မြတ်ဗုဒ္ဓရှိတော်မူစဉ်အခါက ရဟန်းတော်တစ်ပါးဟာ
ရဟန္တာအရှင်မြတ်ကြီးမျးလို့ ထင်ရှားလှတဲ့ရဟန်းတော်တစ်ပါးထံချဉ်းကပ်ပြီး
တရားဘာဝနာရှုမှတ်ပွားများနည်းကို ချီးမြှင့်ဖို့ လျှောက်ထားပါသတဲ့ ဒီတော့ မထေရ်ကြီးကလည်း
သူရှုမှတ်ပွားများပြီး တရားထူးရတော်မူခဲ့တဲ့
“တွေ့ထိမှု၏ တည်ရာ 'ဖဿာယတန' ခြောက်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ် ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိ၏။ငါ့သျှင်ဤမျှလောက်ဖြင့် ရဟန်းအားအမြင်သန့်ရှင်းမှု ဖြစ်ပါ၏ဟု မိန့်တော်မူပါသတဲ့ ။
ဒါပေမယ့် ထိုရဟန်းတော်က
အဖြေကိုသိပ်ရှင်းရှင်းလင်းလင်းသဘောမပေါက်တာကြောင့် အခြားရဟန္တာတစ်ပါးထံချည်းကပ်ပြိး
ရှုကွက်ပေးသနားချီးမြှင့်ဖို့လျှောက်ထားပြန်ရာ
“ (ဥပါဒါနက္ခန္ဓာ) ငါးမျိုးတို့၏
ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင်
ဤမျှလောက်ဖြင့်ရဟန်း အား အမြင်သန့်ရှင်းမှု ဖြစ်နိုင်၏”လို့မိန့်တော်မူပြန်ပါသတဲ့ ။
ဒီတော့မှ ပိုလို့တောင်ဆိုးသွားတယ် “ဟင်
ရဟန္တာအရှင်သူမြတ်ကြီးတွေကလည်း တစ်ပါးနဲ့တစ်ပါး ရှုကွက်ရှုပုံ မတူကြဘူး
ဘယ်လိုတွေပါလိမ့် ”ဒီလို ဒီလိုနဲ့ ရဟန္တာကိုယ်တော်ကြီးများထံချဉ်းကပ်ပြီး
ရှုပုံရှုနည်းကိုမေးလျှောက်ရာ
“မဟာဘုတ်လေးပါးတို့၏
ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင်
ဤမျှလောက်ဖြင့် ရဟန်းအား အမြင်သန့်ရှင်းမှု ဖြစ်နိုင်၏”
“ဖြစ်ခြင်းသဘောရှိသောတရားအားလုံးသည်
ချုပ်ခြင်းသဘောရှိ၏ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ငါ့သျှင် ဤမျှလောက်ဖြင့် ရဟန်းအား
အမြင်သန့်ရှင်းမှု ဖြစ်နိုင်၏”
စသည်ဖြင့် ဖြေဆိုပြောပြကြရာ ‘အင်း
ဒီအတိုင်းသာဆိုရင် တစ်ယောက်တစ်မျိုးနဲ့ ဆရာများရင် သားသေရချေရဲ့ ဘယ်ရှုနည်းရှုကွက်ကမှ
မြတ်စွာဘုရားတရားတော်များနှင့် နည်းလမ်းကျနမှန်ကန်တယ်ဆိုတာ မြတ်ဗုဒ္ဓကိုပဲ
အဆုံးဖြတ်ခိုင်းမှတော်မည်’ဟုနှလုံးပိုက်ကာ မြတ်ဗုဒ္ဓထံမှောက်လာရောက်ပြိး
အကြောင်းစုံလျှောက်ထားကြည့်ပါသတဲ့
ဒီတော့မှမြတ်ဗုဒ္ဓက အသွင်ကွဲပေမယ့် အနှစ်သာရ
မှာအတူတူသာဖြစ်ပါကြောင်းယင်းကဲ့သို့ ဥပမာဥပမေယျနဲ့ ရှင်းပြတော်မူခဲ့ရပါတယ် ။
“ရဟန်း
ဥပမာသော်ကား ပေါက်ပင်ကို မမြင်ဖူးသော ယောက်ျားတစ်ယောက် ရှိရာ၏၊
