
*အပ္ပဂဗ္ဘော - ကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့၌ ကြမ်းတမ်းရိုင်းပြမှု မရှိရာ*
အပ္ပဂဗ္ဗဆိုတာကတော့ ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့ရမယ်လို့ဆိုလိုတာပါ ဒီတော့ Negative ဆန့်ကျင်ဖက်အဓိပ္ပါယ် အကိုဖြုတ်လိုက်ရင် ပဂဗ္ဘ လို့ပါဠိရှိတာပေါ့ ပဂဗ္ဘဆိုတာကတော့ ရိုင်းပြတာ ကြမ်းကြုတ်တဲ့အမူရာလို့ဆိုပါတယ်။ အဋ္ဌကာမှာတော့ ထိုကြမ်းတမ်းရိုင်းပြတဲ့ပဂဗ္ဘဆိုရာမှာ
(၁)ကာယပဂဗ္ဘ ရှစ်မျိုး
(၂)၀စီပဂဗ္ဘ လေးမျိုးနဲ့
(၃)မနောပဂဗ္ဘများဆိုပြီး သုံးမျိုးသုံးစားရှိပါသတဲ့။
* ကာယပဂဗ္ဘ(၈)ပါး *
(၁) သံဃာ့ပရိတ်သတ်/လူပရိတ်သတ်အလည်မှာ ဒူးထောင်ပေါင်ကာထိုင်ခြင်း ကျန်းမာပြီးကောင်းစွာထိုင်နိုင်ပါလျှက် ဒူးနှစ်ဖက်ကို အ၀တ်/လက်ဖြင့်သိုင်းကာ ပျင်းရိသူတစ်ယောက်ပမာထိုင်နေခြင်း၊ ပရိတ်သတ်အလည်ကဲ့ရဲ့ဖွယ်အမူရာများပြုလုပ်ခြင်းတို့ဟာ
ကာယပဂဗ္ဘဖြစ်ပါတယ်။
(၂)ဂဏ-နှစ်ပါးသုံးပါးအစုအဖွဲ့ကြားမှာလည်း ထိုနည်းတူစွာ မသင့်မတင့်နေထိုင်လျှင်လည်း ပဂဗ္ဘဆိုတဲ့ရိုင်းပြမှုပါပဲ။
(၃)ပုဂ္ဂလ-အသက်သိက္ခာဂုဏ်ဝါကြီးသူတို့ရှေ့မှာယင်းသို့နေလျှင်လည်း ပဂဗ္ဘပါပဲ။
(၄)ဘောဇနသာလာ-ဆွမ်းစားကျောင်းမှာလည်းပဲ မထေရ်ကြီးများနေရာတက်ထိုင်ခြင်း ရဟန်းငယ်များကိုနေရာမှတားမြစ်ခြင်းတို့ဟာ ကာယပဂဗ္ဘဖြစ်တာပါပဲ။
(၅) ဘုရားလက်ထက်တော်က ရဟန်းတော်များဟာ သပိတ်တစ်လုံးသင်္ကန်းသုံးထည်သာရှိကြတာများပါတယ်။ ရဟန်းပြုသူတွေကများ။သင်္ကန်းလျာကလည်းအလွန်ရှားပါးကြတဲ့ခေတ်ကိုး။ ဒီတော့နေမကောင်းဖြစ်ပြီဆိုရင် ခြုံစရာဆောင်မရှိတော့ချွေးထုတ်ဖို့ရန်မီးဖိုရှိတဲ့အခန်းတစ်ခန်း လုပ်ထားရတယ်လို့ဆိုပါတယ်။အဲဒီအခန်းမျိုးကို ဇန္တာဃရလို့ခေါ်တာပဲ။ ထိုနေရာမျိုးမှာလည်း ထေရ်ကြီးဝါကြီးမထေရ်များကိုပန်ကြားပြီးမှ မီးမွှေးခြင်းစသည်ကိုပြုလုပ်ရပါတယ်။ မလေးမစားသဘော ငါတကောကောကာ ငါလုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘောဟာ ကာယပဂဗ္ဘဖြစ်ပါတယ်။
