
*သန္တုဿကော စ- ရောင့်ရဲလွယ်သူလည်းဖြစ်ရမယ်*
ဘုရားရှင်ကိုယ်တော်တိုင်က မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းကြမယ့် ရဟန်းတော်ငါးရာအား မေတ္တာသုတ္တာန်ကိုဟောကြားပေးတော်မူရင်း အထက်ပါ အင်္ဂါရပ်ကို ထပ်မံဟောကြားထားတော်မူခဲ့တာဖြစ်ပါတယ်။။
လောဘ၊ဒေါသ မောဟ အကုသိုလ်တရားများကို ပယ်ခွါနိုင်အောင်ကျင့်ကြံနေသူများအဖို့ မိမိရရသမျှလေးနဲ့တင်းတိမ်ရောင့်ရဲနေနိုင်မှုဟာ အလွန်ပင်အရေးကြီးလှပါတယ် ။
လောဘအလိုလိုက်ကာ ထို့ထက်ထို့ထက်ကောင်းနိုးရာရာအာရုံတွေနောက်လိုက်နေပါက တဏှာ့ကျွန်ဖြစ်မှန်းမသိဖြစ်သွားကာ
တဏှာနွံထဲ ကျွံနစ်သွားနိုင်လို့ပါပဲ။ သန္တုဋ္ဌိ-ရောင့်ရဲခြင်းဟာ သုံးဆင့်ရှိပြီး ပစ္စည်းလေးပါးဖြင့်မြှောက်ပွားပါက ဆယ့်နှစ်မျိုးတိုင်ကွဲပြားပါတယ်။
*သန္တုဿကော၌ ရောင့်ရဲမှု့(၃)ဆင့်*
(၁)သကေန တုဿကော-(ရှာဖွေစဉ်အခါ )မိမိပိုင်ဆိုင်ခွင့်ရှိသမျှလေးနဲ့ ရောင့်ရဲခြင်း
ရဟန်းတော်များအတွက် မိမိကိုယ်ပိုင်ပစ္စည်းဆိုတာကတော့ ငွေရှိမှသာ ရှာဖွေရရှိနိုင်ဖို့လွယ်ကူတဲ့ တိုက်ကား အဲယားကွန်း ရေခဲသေတ္တာစသည်တို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ဘုရားရှင် တရားဝင်ခွင့်ပြုထားတော်မူထားတဲ့
(က)သပိတ်ပိုက်ကာ ဆွမ်းခံလှည့်လည်သဖြင့်ရရှိလာတဲ့ ဆွမ်း
(ခ)အမှိုက်ပုံစသည်မှ အ၀တ်စများကို စုဆောင်းကောက်ယူချုပ်စပ်ထားတဲ့ သင်္ကန်း
(ဂ)တောအရပ် သစ်ပင်တည်းဟူသော ကျောင်း
(ဃ)နွားကျင်ငယ်ရည်ဖြင့်စိမ်အပ်သော ဖန်ခါးသီးဆေး ဤ(၄)မျိုးသောပစ္စည်းတို့ဖြင့်သာ ရောင့်ရဲနှစ်သက်စွာ နေနိုင်သူကို သကေန တုဿကော-လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂)သန္တေန တုဿကော-(ရှာဖွေရရှိသမျှ)မိမိမှာ ရှိတာလေးနဲ့သာ ရောင့်ရဲလွယ်ခြင်း
