
မေတ္တာသုတ်လာ မေတ္တာပွားများနည်း အကျယ်
အထက်မှာဖော်ပြခဲ့တဲ့ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ ဆိုတဲ့ ဂါထာဝဂ်ဖြင့် အပ္ပနာဈာန်ရသည့်တိုင် မေတ္တာပွားများနည်းကို (၁)နံပါတ် အကျဉ်းနည်းကို ထုတ်ဆောင်ဟောပြတော်မူပြီးနောက်
မေတ္တာပွားများပုံကို အကျယ်အားဖြင့်(၁၀)နည်းကို ထပ်မံ ဟောပြတော်မူလို၍
အောက်ပါ စတုတ္ထ နှင့် ပဉ္စမဂါထာနှစ်ပုဒ်ကို ဆက်လက်ဟောကြားတော်မူခဲ့ပါတယ်။
၎။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝနဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ ဝ သမ္ဘဝေသီ ဝ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
…………………………………………..
စတုတ္ထဂါထာလာ ပါဏအရ -ထွက်သက်ဝင်သက်ရှိတဲ့ (အသက်ရှုတဲ့)ခန္ဓာငါးပါး ပဉ္စဝေါကာရ သတ္တဝါများကိုယူရမည်ဖြစ်ပြီး ၊ ဘူတ အရကတော့ ထွက်သက် ဝင်သက်မရှိပဲ နာမ်ခန္ဓာလေးပါးသာရှိတဲ့ (အသက်မရှုတဲ့)စတုဝေါကာရ အရူပဗြဟ္မာများ ၊ အသညသတ်ဆိုတဲ့ ဧကာဝေါကာရ ရုပ်ခန္ဓာတစ်ပါးသာရှိတဲ့သတ္တ၀ါများကို ယူရမှာဖြစ်ပါတယ်။
မေတ္တာပွားများရမယ့် သတ္တ၀ါအားလုံးကိုသိမ်းကြုံးထုတ်ဆောင်ပြတော်မူလို၍ ပါဏာဘူတတ္ထိဟု ဟောတော်မူပြီးနောက် ဒုကနည်း တိကနည်းအားဖြင့် နှစ်စုစီ သုံးစုစီပြုကာ မေတ္တာပွားများရမယ့်နည်းလမ်းများကိုလည်း ဆက်လက်ဟောပြတော်မူပါတယ်။
ဒုက်(၄)ဒုတ် နှစ်ဖို့နှစ်စုပြု၍ ပွားနည်း(၄)မျိုး
လေးခုမြောက် ဂါထာမှာ ဒုက နှစ်စုပြုပြီး ပွားများနိုင်တဲ့နည်းတစ်ခုကိုညွှန်ပြတော်မူပြီး ။ ငါးခုမြောက် ဂါထာမှာ သုံးနည်းထပ်မံပြတော်မူရာ နှစ်ဖို့နှစ်စုပြု၍ ပွားများနိုင်တဲ့နည်းမှာ အောက်ပါအတိုင်း လေးနည်းဖြစ်ပါတယ်။
(၁)တသာ - ထိတ်လန့်တတ်သော ပုထုဇဉ်များ
ထာဝရာ - စိတ်ဓာတ်ခိုင်ခံ့သော ရဟန္တာများ
(၂)ဒိဋ္ဌာ - သာမန်မျက်စိဖြင့် မြင်အပ် မြင်နိုင်တဲ့ သတ္တဝါများ
အဒိဋ္ဌာ - သာမန်မျက်စိဖြင့် မမြင်အပ် မမြင်နိုင်တဲ့ သတ္တဝါများ
(၃) ဒူရေ - မိမိ၏ အဝေးမှာရှိနေကြတဲ့ သတ္တဝါများ
အဝိဒူရေ - မိမိအနီးနားက သတ္တဝါများများ