(၆)ရေချိုးကန်၊ရေချိုးခန်းတွေမှာတော့ အသက်ဝါဂုဏ်သိက္ခာကြီးမကြီးနဲ့မဆိုင်ပါဘူး။အရင်ရောက်လာသူကသာ အရင်ဦးဆုံးအသုံးပြုဖို့ပညတ်ထားတာပါ။ဒါကိုအလေးမထားပဲ မိမိကနောက်မှလာရောက်ပြီးအစဉ်ရောက်အောင်မစောင့်ပဲ မထေရ်ကြီးမထေရ်ငယ်တို့ကိုအနှောက်ယှက်ဖြစ်စေ၍ ရေ၀င်ချိုးခြင်းဟာ ကာယပဂဗ္ဘပါ။
(၇)ဆွမ်းခံရာမှာလည်း ဆွမ်းခံရာမှာ မထေရ်ကြီးတို့ရှေ့မှ ၀င်ရောက်တန်းစီခြင်း ၊တွန်းထိုး၍ ဖိနှိပ်ချုပ်ခြယ်ကာ ဆွမ်းကိုခံယူသွားခြင်း။ ဆွမ်းစားရာတို့၌ ၀ါငယ်ပေမယ့် သံဃာစဉ်ထိပ်တက်ထိုင်ခြင်း၊ ရေစက်ချ၍ ကန်တော့ပွဲအလှူခံခြင်း၊ ဆွမ်းဦးဟင်းဦးတို့ကိုခံယူသုံးဆောင်ခြင်းတို့ဟာ ကာယပဂဗ္ဘပါပဲ။
(၈)မြို့တွင်းရွာတွင်းသို့ ပရိတ်ရွတ်ခြင်း စသည်အကြောင်းရှိလိုကြွကြရာ၌လည်း မထေရ်ကြီးများရှေ့က သွားခြင်း၊ သာမဏေငယ်များနဲ့တွန်းလားထိုးလားလုပ်ကာ ပြောင်ရင်းလှောင်ရင်းသွားလာခြင်းတို့ဟာ ကာယပဂဗ္ဘဖြစ်ပါတယ်။
*၀စီပဂဗ္ဘ(၄)ပါး*
(၁)သံဃာ့ပရိတ်သတ်အလည်မှာ သံဃာကိုမပန်ကြားပဲ တရားဟောကြားခြင်း၊လူတွေကပြဿနာမေးမြန်းလာလျှင်လည်း မထေရ်ကြီးများကအဓိကဖြေကြားပေးရမှာဖြစ်ပါတယ် အကြောင်းကတော့ဝါတော်သက်တော်ရလာသူများက ရဟန်းငယ်များထက်ပိုပြီး စာတွေ့လက်တွေ့ရှိကြပါတယ်။ ထို့ကြောင့်မေးခွန်းကိုမထေရ်ကြီးများကအဖြေဆိုခိုင်းမှသာ ဖြေဆိုရတာပါ။ဒါကိုငါသိငါတတ်လုပ်ပြီး ၀င်ရောက်ဖြေဆိုတာမျိုးဟာ ၀စီပဂဗ္ဘဖြစ်ပါတယ်။
(၂)နှစ်ပါးသုံးပါးရှိရာမှာလည်း ထိုအဖွဲ့အစုဂိုဏ်းရဲ့ခွင့်ပြုချက်ရယူပြီးမှ တရားဟောကြားခွင့်ရှိတာဖြစ်ပါတယ်၊ ခွင့်ပြုချက်မရယူပဲ ငါ့တကာအလှူငါပဲတရားဟောမယ်ဟုဆိုကာ တရားဟောကြားခြင်းစသည်ပြုပါက ၀စီပဂဗ္ဘဖြစ်ပါတယ်။
(၃)သက်ကြီးဝါကြီးပုဂ္ဂိုလ်နှင့်အတူတူပြောဆိုဆက်ဆံရာမှာလည်း ရိုသေစွာပြောဆိုရမှာဖြစ်ပါတယ်။ အကယ်၍ လက်သီးလက်ရုန်းတန်းကာ အော်ဟစ်ဆဲဆိုမှုမရိုမသေပြောဆိုပါက ၀စီပဂဗ္ဘပဲဖြစ်ပါတယ်။
(၄)ရပ်ကွက်အတွင်း မြို့ရွာအတွင်းကြွရာ၌လည်း ဟေ့တကာမ(မိဖြူတို့မိနီတို့)မရှိကြဘူးလား ၊ဘယ်သွားနေကြတုန်း။ ဒီနေ့ ဘာဟင်းချက်လဲ ရွာဦးကျောင်းလည်းပို့ကြဦးနော် အဲဒီဟင်းကြိုက်တယ်။ စသည်ဖြင့် တောရောက်တောင်ရောက် မအပ်မရာလျှောက်ပြောခြင်းဟာ ၀စီပဂဗ္ဘဖြစ်ပါတယ်။
* ရေတွက်မရ မနောပဂဗ္ဘ *