အထက်ပါနည်းအတိုင်း တရားသောနည်းလမ်းနဲ့ ရှာဖွေရသမျှကိုသာ ကောင်းကောင်းဆိုးဆိုး တစ်မျိုးမျိုးဖြင့် ရောင့်ရဲနေထိုင်နိုင်သူ ၊ ဆွမ်းခံလှည့်လည်လို့ ဟင်းကောင်းဆွမ်းကောင်းမရလျှင်လည်း မိမိနဲ့ရင်းနှီးရာ မိတ်ဆွေများထံမသွားတော့ပဲ ရှိတာလေးနဲ့ရောင့်ရဲနှစ်သက်သူမျိုးကို သန္တေန တုဿကော (ရှာဖွေရသမျှလေးနဲ့သာ ရောင့်ရဲနေသူ)လို့ဆိုပါတယ်။
(၃)သမေန တုဿကော-(ဘုဉ်းပေးသုံးဆောင်စဉ်)လောဘ ဒေါသမစွန်းမထွက်စေပဲ စိတ်ကိုအညီအမျှထားကာရောင့်ရဲခြင်း
မိမိရှာဖွေရသမျှ ဆွမ်းစသည်ကို တွေ့ရတဲ့အခါ လူ့ဘ၀မှာ မွန်မြတ်သန့်ရှင်တဲ့ အ၀တ်အစားစသည်ဖြင့်နေထိုင်ခဲ့ရသူများအဖို့ ရဟန်းဘ၀ရောက်လာပြီး ဆင်းရဲဒုက္ခတွေနဲ့ ကြုံရတဲ့အခါ သည်းမခံနိုင် မကျေနပ်နိုင်တဲ့ဒေါမနဿတွေဖြစ်လာတတ်ပါတယ်။
အလှူ့ဒါယကာတို့က မရိုမသေ ၊သို့မဟုတ် မပြည့်မစုံလှူဒါန်းခဲ့လျှင်လည်း စိတ်ဆိုးကာ အလိုမကျတဲ့အမူအရာကိုဖော်ပြမိတတ်ကြတယ်။
လူအများက ဘုရားသားတော်များ မြတ်သောအလှူခံပုဂ္ဂိုလ်များအဖြစ် ယင်းတို့ပင်နေ့စဉ်မစားမသောက်နိုင်တဲ့ ဆွမ်းကောင်းဟင်းကောင်းများဖြင့်ကပ်လှူသောအခါမျိုးမှာလည်း ပြုံးပြုံးပျော်ပျော်ဖြင့် အာဟာရမှာစက်ဆုပ်ရွံရှာမှု အာဟာရေပဋိကူလသညာကိုနှလုံးမသွင်းမိပဲ လောဘနဲ့တကွ မြိုသွင်းမိတတ်ကြတယ်။
ဒါ့ကြောင့် လောဘဒေါသဆိုတဲ့ အစွန်းနှစ်ပါးမထွက်အောင် အမှတ်သတိထားပြီး ရရသမျှနှင့်ပဲ “ဤပစ္စည်းလေးပါးကိုမှီကာ ငါ၏လွတ်မြောက်ရာလမ်းကိုရှာအံ့”ဟု နှစ်သက်ရွှင်လမ်းစွာ သုံးဆောင်နိုင်သူကို သမေန တုဿကော-ညီမျှတဲ့စိတ်ထားနဲ့ရောင့်ရဲ နှစ်သက်သူကို သမေန တုဿကော လို့ ဆိုပါတယ်။
………………………………………
အထက်ပါ သန္တုဋ္ဌိသုံမျိုးဟာ ရဟန်းတော်များအတွက်သာ ဦးတည်ဖွင့်ပြထားပေမယ့် စာရှုသူလူဒါယကာများအဖို့ စီးပွားရှာစဉ်မှာလည်း ရပိုင်ခွင့်လေးမျှနှင့်မရောင့်ရဲနိုင်ပဲ တရားသောနည်းလမ်းမတရားသောနည်းလမ်းများဖြင့်
ငွေနောက်လိုက်မိကြပါက လောဘဒေါသမောဟများလည်း ထိုအပိုဝင်ငွေများနှင့်အတူ အပိုဆုအဖြစ်တိုးပွားလာမှာဖြစ်ပါတယ်
