
ဘုရားရှင်ကိုယ်တော်မြတ်က ကရဏီယမတ္တကုသလေန ၊ မိမိအကျိုးစီးပွား၌ လိမ္မာကျွမ်းကျင်သူသည် အကျိုးရှိတဲ့လုပ်ငန်းကိုသာ ကြိုးစားအားထုတ်ပြုလုပ်ရမည်လို့ ဟောတော်မူလိုက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ရဟန်းတော်ငါးရာကို ဦးတည်ဟောကြားတော်မူနေတာဖြစ်လို့ ရဟန်းဝိနည်းလို့ခေါ်တဲ့ ကျင့်ဝတ်များ၊ သမာဓိကျင့်စဉ်များ ၊၀ိပဿနာပွားများနည်းများကို ဦးတည်ဖွင့်ဆိုသွားမှာဖြစ်ပေမယ့် မိမိတို့စာရှုသူများအနေဖြင့်လည်း မိမိတို့နှင့်လျော်ကန်တဲ့ အဆုံးအမ သြ၀ါဒများကို မှတ်သားနာယူပြီး လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် မေတ္တာသုတ္တာန်လာကျင့်စဉ်များသည် အလွန်အကျိုးများလှမှာဖြစ်ပါတယ်။
ဟုတ်ပြီ ၊ဒီတော့ ဆက်လက်လေ့လာကြည့်ကြဦးစို့ရဲ့။ ဒီနေရာမှာ
“အတ္ထကုသလ-မိမိအကျိုးစီးပွား၌ ကျွမ်းကျင်လိမ္မာသူဟာ အကျိုးရှိတဲ့ ပြုသင့်တဲ့အရာကိုသာ ပြုလုပ်ရမယ်” လို့ဆိုလိုက်သဖြင့် ပြုသင့်မပြုသင့်တဲ့အရာနဲ့ အကျိုးရှိမရှိကိုပါ သေသေချာချာ ဂဃနဏသိရှိထားဖို့ လိုအပ်ပါတယ်။
ထိုကမ္မဋ္ဌာန်းဘာဝနာကို ကြိုးစားအားထုတ်နေကြတဲ့ ရဟန်းတော်များ ၊ယောဂီသူတော်စဉ်များအတွက်ကတော့
သီလသိက္ခာဆိုတဲ့ ကိုယ်နဲ့နှုတ်ကို အကုသိုလ်မဖြစ်အောင်ထိန်းချုပ်မှု၊
သမာဓိသိက္ခာလို့ခေါ်တဲ့ မိမိစိတ်ကလေးကို ကိလေးသာအညစ်အကြေးတို့မညစ်နွမ်းစေပဲ ဖြူစင်အောင်ထားနိုင်မှုနဲ့ ပညာသိက္ခာလို့ခေါ်တဲ့ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်းထိုးထွင်းနားလည်အောင် ကြိုးစားအားထုတ်မှုတို့ဟာ ပြုသင့်ကျင့်သင့်တဲ့ တရားဓမ္မများမဟုတ်ပါလား။
မှန်ပါတယ် မိမိတို့မျှော်မှန်းထားတာက အမှန်ကိုအမှန်တိုင်းနားလည်သဘောပေါက်ပြီး လမ်းမှားတွေမလိုက်မိအောင် ကြိုးစားအားထုတ်ရမှာ၊ ယောဂီသူတော်စဉ်အမည်ခံပြီး ကာယကံအမှူဝစီကံမှူတွေမစင်ကြယ်ရင်လည်း သူတောင်ယောင် ကြောင်သူတောင်ကြွက်သူခိုးဆိုတာလိုဖြစ်သွားမှာပေါ့။ နောက်ပြီး သမာဓိတရားနဲ့ နီဝရဏတရား၊ကိလေသာအကုသိုလ်ဝိတက်တို့ကိုမဖယ်ခွါထားနိုင်ပြန်ရင်လည်း ငါဥပုသ်ကြီးနဲ့မို့နော် ထရိုက်လိုက်ရဆိုတာလို ကာယကံမြောက်မကျုးလွန်အောင်သီလနဲ့ထိန်းထားပေမယ်လို့ လောဘဒေါသမောဟတွေကတော့ ရင်ထဲမှာဗလောင်ဆူနေဦးမှာပါပဲ။
