
*ကုလေသွနနုဂိဒ္ဓေါ - အမျိုးဒါယကာတို့အပေါ်မှာ တွယ်တာမှုကင်းရမယ်*
ကုလ ဆိုတာက အမျိုး/ဒါယကာ ဒါယိကာမတို့ကိုဆိုလိုတာဖြစ်ပြီး အနုဂိဒ္ဓ ဆိုတာကတော့ တွယ်တာတပ်မက်တာပေါ့။ ဆွမ်းခံခြင်းစသည်ဖြင့် အမျိုးဒါယကာတို့ အိမ်သို့ချဉ်းကပ်တဲ့အခါ သူတို့လှူမယ့် ဆွမ်းကောင်းဟင်းကောင်းပစ္စည်းကောင်းလေးတွေကို မက်မောတွယ်တာတာတို့ လှူဒါန်းပူဇော်တဲ့ ထိုဒါယကာဒါယိကာမတို့နဲ့ ခင်မင်ရင်းနှီးပြီး သားအရင်းအမေအရင်းပမာ သံယောဇဉ်တွယ်နေမိကြတဲ့သဘောတွေဟာ အမျိုး၌ ငြိကပ်နေမှုတွေပါပဲ။
စူးတောထဲတိုးမိလို့ ဆူးခက်နဲ့ငြိတဲ့အခါ ပြန်အဖြုတ်ရခက်တတ်ပါတယ် ၊ပုံမတော်ရင် အ၀တ်တောင်စုတ်၊အသားတောင်စုတ်ပြဲသွားနိုင်ပါတယ် ဒီလိုပါပဲ တစ်ဦးနဲ့တစ်ယောက် ငြိကပ်တွယ် တာမှုတွေဖြစ်လာပြီဆိုရင် တကာတကာမတွေနဲ့ တစ်သားထဲဖြစ်သွားခါ ခွဲခွါရခက်သွားပါပြီ။ တကာတကာမတွေ ၀မ်းနည်းရင်လိုက်ဝမ်းနည်းပြီး ပျော်ရွှင်ရင် လိုက်ကြည်နူးနေမိပြီဆိုရင်တော့ တဏှာပေမစူး၊ ဒေါသသောကစူးတွေလည်း စိတ်သဏ္ဍာန်မှာ စူးခံရပါတော့တယ်။
မိမိတပည့်သာဝကတွေချမ်းသာရင် လိုက်ချမ်းသာမယ် ။ စိတ်ဆင်းရဲရင် မိမိလည်းထပ်တူလိုက်ဝမ်းနည်းမယ် ၊ဖြစ်လာသမျှ ကိစ္စကြီးငယ်တို့ကိုလည်း ငါသိငါတတ်ကြီးလုပ်ပြီး ရှေ့က မားမားမတ်မတ်ဦးဆောင်လုပ်ကိုင်ပေးမယ်ဆိုရင်တော့ အမျိုးဒါယကာတို့မှာ တွယ်တာငြိကပ်သွားတဲ့သဘောပါပဲ။
ဒီလိုအမျိုးလေးပါးနဲ့ပစ္စည်းဥစ္စာတို့ကို အလွယ်တကူမစွန့်လွှတ်နိုင်သမျှတော့ တဏှာခိုင်းသမျှခံနေကြရဦးမှာပါပဲ။ တရားဘာဝနာကိုလွတ်လွတ်ကျွတ်ကျွတ်အားထုတ်နိုင်ကြဖို့ရန် ရွာရပ်သံယောဇဉ် ဆွေမျိုးသံယောဇဉ်ပါကင်းမှနေရာကျမှာဖြစ်ပါတယ်။
………………………………………………………
ဂေဟဿိတပေမနဲ့ပတ်သက်ပြီး ရေးမယ်ဆိုတော့ မိမိစိတ်ထဲမှာစွဲကျန်ခဲ့တဲ့ ဇာတ်လမ်းလေးတွေက အစီအရီပေါ်လာပါတယ်။ သံယောဇဉ်ဇာတ်လမ်းတွေပေါ့ ဒီထဲက တယောဇနပဗ္ဗဇိတဝတ္ထု ဆိုတဲ့ ဇာတ်လမ်းလေးကိုအရင်ရွေးထုတ်ပြပါဦးမယ်။
***ကိုရွှေကဲ မိရွှေကဲတို့ မိသားစုအကြောင်း***
ဘုရားရှင်သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ကြီးမှာ သီတင်းသုံးတော်မူစဉ် ဇနီးမောင်နှံနှစ်ဦးမှာ အလွန်ချစ်စရာကောင်းတဲ့ သားငယ်လေးတစ်ယောက်ရှိခဲ့ပါတယ် ။ သူတို့ကလည်း သဒ္ဓါတရားရှိကြသူများပီပီ ဆွမ်းခံသံဃာတော်များကို ထိုင်အိမ်ပင့်ကာ ဆွမ်းဆက်ကပ်ကြတာပေါ့ ။ သံဃာတော်တွေကလည်း ဓမ္မနဲ့ကျေးဇူးဆပ်တဲ့အနေနဲ့ တရားစကားတွေပြောတော့ သားငယ်လေးက ကိုရင်ဝတ်ချင်လာပါသတဲ့။ ဒါနဲ့ ဘုရားကျောင်းတော်သွားပြီး ကိုရင်ဝတ်ပေးဖို့ ပူဆာတာပေါ့ ။