ရှာဖွေနိုင်သမျှ မိမိရှိလာလေးနဲ့ဝအောင်စားပြီး ရှိတာလေးနဲ့လှအောင်ဝတ်ကာ စိတ်ချမ်းသာစွာမနေနိုင်ပြန်ဘူးဆိုပါကလည်း မိမိထက်သာသူများကိုမြင်ရကြားရတဲ့အခါ ယင်းတို့ကဲ့သို့ ကြွယ်ဝချမ်းသာလိုမှုဖြစ်စေ ၊မနာလိုဝန်တို အပြစ်ပြောဆိုမှုများဖြစ်စေဖြစ်လာတတ်ကြပြန်ပါတယ်။
မိမိရှိတာလေးမျှနဲ့မတင်းတိမ်နိုင်သူအဖို့ ခံစားသုံးဆောင်စဉ်မှာလည်း မိမိမှာမရှိတဲ့ ကောင်းနိုးရာရာများကိုသာ မျှော်လင့်ရင်း စိတ်ချမ်းသာမှုမှ ဝေးးကွာနေကြဦးမှာပါပဲ ။ ဒါ့ကြောင့် ရှာဖွေစဉ် ရရှိစဉ် သုံးဆောင်ခံစားစဉ်တို့မှာ ရောင့်ရဲနှစ်သက်နိုင်မှသာ စစ်မှန်တဲ့စိတ်ချမ်းသာမှုကို ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။
ကမ္မဋ္ဌာန်းတရားရှုပွားသူ ရဟန်းတော်များအဖို့ ရရှိလာတဲ့ပစ္စည်းလေးပါးအပေါ် သန္တုဋ္ဌိဖြစ်အောင် သုံးဆောင်တတ်စေဖို့ နည်းလမ်း ဆယ့်နှစ်မျိုးကိုလည်း ထပ်မံဖော်ပြပေးထားပါတယ်။
*သန္တောသ/သန္တုဋ္ဌိ (၁၂)မျိုး*
*သင်္ကန်း၌ သန္တောသ(၃)မျိုး*
(၁) ယထာလာဘသန္တောသ- တန်ဖိုးနည်းပါးတဲ့ သင်္ကန်းဖြစ်စေ သင်္ကန်းကောင်းဖြစ်စေ ရရှိလာတဲ့သင်္ကန်းဖြင့်သာ ရောင့်ရဲတင်းတိမ်နိုင်သူ ၊ အခြားသာလွန်ကောင်းမြတ်တဲ့သင်္ကန်းကိုမတောင့်တ ထပ်မံရရှိလာပြန်လျှင်လည်း လက်မခံတော့တဲ့ ရဟန်းတော်ကို သင်္ကန်းမှာ ရရသမျှနဲ့ရောင့်ရဲသူလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်လောက်က ရထားမတိုက် ကျားမကိုက်သည့်ဆရာတော်လို့ ကျော်ကြားတဲ့ ဘုန်းတော်ကြီးဦးသီလဆိုတာရှိခဲ့ဖူးပါတယ်။ ပံသုကူဓုတင်ဆောင်ရဟန်းတော်ဖြစ်ပါတယ်။ ပံသုကူဓုတင်ဆောင်တယ်ဆိုတော့လည်း လူအများကသင်္ကန်းများကို ဆရာတော်စင်္ကြံကြွရာ ဆွမ်းခံကြွရာလမ်းတွေမှာ သင်္ကန်းများကိုချထားလှူဒါန်းကြတာပေါ့ ။ဒါပေမယ့် ဆရာတော်ကြီးကတော့ သူဝတ်ရုံထားတဲ့သင်္ကန်းကိုစွန့်ပြီး ကောင်းနိုးရာရာသင်္ကန်းကို လဲလှယ်သုံးဆောင်တော်မမူပါဘူး ။
