Saturday, April 7, 2012

ရဲသော်မသေ သေသောငရဲလားသူများ...


                                                                 
     ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ''အသျှင်ဘုရား'စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသောစစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ 'ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ စစ်သည်သူရဲတို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရား အဘယ်သို့ ဆိုလိုပါသနည်း''ဟု (လျှောက်၏)။
        “စစ်ဗိုလ်မှူး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်”ဟု နှစ်ကြိမ်တိုင်တိုင်တားမြစ်ငြားသော်လည်း သုံးကြိမ်တိုင်အောင်ပင် ရှေးနည်းအတူမေးမြန်းလျှောက်ထားပြန်လေ၏ ။
        ထိုအခါ မြတ်ဗုဒ္ဓက ''စစ်ဗိုလ်မှူး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်''ဟု မချွတ်လျှင် သင့်ကို ငါ ပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့” ဟုမိန့်တော်မူကာ အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့ပါတယ် ။
     စစ်ဗိုလ်မှူး စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) သူသည် '' ဤသတ္တဝါတို့သည် အသတ် ခံကြရပါစေ၊ အနှောင်အဖွဲ့ ခံကြရပါစေ၊ အဖြတ်ခံကြ ရပါစေ၊ ပျက်စီးကြပါစေ၊ ဤအတိုင်း မဖြစ်ဘဲ ရှိကြပါစေ'' ဟူသော စိတ်ထားမျိုးကို ရှေးကပင်စွဲယူခဲ့၏၊ မကောင်းသဖြင့် ပြုခဲ့၏၊ မကောင်းသဖြင့် ထားခဲ့၏၊ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ်တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပရဇိတမည်သော ငရဲသို့ ရောက်ရ၏၊
      ''စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ်တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ပရဇိတနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏''ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏့အယူသည် မှားသော အယူဖြစ်၏၊ စစ်ဗိုလ်မှူး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ 'ဂတိ' နှစ်ပါးတို့တွင် တစ်ပါးပါးသော လားရာ 'ဂတိ' ကို ငါ ဟော၏ဟုမိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော် ယောဓာဇီဝမည်သော စစ်ဗိုလ်မှူးသည် ငိုလေ၏၊ မျက်ရည်ကျ၏။
မြတ်ဗုဒ္ဓက ''စစ်ဗိုလ်မှူးမသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်''ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ”ဟု မိန့်တော်မူသောအခါ 
       “အသျှင်ဘုရားမြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား ''စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ညှဉ်းဆဲသတ်ဖြတ် ခံရသော စစ်သည်သူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏အသင်းဝင်အဖြစ်သို့ ရောက်ရ၏''ဟု ရှေးဆရာ့ဆရာ စစ်သည်သူရဲတို့သည် တပည့်တော်ကိုအချိန်ကြာမြင့် စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏”ပြန်လည်လျှောက်ထားက ယနေ့မှစ၍ ရတနာသုံးပါးကို အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်သော ဥပါသကာအဖြစ် အသိအမှတ်ပြုတော်မူပါရန် လျှောက်ထားခဲ့လေသတည်း ။
                                                  ( ယောဓာဇီဝသုတ်-ဂါမဏိသံယုတ်)

No comments:

Post a Comment

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..