
* သမီးအလှအား ရေစက်ချလှူမည့် အလှူရှင်ကြီး *
ဘုရားရှင်လက်ထက်တော် အခါက ကုရုတိုင်းသူလေးများဟာ နတ်မိမယ်တမျှ အလွန်လှပကြတယ်လို့ ဆိုပါတယ်။ ယင်းအလှမယ် ကုရုတိုင်းသူများကြားမှာ အလှဘုရင်မတစ်ပါးအဖြစ် ရေပန်းစားနေသူကတော့ ကမ္မာသနိဂုံးသူလေး မာဂဏ္ဍီပါပဲ။ အခြားသူများလည်း လှပေမယ့် ငယ်မူငယ်သွေးဖြင့် အလှပေါ်အယဉ်ဆင့်နေတဲ့ မာဂဏ္ဍီကိုတော့ ဘယ်သူမှလိုက်မမှီကြဘူး။ ဒီတော့ ကုရုတိုင်းသာမက အနယ်နယ်အရပ်ရပ်က သူဋ္ဌေးသူကြွယ်တွေကလည်း ချွေးမတော်ကြဖို့ အပြိုင်ကြိုးစားနေကြတော့ မာဂဏ္ဍီလေး ဈေးကောင်းရနေတယ်လို့ပဲ ဆိုရမှာပေါ့။ မာဂဏ္ဍီကလှရုံတင်မဟုတ် သူ့မျိုးရိုးဂုဏ်ကလည်း ပညာချွန်ပညာတတ်တွေချည်းပဲ အဖေရော အမေပါ အနာဂါတ်ကိုအတတ်ဟောနိုင်ကြတဲ့ ဗေဒင်ပညာကျော်ကြီးတွေဖြစ်လို့ သာမာန်လူတန်းစားများအဖို့ရာမှာ မာဂဏ္ဍီဆိုတာ သူတို့နဲ့ပင်ထိုက်တန်တယ်လို့မမြင်ရဲကြတော့ဘူးတဲ့။
ဖခင်ကြီးကလည်း သမီးအလှလေးကို အိမ်ယာအတည်တကျဖြစ်သွားစေချင်တယ်။ ဟုတ်တယ်လေ ။ရုပ်လှတယ်ဆိုတာ တကယ်တော့ဘာမှမဟုတ်ပဲ အန္တရာယ်ကို လွယ်ထားရတာနဲ့အတူတူပဲမလား ။ဒါနဲ့ ဖခင်ကြီးလည်း သမီးလေးအတွက် နောင်ရေး စိတ်အေးရအောင် အချိန်တိုင်း သင့်တော်မယ့်သမက်လောင်းကို လိုက်ရှာနေရတာပေါ့။ ပုဏ္ဏားကြီးကလည်း အမြင်တစ်မျိုးရှိနေပြန်တယ် သမီးလေးကို မင်းမျိုး သူဋ္ဌေးမျိုးတွေနဲ့တော့ မပေးစားနိုင်ဘူးတဲ့
သူတော်တရားတွေကျင့်နေတဲ့ သူတော်စဉ်တွေရဲ့ခြေရင်းအလုပ်ကျွေးအဖြစ်သာပေးလှုမယ်။ ဒါမှသာ သူတို့လည်း သမီးလေးကိုလှူရ။ သမီးလေးလည်း တရားရှင်ရဲ့ ကြင်နာယုယမှုနဲ့ တစ်ဘ၀လုံးလှပမှာ ။ မင်းတွေ သူဋ္ဌေး သူကြွယ်တွေဆိုတောက
တော်ကောက်ပြီး နောက်တစ်ယောက်ရောက်လာတာနဲ့ ငါးစိမ်းမြင်ရင် ငါးကင်ပစ်ချင်ကြတာလို့ ခံယူထားသတဲ့လေ။ ဒါ့ကြောင့်လည်း ဒီနေ့ထိပင် သမီးလေးကို မည်သူ့ကိုမျှမအပ်နှင်းပဲထားခဲ့တာပေါ့။
*သမီးလေးနဲ့ လိုက်ဖက်မည့် ကြင်ယာတော်တွေ့ပြီ*
ဘုရားရှင်ကိုယ်တော်မြတ်က ဒီမာဂဏ္ဍီမိသားစုရဲ့ ဖြစ်ပုံအစုံအလင်ကိုလည်းသိမြင်တော်မူ မိဘနှစ်ပါးလည်း အကျွတ်တရားရကာ သာသနာဘောင်ဝင်ပြီး ရဟန်းပြုကြလိမ့်မယ်ဆိုတာလည်း သဗ္ဗညုတရွှေညာဏ်တော်နဲ့မြင်တော်မူတော့ မာဂဏ္ဍီပုဏ္ဏားကြီးလာပြီး မျက်နှာသစ်မယ့် ရေကန်ကြီးဘေးက အရိပ်ကောင်းတဲ့ပညောင်ပင်ကြီးအောက်မှာ ထိုင်နေသီတင်းသုံးတော်မူရင်း စောင့်နေတော်မူရင်း ရောင်ခြည်တော်တွေကို ပုဏ္ဏားကြီးဆီ လွှတ်လိုက်ပါတယ်။
ပုဏ္ဏားကြီးလည်း အလင်းရောင်လာရာလိုက်ရှာကြည့်လိုက်တော့ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးလျှက် တည်ငြိမ်အေးချမ်းစွာ ဈာန်သမာပတ်ဝင်စားတော်မူနေတဲ့ ဘုရားရှင်ကိုတွေ့မြင်တော်မူလိုက်ရတယ် ။ အသေချာအနီးကပ်သွားဖူးလိုက်တော့မှာ လားလား သူတို့ဗေဒင်လက္ခဏာကျမ်းစာအုပ်များအရ ဒီပုဂ္ဂိုလ်ဟာ လောကအမြတ်ဆုဲံးကြီးပဲ လက္ခဏာတော်ကြီးငယ် အသွယ်သွယ်တို့နဲ့ လှလိုက်လေခြင်း ငါ့သမီးအလှလေးက ဒီပုဂ္ဂိုလ်ထူးနဲ့မှ လိုက်ဖက်တယ် နေနဲ့လ ရွှေနဲ့မြပဲ လို့တွေးပြီး ဘုရားရှင်အား သူ့သမီးလေးကိုကြင်ယာတော်အဖြစ်လက်ခံဖို့ ပြောကြားပါတော့တယ်။