သင်္ကန်းဆိုတာ ခန္ဓာကိုယ်ကို လုံအောင်ဖုံးနိုင်ဖို့လိုရင်းဖြစ်ပါတယ် ။သင်္ကန်းကောင်းရလို့ မိမိလက်ရှိအ၀တ်ကိုစွန့်ပစ်ခဲ့လျှင် စိတ်ထားပြည့်ဝသူသူတော်စင် ဖြစ်ဖို့လည်းမလွယ်လှသလို မူလလှူဒါန်းထားသူဒါယကာများမှာလည်း စိတ်ကျေနပ်နှစ်သက်နိုင်မှာမဟုတ်ပါဘူး။
သို့ဖြစ်၍ မိမိမူလရရှိလာသော ကောင်းကောင်းဆိုးဆိုးတစ်မျိုးမျိုးဖြင့်သာ တင်းတမ်ရောင့်ရဲနိုင်မှ ယထာလာဘသန္တောသဂုဏ်ဖြင့် ပြည့်စုံနိုင်မှာဖြစ်ပါတယ်။
(၂)ယထာဗလသန္တောသ- မိမိအသက်ရှင် ရပ်တည်နိုင်စွမ်းသော သင်္ကန်းမျှဖြင့် ရောင့်ရဲတင်းတိမ်နိုင်သူု
မိမိရရှိလာသည်မျှနှင့်သာ သုံးဆောင်သင့်သည်ဆိုသော်လည်း ခန္ဓာကိုယ်က မင်းကွန်းဆရာတော်ဘုရားကြီးတို့ကဲ့သို ပိန်ပိန်ပါးပါး ရလာတဲ့သင်္ကန်းက ထူထဲလေးလံနေမည်ဆိုပါကလည်း ဘယ်လိုမှ ၀တ်ရုံသုံးဆောင်ဖို့ သင့်လျှော်မှာမဟုတ်ပါဘူး။
မကျန်းမမာဖြစ်နေတဲ့ ရဟန်းတော်တစ်ပါးအတွက်လည်း ခန္ဓာကိုယ် နွေးထွေးမှုရစေဖို့ အပူငွေ့ရစေဖို့ ထူထဲသော အ၀တ်သင်္ကန်းကြီးများကိုဝတ်ရုံနေရမှ သင့်လျှော်မျှတနိုင်ပါတယ်။
ဒီတော့ မိမိရရှိသော သင်္ကန်းက မိမိနှင့် မကိုက်ညီပါက သဘောထားပြည့်ဝသော အခြားရဟန်းတော်တစ်ပါးပါးနဲ့ လဲလှယ်ဝတ်ရုံသုံးဆောင်ရပါတယ် ။ ယင်းပုံစံမျိုးဖြင့်လဲလှယ်ကြခြင်းကား အဖိုးနည်းများ။ အကောင်းစားကိုရလို၍ လဲလှယ်ကြခြင်းမဟုတ်ပဲ ကျန်းမာရေးအတွက် မိမိနှင့်သပ္ပါယမျှတမယ့် သင်္ကန်းကိုဝတ်ရုံနိုင်ဖို့အတွက်လဲလှယ်ခြင်းသာဖြစ်ပါတယ်။
ထိုပုံစံမျိုး လဲလှယ်ကာ မိမိကျန်းမာရေးနဲ့ ကိုက်ညီတဲ့ သင်္ကန်းကိုသာ ၀တ်ရုံသုံးဆောင်ကြသောရဟန်းတော်များကို ယထာဗလသန္တောသ-သာသနာအရေး ရှေးရှူ၍သာ မိမိ ရပ်တည်နိုင်စွမ်းသော သင်္ကန်းမျှဖြင့် ရောင့်ရဲတင်းတိမ်နိုင်သူလို့ ဆိုရမှာဖြစ်ပါတယ်။
(၃)ယထာသာရုပ္ပသန္တောသ-မိမိနဲ့ သင့်လျှော်လျှောက်ပတ်သော သင်္ကန်းမျှဖြင့် တင်းတိမ်ရောက့်ရဲသူ
