မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေမြွေးရပ်မြေ
ကပိလ၀တ်မြို့တော်သူ မြို့တော်သား ဆွေတော်မျိုးတော်အပေါင်းတို့သည် မြတ်ဗုဒ္ဓ၏
အဆုံးအမကိုရကြကာ အများအားဖြင့် မြတ်ဗုဒ္ဓသို့သာ အတုလိုက်၍ ရဟန်းပြုကြကုန်၏ ၊ အချို့သာကီဝင်များမှာတော့
ဝတ်ကြောင်ကိုမစွန့်နိုင်ကြပေမယ့် ငါးပါးသီလကိုတော့ ခါးဝတ်ပုဆိုးကဲ့သို့
မြဲအောင်လုံအောင်စောင့်ထိန်းရင်း ဘုရားတရားအလုပ်ကြိုးစားအားထုတ်ကြလေသည် ။
သို့သော် ယင်းတို့သာကိယမျိုးနွယ်တွေထဲ၌
တစ်ယောက်တည်းသော စုန်းပြုးကလည်းရှိနေပြန်သေး၏။ ယင်းကားအခြားမဟုတ် သရဏာနိဆိုတဲ့ သာကီဝင်ကြီးပင်တည်း
။
သူလည်းပဲ အခြားသူများ
ဘုရားကျောင်းကိုသွားသကဲ့သို့သွားပြီး တရားနာခြင်း
ဘုရားရှင်အားဖူးမြင်ခြင်းကိုလုပ်သည် သူများတွေထက်ပင်
တက်ကြွလှုပ်ရှားသူဟုပင်ဆိုကောင်းဆိုနိုင်ပေ၏။ သို့သော်
သူ့အကြောင်းကိုအတွင်းကျကျသိသူတို့က လုံးဝသာဓုမခေါ်နိုင်ကြချေ ။
ဒီကောင်သေရင်တော့
အပါယ်သွားမယ့်ကောင်ပါကွာ ဘုရားရွှေမျက်နှာတော်မှမထောက်တဲ့ ၊ ကဲပရိတ်သတ်တို့ရေ
သရဏာနိက ဘာတွေများမိုက်လုံးကြီးစွာလုပ်နေလို့ပါလိမ့် …သူကဘုရားကျောင်းသွား
ဥပုသ်သီလတွေစောင့်ပေမယ့် လေးပါးသီလပဲယူပါသတဲ့ ကဲ ဘုရားနဲ့မတွေ့ခင်ထဲက
သူကအရက်ချိုးကြီးလေ တိုင်ကီကိုကိုင်းတပ်သောက်နေတဲ့သူ
၊မြတ်ဗုဒ္ဓကပိလ၀တ်ကိုကြွလာတော်မူမှသာ အခြားဆွေတော်မျိုးတော်တွေနဲ့အတူ
ဘုရားကျောင်းကိုရောယောင်ပါသွားပြီး တရားနာလို့ကျွတ်လာတာ ။
သူလူကောင်းသူကောင်းဖြစ်လာပေမယ့် အရက်ခွက်ပုံးသောက်နေတာကိုတော့ မစွန့်နိုင်ဘူးတဲ့လေ ၊
ဒါ့ကြောင့်သူသေရင်တော့ အပါယ်သေချာပေါက်ကျမှာလို့ မှတ်ချက်ပြုထားကြပါသတဲ့
ဒါပေမယ့် …
သရဏာနိဆိုတဲ့ ယဇ်ထုပ်ကြီးဆုံးတဲ့အကြောင်းဘုရားသွားလျှောက်ထားကြပြီး
ဘုရားဘာမိန့်တော်မူမလဲလို့ နားစွန့်နေကြတော့
“ချစ်သားတို့ သရဏာနိသက္ကက သရဏဂုံကို
ကိုယ်လုံးထုံထားတဲ့သူကွဲ့ သူကသောတာပန်ဖြစ်သွားပြိး အပါယ်မကျတော့ဘူး”လို့ မိန့်ကြားတော်မူပါသတဲ့ ။
ထိုအကြောင်းကိုကြားကြသောအခါ နိသက္ကငရဲကောင်ကိုတောင်
တို့ဗုဒ္ဒက သောတာပန်လို့ပြောမှတော့ ကျန်တဲ့ငမူးငရူးတွေလည်း
နတ်ပြည်တော့အသာလေးရောက်နိုင်တာပဲဟေ့ဆိုပြိး သောက်သောက်ပြီး
မှောက်ကုန်ရင်ခက်ရချေရဲ့ဆိုပြီး များစွာကုန်သော
သာကီဝင်တို့သည် ပေါင်းဆုံစုဝေး၍
''အချင်းတို့ အံ့ဖွယ်ဖြစ်စွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊
အကျင့်၌ အားနည်း၍ သေရည်သေရက်ကို သောက်လေ့ရှိသော ကွယ်လွန်ပြီးသော
ထိုသရဏာနိသာကီဝင်ကိုပင် မြတ်စွာဘုရားသည် 'ပျက်စီးကျရောက်ခြင်းသဘော မရှိသော
ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန်'ဟု
မိန့်ကြားတော်မူဘိသေး၏၊
ယခု အဘယ်သူသည်သောတာပန်
မဖြစ်ဘဲရှိအံ့နည်း''ဟု ကဲ့ရဲ့ရှုတ်ချ ပြစ်တင်ပြောဆိုကြပါသတဲ့ ။
ထိုကဲ့ရဲ့သံတွေ နားမဆံ့အောင်ကြားနေရတဲ့အခါ
မဟာနာမ်သာကီဝင်မင်းကြီးလည်းမနေသာတော့ပဲ
ဒီအကြောင်းကိုဘုရားသွားလျှောက်ထားကြည့်မှပဲဆိုပြီး မြတ်စွာဘုရားထံရောက်သွားတော့ မြတ်ဗုဒ္ဓက
မဟာနာမ် အကြင်ဥပါသကာသည်
ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ် ၏၊ တရားကို
ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် အဘယ်မှာ
ပျက်စီးကျရောက်ခြင်းသို့ ရောက်ရာအံ့နည်း။
မဟာနာမ် ကောင်းစွာ ပြောဆိုလိုသူသည် ''ရှည်မြင့်စွာသောကာလ ပတ်လုံး ဥပါသကာသည်
ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊ တရားကို ကိုးကွယ်ဆည်းကပ်၏၊ သံဃာကို
ကိုးကွယ်ဆည်းကပ်၏''ဟု ပြောဆိုငြားအံ့၊ သရဏာနိသာကီဝင်ကိုသာ ပြောဆိုရာ၏။
မဟာနာမ်သရဏာနိ သာကီဝင်သည် ရှည်မြင့်စွာသော ကာလပတ်လုံး ဘုရားကို ကိုးကွယ်ဆည်းကပ်၏၊
တရားကိုကိုးကွယ် ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ဆည်းကပ်၏၊ ထိုသရဏာနိသာကီဝင်သည်
အဘယ်မှာပျက်စီးကျရောက် ခြင်းသို့ ရောက်နိုင်ပါအံ့နည်း။
(၁) မဟာနာမ်
အချို့သော ပုဂ္ဂိုလ်သည် ''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို
ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။ပ။ နတ်လူတို့၏
ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း 'သတ္ထာ ဒေဝမနုဿာနံ'မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ'မည်တော် မူ၏''ဟု
မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊
တရားတော်၌။ပ။ (မတုန်မလှုပ်
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့်
ပြည့်စုံ၏)၊ ရွှင်သောပညာရှိ၏၊ လျင်မြန်သော
ပညာရှိ၏၊ (ကိလေသာမှ) လွတ်မြောက်မှု 'ဝိမုတ္တိ' နှင့်လည်း ပြည့်စုံ၏၊ ထိုသူသည်
အာသဝကုန်ခြင်းကြောင့် အာသဝကင်း၍ (ကိလေ သာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်
လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်
မျက်မှောက်ပြုလျက် ရောက်၍ နေသော ရဟန္တာဖြစ်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်းငရဲမှ လွတ်၏၊
တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော သူတို့၏
လားရောက်ရာပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝမှ လွတ်၏။
(၂) မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် ''ထိုမြတ်စွာဘုရားသည်
ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။ပ။
နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း 'သတ္ထာ ဒေဝမနုဿာနံ'မည်တော်မူ၏၊
(သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း ကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏၊
ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ'မည်တော် မူ၏''ဟု
မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။
(မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ ရွှင်သောပညာရှိ၏၊ လျင်မြန်သော ပညာရှိ၏၊
(ကိလေသာမှ) လွတ်မြောက်မှု 'ဝိမုတ္တိ' နှင့်ကား မပြည့်စုံ၊
ထိုသူသည်အောက်ပိုင်းသံယောဇဉ်ငါးပါးတို့ ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌
ဥပပတ်ပဋိသန္ဓေ နေ၍ ထိုဘုံမှပြန်လာခြင်းသဘော မရှိသော ထိုဗြဟ္မာ့ဘုံ၌
ပရိနိဗ္ဗာန်ပြုမည့် အနာဂါမ်ဖြစ်၏။ မဟာနာမ်ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ
စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသောသူတို့၏ လားရောက်ရာ
ပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝမှ လွတ်၏။
(၃)
မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည် ''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို
ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏။ပ။ နတ်လူတို့၏
ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း 'သတ္ထာ ဒေဝမနုဿာနံ'မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို)
သိစေတော်မူသော အကြောင်း ကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော
အကြောင်းကြောင့်လည်း 'ဘဂဝါ'မည်တော် မူ၏''ဟု မြတ်စွာဘုရား၌ မတုန်မလှုပ်
ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ်
ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊ ရွှင်သောပညာမရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ)
လွတ်မြောက်မှု 'ဝိမုတ္တိ' နှင့်လည်း မပြည့်စုံ၊
ထိုသူသည်သံယောဇဉ်သုံးပါးတို့ ကုန်သည့်ပြင်
စွဲမက်မှု 'ရာဂ'၊ အမျက်ထွက်မှု 'ဒေါသ'၊ တွေဝေမှု 'မောဟ' တို့ခေါင်းပါးခြင်းကြောင့်
ဤကာမဘုံသို့ တစ်ကြိမ်သာ ပြန် လာ၍ ဆင်းရဲ၏ အဆုံးကို ပြုမည့်သကဒါဂါမ်ဖြစ်၏။ မဟာနာမ်
ဤပုဂ္ဂိုလ်သည်လည်း ငရဲမှ လွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊ မကောင်းသော
သူတို့၏ လားရောက်ရာ ပျက်စီးကျ ရောက်ရာ ဒုဂ္ဂတိဘဝမှလွတ်၏။
(၄) မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်
''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်းကြောင့်လည်း
'အရဟံ'မည်တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း 'သတ္ထာ
ဒေဝမနုဿာနံ'မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း
ကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း
'ဘဂဝါ'မည်တော် မူ၏''ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့်ပြည့်စုံ၏၊
တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)၊
ရွှင်သောပညာမရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ) လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့်လည်း
မပြည့်စုံ၊
ထိုသူသည်သံယောဇဉ်သုံးပါးတို့ ကုန်ခြင်းကြောင့် ပျက်စီးကျ ရောက်ခြင်းသဘော
မရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိသော သောတာပန် ဖြစ်၏။
မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲမှလွတ်၏၊ တိရ စ္ဆာန်ဘဝမှ လွတ်၏၊ ပြိတ္တာဘဝမှ လွတ်၏၊
မကောင်းသော သူတို့၏ လားရောက်ရာပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝမှ လွတ်၏။
(၅) မဟာနာမ် အချို့သော
ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် တရားတော်၌။ပ။ သံဃာတော်၌်။ပ။ (မတုန်မလှုပ်
ကြည်ညိုခြင်းနှင့် မပြည့်စုံ)၊ ရွှင်သောပညာ မရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ)
လွတ်မြောက်မှု 'ဝိမုတ္တိ' နှင့်လည်း မပြည့်စုံ။
သို့ရာတွင် ထိုသူ့အားသဒ္ဓိနြေ္ဒ၊
ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒဟူသော ဤတရားတို့သည် ဖြစ်ကုန်၏။
ထိုသူသည်မြတ်စွာဘုရား သိစေတော်မူသော တရားတို့ကိုလည်း ပညာဖြင့်
နှိုင်းဆရှုကြည့်နိုင်၏။ မဟာနာမ် ဤပုဂ္ဂိုလ်သည်လည်း ငရဲသို့ မရောက်၊ တိရ စ္ဆာန်ဘဝသို့
မရောက်၊ ပြိတ္တာဘဝသို့ မရောက်၊ မကောင်းသောသူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ
ဒုဂ္ဂတိဘဝသို့ မရောက်။
(၆) မဟာနာမ် အချို့သော ပုဂ္ဂိုလ်သည်ကား မြတ်စွာဘုရား၌
မတုန်မလှုပ် ကြည်ညိုခြင်းနှင့် မပြည့်စုံ၊ တရားတော်၌။ပ။ သံဃာတော်၌။ပ။ (မတုန်မလှုပ်
ကြည်ညိုခြင်းနှင့် မပြည့်စုံ)၊ ရွှင်သောပညာ မရှိ၊ လျင်မြန်သောပညာ မရှိ၊ (ကိလေသာမှ)
လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့်လည်း မပြည့်စုံ။
သို့ရာတွင် ထိုသူ့အားသဒ္ဓိနြေ္ဒ။ပ။ ပညိနြေ္ဒဟူသော ဤတရားတို့သည် ဖြစ်ကုန်၏။
ထိုသူအား မြတ်စွာဘုရား၌ ယုံကြည်ခြင်းမျှချစ်ခြင်းမျှသည်သာ ဖြစ်၏။ မဟာနာမ်
ဤပုဂ္ဂိုလ်သည်လည်း ငရဲသို့ မရောက်၊ တိရ စ္ဆာန်ဘဝသို့ မရောက်၊ ပြိတ္တာဘဝသို့ မရောက်၊
မကောင်းသော သူတို့၏ လားရောက်ရာ ပျက်စီးကျရောက်ရာ ဒုဂ္ဂတိဘဝသို့ မရောက်။
မဟာနာမ် အကယ်၍ ဤအနှစ်ရှိသော သစ်ပင်ကြီးတို့သည် ကောင်းသော စကား မကောင်းသော
စကားကို သိနိုင်ကုန်ငြားအံ့၊ ငါသည် ဤအနှစ်ရှိသော သစ်ပင်ကြီးတို့ကို
'ပျက်စီးကျရောက်ခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင်
လဲလျောင်းရာရှိသော သောတာပန်တို့'ဟု ပြောကြားရာ၏၊ သရဏာနိသာကီဝင်ကိုကား
အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊
မဟာနာမ် သရဏာနိသာကီဝင်သည်သေခါနီး၌
အကျင့် 'သိက္ခာ'ကို ဆောက်တည်ပြီးသူ ဖြစ်၏ဟု မိန့်တော်မူလိုက်ပါသတဲ့ ဒီတော့မှ ..
သြော် တို့တတွေက သရဏာနိကို သရဏဂုံသာမြဲပြီး သီလမလုံခြုံတဲ့
ယဇ်ထုတ်ကြီးတစ်ယောက်လို့ အောက်မေ့ခဲ့တာ ယခုမှ သရဏာနိက ဘ၀နေမ၀င်ခင်
သူ့လမ်းကြောင်းကိုသူပြောင်းပြစ်နိုင်ခဲ့ပြီး လက်မတင်လေးတင် အပါယ်သံသရာကနေ
အပြီးတိုင်လွတ်သွားခဲ့ပါပကောလို့
ဝမ်းမြောက်ဝမ်းသာဖြစ်သွားရပါသတဲ့ ။ ဒီတော့ စာရှုသူ
သူတော်စင်တို့ပတ်ဝန်းကျင်မှာလည်း “ကျုပ်တို့က သောက်တတ်စားတတ်တော့
ဘုရားကျောင်းကန်နဲ့ မလျော်ကန်ပါဘူးဗျာ ခင်များတို့ဘာသာ ဘုရားသွားကျောင်းတက်လုပ်ပါ
နောက်မှ ကျုပ်တို့အမျှဝေပေါ့” လို့များ ကိုယဇ်ထုတ်တို့ကဆိုနေကြရင်ဖြင့် ဟဲ့
သရဏာနိတောင် သေခါနီးမှာ တရားအမှီကောင်းရပြီး အပါယ်ဒုက္ခဇာတ်သိမ်းနိုင်သေးပါတယ်ကွ
မင်းလည်းပျက်အစဉ် ပြင်ခဏ ငါနဲ့ဘုရားကျောင်းတော့ လိုက်ဖြစ်အောင်လိုက်ခဲ့ပါလို့
ခေါ်ဆောင်သွားသင့်ကြပါတယ် ။ သီလကိုလုံအောင်မဖြည့်နိုင်တောင်မှ သရဏဂုံစွဲမြဲခဲ့ရင်
ဘုရားအဆုံးမတွေ တစတစသက်ဝင်လာကာ တချိန်ချိန်မှာ သောက်စားမှုကို
အပြီးတိုင်စွန့်သွားနိုင်လိမ့်မယ်လို့ပဲ အားရဖွယ် တင်ပြပေးလိုက်ရပါတယ် ။
(ပဌမ သရဏာနိသက္ကသုတ်-သောတာပတ္တိသံယုတ်)
No comments:
Post a Comment