“အိုသူတော်စင်ကြီး ကျွန်ုပ်မှာ နတ်မိမယ်တမျှ အလွန်ချောမောလှပတဲ့သမီးပျိုလေးတစ်ယောက်ရှိပါတယ်။ မင်းစိုးရာဇာတွေကလက်ဆက်ဖို့ ကမ်းလှမ်းလာတာတောင် ကျွန်ုပ်က အကျင့်မြတ်သူကိုသာ အပ်နှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပယ်ချခဲ့ပါတယ် ။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သူတော်စင်ကြီးနဲ့တွေ့ရပလေတယ်။ သမိးလေးကိုတွေ့မြင်ရလျှင် အသင်သူတော်စင်ကြီးလည်း မြတ်နိုးတော်မူမှာပါ။ သမီးလေးကလည်း ရေပူရေချမ်းကမ်းလှမ်း၊ခြေဆုပ်လက်နယ်ပြုရင်း ယုယပါလိမ့်မယ်။ အသင်ဖက်က အစာထမင်းမျှပေးနိုင်လျှင်ပင် ။ပြီးပြည့်စုံတဲ့မိသားစုဘ၀လေးတည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီနေရာကသာ ခေတ္တစောင့်ပါ။ ကျွန်ုပ်အိမ်ပြန်စီစဉ်ပြီး သမီးလေးကိုခေါ်လာခဲ့ပါ့မယ် “
ဒါပေမယ့် ဘုရားရှင်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောပါဘူး။ ပြောလိုက်လို့ လက်ခံမယ်ဆိုရင်လည်း စကားလွန်သွားမယ်လေ ၊အမှန်က သမီးအလှုခံဖို့လာတာမှမဟုတ်တာပဲ။ သူတို့ဇနီးမောင်နှံကို အပါယ်သံသရာကကယ်ထုတ်ဖို့ ကြွလာတော်မူခဲ့တာ။
ပုဏ္ဏားကြီးလည်း သမီးလေးကိုသွားခေါ်ဖို့ အိမ်ကို ကမန်းကတန်း ပြန်သွားသည်နှင့် ဘုရားရှင်လည်း ကမ္မာသနိဂုံးသို့ ဆွမ်းခံကြွတော်မူပါတယ်။
………………………….
ပုဏ္ဏားကြီးကတော့ အိမ်ပေါက်ရောက်ခါရှိသေး အိမိထဲမ၀င်ခင်ကပင် အားရ၀မ်းသာ ဇနီး မာဂဏ္ဍီပုဏ္ဏေးမကြီးကို လှမ်းအော်ခေါ်လိုက်တယ်။
“ရှင်မရေ …ရှင်မ တို့သမီးလေးအိမ်မှာရှိသလား…အရေးကြီးတယ် အရေးကြီးတယ်။
ဇနီးသည်ကြီးလည်း ပုဏ္ဏားကြီးရဲ့ ဣနြေ္ဒမဆည်နိုင်လောက်အောင် ပျာပျာသလဲဖြစ်လာတာတွေ့တော့ လန့်သွားတာပေါ့။
“ဘာတွေဖြစ်လာတာလဲ လန့်လိုက်တာဒီမှာ သမီးအိမ်မှာရှိနေပါတယ်”
“ဒါဆိုအတော်ပဲရှင်မရေ ငါတော့ ဒီနေ့ သမီးလေးနဲ့လိုက်ဖက်တဲ့ သတိုးသားတစ်ဦးကိုတွေ့ပဟ”
“ဟုတ်လား ဘယ်နယ်ကလဲ ၊ဘယ်အမျိုးကလည်း မင်းမျိုးလား သူဋ္ဌေးသူကြွယ်မျိုးလား ရှင်ရဲ့”
“ ဘယ်အမျိုးအနွယ်ကလဲတော့ ငါလည်းမမေးခဲ့ရဘူး ၊တို့နိဂုံးရွာကြီးရဲ့ အပြင်သစ်ပင်အောက်မှာ ထိုင်နေတဲ့ သူတော်စင်ပဲ”
“ အို တော်ကလည်း ဘယ်ကလဲ ဘယ်အမျိုးလည်းမသိတဲ့ အိမ်မဲ့ယာမဲ့ခြေသလုံးအိမ်တိုင်လက်ထဲ သမီးလေးလက်ထဲထည့်လိုက်မလို့လား တကယ်တဲ”
မိဖနှစ်ပါးပြောစကားကြောင့် သူနဲ့လိုက်ဖက်တဲ့သူတွေ့ပြီဆိုတဲ့ ဖခင်ကြီးစကားကြောင့် ရင်ခုံရမယ်ကြံကာရှိသေး၊ အိမ်ခြေယာမဲ့တစ်ယောက်ဖြစ်ပြီး ရပ်တကာရွာတစ်ကာလှည့်လည်နေသူလို့လည်း ဆိုလိုက်ရော ၊ အလှမယ် မာဂဏ္ဍီလေးခမျာမှာ ချက်ခြင်းပင် စိတ်ပျက်လက်ပျက်ဖြစ်သွားရတော့တာပေါ့။
“အဖေကလည်း ဘယ့်နှယ် မင်းစိုးရာဇာတွေသမက်မတော်ပဲ ။ ရသေ့ပရိဗိုဇ်တစ်ယောက်နဲ့မှ ပေးစားရတယ်လို့” လို့ စိတ်ကောက် စိတ်ဆိုးကာ အိပ်ခန်းထဲပြေးဝင်သွားပါတော့တယ်။
သို့သော် ဖခင်ကြီးကတော့ သမီးစိတ်ကောက်နေသည်ကိုမသိရှာ ဆက်လက်ပြီး ဇနီးသည်ကိုသာ ဆက်ပြောနေတာပေါ့။
