
သားမီး လောင်မြိုက်ခြင်းခံရသော ကိသာဂေါတမီအကြောင်း
သားသေကိုမစွန့်ပစ်နိုင်တဲ့ ကိသာဂေါတမီအကြောင်းလေးရေးဦးမယ်ဆိုတော့ ဓမ္မပဒ ၊ဒဏ္ဍ၀ဂ် မဟာမောဂ္ဂလာနထေရ၀တ္ထုလာ ဂါထာလေးတွေကို ပြေးသတိရမိတယ်- ကိသာဂေါတမီနဲ့မဆိုင်ပေမယ့်လည်း စီးပွားဥစ္စာတွေအလိုလျှောက်ပျက်စီးသွားပြီး
ရွှေတုံးကမီးသွေးဖြစ်သွားတဲ့ သူ့ယောက္ခမသူဋ္ဌေးကြီးဖြစ်ရပ်နဲ့ တိုက်ဆိုင်နေလို့ပါ။ ဂါထားများကတော့
ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။
ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ၀ ဘေဒနံ။
ဂရုကံ ၀ါပိ အာဗာဓံ၊ စိတ္တက္ခေပံ ၀ ပါပုဏေ။
ရာဇတော ၀ါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ၀ ဒါရုဏံ။
ပရိက္ခယံ ၀ ဉာတီနံ၊ ဘောဂါနံ ၀ ပဘင်္ဂုရံ။
အထ ၀ါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒေါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။ …..တဲ့ အဓိပ္ပါယ်က
အပြစ်ကင်း၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှားစော်ကားကြသူတွေဟာ ဆင်းရဲကြောင်း ဒဏ်(၁၀)ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ကျရောက်ရတတ်တယ်။
(၁) ပြင်းထန်သော ရောဂါ ဝေဒနာတွေ ဖြစ်ပေါ်လာတတ်တယ်၊
(၂) ပစ္စည်းဥစ္စာတွေလည်း ဆီလိုအပေါက်ရှာထွက်သွားကြပြီး စီးပွားရေးမှာ အရှုံးပေါ်တတ်တယ်၊
(၃) ရောဂါကြောင့်ဖြစ်စေ၊ သူတစ်ပါးလက်ချက်ကြောင့်ဖြစ်စေ လက်ခြေကိုယ်အင်္ဂါတွေ ပျက်စီးရတယ်၊
(၄) ကုစားမရတဲ့ ကုဋ္ဌနူနာလို ရောဂါကြီးများ ဖြစ်ပေါ်လာတတ်တယ်၊
(၅) အဖသတ်မိတဲ့ အဇာတ်တသတ်လို စိတ်ကတောက်ကတက်ဖြစ်ကာ ရူးသွပ်သွားတတ်တယ်၊
(၆) မင်းအစိုးရတွေကလည်း အကြောင်းမဲ့ ဒုက္ခပေးလာတတ်တယ် ၊
(၇) မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်း ခံရတတ်တယ်
(၈) အများအလည်မှာ တစ်ကောင်ကြွက်အထီးကျန်ဖြစ်ကာ အားကိုးရမယ့် ဆွေမျိုးရင်းချာ မရှိဖြစ်တတ်တယ်၊
(၉) စီးပွားပျက်ကာ ချက်ချင်းမွဲပြာကျသွားတတ်တယ်၊