မိဘတွေကလည်း ဒီသားငယ်လေးတစ်ယောက်ထဲရှိတာ ချစ်မ၀တော့ ဘယ်ခွင့်ပြုမှာလဲ ခွင့်မပြုတဲ့အပြင် အိမ်ကထွက်ပြေးပြီး ကိုရင်ဝတ်သွားမှာစိုးလို့ တစ်ယောက်တစ်လဲကို မျက်ချေမပြတ်စောင့်ကြည့်နေရတော့တာပေါ့ ။ ကလေးသဘာဝဆိုတာကလည်း လူကြီးကမလုပ်နဲ့ဆိုလေ လုပ်ချင်လေ ဒီသဘောလေးကရှိတော့ သူ့မ၀တ်နဲ့ဆိုလည်း ကိုရင်ဝတ်ချင်လေပဲ ။ငါအိမ်ကခိုးထွက်ပြေးပြီး ကိုရင်ဝတ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အကွက်ချောင်းနေတာပေါ့။
တစ်နေ့ဖခင်ကြီး အပြင်သွားစရာရှိလို့ ကလေးကိုဂရုစိုက်ဖို့ မှာထားခဲ့တာပေါ့။ မိခင်လည်း သားလေးအပြင်ထွက်သွားမရအောင် အိမ်တံခါးကိုခြေနဲ့ကန်ထားပြီး ချည်ငင်နေတာပေါ့။ ဒီတင် မောင်ညာဏ်ကြီးရှင်ကလေးက အမေ လမ်းနည်းနည်းပေးပါဦး သားအခင်းသွားမလို့…လို့ပြောတော့ မိခင်ကြီးလည်းသဘောရိုးမှတ်ပြီး သွားခွင့်ပေးလိုက်ရာက ထွက်ပြေးပြီး ဇေတ၀န်ကျောင်းမှာ ကိုရင်ဝတ်လိုက်တော့တာပေါ့။
ဒီလိုနဲ့ဖခင်ကြီးပြန်ရောက်လာလို့ သားငယ်လေးကိုမေးတော့ မတွေ့ရတော့ဘူး ဒါနဲ့ မိဘနှစ်ပါးလုံးကျောင်းလိုက်လာကြပြီး ကိုရင်ဝတ်ပြီးသွားသော သားငယ်လေးကိုဖက်ပြီးငိုကြတော့တာပေါ့ ။နောက်ဖခင်ကြီးက ငါ့သားနဲ့ငါမခွဲနိုင်ဘူးကွာ ။နောက်ပြီး ဒီကောင်လေးက ငယ်သေးတယ် သူ့အကူညီလိုတာတွေဖြည့်ဆည်းဖို့ ငါပါရဟန်းပြုမယ်ကွာဆိုပြီး ရဟန်းဘောင်ဝင်လာပြန်ပါတယ်။
ဇနီးသယ်ကလည်း ရှင်တို့သားအဖနှစ်ယောက်က အဲလိုသာသနာ့ဘောင်ဝင်ကုန်ကြတော့ ကျမတစ်ယောက်ထဲ ယောင်ချာချာဖြစ်နေတော့မှာပေါ့ ကျမလည်း ဘိက္ခုနီမ၀တ်တော့မယ်ဟုဆိုကာ ။
မိဘနှစ်ပါးလုံးပါ သာသနာ့ဘောင်ဝင်လာကြပါတယ်။ ဒါပေမယ့် သုံးဦးလုံးဟာ သံသရာဝဋ်ကကျွတ်ချင်လွတ်ချင်လို့ ၀တ်ကြတာမဟုတ်ပဲ ကလေးကလည်း မိဘတွေချုပ်ချယ်မှုကို ဆန္ဒပြချင်လို့သာ ၀တ်လာတာလေ မိဘနှစ်ပါးကလည်း သားလေးနဲ့မခွဲနိုင်လို့ဝတ်လာကြတယ်ဆိုတော့ ကောင်းကြရောပေါ့ ။
ဘုရားသာသနာကတော့ ဇရာပဗ္ဗဇိတပဲဖြစ်ဖြစ် ဘယာပဗ္ဗဇိတပဲဖြစ်ဖြစ် သူ့စည်းသူ့ဘောင်နဲ့ညီရင် လက်ခံရမှာပါပဲ။ ဒါပေမယ့် သာသနာဘောင်ဝင်လာပြီးနောက်မှာတော့ ကျင့်ဝတ်စည်းကမ်း နဲ့အညီနေထိုင်ဖို့တော့ သင့်တာပေါ့ ဒါပေမယ့် သူတို့သားအမိသုံးယောက်ကတော့ သဒ္ဓါပဗ္ဗဇိတကလည်းမဟုတ်ကြ သားအမိသုံးယောက်ကလည်း မခွဲနိုင်မခွါရက်ကြတော့ ဖခင်ကြီးရှိရာ ရဟန်းများနေတဲ့ကျောင်းမှာ စုပြီး စကားပြောလိုက်။ မိခင်ဘိက္ခုနီမ၀တ်ရာကျောင်းမှာ လေပေါလိုက်နဲ့လုပ်နေကြတော့တာပေါ့။ သူတို့သုံးဦးသားရဲ့ ဆူဆူညံညံအသံဗလံတွေကြောင့် ရဟန်းတွေရော ရဟန်းမတွေရော အေးအေးလူလူကိုမနေရတော့ဘူးပေါ့။ သားကထငိုလို့ငို လင်မယားရဟန်းနဲ့ရဟန်းမက စကားများလို့များနဲ့ တော်တော်အကြည့်ရအရုပ်ဆိုးနေတယ်။