“ဟာကွာ မင်းကလည်း စကားကို ဆုံးအောင်နားထောင်ပါဦး သူ့ကြည့်ရတာ အသားအရေကလည်း ရွှေလိုဝင်းနေတာ၊ ဣနြေ္ဒသမ္ပတ္တိရှိလိုက်ပုံများ ငါသမီးနဲ့လက်ဆက်ဖို့ သွားပြောတာတောင် အင်းမလှုပ်အဲမလုပ်ကြီးဟေ့ ၊ ဒါမှ သူတော်စင်အစစ်ကွ မင်းနှယ် ငါတွေ့ခဲ့ဖူးသမျှယောက်ျားတွေထဲမှာတော့ သူ့လောက် ဥပဓိသမ္ပတ္တိရှိတဲ့သူကို ငါ့တစ်သက်မတွေ့ဖူးဘူး”
“တော်ကြာ မဟုတ်ရင် အရှက်ကွဲမယ်နော် ပုဏ္ဏားကြီးရဲ့”
“မင်းနှယ်ကွာ စကားများလိုက်တာ သွား သမီးလေးကိုသာ ရေမိုးချိုးပြီး လက်ဝတ်တန်ဆာတွေအလှပဆုံးပြင်ဆင်ခဲ့ ပြီးရင်သွားကြမယ် သိပ်ကြာလို့မဖြစ်ဘူး။ ဟိုမှာ စောင့်ရတာကြာရင် အားနာစရာ”
သို့ဖြင့် ပုဏ္ဏေးမကြီးလည်း သမီးလေးအိပ်ခန်းသို့သွားကာ ဖခင်ကြီးစိတ်ချမ်းသာအောင် လိုက်ခဲ့ပါသမီးရယ်။ သူ့ဆန္ဒတစ်ခုနဲ့ဖြစ်တာမှမဟုတ်တာပဲ ။ ဟိုရောက်လို့ အခြေနေမလှမသင့်တော်ဘူးဆိုရင် မေမေဘယ်ခွင့်ပြုမှာလဲ ။ ခုသူပြောနေပုံထောက်ရင်တော့ ဥပဓိသမ္ပတ္တိရှိတာတော့အမှန်ပဲ။ လူဆိုရင်လည်း အရာရှိအရာခံတွေ မင်းစိုးရာဇာတွေထဲကဖြစ်ရမယ်လို့ မေမေယုံကြည်တယ်။ သမီးလေးကိုယ်တိုင်လည်း ဟိုကျ ကိုယ်နဲ့အတူတူလက်တွဲရမယ့်သူကို အကဲခတ်ပေါ့” လို့ ချော့မော့ပြီး ရေမိုးချိုးဖြီးလိမ်းပြင်ဆင်ပေးကာ သားအမိသုံးယောက်တို့ မင်္ဂလာပွဲဆင်နွှဲဖို့ ထွက်လာခဲ့ကြပါတယ်။
ပုဏ္ဏားကြီးက သမီးလေးနဲ့လက်ဆက်ပေးရမယ့် သမက်လောင်းကိုတွေ့ပြီတဲ့။ သတိုးသားကလည်းချောလိုက်တာ အသားရေကရွှေလိုဝင်းလို့ဆိုပဲ။ ဒီနယ်ကတော့မဟုတ်ဘူး တိုင်းတစ်ပါးသားဖြစ်ရမယ် စသည်စသည်နဲ့ သတင်းကတောမီးပမာ ချက်ခြင်းပျံ့သွားလိုက်တာ တစ်မြို့လုံး အုံးအုံးကြွက်ကြွက်ဖြစ်ပြီး ပုဏ္ဏားကြီးတို့နောက်ကလိုက်လာကြတယ်။
*အမျိုးသမီးများ၏ ညာဏ်ရည်ထက်မြက်မှု *
ပုဏ္ဏားကြီးလည်း ပရိတ်သတ်ကိုဦးဆောင်ပြီး သူဘုရားနဲ့တွေ့ခဲ့တဲ့ညောင်ပင်အောက်ခေါ်သွားတော့ ဘုရားရှင်ကိုမတွေ့ရတော့ဘူး။ ပုဏ္ဏေးမကြီးက သမီးလေးနဲ့ လက်ဆက်ပေးပါမယ်ဆို မစောင့်ပဲ လျှောက်သွားတဲ့သူက ဘယ်လိုလူစားပါလိမ့်လို့ မျက်စိနည်းနည်းကစားကြည့်လိုက်တော့ ဘုရားရှင်ထိုင်သီတင်းသုံးတော်မူခဲ့တဲ့ မြက်အခင်းလေးကို မြင်လိုက်တာနဲ့ ဒီပုဂ္ဂိုလ်ဟာ သူ့သမီးကိုလက်ခံမှာမဟုတ်ဘူးလို့ အတတ်သိလိုက်ပါသတဲ့။
“ပုဏ္ဏားကြီး ဒီမြက်အခင်းက သူထိုင်ခဲ့တာလား”
“ဟုတ်တယ်လေ မနက်ကတင် ငါသူ့ကိုသေချာမှာထားခဲ့တာ ဘယ်မှကြွမသွားပါနဲ့လို့
ပုဏ္ဏားကြီး ဒီလိုဆိုရှင်လက်လျှော့လိုက်ဖို့သင့်ပြီ ဒီသူတော်စဉ်က ကာမဂုဏ်ကိုခံစားတဲ့ သာမန်ရသေ့ပရိဗိုဇ်မျိုးမဟုတ်ဘူး”
“မင်းကဘာတွေများတွေ့လို့ ဒီလိုပြောရတာလဲ ရှင်မရဲ့”
“ပုဏ္ဏားကြီး ကိလေသာဗလပွနဲ့သာမန်သူတော်စင်အမည်ခံသူတွေထိုင်လေ့ရှိတဲ့မြက်အခင်းက တွန့်လိမ်ခွေခေါက်နေတတ်တယ်။ သူတို့ကသူတို့သက်သာရင်ပြီးတာပဲ ပြောင်းလိုက်ပြန်လိုက် ရွှေ့လိုက်လှုပ်လိုက်နဲ့ဆိုတော့ အောက်ခံမြက်အခင်းက လိမ်ကောက်ကုန်တာပေါ့။ အခု ဒီမြက်အခင်းကိုကြည့်ရသလောက်တော့ မလှုပ်မရှက် ဈာန်တွေကသိုဏ်းတွေဝင်စားလေ့ရှိတဲ့သူတော်စင်တွေအသုံးပြုတဲ့ မြက်အခင်းမျိုးပဲ။ ဟောင်းနွမ်းနေပေမယ့် မစုပ်ပြတ်ဘူး နေမြဲအတိုင်းလေးဖြစ်နေတယ်”