ကာယပဂဗ္ဘက (၈)မျိုး၊၀စီပဂဗ္ဘက(၄)မျိုးရှိတယ်လို့ အတိကျဖွင့်ပြပေမယ့် မနောပဂဗ္ဘဆိုတဲ့စိတ်ထဲက မအပ်မရာကြံစည်မှုအားလုံးဟာ စိတ်ရဲ့ရုန့်ရင်းကြမ်းတမ်းမှုပဲဖြစ်ပါတယ်။ လူအမျိုးမျိုးစိတ်အထွေထွေရှိတာကြောင်း နည်းပေါင်းစုံလင်စွာ သူ့အလိုအဇ္ဈာသယအတိုင်း မကောင်းတာကြံတာတွေအားလုံးကို ခြုံပြီး မနောပဂဗ္ဘလို့ပဲ နာမည်တပ်လို့ရမှာဖြစ်ပါတယ်။
အကျဉ်းချုပ်အားဖြင့်မှတ်ချင်ရင်တော့ ကိုယ်အားဖြင့်လည်းကြမ်းတမ်းရိုင်းပြစွာမပြုမူခင်၊နှုတ်အားဖြင့်ကြမ်းတမ်းရိုင်းပြစွာမပြောဆိုခင်။ ဒီလိုဒီလိုလုပ်လိုက်မယ် ပြောဆိုချလိုက်မယ်လို့ကြိုတင်ကြံစီမှုအားလုံးဟာ မနောပဂဗ္ဘဖြစ်တော့တာပါပဲ။
ထိုပဂဗ္ဘလို့ခေါ်တဲ့ကြမ်းတမ်းရိုင်းပြမှုမျိုးတွေမဖြစ်စေဖို့ ငယ်စဉ်ထဲကဆရာသမားများက
* ကိုယ်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါ-ဟူ၍ မပြောနဲ့။
* သူများကိုသာ၊ ရန်စရှာ၊ မခံချင်တာ မပြောနဲ့။
* ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့။
* ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မပြောနဲ့၊
* ထမင်းစားရာ၊ တစာစာ၊ များစွာစကား မပြောနဲ့။
* ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစာကွဲ့ ဖိတ်စေနဲ့။
* လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
* နှုတ်ခမ်းပါးနား၊ လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
* လျှာကိုထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
* ဟင်းရေသောက်ပြန်၊ ရှူးရှူးသံ၊ ဧကန် မပြုနဲ့။
* ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နှင့် မကိုင်နဲ့။
* အိမ်ပေါ် ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်းနဲ့။
* ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
* လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
* ဒူးထောင် ပေါင်ကား၊ ဆရာနား ၊ အလျားမှောက်၍ မနေနဲ့။
http://www.mawluu.com/2008/12/blog-post_1277.html စသည်ဖြင့်သွန်သင်ဆုံးမခဲ့ကြတာမဟုတ်ပါလား။
…………………………………………….