ထိုသူသည်ပေါက်ပင်ကို မြင်ဖူးသော အခြား ယောက်ျားတစ်ယောက်ထံသို့ ချဉ်းကပ်ပြီးလျှင်
ထိုယောက်ျားကို ''အိုယောက်ျား ပေါက်ပင်သည် အဘယ်သို့ သဘောရှိသနည်း''ဟု မေးမြန်းရာ၏။
''အိုယောက်ျား
ပေါက်ပင်သည် မီးလောင်ငုတ်ကဲ့သို့ မည်းနက်လျက် ရှိ၏ ''ဟု ထိုအမေးခံရသူသည်
ဖြေဆိုရာ၏။ ရဟန်း ထိုအချိန်အခါ ပေါက်ပင်သည် ထိုယောက်ျား မြင်သည့်အတိုင်းပင်
မည်းနက်သော သဘောရှိ၏။
ရဟန်း ထိုအခါထိုမေးသော ယောက်ျားသည်
ထိုဖြေဆိုသူယောက်ျား၏ ပြဿနာဖြေဆိုခြင်းဖြင့် မရောင့်ရဲသေးသည်ဖြစ်၍ ပေါက်ပင်
မြင်ဖူးသော ယောက်ျားတစ်ယောက်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိုယောက်ျားကို
''အိုယောက်ျားပေါက်ပင်သည် အဘယ်သို့ သဘောရှိသနည်း''ဟု မေးမြန်းပြန်ရာ၏။
''အိုယောက်ျား ပေါက်ပင်ဟူသည်သားတစ်ကဲ့သို့ ခြင်းခြင်းနီလျက် ရှိ၏''ဟု
ထိုအမေးခံရသူသည် ဖြေဆိုရာ၏။ ရဟန်း ထိုအချိန်အခါပေါက်ပင်သည် ထိုယောက်ျား
မြင်သည့်အတိုင်းပင် ခြင်းခြင်းနီသော သဘောရှိ၏။
ရဟန်း ထိုအခါ
မေးသော ယောက်ျားသည် ထိုဖြေဆိုသူယောက်ျား၏ ပြဿနာဖြေဆိုခြင်းဖြင့်
မရောင့်ရဲသေးသည်ဖြစ်၍ ပေါက်ပင် မြင်ဖူးသော ယောက်ျားတစ်ယောက်ထံသို့
ချဉ်းကပ်ပြီးလျှင် ထိုယောက်ျားကို ''အိုယောက်ျား ပေါက်ပင်သည် အဘယ်သို့
သဘောရှိသနည်း''ဟု မေးမြန်းပြန်၏။ ''အိုယောက်ျား ပေါက်ပင်သည် ကုက္ကိုပင်ကဲ့သို့
သန်လျက်အိမ်သဖွယ် တွဲရရွဲ ကျသော အသီးရှိ၏ ''ဟု ထိုအမေးခံရသူသည် ဖြေဆိုရာ၏။
ရဟန်းထိုအချိန်အခါ ပေါက်ပင်သည် ထိုယောက်ျား မြင်သည့်အတိုင်းပင် တွဲရရွဲ ကျနေသော
အသီးရှိ၏။
ရဟန်းထိုအခါ
ထိုမေးသော ယောက်ျားသည် ထိုဖြေဆိုသူ ယောက်ျား၏ ပြဿနာဖြေဆိုခြင်းဖြင့်
မရောင့်ရဲသေးသည်ဖြစ်၍ ပေါက်ပင်မြင်ဖူးသော အခြား ယောက်ျားတစ်ယောက်ထံသို့
ချဉ်းကပ်ပြီးလျှင် ထိုယောက်ျားကို''အို ယောက်ျား ပေါက်ပင်ဟူသည် အဘယ်သို့
သဘောရှိသနည်း''ဟု မေးမြန်းပြန်ရာ၏။ ''အိုယောက်ျားပေါက်ပင်သည် ပညောင်ပင်ကဲ့သို့
ထူထပ်သော ရွက်နုရွက်ရင့်ရှိ၏၊ စပ်နေသော အရိပ်ရှိ၏''ဟု ထိုအမေးခံရသူသည် ဖြေဆိုရာ၏။
ရဟန်း ထိုအချိန်အခါ ပေါက်ပင်သည် ထိုယောက်ျား မြင်သည့်အတိုင်းပင်ထူထပ် သော
ရွက်နုရွက်ရင့် ရှိ၍ စပ်နေသော အရိပ်ရှိ၏။
<<<<ရဟန်း ဤအတူအကြင်အကြင်အခြင်းအရာဖြင့် နှလုံး