“မိမိကား တောအရပ်သို့သာ ချဉ်းကပ်ပြီး ကမ္မဋ္ဌာန်းတရားပွားများနေသူဖြစ်သဖြင့် အရောင်းအဆင်း အသားကောင်းမွန်သည့်အဖိုးတန်ကိုဝတ်ရုံနေရသည်ဖြစ်စေ။ အ၀တ်စများစုပေါင်းချုပ်စပ်ထားသည့် ပံသုကူသင်္ကန်းကိုဝတ်ရုံနေရသည်ဖြစ်စေ သိပ်အရေးမကြီးလှ။
သာသနာအတွက် အကျိုးများလှသည့် သံဃမထေရ်ကြီးများကား တရားဟောခြင်း စာပေပရိယတ်ပို့ချခြင်းအားဖြင့် အချိန်မအားလပ်ကြရကား မိမိကဲ့သို့ သင်္ကန်းရှာဖွေချုပ်စပ်ဖို့ရန် အချိန်ရနိုင်ကြမည်မဟုတ်ချေ။
ထို့ကြောင့် မိမိအလှူခံရရှိလာတဲ့ သင်္ကန်းသည် မထေရ်ကြီးများနှင့် လျှောက်ပတ်လှပေသည် “ ဟု နှလုံးပိုက်ကာ သင်္ကန်းကောင်းကို မထေရ်ကြီးများ သံဃာ့ဝန်ဆောင်ပုဂ္ဂိုလ်များအား သွားရောက်လှူဒါန်းလိုက်ကာ
မိမိကိုယ်တိုင်ကား ဘုရားညွှန်ကြားနည်းပေးထားသည့်အတိုင်း အမှိုက်ပုံ၊သုဿာန်စသည်တို့မှ အ၀တ်စများကိုကောက်ယူ၍သာ ချုပ်စပ်ဖာထေး၍ သုံးဆောင်သူမျိုးကို ယထာသာရုပ္ပသန္တောသ-မိမိနဲ့ သင့်လျှော်တဲ့ သင်္ကန်းနဲ့သာ တင်းတိမ်ရောင့်ရဲသူလို့ ဆိုရပါတယ်။
*ဆွမ်းပစ္စည်း၌ သန္တောသ(၃)မျိုး *
(၁)ယထာလာဘ သန္တောသ- အခြားသာလွန်ကောင်းမြတ်တဲ့ သားပြွမ်းထမင်းစသည်တို့ကိုမတောင့်တပဲ ကောင်းကောင်း ဆိုးဆိုး ဆွမ်းခံရသမျှလေးနဲ့ တင်းတိမ်ရောင့်ရဲသူမျိုးကို ယထာလာဘသန္တောသလို့ခေါ်ပါတယ်။
(၂)ယထာဗလသန္တောသ- မိမိကဟင်းကောင်းဆွမ်းကောင်းရပေမယ့် မဘုဉ်းပေးသေးပဲ "အစာအိမ်နာ အစာမကြေရောဂါစသည့်ဖြစ်ပွားနေကြသူများကား ဆွမ်းကြမ်းများမဘုဉ်းနိုင်ကြ ငါသူတို့နှင့်လဲလှယ်ကာ သူတို့၏ဆွမ်းကြမ်းမျာကိုသာစားမယ်"လို့ နှလုံးသွင်းကာ သံဃာကိုစောင့်ရှောက်ကာ ယင်းတို့အားမိမိဆွမ်းကောင်းကိုပေးပြီး မိမိက ဆွမ်းကြမ်းမျှကိုသာ ဘုဉ်းပေးသူဟာ ယထာဗလသန္တောသဂုဏ်နှင့်ပြည့်စုံသူဖြစ်ပါတယ်။
မိမိမှာအစာအိမ်နာ အစာမကြေရောဂါရှိနေရင်လည့်း အခြားဆွမ်းကောင်းရလာသော အရှင်တစ်ပါးပါးနဲ့ လဲလှယ်ဘုဉ်းပေးပါက အလိုဆိုးတစ်စုံတစ်ရာမပါပဲ သီတင်းးသုံးဖော်များစိတ်ချမ်းသာမှုကိုသာ အဓိကထားသူဖြစ်လို့ ယထာဗလသန္တောသလို့ ဆိုရပါတယ်။
(၃) ယထာသာရုပ္ပသန္တောသ-မိမိက အင်အားရှိကျန်းမာသူဖြစ်လို့  မည်သည့်ဆွမ်းမျိုးဟင်းမျိုးကိုမဆိုဘုဉ်းပေးသုံးဆောင်နိုင်တယ် ဟုနှလုးသွင်းကာ ဆွမ်းကောင်းဟင်းကောင်းများကို မကျန်းမမာဂိလာနများ သာသနာတော်အားအကျိုးများလှသည့် ပရိယတ်ဝန်ဆောင် ပဋိပတ်ဝန်ဆောင်ပုဂ္ဂိုလ်များအား သွားရောက်လှူဒါန်းပြီး မိမိမှာမူ ဆွမ်းခံလှည့်လည်သဖြင့်သာ ရရသမျှဖြင့် ရောင့်ရဲသူကို ယထာသာရုပ္ပသန္တောသ ပုဂ္ဂိုလ်မျိုးဟု ဆိုရမှာဖြစ်ပါတယ်။
*ကျောင်းသင်္ခန်း၌ သန္တောသ(၃)မျိုး*
(၁)ယထာလာဘသန္တောသ- မိုးယိုသောကျောင်း ၊တံခါးမရှိသောကျောင်းအိုကျောင်းဟောင်းဖြစ်ချင်ဖြစ်ပါစေ သံဃာတော်က ငါ့ရှင် ဒီကျောင်းမှာနေရမည်ဟုဆိုက သံဃာတော်များအလိုကျ မညည်းမညူ ရောက်လာတဲ့နေရာမှာသာ သီတင်းသုံးနိုင်သူကို ယထာလာဘသန္တောသ ပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
(၂)ယထာဗလသန္တောသ- မိမိရရှိလာသော ထေရ်စဉ်ဝါလိုက်နေရာလေးက အရိပ်အာဝါသလည်းအေးမြ ၊လေ၀င်လေထွက်လည်းကောင်းပြီး ကျောင်းကောင်း အဆောင်ကောင်းပင်ဖြစ်သော်လည်း မိမိက ကျန်းမာသူဖြစ်လို့ နေရာမရွေးသီတင်းသုံးနိုင်သူဖြစ်တယ်လို့ နှလုံးသွင်းပြီး မကျန်းမမာသူများ ၊သက်ကြီးရွယ်အိုရဟန်းတော်များကို သနားငဲ့ညှာကာ့ မိမိနဲ့ လဲကာသီတင်းသုံးသူ၊ မိမိမှာ အသက်ရှုကြပ်ကာ လေမရသောတိုက်ခန်း ဂူကျောင်းစသည်တို့မှာမလျှော်၍ ကမ္မဋ္ဌာန်းတရားရှုပွားနိုင်မှူကိုသာ ဦးတည်၍ လေ၀င်လေထွက်ကောင်းသော ကျောင်းနှင့်လဲလှယ်သီတင်းသုံးသူကို ယထာဗလသန္တောသဂုဏ်နှင့်ပြည့်စုံသူလို့ ဆိုရပါလိမ့်မယ်။
(၃)ယထာသာရုပ္ပသန္တောသ-ဆိုတာကတော့ မိမိမှာ ဘုန်းကံကြီးမားသူ ရှေးကောင်းမှုရှိသူဖြစ်၍
ကျောင်းကောင်းကောင်းမှာ သီတင်းသုံးနေထိုင်နိုင်သူဖြစ်ပေသော်ငြားလည်း ..