ကြမ်းတမ်းရိုင်းပြ ပဂဗ္ဘရဟန်းတစ်ပါးအကြောင်း
ဓမ္မပဒအဋ္ဌကထာဖွင့်ပြထားတဲ့ စူဠသာရိလို့ခေါ်တဲ့ရဟန်းကတော့ ဆေးကုစားတဲ့ဆေးဘုန်းကြီးတစ်ပါးဖြစ်ပါတယ် ၊ ဒီတော့လူနာရှင်တွေကဟင်းကောင်းဆွမ်းကောင်းတွေလှူကြတော့ ဘုန်းလည်းအရမ်းကြီးနေတယ်ပေါ့။ သူကရဟန်းအလုပ်မဟုတ်တဲ့ ဆေးကုမှုနဲ့အသက်မွေးနေပေမယ့် သူ့ဆရာအရင်းက အရှင်သာရိပုတ္တရာဖြစ်နေတယ်။
ဆရာကောင်းတိုင်းလည်းတပည့်ကောင်းလိမ့်မယ်လို့ထင်လို့ရတာမဟုတ်ပါဘူး။ နာမည်သြဇာအရှိန်ဝါကြီးသူတွေကို အကာကွယ်ယူချင်လို့ ချဉ်းကပ်လာကြတာတွေလည်း ရှိတတ်တာကိုး။
တစ်နေ့ အရှင်သာရိပုတ္တရာကြီးဆွမ်းခံကြွအလာမှာ စူဠသာရိဆိုတဲ့ရဟန်းနဲ့တွေ့တော့
“ဆရာသမား ပင်ပင်ပန်းပန်းဆွမ်းခံစားမနေပါနဲ့ဘုရား။ ဘာဟင်းကောင်းမှရတာလည်းမဟုတ်ဘူး။ ခုတပည့်တော်ကို ရောဂါပျောက်အောင်ဆေးကုပေးလို့ဆိုပြီး ဟင်းကောင်းဆွမ်းကောင်းတွေပြင်ဆင်ထည့်ပေးလိုက်ကြတယ်ဘုရား၊
ကျောင်းလိုက်ဘုဉ်းပေးလှည့်ပါဦး ဆရာကို ပူဇော်ချင်လို့ပါ”လို့လျှောက်ထားပါသတဲ့။
အရှင်သာရိပုတ္တရာကြီးကတော့ ရဟန်းဝိနည်းနဲ့အညီမနေတော့ပဲ ဆေးကုကျောင်းထိုင်လုပ်နေတဲ့ ထိုရဟန်ကိုစကားအဖက်မလုပ်တော့ပဲ မိမိဆွမ်းခံကြွမယ့်အရပ်ကိုပဲ ဆက်လက်ထွက်သွားပါတယ်။
ဒီအဖြစ်ပျက်ကိုဘုရားလျှောက်ထားကြတော့ ဘုရားရှင်က
သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ
အရှက်မရှိသူဟာ လက်ရဲဇက်ရဲနိုင်လှတဲ့ ကျီးရဲက ဗိုက်ဝအောင်စားခွင့်ရသလိုပဲ ၊
သူတစ်ပါးတို့ကောင်းဂုဏ်ကို နင်းချေဖျက်စီးပြီး ၊သူတစ်ပါးတို့ပြုလုပ်အားထုတ်သော သူတော်စဉ်အကျင့်စခန်းမှာ မိမိလည်းပဲ ကျင့်ကြံအားထုတ်နေသကဲ့သို့ဟန်ဆောင်ကာ ပဂဗ္ဘ -လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့စိတ်ယုတ်မာတွေနဲ့ ညစ်ညူးတဲ့ဒုစရိုက်မှုတွေ ပြုလုပ်အားထုတ်ရင်း အသက်မွေးရလွယ်တယ်။ ကြီးပွားနေလေ့ရှိတယ်”လို့မိန့်တော်မူခဲ့ပါတယ်။
ဒီတော့ အကုသိုလ်ပြုရမှာကို မရှက်မကြောက်တော့ဘူး ချမ်းသာမယ်ဆို ဘာမဆိုလုပ်ရဲတဲ့သူတွေကို ပဂဗ္ဘ-ရက်စက်ကြမ်းကြုတ်တဲ့ ကျီးရဲတွေလို့ဆိုရမယ်ထင်ပါတယ်။
*ကျီးရဟန်း*
ဒီအရှက်မရှိ ကြမ်းတမ်းရိုင်းပြတဲ့ကျီးရဲနဲ့ ကြမ်းတမ်းမောက်မာတဲ့ ပဂဗ္ဘရဟန်းနှိုင်းယှဉ်ဟောပြတော်မူရတာကလည်း အင်္ဂုတ္ထိုရ်ဒသကနိပါတ် ၊ ကာကသုတ်တော်မှာထုတ်ဖော်ဟောကြားတော်မူခဲ့တဲ့ ကျီးကန်းရဲ့ယုတ်ညံ့မှုဆယ်ချက်ကြောင့်ပဲဖြစ်ပါတယ်၊ ထိုကာကသုတ်မှာမိန့်တော်မူခဲ့တာက