(၄)ဘူတာ - ဘ၀ဇာတ် အဆုံးသတ်သွားပြီဖြစ်သည့် ရဟန္တာများ
သမ္ဘဝေသီ -ဘ၀ဇာတ်အဆုံးမသတ်ပဲ ပြန်လည်မွေးဖွားကြဦးမည့် ပုထုဇဉ် သေက္ခပုဂ္ဂိုလ်များ
တိက်(၃)တိတ် သုံးစုသုံးပုံပြု၍ ပွားများပုံ သုံးမျိုး
စတုတ္ထမြောက်ပါဠိဂါထာမှာပါတဲ့ ဒီဃာ ဝါ ယေဝ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ…ဆိုတဲ့ ပါဠိစကားရပ်မှာ
ဒီဃ - ဆိုတာက ခန္ဓာကိုယ်ရှည်လျားတဲ့ မြွေ ငါးစတဲ့ သတ္တဝါများကို ဆိုလိုပါတယ်။
မဟန္တာ - ဆိုတာက ခန္ဓာကိုယ်ကြီးတဲ့ ဆင်စတဲ့ သတ္တဝါများမှာ
မဇ္ဈိမာ - ကျတော့ ခန္ဓာကိုယ် အလယ်အလတ်စားသတ္တ၀ါတွေပေါ့ မရှည်လွန်းမတိုလွန်း
၊မကြီးလွန်း မငယ်လွန်း၊ မ၀လွန်းမပိန်းလွန်း ခန္ဓာကိုယ် အလယ်အလတ်တွေ။
အဏုက - ကတော့ ခန္ဓာကိုယ်တိုတဲ့ သတ္တ၀ါ /သေးငယ်တဲ့သတ္တ၀ါတွေကို ရည်ရွယ်တာပါ။
ထူလာ - ဆိုတဲ့ ပါဠိက ခန္ဓာကိုယ် ဆူဖြိုးတဲ့ သတ္တ၀ါတွေကို အာရုံပြုရမှာဖြစ်ပါတယ် ။ ဒီတော့ သတ္တ၀ါဟူသမျှကို ခန္ဓကိုယ်ပုံသဏ္ဍာန်အားဖြင့် ခွဲခြားအာရုံပြုပြီး မေတ္တာပို့မယ်ဆိုရင်
(၁) ဒီဃ-ခန္ဓာကိုယ် ရှည်လျားတဲ့ မြွေ ၊ငါးစတဲ့သတ္တ၀ါ၊
(ရသ)-ခန္ဓာကိုယ် ပုတိုတဲ့သတ္တ၀ါ
မဇ္ဈိမ- ခန္ဓာကိုယ် မရှည်မတို အလယ်အလတ်စားသတ္တ၀ါ..ဆိုတဲ့ သုံးမျိုးတစ်စုပြု၍၄င်း၊
(၂) မဟန္တာ -ခန္ဓာ ကြီးသော ခန္ဓာရှိသောသတ္တ၀ါ
အဏုက- သေးငယ်သောခန္ဓာရှိသော သတ္တ၀ါ
မဇ္ဈိမ- ခန္ဓာကိုယ်မကြီးမငယ် အလယ်အလတ်ရှိတဲ့ သတ္တ၀ါဟူ၍ သုံးမျိုးတစ်စုပြု၍၄င်း၊
(၃) ထူလ- ခန္ဓာကိုယ် ဆူဖြိုတဲ့ ၀တဲ့ သတ္တ၀ါ
အဏုက- ခန္ဓာကိုယ် ကြုံလှီပိန်သေးတဲ့ သတ္တ၀ါ
မဇ္ဈိမ- ခန္ဓာကိုယ် မ၀လွန်းမပိန်လွန်း အလယ်အလတ်သတ္တ၀ါဟူ၍ သုံးမျိုး တစ်စုပြု၍၄င်း တိကနည်းအားဖြင့် သုံးစု သုံးပုံခွဲပြီး မေတ္တာပို့ရမှာဖြစ်ပါတယ်။
……………………………………….
အထက်ပါ အကျိုးလိုလား မေတ္တာပွားများပုံ (၈)နည်းကိုထုတ်ဆောင်ဟောပြတော်မူပြီးနောက် အကျိုးမဲ့ဆင်းရဲဒုက္ခမဖြစ်စေခြင်း အစွမ်းဖြင့် မေတ္တာပွားများပုံကို ဆက်လက်ဟောပြတော်မူလို၍
န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ
ဗျာရောသနာ ပဋိဃသညာ၊
နာညမညဿ ဒုက္ခမိစ္ဆေယျ......