အမှန်တော့ ပုဏ္ဏားကြီးသည် ဝေဒပါရဂူဘွဲ့ရခဲ့ပေမယ့် ပုဏ္ဏေးမကြီးလောက် ထိုးထွင်းညာဏ်ရှိသူမဟုတ်ပေ။ ဒါ့ကြောင့် သူကား လက်မခံ
“မင်းကလည်းကွာ မင်္ဂလာယူနေတဲ့အချိန်ပါဆိုမှ အမင်္ဂလာ မအောင်မရာစကားတွေ လာပြောနေ တွေ့အောင်သာရှာ သူတို့သမီးလေးကိုမြင်တာနဲ့ သဘောကျလက်ခံမှာပါ”
ပုဏ္ဏားကြီးကဘယ်များထွက်သွားပါလိမ့်လို့ ခြေရာလိုက်ကြည့်တော့ ဘုရားရှင်ခြေတော်ရာကို တွေ့မြင်ရတယ်။
“တွေ့ပြီရှင်မရေ တွေ့ပြီ”
“ဘယ်မတုန်း ရှင့်သမက်လောင်းကြီးက ကျမတို့ဖြင့်မတွေ့ပါဘူး”
“လူမဟုတ်ဘူးဟ ခြေရာတွေ့တာ ဒီမှာ ဒီမှာ လာကြည့်”
ပုဏ္ဏေးမကြီးခြေတော်ရာကို မြင်လိုက်သည်နှင့်
“ဒါ လူသာမန်ခြေရာမဟုတ်ဘူး၊ပုဏ္ဏားကြီးရဲ့”
“ဟာ ဒီပုဏ္ဏေးမတော့ လုပ်ပြန်ပြီ ဘာတွေမြင်လို့ ဒီလိုပြောရပြန်တာလဲ”
“သေချာကြည့်ပါပုဏ္ဏားကြီး သာမန်ခြေရာတွေမှာ တွေ့ရလေ့ရှိတာက
အလိုရမ္မက်ကြိးသူတွေဟာ မူယာမာယာများကြတာကလား စတိုင်ကျကျ ခြေကြွခြေလှမ်းဂရုစိုက်သွားကာ သူတစ်ပါးကိုဖျားယောင်းတဲ့သူမို့ သူ့ခြေရာက ဆောင့်ကြောင့်ထိုင်နေသလားအောက်မေ့ရလောက်အောင် ရှေ့နောက်ညီမျှပြီး မပြည့်လို့ဖ၀ါးလည်ကခွက်ဝင်နေတတ်တယ်။
ဒေါသကြီးသူတွေကြတော့ အလှအပမခံစားတတ်သလို သွားပုံလာပုံကိုလည်း ဘယ်တော့မှမသိမ်မွေ့မနူးညံ့ဘူးလေ ဒီတော့ သွားတိုင်း ဖနောင့်ပေါက်သွားသလား အောက်မေ့ရတယ် ဖနောင့်ပိုင်းက ပိုထင်ရှားတတ်တယ်။
မောဟစရိုက်ကြိးသူများကျ သွားလည်းမသတ်ရပ် ရပ်လည်းမပြီပြင် ခြေဖ၀ါးရာတွေက မညီညာဘူး ဟိုတစ်လှမ်းကျဲ ဒီတစ်လှမ်းစိတ်နဲ့ ဒရွတ်တိုက်သွားတဲ့ ခြေရာမျိုးတွေပဲ တွေ့ရတယ် ။
ခုဒီခြေရာမှာက ဒီလက္ခဏာတွေ တစ်ကွက်မျှ မတွေ့ရဘူး ပုဏ္ဏားကြီး
စက်လက္ခဏာတော်တွေ နဲ့ ခြေဖ၀ါးပြင်ကလည်း ညီညာပြန့်ပြူးလိုက်တာ လွန်ပါရော။ ခြေချပုံ ကြွပုံ လှမ်းပုံမှာ သတိတရားက ဦးစီးထားတာကြောင့် ခြေခေါ်ရာလူလိုက်သူမဟုတ်ပဲ ။ လူသွားလိုရာကို ခြေကလိုက်ချပေးနေရတယ်။ ဒီလူမျိုးက ကာမချမ်းသာကို မမှီဝဲဘူးဆိုတာ ကျမပြောရဲတယ်”
ပုဏ္ဏားကြီးလည်း ဘာမှပြန်မပြောနိုင်လောက်အောင်ပင် မင်သက်မိသွားတော့တယ်။ ဒါပေမယ့် ပုဏ္ဏားကြီးက လက်မလျှော့သေးဘူး ။ သူလည်းလူသား ငါလည်းလူသား ဘာသားနဲ့ထုထားတာမှတ်လို့ မိန်းမအပြုံးတစ်ချက်ကြောင့် စစ်မက်တွေဖြစ်ပြီး ပြည်တောင်ပျက်အောင်ဖျက်နိုင်ခဲ့သေးတာပဲ ။ ငါ့သမီးလေးကိုသာ သူတွေ့ရင် ခြေရင်းအလုပ်အကျွေးအဖြစ်လက်ခံမှာ မလွဲဧကံပဲ..လို့ ကိုယ်လိုရာဆွဲတွေးလိုက်ပြီး ဇနီးသည်ကို ပိတ်ငေါက်လိုက်တော့တယ်။
“မင်းနှယ်ကွာ သောက်ရေအိုးထဲ မိချောင်းကြီးတွေ့တယ် အော်နေတဲ့လူလိုပဲ ၊အဓိပ္ပါယ်ကိုမရှိဘူး။ လူပါဆိုမှတော့ အချစ်ရှိသလို အမုန်းရှိမှာပဲ ခံစားချက်ကိုထိန်းချုပ်နိုင်တာနဲ့ စိတ်အလိုလိုက်တာ ဒါပဲကွာမယ်။ စကားမများနဲ့ လာ ငါ့နောက်အသာလိုက်ခဲ့”
ပုဏ္ဏေားမကြီးလည်း လင်တော်မောင်ပုဏ္ဏားကြီးကို ကြောက်ရသူပီပီ အသာကုပ်ပြီး လိုက်ခဲ့ရတော့တာပေါ့။ ဒါပေမယ့် သူမကတော့ သူ့ဟောကိန်းသူအသေယုံ ယုံသွားပြီ “ဒီလူ ငါ့သမီးကို ဘယ်လိုနည်းနဲ့မှ လက်ခံလိမ့်မည်မဟုတ်…”တဲ့
………………………………….
