Friday, August 24, 2012
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၈)***
                                      *အပ္ပကိစ္စော စ-အမှုကိစ္စနည်းပါးသူ၏အဖြစ်၎င်း*
         တရားဘာဝနာပွားများအားထုတ်မယ့်သူဆိုတာ အမှုကိစ္စနည်းပါးရမယ်ဆိုတဲ့ မေတ္တာသုတ်လာ စကားရပ်လေးတွေ့မိတော့  မိမိရဲ့ဖခင်ကြီးနဲ့ ငယ်စဉ်ကလေးဘ၀ကို ပြန်အမှတ်ရလိုက်မိပါတယ်။
      ဘာလို့လည်းဆိုတော့ ဖခင်ကြီးက ၀ီရိယလည်းကောင်းတယ် အလုပ်လည်းကြိုးစားပြီး မနားတမ်းဇယ်ဆက်သလို အလုပ်လုပ်သူကိုး။
မနက်အစောကြီး လေးနာရီလောက်ဆိုထပြိး နွားစာကျင်းမှာရေဖြည့်အစာဖြည့်ပြီး နွားများကျွေး နောက် နွားစာစဉ်း၊တောသွားဖို့ပြင် ။
       မိခင်ကြီးကလည်း လေးနာရီလောက်ဆို နံနက်စားဖို့ ညကထမင်းကြမ်းများကိုပြန်ကြော် ဟင်းတစ်ခွက်လောက်ချက်ပြီး ဖခင်ကြီးကိုရော မိမိတို့မောင်နှမတစ်တွေကိုပါ ဖွယ်ဖွယ်ရာရာခူးခပ်ကျွေးမွေးပါတယ်။
      မိမိတို့မောင်နှမတစ်တွေကလည်း လင်းသည်နှင့် ကျောင်းမသွားခင် အမှိုက်လှည်းခြင်းကျုံးခြင်း၊ရေခပ်ခြင်း သီးပင်စိုက်ပင်များရေလောင်းခြင်းနဲ့ မိသားစုလုပ်ငန်းစဉ်များရဲ့ အော်တိုလည်ပတ်နေမှုစံနစ်တစ်ခုလိုပါပဲ။
    ဒါပေမယ့်နောက်တော့ မိမိက သာသနာ့ဘောင်ကိုရင်ဝတ်ပြီး မြို့သွားစာတွေသင်တယ်၊ မိမိအိမ်ကတော့ ရိုးရာစဉ်လာမပျက် အလုပ်များကို ဇယ်ဆက်သလို လုပ်ကြလျှက်ပါပဲ။ တောင်သူလယ်သမားဆိုတာကလည်း သီးနှံစိုက်လိုက်၊ပေါင်းသင်ရေသွင်းလိုက် ၊သီးနှံရိတ်လိုက် နယ်လိုက်လှေ့လိုက်နဲ့ တကယ်မနားရတဲ့ဘ၀တွေမလား။  နောက် မိမိရွာအလည်ပြန်ကြွလာပြီဆိုရင်
သူငယ်ချင်းတွေက ရွာအလည်လိုက်လာကြတယ်။
      သူတို့က ကိုယ့်အိမ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကိုမြင်တော့ ပြောကြတယ်။  သူငယ်ချင်းအိမ်ကအလုပ်လုပ်ကြပုံကလည်း တက်ညီလက်ညီပါလားတဲ့။ ဒီတော့ ကိုယ်ကလည်း ဂုဏ်ယူချင်ချင်ပေါ့။ သူတို့ကပြောကြသေးတယ်။
      ဒီလိုဆိုတော့ သူတို့ကို မိမိအားဆုံးမသွင်သင်ပုံတွေပြန်ပြောပြဖြစ်တာပေါ့။
ဟာသူငယ်ချင်းကလည်း ငါ့ဖခင်ကြီးခံယူချက်ကိုက  "အလုပ်ဟူသမျှဂုဏ်ရှိစွ"တဲ့လေ။ "အလုပ်ဆိုတာ ဘ၀ကိုမြှင့်တင်ပေးမည့် တစ်ခုတည်းသော ကယ်တင်ရှင်ဖြစ်တယ်"လို့ခံယူတယ်။ ကိုယ်လည်း လူ့ဘ၀တုန်းကတော့ ဖခင်ကြီးထွန်တယ်။ထည်ထိုးတယ်ဆိုရင် ပေါင်းမြက်ကောက်တာ။ပျိုးချတာကအစ လုပ်ကူပေးခဲ့ရဖူးတယ်။ နောက်ဆုံးဘာမှမလုပ်နိုင်ရင်တောင် လေးခွတစ်လက်နဲ့ အခင်းစောင့်သွားရတယ်ကွ။ ဖခင်ကြီးအသွင်သင်ကောင်းတော့ ပျင်းရကောင်းမှန်း ငြင်းရကောင်းမှန်းမသိဘူး ။အပြောအဆိုလည်းချိုသာတော့ သားသမီးတိုင်းကလည်းနာခံတာပေါ့လို့ ပြန်ပြောပြခဲ့ဖူးတာပေါ့။