(၁၀) ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို လျှပ်စစ်ဝါယာရှော့ကဖြစ်ဖြစ် မိုးကြိုးကျလို့ဖြစ်ဖြစ် သူတစ်ပါးအိမ်မီးလောင်ရာမှ ကူးလို့ပဲဖြစ်ဖြစ် ပကတိမီးမျိုးလည်း ထလောင်နိုင်သလို ၊အလိုလိုသဘာဝ မီးတွေထတောက်က ကုန်းကောက်စရာမရှိအောင် မွဲပြာကျသွားနိုင်ပါသတဲ့
ဒီဒဏ်ဆယ်ပါးမျက်မှောက်ဘ၀ခံစားရတာက အကင်းလေးမျှသာဖြစ်ပြိး သေဆုံးသွားပြန်တော့ ဧကန်ငရဲခံရနိုင်တယ်လို့ မိန့်တော်မူထားတာပါ ။ ဒီတော့ မပြစ်မှားသင့်တဲ့ ကျေးဇူးရှုင်တွေအပေါ် မပြစ်မှားမပုတ်ခတ်မိကြဖို့ အရေးကြီးပါတယ်။ အရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးဟာ နောက်ဆုံးပစ္ဆိမဘ၀မှာတော့ တကယ့်သူတော်ကောင်းကြိးအဖြစ်နဲ့ အရိုးထုတ်သွားခဲ့ပေမယ့် ဟိုး..အတိတ်ဘ၀တစ်ခုက မျက်မမြင်မိဘနှစ်ပါးကို မယားအားကိုးနဲ့ရိုက်သတ်မိခဲ့လို့ သူ့အကုသိုလ်ကသူ့ကိုဒဏ်ခတ်ပစ်လိုက်တာလို့ မြတ်ဗုဒ္ဓက အတိလင်းဟောကြားတော်မူခဲ့ပါတယ်။
ရွှေတုံးရွှေခဲများမှ မီးသွေးတုံးဖြစ်သွားရခြင်း
အရှင်မောဂ္ဂလာန်ကို အပြစ်မရှိပဲ ခိုးသားတွေရိုက်သတ်ခြင်းခံလိုက်ရသလိုပါပဲ အကုသိုလ်တွေလိုက်လာလို့ ဒုက္ခရောက်ရသူ နောက်တစ်ဦးကတော့ သာဝတ္ထိက ကုဋေလေးဆယ်ကြွယ်ဝတဲ့ ကိသာဂေါတမီရဲ့ ယောက္ခထီးဖြစ်လာမယ့် သူဋ္ဌေးကြီးတစ်ဦးပါ ။ သူလည်း အတိတ်က ကုသိုလ်ကံတွေကုန် အကုသိုလ်တွေအကျိုးပေးရမယ့် အလှည့်ရောက်လာတော့ မနက်အိပ်ယာထလို့ ဇနီးသယ်အား စားစရာတစ်ခုခုသွားဝယ်ခိုင်းပါသတဲ့ ။
ဒါပေမယ့် ဇနီးသယ် သူဋ္ဌေးကတော့ ကြီးခများ ငွေသွားယူရင်း အိမ်ခန်းထဲက ငွေအသပြာထားတဲ့ သေတ္တာလည်းဖွင့်လိုက်ရော ရွှေဒင်္ဂါးပြားတွေက မီးသွေးပြားတွေဖြစ်နေပါသတဲ့ ။
သူဋ္ဌေးကတော်ကြီးလည်း အလန့်တကြားလှန်းအော်ကာ မျက်ကလူးဆန်ပြာနဲ့ ပြေးထွက်လာပြီး သူဋ္ဌေးကြီးကိုခေါ်ပြပါတယ်။ သူဋ္ဌေးကြီးလည်း မဖြစ်စဖူး ထူးထူးဆန်းဆန်း ငွေကရွှေမဖြစ်ပဲ ငွေက မီးသွေးတုံးတွေဖြစ်နေတာတွေ့ရလို့ လန့်ဖြတ်သွားပါတယ်။ လျို့ဝှက်ခန်းတွေ မြေတိုက်တွေထဲမှာ သိုဝှက်သိမ်းဆည်းထားတဲ့ စိန်ရွှေရတနာတွေဟူသမျှဟာလည်း မီးသွေးတုံးတွေအဖြစ်ပြောင်းလဲသွားတာကို ထိတ်လန့်ဖွယ်တွေ့ရတော့တာပေါ့။