လို့ ဆက်လက်ဟောကြားတော်မူပြန်ပါတယ်။
ဂါထာရဲ့ အဓိပ္ပါယ်ကတော့
(၁)တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ မလှည့်ပတ်ကြပါစေကုန်လင့်၊
(၂) ရန်လိုသော စိတ်ဖြင့်၎င်း မထေမဲ့မြင်ပြုမူ ပြောဆိုခြင်းဖြင့်၎င်း
(၃)အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်..ဟူ၍ဖြစ်ပါတယ်။
အကျိုးစီးပွားဖြစ်စေခြင်းအားဖြင့် ၈-ပါး အကျိုးမဲ့ကိုမဖြစ်စေလိုခြင်းအားဖြင့်
၃- ပေါင်းလျှင် မေတ္တာသုတ်တော်လာ မေတ္တာပွားများနည်းမှာ (၁၁)နည်းဖြစ်ပါတယ်။
အထက်ပါ မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်းကို ပွားများတတ်စေဖို့ မင်းကွန်းဆရာတော်ဘုရားကြီးက ဆောင်ပုဒ်လင်္ကာလေးများဖြင့် သီကုံးပေးတော်မူခဲ့ပါတယ်
*မင်းကွန်းဆရာတော်ကြီး၏ မေတ္တာသုတ်လာ မေတ္တာပွားများနည်း (၁၁)နည်းလင်္ကာ*
၁။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(အကျဉ်းအားဖြင့် အားလုံးကုန် ပွားများရန်)
၂။ ကြောက်တတ်မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ -
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ် မမြင်အပ်နှစ်ရပ်များစွာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေနီးနေ နှစ်ထွေများစွာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘဝ ဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(ဒုက် ၄-ဒုတ်အတွက် ပွားများရန်)
၆။ ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ် သုံးရပ်ခန္ဒာသတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ဆူ ကြုံ အလတ် သုံးရပ် ခန္ဓာသတ္တဝါ-
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
(တိတ် ၃-တိတ်အတွက် ပွားများရန်)
၉။လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။
(အကျိုးမဲ့မဖြစ်စေခြင်းအစွမ်းအားဖြင့် ပွားများရန်)
………………………………………………….
*ပဋိသမ္ဘိဒါမဂ်မှာ တစ်နည်းလာ*
အထက်ပါ ရှုပွားနည်းကတော့ မေတ္တာသုတ်တော်လာအတိုင်းဖြစ်ပါတယ် ။ အများရနေကြတဲ့ မေတ္တာပွားများနည်း နောက် တစ်မျိုးကတော့ ပဋိသမ္ဘိဒါမဂ်မှာလာရှိပါတယ်။ မိမိတို့မေတ္တာပွားများတဲ့အခါ ကြိုက်နှစ်သက်ရာ အာရုံရရာကို ပွားများတတ်စေဖို့ တင်ပြပေးလိုက်ပါတယ်။
*အနောဓိသော ဖရဏာ မေတ္တာ- အပိုင်းအခြားမဲ့ ပျံ့နှံ့သော မေတ္တာပွားများပုံ (၅)မျိုး *
(၁)သဗ္ဗေသတ္တာ -အလုံးစုံသော သတ္တ၀ါဟူသမျှတို့သည်
အဝေရာ ဟောန္တု -ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အဗျာပဇ္ဇာ ဟောန္တု - ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အနီဃာ ဟောန္တု - ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
သုခိအတ္တာနံ ဟောန္တု -ကျန်းမာချမ်းသာစွာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
(၂) သဗ္ဗေ ပါဏာ-ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်….
(၃) သဗ္ဗေ ဘူတာ - ကိုယ်ထင်ရှားရှိသော သတ္တဝါအားလုံးတို့သည်….
(၄) သဗ္ဗေ ပုဂ္ဂလာ - ပုဂ္ဂိုလ်အားလုံးတို့သည်။ပ။
(၅) သဗ္ဗေ အတ္တဘာဝ ပရိယပန္နာ -အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံးတို့သည် ….
………………………………………………………
သြဓိသော ဖရဏာ မေတ္တာ - အပိုင်းအခြားအားဖြင့် ပျံ့နှံ့သော မေတ္တာ(၇)မျိုး
(၁) သဗ္ဗာ ဣတ္ထိယော- မိန်းမအားလုံးတို့သည်
(၂) သဗ္ဗေ ပုရိသာ - ယောက်ျားအားလုံးတို့သည်….
(၃) သဗ္ဗေ အရိယာ - အရိယာအားလုံးတို့သည်….
(၄) သဗ္ဗေ အနရိယာ - ပုထုဇဉ်အားလုံးတို့သည်။ပ။
(၅) သဗ္ဗေ ဒေဝါ - နတ်ဗြဟ္မာအားလုံးတို့သည်။ပ။
(၆) သဗ္ဗေ မနုဿာ - လူအားလုံးတို့သည်။ပ။
(၇) သဗ္ဗေ ဝိနိပါတိကာ - ဝိနိပါတိကအသုရာအားလုံးတို့သည် .....
...................................
