
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက်ျာရံကိုယ်တော်ကြီးကို ဓမ္မသေနာပတိ ၊တရားစစ်သူကြီးလို့ တင်စားခေါ်ဝေါ်ကြပါတယ် ။ အရှင်သာရိပုတ္တရာက ညာဏ်ကြီးလွန်းတော်မူတော့ ဘုရားရှင်အလိုတော် ကျန ပြည့်ဝအောင်လည်း ဟောတော်မူနိုင်ပေတာကိုး။
ဘုရားရှင်က နေ့ညဉ့်မပြတ် ရဟန်းပရိတ်သတ် ၊လူပရိတ်သတ်တို့ကို တရားဟောကြား ဆုံးမတော်မူရသည်ဖြစ်ရာ တစ်ခါတရံ ခါးနာညောင်းညာတဲ့ဝေဒနာ ဖြစ်ပေါ်လာပါက အရှင်သာရိပုတ္တရာကို ဆက်လက်ဟောကြား ခိုင်းတော်မူလေ့ရှိပါတယ်။
ဒသကနိပါတ် ယမက၀ဂ် ပထမနလကပါနသုတ်မှာလည်း ညတရားဟောရင်း ခါးနာတော်မူသဖြင့်
“သာရိပုတြာ ရဟန်းသံဃာ သည် ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကင်း၏။ သာရိပုတြာ ရဟန်းတို့အား တရားစကားသည် သင့်ဉာဏ်၌ ထင်စေ လော့၊ ငါ၏ ကျောက်ကုန်းသည် ညောင်းညာ၏၊ ငါသည် ထိုကျောက်ကုန်းကို ဆန့်ဦးအံ့” ဟု တရားတစ်ပွဲထဲမှာပင် အရှင်သာရိပုတ္တရာအား ဆက်လက်ဟောကြားတော်မူဖို့ တာဝန်ပေးတော်မူခဲ့ပါတယ်။
ထိုသို့ ပညာညာဏ်ကလည်းကြီးကျယ် တရားဟောကလည်းကောင်းလှပေမယ့် ပုဂ္ဂလဇ္ဈာသယဆိုတဲ့ တရားနာယူသူတို့ရဲ့ အလိုအကြိုက်နဲ့ စရိုက်သဘာဝကိုကျတော့ အရှင်သာရိပုတ္တရာထည့်မတွက်မိဘူးလေ။
အစားအသောက်အရသာမှာ တစ်ချို့လူတွေက အချိုကြိုက်သလို ၊တစ်ချို့သူတွေကျ အလေးအငံ ကို နှစ်သက်ကြတာမလား။ တရားနာယူမှတ်သားရာမှာလည်း တစ်ချို့သူတွေကျ ဒါနအကြောင်း လှူဒါန်းပေးကမ်းမှုနဲ့ စွန့်လွှတ်နိုင်မှုအကြောင်းဟောပြမှသဘောကျတာ။
တစ်ချို့သူတွေကျတော့ သီလတွေကိုယ်ကျင့်သိက္ခာတွေဖောင်ဖောင်ဟောမှအားရတာရှိတယ်။ တစ်ချို့ကျ တရားတစ်ပွဲမှာ ၀ိပဿနာတင်ပြီး ကျင့်စဉ်လေးမှချမပြနိုင်ရင် ဒါနကထာသီလကထာကို ဘယ်လောက်ပင် ဘုရားနည်းလမ်းကျ လမ်းညွှန်ပြသော်လည်း အားမရကြဘူးလေ။
ဒီလိုပုဂ္ဂိုလ်တွေရဲ့အလိုစရိုက်ကိုလိုက်မဟောနိုင်လို့ ဘုရားရှင်တော်ရဲ့ ဝေဖန်မှုကိုလည်းခံရပြန်ပါရော။
အရှင်သာရိပုတ္တရာရဲ့ ဖြစ်ပုံကတော့ သူ့ထံလာရောက်ဖူးမြှော်သမျှ သာဝကအားလုံးကို အကျင့်သီလပျက်တဲ့ အရက်သမားတွေ လောင်းကစားမက်သူတွေလာလည်း
