
ဒီလိုနေ့စဉ်ဃောသကကြီးလိုက်လံနှိုးဆော်တဲ့အသံကို မင်းနန်းတော်ကဗိမ္ဗိသာရမင်းကြီးစက်တော်ပေါ်ကနေ အတိုင်းသားကြားနေရပါသတဲ့။ မင်းကြိးလည်းအလွန်ထူးဆန်းအံ့သြနေတာပေါ့၊ ဒီလောက်အဝေးကြီးကတောင် အိပ်ယာထဖို့လိုက်လံနှိုးဆော်သံဟာ ပီပြင်ရှင်းစွာကြားနေရတယ်။ ဒါ့ထက်ထူးခြားတာက အပြောအဆို လေယူလေသိမ်းကလည်း အထက်တန်းစား သူဋ္ဌေးသူကြွယ်မျိုးတွေပြောဆိုသုံးနှုံးသလို ထိးဟန်နန်းဟန်ဆန်နေတာကိုလည်း သတိထားမိတယ်။ နောက်ပြီး ၀ိရိယကောင်းပြီးအချိန်မှန်မှန် လိုက်လံနှိုးဆော်ပေးနေတဲ့ တာဝန်ကျေပွန်မှုကိုလည်း သဘောကျနေမိတယ်။
မင်းကြီးစိတ်ထဲမှာ “ငါ့နန်းတော်ကအနှိုးတော်ထက် ဒီနိဗ္ဗာန်ဆော်ကမှပိုပြီးသာယာနာပျော်ဖွယ်ရှိသေးတယ်။ဒီလူကြည့်ရတာလည်း ဆင်းရဲသားလူတန်းစားကမဖြစ်နိုင်ဘူး”ဆိုပြီး စဉ်းစားသုံးသပ်မိလိုက်တယ်တဲ့။
ဒါနဲ့မင်းကြိးလည်း ဃောသကရွာဆော်ရဲ့ မူလဇစ်မြစ်ကိုရအောက်လိုက်မယ်ဆိုပြီး ထောက်လှမ်းရေးနှစ်ယောက်လွှတ်လိုက်တာပေါ့။
ထောက်လှမ်းရေးဆိုလို့လည်း စစ်သားရင့်မာကြီးတွေထင်မနေလိုက်ပါနဲ့ဦး နန်းတွင်းကလှပျိုဖြူတစ်ဦးနဲ့အထိန်းတော်ကြီးတို့ကို ခရီးသွား သားအမိဟန်ဆောင်စေပြီး ဃောသကနေတဲ့အိမ်ကိုသွားရောက်တည်းခိုခွင့်တောင်းကြပါသတဲ့။
ဃောသကကလည်း အတန်တန်ငြင်းတာပေါ့။ လုံးဝလုံးဝမဖြစ်နိုင်ကြောင်း ၊သူကိုယ်တိုင်ပင် ဖြစ်သလိုနေထိုင်ပြီး ဖြစ်သလိုစားသောက်နေရကြောင်းပေါ့။
ဒါပေမယ့် အပြောအဆိုယဉ်ကျေးသိမ်မွေ့ပြီး စကားပရိယာယ်ကျွမ်းကျင်တဲ့အထိန်းတော်ကြီးကြောင့်ရော ။အလွန်ချောမောလှပတဲ့ လှပျိုဖြူလေးဒုက္ခရောက်နေရှာမှာ အားနာလို့ရော သူ့အိမ်မှာတစ်ညတာတည်းခိုဖို့ရာ လက်ခံလိုက်တာပေါ့။
ညနေခင်းထမင်းစားချိန်လည်းရောက်ရော ကောင်းပေ့မွန်ပေ့ဟင်းလျာမျိုးတွေချက်ပြီး ဃောသကစိတ်ကိုပျော့ပြောင်းနူးညံ့စေပြီး ခရီးပမ်းလာကြ၍ နောက်ထပ်နှစ်ရက်သုံးရက်လောက်နေပါရစေဟု ခွင့်တောင်းနေကြပြန်သဖြင့် ဆက်လက်တည်းခိုနေထိုင်ခွင့်ပေးလိုက်ရပြန်တယ်။
ဒီလိုနှစ်ရက်သုံးရက်တည်းခိုနေချိန်အတွင်းမှာပဲ အလွန်ချောမောလှပတဲ့ လှပျိုဖြူလေးကလည်းဆွဲဆောင် တစ်ကောင်ကြွက်ဖြစ်ပြီး မေတ္တာငတ်နေတဲ့ သူဋ္ဌေးသားဃောသကကလည်း မြင်မြင်ချင်း မာယာညွှတ်ကွင်းမိနေခဲ့တဲ့သူဆိုတော့ တစ်ညမှာနန်းတွင်းသူလေးနဲ့ ကျူးလွန်မိကြပြီး အိမ်ယာထောင်ကာ အတူနေလိုက်ကြတော့တာပေါ့။