ဒါနဲ့ သူတို့လင်မယားပဲ အမြင်မှားလေရော့သလား သားသမီးတွေကို ခေါ်ပြပြန်တော့လည်း အမြင်မပြောင်းဘူး တကယ်မီးသွေးတွေလို့ပဲ မြင်နေကြသတဲ့ ။
သူဋ္ဌေးကြီးခမျာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး ရှိသမျှပစ္စည်းတွေကလည်း အကုန်ဆုံးရှုံးသွားပြီဆိုတော့ သားတော်မောင်ကို ရင်းနှီးတဲ့ အခြားသူဋ္ဌေးကြီးဆီ အသပြာနည်းနည်းပါးပါးချေးငှါးဖို့လွှတ်လိုက်ပြီး စိတ်ဓာတ်တွေကျကာ ကုတင်ပေါ်လဲတော့တာပေါ့။
ဒီသတင်းကိုကြားရတော့ သူငယ်ချင်းသူဋ္ဌေးကြီးကိုယ်တိုင်လိုက်လာပြီး သေချာစစ်ဆေးကြည့်တယ် ။ဒီတော့မှာ “ဟာ တကယ်ပါလား မဖြစ်စဖူး တစ်အိမ်လုံးမီးသွေးတွေချည်း၊ ဒီလိုမျိုး ငါ့အိမ်မှာပါဖြစ်လာရင်” လို့ တွေးပြီးတောင် လန့်ဖြတ်သွားတော့တာပေါ့။
ဒါနဲ့ လက်တွေ့ဒုက္ခခံစားသွားရတဲ့ သူငယ်ချင်းကိုဖေးမရင်း…
“သိပ်လည်းစိုးရိမ်မနေပါနဲ့ သူငယ်ချင်းရယ် ဒါက အကုသိုလ်ကံတွေများလို့ ဖြစ်ရတာကွ ဒီတော့ ကံကောင်းတဲ့သူတွေ မင့်အိမ်ပေါ် ခေါ်တင်ထားဖို့လိုတယ် ၊ ဥပမာကွာ မင်းကအရောင်းအ၀ယ်စီးပွားရှာကျွမ်းကြင်တော့ မင့်လုပ်စာကိုင်စာကို မင်းဇနီးမယား နဲ့သားတော်မောင် အငြိမ့်သားထိုင်စားခွင့်ရသလိုပေါ့။ လှေလှော်တတ်တဲ့လှေထိုးသားတစ်ယောက်ကြောင့် လှေပေါ်ကလူတွေအားလုံး တစ်ဖက်ကမ်းမလှော်ပဲနဲ့ရောက်ရသလိုပဲ ။ မင်းလည်း ချမ်းသာမယ့်ကံပါတဲ့တစ်ယောက်ယောက်ကိုမှီခိုပြီး သူ့ကံကိုမှီခိုလိုက်ရင် မင်းပစ္စည်းတွေ အကောင်းပကတိပြန်လည်ဖြစ်လာမှာပါ”လို့ အားပေးသတဲ့ ။
“အင်း မင်းအကြံမဆိုးဘူး သူငယ်ချင်းရာ ငါတော့မကြံတတ်တော့ဘူး အဲဒီချမ်းသာမယ့်ကံပါတဲ့သူကို ငါတို့ကဘယ်လိုရှာရမှာလဲ”
“ငါလည်းအသေချာတော့မပြောနိုင်ဘူးပေါ့ကွာ ဒါပေမယ့် ကံထူးသူသာ ရွှေအဖြစ်မြင်နိုင်မှာဆိုတော့ လူတကာမြင်အောင် မင်းအိမ်ရှေ့မှာ မီးသွေးတွေပုံပြီး ရောင်းသလိုထိုင်နေကွာ လူတွေက မီးသွေးတွေပုံပြီးရောင်းနေတယ်လို့ပြောရင် “မရှိရှိတာ ရောင်းရတာပဲ ကွာ”လို့ အလိုက်သင့်ပြန်ပြောပေါ့၊
