
ကမ္မဋ္ဌာန်းအလုပ်ကို ယုံကြည်လေးမြတ်စွာ မည်မျှပင်ကြိုးစားကြသော်လည်း သဗ္ဗတ္ထကလို့ခေါ်တဲ့ ယောဂီပုဂ္ဂိုလ်တိုင်းပွားများရမည့် မေတ္တာသက်စောင့်ကမ္မဋ္ဌာန်းကို မစီးဖြန်းမိခဲ့ကြသဖြင့် တပ်ဆုတ်ကာ နောက်ပြန်ခေါက်ခဲ့ကြရသည့် မြတ်စွာဘုရားလက်ထက်က ပဋိပတ္တိဝန်ဆောင်မထေရ် မြတ်များ အကြောင်းကို ဗဟုသုတအဖြစ်တင်ပြပေးချင်ပါသေးတယ်။
ဘုရားတပည့်သားရဟန်းတော်များဟာ သီတင်းဝါလမတိုင်မီမှာ ဘုရားရှင်ထံချည်းကပ်ကြ၍ ကမ္မဋ္ဌာန်းရှူမှတ်ပွားနည်း နိဿျည်းကို ဘုရားရှင်ထံမှနာယူကာ
မိမိ မိမိတို့နှင့်သပ္ပါယဖြစ် လျောက်ပတ်တဲ့နေရာများမှာ သွားရောက်ဝါကပ်တော်မူကြရင်း ကမ္မဋ္ဌာန်းတရားများကိုအပြင်းအထံကြိုးစားပွားများအားထုတ်လေ့ရှိကြပါတယ်။
တချိန် မြတ်စွာဘုရားရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည်မှာ ၀ါဆိုဝါကပ်နေတော်မူစဉ်မှာတော့ (၅၀၀)မျှသော ရဟန်းတော်တို့ဟာ ထိုနည်းတူစွာ ၀ါမဆိုမီလေးတွင် ဘုရားရှင်ထံမှ သြဒါတကသိုဏ်း ၊နီလကသိုဏ်းစသော ကသိုဏ်းဘာဝနာပွားနည်းများသင်ယူကာ တစ်ဝါတွင်းလုံးအပြင်းအထန် တရားအားထုတ်ကြမည်ဟူသော အကြံဖြင့် လျောက်ပတ်သည့်ကျောင်းအိပ်ယာနေရာနှင့် မျှတသည့်ဆွမ်းဘောဇဉ်ကို အလွယ်တကူရရှိနိုင်မည့် နေရာဒေသတစ်ခုခုကိုလည့်လည်ရှာဖွေကြရင်း ဟိမ၀န္တာနှင့်စပ်နေတဲ့ အုံ့အုံ့မှိုင်းမှိုင်းတောအုပ်တခုကိုလှမ်းမြင်လိုက်ကြရတယ်။
ဒီတင်ခေါင်းဆောင်မထေရ်ကြီးက” အရှင်ဘုရားများဘုရား ဘုရားတပည့်တော်များလည်း ကမ္မဋ္ဌာန်းအားထုတ်ဖို့သင့်လျော်မယ့်နေရာလိုက်ရှာရင်းလာလိုက်ကြတာ ရဟန်းတော်များကလည်းအပါးငါးရာဆိုတော့ ကျောင်းငါးရာရဖို့တော့မလွယ်ကူလှဘူး။ ဒီတော့ အနီးအနားမှာဆွမ်းခံလို့ရမယ့် ရွာလည်းရှိမယ် သောက်ရေသုံးရေအတွက်လည်း အဆင်ပြေမယ့်နေရာလည်းဖြစ်မယ်ဆိုရင် သစ်ပင်ရင်းကိုပဲကျောင်းအမှတ်နဲ့သီတင်းသုံးကြကာ တောအုပ်တခုခုကိုနေထိုင်သီတင်းသုံးကြမှဖြစ်မယ်။
အခုတပည့်တော်များမလှမ်းမကမ်းမှာ လှမ်းမြင်နေရတဲ့တောင်ခြေက တောအုပ်လေးမှာကတော့ တော်တော်စိမ်းညို့နေတယ် လူသူအရောက်အပေါက်လည်းနည်းမယ်ဘုရား၊ တပည့်တော်များသီတင်းသုံးကြဖို့ရန် သင့်မသင့်သွားရောက်လေ့လာကြပြီး အဆင်ပြေပါက အနီးနားရွာလေးတွေမှာ ဆွမ်းခံကြွကြည့်ကြတာပေါ့ ။ အာဝါသသပ္ပါယ ပုဂ္ဂလသပ္ပါယမျှတတယ်ဆို တပည့်တော်များ ထိုတောအုပ်မှာပဲ သီတင်းသုံးကြတာပေါ့ဘုရား “ လို့ အကျိုးအကြောင်းလျှောက်ထားလိုက်တယ်။