ဒိသာဖရဏာ မေတ္တာ - အရပ်(၁၀)မျက်နှာတို့၌ ပျံ့နှံ့သော မေတ္တာ
(၁) သဗ္ဗေ ပုရတ္ထိမာယ ဒိသာယ သတ္တာ - အရှေ့အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်
အဝေရာ ဟောန္တု -ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အဗျာပဇ္ဇာ ဟောန္တု - ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အနီဃာ ဟောန္တု - ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
သုခိအတ္တာနံ ဟောန္တု -ကျန်းမာချမ်းသာစွာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
(၂) သဗ္ဗေ ပစ္ဆိမာယ ဒိသာယ သတ္တာ -အနောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၃) သဗ္ဗေ ဥတ္တရာယ ဒိသာယ သတ္တာ - မြောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၄) သဗ္ဗေ ဒက္ခိဏာယ ဒိသာယ သတ္တာ - တောင်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၅) သဗ္ဗေ ပုရတ္ထိမာယ အနုဒိသာယ သတ္တာ - အရှေ့မြောက်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၆) သဗ္ဗေ ပစ္ဆိမာယ အနုဒိသာယ သတ္တာ - အနောက်တောင်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၇) သဗ္ဗေ ဥတ္တရာယ အနုဒိသာယ သတ္တာ - အနောက်မြောက်ထောင့် အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်
(၈) သဗ္ဗေ ဒက္ခိဏာယ အနုဒိသာယ သတ္တာ - အရှေ့တောင်ထောင့်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၉) သဗ္ဗေ ဟေဋ္ဌိမာယ ဒိသာယ သတ္တာ - အောက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်…
(၁၀) သဗ္ဗေ ဥပရိမာယ ဒိသာယ သတ္တာ - အထက်အရပ်မျက်နှာ၌ သတ္တဝါအားလုံးတို့သည်
*အရပ်ဆယ်မျက်နှာလုံး၌ ရှိရှိသမျှ သတ္တ၀ါအားလုံးတို့အား မေတ္တာပွားများပုံ*
အရှေ့အရပ်မျက်နှာ၌ …….
ထွက်သက်ဝင်သက်ရှိသော သတ္တဝါအားလုံးတို့သည်
-ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကျန်းမာချမ်းသာစွာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
ကိုယ်ထင်ရှားရှိသော သတ္တဝါအားလုံးတို့သည်။
ပုဂ္ဂိုလ်အားလုံးတို့သည်။
အတ္တဘော၌ အကျုံးဝင်သော သတ္တဝါအားလုံးတို့ သည်။
မိန်းမအားလုံးတို့သည်။
ယောက်ျားအားလုံးတို့သည်။
အရိယာအားလုံးတို့သည်။
ပုထုဇဉ်အားလုံးတို့သည်။
နတ်ဗြဟ္မာအားလုံးတို့သည်။
လူအားလုံးတို့သည်။
ဝိနိပါတိက အသုရာအားလုံးတို့သည်
(ကျန်အရပ်မျက်နှာတို့၌လည်း နည်းတူ ပွားများပါ)
အထက်ဖော်ပြပါ ပဋိသမ္ဘိဒါမဂ်လာ ဒိသာဖရဏ မေတ္တာပွားများနည်းကိုလည်း မင်းကွန်းဆရာတော်ကြီးက လင်္ကာရေးစပ်သီကုံးပြီး မိမိတို့လက်ဝယ်သို့ အရောက်ထည့်ပေးခဲ့ပြီးဖြစ်ပါတယ်။
မင်းကွန်းဆရာတော်ကြီး၏ အရပ်ဆယ်မျက်နှာ ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်းလင်္ကာ
၁။ အရှေ့အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်ားကပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၂။ အနောက်အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ 
၃။ မြောက်အရပ်၌ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
၎။ တောင်အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
၇။ အရှေ့မြောက်ထောင့် အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
၉။ အောက်အရပ်၌ ရှိသော ထက်ဝန်း ကျင် အနန္တစင်္ကြာဝဠာ အပါယ်ဘုံသား အနန္တ သတ္တဝါတို့ -
၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြာဝဠာ အနန္တ နတ်ဗြဟ္မာတို့  ……..
ကဲ ဒီလောက်ဆို စာရှုသူများလည်း ဘုရားရှင်ဟောပြတော်မူခဲ့တဲ့မေတ္တာပို့နည်းများဖြစ်ကြတဲ့
မေတ္တာသုတ္တာန်လာ မေတ္တာပွားများနည်း (၁၁) နည်းနှင့်
ပဋိသမ္ဘိဒါမဂ်လာ ဒိသာဖရဏ အရပ်(၁၀)မျက်နှာ မေတ္တာပွားများနည်း ဟူ၍
နှစ်မျိုးရှိကြောင်း ရှင်းလောက်ပြီထင်ပါတယ်။
နေ့စဉ်နဲ့အမျှ မေတ္တာပွားများရင်း စိတ်ကောင်းနှလုံးကောင်းရှိသူများ ဖြစ်နိုင်ကြပါစေ
ဆက်လက်ဖော်ပြပါဦးမည်
လင်္ကာအရှင်(မုံရွာ)



No comments:
Post a Comment