ဃောသကကတော့ ထိုနန်းတွင်းသူနှစ်ယောက်တို့အကြံကိုမသိတော့ သံသယမရှိဘူးပေါ့ ။ဒါပေမယ့် နန်းတွင်းသူလျှိုနှစ်ယောက်ကတော့ ဃောသကရဲ့အတွင်းဥစ္စာမည်၍မည်မျှရှိမယ်ဆိုတာကိုသာ သိဖို့အရေးကြိုးစားအားထုတ်နေကြတာပါ။ ဒီလိုနဲ့ ရက်များမကြာမီအတွင်းမှာ ဃောသကတို့နေထိုင်ရာလမ်းအတွင်းမှာ ပွဲသဘင်ကြီးလုပ်ဖို့ မင်းအမိန့်နဲ့ လိုက်လံပြီး ငွေ ကောက်စေပါတယ်။ တစ်အိမ်ထောင်လျှင် မည်၍မည်မျှ မဖြစ်မနေ ထည့်ဝင်ရမည်ပေါ့။
ဒီတင်ဃောသကကို သားအမိနှစ်ယောက်က အသပြာရှာပေးဖို့ရန် ပူဆာကြတာပေါ့။အခြားအိမ်တွေက မည်ရွေ့မည်မျှထည့်ပြီးပြီ ၊အိမ်ထောင်ဦးစီးလုပ်ပြီး ဒီငွေလေးမှဖြစ်အောင်ရှာမပေးနိုင်ဘူးလားစသဖြင့်။
ဒီတင် ဃောသကလည်းကြံရာမရ သူ့မိဘများမြှုပ်နှံထားတဲ့အသပြာငွေများထဲမှာ အနည်းငယ်ကိုတူးဖော်ယူလာပြီး နန်းတွင်းသူနှစ်ယောက်ပေးလိုက်မိတယ်။ ဒီဖုန်များမှိုများတက်နေတဲ့ငွေအသပြာကိုရသည်နှင့် မင်းကြီးထံချက်ချင်းပို့ပေးလိုက်ကြတာပေါ့။
ဒီအခါမှ သက်သေငွေကြေးတို့ကိုရရှိပြီဖြစ်၍ ဗိမ္ဗိသာရမင်းကြီးက ဃောသကကိုဆင့်ခေါ်စေကာ
“မောင်မင်း၊ ငွေကြေးအသပြာတို့ရှိပါလျှက် အဘယ်ကြောင့် ငါဘုရင်ကို အခွန်မဆက်သလို၍ လိမ်ညာလှည့်ဖြားကာ ဖုံးကွယ်သုံးစွဲနေရပါသလဲ”ဟု မေးမြန်းလိုက်ပါတယ်။
ဃောသကလည်း လန့်သွားပေမယ့် ဟန်ကိုယ့်ဖို့လုပ်ကာ “အရှင်မင်းကြီး ကျွန်တော်မျိုးမှာ ငွေကြေးအသပြာမရှိလို့ အနှိုးတော်အလုပ်လုပ်ကိုင်အသက်မွေးနေရပါတယ်။တစ်ပြားတစ်ချပ်မှမရှိပါ”
ဟုလျှောက်ထားလိုက်ရာ-ဗိမ္ဗိသာရမင်းကြီးက သူ့မိဘများမြှုပ်နှံထားရာမှထုတ်ယူလာခဲ့သော ရှေးဟောင်းငွေအသပြာများကိုသူ့ရှေ့မှောက်သို့ပစ်ချလိုက်ပါတော့တယ်။ ဒီတော့မှ ဃောသကအရာရာကိုသဘောပေါက်သွားပါတော့တယ်။သူ့အိမ်သို့လာရောက်တည်းခိုနေသော အမျိုးသမီးနှစ်ယောက်ကိုလည်း မင်းကြီးကပင်လွှတ်လိုက်ခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်သွားတာပေါ့။
ဖုံးကွယ်မရလှသည့်နောက်ဆုံးတွင် သူ့ဘ၀ဖာတ်စုံကို မင်းကြီးအားသံတော်ဦးတင်လိုက်ရာ မင်းကြီးလည်း ထိုရတနာရွှေငွေများကိုသွားရောက်သယ်ဆောင်စေပြီး ဃောသကအိမ်သို့ပို့စေကာ သူဋ္ဌေးရာထူးပေးလိုက်ပါတော့တယ်။
ထို့နောက် ဃောသကသူဋ္ဌေးကို ဘုရားရှင်ထံခေါ်သွားကာ “အရှင်ဘုရား ဤသူငယ်ဟာ အလွန်ပညာကြီးလှပါတယ်ဘုရား၊ ကုဋေလေးဆယ်မျှသောပစ္စည်းဥစ္စာတွေပိုင်ဆိုင်တာတောင်မှ ဓနမာန်မတက်ပဲ မည်သူမျှမသိအောင် သိုသိပ်စွာသုံးစွဲပြီး သူတစ်ပါးအခစားအမှုဖြင့်အသက်မွေးနေသူဖြစ်ပါတယ် ”လို့လျှောက်ထားလိုက်ပါတယ်။