တကယ်လို့ တစ်စုံတစ်ယောက်ကများ “သူဋ္ဌေးကြီး ရွှေငွေ ကျောက်သံပတ္တမြားတွေကို ဟင်းရွက်ကန်စွန်းရွက်လို ချရောင်းနေပြီလား”လို့ပြောလာခဲ့ရင် ။ ဟဲ့ ရွှေတွေကဘယ်မတုံး လာကိုင်ကြည့်ပါဦးလို့ပြော နောက်သူကဒီမှာလေလို့ သူဋ္ဌေးကြီးလက်ထဲထည့်ပြလို့ရွှေတုံးရွှေခဲတွေပြန်ဖြစ်သွားရင် သူ့ကို ယောက်ျားလေးဖြစ်က သမီးနဲ့ထိမ်းမြားပြီး အလုံးစုံကိုသူ့ဥစ္စာပြုပြီး သူပေးသမျှကိုခံယူစားသောက်ပေါ့ မိန်းကလေးဖြစ်နေရင်လည်း သားနဲ့ထိမ်းမြားပေးပြီး အိမ်ခေါ်ထားရမှာပေါ့”
သူဋ္ဌေးကြီးလည်း ဒီအကြံပေးမှုကို သဘောကျသွားပြီး အိမ်ရှေ့မှာ မီးသွေးများကိုဖျာခင်းပုံစေပြီး ဈေးဆိုင်ခင်းသကဲ့သို့ ထိုင်နေပါတော့တယ်။
လမ်းသွားလမ်းလာများက “သူဋ္ဌေးကြီးရယ် သူများတွေက ဟင်းရွက်ကန်ဇွန်းရွက် ဆန်ဆီဆေးဆားတွေရောင်းကြတာ ထင်းရှားတဲ့နေရာလည်းမဟုတ်ပဲနဲ့ မီးသွေးဘယ်သူက၀ယ်မှာလဲ” လို့ပြောကြတော့ “အေးကွာ ငါ့မှာလည်း မီးသွေးရှိလို့ မီးသွေးရောင်းရတာပေါ့” လို့ အလိုက်ထိုက်ပြန်ပြောရတာပေါ့ ၊ ဒီလိုနဲ့ ဈေးဆိုင်ခင်းပြီး ကယ်တင်ရှင်ထိုင်စောင့်နေရတာပေါ့။
ဆင်းရဲတွင်းက ကယ်သူပေါ်ပြီ
တစ်နေ့မှာတော့ သူဋ္ဌေးမျိုးရိုးမှ စီးပွားပျက်သွားလို့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်ခုက ကိသာ ဂေါတမီလို့ခေါ်တဲ့ ကလေးမလေးတစ်ဦးက လမ်းဖြတ်သွားရင်း
“သူဋ္ဌေးကြီး မနက်ခင်း စောစောစီးစီး ဘာစိတ်ကူးပေါက်ပြီး ရွှေတွေဖျာခင်းရောင်းနေတာတုန်း”လို့ ထူးထူးဆန်းဆန်းလှမ်းနှုတ်ဆက်လိုက်ပါတယ်။
ဒီတင်သူဋ္ဌေးကြီးလည်း ကယ်သူတော့ ပေါ်ပြီလို့ တွေးလိုက်ပြီး လှမ်းခေါ်လိုက်ပါတယ်
“သမီးရယ် အဘရွှေတွေလျှော့ဈေးနဲ့ရောင်းနေတာ သမီးလေးလိုချင်ရင် လာဝယ်ပါဦး”
“သူဋ္ဌေးကြီးရယ် တော်ပါပြီး အရင်အဖေတို့အမေတို့ ပစ္စည်းရှိစဉ်ကတော့ ရွှေမရှားငွေမရှား ခုဖြင့်အနိုင်နိုင်ချွေတာသုံးနေရတာလေ ခုတောင် ဈေးသွားပြီး ဟင်းချက်စရာလေးဝယ်ဖို့ထွက်လာတာ သူဋ္ဌေးကြီးမြင်လို့ နှုတ်ဆက်တာပါ”
“ဟဲ့ သမီးလေး လာပါဦး သမီးပြောတဲ့ရွှေတွေဆိုတာ ဘယ်ဟာတွေတုန်း အဘကိုယူပြစမ်းပါဦး”
“မနောက်ပါနဲ့ သူဋ္ဌေးကြီးရယ် ကျမလည်းသွားစရာရှိနေသေးလို့ “