န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ’ိကာ ၀ါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။
“ပန်းအနံ့သည် လေညာသို့မသွား၊ စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်၊ ကြက်ရုံးစတဲ့ ပန်းတွေရဲ့ အမွှေးရနံ့ဆိုတာ လေညာသို့မသွား၊ သူတော်ကောင်းတို့၏ ကျော်ဇောဂုဏ်သတင်းဆိုတဲ့ အမွှေ့ရနဲ့သာ လေညာသို့သွား၏၊ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့မွှေးကြိုင်တယ်”
………………………………………………
စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။
“စန္ဒကူး၊ တောင်ဇလပ်၊ ကြာညိုပန်း၊ မြလေးပန်းစတဲ့ ပန်းနံ့သာတို့ထက် သီလရနံ့ကသာ သာလွန်မြင့်မြတ်တယ်”
…………………………………………
အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
“တောင်ဇလပ် စန္ဒကူးပန်းတို့ရနံ့ဆိုတာ ဘာမျှ မပြောပလောက်ဘူး သီလရှိသောသူတို့၏ သီလရှိသူရဲ့ ကျော်စောသတင်းဆိုတဲ့ ဂုဏ်ရနံ့ကသာ ထူးကဲလွန်မြတ် နတ်ပြည်ခြောက်ထပ် ဗြဟ္မာ့ဘုံတိုင် ပျံ့နှံ့တက်တယ်”
…………………………………………
စသဖြင့် သီလရဲ့ အကျိုးကျေးဇူးတွေကိုသာ လာလာသမျှ တကာတကာမတို့အား ဟောကြားပေးနေပါသတဲ့။ မုဆိုးတံငါလာလည်း “သီလသာစောင့်၊ သီလသာ ကိုးကွယ်ရာအစစ်ဖြစ်တယ်”စသည်ဟောပြောကာ သီလကိုသာ တွင်တွင်စောင့်ခိုင်းနေပါတယ်။
တကာတကာမတွေကတော့ လက်ျာရံကိုယ်တော်ကြီးကို ကြည်ညိုလေးစားလို့သာ တစ်ထိုင်သီလသဘော ယူလိုက်ကြတာလေ။ ကျောင်းတော်ကပြန်သွားကြသည်နှင့် မိမိတို့လုပ်မြဲ ဒုစရိုက်တွေကို ခွေးမြီးကောက်ကျည်တောက်စွပ်ပမာ ပြန်လုပ်နေကြပြန်ရော
အရှင်သာရိပုတ္တရာကြီးက လူတွေလုပ်ပုံသိရတော့ သူ့လက်ရင်းတပည့်တွေနဲ့စကားပြောရင်း-
" ငါ့ဖြင့်ကွာ လူတွေအပါယ်ဆင်းရဲမှလွတ်ပါစေတော့ဆိုတဲ့စေတနာနဲ့ ဟောလိုက်ပြောလိုက်ရတာ ။မောတာပဲအဖတ်တင်တယ်ဟေ့။ ငါ့ဆီက သီလယူသွားတဲ့သူတွေကလည်း
သီလသာယူတယ် စောင့်ထိန်းမှုမှမလုပ်ကြပဲကိုးကွ”လို့ ငြီးတွားတော်မူတော့
"အရှင်ဘုရား... လူတွေသီလယူသွားကြတယ်ဆိုတာက တကယ်ကျင့်သုံးဆောက်တည်ဖို့ သူတို့အလိုဆန္ဒအလျှောက်ယူကြတာမှမဟုတ်ပဲကိုးဘုရား။ တပည့်တော်တို့က သီလရဲ့အကျိုးနဲ့ ဒုစရိုက် အပြစ်တွေလောက်ဟောပြပြသသင့်ကြတယ်လို့ထင်ပါတယ်။ သူတို့ညာဏ်ရှိလို့ အပြစ်ရှိမှန်းသိရင် သူတို့ကိုယ်တိုင်ကို လိုလိုချင်ချင် သီလပေးဖို့လျှောက်ထားလာမယ်ဘုရား ။ အဲလိုလူမျိုးကျမှ သီလကို လုံအောင်စောင့်ထိန်းနိုင်ကြတာပါ။