ပုဏ္ဏားကြီး လင်မယား အချေအတင် စကားပြော ငြင်းခုံနေကြစဉ်မှာပင် ဘုရားရှင်လည်း ဆွမ်းခံဆွမ်းစားခြင်းကိစ္စပြီးလို့ ပြန်ကြွလာတော်မူရာ။ ပုဏ္ဏေးမကြီးက လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နဲ့ ပြည့်စုံပြီး တစ်လံမျှလောက်သော ရောင်ခြည်တော်များကွန့်မြူးနေတဲ့ ဘုရားရှင်ကို မြင်လျှင်မြင်ချင်းပင် ဒီပုဂ္ဂိုလ်ဟာ ငါ့သမီးလေးကို လုံးဝလက်ခံလိမ့်မည်မဟုတ်လို့ အတတ်သိလိုက်ပြန်တယ်။
ဒါပေမယ့် သမီးလေးမာဂဏ္ဍီကတော့ ဘုရားရှင်ရဲ့ ရူပကာယတော် လက္ခဏာတော်ကြီးငယ် အသွယ်သွယ်နဲ့ပြည့်စုံသပ္ပါယ်မှူတွေကြည့်ပြီး ရင်လှိုက်သည်းဖို ကျိတ်ကာ ကြည်နူးနေမိပါတော့တယ်။ သူနဲ့လက်ဆက်ပေးမည်ဆိုတဲ့ ဖခင်ကြီးကိုလည်း အရမ်းကျေးဇူးတင်ချီးကျုးနေမိတော့တယ်။
ဒီတင်ပုဏ္ဏေးမကြီးက မေးလိုက်တယ် “ပုဏ္ဏားကြီး ရှင်ပြောတဲ့ သမီးလေးနဲ့ လက်ဆက်ပေးမယ့်သူဆိုတာ ထိုအရှင်လား”
“ဟုတ်တယ် သူပဲ သူပဲ ဒီလောက်ဥပဓိသမ္ပတ္တိနဲ့ပြည့်စုံသူဆီမှာ ငါ့သမီးလေး ဘယ်တော့မှာ ကိုယ်စိတ်ဆင်းရဲမှာမဟုတ်ဘူးလို့ ငါယုံတယ်”
………………………
ထိုစဉ်မှာပင် ဘုရားရှင်လည်း ထားခဲ့တဲ့ မြက်အခင်းလေးပေါ်မှာ ထိုင်သီတင်းသုံးတော်မူလိုက်သည်နှင့် ပုဏ္ဏားကြီးလည်း သမီးအလှူပွဲကြီးစပါတော့တယ်။ သမီးလေးကိုရှေ့ခေါ်ကာ မိဘနှစ်ပါးကြားထဲမှာ ထိုင်စေလိုက်ပြီးလက်ဝဲလက်ဖြင့် သမီးလေးကိုင်ထားပြီး လက်ျာလက်ဖြင့် ရေကရားကိုကိုင်ကာ “အို သူတော်စင်(ရဟန်း) သင်ကလည်း ရွှေအဆင်းလိုဝါ၀င်းတဲ့အသားအရေရှိတယ်။ ကျွန်ုပ်သမိးငယ်လေးကလည်း ရွှေလိုဝါ၀င်းတဲ့အသားရေကို ပိုင်ဆိုင်တဲ့ လှပနုပျိုသူလေးဖြစ်လို့ သင်တို့နှစ်ယောက် ရှေ့သွားနောက်လိုက်ညီပါပေတယ်၊ ဒီသမီးပျိုလေးကို အရှင်၏ ခြေဆုပ်လက်နယ် အမှုကြီးငယ်ဆောင်ရွက်ပေးမယ့် ဇနီးသယ်လေးအဖြစ် ဆက်ကပ်လှူဒါန်းပါရစေ”လို့ ပြောဆိုကာ ရေစက်ချဖို့ ဟန်ပြင်လိုက်တာပေါ့။
ဘုရားရှင်က ပုဏ္ဏားကြီးကို စကားတုန့်ပြန် ပြောဆိုတော်မမူပဲ အခြားတစ်စုံတစ်ယောက်နှင့်ပြောဆိုသကဲ့သို
“ အဇပါလ ပညောင်ပင်ရင်းမှာထိုင်နေခဲ့စဉ်က နုပျိုငယ်ရွယ်သူပုံဟနု အတွေ့ကြုံရင့်ကျက်သည့်အမျိုးသမီးကြီး အရွယ်ရသူ မိန်းမပျိုကြီးများသန္တာန် ဒီလောကရဲ့ အလှပဆုံးပုံဟန်များစွာနဲ့ ငါဘုရားကိုလာရောက်မြှူဆွယ်ကြတဲ့ တဏှာ ၊အရတိ၊ရဂါ ဆိုတဲ့ သန့်ရှင်းစင်ကြယ်လှတဲ့ မာရ်နတ်ရဲ့ သမီးပျိုသုံးဦးနဲ့တောင်မှ အတူနေလိုစိတ်မရှိခဲ့တဲ့ ငါဘုရားဟာ
အဘယ့်ကြောင့် ယခုငါဘုရားရှေ့မှာထိုင်နေတဲ့ မစင်အိုးကို ရွှေချထားဘိသကဲ့သို့ သလိပ်ပြည်ချွဲ တရွဲရွဲစိုနေတဲ့ ဒီခန္ဓာကိုယ်အကောင်ပုပ်ကြီးကို အလှူခံရပါအံ့နည်း ။အတူနေကြဖို့မပြောနဲ့ ငါဘုရား၏ ခြေမနဲ့ပင် သင်၏သမီးအား မတို့ထိလို”..ဟု ခန္ဓကိုယ် အကောင်ပုပ်သဘောကို ရှင်းရှင်းလင်းလင်းမြင်အောင် တရားစကားဟောကြားတော်မူလိုက်ပါတယ် ။
…………………………………..