       နောက်တော့ မိမိကလည်း ၀ိပဿနာစာပေတွေလေ့လာလိုက်စား တရားစခန်းတွေဘာတွေဝင်ဖြစ်ပြီး မိဘတွေကို ကမ္မဋ္ဌာန်းရှုနည်းလေးသင်ပေးတယ် ပြီးတော့  ယောဂီများမှာရှိရမယ့် ဂုဏ်အင်္ဂါတွေကိုဟောပြပြီး
ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေမှုနည်း၊ကိုယ်တည်းပျော်လေ၊
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်သွေ၊
အနေကောင်းဖို့ အကြောင်း ဂုဏ်ခြောက်ထွေ…ဆိုတဲ့လင်္ကာလေးကိုချပေးတာပေါ့။
           ဒီတော့ ခမည်းတော်ကြီးပြောတဲ့စကားတစ်ခွန်းက ခုထိကြားယောင်နေသေးတယ်။
      ဦးဇင်းရာ တရားအားထုတ်ရမယ့်ယောဂီက အလုပ်မများရဘူးဆိုရင်တော့ တပည့်တော်ဖြင့် ဒီတစ်သက် တရားအားထုတ်ခွင့်ရမှရပါ့မလားမသိတော့ဘူး...တဲ့၊
       ဦးဇင်းမယ်တော်ကြီးကတော့ ညီမတွေလက်လွှဲပြီးတရားအားထုတ်နိုင်တယ်ဘုရား ။
တပည့်တော်ကျတော့ နွားကတစ်ဖက် လယ်ယာလုပ်ငန်းတွေကတစ်ဖက်နဲ့ဆိုတော့
မြို့အလည်လာရင်တောင် ထွန်ရေးကြဲတုန်း ကမန်းကတန်းပြေးလာခဲ့ရတာ..လို့ပြန်လျှောက်ပြတယ်။
     မိမိလည်း ခမည်းတော်ကြီးစကားကြားရတော့ စိတ်ထဲတော့မကောင်းဖြစ်သွားတာပေါ့  ။
အင်း ....ခမည်းတော်မယ်တော်တို့အသေမဦးခင်ညာဏ်ဦးအောင် တရားဟောပြပေမယ့်
သူတို့မလဲ သားရေးသမီးရေး စီးပွားရေးတွေနောက်ဆံတင်းနေရတာနဲ့ လက်တွေ့လုပ်ဖြစ်ဖို့မလွယ်ဘူး..လို့တွေးလိုက်မိတယ်။
မယ်တော်ကြီးကတော့ တရားစခန်း သုံးကြိမ်လောက်ဝင်ပြီးသွားတဲ့နောက်တောင် သမီးတွေပါ အလှည့်ကျ စခန်းပွဲတွေ တရားထိုင်ထည့်တော့တာပါပဲ ။တရားအရသာသိသွားလို့ထင်ရဲ့။
      ခမည်းတော်ကြီးမှာတော့ ငယ်ငယ်ထဲက အလုပ်ဇောကပ်သူလည်းဖြစ် သူပြောသလို လယ်ယာကိစ္စနွားများဂရုစိုက်မှုကိစ္စကြီးကလည်း သူ့တာဝန်ကြီးတစ်ခုလိုဖြစ်နေတော့ တရားစခန်းသွားဖို့ကလည်း ရွှေပြည်တော်မျှော်တိုင်းဝေးဖြင်နေတော့တာပေါ့။  
       ဒါနဲ့  ခမည်းတော်ကြီးကို တရားစခန်းသွားဖို့လည်း မတိုက်တွန်းဖြစ်တော့ပဲ ဝေဘူဆရာတော် မိန့်ကြားတော်မူခဲ့တဲ့
       “ မည်သူမဆို မိမိရဲ့ ခန္ဓာဝန်အတွက် အမှုကိစ္စများ အမြဲပဲ လုပ်ကိုင်နေရပါတယ်၊ ဃရာဝါသော ဗဟုကိစ္စော ဆိုတဲ့ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း လူမှုကိစ္စတွေ များသလောက် များများ ဆောင်ရွက်ကြရတယ်။ ဒီလိုဆောင်ရွက်ကြရတဲ့ အခါမှာ ဘုရားရှင် သာသနာ တည်အောင်ပြုမယ်ဟု စိတ်မှာ ထားပြီး ဆောင်ရွက်ရင် ဖြစ်တယ်၊ ဒီလို စိတ်ထားနဲ့ ဆောင်ရွက်ရင် စရဏကုသိုလ် ဖြစ်ပါတယ်”
