Sunday, September 9, 2012

*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၄)***


                                  *ဆယ့်ငါးခုမြောက် နောက်ဆုံးအင်္ဂါ  *

      မေတ္တာသုတ္တာန်မှာ ဘုရားရှင် စည်းကမ်းချမှတ်ပေးတော်မူတဲ့အတိုင်း တစ်ခုချင်းရေးသားလာခဲ့ရာမှာ
(၁)သက္ကော- ကျင့်စွမ်းနိုင်ရမည်၊
(၂)ဥဇူ စ -ကိုယ်နှုတ် ဖြောင့်မတ်ရမည်၊
(၃)သုဟုဇူ စ- စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊
(၄)သုဝစော စဿ- ဆိုဆုံးမ လွယ်ရမည်၊
(၅)မုဒု - စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊
(၆)အနတိမာနီ-လွန်ကဲမြင့်မောက်သော မာနမရှိရာ။
(၇)သန္တုဿကော စ-  ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်၊

(၈)သုဘရော စ-မွေးမြူလွယ်ရမည်၊
(၉)အပ္ပကိစ္စော စ- အမှုကိစ္စ နည်းပါးရမည်၊
(၁၀)သလ္လဟုကဝုတ္တိ-ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊
(၁၁)သန္တိန္ဒြိယော စ- ငြိမ်သက်သော ဣနြေ္ဒရှိရမည်၊
(၁၂)နိပကော စ- ရင့်ကျက်သော ပညာရှိရမည်၊
(၁၃)အပ္ပဂဗ္ဘော- ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ၊
(၁၄)ကုလေသွနနုဂိဒ္ဓေါ-ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။
      ဆိုတဲ့ အထက်ပါ အင်္ဂါ ၁၄-ချက်တိုင်ဖော်ပြခဲ့ပြီဖြစ်ပါတယ် ။

        နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ အေးအေးချမ်းချမ်းဘ၀ကိုဖြတ်သန်းနေထိုင်လိုသူများလိုက်နာကျင့်ကြံရမယ့်ကျင့်စဉ် တစ်ဆယ့်လေးချက်ကိုဟောကြားတော်မူပြီးနောက်မှာတော့ ဆက်လက်၍ မပြုလုပ်သင့်ပဲ ရှောင်ကြဉ်ရမည့်အင်္ဂါရပ်ကိုတော့ အကျဉ်းချုပ်အားဖြင့် အင်္ဂါတစ်ချက်ပဲ ''န စ ခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ''လို့ ဂါထာဝက်ဖြင့် ဆက်လက်ဟောကြားတော်မူလိုက်ပြန်ပါတယ်။

        အဓိပ္ပါယ်ကတော့ ကာယဒုစရိုက်၊ ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို သေးသေးကလေး အနည်းငယ်မျှသာဆိုပြီးလည်း မပြုကျင့်လိုက်ပါနဲ့ ။ယင်းသို့ အကုသိုလ်ဒုစရိုက်အနည်းငယ်လေးကိုပင်ပြုလုပ်စေကာမူ ကောင်းကျိုးဆိုးဟန် ဝေဖန်သုံးသပ်နိုင်ကြသည့် ပညာရှင်များက ကဲ့ရဲ့ပြစ်တင် အပြစ်မြင်သွားကြမှာမို့ဖြစ်ပါတယ်။ သူတော်ကောင်းတွေက အပြစ်မြင်ပြီး ကြဉ်ဖယ်သွားကြလျှင်တော့ မိမိရဲ့ လောကီလောကုတ္တရာအကျိုးများစွာ လုံးဝဆုံးရှုံးသွားရတော့မှာမဟုတ်ပါလား။

    ဒါ့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက

         မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
         ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
         ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

        အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှု ကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန်များသော် မကောင်းမှုဖြင့် ပြည့်၏..လို့
       ဓမ္မပဒမှာ ဟောကြားတော်မူခဲ့ခြင်းဖြစ်ပါတယ်။