နောက်ဆုံး ယင်းတို့သုံးဦးဒဏ်ကို သည်းမခံနိုင်ကြတော့ ဘုရားသွားလျှောက်ထားရတော့တယ်။ ဘုရားရှင်ကလည်း ယင်းသုံးဦးကိုခေါ်ပြီး ယင်းသို့ဂေဟဿိတပေမဖြင့် လူဘ၀တုန်းကလိုမခွဲနိုင်မခွါရက်ဖြစ်နေကြခြင်းသည် မကောင်းပေ။ အဘယ့်အတွက်ကြောင့် လူ့ဘ၀တုန်းကလို နေကြဘိသနည်းဟု မေးမြန်းစစ်ဆေးတော်မူရာမှ
“အရှင်ဘုရား တပည့်တော် တပည့်တော်မတို့မိသားစုသုံးယောက်က မခွဲနိုင်ကြပါဘူးဘုရား”လို့လျှောက်ထားပါသတဲ့ ။
ဒီတော့ ဘုရားရှင်က တရားအသိကပ်ဖို့ ဆက်လက်ဟောပြတော်မူပါတယ်။
“သာသနာ့ဘောင်ဝင်ရောက်လာရာအခါမှစပြီး ဒီလိုနေကြလို့မသင့်လျှော်ဘူး ချစ်ခင်သူတို့ကိုမတွေ့မြင်ရခြင်း၊ မချစ်ခင်မနှစ်သက်သူတွေနဲ့အတူတူနေကြရခြင်းသည်လည်း ဆင်းရဲလှပေ၏ ။ထို့ကြောင့် သင်တို့သည် သတ္တ၀ါ သင်္ခါရတို့အပေါ်မှာ ချစ်ခြင်းမုန်းခြင်းမှလွတ်အောင်ကျင့်ကြံအားထုတ်ကြရမယ်”
“မိမိကိုယ်ကို မလုပ်သင့်တာတွေလုပ် လုပ်သင့်တာတွေမလုပ်ပဲ ကြိုးစားအားထုတ်မှရရှိနိုင်မယ့်အခွင့်ရေးကို စွန့်လွှတ်ကာ ကိုယ်တိုင်အားထုတ်ပြီးတရားထူးရသူတို့တ သူတို့၏အကျိုးစီးပွားကို ငါရပါမူကား ကောင်းလေစွဟု လိုလားတောင့်တတတ်ကြတယ်”
“ချစ်သူနဲ့လည်း အတူမနေနဲ့ မုန်းသူနဲ့လည်း မပေါင်းဖော်နဲ့ ။.ချစ်သူကိုမမြင်တွေ့ရတဲ့အခါ မချစ်သူကိုမြင်နေရတဲ့အခါ စိတ်ဆင်းရတတ်တယ်”
“ ဒါ့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းမှု မပြုရဘူး၊
ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် ယုတ်မာဆိုးရွားလှတယ်၊
ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့သာ ကိလေသာအနှောင်ဖွဲ့မှ လွတ်မြောက်နိုင်ကြတယ် ”
ဒီလို ချစ်ခင်တွယ်တာခြင်းရဲ့အပြစ်နဲ့ တွယ်တာမှုမရှိသူတို့ရဲ့အကျိုးတရားများကို ဟောကြားပြလိုက်ရာ တရားနာပရိတ်သတ်များစွာတို့ တရားထူးရသွားကြပါသတဲ့။
ဒါပေမယ့် တဏှာပေမကြီးမားလှတဲ့ သားအမိသုံးယောက်ကတော့ ဒီလောက်ခက်ခဲတဲ့ ဘုရားသာသနာမှာ တပည့်တော်တို့မနေနိုင်ကြပါ..ဟု ဘုရားရှင်အားလျှောက်ာထားက လူဝတ်လဲသွားကြပါသတဲ့။
နောက်ထပ်သူတို့လိုပဲ မခွဲနိုင်မခွါရက်ဖြစ်နေကြတဲ့ သူငယ်ချင်းနှစ်ဦးလည်း ရှိခဲ့ပါသေးတယ်။ အသက်အရွယ်ရမှ သင်္ကန်းစည်းလားတဲ့ ဦးပဉ္ဇင်းကြီးနဲ့ သူ့သူငယ်ချင်း ဥပါသကာကြီးတို့ရဲ့ မျက်မှောက်ဘ၀ဖြစ်ပုံနဲ့ အတိတ်ကသံယောဇဉ်အကြောင်းလေးပါ။
…………………………………….