ခုဟာက ကျောင်းရောက်လာတုန်း ဆရာဘုန်းကြီးက ယမဟံ ၀ဒါမိ တံဝဒေထ-ငါဆိုသလိုလိုက်ဆိုဆိုလို့သာ
“မုသာဝါဒါ ဝေရာမဏိ -လိမ်ညာမပြောပါ” လို့လိုက်ဆိုနေတာလေ ။
မုဆိုးတံငါက ‘ပါဏာတိပါတာ ဝေရာမဏိ’ ဆိုပြီး ဘုန်းကြီးရှေ့ကထိုင်ဆိုနေတော့ မုသာဝါဒသဘောတောင် သက်ရောက်နေသေးတယ်ဘုရား ။ သူမရှောင်နိုင်မလိုက်နာနိုင်ပဲနဲ့ အရှင်ဘုရားတို့ကို ရိုသေလေးစား လို့သာ လိုက်ရွတ်ဆိုနေရတာကိုးဘုရား။ အဲလိုခွေးမြှီးကောက် ကျည်တောက်စွပ်မယ့်သူမျိုးကိုတော့ သူတို့အလိုဆန္ဒမပါပဲ သီမမပေးတာ ကောင်းတယ်ဘုရား"လို့ပြန်လည်လျှောက်ထားကြတော့
“အေးကွာ မင်းပေးတဲ့အကြံလည်းမဆိုးလှဘူး” လို့ပြန်မိန့်တော်မူပါသတဲ့။
အရှင်သာရိပုတ္တရာကြီးမှာ တပည့်ကြီးများအကြံပေးလို့ အေး..ဟုသာဆိုလိုက်ရသော်လည်း သူခိုင်းတဲ့အတိုင်း မလိုက်နာမပြုကျင့်နိုင်ကြတဲ့ တပည့်တကာမတွေကြည့်ပြီး စိတ်မသက်မသာဖြစ်နေ ပါသတဲ့။
…………………………………………………………
အရှင်သာရိပုတ္တရာကြီးရဲ့ လာလာသမျှကို သူ့မူဝါဒအတိုင်း သီလစောင့်ခိုင်းနေပေမယ့် သူ့တကာတွေကတော့ တစ်ထိုင်သီလသာစောင့်ကြပြီး လုပ်မြဲတိုင်း မုဆိုးတံငါအလုပ်တွေပဲလုပ်နေလို့ စိတ်မချမ်းမသာဖြစ်နေတယ်ဆိုတဲ့သတင်းက ဘုရားထံတော်သို့ပင် ရောက်ရှိသွားတော့တာပေါ့ ဒီတင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
“သာရိပုတ္တရာဟာ ယခုနောက်ဆုံးပစ္ဆိမဘ၀ိကမှာပဲ လူတိုင်းကို သီလစောင့်ခိုင်းနေတာမဟုတ်ဘူး ဟိုး…သံသရာကျင်လည်ခဲ့စဉ်ဘ၀တစ်ခုတုန်းကလည်း ဒီလိုပဲ တွေ့သမျှလူကိုသီလစောင့်ခိုင်းနေလို့ ငါဘုရားဆုံးမခဲ့ရဖူးတယ်”လို့ မိန့်တော်မူလိုက်ပါတယ်။ ရဟန်းေးတ်ာများက ဒီဘ၀အဖြစ်သနစ်ကိုတော့ တပည့်တော်များသိခဲ့ရပါပြီဘုရား။ ရှေးအတိတ်ကဖြစ်ရပ်ကိုတော့ တပည့်တော်များ မှတ်သားနာယူ ရအောင် ဟောပြတော်မူပါဦး မြတ်စွာဘုရား” လို့ လျှောက်ထားကြတော့မှ ပဉ္စကနိပါတ်က မှ ကောရဏ္ဍိယဇာတ်တော်ကို ထုတ်ဖော်ဟောပြတော်မူခဲ့ပါတယ်။
…………………………………………………..