မာဂဏ္ဍီရဲ့ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့ခြင်း
ဘုရားရှင်ရဲ့ “ဒီရွံ့ရှာစရာ မစင်အိုးရွှေချထားတဲ့ အပုပ်ကောင်မကို ခြေမနဲ့တောင်မတို့ချင်ဘူး ဆိုတဲ့စကားလည်းကြားလိုက်ရော ဘုရားရှင်အား တပ်မက်မှုအပြည့်နဲ့ ရွှေရင်ဖိုနေရတဲ့ မာဂဏ္ဍီလေးခများ ဒေါသအမျက် ချောင်းချောင်း ထွက်သွားပါတော့တယ်။
“ကြည့်စမ်း ကြည့်စမ်း ပြောရက်လိုက်တာ ပြောထွက်လိုက်တာ ကိုယ်မကြိုက်မနှစ်သက်လို့ အလိုမရှိဘူးဆိုတော်ပြီပေါ့ ၊ ခုတော့ လူပုံအလည်မှာမှ မစင်အိုးကို ရွှေချထားတာတဲ့ ။ အတူနေဖို့ အတူပျော်ဖို့မပြောနဲ့ ခြေမနဲ့တောင် မတွေ့ထိလိုဘူးတဲ့။ နောက် ပြီး ပြောလိုက်သေးတယ် တဏှာ အရတိ ရဂါ ဆိုတဲ့ မာရ်နတ်သမီးတွေနဲ့စာရင် ငါ့ကိုယ်မှာက ပြည်ပုပ်သွေးပုပ်တွေ တစီစီယိုထွက်နေလို့ နှစ်သက်စရာ တစ်ကွက်မှ မရှိဘူးတဲ့။ သိကြသေးတာပေါ့။ တစ်နေ့မာဂဏ္ဍီသာ လောကကြီးကိုအုပ်စိုးခွင့်ရရင် လက်စားပြန်ချေမယ်။ ဒင်းကျရှုံးစေရမယ်”နဲ့ မြတ်စွာဘုရားရှင်အပေါ်မှာ ကြီးစွာသော ရန်ငြိုးဖွဲ့သွားပါတောတယ်။
………………………….
ပုဏ္ဏားကြီးလင်မယားမှာတော့ သူတို့သမီးလေးကို အကောင်ပုပ်အသုဘဘာဝနာအဖြစ်ထားကာ ဘုရားရှင်က တရားဟောကြားသွားတော်မူလိုက်တာကို အာရုံစိုက်နာကြရင်း ကာမကိလေသာကိုအပြီးတိုင်ခွါချကာ အနာဂါမ်ပုဂ္ဂိုလ်ကြီးများဖြစ်သွားကြပါတော့တယ်။
ဒါနဲ့ နောက်မှာထိုင်နေတဲ့ ညီအရင်းဖြစ်သူ မာဂဏ္ဍီရဲ့ ဦးလေးတော် ဖက်သို့လှည့်ကာ
“သမီးလေးကို မင်းသာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရစ်ပါတော့ ။ငါတို့ဇနီးမောင်နှံ မြတ်စွာဘုရားရှင်ထံမှာ ရဟန်းပြုပြီး ကမ္မဋ္ဌာန်းတရားပွားများကာ ရဟန်းဘ၀နဲ့ အရိုးထုတ်တော့မယ်..”လို့ အပ်နှံကာ ဘုရားနောက်လိုက်ကာ ရဟန်းပြုသွားကြပါတော့တယ်။ မကြာမီပင် အာသဝေါကင်းကွာ ရဟန္တာကြီးများ ဖြစ်သွားကြပါသတဲ့။
……………………………………
မာဂဏ္ဍီ မိဖုရားကြီးဖြစ်ပြီ
အရင်တုန်းကတော့ မိဘနှစ်ပါး ထားရာနေ စေရာသွားခဲ့ရတဲ့ မာဂဏ္ဍီ ဟာ အရင်ထဲက ဦးလေးကိုလည်း နိုင်ချင်တဲ့သဘောလေးရှိနေတော့ မိဘတွေလည်းရဟန်းပြုသွားရော သူ့ကို မင်းတစ်ပါးပါးရဲ့မိဖုရားကြီးဖြစ်အောင် ကြံဆောင်ပေးဖို့ ပူဆာပါတော့တယ်။
ဒါနဲ့ ဦးလေးတော်က ကောသမ္ဗီပြည့်ရှင် ဥတေနမင်းထံအခစားဝင်ပြီး တူမတော်ကလေး အလှမယ် မာဂဏ္ဍီအား ဆက်သလိုပါကြောင်း ကမ်းလှမ်းတာပေါ့၊ ဥတေနမင်းလည်း မာဂဏ္ဍီလေးကို ခေါ်ယူရှုစားကာ သဘောတော်ကျသွားပြီး သာမာဝတီမိဖုရားနဲ့ စင်ပြိင်မိဖုရားတစ်ပါးအဖြစ် မြှောက်စားပါတော့တယ်။ ဒါနဲ့ပဲ ကောသမ္ဗီမှာ အရာရာချယ်လှယ်နိုင်စွမ်းရှိတဲ့ ဥတေနမင်းကြီးရဲ့ အမြတ်နိုးဆုံးမိဖုရားတစ်ပါးဖြစ်သွားတော့တာပေါ့။
မာဂဏ္ဍီရဲ့ ကလဲ့စား
ဘုရားရှင်လည်း ဒေသစာရီလှည့်လည်ရင်း ဥတေနမင်းကြီးနဲ့ မာဂဏ္ဍီတို့ရှိတဲ့ ကောသမ္ဗီမြို့သို့ရောက်လာတယ်လည်းကြားရော မာဂဏ္ဍီက ဘုရားရှင်အား ရန်ငြိုးထားခဲ့သူပီပီ ဘုရားရှင်အားကြည်ညိုသူ သာမာဝတီတို့မိဖုရားတစ်စုကို အမျိုးမျိုးအကောက်ကြံတယ် နောက်မအောင်မြင်တော့ ဘုရားရှင်ဆွမ်းခံကြွရာလမ်းများမှာ ဆွမ်းမလောင်းစေပဲ မိစ္ဆာဒိဋ္ဌိများကို တစိုးလက်ဆောက်တွေပို့စေပြီး ဆဲဆိုကြိမ်းမောင်းပြီး မြို့ကထွက်သွားဖို့ ကြံစည်ကြိုးစားပါတော့တယ်။
မိစ္ဆာဒိဋ္ဌိများကလည်း ဥတေနမင်းကြီးရဲ့ မိဖုရားကြီး မာဂဏ္ဍီကိုယ်တိုင်က နောက်ကကြိုးကိုင်ထားလေတော့ ရောင့်တက်ကာ ဘုရားရှင်ဆွမ်းခံကြွတော်မူရာလမ်းမတိုင်းမှာ အုပ်စုဖွဲ့ကာ နှောင့်ယှက်ကြပါတော့တယ်။
ဘုရားရှင်က သံဃာတော်များဦးဆောင်ကြွလာပြီဆိုသည်နှင့် နောက်ကလိုက်ကာ အမျိုးမျိုးအဖုံဖုံ စုံနေအောင် ဆဲဆိုကြပါတော့တယ်။ ဒါ့ကြောင့် လောကမှာ အပြစ်တစ်စုံတစ်ရာ ပြောစရမရှိတဲ့ လောကကောင်းကျိုးကိုသယ်ဆောင်နေသူ ဘုရားရှင်ကိုပင်လျှင် လူမိုက်တွေဆိုတာကတော့ သူတို့အလိုအကြိုက်နဲ့မကိုက်ရင် နှစ်သက်ကြတာမဟုတ်ပါဘူး။ အပြစ်မရှိအပြစ်ရှာကာ ပုတ်ခတ်စော်ကားတာ ဆဲရေးတိုင်းထွာတာတွေလုပ်ကြမှာပါပဲ။
ဘုရားရှင်ကတော့ ဒီလောကဓံကို ကြံ့ကြံ့ခံကာ ဆွမ်းခံဆက်ကြွတော်မူပါတယ် ။ဒါပေမယ့် နောက်တော်ပါး အရှင်အာနန္ဒာက “အရှင်ဘုရား ဒီမြို့ကလူတွေက စရိုက်တယ်ကြမ်းတယ်ဘုရား၊ သုံးလောကထွဋ်ထား ဘုရားရှင်ကြွလာတာတောင် ဆွမ်းတစ်ဇွန်းထွက်လောင်းရကောင်းမှန်းမသိကြဘူ။ ဆွမ်လောင်းသူတွေကိုပါ ရန်ရှာနေကြပြန်တယ်။ ဒီမြို့ကနေ အခြားကြည်ညိုသဒ္ဓါရှိတဲ့ မြို့တစ်မြို့မှာ သီတင်းသုံးကြရအောင်ဘုရား”လို့ လျှောက်တော့
“ဘယ်မြို့သွားမယ်လို့ သင်စိတ်ကူးမိသလဲ အာနန္ဒာ”
“ သာဝတ္ထိတို့ ရာဇဂြိုလ်တို့ပေါ့ဘုရား အခြားမြို့ကိုသွားကြတာပေါ့ဘုရား”
“အဲဒီမြို့နေလူတွေကလည်း ဒီလိုပဲ ဆဲရေးတိုင်းထွာလာကြရင်ကော ဘယ်လိုလုပ်ပါ့”
“အဲဒီတော့လည်း အခြားတစ်မြို့ထပ်ပြောင်းကြတာပေါ့ဘုရား “
“ဒီပုံနည်းမျိုးနဲ့ ပြဿနာကိုရှောင်မပြေးသင့်ဘူး အာနန္ဒာ ဒီလိုသောပြောင်းရွှေ့နေရင်တော့ ပြဿနာဘယ်တော့မှ ဆုံးမှာမဟုတ်တော့ဘူး။ ဒီအရပ်မှာ ပြဿနာဖြစ်လာရင် ဒီအရပ်မှာ ပြေငြိမ်းအောင် ဖြေရှင်းခဲ့ပြီးမှ အခြားတစ်နေရာကို သွားရမယ်။ ဒီလိုမှမဟုတ်ရင် သင်ဒီဆဲရေးဒဏ်တွေကို သည်းမခံနိုင်လို့ ထွက်ပြေးရာကျနေမှာပေါ့။ ကဲ ဆိုစမ်းပါဦး ဒီမြို့မှာ ဆဲရေးတိုင်းထွာနေကြသူတွေက ဘယ်သူတွေပါလိမ့်”
“ကျွန်အမှုလုပ်သမားတွေကစပြီး တစ်မြို့လုံးကလူတွေ ဆဲနေကြတာဘုရား “
“အာနန္ဒာ ငါဘုရားဟာ စစ်မြေပြင်ထွက်လာတဲ့ တိုက်ဆင်ကြီးနဲ့တူတယ် တိုက်ပွဲဝင်ကာမှ မြှားမှန်မှာကြောက်ပြီး သူရဲဘောကြောင်သတ္တိနည်းတဲ့ သူရဲကြောင်ဆင်မဟုတ်ဘူး။ ဖြစ်လာတဲ့ပြဿနာကို ရဲရဲရင်ဆိုင်ပြီး ဒီပြဿနာတွေငြိမ်းအေးသွားတဲ့အထိ ဒီမြို့မှာပဲ ငါဘုရား ဆက်လက်သီတင်းသုံးတော်မူမယ်..”