***ခင်မင်ရင်းနှီးမှူ သံယောဇဉ်ကြီးနေကြသူ နှစ်ဦး***
ဘုရားလက်ထက်တော်အခါက အသက်ကြီးမှ သင်္ကန်းစည်းလာတဲ့ ရဟန်းအိုကြီးနဲ့ အလွန်တရာရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းဥပါသကာကြီးတစ်ဦးတို့ ရှိခဲ့ကြပါတယ်။
ရဟန်းအိုကြီးကလည်း ပျင်းပျင်းရှိတာနဲ့ နေ့တိုင်း သူ့သူငယ်ချင်းဒါယကာကြီးအိမ်အလည်သွားတယ်။ ဒါယကာကြီးကလည်း ထန်းလျှက်ရေနွေးကြမ်းတဲ့ဧည့်ခံ ဆွမ်းချိန်ဆွမ်း ယာဂုချိန်ယာဂုပေါ့ မထေရ်ကြီးကိုလည်းကပ် သူကိုယ်တိုင်လည်း ခူးခပ်စားပေါ့ ။ နောက် ညနေစောင်းတော့ ဦးဇင်းကြီးကျောင်းပြန်တဲ့အခါမှာလည်း တကာကြီးကကျောင်းလိုက်လာတယ်။ တကာကြီးပြန်တော့ ဦးဇင်းကြီးက အိမ်လိုက်ပို့ပြန်ပါရောတဲ့ ဒါနဲ့သူတို့ဟာ အိပ်ချိန်လောက်ပဲ ခွဲခွါကြပြီး တစ်နေကုန်တစ်နေ့ခမ်း လေထိုင်များနေကြတာပေါ့ ။
တစတစ သူတို့နှစ်ဦးရဲ့ မခွဲနိုင်မခွါရက် ခင်မင်ရင်းနှီးမှုဟာ သံဃာ့ပရိတ်သတ်အကြား ထင်ရှားလာပြီး ဘုရားရှင့်ရွှေနားတော်ထိ ပေါက်ကြားသွားတာပေါ့။ ဒီတော့ ဘုရားရှင်က
ဒီဦးပဉ္ဇင်းကြီးနဲ့ ဥပါသကာကြီးတို့ခင်မင်မှုက ဒီဘ၀ထဲက မဟုတ်ဘူး ချစ်သားတို့ ဟိုးးးးးဆင်နဲ့ခွေးဖြစ်စဉ်ဘ၀ထဲက သံယောဇဉ်အမျှင်တွေတန်းလာခဲ့ကြတာ…လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီတင်ရဟန်းတော်များက အဲဒီ ဆင်နဲ့ခွေးဇာတ်လမ်းကိုလည်း တပည့်တော်များသိအောင် ဟောပြတော်မူပါဦးဘုရားလို့ လျှောက်ထားကြတော့မှ ဘုရားရှင်က အဘိဏှဇာတ်ကို ပြန်လည်ဟောပြတော်မူခဲ့တာဖြစ်ပါတယ်။
***ဆင်ကြီး ကိုလွမ်းပို အကြောင်း***
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးထံမှာ ဘုရားအလောင်းတော် ပညာရှိအမတ်ကြီးတစ်ဦးဖြစ်ခဲ့စဉ်ကဖြစ်ပါတယ် ။ မင်းကြီးရဲ့ စီးတော် မင်္ဂလာဆင်တော်ကြီး မစားနိုင် မအိပ်နိုင် တမှိုင်မှိုင် တစ်တွေတွေ နဲ့ မျက်ရည်တွေယိုစီးကျနေပါသတဲ့။ ဒီတော့ မင်းကြီးလည်း သူ့စီးတော်မင်္ဂလာဆင်ကြီး ကျန်းမာရေးမကောင်းလို့ ကောင်းပေ့တော်ပေ့ ဆင်ဆေးကုသမားတော်ကြီးတွေခေါ်ပြီး ကုစေတာပေါ့ ။ ဒါပေမယ့် အခြေနေကမထူးဘူး ။ ဒီတိုင်းသာ နေ့စဉ်ရက်ဆက်ကြာလာပါက ဆင်ကြီးသေဆုံးသွားလိမ့်မယ်။
ဒါ့ကြောင့် မင်းကြီးက ပညာရှိအမတ်ကြီးကိုတိုင်ပင်ရပါတော့တယ်
“အမတ်ကြီးရေ မင်းကြီးရဲ့ဆင်တော်တော့ တော်တော်နေမကောင်းထိုင်မသာဖြစ်နေတယ်။ အမတ်ကြီးများ ရောဂါပျောက်မယ့် အကြံကောင်းညာဏ်ကောင်းလေးရှိရင် လုပ်ပါဦး”
မှန်ပါ မင်းတြားကြီးဘုရား လူတွေမှာ ရောဂါဖြစ်ရခြင်းအကြောင်းရင်းဟာ နှစ်မျိုးနှစ်စားရှိပါသဘုရား။ အစားအသောက် ရာသီဥတုကြောင့်ဖြစ်လာတဲ့ရောဂါမျိုးကျတော့ သင့်တင့်တဲ့ဆေးဝါးဓာတ်စာတွေပေးကြွေးကုသကြရပါတယ်။ ဒါပေမယ့် စိတ်ကြောင့်ဖြစ်တဲ့ရောဂါကျတော့ ရေကြောင့်ဖြစ်တဲ့ညွှန်အညစ်ကြေးကို ရေနဲ့ဆေးကြောသုတ်သင်ရသလို စိတ်နဲ့ပဲ ပြန်ကုစားရပါသဘုရား ။ကျွန်တော်မျိုးတို့လူတွေလိုပဲ တိရစ္တာန်များမှာလည်း ထိုနည်းနှင်နှင်ပါပဲ ခံစားချက်တွေ ဒေါသတွေသောကတွေကြောင့်လည်း မစားနိုင်မအိပ်နိုင်တမှိုင်မှိုင်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ရောဂါဇစ်မြစ်သိရအောင် ကျွန်တော်မျိုးကြီး ရွှေနန်းတော်ကအပြန်မှာ ဆင်တင်းကုပ်သွား စနည်းနာလိုက်ပါဦးမယ် မင်းကြီးဘုရား”
“ကောင်းပြီအမတ်ကြီးရေ အမတ်ကြီးသာမကယ်ရင် ကျုပ်မင်္ဂလာဆင်တော်ကြီး ပျက်စီးရကိန်းဆိုက်တော့မယ်”
“မပူပါနဲ့ မင်းတြားကြီးဘုရား ။အနာသိက ဆေးရှိသည်သာဖြစ်ပါတယ် ၊အကြောင်းကိုပိုင်နိုင်စွာအကဲခတ်နိုင်ရင် ။ ဆင်တော်ကြီးရောဂါချက်ချင်းသက်သာလာပါလိမ့်မယ်”
………………………………………….