သံသရာမှာကျင်လည်စဉ် ဘုရားအလောင်းတော်က ကောရဏ္ဍိယ လို့ခေါ်တဲ့ တပည့်အကြီးဆုံးကြီးဖြစ်ပြီး ဒိသာပါမောက်ဆရာကြီးဆီမှာ ပညာသင်ယူနေရတာပေါ့။ အဲဒီဒိသာပါမောက် ဆရာကြီးက အရှင်သာရိပုတ္တရာ အလောင်းတော်ဖြစ်ပါတယ်။ ဒီဇာတ်မှာတော့ အရှင်သာရိပုတ္တရာ အလောင်းက ဆရာကြီးဖြစ်ပြီး ဘုရားအလောင်းကတပည့်ကြီးအဖြစ်နဲ့ပညာသင်နေရတာပါ။
အဲဒီဒိသာပါမောက်ဆရာကြီးက စေတနာတွေ တော်စေတတ်စေချင်စိတ်တွေလွန်ကဲတယ်။ နောက်ပြီး ကိုယ်ကျင့်တရားကို အသက်တမျှ တန်ဖိုးထားတဲ့သူလို့ ဆိုပါတယ်။
သူ့ဆီိရောက်လာသမျှ လူအားလုံးကိုလည်း မုဆိုးတံငါပါမကျန် သီလကိုသာစောင့်ထိန်းကြဟေ့ သီလမေ၀ သုတာသေယျောလို့ ပြောဟောပြီး သီလစောင့်ခိုင်းလေ့ရှိသတဲ့။
လူတွေကဆရာကြီးရှေ့မှာသာ အားနာပါးနား သီလစောင့်ပါ့မယ် အာမ၀န္တာခံသွားခဲ့ကြတာလေ။ အပြင်လည်းရောက်ရော “ဒိသာပါမောက်ဆရာကြီးသာပြောတယ် ဘာမှလည်းနားမလည်ပါဘူးကွာ။ သူ့မှာတော့ ဟုတ်တာပေါ့ကွ။ တပည့်တွေစာသင်ခရတာနဲ့ ဟန်ကျနေတာ တို့ကပညာနဲ့ လုပ်စားရတာမှ မဟုတ်တာပဲ ။ ဖားနှိုက်ငါးနှိုက်ပြီးမှ ထမင်းခွက်ကိုနှိုက်ခွင့်ရတာ။ သူပြောသလိုသာ သီလစောင့်နေလို့ ကတော့ ထမင်းငတ်သေမှာဟေ့ ။တို့ကတော့ အူမတောင့်မှ သီလစောင့်မယ် ၊တကယ်တဲ” လို့ ကွယ်ရာမှာ အတင်းတုတ်ကြတာပေါ့
ဒီအကြောင်းတွေကို ဘုရားလောင်းတပည့်ကြီးကကြားတော့ ဆရာကြီးရဲ့ မှားယွင်းနေတဲ့နည်းစနစ်ကို ပြင်ပြီး အမှန်တိုင်းသိဈေင်တယ် ဒါပေမယ့် ဆရာဆိုတာမျိုးက မင်းထက်သိလို့တတ်လို့ ဆရာလုပ်နေတာပါကွာ အကျိုးရှိမယ့်လမ်းဆိုတာ လည်မြိုကုပ်ပြီး နတ်ပြည်တင်သင့်တင်ရမှာပဲ..လို့ဆိုကာ ခေါင်းမာနေဦးမှာလေ။ ဒါနဲ့ ဆုံးမခွင့်ရမယ့် အခွင့်လမ်းကိုစောင့်နေ ရတော့တာပေါ့ ။
တစ်နေ့မှာတော့ ဆရာကြီးနဲ့တပည့်အားလုံးကို ရွာတစ်ရွာက ပုဏ္ဏားများမန္တာန်ကိုရွတ်အံကြဖို့ ဖိတ်မံလာတယ်။ ဆရာကြီးကလည်း အလုပ်ကိစ္စရှိလို့ ဘုရားလောင်းတပည့်ကြီးနဲ့ အခြားပညာတော်သင် များကိုသာ လွှတ်လိုက်တာပေါ့ ။