အတွင်းပုပ်ပုပ်နေတဲ့ရေသဖန်းသီးမှည့်လို အပြင်ဘယ်လောက်ကြည့်ကောင်းကောင်း ဘယ်သူမှလေးစားမြတ်နိုးနှစ်သက်မှာမဟုတ်ပါဘူး။ မိမိအတွင်းစိတ်ဓာတ်ကိုမသိသူတွေက သူတော်စင်ကြီးထင်ပြီး မြတ်နိုးကော်ရော်နေကြပေမယ့် အတွင်းပုပ်ကိုအတွင်းကျကျသိရှိနေတဲ့ မိမိကိုယ်တိုင်က ဘယ်ကြည်ညိုနိုင်တော့မှာလဲ။ ဒါ့ကြောင့် သမာဓိသိက္ခာနဲ့လည်း မိမိစိတ်ကလေးကို ကိလေသာအညစ်ကြေးတွေထဲက စွဲထုတ်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။
ဒါပေမယ့် အခရာအကျဆုံးအရေးအကြီးဆုံးကတော့ ကိလေသာဖြစ်ပေါ်ပေါက်ဖွားလာရခြင်းရဲ့ ရင်းမြစ်ကအမှန်ကိုအမှန်တိုင်းမမြင်နိုင်လို့ လောဘဒေါသတွေဖြစ်လာကြ။ မထိန်းချုပ်နိုင်တဲ့အဆုံး ဒုစရိုက်တွေကိုပြုလုပ်မိကြပြောဆိုမိကြပြီး စိတ်အလိုလိုက်ကာ မိုက်မှားနေမိကြတာမဟုတ်ပါလား။ အနိစ္စအဖြစ်၊ဒုက္ခတုံးကြီးအဖြစ် ၊မိမိကိုယ်ကိုယ် မိမိမပိုင် မချုပ်ကိုင်နိုင်တဲ့အဖြစ်ကိုသိရှိနားလည်သဘောပေါက်သွားတဲ့ အရိယာသူတော်စင်တွေအတွက်
လောကကြီးကသုညတဆိုက်ပြီး ဘာမှမဟုတ်တဲ့အနတ္ထက အနှစ်မဲ့သဘောကြီးဖြစ်တာကိုသိရှိပြီး စက်စုပ်ရွံရှာသွားတယ်။ ၀တ္ထုကာမ ဆိုတဲ့ စည်းစိမ်ဥစ္စာဂုဏ်ဒြပ်တွေ။ကိလေသာကာမဆိုတာ ကာမဂုဏ်ပျော်ပါးခံစားမှူတွေကို ပယ်ခွါစွန့်လွှတ်နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် ပြုသင့်ပြုထိုက်တဲ့ သီလ၊သမာဓိနဲ့ အမှန်ကိုမြင်နိုင်မယ့် ပညာတွေရဖို့ ကြိုးစားအားထုတ်နေကြရတာပဲဖြစ်ပါတယ်။
ဒီတော့ ပြုလုပ်အားထုတ်သင့်တဲ့တရားတွေက ဘာတွေဆိုတာတော့ နားလည်သဘောပေါက်သွားကြပြီလို့ ထင်ပါတယ် ။ မပြုလုပ်သင့်တဲ့တရားတွေကတော့
(၁)သီလဝိပတ္တိ၊
(၂)ဒိဋ္ဌိဝိပတ္တိ၊
(၃)အာစာရဝိပတ္တိ၊
(၄) အာဇီဝဝိပတ္တိ ဆိုတဲ့ ၀ိပတ္တိတရားလေးပါးပဲဖြစ်ပါတယ်..တဲ့ ဒီတော့ ဟုတ်ပြီ သီလ၀ိပတ္တိဆိုတာ ဘာတွေပါလိမ့်၊
မလုပ်သင့်တဲ့ အလုပ်တွေလုပ် မပြောသင့်တာတွေပြောနေပြီဆိုရင်တော့ ဒီလူရဲ့ ကိုယ်ကျင့်သီလပျက်စီးသွားတာဖြစ်လို့ သီလ၀ိပ္ပတ္တိဖြစ်သွားပြီလိုဆိုရပါလိမ့်မယ်။မိမိစောက်တည်ထားတဲ့ ဥပုသ်လေးကျိုးသွားတာလေးတင် ရည်ရွယ်ပြောနေတာမဟုတ်ပါဘူး။
အာစာရ၀ိပ္ပတ္တိဆိုတာက မိမိပြုမူကျင့်ကြံတဲ့အလေ့ကျင့်ကောင်းတွေပျက်စီးသွားတာပဲဖြစ်ပါတယ်။ အယူအမြင်တွေမစင်ကြယ်တော့ဘူးလမ်းလွဲလိုက်မိပြီ ဒိဋ္ဌိဝိပ္ပတ္တိပါဖြစ်ပြီးဆိုပြန်ရင်လည်း အသက်မွေးမှုပါမစင်ကြယ်တဲ့ အာဇီ၀၀ိပ္ပတ္တိ-ပါဆက်လက်ဖြစ်လာတော့တာပါပဲ။
အသက်မွေးမှူမစင်ကြယ်ခြင်းဆိုတာကတော့ ၀မ်းဝဖို့လေးကို မသင့်လျော်မအပ်စပ်တဲ့နည်းနဲ့ ရှာဖွေနေကြတာ။လှူချင်တန်းချင်အောင်လုပ်ကိုင်နေကြတာကို ဆိုလိုပါတယ်။ ရဟန်းတော်များဟာ လူမှူကိစ္စတွေကိုရှောင်ခွါပြီး မိမိရဲ့ပဓာနအလုပ် ရုပ်နာမ်ဖြစ်ပျက်ကိုမြင်အောင် ကြိုးစားအားထုတ်ပြီး ကိလေသာပယ်ခွါရေးးကို ဇောင်းပေးကျင့်ကြံအားထုတ်နေကြသူတွေမဟုတ်ပါလား။ ဒါကိုမိမိက အစာအာဟာရဆွမ်းကလေးရဖို့အတွက်နဲ့
၁။ အထင်ကြီးအောင်ပြုမူကာ ကိုယ့်ဂုဏ်ကိုဖော်ပြောခြင်း။
၂။ လာဘ်ရအောင် မြှူဆွယ်ပြောဆိုခြင်း။
၃။ မည်သူကတော့ မည်မျှလှူဒါန်းသွားပြီးဟု အခြားသူများပါလှူချင်လာအောင် သိစေခြင်း။
၎။ မိမိမှတစ်ပါး အခြားသူများကိုအကြည်ညိုမဲ့အောင် သူတစ်ပါးများအားကဲ့ရဲ့ရှုံ့ချခြင်း
၅။ တစ်နေရာမှရသောပစ္စည်းကို အခြားတစ်နေရာသို့ ပေးခြင်း။
၆။ ကျောင်းအသုံးဆောင် သစ်များ၊ ဝါးများကို လူများအားမျက်နှာလုပ်ကာပေးခြင်း။
၇။ သစ်ရွက်၊ ပန်းပွင့်၊ သစ်သီးပေးခြင်း။
၈။ ဆပ်ပြာ၊ မြေညက်ပေးခြင်း။
၉။ မိမိကိုယ်ကို အောက်ချ၍ ကျွန်တော်မျိုးကြီးက သူဋ္ဌေးမင်းကြီးကို စသည်ဖြင့်ပြောခြင်း။
၁၀။ အမှန်နည်းပါး အမှားများသောစကားကိုဆိုခြင်း။
၁၁။ မျက်နှာသစ်ရေ၊ ဒန်ပူပေးခြင်း။
၁၂။ ကလေးထိန်းပေးခြင်း။