လို့ ပြတ်သားစွာမိန့်တော်မူပြီး အောက်ပါဂါထာတို့ကို ဆက်လက်ဟောကြားတော်မူလိုက်ပါတယ်။
အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုေဿသု၊ ယောတိဝါကျံ တိတိက္ခတိ။
ဝရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓ၀ါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ၀ရံ။
ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ (မိမိအပေါ်သို့)ကျရောက်လာသောမြားကို မတုန် မလှုပ်ခံသကဲ့သို့ ငါဘုရားသည် လွန်ကျူးစော်ကားသော စကားကို သည်းခံအံ့၊ လောကီဘုံသား လူအများသည် သီလမရှိသည်သာတည်း။
ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ လူစုလူဝေးရှိရာ ပွဲသဘင်သို့ဆောင်ကုန်၏၊ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ မင်းသည်စီး၏၊ လွန်ကျူးစော်ကားသောစကားကို သည်းခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်၍ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။
အဿတိုရ်မြင်းတို့သည် လည်းကောင်း၊ အာဇာနည်မြင်းတို့သည် လည်းကောင်း၊ သိန္ဓောမြင်းတို့သည် လည်းကောင်း၊ ကုဉ္ဇရမည်သော ဆင်ပြောင်ကြီးတို့သည် လည်းကောင်း ယဉ်ကျေးကုန်မှသာလျှင် မြတ်ကုန်၏၊ ကိုယ် စိတ်နှစ်ပါးကို ဆုံးမယဉ်ကျေးပြီးသူသည် ထို မြင်း ဆင်တို့ထက် လွန်မြတ်၏။
.............................................................................
အထက်ပါအတိုင်း မြတ်စွာဘုရားရှင်ရဲ့ ခံယူချက်နဲ့ သဘောထားကို ထုတ်ပြန်ဟောကြားတော်မူလိုက်မှ ဆဲရေးတိုင်းထွာနေကြသူ မိစ္ဆာဒိဋ္ဌိများလည်း ရှဲသွားကြပါတော့တယ်။
အထက်ပါ ၀တ္ထုကြောင်းကိုထောက်ဆပါက မြတ်စွာဘုရားရှင်ပင်လျှင်ကဲ့ရဲ့ပြစ်တင် ဆဲရေးတိုင်းထွာတတ်ကြ၍ မိမိတို့မှာကား မည်သို့မျှ ကဲ့ရဲ့ဝေဖန်မှူမှ လွတ်မည်မဟုတ်ပေ။
သို့သော် ‘လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့’ ဆိုတဲ့အတိုင်း ပညာရှိများ ကဲ့ရဲ့ပြစ်တင်မည့် အကုသိုလ်ဒုစရိုက်မျိုးကိုတော့ အသေးဖွဲကလေးပဲ ဘာမှမဖြစ်ပါဘူးလို့ သွားမလုပ်လိုက်ပါနဲ့ ။ မစင်ဆိုတာ အနည်းငယ်ကလေးပဲဖြစ်ပစေ ဆိုးရွားတဲ့ အနံ့အသက်ထွက်ပြီး ပျားပိတုံးတွေရှောင်ရှားသွားကြသလို။ ကဲ့ရဲ့ပြစ်တင်ဖွယ်အကုသိုလ်ဒုစရိုက်အမှုကလေးလုပ်လိုက်လို့ ငရဲမကျနိုင်သည်ထားဦး သူတော်စင် သူတော်ကောင်းကြီးများက ဥပေက္ခာထားလိုက်ကြရင် ဆုံးမကန့်မြစ်မယ့်သူ ဖေးမကူညီမယ့်သူတွေမရှိတော့ပဲ နိဗ္ဗာန်ခရီးမှာ အခက်ကြီးကြုံသွားရနိုင်ပါတယ်။
သို့အတွက်ကြောင့် မေတ္တာသုတ်တော်မှာ ဘုရားရှင်ဟောကြားထားတော်မူခဲ့တဲ့ 'န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ' ဆိုတဲ့အတိုင်း ပညာရှိများ ကဲ့ရဲ့ရှုံ့ချမယ့် ဒုစရိုက်အမှုလေးများကို အသေးဖွဲလေးပင်ဖြစ်စေကာမူ
မကျုးလွန်မိအောင် ရှောင်ကြဉ်နိုင်ကြစေကြောင်း ထပ်လောင်းအကြံပြုလိုက်ပါရစေ။
မေတ္တာများစွာဖြင့် လင်္ကာအရှင်(မုံရွာ)
ဆက်လက်ဖော်ပြပါဦးမည်
No comments:
Post a Comment