လမ်းခရီးအကြားမှာ ခေတ္တအပန်းဖြေ နားနေကြရင်း နက်လှစွာသော ချောက်ကြီးကိုမြင်တော့ ဘုရားအလောင်းတပည့်ကြီးက “အင်း ဒီချောက်ကြီးထဲကို တစ်နေကုန်တစ်နေ့ခမ်း ကျောက်တုံးတွေ ပစ်ချနေလည်း ဘယ်တော့မှပြည့်လာမှာမဟုတ်ဘူး။ ဘယ်သူမှလည်း မပြည့်နိုင်တဲ့ချောက်တွင်းကြီးကို အရူးအပေါအပြောခံပြီး ကျောက်တုံးတွေနဲ့ဖို့နေမှာမဟုတ်ဘူး။
ငါတို့ဒိသာပါမောက်ဆရာကြီးကတော့ ဒီလိုနက်လှတဲ့ချောက်ကြီးကို မြေပြင်နဲ့အညီဖို့မယ်လို့ ကြိုးစားသူကဲ့သို့ သူ့ထံလာလာသမျှကို သီလဖြည့်ကြ သီလဖြည့်ကြဆုံးမနေတယ်။ လူသားအားလုံး သီလ၀န္တချည်းဖြစ်ဖို့ မလွယ်ကူဘူးဆိုတာကို ငါပညာပေး ဆုံးမမှတော်မယ်”ဟု အကြံပေါက်ကာ ကျောက်တုံးကြီးများကို တစ်တုံးပြီး တစ်တုံးပစ်ချနေပါတော့တယ် ။
ဒီတင် ကျောင်းသားသစ်ကျောင်းသားငယ်တွေက အို လက်ထောက်ဆရာကြီး ဘာလို့ကျောက်တုံးတွေကို ချောက်ထဲပစ်ချရတာပါလဲ မေးကြတယ်။ ဘုရားလောင်းကမဖြေပါဘူး ။ဒါနဲ့ကျောင်းသားတွေလည်း သူတို့ကိုခေါင်းဆောင်တင်ပြီးလွှတ်လိုက်တဲ့ လက်ထောက်ဆရာတော့ ရူးပြီ ချောက်ကြီးထဲကို ကျောက်တုံးတွေပစ်ချနေတယ် ဟု ဒိသာပါမောက်ဆရာကြီးဆီ အမြန်ပြန်ပြီး သတင်းပို့ကြတာပေါ့ ။
ဒီတင် ဆရာကြီးကိုယ်တိုင်လိုက်လာပြီး " ကောရဏ္ဍိယ မင်းရူးနေသလား ဒီလောက်နက်တဲ့ချောက်ကြီးထဲ ကျောက်တုံးတွေဘာလို့ပစ်ချနေရပါသလဲ "လို့မေးတော့ "မြေပြင်ကို အညီညှိချင်လို့ လုပ်တာ"လို့ ပြန်ဖြေတာပေါ့ ။
ဒီိတင်ဆရာကြီးက လုံးဝမဖြစ်နိုင်ကြောင်း အသက်ဆုံးတိုင်ကြိုးစားသော်လည်း ချိုင့်ဝှမ်းတောတောင်တွေနဲ့ မညီညာတဲ့ကမ္ဘာမြေကို ဘယ်လိုမှ အညီညှိလို့ရမှာလည်း မဟုတ်ကြောင်း ပြန်ပြောပြ တာပေါ့ ။ ဒီတော့မှဘုရားလောင်းက
“ ဟုတ်ပါပြီဆရာကြီး မညီညာတဲ့မြေပြင်တစ်ခုလုံးကို အညီညှိမယ်ဆိုပြိး လုပ်နေသူအား အကျိုးမဲ့အချိန်တွေကိုဖြုန်းနေသူဆိုရင် ဆရာကြီးလည်း အယူအမျိုး အမြင်အထွေထွေရှိကြတဲ့ လူတွေအားလုံးကို သီလစောင့်ခိုင်းနေတာဟာလည်း မဖြစ်နိုင်တဲ့အရာတစ်ခုလို့ ကျနော်မြင်ပါတယ်။
