Monday, April 16, 2012

*ကောလဟလ နှင့် မောနေယျအကျင့်*

      သုတ္တနိပါတ်အဋ္ဌကထာ မင်္ဂလသုတ် နိဒါန်းအဖွင့်အရ
 ကောလဟလ(၅)မျိုးရှိတယ်လို့ဆိုပါတယ် ။ယင်းတို့မှာ…

(၁)ကပ္ပကောလဟလ
     ကမ္ဘာမပျက်မီ အနှစ်တစ်သိန်းအလိုမှာ အထက်နတ်ပြည်က ကာမာဝစရနတ်တွေ ဆင်းလာပြီး ခန္ဓာကိုယ်၌ နီမြန်းဟောင်းနွမ်းသောအဝတ်များကို ဝတ်ဆင်၊ ခေါင်း၌ညှိုးနွမ်းသောပန်းကို ပန်ဆင်၊ လည်ပင်း၌ ပုလဲသွယ်ဆွဲ၊ မျက်ရည်ထွေထွေစီးကျလျက် လက်တစ်ဖက်က ပုလဲသွယ်ကို ကိုင် တစ်ဖက်က မျက်ရည်တွေသုတ်ပြီး ကမ္ဘာကြီးပျက်စီးတော့မည်ဖြစ်ကြောင်း အသိပေးကြွေးကြော်မှုကြောင့် ကမ္ဘာပျက်တော့မည့်အကြောင်း ကောလဟလဖြစ်ကြပါသတဲ့ ။

(၂)-စက္ကဝတ္တိကောလဟလ
      စကြာဝတေးမင်းမပေါ်မီ အနှစ်တစ်ရာမှာ ကာမာဝစရနတ်များဆင်းလာပြီး ငါးပါးသီလလုံခြုံ၍ သုစရိုက်တရားကျင့်သုံးကာ မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ပေါ်လိမ့်မည်ဟု ကြွေးကြော်ကြလို့လည်း ကောလဟလဖြစ်ရပြန်ပါသတဲ့။

(၃)-ဗုဒ္ဓကောလဟလ
      ဘုရားမပွင့်မီ အနှစ်တစ်ထောင်မှာ သုဒ္ဓါဝါသဗြဟ္မာများ ဆင်းလာပြီး ကြွေးကြော်ကြလို့ ဘုရားပွင့်မည်တဲ့ ဘုရားပွင့်မည်တဲ့ ဟူသော ကောလဟလသည် လူအများအကြားမှာ တောမီးပမာပြန့်နှံ့သွားပြီး ကောလဟလဖြစ်ပေါ်လာပါတယ် ။ဒါ့ကြောင့် ဘုရားပွင့်တော်မမူခင်မှာ သိဉ္ဇည်းဆရာကြီးစသော ဒိဋ္ဌိဆရာကြီးခြောက်ယောက်တို့ဟာ ဘုရားမဟုတ်ပါပဲလျှက် ဘုရားဟုအမည်ခံကာ လောကအတွင်းလှည့်လည်ကြကာ ဘုရားအတုအယောင်များပေါ်ပေါက်လာခဲ့ရပါတယ် ။

(၄)-မင်္ဂလာကောလဟလ
      ဘုရားမပွင့်မီ ဆယ့်နှစ်နှစ်ခန့်က "မင်္ဂလာဆိုတာဘာလဲ"ဟု အဖြေရှာကြရင်း နံနက်ခင်းစောစောထတာမင်္ဂလာပါ ၊ပျိုမြစ်နုနယ် အလှမယ်လေးတွေကို တွေ့မြင်ရတာမင်္ဂလာပါ၊ ခရုသင်းသံ စည်ကြိးသံကိုကြားရတာမဂ်လာပါ စသည်ဖြင့် ထင်ရာမြင်ရာတွေးတောကြံဆကြကုန်လျှက် မင်္ဂလာအကြောင်းအုပ်အုပ်ကျက်ကျက် ကောလဟလဖြစ်နေကြပြန်ပါသတဲ့ ။