သို့ဖြင့် ဘုရားလောင်းအမတ်ကြီးလည်း ညနေစောင်းလို့ အိမ်တော်အပြန်မှာ ဆင်ထိန်းဆရာကြီးဆီ လှည့်လာခဲ့ရတာပေါ့။
ဆင်ထိန်းလည်း ဘုရားလောင်းအမတ်ကြီး ရောက်လာတာမြင်တော့ ပျာပျာသလဲနဲ့ ထိုင်ခုံဘာညာခင်းပြီး ဧည့်ခံရတာပေါ့ ။ခဏနေတော့ ဆင်ကြီးဆီသွားကြည့်ကြတယ်။
ဆင်ကြီးမှာမစားနိုင်မသောက်နိုင်ပဲ အားအင်ပြတ်ကာ ခွေလဲနေသည်ကိုတွေ့ရတယ် မျက်ရည်တွေကလည်း တွေတွေကျလို့ပေါ့ ၊ ဒါပေမယ့် ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအနာတရမရှိ ။ ဆီးဝမ်းမမှန်ပါကလည်း ခန္ဓာကိုယ်လိုတာထက်ပိုဖောယောင်နေရမယ်လေ ခုတော့ ခန္ဓာကိုယ်ပေါ်မှာ အပြစ်တစ်စုံတစ်ရာလည်းရှာမရဖြစ်နေတယ်။
ဒီတင်ဆင်ထိန်းက မှတ်ချက်ပေးလိုက်တယ်။
“ကျွန်တော်မျိုးကြီးအထင်တော့ ဒီဆင်ကြီးဟာ မျက်စေ့နာနေတာဖြစ်ရမယ် အမတ်ကြီး။ ကြည့်လေ မျက်ရည်တွေကျနေလိုက်ပုံများ”
“ဟဲ့ ဆင်ထိန်းရဲ့ မောင်မင်းကလည်း မျက်စေ့နာရုံလောက်နဲ့တော့ အစားအသောက်ပျက်ပါ့မလားကွ ခုဟာက မစားနိုင်မအိပ်နိုင် တမှိုင်မှိုင်ဖြစ်နေတာကို၊ ဒါနဲ့ ဆင်ကြီးပြောတာကို ငါကြားလိုက်ရတယ် ဆင်ထိန်းကြီး သူလွမ်းဆွေးကြေကွဲနေရပါတယ်…တဲ့ “
“ဗျာ ဗျာ အမတ်ကြီးကို ဆင်ကြီးကပြောလိုက်တယ် ။ ကျွန်တော်လည်းမကြားလိုက်မိပါလား၊ နောက်ပြီး အမတ်ကြီးကတိရစ္ဆာန်တို့ မာဂဓဘာသာစကားရော တတ်လို့လားဗျာ “
ဆင်ထိန်းမှာ မယုံသင်္ကာဖြစ်သွားပြီး အလန့်တကြားမေးလိုက်တာပေါ့။
“ဟဲ့ ဆင်ထိန်းရဲ့ မင်းထင်တာက ပါးစပ်ကပဲ စကားပြောတယ်လို့တရားသေတွက်ထားတာကိုးကွဲ့ မျက်လုံးကလည်းစကားပြောတာတွေ မရှိဘူးလား။
ဆင်ထိန်း နည်းနည်းတွေသွားတယ် ။
ဓအယ် ဟုတ်သား ကျွန်တော်မျိုးတို့လူတွေပြောပြောနေတာ ‘မျက်လုံးချင်းစကားပြောနေသည်’တဲ့။
“ကျွန်တော်နည်းနည်း သဘောပေါက်လာပါပြီ အမတ်ကြီး ဒါနဲ့ ဆင်ကြီးမျက်လုံးကဘာပြောနေတယ်ဆိုတာ ကျွန်တော့ကို ပြန်ပြောပြပါဦးဗျာ..”