     ဒီနေရာမှာ အထူးမှတ်ရမှာက ၀ိညူ ပရေ ဥပ၀ဒေယျုံဆိုပြီး ပညာရှိများ ကဲ့ရဲ့ကြလိမ့်မယ်လို့ ၀ိညူဖြင့် အထူးပြုဟောပြတော်မူခဲ့ခြင်းပါပဲ ၊  ဘုရားရှင်တော်သည် အပိုအလိုမရှိအောင် တိကျလွန်းလှတာကိုလည်း အာရုံယူကာ ကြည်ညိုစရာကောင်းလှပါတယ်။

     ကဲ့ရဲ့ချီးမွမ်းခြင်းဆိုတာကတော့ လောကဓံတရားဖြစ်၍ ဘုရားရှင်ပင်လျှင် ရှောင်ကွင်းလို့ လွတ်နိုင်တဲ့အရာမဟုတ်ပါဘူး။ သို့သော် ပညာမဲ့သူလူ့ဗာလများကတော့ မိမိဆန္ဒနှင့်မကိုက်ဘူး မကြိုက်မနှစ်သက်ဘူးဆိုလျှင် လူတစ်ယောက်ကို ဆီလိုအပေါက်ရှာကာ အပြစ်လို့ ရှုတော့တာပါပဲ ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ထဲကလိုပေါ့

      သားအဖနှစ်ယောက် မြင်းပေါက်လေးတစ်ကောင်ဝယ်လာကြရာ မြင်းက နည်းနည်းငယ်သေးတော့ မစီးပဲ ရှေ့ကဆွဲလာကြတာပေါ့ ဒီတင် ဘေးကလူတွေက ၀ိုင်းကဲ့ရဲ့ကြတယ်။

   “  ကြည့်စမ်းပါဦးကွာ မြင်းဆိုတာ စီးဖို့ဝယ်လာတာ မစီးပဲ ရှေ့ကနေ ဆွဲသွားရတယ်လို့ အံ့ပါရော “

 ဒါနဲ့ ဖခင်ကြီးက
     “ကဲ ငါ့သားရေ တို့သားအဖကတော့ မြင်းပေါက်ကလေး ငယ်သေးတော့ သနားလို့မစီးပဲ ဆွဲလာကြတာပဲ ။ဒီလိုသာ တစ်လမ်းလုံးဝိုင်းကဲ့ရဲ့နေကြရင် မြင်းဝယ်လိုက်ကာမှ တို့တွေနာမည်ပျက်ရချေရဲ့ ဒီတော့ ငါ့သားခန္ဓာကိုယ်နဲ့ဆို မြင်းပေါက်လေးက နိုင်မှာပါ မင်းတက်စီးခဲ့ကွာ “    လို့ သားငယ်လေးကို မြင်းပေါ် တက်စီးစေခဲ့တယ်။

      ဒီတစ်ခါလည်း အကဲ့ရဲ့က မလွတ်ပြန်ဘူးတဲ့
“ ဟင် ၊ ကြည့်ကြစမ်းပါဦးကွာ ကျေးဇူးရှင်ဖခင်ကြီးကိုတော့ မြေမှာလမ်းလျှောက်ပြီး မြင်းကိုဆွဲခိုင်းတယ် ။ သားငယ်ကမြင်းပေါ်က အငြိမ့်သား။ ဒီလောက်အသိညာဏ်နုံ့နည်းတဲ့ကလေးမျိုး ဘယ်တော့မှာကြီးပွားမှာမဟုတ်ဘူး”