(၅)-မောနေယျကောလဟလ
      ဘုရားမပွင့်မီ ခုနစ်နှစ်မှာ သုဒ္ဓါဝါသဗြဟ္မာများဆင်းလာပြီး နောင်ခုနစ်နှစ်လွန်၍ ဘုရားပွင့်သောအခါ ရဟန်းတစ်ပါးက မောနေယျအကျင့်ကို ဘုရားထံမေးပြီး ကျင့်ကြံအားထုတ်လိမ့်မည်ဟုပြောကြားကြသောကြောင့် လူအကြားမှာ မောနေယျအကျင့်ကိုကျင့်သုံးတော်မူမည့် ရဟန်းတော်အကြောင်း ပြောကြဆိုကြ ကောလဟလဖြစ်ကြပြန်ပါသတဲ့ ။
   သေချာသတ္ထုချကြည့်ရင် ကောလဟလကို နတ်ဗြဟ္မာများက စပေးခဲ့ကြတယ်ဆိုရင်လည်း မှားမည်မထင်၊ ယခုမောနေယျအကျင့်ကိုဖြည့်ကျင့်တော်မူမည့် အရှင်နာလကမထေရ်၏အကြောင်းကို လူအများစိတ်ဝင်တစားနှင့် ကြည်ညိုတတ်ကြစေရန် စိတ်ကောင်းဖြင့် ကောလဟလွှင့်ခဲ့ကြသည်ကားသေချာလှပေ၏။ ဒီတော့ နတ်ဗြဟ္မာအများသိစေနားလည်ကြည်ညိုစေချင်သော မောနေယျအကျင့်အကြောင်း အနည်းငယ်လေ့လာကြည့်ကြဦးစို့ ။
                                             …………………………………….
        *မောနေယျအကျင့်ကို ဖြည့်ကျင့်တော်မူခဲ့သော နာလကမထေရ် အကြောင်း*


  နာလကမထေရ် ဆိုတာကတော့  ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တရမြတ်စွာဘုရားရှင်လက်ထက်တော်၌ မောနေယျအကျင့်ကိုဖြည့်ကျင့်တော်မူသော ရဟန်းတော်ကိုအားကျကာ ထိုရဟန်းတော်ကဲ့သို့ဖြစ်လိုသော အလိုဆန္ဒဖြည့် ကမ္ဘာတစ်သိန်းတိုင်တိုင်ပါရမီဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီပြည့်ပြီးသူ မြတ်ဗုဒ္ဓ၏ သာဝကကြီးပင်ဖြစ်ပါတယ် ။  
     ဦးရီးတော်ဖြစ်သူ  အသိတမည်သော (ကဏှဒေ၀ိလ)ဟာ နေ့သန့်စင်ရင်း တန်ခိုးဣဒ္ဓိပ္ပါဒ်ဖြင့် တာဝတိံသာနတ်အပေါင်း၏ အားရရွှင်လန်း ၀မ်းမြောက်ကြသည်ကိုတွေ့မြင်ရ၍ မေးမြန်းစုံစမ်းရာမှ ဘုရားအလောင်းတော်ဖွားမြင်ပြီဖြစ်ကြောင်းနှင့် နောင်အခါ သဗ္ဗညူဘုရားရှင်အဖြစ်ဖြင့် သစ္စာတရားများကို ဟောကြားတော်မူကာ တရားစကြ်ာကိုလည်စေတော်မူမည်ဖြစ်ကြောင်း ပြောကြားကြတာကြားသိရသဖြင့်   ကပိလ၀တ်ရွှေနန်းတော်အရောက်သွားကာ အလောင်းတော်အားရှုကြည့်ရှုတော်မူပြီး မျက်ရည်တွေတွေကျမိလေ၏။ သာကီဝင်မင်းအပေါင်းတို့က ကလေးငယ်၏ အန္တရာယ်တစ်စုံတစ်ရာကိုတွေ့မြင်ရ၍ မျက်ရည်ကျပါသလော ဟုမေးလျှောက်ကြရာ
     ကလေးငယ်အတွက် အန္တရာယ်တစ်စုံတစ်ရာမြင်ရ၍မဟုတ် စင်စစ်သော်ကား ငါ၏သက်တမ်းကို မှန်းမျှော်ကြည့်မိ၍ ၀မ်းနည်းမိခြင်းပင် ..