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း။
၁၄။ မြေနေရာ ကောင်း၊ မကောင်း ရွေးပေးခြင်း။
၁၅။ မဂ်ဖိုလ်မှ ဖီလာအတတ်ကို သင်ပေးခြင်း။
၁၆။ အင်္ဂဝိဇ္ဇာဟောခြင်း၊ ဗေဒင်ဟောခြင်း။
၁၇။ နက္ခတ်ရွေးပေးခြင်း။
၁၈။ လူတို့၏အစေအပါးအဖြစ်ဖြင့် ခိုင်းသမျှ လုပ်ဆောင်ပေးခြင်း။
၁၉။ ဆေးကုခြင်း။
၂၀။ ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခြင်း
၂၁။ မိမိအား လှူထားသောပစ္စည်းကိုပေးခြင်း..ဆိုတဲ့ အနေသန-မအပ်သောရှာမှီးခြင်း(၂၁)ပါးတို့ကို လုပ်ကိုင်ပြီဆိုလျှင် ထိုရဟန်းရဲ့အသက်မွေးမှူလည်း ညစ်နွမ်းသွားပြီး သာသနာဖျက်ရဟန်းဘ၀လည်း ရောက်မှန်းမသိ ရောက်သွားတော့တာပါပဲ ။
လူဆိုတာကတော့ ၀ိနည်းတရားများ သာသနာ့ကျင့်ဝတ်များကိုနားလည်ကြသူတွေမဟုတ်ကြပါဘူး။ ကိုယ့်အပေါ်ပေစ္စက္ခကောင်းပြရင် သူတော်စင်ကြီးလို့ပဲ မြင်ကြတာလေ။ သူတို့ဖက်ကကြည့်လျှင်တော့ ဟုတ်သယောင်ယောင်ရှိပါတယ်။ မိမိလိုအပ်ရာရာကို ကူညီလုပ်ကိုင်ပေးလိုက်သဖြင့် မိမိတို့အခက်ခဲအားလုံးလည်းအဆင်ပြေသွားတော့ တယ်တော်တဲ့ တို့ဘုန်းဘုန်းဆိုပြီး ပိုရင်းနှီးခင်မင်သွားကြတာ ။ပိုလှူကြတန်းကြတာမလား ။ဒါပေမယ့် ထိုတကာတကာမတို့ခမျာ သဒ္ဓါတရားပျက်မှန်းမသိပျက်လာကြတယ်။
အရင်အခါများဆို သံဃာမြင်ရင် ဦးတင်ကန်တော့ကြတယ် ။တတ်စွမ်းသမျှလေးလှူဒါန်းနိုင်ကြတယ်မလား။ ခုလိုကုလဒူသက လူပေါင်းပေါင်းတဲ့ရဟန်းတော်နဲ့မိတ်ဆွေဖြစ်ခင်မင်ရင်းနှီးချိန်မှစပြီး “ဟေ့ ..ရဟန်းဆိုတာ အများအကျိုးသယ်ပိုးရမယ့်သူတွေ ဘာမှမလုပ်ပဲ သင်္ကန်းပတ်ပြီး လက်ဖြန့်ခံစားသောက်နေတာအလိုမရှိဘူး၊ တစ်ပြားမှမလှူနိုင်ဘူး။ ကိုယ့်အိမ်ကကျွန်ကိုကျွေးလိုက်မွေးလိုက်တာကမှ ကိုယ့်အိမ်အလုပ်ကို ကြိုးစားလုပ်ပေးလိမ့်ဦးမယ်။အချောင်သမားတွေသာသနာနေတယ်။ သာသနာမှာနေပြီး အလုပ်မလုပ်တဲ့သူတွေအလိုမရှိဘူး။ ပရဟိတများများလုပ်တဲ့ လူတွေကိုကူညီမယ့်သံဃာတွေပဲလိုအပ်တယ်”စသည်ပြောကာ အမြင်လွဲလမ်းလွဲလိုက်မိသွားကြပါတယ်။
သူတို့လှူသမျှကလည်း သာသနာကိုလှူတာမဟုတ်တော့ပဲ ထိုလူမှူရေးမှာနောကျေတဲ့ရဟန်းများနှင့် လူမှူရေးကိစ္စများမှာသာ များကုန်တော့တယ်။ အမှန်တကယ်က ရဟန်းကောင်းရဟန်းမြတ်များက စာသင်တိုက်များ တရားရိပ်သာများကနေ အဝေးကွပ်ကဲမှူဖြင့် လူအများစာရိတ္တမပျက်ပြားရအောင် ဟောကြားပေးခြင်း နီးရာနီးရာကို ဆုံးမပေးခြင်း ကိုယ်တိုင်ကလည်းနောင်လာရဟန်းသံဃာတော်များကို အတုလိုက်ကာကျင့်ကြံကြစေရန် စံပြနေထိုင်ပြခြင်းဖြင့် ဘုရားအဆုံးအမ သာသနာတော်ကိုမြင့်တင်နေကြသူတွေဆိုတာ သူတို့သဘောမပေါက်ကျတာမလား။
သံဃာကိုပုဂ္ဂိုလ်ကွယ်တယ်ဆိုတာဒါမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ဒါ့ကြောင့် တရားဓမ္မများကိုဟောကြားတဲ့ရဟန်းတော်များပင်လျှင် အတ္တုကံသန ပရ၀မ္ဘန မိမိကိုယ်ကို မြင့်တင်ပြီး အခြားသူများအားချမနင်းမိဖို့ အရမ်းအရေးကြီးပါတယ်။ လူတွေရဲ့အမြင်ဆိုတာကတော့ အတိမ်းအစောင်းခံကြတာမဟုတ်ပါဘူး။
ကျုပ်လိုများ ပရဟိတတွေလုပ်ချင်စိတ်ရှိလာကြရင်ကောင်းမယ်။ သာသနာ့အရေခြုံတွေမရှိဖို့လိုအပ်တယ် စသည်ဖြင့်ပြောဆိုနေကြတဲ့ ဓမ္မကထိကများလည်း သတိထားပြီး ယင်းကဲ့သို့မဟောပြောမိကြဖို့လိုပါတယ်။ သံဃာကြားမှာသြ၀ါဒစကားအနေဖြင့် ဆုံးမပြောကြားတာကို သံဃာအများလည်းလက်ခံသဘောပေါက်ပါတယ်။ဒါကိုလူကြားမှာမှ အသံကောင်းဟစ်ပြီး မိမိသာသနာအတွက်ဘယ်လောက်စွမ်းစွမ်းတမံလုပ်နေပါကြောင်း မဏ္ဍပ်တိုင်တက်ပြခြင်းမျိုးကတော့ အခြားရဟန်းးသံဃာတွေခေါင်းကိုချနင်းလိုက်တာလို့ပဲ သာသနာတော်ကမြင်ထား လို့ပဲဖြစ်ပါတယ်။
ဒီတော့ဒီလိုမအပ်မရာတွေနဲ့ လာဘ်လာဘပေါအောင်ရှာဖွေပြီဆိုရင်တော့ ထိုရဟန်းဟာ သမ္မာအာဇီဝမဟုတ်တော့ပဲ မဂ္ဂင်လမ်းမတော်ကြီးကို ပြောင်းပြန်လျှောက်ကာ အပါယ်လမ်းရောက်ဖို့သေချာသလောက်ဖြစ်သွားပါလိမ့်မယ်။
လူဥပါသကာဒါယကာတို့အနေဖြင့်လည်း အသက်မွေးဝမ်းကြောင်းစင်ကြယ်ဖို့ ဥပါသကာတို့ မရောင်းအပ်သော ကုန် ၅-မျိုးရှိတယ်လို့ အင်္ဂုတ္တိုရ် ပဉ္စက ၀ါဏိဇ္ဇသုတ်တော်မှာ ဘုရားရှင်ကိုယ်တော်တိုင်အတိအလင်း ဟောထားတော်မူပါတယ်။