“မဟုတ်ဘူးသမီးရဲ့ သမီးကရွှေတွေလို့ မြင်ရင် ဒီပစ္စည်းကသမီးနဲ့ထိုက်လို့ပဲ အဘက ထိုက်သူကိုပေးဖို့စောင့်နေတာပါကွာ လာလာ အဘလက်ထဲကို ထည့်ပြစမ်း အဲဒီရွှေတွေ”
………………………………
ဒီတင် ဂေါတမီလေးလည်း သူ့ကိုနောက်နေတာမဟုတ်ပဲ တကယ်ပေးမယ့်ပုံဆိုတာ သဘောပေါက်သွားပြီး
ရွှေဆွဲကြိုးရွှေလက်ကောက်တွေကို သူဋ္ဌေးကြီးလက်ထဲ ကောက်ထည့်ပြလိုက်တယ်။
ဂေါတမီလက်နဲ့ကောက်ထည့်ပေးလိုက်တဲ့ မီးသွေးတုံးဟူသမျှက ရွှေတုံးတွေအဖြစ်ပြန်ပြောင်းသွားပြန်တာကို သူဋ္ဌေးကြီးတွေ့လိုက်ရတယ်။
ဒီတင် သူဋ္ဌေးကြီးက အားရ၀မ်းသာ “သမီးလေး သမီးလေး အဘတို့မိသားစုကိုကယ်ပါကွယ် အဘတို့ဒီလိုဒီလိုဖြစ်သွားလို့ ထိုက်တဲ့သူကိုစောင့်နေတာ လာလာ အိမ်ထဲဝင်ပါဦး”ဆိုကာ ဂေါတမီလေးကို အိမ်ထဲဖိတ်ပြီး သူဋ္ဌေးကတော်ကြီးရော မိသားစုအားလုံးကပါ ဂေါတမီးလေးကို အိမ်မှာပဲလာနေဖို့ တောင်းဆိုကြပါတော့တယ်။
ဒီလိုနဲ့ ဂေါတမီလေးရဲ့ မိဘများကလည်း သူဋ္ဌေးကြီးရဲ့ သားငယ်လေးနဲ့ အိမ်ထောင်ရက်သားချပြိး ချမ်းချမ်းသာသာ ပြန်လည်နေထိုင်ခွင့်ရသွားကြတော့တာပေါ့ ။
ဂေါတမီလေး အိမ်ထောင်ကျပြီး သားလေးတစ်ယောက်ရကာ မတ်တတ်သွားတတ်စအရွယ်မှာ သားငယ်လေးဖျားနာပြီး သေဆုံးသွားပါတယ်။ သားဦးအရူးဆိုတဲ့အတိုင်း တုန်နေအောင်ချစ်တဲ့ ဂေါတမီခမျာ ဖြေမဆည်နိုင်ဖြစ်ပြီး သားသေလေးကိုစွန့်မပစ်ရက်ဖြစ်နေတော့တာပေါ့ ။
လူတွေက သူ့သားငယ်လေးကို မီးသဂြိင်္ုဟ်ဖို့ ပြင်ဆင်နေကြပြီ မကြာမီ သားသေလေးကို မီးရှို့ကြတော့မည်ဆိုတာသိရတော့ သူမမစွန့်လွှတ်နိုင်တော့ပဲ အလောင်းကိုလက်ဦးအေင်မပြီး အိမ်ကနေ ထွက်ပြေးသွားပါတော့တယ်။
သားသေဆုံးမှုသောကမီးတောက်နေတော့ အရူးတစ်ပိုင်းဖြစ်သွားတာပေါ့ လမ်းမှာတွေ့သမျှလူတွေကိုလည်း ကျမသားသေလေး အသက်ပြန်သွင်းပေးကြပါ။ ကျမသားလေး ခေါ်လို့မရတော့ဘူး ကယ်ကြပါဦးနဲ့ လျှောက်ပြောရင်း အကူညီလိုက်တောင်းနေပါသတဲ့။
နေ့လည်ခင်းမှာ ဘုရားကျောင်းမှပြန်လာတဲ့ ဥပါသိကာကြီးတစ်ယောက်က ဒီဖြစ်ကိုမြင်တော့ သမီး လာလာ အဘဆီလာပါဦး ဘာဖြစ်လို့လဲလို့ မေးလိုက်တာ့ သူ့သားငယ်လေး ရုတ်တရက်သေဆုံးသွာလို့ အသက်ရှင်ဆေးလိုက်ရှာနေတာပါလို့ ပြောပြတယ်။