နောက်ပါရဟန်းတော်များကလည်း ထိုတောအုပ်ကိုလှမ်းမျှော်ကြည့်လိုက်ကြရာ အဝေးမှပင် နေချင်စဖွယ်အုံ့မှိုင်းနေတာကိုတွေ့ကြရပါတယ်။ဒါ့ကြောင့် ရဟန်းတော်ငါးရာလုံးပင်
ထိုတောအုပ်ဆီခရီးဆက်ခဲ့ကြပါတယ်။ ထိုတောအုပ်လေးအတွင်းချင်းနင်းဝင်ရောက်မိကြသည်နှင့် တီတီတာတာကျေးငှက်လေးများမြည်သံမှလွဲ၍ အလွန်တိတ်ဆိတ်အေးချမ်းနေတယ်။ သစ်ပင်ကြီးမျတားမှာလွန်ကြီးမားပြီး အပေါ်မှာနေပျောက်တောင်မထိုးဘူးတဲ့ ။ အောက်မြေပြင်ကလည်း လူသူများလာရောက်ခင်းကျင်းစီမံထားဘိသည့်အလား ပတ္တမြားသဖွယ် ကျောက်ညိုလေးများနှင့် အေးမြတဲ့သဲမြေပြင်ကလည်း ကြည်လင်သန့်ရှင်းနေတယ်။
ရဟန်းငယ်လေးတစ်ပါးက ရေရလိုရငြားလှည့်ပတ်ကြည့်လိုက်ပြန်တော့ မလှမ်းမကမ်းမှာ သဲချောင်းလေးတစ်ခုကလည်း ကြည်လင်အေးမြတဲ့ရေကိုတသွင်သွင်စီးဆင်းနေလျှက်။ဒါပေမယ့် ထုးဆန်းသည်ကား တောဆိုးသားကောင်များလည်း တစ်ကောင်တစ်လေမျှမတွေ့ကြရသလို သစ်ခုတ်ဝါးခုတ်သူ လူသူဟူ၍လည်း ထိုတောအုပ်ကို တစ်ဦးတစ်ယောက်မှ လာတဲ့ခြေရာလက်ရာကိုမတွေ့ကြရတာပဲ။ မလာဆိုမလာလည်းမလာရဲကြဘူးလေ ။
ထိုဒေသခံတွေယုံကြည်နေကြတာက အဲဒီတောကကြမ်းတယ်၊ တစ်စုံတစ်ယောက်ဝင်သွားရင် ဖျားနာပြီးသေဆုံးသွားကြ နှလုံးသွေးပျက်ပြီး ရူးသွပ်သွားကြနဲ့မို့ ထင်းခွေတောခုတ်တောင် မည်သူမျှအနားမကပ်ဝံ့ကြတဲ့ တောအုပ်ကြီးတဲ့။

ဒီအကြောင်းတွေကို နယ်ခံတွေနဲ့လည်းမတွေ့ကြရတော့ မသိကြဘူး သိလည်းရဟန်းတော်များဆိုတာက သီလသမာဓိနဲ့နေတော်မူကြတာမို့ ဂရုစိုက်ကြမယ်လည်းမထင်ဘူးလေ။ ဒါ့ကြောင့်ရဟန်းတော်များအဲဒီတောအုပ်မသွားရောက်ကြဖို့ မတားကြတာလည်းဖြစ်မှာပေါ့။ ဒီလိုနဲ့ ရဟန်းတော်အားလုံးရဲ့ သဘောတူညီမှူဆန္ဒအရ ဒီတောအုပ်လေးထဲမှာပဲ မိုးတွင်းဝါလပတ်လုံး သီတင်းသုံးပြီး ကမ္မဋ္ဌာန်းဘာဝနာပွားများအားထုတ်ကြမယ်လို့ တညီတညွှတ်ထဲ ဆုံးဖြတ်လိုက်ကြတာပေါ့။ညနေနေမ၀င်မီအပြီး ကိုယ်သီတင်းသုံးတရားအားထုတ်မယ့် သစ်ကြီးဝါးကြီးပင်များကိုရွေးချယ်သတ်မှတ်လိုက်ကြပြီး အားလုံးပြီးစီးသည်နှင့် သံဃမထေရ်ကြီးထံ တဖန်စုဝေးချည်းကပ်လာကြပါတယ်။