(၁) အာဝုဓ ၀ါဏိဇ္ဇ- ဓါး လှံ သေနတ် အမြောက် စိန်ပြောင်းစသည့် ပါဏာတိပါတ လက်နက်မျိုး။
(၂) သတ္တ- လူနှင့် အသားသတ်စားရန် မွေးမြူးရေးသတ္တ၀ါမျိုး။
(၃) မံသ- သား ငါး ကြက် ၀က်စသည့် အသားစိမ်း/ခြောက်။
(၄) မဇ္ဇ- မူးယစ်စေတတ်သော သေစာမျိုး ဟူသမျှ။
(၅) ၀ိသ ၀ါဏိဇ္ဇ- သတ္တ၀ါတို့ကိုသေစေတတ်သော အဆိပ်မျိုးဟူသမျှ။လို့ ဆိုပါတယ်
ဒီတော့ သမ္မာအာဇီဝဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်နဲ့နီးတယ်ဆိုရင်တော့ မိမိတို့ဆိုင်များမှာ ယင်းပစ္စည်းငါးမျိုးကိုမရောင်းချမိဖို့လိုပါလိမ့်မယ်။
ယနေ့ခေတ်မှာ သမ္မာအာဇီဝဆိုတာ ပျက်လုံးတစ်ခုတောင်ဖြစ်နေမလားပဲ ကုန်စုံဆိုင်တည်ရောင်းပြီဆိုမှတော့ လေးခွလေး၊ဓားလှံလေးလည်းရောင်းပါမှ ဆိုတာတွေ ။မွေးမြူရေးနဲ့ပတ်သက်တဲ့ သားတိုးဆေး၊ဥကြီးဆေးစတာတွေ ကြက်ငှက်တွေ အလှငါးလေးတွေကန်နဲ့ထည့်ရောင်းနေတာတွေ၊ ဆိုင်တိုင်းမှာ မရှိမဖြစ်တင်နေကြရတဲ့ ကြက်ဥဘဲဥ ကြက်သားမှုံငံပြာရည်စတာတွေ ၊အဖျော်ဆိုင်တွေမှာယမကာပါတွဲရောင်းမှ စီးပွားဖြစ်တယ်ဆိုတာတွေ ။ပိုးးသတ်ဆေးတွေလက်လီလက္ကားဖြန့်နေကြတာတွေ စုံလို့ပါပဲ။ ဒီတော့ မိမိတို့အသက်မွေးမှူဟာ သမ္မာအာဇီဝကျကျတောင်းရမ်းစားသောက်တဲ့ လူဆင်းရဲများလောက်မှ အဆင့်တန်းမြင့် အပြစ်ကင်းကြပါသလား စဉ်းစားကြဖို့လိုပါလိမ့်မယ်။
ဒီတော့ အာဇီ၀၀ိပတ္တိဆိုတဲ့ အသက်မွေးမှူပျက်စီးသွားအောင် မိမိကိုယ်တိုင်မဖျက်ဆီးမိကြဖို့အလွန်အရေးကြီးပါတယ် ။သို့မဟုတ်ပါက ငွေကြေးရရေးအတွက် မိမိကိုယ်ကိုယ်ရောင်းစားသူများနှင့်မခြား မိမိတစ်ဘ၀စာကောင်းစားရေးအတွက် သံသရာတစ်ခုလုံး အနာဂါတ်အားလုံးကိုရောင်းစားလိုက်သည်နှင့်တူသွားပါလိမ့်မယ်။
ဘုရားသားတော်သမီးတော်များပီပီ ဘုရားရှင်ဟောကြားဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ကြံနိုင်ကြဖို့အလွန်အရေးကြီးလှပါတယ်။
(ဆက်လက်ဖော်ပြပေးပါဦးမည်)
လင်္ကာအရှင်-မုရွာ

No comments:
Post a Comment