" ဖုံများ ထိုင်ခုံများမွေ့ယာများနှင့် ပြည့်စုံနေတဲ့ ကျောင်းကောင်း "အိပ်ယာကောင်းဆိုတာ မေ့လျော့ခြင်းရဲ့အကြောင်းတရားများဖြစ်တယ်။ အိပ်ယာကောင်းများကိုအိပ်မိလျှင်လည်းမထချင် ။ အိပ်ယာကနိုးလာပြန်လျှင်လည်း ချမ်းသာသောအတွေ့များကြောင့် ကာမ၀ိတက်များဖြစ်ပေါ်လာတတ်ပေရာ ရဟန်းတော်တစ်ပါးအတွက် အလွန်အန္တရာယ်များလှတယ်။ ဘုရားရှင်တော်ကလည်း ရွာတွင်းကျောင်းများမှာသီတင်းသုံးနေသူထက် တောတွင်းတောင်တွင်းကမပြည့်မစုံ ကျောင်းမည်ကာမျှ နေရာမျိုးကို
လဲဝါဂွမ်းကိုခေါင်းအုံးအိပ်ခြင်းထက် သစ်သားတုံးကိုခေါင်းအုံးအိပ်သောရဟန်းကို ၊ ကျောင်းကောင်းကောင်းပေါ်စက်တော်ခေါ်ခြင်းထက် သစ်တစ်ပင်အောက်ဝါးတစ်ပင်အောက်မှာသာ
မအိပ်စက်ပဲ ထိနမိဒ္ဓကိလေသာများကို တွန်းလှန်တိုက်ထုတ်နေတဲ့ ကျောမခင်းကိုယ်တော်ဘ၀ကိုပို၍ နှစ်သက်သဘောကျတော်မူတယ်။ သစ်ပင်ရင်းမှာ ကမ္မဋ္ဌာန်းရှူပွားနေသူတစ်ယောက်အဖို့ ဆိတ်ကွယ်ရာကိုမရနိုင်သဖြင့် လူတို့ပြုကျင့်တဲ့ မကောင်းမှူဒုစရိုက်မျိုးများလည်း ပြုခွင့်မသာတော့ပဲ ကိလေသာရန်သူများကိုဖဲခွါထားပြီးဖြစ်တယ်.."စသဖြင့် နှလုံးသွင်းကာ မိမိကျောင်းကောင်းကြီးကို ပယ်စွန့်၍ သစ်ပင်ရင်းအရပ်။တောတွင်ကသစ်ရွက်မိုးကျောင်းငယ်လေး စသည်တို့ကိုသာ လက်ခံသာယာလေ့ရှိသူကို ယထာသာရုပသန္တောသ ဂုဏ်နှင့်ပြည့်စုံသူလို့ ခေါ်ရပါတယ်။
*ဆေးပစ္စည်း၌ သန္တောသ(၃)မျိုး*
(၁)မိမိမကျန်းမာ၍ ဆေးရှာမှီးသောအခါ လူအများ ကတန်ဖိုးကြီးသောသောဆေးဝါးများကိုလှူချင်လည်းလှူကြမယ်။ဆီးဖြူသီး ဖန်ခါးသီးကဲ့သို့သော တောသသစ်မြစ်သစ်ဥသစ်ဖု ရတတ်ရာရာလေးများကိုလည်း လှူချင်လည်းလှူကြပေလိမ့်မယ်။ ဒါပေမယ့် ရရသမျှသော ဆေးပစ္စည်းးကိုသာ မညည်းမညူမှီဝဲသုံးစွဲသူကို ယထာလာဘသန္တောသဟု ဆိုရမှာဖြစ်ပါတယ်။
နောက်ထပ်လာရောက်လှူဒါန်းကြသော ဆေးကောင်းဝါးကောင်းများရောက်လာလျှင်ကား လက်မခံတော့ပဲ မူလဖြစ်ပေါ်လာသော ဆေးဝါးကိုသာ ခံယူသုံးစွဲသူဖြစ်ပေသည် အကယ်၍ အသစ်မြင်လို့ အဟောင်းပစ်သူဖြစ်ပါက သန္တောသဂုဏ်နှင့်ပြည့်စုံနိုင်ဖို့မလွယ်ကူတော့ပေ။
(၂)ယထာဗလသန္တောသ- မိမိကကျန်းမာသူဖြစ်ပေမယ့် မိမိအား အားဆေးများ ဆေးကောင်းများလှူဒါန်းကြလျှင်ဖြစ်စေ။ အခြားသံဃာတစ်ပါးပါးက သူနှင့်မိမိ၏ဆေးမှာ ပို၍သင့်လျှော်သည်ဟု ဆိုလာလျှင်ဖြစ်စေ မိမိဆေးဝါးကို အခြားတစ်ပါးပါးဖြင့်လဲလှယ်ကာ မိမိမှာ ဖြစ်သလိုသာ ခံယူသုံးစွဲသူကိုလည်း ယထာဗလသန္တောသဟုဆိုရမှာဖြစ်ပါတယ်။
မိမိမှာ အမှန်တကယ်ပင် ဆေးကောင်းဝါးကောင်းများလိုအပ်နေလျှင်တော့ အခြားကျန်းမာသူအရှင်များ၏ ဆေးဝါးများကိုခံယူသုံးဆောင်ကာ တရားဘာဝနာဆည်းဖြန်းပွားများနေလျှင် ယထာဗလသန္တောသဂုဏ်နှင့်ပြည့်စုံသူသာဖြစ်ပါတယ်။
(၃)ယထာသာရုပ္ပသန္တောသ- ရဟန်းတော်တစ်ပါးပါးက စတုမဓုဆေးနှင့် နွားကျင်ငယ်ရည်ကိုဖန်ခါးသီးနှင့် စိမ်ထားသော ဆေးနှစ်မျိုးလုံးကိုယူလာပြီး “အရှင်ဘုရားအလိုရှိသော ဆေးပစ္စည်းကို အလှူခံတော်မူပါဘုရား” ဟု လျှောက်ထားလာခဲ့ပါက
" နွားကျင်ငယ်ရည်နဲ့ စိမ်ထားသော ဖန်ခါးသီးဆေးကား ဘုရားအဆူဆူတို့ ချီးမွမ်းထောမနာတော်မူခဲ့ပြီး ရလွယ်ကာ ရောဂါပေါင်းစုံကို ပယ်ခွါနိုင်သော ဆေးတော်ကြီးဖြစ်ပေတယ်"လို့ လုံးသွင်းကာ နွားကျင်ငယ်ရည်နှင့်ဖန်ခါးသီးကိုသာ မြတ်နိုးစွာသုံးဆောင်သူဟာ ယထာသာရုပ္ပသန္တောသဂုဏ်နှင့်ပြည့်စုံသူဖြစ်တယ်လို့ ဆိုပါရစေ။
အထက်ကဖော်ပြခဲ့သော် ဆွမ်းနှင့်ပတ်သက်၍ သန္တောသ(၃)မျိုး၊သင်္ကန်းနှင့်ပတ်သက်၍(၃)မျိုး၊ကျောင်းနှင့်ပတ်သက်၍(၃)မျိုး၊ဆေးနှင့်ပတ်သက်၍ (၃)မျိုးအားဖြင့် ပေါင်းသန္တောသ(၁၂)မျိုးတို့သည် အလိုကြီးမှူမဟိစ္ဆာစသော အကုသိုလ်တရားများပယ်ခွါနိုင်ခြင်း၏အကြောင်း တရားထူးတရားမြတ်ကိုသိမြင်နားလည်သဘောပေါက်နိုင်ခြင်း၏အကြောင်းဖြစ်ရကား မေတ္တာသုတ်တော်လာ ကမ္မဋ္ဌာန်းပွားများမည့်သူမှာ ပြည့်စုံရမည့် ဂုဏ်အင်္ဂါတို့တွင်လည်း ယင်းသန္တုဋ္ဌိဂုဏ်ကို ထည့်သွင်းဟောပြတော်မူပြီး သန္တုသကော စ-ဟု မိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။
စာရှုသူများလည်း မိမိတို့ရှာဖွေစုဆောင်းရသမျှ ပိုင်ဆိုင်မှုလေးများနဲ့သာ ရောင့်ရဲနှစ်သက်နိုင်ကြ ကျေနပ်မှုရနိုင်ကြတဲ့
သန္တုဿက ဂုဏ်ထူးဆောင် တပည့်သာဝကများ ဖြစ်နိုင်ကြပါစေ။
မေတ္တာများစွာဖြင့် (အရှင်ဝိမလာလင်္ကာရ-မုံရွာ)
No comments:
Post a Comment