        ဆိုတဲ့ အဆုံးအမ သြ၀ါဒစကားလေးကို ခမည်းတော်ကြီးပြောပြပြီး
        ဝေဘူဆရာတော်ကြီးလို အလုပ်ကိစ္စကိုလည်း သာသနာအတွက်ဆောင်ရွက်နေတာပဲလို့ နှလုံးသွင်းပြိး
စွန်းလွန်းဆရာတော်လောင်း ဦးကျော်ဒင်လိုပြောင်းရိုးစင်းလည်း ထိသိ သတိလို့မှတ်ပေါ့..လို့ အကြံပေးရပါတော့တယ်။
        တော်ကူးဆရာတော်ဘုရားရဲ့ ဝေဒနာနုပဿနာရှုပုံရှုနည်းတွေ။နောက်စွန်းလွန်းဆရာတော်ကြီးရဲ့ ထိသိသတိ တရားရှုနည်းတွေကိုယ်တိုင်လည်းသင်ပေး။ကမ္မဋ္ဌာန်းရှုနည်းတရားစာအုပ်တွေလည်း ၀ယ်ပေးထားခဲ့ရတယ်။
ဒါပေမယ့် အလုပ်များသူခမည်းတော်ကြီးအဖို့ကတော့ ယင်းစာအုပ်များကို လေ့လာသူအဆင့်မှာပဲထားပြီး လက်တွေ့ကျင့်ကြံသူအဆင့်ကိုရောက်ဖို့တော့ တော်တော်အားယူရဦးမယ်လို့ တွေးလိုက်မိသေးတယ်။
      နောက်ဆုံးတော့လည်း "အင်းလေ လူ့ဘ၀ဆိုတာက ရဟန်းတွေလို အမှုကိစ္စနည်းသူတွေမှမဟုတ်တာပဲ။ လက်လှုပ်မှပါးစပ်လှုပ်ကြရတဲ့ဘ၀မှာ။ ငါကလည်း ဇွတ်ကြီးတရားချည်းတွန်းဟောနေလို့ပဲ စိတ်ထဲဖြည့်တွေးရတော့တာပေါ့။
           အလုပ်ကိစ္စဗာဟီရများနေသူတစ်ယောက်မှာကလည်း မိမိတရားကို အချိန်ပေးအားထုတ်ကြဖို့မလွယ်ပြန်ပါဘူး
        ဒါ့ကြောင့် ဘုရားရှင်က မေတ္တာသုတ်တော် ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်တော့မယ့်သူပြည့်စုံရမယ့် အင်္ဂါရပ်တွေထဲမှာ အပ္ပကိစ္စော စ၊ပြုဖွယ်ကိစ္စနည်းပါးသူ၏အဖြစ်၎င်း..လို့ အလုပ်ကိစ္စမများခြင်းကို အင်္ဂါတစ်ပါးအဖြစ်ထည့်သွင်းဟောပြထားတော်မူခဲ့တာဖြစ်မှာပဲလို့ သဘောပေါက်လာမိတော့တယ်။
                                      ..........................................................
          စာရှုသူများအနေနဲ့လည်း ကုသိုလ်ကောင်းမှုများများများအားထုတ်နိုင်ဖို့၊ တရားဘာဝနာကို အချိန်များများအားထုတ်နိုင်ဖို့ ကိုယ်ပိုင်အချိန် များများရလာအောင်  တတ်နိုင်သမျှ အမှုကိစ္စများလျော့ချနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။        
                                                                                (ဆက်လက်ဖော်ပြပါဦးမည်)
                                                                                        လင်္ကာအရှင်-မုံရွာ
No comments:
Post a Comment
Blog Archive
တရားဓမ္မများ နားကြားရန်
Music
Good Bye ..