ဥပါသိကာကြီးက သြော် ဒီကလေးမလေး သားဦးလေးရကာစ သေဆုံးသွားတော့ သည်းမခံနိုင်မစွန့်လွှတ်နိုင်ဖြစ်နေတာပဲ ။ငါ ဘုရားကျောင်းတော်လွှတ်လိုက်မှ တရားနာရပြီး မရဏသဘောကို သဘောပေါက်ပြီး ခံနိုင်ရည်ရှိသွားမယ်ထင်ရဲ့ လို့တွေးမိပြီး
ဒီသားသေကိုတော့ အဘလည်း အသက်ပြန်သွင်းဖို့ မတတ်နိုင်ဘူး သမီးရယ် ဒါပေမယ့် ဒီလမ်းအတိုင်းတည့်တည့်သွားရင် ဇေတ၀န်ကျောင်းတော်ကြီးဆိုတာ တွေ့ရလိမ့်မယ်။ အဲဒီမှာ မြတ်စွာဘုရားသခင်ရှိတယ် ။မသိတာမရှိတော့ သမီးလေးလိုချင်တဲ့ သားအသက်ပြန်ရှင်တဲ့ဆေးနည်းလည်းပေးနိုင်လိမ့်မယ် သမီး”လို့ လမ်းညွှန်ပေးလိုက်တာပေါ့ ။
ဒီသတင်းလည်းကြားရော ဂေါတမီလေးခများ သားသေကိုရင်ဝယ်ပိုက်ပြီး ဘုရားရှင်ရှိတဲ့ဇေတ၀န်ကို အပြေးတစ်ပိုင်းနဲ့ သွားပါတော့တယ်။
ဘုရားရှင်ထံမှောက်လည်းရောက်ရော ကလေးကိုရင်မှာပွေ့ထားပြီး ဘုရားကိုလည်း ၀တ်ချရကောင်းမှန်း အရိုသေပေးရကောင်းမှန်းမသိဘူး ။ဘုရားရှင်ရှေ့မှာရပ်ပြီး
"အရှင်ဘုရား အရှင်ဘုရား တပည့်တော်မသားငယ်လေး သေဆုံးသွားပြီဘုရား အသက်ပြန်သွင်းလို့ရတဲ့ ဆေးနည်းသိတယ်ဆိုတာ ဟုတ်ပါသလားဘုရား "….လို့လျှောက်ထားတော့တာပေါ့ ။
ဒီိတင်ဘုရားရှင်က "ချစ်သမီး သားသေကိုအသက်ပြန်သွင်းချင်ရင် လူမသေဖူးတဲ့အမျိုးအနွယ်အိမ်က မုန့်ညှင်းစေ့ လက်တစ်ဆုပ်စာမျှ ရအောင်ရှာနိုင်လျှင် ငါဘုရား သားသေလေးကို အသက်ပြန်သွင်းပေးမယ်" လို့ မိန့်တော်မူလိုက်သတဲ့။
ဒီနေရာမှာ ချစ်သမီးသားငယ်လေးဟာ သေသွားပြီဖြစ်လို့ ဘယ်လိုမှ အသက်ပြန်သွင်းမရတော့ဘူးလို့မိန့်တော်မူလိုက်ရင် ကိသာဂေါတမီလည်း စကားဆက်ပြောမနေတော့ပဲ ချာကနဲ လှည့်ထွက်ပြီး အရူးဘ၀ဆက်နေဦးမှာမြင်တော်မူလို့ ဒီလိုပရိယာယ်နဲ့ လူမသေဖူးတဲ့ မျိုးနွယ်ဆိုတာ မရှိကြောင်း သိစေတော်မူလိုက်တာပဲဖြစ်ပါတယ် ။
ဒါနဲ့ကိသာဂေါတမီမှာ တစ်အိမ်တက်တစ်အိမ်ဆင်း သားလေးပိုက်ကာ မုန့်ညှင့်စေ့ လက်တစ်ဆုပ်လိုက်တောင်းပါသတဲ့။ အိမ်တိုင်းက မုန့်ညှင်းစေ့ပေးနိုင်သော်လည်း လူမသေဖူးတဲ့ အိမ်မရှိလို့ ဘယ်အိမ်ကမှ မုန့်ညှင်းစေ့မရဖြစ်နေတာပေါ့။ အချိန်ကလည်းတော်တော်လင့်သွားပြီး မှောင်စပျိုးချိန်တောင်ရောက်နေပြီလေ ။ ခုချိန်ထိ လူမသေတဲ့အိမ်ကိုရှာမတွေ့တော့မှ လင်းခနဲ ခေါင်းထဲမှာသဘောပေါက်သွားတယ်။