ဒီတင်ဘုရားရှင်ကိုယ်တော်မြတ်ကလည်း “”
“မင်းကြီး ထကြွလုံ့လ၀ီရိယရှိသော ၊ သတိတရားလက်ကိုင်ထားပြီး ကိုယ်အမှူနှုတ်အမှူ စိတ်အမှူတို့မှာ ညစ်ကြေးမတင်ဖြူစင်အောင် ကျင့်သုံးနေထိုင်သော အရာရာမှာစူးစမ်း၍ပြုလေ့ရှိသော စိတ်အလိုမလိုက်သော တရားသဖြင့် အသက်မွေးသူ သူတော်ကောင်းအား အခြွေအရံ အကျော်အစောသည် တစ်နေ့တစ်ခြား တိုးပွားစီပင်၏”
လို့ဟောကြားတော်မူလိုက်ရာ မင်းကြီးဘေးမှာထိုင်လျှက် တရားနာယူနေသော ဃောသကစိတ်အစဉ်မှာ ဘုရားတရားတော်အပေါ်မှာယုံကြည်စိတ်။ဘုရားရှင်နှင့်သူ၏နောက်လိုက်များကိုလည်းကြည်ညိုစိတ်တွေတဖွားဖွားဖြစ်လာပါတော့တယ်။
ဤနေ့ဤအချိန်ကစပြီး ကံသုံးပါးကိုစင်ကြယ်အောင်အသက်နဲ့လဲစောင့်ထိန်းသွားတော့မယ် ။သမ္မာအာဖိဝကျကျ စီးပွားဥစ္စာတို့ကိုရှာဖွေပြီး ဘ၀ကိုအမှောင်တွင်းမှထုတ်ဆောင်နိုင်အောင်
ဘုရားပေးတဲ့အဆုံးအမနဲ့အညီ ကြိုးစားတော့မယ်”ဟုယတိပြတ် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
ထိုတရားတော်ကိုနာယူပြီးသည်နှင့် အပါယ်တံခါးပိတ်ကာ သောတာပန် အရိယာ ဥပါသကာတစ်ဦးဖြစ်သွားပါတော့တယ်။
ဒီကုမ္ဘဃောသကသူဋ္ဌေးသားဟာ မိမိပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာများကို အခွင့်အခါအားလျော်စွာ မည်သည့်မည်ပုံသုံးစွဲရမည်ကို သိရှိနားလည်သောကြောင့်သာ ။အကျိုးရှိအကျိုးမဲ့ကို သေချာဃနခွဲခြားသိလို့သာ မိဘအမွေအနှစ်များကိုဆက်လက်ထိန်းသိမ်း နိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အကျိုးစီးပွားဖြစ်ထွန်းအောင် တရားဓမ္မနဲ့အညီကျင့်သုံးနေထိုင်လိုကြသူများအဖို့ ဘုရားရှင်ညွှန်ကြားချမှတ်ထားတဲ့ ကြီးပွားချမ်းသာကြောင်းနည်းလမ်းလေးကလည်း အလွန်အင်မတန်မှတ်သားဖွယ်ကောင်းလှပါတော့တယ်။
ထို့ကြောင့် မေတ္တာသုတ်တော်၏ အတ္ထကုသလ-အကျိုးစီးပွား၌လိမ္မာကျွမ်းကျင်သူ ဟူသောပုဒ်၏အဖွင့်မှာ သာဓကထုတ်ကာ တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ ကရဏီယမတ္ထကုသလေနအဖွင့်မှ အတ္ထကုသလအဓိပ္ပါယ်နှင့် မှတ်သားဖွယ်ရာများကိုလည်း
နောက်ပို့စ်မှာ ဆက်လက်တင်ပြပေးပါဦးမယ်။
မေတ္တာများစွာဖြင့်….
အရှင်ဝိမလာလင်္ကာရ-မုံရွာ
No comments:
Post a Comment