Tuesday, June 26, 2012

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၈) *****


ခုနစ်နှစ်သား ရဟန္တာကလေး  အရှင်ဒဗ္ဗ

    အရှင်ဒဗ္ဗဆိုတာကတော့  ကျောင်းကြီး တစ်ဆယ့်ရှစ်ကျောင်းတို့၏ ပရ၀ိုဏ်တို့၌ တံမြက်လှည်းကျင်း သန့်ရှင်းရေးလုပ်တယ်။ သောက်ရေအိုးတွေရေဖြည့်ခြင်း ၊ ကုတင်ညောင်စောင်းတွေကို နေရာတကျစီစဉ်ချထားတဲ့  ကျောင်းတော်ကြီးသန့်ရှင်းရေးကို တာဝန်ယူဆောင်ရွက်တဲ့ ဝေယျာဝစ္စအလုပ်မှာ ဧတဒဂ်ရထားတဲ့ အရှင်တစ်ပါးဖြစ်ပါတယ်။ဒီလိုဧတဒဂ်ရဖို့ရန်လည်း ကမ္ဘာတစ်သိန်းအထက် ပဒုမ္မုတ္တရဘုရားရှင်လက်ထက်တော်ထဲက ဆုပန်ပြီး ပါရမီဖြည့်လာခဲ့ရတဲ့အရှင်တစ်ပါးပါ။
     မလ္လမင်းမျိုးက ဆင်းသက်လာတဲ့အရှင်တစ်ပါးဖြစ်တာကြောင့်လည်း ဒဗ္ဗမလ္လပုတ္တ(မလ္လမင်းသား ရှင်ဒဗ္ဗ)လို့လည်း အလွန်ထင်ရှားတဲ့သူဖြစ်ပါတယ်။

       သူကလည်းတခြားသူဟုတ်ပါရိုးလား ကဿပဘုရားသာသနာနောက်ပိုင်းမှာ
တောက်ထိပ်တက် အစာအငတ်ခံကာ တရားအားထုတ်ကြတဲ့ ရဟန်းတော်ခုနစ်ပါးထဲက တစ်ပါးဖြစ်ပါတယ် ၊အဲဒီအချိန်အခါတုန်းက ကြိုးစားပမ်းစား တရားအားထုတ်ခဲ့ပေမယ့် တရားထူးမရခဲ့ရှာပါဘူး။ အခုဘုရားပွင့်တော်မူလာချိန်မှာတော့ မလ္လတိုင်း အနုပိယမြို့တော်က မလ္လမင်းသမီးတစ်ဦးရဲ့ ၀မ်းမှာ ပဋိသန္ဓေယူခဲ့ပါတယ်။
ဒါပေမယ့် ကံဆိုးရှာတော့ ရှင်ဒဗ္ဗရဲ့မိခင်ဟာ နေ့စေ့လစေ့ကြီးမှာ မီးမဖွားနိုင်ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ မိခင်ရဲ့အလောင်းကို ထင်းပုံပေါ်တင်မီးရှို့ကြရင်း မီးကောင်းမွန်စွာလောင်အောင်ဆိုပြီး မိခင်အလောင်းကို နှစ်ခြမ်းခွဲလိုက်ရာမှာ ၀မ်းထဲကကလေးလေးကမသေသေးပဲ ထင်းတုံးပေါ်ပြုတ်ကျလာရာမှ အသက်ရှင်နေသေးသော ကလေးကိုယူလာကြပြီး မင်းသမီးရဲ့မယ်တော်အား မွေးစားစေခဲ့ကြပါတယ်။ နာမည်ကိုလည်း မီးလောင်နေတဲ့အမိဝမ်းမှနေ အောက်ကထင်းတုံးပေါ်ပြုတ်ကျတာတောင်မှ အသက်မသေတဲ့ ကံထူးရှင်ကလေးမို့ “ ဒဗ္ဗ “လို့ နာမည်မှည့်ခေါ်ကြသတဲ့။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၇) *****


             မိတ်ဆွေကောင်းက တရားပြခဲ့သော ပက္ကုသာတိမင်းကြီး
(မှတ်ချက်-ပုက္ကုသာတိမင်း ဟူ၍လည်းမူကွဲရှိလေသည် )                         ********************

