ရေကန်တစ်ကန်ထဲမှာ ရေကလည်းအမြဲနေပြီး အေးမြ ကြာပန်းတွေနဲ့လည်းလှပနေစေချင်တယ်ဆိုရင် ရေကန်ဘောင်ကို ခိုင်အောင်အရင်လုပ်ရတယ်မဟုတ်ပါလား ၊ ယခုလည်း မြတ်စွာဘုရားရှင်က နတ်ကြမ်းတဲ့တောအတွင်းမှာ တရားသွားအားထုတ်မရတဲ့ ရဟန်းငါးရာကို ကမ္မဋ္ဌာန်းလည်းဖြစ် အစောင့်ရှောက်လည်းဖြစ်တဲ့ မေတ္တာဘာဝနာကိုဟောပြတော်မူရာမှာ မေတ္တာပွားများပုံကိုတန်းမဟောသေးဘဲ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းမည့် ယောဂီသူတော်စဉ် သူတော်ကောင်းလိုက်နာရမယ့် အင်္ဂါ(၁၅)ပါးကို ရေကန်ဘောင်ခိုင်အောင်လုပ်သကဲ့သို့ ရှေးဦးစွာဟောပြတော်မူပါတယ်။
ထို့နောက် မကျိုးမပေါက်ခိုင်ခံ့ပြီး ရေကြာရှည်စွာတည်တံ့နိုင်တဲ့ ရေကန်ထဲမှာ ရေဖြည့်သကဲ့သို့ မေတ္တာပွားများပုံကို
“သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ” ဆိုပြီး စတင်ဟောကြားတော်မူပါတယ်။
ယင်းမေတ္တာဘာဝနာ ပွားများခြင်းသည်ပင် ထိုနတ်ကြမ်းတောအုပ်သို့ပြန်ကြွပြီး တရားဘာဝနာပွားများမည့် အရှင်များအတွက် နတ်များနှောက်ယှက်မည့်ဘေးမှလည်း ကာကွယ်ပေးမည့် အရံအတား အကာအကွယ်ဖြစ်မှာဖြစ်ပြီး ၀ိပဿနာ၏အခြေခံ မေတ္တာဈာန်ရနိုင်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်စေတဲ့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။
မေတ္တာသုတ်တော်လာ မေတ္တာပွားများနည်းစံနစ်
ဒီနေရာမှာ သုခိနော ဆိုတာက ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊
ခေမိနောဆိုတာက -ဘေးရန်ကင်းပါစေ (ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ)လို့ မေတ္တာပွားများပုံဖြစ်ပါတယ် ။
ဒီတော့ မေတ္တာသုတ်တော်မှာ မြတ်စွာဘုရားညွှန်ကြားထားတော်မူတဲ့အတိုင်း မေတ္တာပွားများချင်တယ်ဆိုရင်တော့
(၁)သဗ္ဗေ သတ္တာ သုခိနော ဟောန္တု-
သတ္တ၀ါအားလုံး
ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ။
(၂) ခေမိနော ဟောန္တု-
ဘေးရန်ခပ်သိမ်း ငြိမ်းအေးကြပါစေ။
(၃) သုခိတတ္တာ ဟောန္တု''
ချမ်းသာရွှင်ပြသော စိတ်ထားရှိကြပါစေ..လို့ ပါဠိသက်သက်ဖြစ်စေ /မြန်မာပြန်သက်သက်ဖြစ်စေ /ပါဠိ နှင့် အနက်မြန်မာရောလျှက်ဖြစ်စေ မိမိနှစ်သက်သလို ရွတ်ဆိုပွားများနိုင်ကြပါတယ်။
တစ်နံပါတ်က ကိုယ်ချမ်းသာမှုကိုရည်ရွယ်မေတ္တာပို့တာဖြစ်ပြီး ၊သုံးနံပါတ်ကတော့ စိတ်ချမ်းသာမှုကိုရည်ရွယ်မေတ္တာပို့တာဖြစ်ပါတယ်။
မင်းကွန်းဆရာတော်ဘုရားကြီးကတော့ တစ်နံပါတ်နှင့် သုံးနံပါတ်ကိုပေါင်းပြီး လင်္ကာစပ်ကာ
*လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ(၁/၃)
*ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ(၂)…လို့ မေတ္တာပွားစေတော်မူခဲ့တာဖြစ်ပါတယ်။
* သဗ္ဗေသတ္တာမှာ ကြမ်းပိုးနဲ့ ကြွက်မပါ မလုပ်ရ *
သဗ္ဗသတ္တာဆိုတာက လောကကြီးမှာ ရှိရှိသမျှ မိတ်ဆွေ ရန်သူအားလုံး (လုံးစုံများစွာ ၊ သတ္တ၀ါ ) ကိုမေတ္တာပွားများရမယ်လို့ မေတ္တာပွားများရမယ့်သတ္တ၀ါများကို သတ်မှတ်ဖော်ပြတာပါပဲ။ အပိုင်အခြားမပြိုပဲ မိမိမကြိုက်မနှစ်သက်သူများကို မေတ္တာပို့ရာတွင် ချန်ထားမိခဲ့ပါက သတ္တ၀ါအားလုံးထံမရောက်သဖြင့် ဘုရားလက်ထက်တော်က တက္ကတွန်းတိတ္ထိကြီးများ ဥပုသ်သီလပေးသကဲ့သို့ဖြစ်နေပါလိမ့်မည်။
သူတို့နဲ့ တပည့်များဟာ သီလရှိသူလို့လည်းနာမည်ခံချင် ၊ လုံအောင်လည်းမထိန်းနိုင်ကြတော့
''အမောင်ယောက်ျား သင်သည်
အရှေ့အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့
အနောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊
မြောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊
တောင်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့''
လို့ ဆောက်တည်စေကြပါသတဲ့ ။ ဒီတော့ ယူဇနာတစ်ရာအတွင်းသတ္တ၀ါများလည်းသတ်လို့ရ ဥပုသ်သီလလည်းရဆိုပြီး နာမည်ခံဥပုသ်သယ် လုပ်နေကြတာပါ။
ယခုလည်း သဗ္ဗေသတ္တာထဲမှာ ကြမ်းပိုးနှင့်ကြွက် ခြင်မပါဟုဆိုကာ မေတ္တာသုတ်ကိုလည်းရွတ်လျှက်
ခြင်လည်းရိုက်လျှက်ဆိုက မေတ္တာသုတ်သာ ကြက်တူရွေးစာအံသလိုရနေပေမယ့် ဘာအကျိုးမှ ရှိမယ် မဟုတ်ပါဘူး။
သဗ္ဗေသတ္တာဟု သတ္တ၀ါအားလုံးကို မေတ္တာပွားများရနိုင်မည့် အချိန်
(၁)အတ္တ- မိမိကိုယ်ကို
(၂)ပီယ-ချစ်ခင်နှစ်သက်အပ်သူ
(၃)မဇ္ဈတ္တ-ရန်သူမဟုတ် မိတ်ဆွေမဟုတ် ကြားမှ မသိမခင်မရင်းနှီးသူများ
(၄)ဝေရီ-မိမိအကျိုးမဲ့ကိုပြုလုပ်ခဲ့ ပြုလုပ်ဆဲ ပြုလုပ်မယ့်သူဖြစ်လို့ မုန်းသူ၊ မချစ်မနှစ်သက်သူဆိုတဲ့ ပုဂ္ဂိုလ်အမျိုးအစားလေးမျိုးကို သာတူညီမျှ တစ်တန်းတည်းထားနိုင်မှသာလျှင် သဗ္ဗေသတ္တာလို့ ပွားများနိုင်မှာဖြစ်ပါတယ်။
ဥပမာ ခိုးသားဓားပြများက အထက်ပါလူလေးယောက်မှ တစ်ယောက်ယောက်ကိုသတ်ကာ ယဇ်နတ်ပူဇော်ရလိမ့်မည် တစ်ယောက်ကိုလွှတ်လိုက်ပါလို့ တောင်းဆိုလာသည်ဆိုပါစို့ ။
မိမိနှင့် ပလဲနံပ မသင့်တဲ့ ရန်သူ မိမိမချစ်တဲ့သူကို ထုတ်ပေးလျှင် ၊ ဒါမှမဟုတ် ရန်သူကိုတော့နေပစေ ကိုယ်နဲ့မသိတဲ့ မရင်းနှီးတဲ့လူစိမ်းကိုထုတ်ပေးလျှင် ၊သို့မဟုတ် ခြားသူများကိုမေတ္တာရအောင်ထားပါမည် ငါ့အချစ်ဆုံးသူကိုသာ ထုတ်ပေးလျှင် မိမိလောက် အခြားသူများကို တစ်သားတည်းမချစ်နိုင်သေး၍ စစ်မှန်တဲ့မေတ္တာလို့ မဆိုနိုင်သေးပါဘူး။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ ထိုအခြားသူများအတွက် အသက်စတေးလိုက်မည်ဟုဆိုပြန်ပါကလည်း သူတစ်ပါးကိုသာချစ်ပြီး မိမိကိုယ်ကိုယ်ကျ သူတစ်ပါးလောက်မေတ္တာမထားနိုင်သူ ကိုယ့်ကိုယ်ကိုမေတ္တာမရှိသူလို့ သတ်မှတ်ရပါလိမ့်မယ်။
* ကိုယ့်ကိုယ်ကိုယ်ပင် မေတ္တာမပို့ချင်သူ *
တစ်ခါက တကာမတစ်ဦးက မိမိအား လျှောက်ထားမေးမြန်းဖူးပါတယ်။
“အရှင်ဘုရား တပည့်တော် မေတ္တာတော့ပို့ချင်တယ်ဘုရား ဒါပေမယ့် အဟံ အဝေရော ဟောမိ ဆိုတာကြီးကိုတော့ မကြိုက်ဘူး သတ္တ၀ါတွေမေတ္တာပို့ပါတယ်ဆိုမှ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်ရင် အတ္တကြီးသူဖြစ်နေမှာပေါ့..”တဲ့
“ သြော် တကာမကြီး မေတ္တာအစစ်အမှန်ပွားနိုင်တဲ့သူဆိုတာက မိမိနဲ့ သူတစ်ပါး တစ်သားထဲကြပြီး သီမာသမ္ဘေဒ အပိုင်းခြားပြိုမှ မေတ္တာအပြည့်ဝ ပွားလို့ရတာဗျ ။ မိမိချည်းထဲပွားနေပြီး သူတစ်ပါးမပါရင်တော့ အတ္တတစ်ကိုယ်ကောင်းဆန်တဲ့တဏှာဖြစ်မှာပေါ့။ ခုဟာက မိမိဘေးရန်ကင်းချင်သလို သူတို့လည်းဘေးရန်ကင်းကြပါစေလို့ ဆိုလိုတာဗျ၊ အတ္တဗဟိုဠ်ပြုတဲ့မေတ္တာမဟုတ်ပါဘူး။ ဘုရားရှင်က ဓမ္မပဒ ဒဏ္ဍ၀ဂ်မှာ
သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။
(သင်အပါအ၀င် )သတ္တ၀ါအားလုံး ဘေးဒဏ် ရန်မာရ် အန္တယ်ရာယ်တွေနဲ့ သေဘေးကနေ ကြောက်ကြတာချည်းပဲ ဒီတော့ ကိုယ့်ကိုယ်နဲ့နှိုင်းပြီး သူတစ်ပါးစိတ်ကိုခံစား စာနာသနားကာ
သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲပါနဲ့
လို့ ကိုယ်ချင်းစာတတ်ဖို့ စာနည်းလေးပေးကာ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကိုထောက်ရင် မေတ္တာပို့တဲ့အခါမှာ မိမိကိုယ်ကိုလည်း ပို့ရမယ်။ နောက်ပြီး မိမိချမ်းသာချင်သလို သတ္တ၀ါအားလုံးလည်း…လို့ ပို့ကြရမှာပေါ့။
ဒါ့ကြောင့် ချစ်သူ ၊သူစိမ်း ၊ ရန်သူ ဒီဦးလုံးနှင့် မိမိကိုယ်အား ခွဲခြားမရအောင် တစ်သားတည်းဖြစ်နေမှသာ မေတ္တာသုတ်တော်လာအတိုင်း သဗ္ဗေ သတ္တာ သုခိနော ဟောန္တု လို့ အမှန်အကန်ပွားများနိုင်မှာဖြစ်ကြောင်းကိုလည်း တင်ပြပေးလိုက်ရပါတယ်။
မေတ္တာများစွာဖြင့် လင်္ကာအရှင်(မုံရွာ)
ဆက်လက်ဖော်ပြပါဦးမည်