“ မထေရ်ကြီးဘုရား တပည့်တော်များနေရာပြင်ဆင်မှူ အားလုံးပြီးစီးသွားပါပြီဘုရား”
“မှန်ပါအရှင်ဘုရားတို့ တပည့်တော်အထူးမှာစရာတော့မရှိပါဘုရား၊ အားလုံးလည်း တရားဘာဝနာပွားများကြရန်အကြံဖြင့် စိတ်တူသဘောတူ ဒီကိုရောက်လာကြပြီးဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းပေးတော်မူတာကလည်း ဘုရားရှင်ကိုယ်တော်တိုင်ဖြစ်တာကြောင့် ဒီတစ်ဝါတွင်းမှ ကိစ္စပြီးအောင် ကြိုးစားအားထုတ်တော်မူကြပါ ။သီတင်းဝါလကျွှတ်သည်နှင့် ကိလေသာကင်းကွာ ရဟန္တာကြီးများအဖြစ်ဖြင့် ကမ္မဋ္ဌာန်းဆရာမြတ်စွာဘုရားကို သွားရောက်ကန်တော့ပြီး နှစ်သက်ကြပါကုန်အံ့။ အထူးမှာကြားလိုသည်မှာ သံဃာတော်များအကြောင်းတစ်စုံတစ်ရာရှိပါက အရေးပေါ် သံဃာစည်းဝေးကြရန် တပည့်တော်သီတင်းသုံးရာသစ်ပင်မှာ တုံးကလေးတစ်ခု ပြုလုပ်ချိတ်ဆွဲထားပါမည်ဘုရား။ သန်းခေါင်ညဉ့်နက်ဖြစ်ပစေ ကျန်းမာရေးစသော အကူညီလိုအပ်ပါက တပည့်တော်ကိုချက်ချင်းအသိပေးအကြောင်းကြားပါ ။တပည့်တော်ကလူကြီးဆိုတော့ တာဝန်အပြည့်ရှိနေတာကြောင့် ကြိုတင်လျှောက်ထားရခြင်းပါ။အခု သောက်ရေသုံးရေ နေရာအတွက်ကတော့ အားလုံးအဆင်ပြေစိတ်အေးကြရပါပြီဘုရား ဘောဇနသပ္ပါယမျှမမျှကိုကတော့ မနက်ဖြန်ဆွမ်းခံကြွမှသိကြရမှာပဲ။ အားလုံးအဆင်ပြေသွားမယ်လို့တော့ မျှော်လင့်ရတာပါပဲ။ကဲကဲ အရှင်ဘုရားများလည်း ကြွနိုင်ကြပါပြီ”
အားလုံးသာဓုခေါ်ကာ အရိုအသေပြုလျှက် မိမိကမ္မဋ္ဌာန်းအားထုတ်မည့်နေရာများသို့ အသီးသီးပြန်လည်ကြွသွားတော်မူကြကာ ကမ္မဋ္ဌာန်းတရားများရှူပွားကြလေသည်။
နောက်ရက်နံနက်မိုးသောက်ရောက်သည်နှင့် ကိုယ်လက်သုတ်သင်ပြီး သင်္ကန်းပြင်ဆင်ဝတ်ရုံကာ အနီးနားကရွာလေးတစ်ရွာသို့ဆွမ်းခံဝင်ကြရာ တစ်ရွာလုံးကလည်း သဒ္ဓါတရားကောင်းကြပြီး ရဟန်းသံဃာတော်တို့ကိုဖူးမြော်ခွင့်ရဖို့ရန်လည်းလွန်စွာခဲယဉ်းကြသဖြင့် ၀ါတွင်းသုံလပတ်လုံး ဤတောအုပ်မှာသာသီတင်းသုံးကြဖို့ရန်ဝိုင်းဝန်းလျှောက်ထားကြပြီး ကျောင်းအလုံးပေါင်းငါးရာကိုပါ တစ်ရွာလုံးလာရောက်ဆောက်ပေးကြလေတော့သည်။ ဤနေရာမှာ ကျောင်းအလုံးငါးရာဆောက်ပေးတယ်ဆိုလို့ ကျောင်းဆောင်ကြီးပေါင်းအလုံးငါးရာမဟုတ်ပါဘူးနော်
သာရိပုတ္တထေရဂါထာမှာလာတဲ့
ပလ္လင်္ကေန နိသိန္ဒဿ ၊ဇဏ္ဏုကေ နာဘိဝဿတိ ။
အလံ ဖာသုဝိဟာရာယ ပဟိတတ္တဿ ဘိက္ခုနော။…..
ဆိုတဲ့ကမ္မဋ္ဌာန်းကျောင်းပုံစံမျိုးပေါ့
ထက်ဝယ်ဖွဲ့၍ တင်ပလ္လင်ခွေထိုင်ပြီးတရားအားထုတ်လျှင် ပုဆစ်ဒူးဝန်းနှစ်ဖက်မိုးလုံတဲ့အမိုးလေးရှိတဲ့ ကျောင်းသေးသေးလေးမျိုးပေါ့။ ဒါမှလည်း ကျောင်းအလုံးငါးရာနေ့ချင်းပြီးဆောက်နိုင်မှာပါ။ ဇေ၀န်တို့ ပုဗ္ဗာရုံတို့လိုကျောင်းမျိုးကတော့လနဲ့ချီပြီးဆောက်လုပ်ရမယ်လေ အခုဟာက ယာယီတဲကျောင်းငယ်လေးတွေသဘောပါပဲ ။မိုးရာသီမှာမိုးကျလာရင် မိုးလုံစေရုံမျှသာပါပဲ။
နှစ်ရက်မြောက်နေ့၌ အခြားတစ်ရွာသို့ ဆွမ်းခံကြွကြည့်ကြပြန်ရာ ဆွမ်းကွမ်းများလျှံပယ်လောင်းလှူကြပြီး ဤအရပ်ဒေသမှာပဲ သီတင်းသုံးတော်မူကြဖို့ လျှောက်ထားကြပြန်လေသည်။ မထေရ်များလည်း အန္တရာယ်တစ်စုံတစ်ရာမရှိပါက မိုးတွင်းကာလမှာ တရားဘာဝနာပွားများရင် သီတင်းသုံးကြမည်ဖြစ်ကြောင်း ပဋိညာဉ်ပေးကာ တောအုပ်လေးဆီပြန်ကြွတော်မူခဲ့ကြလေသည်။
ပထမရက်စရောက်လာလျှင် လာခြင်းပင် ရဟန်းတော်များ၏ သီလတန်ခိုးတော်ကြောင့် တောစောင့်နတ်တို့သည် သားသမီးအခြွေရံများစွာကိုလက်ဆွဲကုန်လျှက် ရဟန်းတော်များဝေးရာသို့ သွားရောက်ရှောင်ရှားနေကြရလေသည်။ အမှန်မှာ လေးစားရမည့် ဆရာသမား လူကြီးမိဘကဲ့သို့သူများမိမိနေရာရောက်လာလျှင် နေရာမှထပေးဖယ်ပေးကြရပြီး ထိုလူကြီးမိဘများမှ ထိုင်ပါ ထိုင်ကြပါဟု အခွင့်ပေးလျှင်ကား ထိုလူကြီး မိဖ ဆရာသမားတို့နှင့် အတူတကွသာလျှင် တစ်ဝိုင်းထဲထိုင် ။တစ်နေရာထဲ အတူနေခွင့်ရနိုင်ဘိသကဲ့သို့ ရဟန်းတော်များမှ ရောက်လျှင်ရောက်ချင်း ဤတောတောင်ကိုစိုးအုပ်နေကြကုန်သော ဘုမ္မစိုး၊ရုက္ခစိုးများလည်း စိတ်ချမ်းသာသလိုသီတင်းသုံးကြပါကုန် အကျွန်ုပ်တို့လည်း အသင်တို့၏နေရာဘုံဗိမာန်ကိုမှီခို၍ ရဟန်းတရားများပွားများလိုကြပါမည်ဟု အသိပေးခွင့်ပြုခဲ့လျှင် ထိုတောစောင့်နတ် တောင်စောင့်နတ်များလည်း ယင်းကဲ့သို့ ဒုက္ခရောက်ကြမည်မဟုတ်ပေ။ သို့သော် ရဟန်းတော်များသည်လည်း ထိုပရလောကသားများကို မသိမမြင်ကြသလို ဂရုလည်းမစိုက်မိကြချေ။