    တစ်ချို့ကလည်း အမြင်တစ်မျိုးနဲ့ သုံးသပ်ကြပြန်တယ် “ အမှန်က ကလေးမှာအပြစ်မရှိဘူးကွ ။သားသမီးမကောင်း မိဖခေါင်းပဲ ။ ဒီကလေးလိမ်မာအောင် သေချာမသွန်သင်ခဲ့တဲ့ ရှေ့ကဖခင်အပြစ်ပဲ သူသာသွန်သင်ခဲ့ရင် ဒီလိုမိဖကို မရိုမသေလုပ်မှာမဟုတ်ဘူး” တဲ့ ။
     ဒီတော့ သားလေးက “ ကဲ ဒီလိုဆိုမဖြစ်ချေဘူး အဖေ ၊ မြင်းပေါ်တက်စီးမိကာမှ ကျနော်ရော အဖေပါ အပြောခံရတော့တယ် ။အဖေစီးခဲ့ သားရှေ့ကမြင်းလေးကို ဆွဲခေါ်ခဲ့ပါ့မယ်“

     ဖခင်ကြီးက မြင်းလေးပေါ်ထိုင်လိုက်ပြီး သားက ရှေ့ကဆွဲခေါ်ပြန်တော့လည်း လုပ်ကြပြန်ရော
“ကြည့်ကြပါဦးကွာ ဒီသားအဖလုပ်ပုံတော့ ကလေးကိုမြင်းဆွဲခိုင်းပြီး ကိုယ်တိုင်ကမြင်းပေါ်ထိုင်လိုက်လို့ အမြင်မတော်လိုက်တာ ။ ငါအကြီးပဲဆိုပြီး အရာရာ အခွင့်ရေးယူလို့ရမလား ။ကလေးငယ်လေးက သားအရင်းမဟုတ်လို့ လုပ်ရက်တာနေမှာပါ ”

      ဒီတော့ ဖခင်ကြီးလည်း ခေါင်းတော်တော်ကိုက်လာတယ် “ကဲ ကဲ ငါ့သား တို့တော့ဘယ်လိုမှအပြစ်ပြောကလွတ်မှာမဟုတ်တော့ဘူး ဒီတော့ မင်းပါ မြင်းပေါ်တက်ခဲ့ကွာ ”
“ ဟာ အဖေကလည်း မြင်းလေးနိုင်ပါ့မလား”
"လာပါကွာ နိုင်ကောင်းပါရဲ့ ။ဒီလိုမှမလုပ်ရင် တို့တော့ အကဲ့ရဲ့လွတ်ဖို့မလွယ်ဘူး။ ဒီလိုနှစ်ယောက်ပိုးစီးလာကြပြန်တော့

  “ဟာကွာ ဒီလူတွေနှယ် လုပ်ရက်လိုက်ကြတာ တိရစ္တာန်မို့ခိုင်းသမျှခံနေရရှာတယ် မြင်းငယ်လေးက ဒီလိုနှစ်ယောက်ပိုးကြီး နိုင်ပါ့မလား ၊ဒီလူတွေ တိရစ္ဆာန်လောက်တောင်အသိတရားမရှိဘူး”တဲ့။

       ဒီတင် ဖခင်ကြီးက စိတ်တော်တော် အချဉ်ပေါက်သွားပြီး
    "ဒီမယ်မောင်ရင်တို့ မြင်းကလေး သနားလို့ဆိုပြီး မစီးပဲ ဆွဲလာကြတုန်းကလည်း မစီးလို့ ။
     သားလေးစီးခိုင်းပြန်တော့လည်း ဂရုဂါရ၀မရှိဘူးလုပ်ပြန်ရော။
     ကျုပ်တက်စီးပြန်တော့ ကလေးငယ်ကိုမသနားဘူးတဲ့။
     ခုနှစ်ယောက်ပိုးစီးပြန်တော့ တိရစ္ဆာန်ကိုညှင်းဆဲတယ် တဲ့ ။

     ကဲ ဒီတော့ ကျုပ်တို့လုပ်စရာ တစ်ခုပဲ ကျန်တော့တယ် ။ ဒီမြင်းလေးကို ခြေထောက်တွေကြိုးတုပ်ပြီး ဒုတ်လျှိုထမ်းကြရုံရှိတော့တာပဲ၊ ခင်များတို့အကဲ့ရဲ့လွတ်မှသာ အသက်ရှင်ခွင့်ရမယ်ဆိုရင် အသက်ရှင်မယ့်သူ တစ်ယောက်မှရှိတော့မှာမဟုတ်ဘူး” လို့ပြောချလိုက်ပါသတဲ့။
                          (ကြားဖူးနားဝပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)

     ဒီတော့ လူအားလုံးကဲ့ရဲ့လွတ်အောင်တော့ မလွယ်လှပါဘူး။  လူဆိုတာကလည်း မိမိအလိုမကျရင် သဘာဝတရားကြီးနဲ့တောင်ရန်ဖြစ်ပြီး မိုးရွာပြန်ပြီကွာ နေကလည်းပူလိုက်တာ စသဖြင့်အလိုမကျဖြစ်နေတတ်ကြတာပဲမလား ။

      ဒါပေမယ့် ကဲ့ရဲ့ကြတဲ့လူကို နှစ်မျိုးနှစ်စားခွဲလို့ရတယ်တဲ့ အသိညာဏ်မဲ့တဲ့ လူ့ဗာလတွေကတော့ သူ့ရဲ့ပါဆင်နယ် ကြိုက်ခြင်းမကြိုက်ခြင်း အလိုဆန္ဒကိုဗဟိုပြုပြီး ကဲ့ရဲ့ချီးမွမ်းခြင်းပြုလုပ်လေ့ရှိကြသတဲ့။ သူတို့သဘောကျရင် မိဖကို လိမ်လည်လှည့်ပတ်နေတဲ့ကလေးကိုတောင် ဒီကောင် အာဂကောင်ကွ အသိညာဏ်ကြီးတဲ့လူကြီးတွေတောင် ရောင်းစားနိုင်တယ်လို့ ချီးမွမ်းရင် ချီးမွမ်းနေသေးတာမလား။

      အလိုမကျရင်လည်း အပြစ်မရှိတာကို အပြစ်ဆိုကဲ့ရဲ့တတ်ကြသလို ။ အပြစ်အနာအဆာ တစ်စုံတစ်ရာတွေ့ရပြန်ပါကလည်း
တစ်စိတ်ကို တစ်အိပ်လုပ်ပြီး ပုံကြီးချဲ့ကား ကဲ့ရဲ့တတ်ကြပြန်ပါတယ်။   ဒါ့ကြောင့် အဋ္ဌကထာမှာ
“တေ ဟိ အနဝဇ္ဇံ ဝါ သာဝဇ္ဇံ ကရောန္တိ၊ အပ္ပသာဝဇ္ဇံ ဝါ မဟာသာဝဇ္ဇံ”လို့ အသေချာဖွင့်ဆိုထားခဲ့ပါတယ်။

       ပညာရှိသူတော်ကောင်းများကတော့ ဒီလိုမဟုတ်ပါဘူးတဲ့ ကြီးတဲ့အမှုငယ်စေ ၊ငယ်တဲ့အမှုပလပ်စေဆိုတဲ့ စိတ်ထားကောင်းကိုမူတည်တယ်။ သေချာညာဏ်နဲ့ စဉ်းစားဆင်ခြင်ပြီးတော့မှ ဆိုရေးရှိက ဆိုအပ်လှဆိုတာလို ကဲ့ရဲ့ပြစ်တင်ထိုက်သူကို ကဲ့ရဲ့ရှုံ့ချကြပြီး ချီးမွမ်းသင့်သူကိုလည်း ချီးမွမ်းဖို့ရာ ၀န်မလေးကြဘူးလို့ အဋ္ဌကထာက ဆိုပါတယ် ။
      ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်လျှင် ကဲ့ရဲ့ချီးမွမ်းက မလွတ်ပုံကို နောက်ပို့စ်မှာ ဆက်လက်တင်ပြပေးပါဦးမယ်

                          အပြစ်ကင်းစွာနဲ့ ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေ
                                 လင်္ကာအရှင် (မုံရွာ)

No comments:

Post a Comment

တရားဓမ္မများ နားကြားရန်


Music

Good Bye ..