“အေးကွဲ့ ဆင်ကြီးမျက်လုံးမှာ မျက်ရည်တွေတွေတွေယိုစီးကျနေတာထောက်တော့ ရင်ထဲမှာနာကျင်ခံခက်တဲ့ဝေဒနာတစ်ခုဖြစ်နေတယ်လို့တော့ ငါရိပ်စားမိတယ်။
မျက်ရည်ဆိုတာ ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရဖြစ်ရင်လည်း နှလုံးမှာထိပြီးကျလာတတ်တယ်ကွဲ့ ။ နောက်စိတ်ထဲမှာ ၀မ်းနည်းကြေကွဲနေလည်း ကျလာတတ်တာပဲ ။
ခုဆင်ကြီးမှာဘာရောဂါမှမဖြစ်ပဲ မျက်ရည်တွေပဲ တွေတွေကျနေပုံ မစားမသောက်နိုင်ပုံထောက်ရင် ဧကန္တ သူအလွမ်းရောဂါရနေတာ အသေချာပေါ့”
“ဗျာ အမတ်ကြီးကလည်း ပေါက်ပေါက်ရှာရှာ သူ့မှာ ဆင်တင်းကုပ်က ဆင်မတွေလည်းဘယ်မှာမသွားဘူး။ ဒီမှာနေထိုင်လာတာကြာပြီပဲ ၊ သူက ဘယ်သူ့သွားလွမ်းနေဦးမှာလည်း အမတ်ကြီးရယ်”
“မဟုတ်သေးဘူး ဆင်ထိန်းကြီး သေချာစဉ်းစားပါဦး ဒီဆင်ကြီးကျန်းမာရေးကောင်းစဉ်က သူနဲ့ယဉ်ပါးတဲ့ လူဖြစ်ဖြစ် သတ္တ၀ါတစ်ကောင်ကောင်ဖြစ်ဖြစ် ရှိခဲ့လိမ့်မယ်လို့ ငါယူဆတယ်”
“ဟာ…. “
ဆင်ထိန်းကြီးနှဖူးကိုလက်နဲ့ရိုက်လိုက်ပြီး ထအော်လိုက်တယ်။
“ရှိပါသော်ကော အမတ်ကြီးရယ် အရင်တုန်းက ဒီဆင်တင်းကုပ်မှာ အလှခွေးလေးတစ်ကောင်ရှိခဲ့တယ်လေ ဆင်ကြီးနဲ့လည်းရင်းနှီးတယ် ။ ဟုတ်တယ် ၊ ဆင်ကြီးနားမှာပဲ ပွတ်သီးပွတ်သတ်နဲ့ ဆင်ကြီးဦးကင်းပေါ်တော်တက်ရင်တက်တယ်ဗျ။ ဆင်ကြီးအစားစားရင်လည်း ထမင်းတုံးတွေကို ခွေးလေးအားပစ်ကျွေးလေ့ရှိတယ်”
“ခု အဲဒီခွေးလေးက ဘယ်ရောက်သွားလဲ ဆင်ထိန်းကြီး”
အမှန်တော့ အဲဒီအလှခွေးလေးကို ဆင်ထိန်းက လာဝယ်သူပေါ်လာတာနဲ့ ရောင်းစားလိုက်တာပဲ။ အဖြေမတတ်ရင် သူ့အမှုကပတ်တော့မှာလေ ၊ ဒါနဲ့ လှီးလွှဲပြီးဖြေလိုက်ရတယ်။
“ဟာဗျာ ကျနော်ဆီ မင်္ဂလာဆင်တော်ကြီးကြည့်ချင်လို့ဆိုပြီး ရောက်လာကြတဲ့ လူတွေထဲက တစ်ယောက်က ဖမ်းခေါ်သွားတာလေ။ ကျနော်လည်း ဆင်တင်းကုပ်မှာ ဒီခွေးလေးရှုပ်ပါတယ်လေ ဆိုပြီး ပေးလိုက်တယ် ။ ဘယ်ကလူတွေလည်းတော့ ကျနော်လည်းမသိဘူး အမတ်ကြီးရဲ့”
“ အေး တရားခံက ဒီခွေးလေးဖမ်းခေါ်သွားတဲ့ သူပဲ “
ဆင်ထိန်းလည်း အမတ်ချုပ်ကြီးစကားကြားရတာ ကျောချမ်းသွားတယ်။ မင်းကြီးသာ အဖြစ်မှန်ကိုသိလို့ကတော့ မလွယ်ဘူး။
အမတ်ကြီကဆက်ပြောလိုက်တယ်။
“ခွေးခေါ်သွားတဲ့သူကို ရအောင်ရှာ ခွေးကလေးကို ဆင်ကြီးနားပြန်ထားပေးလိုက်ရင် ပကတိတိုင်း ပြန်လည်ကျန်းမာလာမှာပါ”
ဆင်ကြီးကိစ္စအဖြေပေါ်သွားပြီမို့ အမတ်ကြီးလည်း သူ့အိမ်တော်ပြန်သွားပြီး နောက်ရက်ညီလာခံရောက်သောအခါမှာတော့ မင်းကြီးကို အဖြစ်စုံလျှောက်ပြပါတော့တယ်။
.................................................
“မင်းတြားကြီးဘုရား မင်္ဂလာဆင်တော်ကြီးရဲ့ အခြေနေတော့ တော်တော်ကြီးကိုဆိုးနေတာတွေ့ခဲ့ရပါတယ်”
“အလို…အမတ်ကြီးရယ် ဘယ်လိုဘယ်ပုံတွေဖြစ်နေတယ်ဆိုတာလေး လျှောက်တင်စမ်းပါဦး”
“မှန်ပါ၊ ဆင်ကြီးဟာ အစာရေစာကိုပင် မ၀င်တော့ပါဘူး။ စားခွက်ထဲထမင်းထည့်ပေးလည်းမစားနိုင်၊ မြက်ထုံးများကိုချကျွေးရာမှာလည်း မပင်မမယူနိုင်တော့ပါဘူး။ အားကောင်းမောင်းသန် တိုက်ပွဲတွေ အတန်တန်နွှဲခဲ့တဲ့ ဆင်ကြီးဖြစ်ပါလျှက် ယခုကောင်းကောင်းရပ်တည်ခြင်းငှါပင်မစွမ်းနိုင်ရှာတော့ပဲ တုံးလုံးကြီးလဲနေကြောင်းပါဘုရား”
“ ဒါဆို တော်တော်ဆိုးရွားလှတဲ့ အခြေနေပါလား အသက်ရှင်နိုင်မယ့်နည်းလမ်းကော ရှိမှရှိသေးရဲ့လားအမတ်ကြီးရဲ့”
“မှန်ပါ ဒီရောဂါကို ဘယ်သမားတော်ကြီးများမှ သာမန်ဆေးဝါးများနဲ့ကုလိုတော့ရမှာမဟုတ်တော့ပါဘူး”
“ဒါဆို ဘယ်လိုဆေးဝါးမျိုးရှာကုရမလဲ ဆင်ကြီးအသက်ရှင်အောင်
ဘယ်လိုဘယ်ပုံ ဆက်လုပ်ရမှာလဲ အမတ်ကြီးရယ်”
“ဆင်တင်းကုပ်မှာ အရင်က အလွန်ချစ်စရာကောင်းတဲ့ ခွေးကလေးတစ်ကောင်ရှိခဲ့တယ်ဘုရား။ ဒီဆင်ကြီးနဲ့ကလည်း စားဖော်စားဖက်။ကစားဖော်ကစားဖက်ဖြစ်ပြီး သံယောဇဉ်တွေငြိနေကြပါတယ်။ အစာစားတဲ့အခါမှာလည်း ဆင်ကြီးကျွေးတဲ့ထမင်းတုံးများကို ခွေးကလေးအားအရင်ပစ်ကျွေးပြီးမှ စားလေ့ရှိတယ်လို့သိရပါတယ်။ ခွေးကလေးနဲ့ဘယ်လောက်ရင်းနှီးကျွမ်းဝင်သလဲဆိုရင် ဆင်ကြီးရဲ့ဦး၏ကင်းပေါ်တောင် ခွေးကလေးကိုတင်တင်ကစားလေ့ရှိတယ်လို့ ဆိုပါတယ်။
ခုတော့ အဲဒီခွေးလေးကို ရွာသားများကဖမ်းခေါ်သွားကြလို့ ဆင်ကြီးခမျာ အထီးကျန်ဝေဒနာခံစားနေရပြီး မစားနိုင်မအိပ်နိုင် တမှိုင်မှိုင်ဖြစ်နေရတာပါ မင်းကြီး ၊
ဒါ့ကြောင့် ဆင်တင်းကုပ်မှခွေးကလေးတစ်ကောင်ကို ခေါ်ဆောင်သွားသူအား တွေ့ရှိက အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း တိုင်းပြည်တွင်းမောင်းကြေးနင်းလည်စေမှ ခွေးကလေးကိုပြန်ရပါလိမ့်မယ်၊ ခွေးလေးပြန်ရောက်လာမှ
ဆင်ကြီးလည်း ရောဂါမရှိ ပကတိကောင်းမွန်သွားပါလိမ့်မယ်ဘုရား”
* ခွေးသူခိုးအား မောင်းထုရှာဖွေပြီ *
ဒီတော့မှ မင်းတြားကြီးလည်း ချက်ချင်းအမိန့်တော်မှတ်ကာ တိုင်းပြည်ကို စည်လည်စေတယ်။
“ဆင်တင်းကုပ်မှခွေးကလေးအား ခိုးယူသွားသော ခွေးသူးခိုးသည် ချက်ချင်းဆင်တင်းကုပ်သို့လာရောက်ပို့ဆောင်ရမည် ။ အကယ်၍ ဆင်တင်းကုပ်မှခွေးကလေးအား ဖမ်းဆီးထားပါက ထိုခွေးရှိသူ အိမ်ရှင် ခွေးသူခိုးအား အပြစ်ဒဏ်ပေးခြင်းခံရမည် အမိန့်တော်”
ဒီလို စည်လည်လိုက်တော့ ခွေးကလေးဝယ်သွားတဲ့သူလည်း ဟာ ဒုက္ခပဲ ခွေးကလေးလှလို့ ဈေးကြီးပေးဝယ်မိကာမှ ခွေးသူခိုးဖြစ်ရတယ်လို့ ။ချက်ခြင်းသွားလွှတ်မှပဲလို့ မည်သူမျှမသိအောင် ဆင်တင်းကုပ်နားသွားလွှတ်ရတော့တာပေါ့။
ခွေးကလေးကလည်း ဆင်ကြီးလိုပဲ မစားနိုင်မသောက်နိုင်တမှိုင်မှိုင်အတူတူခံစားနေရ လွမ်းနာကျနေတာဆိုတော့ လွှတ်လိုက်သည်နှင့် ဆင်ကြီးထံ တစ်ဟုန်ထိုးပြေးသွားပြီး ဆင်ကြီးခြေထောက်တွေကို လျှာနဲ့လျက်ပြီး နှုတ်ဆက်တာပေါ့ ။
ဒီတင်ဆင်ကြီးလည်း အငိုတိတ်ကာ ချက်ခြင်းထရပ်ပြီး ၀မ်းသာလွန်းလို့ အော်ဟစ်လိုက်တယ်။ နောက်ခွေးကလေးကို ဦးကင်းပေါ်တင်ပြီး ဆင်နဲ့ခွေးဟာ အပျော်ကြီးပျော်နေကြတယ်။ သူတို့ဘာသာစကားအရတော့ ကွိကွိကွကွ ကိန်ကိန်ဂိန်ဂိန် ပြောကြမှာပေါ့ ၊
ဒါပေမယ့် ဆင်ထိန်းကြီးတော့ ဘယ်နားလည်မှာလည်း။
ဆင်အော်သံကို နန်းတော်ကကြားရတော့ မင်းကြီးစိတ်ထဲ ငါ့မင်္ဂလာဆင်တော်ကြီးတော့ အသက်ထွက်လို့ နောက်ဆုံးအော်မြည်သွားတာထင်ပါရဲ့လို့ တွေးလိုက်မိတယ်။ ဒါနဲ့
“အမတ်ကြီး ကြားတယ်မလား ဆင်ကြီး အသက်ထွက်သွားပြီထင်တယ် ဆင်တင်းကုတ်ကအော်မြည်သံကို ဒီကပင် အတိုင်းသားကြားလိုက်ရမဟုတ်လားဗျာ “လို့ စိတ်မကောင်းလေသံနဲ့ မေးလိုက်တာပေါ့။
“မဟုတ်ကြောင်းပါ မင်းကြီး ဒီအော်မြည်သံမျိုးဟာ နာကျင်ခံခက်တဲ့ အော်မြည်သံမျိုးမဟုတ်ပဲ ပျော်ရွှင်ကြည်နူးလို့ အော်ဟစ်သံသာဖြစ်တဲ့အတွက် ကျွန်တော်မျိုးတို့ ရှာဖွေနေတဲ့ ခွေးကလေး ဆင်တင်းကုပ်သို့ အမှန်ရောက်လာပြီ ဖြစ်ကြောင်းပါဘုရား”
“အို အမတ်ကြီးကလည်း ကျုပ်ရှေ့တွင်ပင် ထိုင်ပြီး ကြံစည်လျှောက်ပြောနေလို့ မဖြစ်သေးဘူးလေ။ တစ်ခါတလေ အတွေးနဲ့အမြင်ဆိုတာ လွဲတတ်တယ်မဟုတ်လား”
“မင်းတြားကြီးဘုရား မယုံလျှင် တွေးကြည့်မနေကြပဲ မင်းကြီးနဲ့ ကျွှန်တော်မျိုးတို့ ခုပဲ ဆင်တော်ကြီးအခြေနေသွားရှုစားကြတာပေါ့”
“ ကောင်းပြီ အမတ်ကြီး ခုပဲသွားကြတာပေါ့”
ဆင်တင်းကုပ်သို့ မင်းကြီးရော စစ်သည်ဗိုလ်ပါများရော အလုံးအရင်းလာရောက်ပြီး ဆင်ကြီးကြည့်ရှုကြတော့ ဆင်ကြီးမှာ မိုးမမြင်လေမမြင် ခွေးကလေးနဲ့ ပျော်ရွှင်စွာကစားနေတာတွေ့ကြရတော့တာပေါ့။
ဒီတော့မှ အမတ်ကြီးရဲ့ ပညာညာဏ်ကြီးမားပုံကို ချီးကျူးတော်မူပြီး ဆုတော်လာဘ်တော်များပေးသနားကာ အမတ်ကြီးကို ပိုမိုယုံကြည်အားထားသွားပါတော့တယ်။
……………………………….
ဘုရားရှင်လည်း ယင်းသို့ အဘိဏှဇာတ် အတ္ထုပ္ပတ်ကို သေချာကျန ဟောပြတော်မူပြီး “အဲဒီတုန်းကမင်္ဂလာဆင်တော်ဆိုတာ ခုရဟန်းကြီးဖြစ်လာတာပေါ့။ ခွေးကလေးကတော့ ဥပါသကာကြီးပဲ ၊ မင်းကြီးက အာနန္ဒာဖြစ်ပြီး ။ပညာရှိအမတ်က ငါဘုရားဖြစ်ခဲ့တယ်”လို့ ဇာတ်တော်ကို ပေါင်းစပ်ပြလိုက်ပါတယ်။
…………………………………………..
ဒါ့ကြောင့် “ချစ်သူနဲ့လည်း အတူမနေနဲ့ မုန်းသူနဲ့လည်း မပေါင်းဖော်နဲ့ ။.ချစ်သူကိုမမြင်တွေ့ရတဲ့အခါ မချစ်သူကိုမြင်နေရတဲ့အခါ စိတ်ဆင်းရတတ်တယ်” ဆိုတဲ့ ဘုရားစကားတော်ကို အမြဲနှလုံးသွင်းပွားများကာ အမျိုးဒါယကာတို့အပေါ် သံယောဇဉ်ပါးနိုင်သမျှပါးအောင် ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ မေတ္တာသုတ္တာန်လာ ကုလေသွနနုဂိဒ္ဓေါ- ဆွေမျိုးညာတကာ ၊ဒါယကာတို့အပေါ်မှာမတပ်မက်ခြင်းဆိုတဲ့ ဂုဏ်အင်္ဂါနဲ့ပြည့်စုံအောင်လည်း ကျင့်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ၊ (လင်္ကာအရှင်-မုံရွာ)
ဆက်လက်ဖော်ပြပါဦးမည်

No comments:
Post a Comment