သြော်လူတိုင်း ငါလိုလူတွေချည်းပါလား အဖေသေဖူးတယ် အမေသေဖူး ကြတယ် သားသေဖူးကြတယ် ။ ငါ့မှာတော့ ခုမှ သားလေးသေဖူးတော့ မစွန့်ပစ်ရက်ဖြစ်နေတာ အမှန်တော့ လူဆိုတာ သေမျိုးချည်းပါလား ။ ဟုတ်တယ် ။ ငါ ဒီသားသေကြီးကို စွန့်မပစ်ရက်လို့ အိမ်ကပြေးထွက်ခဲ့မိပါလား။ ဒီအသေကောင်ကို သွားစွန့်ပစ်မှပဲ …လို့ဆုံးဖြတ်လိုက်ပြီး သုသာန်သွားစွန့်ပစ်လိုက်ပါတော့တယ်။
နောက် အမှန်တရားကို သိအောင်ပြပေးတဲ့ ဘုရားရှင်ထံသွားပြီး ရိုသေစွာဦးသုံးကြိမ်ချလိုက်ပါတယ်။ ဒီတင်မြတ်စွာဘုရားရှင်က ဦးစွာနှုတ်ဆက်မေးမြန်းလိုက်ပါတယ်။
"လူမသေတဲ့အိမ်က မုန့်ညှင်းစေ့ရခဲ့သလား ချစ်သမီး"
"မရခဲ့ပါဘူးဘုရား ၊ တစ်ရွာလုံးလိုက်ရှာကြည့်မှ တပည့်တော်မ သဘောပေါက်သွားပါပြီ၊ အသက်ရှင်တဲ့သူတွေထက် သေဆုံးခဲ့သူတွေက ပိုများနေတာ တပည့်တော်မသိရပါပြီဘုရား ၊ လူဆိုတာ သေမျိုးချည်းပဲဆိုတာကို အမှန်တိုင်းလက်ခံနိုင်အောင် တရားပြပေးတော်မူတဲ့ အရှင်ဘုရားကိုလည်း ကျေးဇူးတင်ပါတယ်ဘုရား"
ထိုအခါမှ မြတ်စွာဘုရားက " မှန်တယ်ချစ်သမီး သင်က ငါ့သားကလေးသာ ကံဆိုးစွာ အရွယ်မရောက်မီသေခဲ့ရတယ်လို့ ယူကြုံးမရဖြစ်နေရပေမယ့် အမှန်တော့ ဒီသေခြင်းတရားဆိုတာ ထာဝရတည်မြဲတဲ့သဘောတရားတစ်ခုပဲ ချစ်သမီး လောကလူသားအားလုံးဟာ မွေးဖွားလာပြိး နောက်ဆုံးတစ်နေ့တော့ သေဆုံးသွားကြရတာပါပဲ။ သေတဲ့လူတွေလိုက်မေးကြည့် သင်တို့အလိုဆန္ဒတွေ ဖြစ်ချင်တာတွေဖြစ်ခဲ့လုပ်ခဲ့ပြီးကာမှ သေမင်းခေါ်ရာလိုက်ခဲ့ကြတာလားဆို မဟုတ်ပါဘူးကွယ် ငါတို့ဆန္ဒတွေဘာမှမပြည့်သေးခင် ရှင်သေမင်းခေါ်ရာသို့သာ လိုက်ခဲ့ကြရတာပါလို့ ဖြေကြပေလိမ့်မယ်။
အိပ်ပျော်နေတဲ့ရွာကြီးရေလွှမ်းသွားသလို ဘာမှရှောင်ချိန်တိမ်းချိန်မရလိုက်ပဲ တွယ်တာမှုတဏှာတွေနဲ့ အလိုမပြည့်ကြတဲ့ လူတွေကို သေမင်းခေါ်ထုတ်ပြီး အပါယ်သမုဒ္ဒရာကြီးထဲ ပစ်ချလိုက်တာပဲ ချစ်သမီး.."