ဤမင်းသားသည် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်လတ္တံ့၊
ထိုမင်းသားသည်မြင့်မြတ်စင်ကြယ်သော နိဗ္ဗာန်ကို သိမြင်ပြီးလျှင်
များစွာသော သတ္တဝါတို့၏ အစီးအပွါးကို စောင့်ရှောက်လျက်
ဓမ္မစကြာတရားတော်ကို ဟော တော်မူလတ္တံ့၊
ထိုမြတ်စွာဘုရား၏သာသနာတော်သည် ကျယ်ပြန့်သည် ဖြစ်လတ္တံ့
      
ဤလူ့ပြည်၌ ငါ၏အသက်ကြွင်းသည် ကြာမြင့်တော့မည် မဟုတ်၊
ဤမင်းသားဘုရားမဖြစ်မီ အတွင်း၌ပင် ငါသည် သေရလတ္တံ့၊
ထိုငါသည် သူတစ်ပါးတို့နှင့်မတူသည့် ဝီရိယရှိသော ဘုရားရှင်၏
တရားကို နာကြားရတော့မည် မဟုတ်၊ ထို့ကြောင့် ငါသည်
စိတ်ထိခိုက်သူပျက်စီးခြင်းသို့ ရောက်သူ စိတ်ဆင်းရဲသူ ဖြစ်ရပါ၏။

     ဟု မိမိဝမ်းနည်းမိရခြင်း၏ အကြောင်းကိုထုတ်ဖော်ပြောဆိုကာ ထိုဘုရားအလောင်းသတိုးသားငယ်ကလေး၏ ရှေ့ဖြစ်အနာဂတ်ကိုပါ တပါတည်း ကြိုတင်ဟောကိန်းထုတ်ပေးခဲ့လေသည်။

       ရွှေနန်းတော်မှပြန်လာပြီးနောက် မိမိ၏နှမတော်ထံသို့သွားကာ တူတော်မောင်ဖြစ်သူအားမေးမြန်းရာ နှမတော်မှ သူငယ်ချင်းများနှင့် ကစားနေပါသည်ဟု လျောက်ကြားလေ၏။ ထိုအခါ ရသေ့ကြီးသည် နာလကသူငယ်အား ခေါ်ယူစေကာ ရသေ့ရဟန်းပြုစေတော်မူလျှက် ကျင့်ဝတ်ပဋိပတ်များ သင်ကြားပေးရင်း  

“နောင်အခါ၌ သင်သည် ဘုရားဟူသော အသံကို ကြားခဲ့မူ
သဗ္ဗညုတ ဉာဏ်သို့ ရောက်လတ်တော်မူပြီးသော ဘုရားရှင်သည်
နိဗ္ဗာန်လမ်းခရီးကို ဖွင့်လှစ်ခဲ့ မူ ထိုအခါ ထိုဘုရားထံသို့ ကိုယ်တိုင်သွား၍
အယူဝါဒကို မေးလျက် မြတ်စွာဘုရား ထံ၌ မြတ်သောအကျင့်ကို ကျင့်လေလော့”ဟုမှာကြားခဲ့လေသည်

တူတော်မောင်နာလကမထေရ်လောင်းလျာသည်သည်လည်း  ဆည်းပူးအပ်ပြီးသော ကောင်းမှုအစုရှိသည်ဖြစ်၍
မြတ်စွာဘုရားကို မျှော်လင့်လျက် ဣနြေ္ဒတို့ကို စောင့်စည်းကာ ရသေ့အသွင်ဖြင့် နေလင့်၏။


        မြတ်စွာဘုရား၏မြတ်သော ဓမ္မစကြာတရားဟောခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွေးကြော်သော အသံကို ကြား၍ဣသိပတနမိဂဒါဝုန်တောသို့ သွားလျက် ဓမ္မစကြ်ာတရားဦးဟောတော်မူပြီး၍(ရ)ရက်မြောက်သောနေ့မှာပင် နာလကမထေရ်အလောင်း မြတ်စွာဘုရားထံမှောက်ရောက်လာကာ  

      “မြတ်စွာဘုရား အိမ်ရာမထောင်သော ရဟန်းအဖြစ်နှင့် ပြည့်စုံသော ဆွမ်းခံလှည့်လည်ခြင်းဖြင့်ရှာမှီးသော အကျွန်ုပ်သည် မေးလျှောက်သည်ဖြစ်၍ အသျှင်ဘုရားသည် မောနေယျအကျင့်မြတ်ကို ဟောတော်မူပါလော့” ဟု လျှောက်ထားလေ၏။

   ထိုအခါ ဗုဒ္ဓမြတ်စွာက “ မောနေယျကျင့်ဝတ်ကို သင့်အား ငါဘုရား သိစေအံ့၊
ပြုနိုင်ခဲ ဖြစ်စေနိုင်ခဲသော ထိုမောနေယျအကျင့်ကို ယခု ဟောကြားအံ “ဟုမိန့်တော်မူကာ မောနေယျအကျင့်မြတ်ကို အောက်ပါအတိုင်း ညွှန်ပြတော်မူခဲ့လေသည်။

သင်သည် မိမိကိုယ်ကို (ဝီရိယဖြင့်)အားပြုထောက်ပံ့ထားလော့၊
(ဝီရိယဖြင့်) ခိုင်မြဲသူ ဖြစ်လော့။

ရွာ၌ ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူထပ်မျှပြုရာ၏၊
(ဆဲရေးခံရသော်) စိတ်ပြစ်မှားမှု 'ဒေါသ'ကို စောင့်ရှောက်ရာ၏၊
(ရှိခိုးခံရသော်) မတက်ကြွဘဲ ကျင့်ရာ၏။

တော၌ မီးလျှံနှင့်တူကုန်သော ဣဋ္ဌအနိဋ္ဌအားဖြင့်
အမြတ်အယုတ်ဖြစ်သည့် အာရုံတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏၊
ထိုတော၌ မိန်းမတို့သည် ရဟန်းကို ဖြား ယောင်းတတ်ကုန်သေး၏၊
ထိုမိန်းမတို့သည် သင့်ကို မဖြားယောင်းစေကုန်လင့်။

ကောင်း မကောင်းကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍
မေထုန် အကျင့်မှ ရှောင်ကြဉ်သူ
သတ္တဝါတို့၌ မဆန့်ကျင်သူ တပ်မက်မှုမရှိသူ ဖြစ်ရာ၏။

တဏှာရှိသော သတ္တဝါ တဏှာမရှိသော သတ္တဝါတို့ကိုလည်း
ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့
ဤသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကုန်၏၊
ထိုသတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန်သကဲ့သို့
ငါသည်လည်း ချမ်းသာကို အလိုရှိ၏ဟု
မိမိကိုယ်ကို ဥပမာပြု၍ မိမိလည်း မသတ်ရာ၊
သူတစ်ပါးကိုလည်းမသတ်စေရာ။

အကြင် (ပစ္စည်းလေးပါး)၌ ပုထုဇဉ်သည် ကပ်ငြိ၏၊
ထိုပစ္စည်းလေးပါး၌ အလို 'ဣစ္ဆာ'ကိုလည်းကောင်း၊
လောဘကိုလည်းကောင်း ပယ်စွန့်၍
ပညာမျက်စိ ရှိလျက် ကျင့်ရာ၏၊
ပြည့်နိုင်ခဲသော ဤတဏှာ (ချောက်နရက်) ကို ကူးခပ်ရာ၏။

ယုတ်လျော့ပါးလျှပ်သော ဝမ်းရှိသူ
နှိုင်းရှည့်ပိုင်းခြားအပ်သော အာဟာရ ရှိသူ ဖြစ်ရာ၏၊
အလိုနည်းသူ မလျှပ်ပေါ်သူ ဖြစ်ရာ၏၊
အခါ ခပ်သိမ်း လောလုပ္ပ တဏှာဖြင့် အလိုမရှိသူ ဖြစ်ရာ၏၊
အလိုမရှိခြင်းကြောင့် (တဏှာဟူသော)
မွတ်သိပ်မှု မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။

မောနေယျအကျင့်ကို ကျင့်သော ထိုရဟန်းသည်
ဆွမ်းခံသွားပြီးလျှင် တောသို့သာလျှင် ပြန်သွားရာ၏၊
သစ်ပင်ရင်း၌ ရပ်တည်၍သော်လည်းကောင်း၊
ထိုင်သည်ဖြစ်၍သော်လည်းကောင်းနေရာ၏။

ထိုရဟန်းသည် ဈာန်ဝင်စားလေ့ရှိသူ
တည်တံ့သူ တော၌ မွေ့လျော်သူ ဖြစ်ရာ၏၊
မိမိကိုယ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍
သစ်ပင်ရင်း၌ ဈာန်ဝင်စား ရာ၏။

ထိုညဥ့်လွန်မြောက်သည်ရှိသော် ရွာသို့ ဆွမ်းခံသွားရာ၏၊
ပင့်ဖိတ်၍ လှူသော ဆွမ်းကိုလည်းမနှစ်သက်ရာ၊
ရွာမှ ဆောင်ယူ၍ လှူသော ဆွမ်းကိုလည်း မနှစ်သက်ရာ။

မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ ရောက်သည်ရှိသော်
ဒါယကာတို့၌ ရောရောနှောနှော မနေရာ၊
ပြတ်သော စကားရှိသည်ဖြစ်၍
နိမိတ် ဝိညတ်နှင့် ယှဉ်၍ အစားရှာမှီးကြောင်းစကားကို မပြောဆိုရာ။

ထိုရဟန်းသည် တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို
ရလျှင်လည်းကောင်း၏၊ မရလျှင်လည်းကောင်း၏ဟု
ရ မရ နှစ်ပါးဖြင့်ပင်လျှင် တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍
သစ်ပင်ကို လျစ်လျူရှုသကဲ့သို့ လျစ်လျူရှုကာ ပြန်လှည့်ရာ၏။

ထိုရဟန်းသည် မအပါဘဲလျက် အသူဟု သမုတ်ခံလျက်
သပိတ်ပိုက်ကာဆွမ်းခံလှည့်လည်သည်ရှိသော်
အနည်းငယ်မျှ ပေးလှူခြင်းကိုလည်း မရှုတ်ချရာ၊
ပေးလှူ သူကိုလည်းမထီမဲ့မြင် မပြုရာ။

မဂ်ရကြောင်း အကျင့်ကို
သုခပဋိပဒါစသည် အမြတ်အယုတ်ရှိ၏ဟူ၍
ဘုရားတည်းဟူသော သမဏသည် ပြတော်မူ၏၊
သို့ ပင် အမြတ်အယုတ်ရှိသော်လည်း တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့်
နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်ကုန်၊
ကိလေသာတို့ တစ်ပြိင်နက် မကုန်ရကား
နိဗ္ဗာန်ဟူသော ကမ်းသို့ တစ်ကြိမ်သာရောက်သည်လည်း မဟုတ်ပေ။

အကြင်ရဟန်းအား ပျံ့နှံ့သောတဏှာ (ဝိစရိတ) မရှိ၊
တဏှာအလျဉ် ပြတ်စဲပြီးသော
ပြုသင့်သော ကိစ္စ မပြုသင့်သော ကိစ္စကို ပယ်ပြီးသော ထိုရဟန်းအား
ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မှု မရှိ။

(နာလက) သင့်အား မောနေယျအကျင့်ကို ငါ ဟောအံ့၊
(ထိုမောနေယျ ရဟန်းသည် ) သင်တုန်းသွား ဥပမာရှိသူ ဖြစ်ရာ၏၊
အာစောက်ကို လျှာဖြင့် ထိကပ်ပြီးလျှင် ဝမ်း၌ စောင့်စည်းသူဖြစ်ရာ၏။

မတွန့်ဆုတ်သော စိတ်ရှိသူလည်း ဖြစ်ရာ၏၊
များစွာလည်း မကြံစည် ရာ၊
(ကိလေသာ) အညှီအဟောက်ကင်းသူ
တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော ဘဝ၌ မမှီသူ
အကျင့်မြတ်လျှင်လဲလျောင်းရာရှိသူ ဖြစ်ရာ၏။

အဖော်မမှီး တစ်ယောက်တည်းနေနိုင်ရန် ကျင့်ရာ၏၊
ရဟန်းတို့သည် ကပ်၍ ရှုသင့်ရှုထိုက်သော ကမ္မဋ္ဌာန်းအာရုံ၌
အားထုတ်နိုင်ရန်လည်း ကျင့်ရာ၏၊
တစ်ယောက်တည်းနေခြင်းကို မောနဟူ၍ ငါဘုရားဟောကြား၏၊
သင်သည် တစ်ယောက်ထီးတည်း မွေ့လျော်နိုင်ခဲ့မူ
အရပ်ဆယ်မျက်နှာတို့၌ ကျော်စောထင်ရှားလတ္တံ့။

ငါဘုရားကို မြတ်နိုးသောသူသည် ဈာန်ဝင်စားကုန်၏၊
ကာမကို စွန့်လွှတ်ကုန်ပြီးသော ပညာရှိတို့၏
ကြွေးကြော်သံကို ကြားရသောကြောင့် ရှက်မှု 'ဟိရီ'ကိုလည်းကောင်း၊
ယုံကြည်မှု 'သဒ္ဓါ'ကိုလည်းကောင်း အတိုင်းထက်အလွန် ပြုရာ၏။

ထိုစကားကို မြစ်ဥပမာတို့ဖြင့် သိကုန်လော့၊
မြစ်ငယ်တို့သည် မြောင်း ငယ် ချောက်ကြားတို့၌ အသံမြည်လျက် စီးသွားကုန်၏၊
မြစ်ကြီးတို့သည်ကား တိတ်တိတ် ဆိတ်ဆိတ် စီးသွားကုန်၏။


ရေမပြည့်သော အိုးသည် အသံမြည်၏ (ဘောင်ဘင်ခတ်၏)၊
ရေပြည့်သော အိုးသည်ငြိမ်သက်သည်သာတည်း၊
သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏၊
ပညာရှိသည် ရေပြည့်သော အိုးကြီးနှင့် တူ၏။

မြတ်စွာဘုရားတည်းဟူသော သမဏသည်
အကျိုးအကြောင်းနှင့် ပြည့်စုံသော အစီးအပွါးနှင့် စပ်ယှဉ်သော စကားကို
များစွာ မြွက်ဆိုတော်မူ၏၊
ထိုမြတ်စွာဘုရားသည်
တရားကို သိတော်မူသည်ဖြစ်၍သာ ဟောတော်မူ၏၊
သိတော်မူသည်ဖြစ်၍ များစွာ မြွက်ဆိုတော်မူ၏။

တရားကို သိသောသူသည် စောင့်စည်းသော စိတ် ရှိ၏၊
တရားကို သိသောသူသည် စကားကို များစွာ မပြောဆို၊
ထိုရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ရထိုက်၏၊ ရလည်းရ၏
ဟု မောနေယျအကျင့်မြတ်ကို ညွှန်ပြတော်မူခဲ့လေသည်။  

    ထိုနာလကမထေရ်သည် ထိုမောနေယျအကျင့်ကိုနာယူပြီး၍ အလွန်ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍ ဘုရားရှင်အား ရိုသေစွာရှိခိုး၍ တောသို့ဝင်လေ၏။။
(ထိုအရှင်၏ အလိုနည်းခြင်း(၃)မျိုး)
(၁)ဘုရားရှင်အား နောက်ထပ်တဖန်ဖူးမြင်လိုခြင်းပင် မဖြစ်စေမူ၍ ဘုရားရှင်အားဖူးမြင်ခြင်း၌ အလိုဆန္ဒနည်းပါးအောင် ကျင့်သုံးလေ၏။
(၂)တရားတော်နာလိုသည်ဟူ၍လည်းလျပ်ပေါ်လောလီမှုကိုမဖြစ်စေမူ၍ တရားနာခြင်း၌လည်း အလိုဆန္ဒနည်းပါးအောင် ကျင့်တော်မူလေသည်။
(၃)မောနေယျအကျင့်ကို မမှတ်မိတော့၍ နောက်ထပ်တဖန်ပြန်၍ မေးလျောက်ဦးမှပဲဟူ၍လည်း  လျှပ်ပေါ်လောလီခြင်းသို့မရောက်မူ၍ မေးမြန်းလျောက်ထားခြင်း၌ အလိုနည်းအောင် ကျင့်ဆောင်တော်မူ၏။  
          ထိုအလိုနည်းခြင်းသုံးပါးနှင့်ပြည့်စုံသည်ဖြစ်၍ တောင်ခြေအရပ်သို့ချဉ်းကပ်၍
တစ်ခုသောတောအုပ်၌ နှစ်ရက်ကြာအောင်သီတင်းသုံးတော်မမူခဲ့ခြေ ၊
သစ်တစ်ပင်ရင်း၌ နှစ်ကြိမ်မြောက်ထိုင်တော်မမူခဲ့ချေ ၊
တစ်ရွာတည်း၌ နှစ်ရက်ဆွမ်းခံခြင်းမပြုမူ၍ တောတစ်တောမှ တစ်တော ၊သစ်တစ်ပင်မှ တစ်ပင် ၊
တစ်ရွာဝင် တစ်ရွာထွက်လှည့်လည်ကာ မောနေယျအကျင့်ကိုကျင့်သုံးတော်မူလျှက် အရဟတ္တဖိုလ်သို့ ရောက်စေတော်မူခဲ့လေပြီ ၊
    မောနေယျအကျင့်ကို အပြင်းအထန်အမွန်မြတ်ဆုံး ဖြည့်ကျင့်သူသည် ခုနစ်လသာ အသက်ရှင်နေထိုင်ခွင့်ရလေသည်။ အလည်အလတ်ဖြည့်ကျင့်ပါက ခုနှစ်နှစ်သာလျှင် အသက်ရှင်ခွင့်ရနိုင်၏၊ ပေါ့ပေါ့လျော့လျော့ဖြည့်ကျင့်သူဖြစ်ပါက တစ်ဆယ့်ခြောက်နှစ်တို့ အသက်ရှင်နေထိုင်ရလေသည်။ အရှင်နာလကသည် အပြင်းအထန်ကျင့်ကြံကြိုးကုတ် အားထုတ်သူဖြစ်သဖြင့် ခုနှစ်လပြည့်သောနေ့၌ မိမိ၏အသက်တမ်းကိုတွက်စစ်ကာ ရေသပ္ပါယ်တော်မူ၍ သင်းပိုင်ကိုပြင်ဆင်ဝတ်ရုံခါးပမ်းကြိုးကိုဆည်းနှောင် နှစ်ထပ်သင်္ကန်းကြီးကိုပြင်ဆင်ဝတ်ရုံတော်မူလျှက် မြတ်ဗုဒ္ဓရှိရာအရပ်သို့ ထိခြင်းငါးပါးနှင့်အညီရှိခိုးလျှက် ဟိင်္ဂုလတောင်ကိုမှီလျှက်သာလျှင် မတ်တပ်ရပ်လျှက် ပရိနိဗ္ဗာန်ပြုတော်မူလေ၏။
     မြတ်ဗုဒ္ဓသည်လည်း ထိုအရှင်နာလက၏ ပရိနိဗ္ဗာန်ပြုတော်မူသည်၏အဖြစ်ကို သိတော်မူ၍ ရဟန်းသံဃာအပေါင်းနှင့်ကြွတော်မူကာ မီးဂြိုလ်မှုကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်တော်မူကာ ဓာတ်တော်များကိုဌာပနာ၍ စေတီတည်ထားကိုးကွယ်စေတော်မူခဲ့လေသတည်း။
                                     (နာလကသုတ်-သုတ္တနိပါတ်ပါဠိ/အဋ္ဌကထာ)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..