သွင်းကုန်သော ထိုသူတော်ကောင်းတို့အားအမြင်သန့်ရှင်းစင်ကြယ်၏၊
ထိုထိုအခြင်းအရာအားဖြင့်သာ ထို သူတော်ကောင်းတို့သည် ဖြေဆိုအပ်၏။...>>>
ရဟန်း ဥပမာသော်ကား
မင်းအား ခိုင်ခံ့သော တံတိုင်းခြေရှိသော ခိုင်ခံ့သော မြို့ရိုးတုရိုဏ်တိုင်ရှိ
သောတံခါးခြောက်ပေါက်ရှိသော အစွန်အဖျားမြို့သည် ရှိရာ၏၊
ထိုမြို့၌ လိမ္မာသော
ထက်မြက်သောအသိဉာဏ်ရှိသော မသိသူတို့ကို တားမြစ်၍ သိသူတို့ကိုသာ ဝင်ခွင့်ပြုသော
တံခါးစောင့်ယောက်ျားရှိရာ၏၊
အရှေ့အရပ်မှ
လျင်မြန်သော သံတမန်အစုံသည် လာလတ်၍ ထိုတံခါးစောင့်ကို ''အိုယောက်ျား ဤမြို့၏
ပိုင်ရှင်ကား အဘယ်မှာနည်း''ဟု မေးရာ၏။ ထိုတံခါးစောင့်သည် ''အသျှင်
ဤမြို့ပိုင်ရှင်ကားအလယ်လမ်း ဆုံ၌ နေပါ၏''ဟု ဤသို့ ဖြေဆိုရာ၏။ ထိုအခါ လျင်မြန်သော
သံတမန်အစုံသည်ပိုင်ရှင်အားဟုတ်မှန်သည့်အတိုင်း သတင်းစကား ပြောကြားခဲ့ပြီးလျှင်
လာခဲ့သည့်အတိုင်းလမ်းသို့လျှောက်လေရာ၏။
အ နောက်အရပ်မှ
လျင်မြန်သော သံတမန်အစုံသည် လာလတ်၍ ။ပ။
မြောက်အရပ်မှ လျင်မြန်သော သံတမန်အစုံသည် လာလတ်၍ ။ပ။
တောင်အရပ်မှ
လျင်မြန် သော သံတမန်အစုံသည် လာလတ်၍ ထိုတံခါးစောင့်ကို''အိုယောက်ျား ဤမြို့၏
ပိုင်ရှင်ကား အဘယ်မှာ နည်း ''ဟု မေးရာ၏။ ထိုတံခါးစောင့်သည် ''အသျှင်
ဤမြို့ပိုင်ရှင်ကား အလယ်လမ်းဆုံ၌ နေပါ၏''ဟု ဖြေ ဆိုရာ၏။
ထိုအခါ
လျင်မြန်သော သံတမန်အစုံသည်ပိုင်ရှင်အားဟုတ်မှန်သည့်အတိုင်း သတင်းစကား
ပြောကြားခဲ့ပြီးလျှင် လာခဲ့သည့်အတိုင်း လမ်းသို့လျှောက်လေရာ၏။
ရဟန်း အနက်အဓိပ္ပါယ်ကို သိလွယ်စေရန်
ဤဥပမာကို ငါ ပြုအပ်၏၊ ဤဥပမာ၌ အနက်အဓိပ္ပါယ်ကား ဤသည်ပင်တည်း။
ရဟန်း ''မြို့''ဟူသော ဤအမည်သည် အမိအဖတို့၏
သုက်သွေးကို မှီ၍ ဖြစ်သော ထမင်းမုယောမုံ့တို့ဖြင့် ကြီးပွားရသော မမြဲခြင်း
လိမ်းကျံရခြင်း ဆုပ်နယ်ရခြင်း ပြိုကွဲပျက်စီးခြင်းသဘောရှိသော မဟာဘုတ်လေးပါးကို
မှီ၍ ဖြစ်သော ဤကိုယ်၏ အမည်တည်း။
ရဟန်း ''တံခါးခြောက်ပေါက်''ဟူသော ဤအမည်သည်
အဇ္ဈတ္တိကာယတနခြောက်ပါးတို့၏ အမည်တည်း။
ရဟန်း ''တံခါးစောင့်''ဟူသော ဤအမည်သည်
အောက်မေ့မှု 'သတိ'၏ အမည်တည်း။
ရဟန်း ''လျင်မြန်သောသံတမန်အစုံ''ဟူ သော
ဤအမည်သည် သမထဝိပဿနာတို့၏ အမည်တည်း။
ရဟန်း''မြို့ပိုင်ရှင်''ဟူသော ဤအမည်သည်
ဝိညာဏ်၏ အမည်တည်း။
ရဟန်း ''အလယ်လမ်းဆုံ''ဟူသော ဤအမည်သည်
ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူသောမဟာဘုတ်လေးပါးတို့၏ အမည်တည်း။
ရဟန်း ''ဟုတ်မှန်တိုင်း သော စကား''ဟူသော
ဤအမည်သည်နိဗ္ဗာန်၏ အမည်တည်း။
ရဟန်း ''လာခဲ့တိုင်းသော လမ်း''ဟူ သော
ဤအမည်သည် 'သမ္မာဒိဋ္ဌိ '။ပ။ 'သမ္မာသမာဓိ' ဟူသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်
တည်းဟု မိန့်တော်မူကာ ထိုရဟန်းတော်၏ စရိုက်နှင့်ကိုက်ညီသော ကမ္မဋ္ဌာန်းရှုကွက်ကို
ထုတ်ဖော်ဟောကြားပေးတော်မူခဲ့လေသတည်း ။
(ယခုခေတ်၌လည်း
မဟာာစည် ၊ မိုးကုတ် ၊ဖားအောက် ၊ သဲအင်းဂူ ၊စွန်းလွန်း စသည်ဖြင့် နည်းနာနိဿယများ
ကွဲပြားသယောင်ထင်ရသော်လည်း တရားရှာကိုယ်မှာတွေ့ဆိုတဲ့အတိုင်း
မိမိခန္ဓာကိုယ်တည်းဟူသော
အိမ်တော်ကိုသာ ၀ိပဿနာတင်ကာရှုကြသည်ချည်းမဟုတ်ပါလော ၊
မျက်စိ
နား နှာ လျှာ ကိုယ် နှင့် စိတ် ဆိုတဲ့ တံခါးခြောက်ပေါက်မှာသာ သတိတည်းဟူသော
တံခါးမှုကိုအစောင့်ထားကာ စစ်ဆေးကြည်သည်ချည်းမဟုတ်ပါလော ၊
သတင်းစကားသယ်ဆောင်လာကြည့်သည့် သမထ(သမာဓိ)နှင့်ဝိပဿနာ(ပညာ)နှစ်ပါးလုံးကို လက်သုံးပြုကြသည်ချည်းသာမဟုတ်ပါလော
၊
မြို့ကိုစိုးအုပ်တဲ့ မြို့ပိုင်မင်းဆိုတဲ့
ဝိပဿနာဘာဝနာာာစိတ်ကိုပင် သမထ/၀ိပဿနာ
ဘာဝနာဖြင့်ပေါင်းဆုံတွေ့ခွင့်ပြုကြရသည်ချည်းမဟုတ်ပါလော ၊
ပထ၀ီ အာပေါ တေဇော ၀ါယော ဆိုတဲ့ ဓာတ်လေးပါးလမ်းလေးခုမှသာ
ယင်းသမထ၀ိပဿနာသံတမန်တို့ လျှောက်လှမ်းလာကြရသည်ချည်းမဟုတ်ပါလော ၊
လာခဲ့သော
‘လမ်း’ဆိုတဲ့ မဂ္ဂင်ရှစ်ပါးတရားတော်အတိုင်းသာကျင့်ကြံအားထုတ်ကြခြင်းသာမဟုတ်ပါလော )
ထို့ကြောင့်ပင်
“ဣဒမေ၀သစ္စံ မောဃမညံ-ငါ၏အယူဝါဒ ရှုနည်းရှုကွက်သာမှန်သည် ၊သူတို့ရှုကွက်ကား
လမ်းမှားသာတည်း”ဆိုတဲ့ အယူအစွဲ ဥပါဒါန်ကိုတွင်းလှန်ကာ
မည်သည့်ဆရာတော်ကြီးနည်းနာနိဿယမဆို ခန္ဓာနာမ်ရုပ်ကိုသာ လက္ခဏာရေ့းသုံးတန်တင်ကာ
ရှုမှတ်ပွားများအားထုတ်ကြသည်ချည်းသာဖြစ်၍ ဘုရားနည်းလမ်းကျ မှန်ကန်သည့်
မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဟုသာ ယုံကြည်လက်ခံကြရမည်သာတည်း ။ ကမ္မဋ္ဌာန်းတရားများ
အားထုတ်ရာမှာတော့ မိမိစရိုက်ဝါသနာနှင့် ကိုက်ညီတဲ့ရှုနည်းမှတ်နည်းကိုသာ
မိမိညာဏ်ဖြင့်သုံးသပ်ရွေးချယ်ကာ အားထုတ်ကြရမည်ဖြစ်၏ ။
(ကိံသုကောပမသုတ်-သဠာယတန၀ဂ္ဂသံယုတ်)
No comments:
Post a Comment