လို့မိန့်တော်မူပြီး အောက်ပါဂါထာလေးကို ဆက်လက်ဟောပြပေးခဲ့ပါတယ်။
တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ
အိပ်မောကျနေတဲ့ တစ်ရွာလုံးကို ဧရာမ ရေလှိုင်းလုံးကြီးကလွှမ်းမိုးတိုက်ယူ သွားသကဲ့သို့ သားသမီး ကျွဲနွားဥစ္စာစတာတွေနဲ့ ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တရပြီးသည်ကို တွယ်တာကပ်ငြိနေတဲ့ စိတ်ရှိသူကို သေမင်းက သိမ်းယူသွားတယ်။
တရားအဆုံးမှာတော့ ဂေါတမီရော အခြားတရားနာပရိတ်သတ်များပါ အမှားနဲ့အမှန်ကို ခွဲခြားဝေဖန်နိုင်သွားပြီး
သောတာပန်ဖြစ်သွားကြပါတော့တယ်။ သောတာပန်ဖြစ်သွားသည်နှင့် အိမ်လည်းမပြန်လိုတော့ပဲ
ဘုရားတပည့်တော်မ အဲဒီ လှိုင်းတွေပုတ်တဲ့ ဒဏ်ကို ထပ်မခံစားပါရစေနဲ့တော့ဘုရား တစ်ခါတည်းသာ သာသနာ့ဘောင်ဝင်ပြီး တရားအားထုတ်ပါတော့မယ် "လို့ ဘိက္ခုနီမ၀တ်ခွင့်တောင်းရာ ဘုရားရှင်ကလည်း ဘိက္ခုနီမ၀တ်ခွင့်ပေးတော်မူလိုက်ပါတယ်။ ဂေါတမီလည်း ဘိက္ခုနီမ၀တ်ပြီး၍ မကြာမီမှာပဲ အထက်မဂ်အထက်ဖိုလ်များ ဆက်လက်ရရှိကာ ရဟန္တာထေရီမကြီး တစ်ပါး ဖြစ်သွားပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီကိသာဂေါတမီကဲ့သို့ သားအပေါ် ပြင်းစွာစွဲလမ်းမှုမျိုးကတော့ အေးမြငြိမ်းချမ်းပြီး တွယ်တာမှုကင်းသော စစ်မှန်တဲ့မေတ္တာတရားမဟုတ်ပဲ ။ မစွန့်နိုင် မလွှတ်နိုင်တဲ့ ကိလေသာ ဂေဟဿိတတဏှာပေမဟုသာ ဆိုရမှာဖြစ်ပါတယ် ။
ဒါ့ကြောင့် မိဘများ မောင်ချစ်နှမချစ်များကား ၅၂၈-သွယ်မေတ္တာဖြစ်သည် လင်ချစ်မယားချစ်ကား ၁၅၀၀-ကိလေသာချစ်ဖြစ်သည်ဟု တစ်ထစ်ချ မဆိုနိုင်ပဲ
အကျိုးစီးပွားလိုလားပြီး စိတ်ထားကောင်းနဲ့ ချစ်ခင်တယ်။ မိမိခံစားချက်ကအရေးမကြီး ထိုအချစ်ခံ မေတ္တာထားခံရသူ စိတ်ချမ်းသာလျှင် မိမိလည်းပျော်ရွှင်ရတယ် ဆိုလျှင် ကိလေသာမပါတဲ့ မေတ္တာစစ်၊
မျက်စိအောက်ကအပျောက်ပင်မခံနိုင်လောက်အောင် တွယ်တာတပ်မက်မိနေလျှင်တော့ ကိလေသာစစ်စစ် အပါယ်သွားဖို့ ရိက္ခာဖြစ်တယ်ဆိုတာကိုလည်း ခွဲခြားသိကြစေလိုပါတယ်။
ဒီတော့ မာတာ ယထာ နိယံ ပုတ္တ လို့ ဘုရားရှင်ဟောပြတော်မူသလို သတ္တ၀ါအားလုံးအပေါ် အကျိုးလိုလားစွာလည်း ချစ်ခင်နိုင်ကြပြီး ခွဲခွါသွားကြတဲ့အခါမှာလည်း “ရောက်ရာအရပ်မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ”လို့ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် မေတ္တာစစ်နဲ့သာ ချစ်ခင်နိုင်ကြပါစေ။ လောကကြီးတစ်ခုလုံးကိုလည်း မေတ္တာစစ်ဖြင့် လွှမ်းခြုံနိုင်ကြပါစေလို့ ဆုမွန်ဆန္ဒပြုပေးလိုက်ရပါတယ်။
ဆက်လက်ဖော်ပြပါဦးမည်
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment