လူအများသည် ကမ္ဘာကျော်မင်း သမီး
မင်းသားဖြစ်ရသည်ကိုပင် အများပြည်သူများအကြား အလွန်ကျော်ကြားထင်ရှားပြီး
အောင်မြင်တဲ့ဘ၀တခုအဖြစ်မှတ်ယူကာ အားကျမြတ်နိုးကြလေ၏ ၊ သို့သော် ယင်း ဇာတ်သဘင်
ရုပ်ရှင် မင်းသမီးမင်းသားဘ၀သည် 'လူအများအား ရာဂ ဒေါသ မောဟကိုသာ တိုးပွားပြီး
သူတော်ကောင်းတရားများမေ့လျော့စေ၍ ပဟာသငရဲသို့ကျရောက်ရသည် ၊
ယင်းအလုပ်သည်
အပြစ်ကင်းပြီး သန့်ရှင်းစင်ကြယ်တဲ့အသက်မွေးမှုတစ်ခုဖြစ်သည်ဟု
မှားယွင်းစွာယူဆထားကြများသည်လည်း ငရဲ နှင့် တိရစ္ဆာန်နှစ်ဘုံတို့တွင် တစ်ဘုံဘုံသို့သာ
ရောက်ရ'သည်ဟူသော မြတ်ဗုဒ္ဓ၏ ဟောကြားချက်ကို ဟုတ်တိုင်းမှန်ကန်စွာ သိသူကား
ရှားပေလိမ့်မည် ။ သို့သော် အမှန်ကိုအမှန်အတိုင်း သိမြင်နိုင်ကြစေဖို့
ယင်းသုတ္တာန်ကို တင်ပြပေးလိုက်ရပေသည်။
တာလပုဋမည်သော ဇာတ်ဆရာကြီးသည်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
''မြတ်စွာဘုရား 'ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့်
လူအပေါင်းကိုရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌
ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ 'ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ
ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့
ဆိုလိုတော်မူပါသနည်း''ဟု (လျှောက်၏)။
ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊
ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူပါလျှက် သုံးကြိမ်တိုင်တိုင်
မေးမြန်းလျှောက်ထားလေ၏ ထိုအခါ မြတ်ဗုဒ္ဓက
''ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို
ရပ်လော့၊ ငါ့ကို မမေးလင့် ''ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊
သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊
ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည်
မကင်းသော စွဲမက်မှု 'ရာဂ' ရှိကုန်၏၊ စွဲမက်မှု 'ရာဂ' နှောင်ကြိုးဖြင့်
ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အားကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သော
တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။
ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော
အမျက် 'ဒေါသ'ရှိကုန်၏၊ အမျက် 'ဒေါသ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား
ကချေသည်သည် ပွဲအလယ်သဘင် အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန်
ရှေးရှုဆောင်၏။
ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည်
မကင်းသော တွေဝေမှု 'မောဟ' ရှိကုန်၏၊ တွေဝေမှု 'မောဟ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊
ထိုသူတို့အား ကချေသည်သည် ပွဲအလယ်သဘင်အလယ်၌ တွေဝေမှုကို ဖြစ်စေတတ်သော တရားတို့ကို
အတိုင်းထက်အလွန် ရှေးရှုဆောင်၏။
ထိုကချေသည်သည် မိမိကိုယ်တိုင်
ယစ်မူးမေ့လျော့ လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကားခန္ဓာပျက်ကြွေ
သေပြီးသည်မှ နောက်၌ ပဟာသမည် သော ငရဲသို့ ရောက်ရ၏၊
''ပွဲအလယ်သဘင်အလယ်၌ မှန်မမှန်အားဖြင့်
လူအပေါင်းကို ရွှင်ပျမွေ့လျော်စေ သော ကချေသည်သည်ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌
ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ရောက်၏''ဟု ထိုသူအား အယူ ဖြစ်ခဲ့မူ ထိုသူ၏
အယူသည် မှားသော အယူသာ ဖြစ်၏၊ ဇာတ်ဆရာကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော
လားရာ 'ဂတိ' နှစ်ပါးတို့တွင်တစ်ပါးပါးသော လားရာ 'ဂတိ' ကို ငါ ဟော၏ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသော်
တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။
''ဇာတ်ဆရာကြီးမသင့်လျော်၊ ဤစကားကို
ရပ်လော့၊ ငါ့ကို မမေးပါလင့်''ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ”ဟု
မြတ်ဗုဒ္ဓကမိန့်တော်မူသောအခါ ထိုဇာတ်ဆရာကြီးက ..
“အသျှင်ဘုရားမြတ်စွာဘုရား
ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊
အမှန်စင်စစ်သော်ကား ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို
ရွှင်ပျမွေ့လျော်စေသောကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော
နတ်တို့၏ အသင်းဝင်အဖြစ့်သို့ ရောက်ရ၏ဟု ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို
အချိန်ကြာမြင့်စွာကပင် ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏” ဟု နောင်တကြီးစွာရ၍
မျက်ရည်ကျရခြင်းသာဖြစ်ကြောင်း ပြန်လည်လျှောက်ထားကာ မြတ်ဗုဒ္ဓအထံတော်၌
ရဟန်းပြုခွင့်တောင်းလေတော့၏ ၊ ရဟန်းပြုခွင့်ရ၍ မကြာမြင့်မီပင်
ကမ္မဋ္ဌာန်းတရားများပွားများအားထုတ်ကာ ထိုဇာတ်ဆရာကြီး တာလပုဋသည်
ရဟန္တာအရှင်သူမြတ်တစ်ပါးအဖြစ်သို့ ရောက်ရှိသွားလေတော့သတည်း ။
(တာလပုဋသုတ်-ဂါမဏိသံယုတ်)
No comments:
Post a Comment