ထို့ကြောင့် အချို့နတ်များသည် လွန်စွာမှစိတ်ဆိုးကြကုန်ဘိ၏ နှောက်ယှက်ခြောက်လှန့်၍ ရဟန်းတော်များကို ပြန်ပြေးအောင်လုပ်ချင်နေကြလေသည်။ သို့သော် အကြီးအကဲပိုင်းနတ်များက ဤအရှင်တို့သည် ခေတ္တခဏသာ ခရီးသွားဟန်လွှဲသီတင်းသုံးကြတာဖြစ်ပါလိမ့်မည်ဟာ ဖြောင်းဖျပြောဆိုကာ ဖြေဖြန်နေရလေ၏ ။ သို့နှင့် တရက်ပြန်သွားနိုး တရက်ပြန်သွားနိုးနှင့် သည်းခံစောင့်ဆိုင်းခဲ့ကြရာ တစ်ပတ်ခန့်နီးပါးကြာသွားပေမယ့် ပြန်ကြွကြမည့်အရိပ်အယောင်မှ မမြင်ရပေ။ထို့ကြောင့် နတ်မိစ္ဆာများမှ ရဟန်းတော်များအား စတင်နှောက်ယှက်ကြလေတော့၏။
ညအချိန်ရောက်သည်နှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပျက်ဆင်းပျက်များကိုဖန်ဆင်းက အမျိုးမျိုးခြောက်လှန့်ကြလေတော့သည်။ အမျိုးမျိုးသောအနံ့ဆိုးများကိုလည်းပေးကြသောကြောင့် မျက်လုံးမှိတ်ထားလျှင်သော်မှ ထိုခြောက်လှန့်မှူဒဏ်ကိုခံနိုင်ရည်မွေးဖို့မလွယ်ကူလှပေ။ ထို့ထက်အဆိုးဆုံးသည်ကား ထိတ်လန့်ဖွယ်အသံများပေးကြသဖြင့် ကျိန်းစက်ချိန်မှာလည်း ကောင်းကောင်းမကျိန်းရ တရားရှုမှတ်စဉ်မှာလည်း ကမ္မဋ္ဌာန်းအလုပ်ပျက်ကြရလေသည်။ အသံသည်ပထမဈာန်၏ကြီးစွာသောအနှောက်အယှက်ဖြစ်သဖြင့် သမာဓိရအောင်ကြိုးစားအားထုတ်ကြဆဲရဟန်းတော်များအဖို့ လုံးဝအခက်တွေ့နေကြရလေတော့၏။
ထို့ထက်ဆိုးသည်မှာ ရဟန်းငယ်လေးများမှာ အပေါ့အပါးသွားရင်း မိမိဘေးမှမထင်မှတ်သော ကြောက်မက်ဖွယ်သရဲသဘက်ကြီးများကိုရုတ်တရက်တွေ့လိုက်ရာမှကြောက်လန့်အော်ဟစ်အကူညီတောင်းပြီး မေ့မြောသွားရာမှ သံဃာတော်များဝိုင်းဝန်းပြုစုရသည်နှင့်ပင် အလုပ်ပျက်ကြရလေတော့သည်။
ထိုသို့ပြဿနာအမျိုးမျိုးကြုံကြရပေမယ့် သံဃာတော်များအနှောက်ယှက်ဖြစ်မည်ဆိုး၍ သံဃာတော်များအားလုံးကို အသိပေးမလျှောက်ထားခဲ့ကြပါဘူး ။ သို့နှင့် မထေရ်ကြီးထဲချဉ်းကပ်သည့်နေ့ရောက်သောအခါမှ မထေရ်ကြီးက အသားအရေများလည်း မကြည်လင် မျက်နှာများလည်းမရွှင်မပြဖြစ်နေကြသောသံဃာတော်များအား အကျိုးအကြောင်းမေးမြန်းလေရာ သံဃာအားလုံး မိမိတို့အသီးသီးကြုံခဲ့ကြရသည့် ခြောက်လှန့်ပုံအမျိုးမျိုးကိုလျှောက်ထားလိုက်ရာ သံဃမထေရ်ကြီးက