လောကမှာ ပညာရှိသူတော်ကောင်းများသာ သူ့အသက်သတ်ခြင်းစတဲ့ ဒုစရိုက်မှူတွေကို ကဲ့ရဲ့ကြတယ်ဆရာကြီး အသားမကြိုက်သူက အသားရှောင်ပေသည့် အသားကြိုက်သူတွေက အသားပဲ လိုက်ရှာနေကြမှာပဲ ဒီတော့ လူသားအားလုံးကို သီလ၀န္တဖြစ်စေဖို့တော့ မလွယ်ကူပါဘူး…
ကျနော်လည်း အကျိုးမရှိတဲ့ မြေပြင်တစ်ခုလုံးကိုအညီညှိမယ့် ပရောဂျက်စီမံကိန်းကြီးကိုခုပဲရပ်လိုက်ပါ့မယ်။ ဆရာသခင်လည်း ဒီနေ့ကစပြီး မြင်မြင်သမျှ သီလလိုက်ပေး မနေပဲ သူတို့ကတကယ်ပင် လိုလိုချင်ချင်သီလလိုချင်မှ ပေးတာအကောင်းဆုံးပါပဲ"
(တသ္မာ ဒိဋ္ဌဒိဋ္ဌာနံ သီလံ အဒတွာ ယာစန္တာနညေဝ ဒေဟိ) “လို့ ဆရာကို အကျိုးကြောင်းပြပြီး ဆုံးမသြ၀ါဒပေးရတာပေါ့ ။
ဒီတော့မှ ဆရာကြီးလည်း ကောရဏ္ဍိယရဲ့ ပညာပါလှတဲ့ ဆုံးမစကားကိုကြားရပြီး ထိုအတိုင်းပင် သီလလိုချင်သူများကို သီလပေးတော့တယ်။ အဆုံးမလိုချင်လို့ လာရောက်တောင်းဆိုလျှောက်ထား သူများကိုသာ ဆုံးမသြ၀ါဒပေးတော့တယ် လို့ ဆိုပါတယ်။ ။
မိမိအပါအ၀င် စာရှုသူများလည်း ထိုဒိသာပါမောက်ဆရာကြီး နှင်နှင်ပါပဲ ။ ကိုယ်သိတာတတ်တာလေးကိုတော့ ၀င်ဝင်ပြီး အကြံပေးချင် ပြောချင်ဆိုချင် ဖြစ်နေတတ်ကြတယ်။ တစ်ဖက်က မနာယူဘူး ကိုယ်ပြောသလိုဖြစ်မလာဘူး ဆိုပြန်တော့ “ငါပြောတာ သူ့ဖို့ပဲကွာ၊ ငါ့ဖို့တစ်ပြားသားမှမပါပါဘူး၊ ဒါတောင်မလိုက်နာချင်ဘူး” လို့ ဒေါမနဿဖြစ်ကြရပြန် တာပါပဲ။
ကုသိုလ်စေတနာနဲ့ သွန်သင်ဆုံးမရင်း အကုသိုလ်ဒေါမနဿဝေဒနာဖြစ်ရတာကတော့ သိပ်မကောင်းလှပါဘူး။
ဒါ့ကြောင့် အရှင်သာရိပုတ်နဲ့ပတ်သက်ပြီး အဆုံးမသြ၀ါဒပေးခဲ့တဲ့ ကောရဏ္ဍိယ ဇာတ်ထဲကလို ကောင်းပေမယ့် ကြိုက်မှ ကြိုက်ပေမယ့် လိုက်နာမှ ဆုံးမရမယ် ၊ ကိုယ်ကျင့်သီလကို တန်ဖိုးထားပြီး စောင့်ထိန်းချင်တဲ့သူကိုသာ ကျင့်ဝတ်စည်းကမ်းဆိုတဲ့ သီလကို ပြောပြပေးတဲ့ နည်းစံနစ်သာ အကောင်းဆုံးပါပဲ လို့ ဆိုလိုက်ပါရစေ
လင်္ကာအရှင်(မုံရွာ)
No comments:
Post a Comment