“ ရဟန်းတို့ ကျီးငှက်ဟာ ကျေးဇူးရှင်ကိုကျေးစွပ်တတ်တယ်။လက်ရဲဇက်ရဲရှိတယ်၊
လောဘရမ္မက်ပြင်းထန်တယ်။ အစားကြီးတယ်၊ ပဂဗ္ဘ ဆိုတဲ့ ကိုယ်နှုတ်နှလုံးလည်းရိုင်းစိုင်း ကြမ်းတမ်းတယ်၊ သနားကြင်နာမှုကိုယ်ချင်းစာမှုမရှိဘူး၊ အားနည်းတယ်၊ ကျယ်လောင်စွာအော်မြည်လေ့ရှိတယ်၊ သတိမေ့တတ်တယ်၊ အစားအစာဘယ်လောက်များများ စုဆောင်းမထားတတ်ဘူး
ထိုနည်းတူစွာ ရဟန်းယုတ်ဟာလည်း ကျေးဇူးတရားကိုချေဖျက်တတ်တယ်၊ လက်ရဲဇက်ရဲ ရှိတယ်(အလှူခံရဲပြောရဲဆိုရဲတယ်) လောဘကြီးတယ်၊ အစားကြီးတယ်၊ အပြောအဆိုချိုသာမှုမရှိပဲ ပဂဗ္ဘလို့ခေါ်တဲ့ ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရက်စက်ကြမ်းကြုတ်သူဖြစ်တယ်၊ သနားကရုဏာ ကိုယ်ချင်းစာစိတ်မရှိဘူး၊ အားနည်းတယ်၊ စကားများလွန်းတယ်၊အမှတ်သတိမရှိဘူး၊ ကုသိုလ်ကောင်းမှုဗဟုသုတစသည်လည်းမစုဆောင်းဘူး ဒီရဟန်းယုတ်မျိုးကို ကျီးရဟန်းလို့သာဆိုအပ်တယ်…လို့မိန့်တော်မူထားချက်ရှိပါတယ်။
………………………………………………
* ပဂဗ္ဘကအပါယ်ချနိုင်*
ဆက္ကနိပါတ်လာ ဒုတိယနိရယသုတ်မှာတော့
“သူ့အသက်ကို သတ်လေ့ရှိသူ၊ မပေးသည်ကို ခိုးယူလေ့ရှိသူ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ ရှိသူ၊ မဟုတ်မမှန် ပြောဆိုလေ့ရှိသူ၊ လောဘရမ္မက်ကြီးမားသူ၊” ပဂဗ္ဘ “လို့ခေါ်တဲ့ (ကိုယ်နှုတ်နှလုံး) မာကျောခက်ထန်မှုတွေနဲ့ပြည့်နေတဲ့သူတွေဟာ ငရဲသွားကြမည့် ဒုစရိုက်ကောင်များသာ ဖြစ်တယ်”…လို့ဘုရားရှင်ဟောတော်မူထားချက်ကိုထောက်ဆရင်လည်း
ပဂဗ္ဘဆိုတဲ့ အကုသိုလ်တရားဟာ အဘယ်မျှ ဆိုးရွားပြီး အဘယ်မျှအန္တရာယ်ကြီးမားလှကြောင်းလည်း ထင်ရှားလှပါတယ်။
ထို့ကြောင့် ကမ္မဋ္ဌာန်းတရားပွားများအားထုတ်ပြီး အကုသိုလ်တရားများကိုပယ်သတ်လိုတဲ့ယောဂီပုဂ္ဂိုလ်ဟာ မကောင်းတဲ့အကြံဆိုးဆိုတဲ့မနောပဂဗ္ဘများနဲ့ ယင်းတို့ကြောင့်ပေါက်ဖွားလာတဲ့ ကာယပဂဗ္ဘ၊၀စီပဂဗ္ဘများကိုပယ်ခွါထားနိုင်ကြဖို့ လိုအပ်လှပါတယ်။
စာရှုသူများလည်း ရိုင်းပြတဲ့ကိုယ်အမူရာ၊နှုတ်အမူရာနဲ့ မကောင်းယုတ်မာတဲ့အကြံများစွာကို ဖယ်ခွါပြီး လိမ္မာယဉ်ကျေးသူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဆက်ပါဦးမည်-လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment