
*နိပကော စ-ရင့်ကျက်သော ပညာနဲ့လည်း ပြည့်စုံရမယ်*
" နိပကော" ဆိုတာ ဘာပါလိမ့်လို့ အဋ္ဌထကာအဖွင့်လှမ်းမျှော်ကြည့်လိုက်တော့ ကျင့်ဝတ်သီလတွေကို ဘယ်သို့ဘယ်ပုံဖြည့်ကျင့်ရမယ် ၊စောင့်ထိန်းရမယ်။ သင်္ကန်းသပိတ်ပရိက္ခရာကို အပ်စပ်တဲ့နည်းနဲ့ မည်သို့မည်ပုံ ရှာမှီးခံယူသုံးစွဲရမယ်၊ ကမ္မဋ္ဌာန်းအားထုတ်ဖို့ရန် လျှော်ကန်တဲ့နေရာဟုတ်မဟုတ်၊ ဥတုသပ္ပါယမျှမျှ၊ပုဂ္ဂလသပ္ပါယ်ဖြစ်မဖြစ်ကို စီစစ်ဝေဖန်နိုင်တဲ့ပညာရှိရမယ်လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ဒီလောက်ဆိုရင်ကို ပြောမှသိထိမှနာတတ်တဲ့ ငထုံငထိုင်းတစ်ယောက်မဟုတ်ရဘူးဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကိုရေးနေရင်းနဲ့ ဇာတ်အဋ္ဌကထာလာ ဒုကနိပါတ်မှ သောမဒတ္တဇာတ်ကို သတိရမိလိုက်ပါတယ်။ ဒီဇာတ်ကိုဟောရတာကတော့ ဘုရားလက်ထက်တော်က
ဠာဠုဒါယီဆိုတဲ့ မထေရ်တစ်ပါးဟာ ပြောသမျှလုပ်သမျှအလွဲလွဲအချော်ချော်တွေချည်းပဲ ။အသုဘရက်လည်ပင့်လည်း မရဏဿတိအကြောင်းဟောရင်းလည်း သုံးဆယ့်ရှစ်ဖြာမင်္ဂလာရောက်ချင်ရောက်နေတာ။ အလှူအတန်းမို့ အနုမောဒနာကထာကိုဟောမယ်ဆိုဟောပြန်တော့လည်း အသုဘဘာဝနာတွေဟောမိလို့ဟောမိနဲ့ အိုးနင်းခွက်နင်းဖြစ်ရပုံကိုအကြောင်းပြုပြီး ဠာဠုဒါယီဟာ ခုမှသာ ညာဏ်ထုံသည်မဟုတ်ပဲ အတိတ်သံသရာမှာ ငါဘုရားရဲ့ဖခင်ဖြစ်ခဲ့စဉ်ကလည်း သင်မရအောင်ကိုထုံခဲ့တာ..လို့ စကားအစချီလိုက်သဖြင့် ရဟန်းတော်များက အပြည့်အစုံပြန်လည်ဟောပြရန်တောင်းပန်ကြလို့ ပြန်ဟောပြရတဲ့ဇာတ်တော်တစ်ခုပါ။
*ညာဏ်ထိုင်းသူတစ်ယောက် အကြောင်း*
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းစိုးစံစဉ်ကာလမှာ ဘုရားအလောင်းတော်ဟာ သောမဒတ္တအမည်ရှိတဲ့ သူဆင်းရဲလယ်သမားကြီးရဲ့ သားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဆင်းပင်ဆင်းရဲငြားသော်လည်း ထင်ပေါ်ရင် ဆင်တော်ပေါ်ကကောက်စမြဲ ဆိုတာလို ပညာရှိသူကိုမြတ်နိုးတော်မူတဲ့ ဗြဟ္မဒတ်မင်းကြီးက ရွှေနန်းတော်အပေါ်တော်ကိုခေါ်ကာ လူရုံတော်အဖြစ်မြှောက်စားတော်မူတာပေါ့။
သောမဒတ္တကလည်း မင်းထံခစားစဉ်တစ်လျှောက်မှာ အမှုကိစ္စ မှန်သမျှကို ဘယ်သူ့ကိုမျှ တွယ်ကပ်ခြင်း မရှိ၊ ထကြွလုံ့လ ရှိသောကြောင့် မင်းကြီးလည်း သူ၏ လုံ့လဝီရိယကို အသိမှတ်ပြုပြီး အရင်စလို ခိုင်းစရာရှိလျှင်လည်း သောမဒတ္တကို ခိုင်းပါသတဲ့။
မင်းကြီးလည်း အရမ်းလိမ္မာရေးခြားရှိတဲ့ သောမဒတ္တလေးကို သားအရင်းအလားနှလုံးထားကာ လိုရာတောင်းဖို့အတန်တန်ပြောတာပေါ့။ ဒါပေမယ့် မိမိကြိုးစားအားထုတ်မှုမပါရင် အပ်ချည်တစ်မျှင်တောင်မှ အလကားမလိုချင်တဲ့ဘုရားအလောင်းတော်တို့စိတ်ဓာတ်နဲ့ တစ်ခါမျှမည်သည့်အရာလိုအပ်သည်ကို မတောင်းစဖူးပါဘူး။ တောင်းခဲ့လျှင်တော့ သောမဒတ္တအလိုရှိတာကို မင်းကြီးကလည်း ဧကန်ပေးသနားတော်မူမှာပါပဲ။
တစ်နေ့ ရွှေနန်းတော်ကပြန်အလာမှာတော့ သောမဒတ္တရဲ့ ဖခင်လယ်သမားကြီးဟာ ကြက်ကြီးလည်လိမ်ချိုးထားသလို ခေါင်းငိုက်စိုက်ကြီးလုပ်နေတယ် ။အရင်ဆိုသောမဒတ္တပြန်လာရင် ။ဟေး…ဖေ့သားကြီး ရွှေနန်းတော်မှာ မင်းတြားကြီးနဲ့ အဆင်ပြေပြေရှိရဲ့လားကွ ရွှေနန်းတော်အပျိုတွေက တယ်ချောဆိုပဲ စသည်စသည်။ သားတော်မောင်ကိုလှမ်းနှုတ်ခွန်းဆက်လေ့ရှိခဲ့ပေမယ့် ။ အဲဒီနေ့ကတော့ မတုန်မလှုပ် ငုတ်တုပ်ထိုင်ပြီး ငိုင်နေသတဲ့။
ဒါနဲ့သောမဒတ္တက “ဖခင် … အဘယ်အတွက် မှိုင်တွေစိတ်ပျက်နေရပါသလဲ၊သားကိုပြောပါ လိုအပ်တာ သားဖြည့်ဆည်းပေးပါမယ်”လို့ပြောတာပေါ့။
ဒါပေမယ့် ဖခင်ကြီးကလည်း သူ့သားစိတ်ဓာတ်ကိုသိနေတာကြောင့် ပြောလည်း ဒီကောင် ဘုရင်ကြီးလျှောက်ပေးမယ့်ကောင်မဟုတ်ပါဘူး ဆိုပြီး မပြောတာ သူ့မှာ ခိုင်းနွားတစ်ကောင်သေသွားလို့ နွားတစ်ကောင်လောက် တောင်းပေးစေချင်တာတဲ့။
သောမဒတ္တကလည်း အိုဖခင် ဖခင်ရဲ့ဒုက္ခဟာလည်း သားဒုက္ခပါပဲ တစ်ယောက်ထဲစိတ်ပျက်အားငယ်စရာမရှိပါဘူး ။ သားကိုပြောပြပါဆိုမှ
“ချစ်သား … အဖေ့မှာ နွားတစ်ရှဉ်းနှင့် လယ် လုပ်စားနေရတာ မင်းလည်းအသိသား။ မနေ့ကနွားတစ်ကောင်က သေသွားတော့ ငါ့မှာ လယ်ထွန်သွားလို့မရတော့ဘူး ။အဲဒါ မင်းကူညီနိုင်ရင်တော့ အဖေ့ကို ဘုရင်ကြီဆီက ခိုင်းနွားတစ်ကောင်လောက်တောင်းပေးကွာ”
“ဖခင် ဒီကိစ္စကတော့ တော်တော်ခက်မယ်ထင်တယ် ကျွန်တော် မင်းထံခစားသည်မှာ မကြာသေးတော့ အခွင့်ရေးယူတယ်ထင်နေမယ်။ အကြောင်းမဲ့နွားတစ်ကောင်တောင်းရင်လည်း မင်းကြီးကိုကပ်မြှောင်စားတယ်ထင်ကြဦးမယ် ။ဒီတော့ ကျွန်တော်ကိုယ်တိုင် တောင်းလို့တော့မသင့်လျှော်ဘူးဖူး ။မနက်ဖြတ်သားရွှေနန်းတော်သွားရင် အဖေနန်းတော်ကို သားနဲ့လိုက်ခဲ့ မင်းကြီးက သားရဲ့ဖခင်ကြီးမှန်းသိလျှင် လိုရာဆုတောင်းခိုင်းလိမ့်မည် ။အဲဒီကျမှတောင်းပေါ့ ။
“သားရယ် မင်းလည်း အဖေ့အကြောင်းသိရဲ့သားနဲ့ တစ်ခါမျှ လူတောထဲတိုးဖူးတာမဟုတ်ဘူ။ နာက်ပြီး ငါကစကားကို အလွဲလွဲအချော်ချော်ပြောတတ်တော့ တော်ကြာမပြောသင့်တဲ့စကးသွားပြောမိလို့ ဇက်ပြတ်နေပါဦးမယ်ကွာ ငါရွှေနန်းတော်တော့မလိုက်ပါရစေနဲ့ ”
“ ရွှေနန်းတော်မှာ ၀င်တတ်ထွက်တတ် စကားပြောတတ်အောင် ယနေ့ညနေပဲ သားသင်ပေးပါ့မယ် တစ်စိုးတစ်စိမျှ စိတ်မပူပါနဲ့ ၊ကျွန်ုပ်သင်ပေးတဲ့အတိုင်းသာ မင်းကြီးကိုလျှောက်လျှင် နွားတစ်ရှင်းတောင်ရနိုင်ပါတယ်“ဟုပြောဆိုကာ ဖခင်ကြီးကို စကားသင်ခြင်းငှာ
လူရှင်းသော သုသာန်သို့ ခေါ်သွားပြီးလျှင် မြက်ထုံးများကို ချ၍ စတင်သင်ကြားပေးပါတော့တယ်။
“ဟောဒါက အိမ်ရှေ့မင်း ဖြစ်ပါတယ်။ ဟောဒါက စစ်သူကြီး ဖြစ်ပါတယ်။ ဟောဒီ နေရာတွေမှာ မှူးမတ်တွေ နေကြပါတယ်။နေရာတွေလည်း သေချာမှတ်ထားနော် တော်ကြာ အိမ်ရှေ့မင်းကို မင်းကြီးထင်ပြီး သွားလျှောက်ထားမိလို့ ခက်နေဦးမယ်”
“အေးပါကွာ မှတ်မိပါတယ် မင်းကလည်း ဒီလောက်ကတော့”
“ဒီနေရာတွေမှတ်မိပြိဆိုရင် ဒီနေရာကနေ ဒီလိုဒီလိုဝင်ပြီး မင်းကြီးရှေ့တော်မှောက်ကို ၀င်ရောက်ခစားရမယ် နောက်ပြီး မင်းကြီးကိုဖူးမြှော်ရင်း “ မင်းတြားကြီးအား အောင်မြင်ကောင်းမြတ်သော မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ”လို့ ဆုတောင်းပေးရပါမယ်။
မင်းကြီးကဘယ်သူလဲလို့မေးမှ ကျွန်တော်က ဖခင်ကြီး မင်းတြားကြီးကိုဖူးမြင်ဖို့ လိုက်လာပါကြောင်းလျှောက်လိုက်မယ်။
အကယ်၍ မင်းကြီးက စိတ်ကြည်တော်မူ ကျေနပ်တော်မူလို့ လိုရာဆုတစ်ခုတောင်းခိုင်းလျှင်
“အို မင်းမြတ် ကျွန်တော်မျိုးမှာ ရှေးက နွားနှစ်ကောင်ရှိပါသည်။ ထိုနွားနှစ်ကောင်ဖြင့် လယ်လုပ် စားသောက်နေရာ ယခု နွားတစ်ကောင် သေသွား၍ တစ်ကောင်တည်းသာ ကျန်ပါသည်။ သနားသောအားဖြင့် ကျွန်တော်မျိုးအား နွားတစ်ကောင် ပေးသနားတော်မူပါဘုရား “
လို့လျှောက်ထားပါ။ ဒီလိုဆို ကျွန်တော်လည်း မင်းကြီးဆီတိုက်ရိုက်မတောင်းရပဲ ဖခင်ကြီးလိုအင်ဆန္ဒလည်း ပြည့်စုံပါလိမ့်မယ်”လို့ ပြောပြပြီး
ဖခင်ကြီးကို “မှတ်မိပါသလား”မေးတော့ “အင်း မေ့သွားပြန်ပြီသားရဲ့ ….”
“ဟာ အဖေကလည်း ဒါဆို ဒီနေ့ပြန်သင်ပေးမယ်…”
ဒီလိုဒီလိုသင်လာလိုက်တာ ဘယ်လောက်ကြာသွားတယ်မှတ်လည်း ရက်ပေါင်း (၃၆၅)ရက်ကြီးများတောင် ကြာသွားတယ်တဲ့ တစ်နှစ်တိတိသင်ပေးရတယ်လို့ ဆိုပါတယ်။
တစ်နှစ်တင်းတင်းပြည့်လို့ သားလည်း စိတ်နည်းနည်းပျက်လာတာနဲ့
“အဖေရာ နေ့တိုင်းသင်ပေးရတာ တစ်နှစ်ပြည့်ပြီခုထိမမှတ်မိသေးဘူးလား”ဆိုတော့မှ..
“သားရာ ဒါလောက်ကတော့ အဖေသေသေချာချာ ကျကျနနပြောတတ်ပါတယ်။ မနက်ဖြန် မင်းကသာရှေ့သွား ။အဖေ့ဖာသာလျှောက်ထားမယ်….”
“ လွဲချက်ကတော့ ကမ်းကုန်ပဲ”
သို့ဖြင့် သောမဒတ္တဟာ ဖခင်ကြီးကို ရွှေနန်းတော်ခေါ်သွားတော့ မင်းကြီးကမေးမြန်းတာပေါ့
ဒီတင် သောမဒတ္တရဲ့ဖခင်ကြီးမှန်းလည်းသိရော သဘောကျတော်မူ၍ အလိုရှိရာကိုတောင်းပါ ဖခင်လယ်သမားကြီးရဲ့..လို့ မိန့်တော်မူလိုက်တော့။
“အရှင်မင်းမြတ် … ယခင်က ကျွန်တော်မျိုးမှာလယ်ထွန်စရာ ခိုင်းနွားနှစ်ကောင်ရှိပြီး ယင်းနွားတစ်ရှဉ်းဖြင့်ပင် လယ်လုပ်စားနေရပါသည်။ ယခုတော့ နွားတစ်ကောင် သေသွားသဖြင့် ထွန်ယက်စိုက်ပျိုးခြင်းငှါ မစွမ်းနိုင်ဖြစ်နေရပါသည် ။ကျွန်တော်မျိုးကြီးအားသနားသောအားဖြင့် ထိုကျန်တဲ့နွားတစ်ကောင်ကို ယူတော်မူပါဘုရား” လို့
မှားယွင်းလျှောက်ထားလိုက်ပါသတဲ့။
ဒီတော့ ဘုရားလောင်းသောမဒတ္တလည်း တော်တော်ကြီးကိုစိတ်ပျက်သွားတာပေါ့။ ဟာဖခင်ကတော့လုပ်ပြီး မင်းကြီးဆီက နွားတောင်းယူဖို့လာပါတယ်ဆိုမှ ကျန်တဲ့နွားတစ်ကောင်ကို ယူတော်မူပါလို့ အလွဲလွဲအချော်ချော်လျှောက်ကုန်ပြီ။
ဖခင်ပုဏ္ဏားကြီးရဲ့စကားကြားရတော့ ဘုရင်ကြီးက တော်တော်လေးသဘောကျသွားသတဲ့၊ နွားတောင်းယူဖို့လာတာသိပေမယ့် ပရိတ်သတ်ကြားမှာ အမှားမှားအယွင်းယွင်းလျှောက်မိတယ်ဆိုတာကို ရိပ်မိတာကိုး။ ဒါ့ကြောင့် ပြုံးရယ်တော်မူ၍
“သောမဒတ္တ၊ သင်တို့ အိမ်၌ နွားတွေ များစွာ ရှိယောင်တကား” လို့ မိန့်ဆိုတော်မူသောအခါ သောမဒတ္တကလည်း ပညာကြီးသူပီပီ
“အရှင်မင်းမြတ် … အရှင်တို့က ပေးခဲ့လျှင် နွားတွေ များစွာ ရှိပါလိမ့်မည်ဘုရား” လို့ ဖခင်စကားကိုလိုကိဖာထေးရင်း လျှောက်တင်ပေးရတာပေါ့။
ဒီတော့မှ ဘုရင်ကြိးလည်း များစွာသဘောကျသွားပြီး အိမ်းအိမ်း မင်းတို့သားအဖကတော့ အတိုင်အဖောက်ညီပါ့ဗျာ ဖခင်ကြီးကနွားတစ်ကောင်သိမ်းယူပါတဲ့
သားကကျ မင်းကြီးပေးသနားရင် နွားတွေများစွာရရှိမှာပါတဲ့
ဒီတော့ နွားတွေသိမ်းယူလို့ရအောင် ငါကပဲ အရင်နွာတွေပေးရတော့မှာပေါ့..ဟု ပြက်ရယ်ပြောဆိုကာ
သောမဒတ္တရဲ့ ဖခင်ကြီးအား နွား (၁၆)ကောင်နှင့်တကွ မြင်းကသော ရထားဖြင့် သွားစေ၍ ဖခင်ကြီးနေသော ရွာရဲ့ ရွာစားရာထူးကိုလည်း ခန့်အပ်ပေးတော်မူလိုက်ပါသတဲ့။
စကားတောင်လေးလုံးကွဲအောင် မပြောဆိုတတ်တဲ့ သောမဒတ္တရဲ့ဖခင်လယ်သမားကြီးလည်း သားလိမ္မာလေးကြောင့်သာ ရွာစား(နှစ်လုံးပြူးကိုင် ရွာသူကြီး ဘစီ)ဖြစ်သွားတော့တာပေါ့။
…………………………………………
အထက်ပါဝတ္ထုထဲက သောမဒတ္တရဲ့ဖခင်ကြီးလို ညာဏ်ထုံထိုင်းသူဆိုရင်တော့ တရားဘာဝနာပွားများလည်း အထုံပါရမီရရုံလောက် ကုသိုလ်ဖြစ်သာ သိနိုင်မြင်နိုင်လိမ့်မယ်ထင်ပါတယ်။
အမှန်တကယ် ပဋိသန္ဓေပင်ကိုယ်ညာဏ်ကိုက ချက်ဆိုနားခွက်ကမီးတောက်ပြီး အရိပ်ပြအကောင်ထင် အပွေးမြင်အပင်သိသူများမှသာ တရားထူးရနိုင်တဲ့သဘောလည်းရှိတာကိုး။ ပဋိဘာန်ညာဏ်ရင့်သံခဲ့တဲ့ ခုနစ်နှစ်အရွယ် သာမဏေငယ်လေးတစ်ပါးအကြောင်းကိုလည်း ဆက်လက်တင်ပြပေချင်ပါသေးတယ်။
ငါးကြင်းသားနဲ့ ဆွမ်းစားရမှ ကျေနပ်မည့်သူ
ကဿပဘုရားရှင်လက်ထက်တော်က ငါးကြင်းသားဟင်းနဲ့ ဘုရားကိုဆွမ်းကပ်ခဲ့တဲ့ ဆင်းရဲသား မဟာဒုက်ဆိုရင် လူတိုင်းသိလောက်မယ်ထင်ပါတယ် ။အဲဒီကုသိုလ်ကြောင့်ပဲ ဘုရားနှစ်ဆူအကြားမှာ လူ့ဘုံနတ်ဘုံအစုံစုံစံစားပြီး ကျွန်ုပ်တို့ဘုရားရှင်ပွင့်တော်မူလာတော့ အရှင်သာရိပုတ္တရာရဲ့ ဆွမ်းတကာမအိမ်မှာ ဖွားမြင်လာခဲ့ပါတယ်။ အဲဒီကလေး ကိုယ်ဝန်ယူတဲ့နေ့ကစပြီး ထိုမိသားစုကြီးရဲ့ ထုံထိုင်းဖျင်းအသူများအားလုံး မှတ်ညာဏ်တွေအလိုလိုထက်မြက်လာကြပါသတဲ့။ ဒါ့ကြောင့်နာမည်ပေးတဲ့နေ့မှာ ပဏ္ဍိတသတို့သား လို့နာမည်ပေးလိုက်ကြတာပေါ့။
ခုနစ်နှစ်လည်းပြည့်ရော အရှင်သာရိပုတ္တရာကြီးဆွမ်းခံကြွလာတော့ မယ်တော်ကိုကိုရင်လေးဝတ်ပေးဖို့ပူဆာတယ်။ သားရယ် မင်းကခုမှအသက်ငယ်ငယ်လေးရှိသေးတာ ညနေထမင်းမစားရရင် ဗိုက်ဆာမှာပေါ့ ကြီးမှဝတ်နော် စသဖြင့် ဘယ်လိုပင်ချော့မောပြောပေမယ့် ပါရမီပါလာတဲ့ကလေးဆိုတော့ မရပါဘူး။ ၀တ်မယ်ကြီးပြောနေလို့ အရှင်သာရိပုတ္တရာကြီးရဲ့ကျောင်းသွားပြီး သင်္ကန်းဆည်းပေးလိုက်ကြရတယ်၊ဘွဲ့နာမည်ကတော့ လူတုန်းကအတိုင်းပဲ ကိုရင်လေးပဏ္ဍိတလို့ ခေါ်ကြတာပေါ့။
နောက်ရက် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဆွမ်းခံကြွမယ်လုပ်တော့ ကိုရင်လေးလည်း အတူတူဆွမ်းခံလိုက်ချင်တယ်လို့ လျှောက်ထားပြန်တယ်။
“ကိုရင်ငယ်ကျောင်းမှာပဲ ကျောင်းစောင့်ရစ်၊ ဆွမ်းခံပြန်တော့ ကိုရင်လည်းအတူတူဘုဉ်းရမှာပေါ့..”
လို့ပြောပြပေမယ့် သူကိုယ်တိုင်သာ ဆွမ်းခံလိုက်ချင်ပါသတဲ့။ သာမန်ကလေးငယ်လေးများကတော့ ဆွမ်းမခံပဲ ဆော့နေရလျှင်ပင် ဧရာမဆုလာဘ်ကြီးတစ်ခုပမာ ပျော်လိုက်ကြမည့်ဖြစ်ခြင်း၊ ယခုကိုရင်လေးပဏ္ဍိတမှာတော့ ဆွမ်းခံမလိုက်ခဲ့ပါနဲ့ ဆိုတာတောင် လိုက်မည် ဆွမ်းခံချင်သည်လုပ်နေတာပေါ့။
ဒါနဲ့အရှင်သာရိပုတ္တရာမထေရ်ကြီးလည်း ကိုရင်လေးကိုခေါ်ပြီး ဆွမ်းခံကြွရတာပေါ့။
အရှင်သာရိပုတ္တရာအနောက်တော်ပါးမှ သပိတ်လေးပိုက်ပြီး ဆွမ်းခံလိုက်လာရင်း ရွာအနီးတစ်နေရာအရောက်မှာ လယ်ကွင်းတွေထဲမြောင်းဖောက်ပြီးရေသွင်းနေကြတာတွေ့ရတော့ အမေးမြန်းထူတဲ့ကိုရင်က စတင်မေးပါတော့တယ်။
"ဆရာတော် အဲဒီလူတွေက ဘာလုပ်ကြတာလဲဘုရား"
ကိုရင်လေးကခုမှ ခုနစ်နှစ်ဆိုတော့ လည်တောတွေဘာတွေလည်းမရောက်ဖူးတော့မသိသေးဘူးပေါ့။
"ဟဲ့ကိုရင်ရဲ့ အဲဒါ လယ်ထဲရေသွင်းဖို့ မြောင်းဖောက်နေကြတာပေါ့"
"အရှင်ဘုရား အဲဒီရေမှာ အသက်ရှိပါသလား"
"ကိုရင်ကလည်း ကြံကြံဖန်ဖန်ကွာ ဘယ်ရေကအသက်ရှိမတုံး"
"ဒါဆို အဲဒီအသက်မရှိတဲ့ရေကို ကိုယ်လိုရာမြောင်းသွယ်ပြီး ပြုပြင်လို့ရတယ်ပေါ့နော် "
"ရတာပေါ့ကိုရင်ရဲ့"
ဒီလိုနဲ့ တောတစ်နေရာရောက်ပြန်တော့ ငှက်မုဆိုးများ မြားကိုမီးနဲ့ကင်ပြီး ဖြောင့်အောင်မျက်စိတစ်ဖက်မှိတ်ကာ မှိတ်ကာကြည့်နေတာပေါ့။မေးပြန်ပြီ ကိုရင်ငယ်က
"ဆရာတော် အဲဒီလူတွေက မြားတံကြီးတွေကို မီးကင်ကင်ပြီး ဘာလုပ်နေကြတာလဲဘုရား"
"သြော်..ကိုရင်ကလည်း ကိုယ်ပစ်လိုတဲ့ပစ်မှတ်ကိုတန်းတန်းမတ်မတ်ထိအောင် ဖြောင်းကြရတာပေါ့"
"အဲဒီမြှားမှာ အသက်ရှိသလားဘုရား"
"ကိုရင်ကလည်း ကြံကြံဖန်ဖန် အသက်ဘယ်ရှိပါ့မလဲကွ"
ဒါနဲ့ရွာအ၀င် လှည်းဘီးလုပ်သမားတွေနေတဲ့တဲနားဖြတ်လျှောက်လာကြရင်း လှည်းဘီးလုပ်သမားတွေ ဘီးလုပ်နေကြတာမြင်ရတယ်။
"ဆရာတော် ဆရာတော် အဲဒါကကော ဘာလုပ်နေကြတာလည်း"
(အရှင်သာရိပုတ္တရာကြီးက ရဟန္တာအရှင်ကြီးဖြစ်ပြီး တကယ်ဂါရ၀နိဝါတကိုယ့်ကိုယ်ကိုယ်နှိမ့်ချသူမို့သာတော်တော့တယ် ကိုရင်လေးကလည်း မေးလိုက်သည့်ဖြစ်ခြင်း ။တလမ်းလုံးမေးခွန်းထုတ်နေတော့တာပဲ)
"ကိုရင်ရဲ့ အဲဒါလှည်းလီးလုပ်နေကြတာပေါ့။ အဲဒီသစ်သားတွေကို လှည်းဘီးလုပ်ပြီးတော့ ကိုယ်လိုရာသွားနိုင်ဖို့ အသုံးပြုရတာပေါ့"
"ဆရာတော် အဲဒီသစ်သားတွေမှာကော အသက်ရှိသလားဘုရား"
"ဟဲ့ကိုရင် အသက်ဘယ်ရှိပါ့မလဲကွဲ့"
"ဒါဆို အသက်မရှိတာကို ဘာလို့လူ့အလိုအတိုင်းဖြစ်အောင်ပြုနိုင်သလဲဘုရား"
"လူသားတွေရဲ့ ညာဏ်စွမ်းအားဝီရိယစွမ်းအားတွေကြောင့်ပေါ့ကိုရင်ရဲ့"
ကိုရင်လေးပဏ္ဍိတ အသေအချာစဉ်းစားနေမိပါတော့တယ်။ အသက်မရှိတဲ့ ရေတို့ မြားတို့ သစ်သားတို့ကိုတောင် ကိုယ်လိုသလိုပုံသွင်းလုပ်ယူလို့ရသေးရင် အသက်ဆိုတဲ့အသိညာဏ်ရှိတဲ့ငါက ဘာလို့ငါ့ကိုယ်ငါ မလုပ်နိုင်ရမှာလဲ။ ကောက်ကွေ့နေတဲ့ငါ့စိတ်ကို ငါသတိပညာဝီရိယတွေနဲ့ ရအောင်ဖြောင့်ပြီး လိုရာပန်းတိုင်ရောက်စေရမယ်"
လို့ တွေးလိုက်ပြး ကျောင်းပြန်တရားအားထုတ်ချင်စိတ်ပေါက်လာတယ်။
"ဆရာတော် တပည့်တော် ဆွမ်းခံမလိုက်ချင်တော့ဘူး ကျောင်းပြန်တော့မယ်ဘုရား"
"ဟ ကျောင်းတုန်းကနေခဲ့ပါဆိုတော့ လိုက်ချင်လို့ပူဆာတယ် ခုတစ်ခါ ကျောင်းပြန်သွားချင်တယ် ၊ လုပ်ပြီကိုရင်"
" မှန်ပါ တပည့်တော် အသက်မရှိတဲ့ရေတို့မြားတို့သစ်သားတို့တောင် လိုသလိုပုံသွင်းယူရရင် တပည့်တော်လိုအသက်ရှိတဲ့လူက ကိုယ့်စိတ်ကို ကိုယ်တိုင်ဘာလို့မဆုံးမနိုင်ရမှာလဲလို့တွေးမိလို့ …ကျောင်းပြန်တရားထိုင်ချင်လို့ဘုရား…"
" ဟုတ်ပါပြီကိုရင် ဒါဆို ကျောင်းကိုပြန်လိုက်ပို့ရဦးမှာလား"
"တပည့်တော်တစ်ပါးထဲပြန်တတ်ပါတယ်ဘုရား"
"အေးအေး ဒါဆိုလည်းကျောင်းကနေတရားထိုင်ရင်းစောင့်နေ ဒီမှာသော့ယူသွားဦး"
ကိုရင်လေး နောက်နှစ်လှမ်းးသုံးလှမ်းခန့်ပြန်သွားပြီး
"ဆရာတော် ဆရာတော် တပည့်တော်လျှောက်စရာရှိသေးတယ်ဘုရား"
"ဘာများလျှောက်ချင်လို့တုန်းကိုရင်ရဲ့"
"ဒီနေ့ဆရာတော်ဆွမ်းခံကြွရင် ငါးကြင်းသားဟင်းခံခဲ့ဘုရား တပည့်တော်က ငါးကြင်းသားဟင်းကြိုက်တယ်"
"ဟာ…ကိုရင်ကလည်း ခက်တော့နေပြန်ပါပြီ ဘုန်းကြီးဆိုတာ သူတို့လောင်းတာယူလာခဲ့ရတာကွဲ့ မင်းကံကောင်းရင်တော့ လောင်းသူပေါ်ပြီး ရပါလိမ့်မကွာ"
"ဆရာ့တော့်ဘုန်းကံကြောင့်မရရင်တောင်မှ တပည့်တော်ဘုန်းကံကြောင့် ရရှိနိုင်ပါတယ်ဘုရား.."
ထိုသို့လျှောက်ထားပြိး ကျောင်းပြန်ကာ တရားအားထုတ်နေပါသတဲ့။
ကိုရင်လေးတရားအားထုတ်နေတာကို သိကြားမင်းနဲ့ နတ်မင်းကြီးလေးပါးလည်း လာရောက်စောင့်ရှောက်နေကြရပါသတဲ့။ ငှက်သံလူသံတွေကြောင့်သမာဓိပျက်မစိုးလို့လေ။
* ဘုရားရှင်ကိုယ်တိုင်ကြွရောက်ပြီး စောင့်ရှောက်ပေးရခြင်း*
အရှင်သာရိပုတ္တရာကြီးလည်း အဲဒီနေ့ကျမှ ထူးထူးဆန်းဆန်း အရှင်သာရိပုတ္တရာသည်ါးကြင်းသားရရှိလာသဖြင့် ကိုရင်လေးတောု့ဗိုက်ဆာနေတော့မှာပဲ ဟု ခပ်သုတ်သုတ်ပြန်ကြွလာတာပေါ့။
ကိုရင်လေးကလည်း ရဟန်းကိစ္စပြိးစီးဖို့ တစ်မဂ်တစ်ဖိုလ်သာလိုတော့တာပေါ့၊ ဒါနဲ့ဘုရားရှင်ကိုယ်တော်တိုင် အရှင်သာရိပုတ္တရာကြီးကိုရင်လေးတရားအားထုတ်နေရာကို အစောတလျှင်ဝင်မသွားနိုင်အောင် တံခါးမုခ်ကနေစောင့်ပြီး မေးခွန်းတွေမေးနေရပါတယ်။တစ်နည်းပြောရရင် ကိုရင်လေး တရားထူးအရဟတ္တမဂ်မရခင် အနှောက်ယှက်မဖြစ်စေရန် ကာကွယ်ပေးနေတဲ့သဘောပေါ့။
(၁)သာရိပုတ္တရာ သပိတ်အတွင်းက ဘာတွေသယ်ဆောင်လာပါသလဲ
အစာအာဟာရပါဘုရား
(၂)အဲဒီအစာအာဟာရက ဘာကိုရွက်ဆောင်နိုင်ပါသလဲ
အာဟာရကို စားမြိုတဲ့အခါ ဆာလောင်မွတ်သိပ်မှုဒုက္ခဝေဒနာကိုပယ်ဖျောက်ပြိး ချမ်းသာမှုဆိုတဲ့ သုခဝေဒနာကို ရွက်ဆောင်ပါတယ်ဘုရား
(၃)အဲဒီဖြစ်ပေါ်လာတဲ့ သုခဝေဒနာတရားက ဘာကိုဆက်လက်ရွက်ဆောင်နိုင်ပါသလဲ။
ဆာလောင်မွတ်သိပ်စဉ်ကရုပ်မျိုးနှင့်မတူတော့ပဲ ရုပ်ရည်အဆင်းမျက်နှာစသည်ကြည်လင်တဲ့တဲ့သဘော ရုပ်ကိုဆောင်ပါတယ်ဘုရား။
(၄)အဲဒီရုပ်တရားကဘာကို ဆက်လက်ဆောင်ရွက်နိုင်ပါသလဲ
ဆာလောင်မွတ်သိပ်ခြင်းကင်းပျောက်ပြီး အာဟာရကြောင့် ချမ်းသာသုခခံစားနေရသူအား ငါ့မှာစိတ်သက်သာရာရလေပြီဟု ချမ်းသာစွာ ထိုင်ခြင်းအိပ်ခြင်းကိုပြုလုပ်လတ်သော် ချမ်းသာတဲ့အတွေ့ သုခသမ္ဖဿကို ဆက်လက်ရွက်ဆောင်ပါတယ်ဘုရား။
မြတ်စွာဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာကိုယ်တော်ကြီးတို့ ဒီမေးခွန်း(၄)ခု မေးကြဖြေကြတာကို ကျောင်းသင်္ခန်းအတွင်မှ တရားထိုင်နေတဲ့ ကိုရင်လေးပဏ္ဍိတက ကြားပြီး ကိလေသာအာသဝေါကင်းကွာကာ ရဟန္တာမထေရ်ကြီး ဖြစ်သွားပါတော့တယ်။
အခုဒီစာကို ဖတ်ရှုနေကြတဲ့စာဖတ်ပရိတ်သတ်များလည်း ကိုရင်လေးလိုပဲ ဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာတို့ အမေးအဖြေလေးပါးကို အခုပဲ ကြားကြနာကြ မှတ်သားကြရတာပါပဲ။ ဒါပေမယ့် လူချင်းတူပေမယ့် တရားရပုံခြင်းမတူဘူးဆိုတာတော့ အဖြေပေါ်လောက်ပါတယ် နော်၊ ဒါ့ကြောင့်ဘုရားရှင်က မေတ္တာသုတ်တော်မှာ နိပကော စ-
ရင့်ကျက်သော ပညာနဲ့လည်း ပြည့်စုံရမယ်..လို့ဟောတော်မူခဲ့တာဖြစ်ပါတယ်။
ကိုရင်လေးက အထက်ပါမေးခွန်းနဲ့အဖြေကို နားစွန့်လိုက်ရုံနဲ့ အကြောင်းနဲ့အကျိုးကွင်းဆက်ကိုလည်းသိသွားတယ်။နောက်ပြီး တစ်ခုနဲ့တစ်ခုတို့ဟာလည်း ဖြစ်ပြီးပျက်တဲ့အနိစ္စသဘောတရားတွေမှန်း ရှင်းကနဲ နားလည်လိုက်တယ်လေ။ ဘုရားစကားကြားလိုက်တာနဲ့ ချက်ဆိုနားခွက်ကမီးတောက်ခဲ့တဲ့ ကိုရင်လေးမို့လည်း ရဟန္တာကြီးဖြစ်သွားတော်မူခဲ့ရတာမလား။
သို့ဖြစ်၍ စာရှုသူများလည်း တရားဘာဝနာလည်းပွားများအားထုတ်နိုင်ကြပါစေ။ ကျင့်နည်းကြံနည်း ရှုမှတ်ပွားများနည်းများကိုလည်း ရှင်းလင်းစွာ သိမြင်နားလည်သဘောပေါက်တဲ့ ရင့်ကျက်တဲ့အသိညာဏ်ထူးများလည်း ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပေးပါဦးမည်)
လင်္ကာအရှင်-မုံရွာ

No comments:
Post a Comment