“ ဒီနေရာမှာ သပ္ပါယမမျှတဘူးဆိုရင် တပည့်တော်များဘုရားရှင်ထံပြန်သွားပြိး ကမ္မဋ္ဌာန်းအားထုတ်ဖို့ သင့်လျော်တဲ့အရပ်ဒေသကို ညွှန်ပြပေးဖို့လျှောက်ထားကြတာပေါ့ဘုရား၊ ဘုရားရှင်ကလည်း ပထမ၀ါနှင့် ဒုတိယ၀ါလို့ နှစ်ချိန်ပညတ်တော်မူထားလို့ ၀ါခေါင်လပြည့်နေ့မှ ဒုတိယ၀ါကပ်ရောက်ကြတာပေါ့ဘုရား”
သို့နှင့် ကျောင်းအသုံးအဆောင်များကို ကျောင်းကလေးများအတွင်းမှာပြန်လည်သိုမှီပြီး ဒါယကာတို့အားလည်း ငြိကပ်တွယ်တာမှူတစ်စုံတစ်ရာမရှိမူ၍ တစ်စုံတစ်ဦးကိုမျှ အသိမပေးတော့ပဲ သာဝတ္ထိသို့ပြန်ကြွလာခဲ့ကြလေတော့သည်။
ပုံမှန်အားဖြင့်တော့ ရဟန်းတော်တို့ကျင့်ဝတ်များမှာ ၀ါကျွတ်လို့ အခြားတစ်နေရာရာကိုပြောင်းရွှေ့သီတင်းသုံးလိုပါက မိမိကျောင်းတကာများအားအသိပေးပန်ကြားပြီးမှ သွားခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီအခြေနေမှ ပန်ကြားလို့မဖြစ်ပါဘူး ၀ါတွင်းသုံးလတော့ နေပေးတော်မူကြပါဘုရား စသည်တားမြစ်ကြလျှင် မိမိတို့ရဟန်းကိစ္စအပျက်ခံပြီး သည်းခံနေပေးကြရလျှင် အကျိုးမဲ့ဖြစ်မှာစိုးကြလို့မပန်ကြားပဲကြွသွားကြခြင်းပဲဖြစ်ပါတယ်။
ထိုရဟန်းတော်များအားလုံး တောအုပ်အတွင်းမှထွက်သွားကြည်နှင့် တောစောင့်နတ်များကလည်း အောင်စည်တီးကာ လက်ခမောင်းခတ်ကြပါတော့သတဲ့ ။
ကဲဘာတတ်နိုင်သေးသလဲ နောက်ဆုံးတော့ ဒီကိုယ်တော်တွေ လက်မြှောက်အရှူံးပေးပြီး ပြန်ပြေးကြရပြီး စသည်ဖြင့်ပေါ့။
..........................................................
ဘုရားရှင်ထံမှောက်ပြန်ရောက်ရာမှ ညွှန်ကြားပြသဟောကြားပေးတော်မူမည့်မေတ္တာသုတ္တာန်ကို နောက်ပို့စ်မှ ဆက်လက်ဖော်ပြပေးပါမည်။
မေတ္တာများစွာဖြင့်
လင်္ကာအရှင်(မုံရွာ)

No comments:
Post a Comment