     ကဿပဘုရားရှင်သာသနာနောက်ပိုင်းမှာ တောင်ထိပ်တက်အသက်စွန့်ကာ တရားအားထုတ်တော်မူခဲ့ကြသည့် ရဟန်းတော်ခုနစ်ပါးမှ တရားထူးမရပဲ အသက်စွန့်သွားခဲ့ရသူရဟန်းတော်ငါးပါးမှ ရဟန်းတော်တစ်ပါးသည် နတ်စည်းစိမ်လူစည်းစိမ်အကြိမ်ကြိမ်ခံစားနေခဲ့ရာ ကျွှန်ုပ်တို့ဘုရားရှင်ပွင့်တော်မူလာရာအချိန်၌ကား ပစ္စန္တရာဇ်အရပ် တက္ကသိုလ်ပြည်ကြီးမှာ ပက္ကုသာတိမင်းကြီးဖြစ်လာခဲ့ပါတယ်။

      မဇ္ဈိမဒေသက ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးနဲ့  ပစ္စန္တရဇ် အရပ်ဒေသက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးတို့ဟာ သံခင်းတမန်ခင်းအရ မိတ်ဖွဲ့ထားကြတာပေါ့ စီးပွားရေးအရလည်း နှစ်နိုင်ငံအခွန်ကင်းလွတ်ပြီး လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့် စာချပ်စာချွန်လွှာပြုလုပ်ထားကြပါသတဲ့။

  ပက္ကုသာတိမင်းကြီးဆိုတာကလည်း ဗိမ္ဗသာရမင်းကြီးနဲ့ သက်တူရွယ်တူဖြစ်ပြီး တိုင်းသူပြည်သားတို့အား မိမိရင်ဝယ်သားကဲ့သို့ တရားဓမ္မနဲ့အညီအုပ်ချုပ်သတဲ့ လစာရိက္ခာချီးမြှောက်ထောက်ပံ့သင့်သူကို လောက်ငှအောင်ချီးမြှောက်တယ်၊ ချစ်ဖွယ်စကားကိုသာ ပြောကြားလေ့ရှိတယ်။ ကိုယ်ကျိုးမငဲ့ပဲ တိုင်းသားပြည်သူတို့အတွက် အကျိုးစီးပွားကိုသာ ရွက်ဆောင်တယ်။ ကိုယ်နဲ့တန်းတူထားပြီး တရားဥပဒေနဲ့အညီအုပ်ချုပ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၆) *****


သဘိယပရိဗိုဇ်နှင့် ဘုရားရှင်

     ကဿပဘုရားရှင်သာသနာနောက်ပိုင်းမှာ တောင်ထိပ်တက်ကာ အသက်စွန့်ပြီး တရားအးထုတ်ခဲ့ကြသော ရဟန်းတော်(၇)ပါးတို့တွင် တရားထူးကိုမဖြစ်စေနိုင်ကြပဲ ပုထုဇဉ်အဖြစ်နှင့်သာစုတေ၍ နတ်ပြည်ရောက်သွားကြသော ရဟန်းတော်(၅)ပါးမှ တစ်ပါးသည်ကာ ကျွှန်ုပ်တို့ဘုရားရှင်ပွင့်တော်မူရာကာလ၌ ပဗ္ဗတေယျအမည်ရသော
တောင်ပေါ်ဒေသရှိတိုင်းနိုင်ငံမှ ပရိဗိုဇ်မတစ်ဦး၏ ၀မ်းမှာ ပဋိသန္ဓေနေခဲ့လေသည်။

      ပရိဗိုဇ်မဆိုတာ သာသနာပရဟန်းမတစ်မျိုးဟုသာ နားလည်ထားရပေမည်။    ရဟန်းမတို့သည် အိမ်ထောင်သားမွေးလုပ်နိုင်ပါသလား ဟုကား မေးမြန်းဖွယ်ရှိ၏။ အမှန်မှာ ထိုပရိဗိုဇ်မကလေးသည် ခတ္တိယမင်းမင်းမျိုးသတို့သမီးလေးဖြစ်ပြီး သမီးလေးလိမ္မာရေးခြားရှိဖို့ သူတို့ကိုးကွယ်အားထားရာ ပရိဗိုဇ်ဆရာကြီးကျောင်းသွားရောက်အပ်နှံကာ ပရိဗိုဇ်မလေးအဖြစ်နဲ့ပညာသင်ကြားစေရာမှ အိုးချင်းထားတော့အိုးချင်းထိ ကြိုးခြင်းထားတော့ကြိုးခြင်းငြိဆိုတာလို

      ထိုဆရာကြီးအလုပ်အကျွေးပရိဗိုဇ်လေးနှင့်ကျုးလွန်ဖောက်ပြားမိရာမှ ကိုယ်လေးလက်ဝန်ရလာလေတော့၏။ အခြားပရိုဗိုဇ်မများလည်း ထိုကိုယ်ဝန်ပြဿနာပေါ်လာသောအခါ ကျောင်းတိုက်မှအပပြုနှင်ထုတ်လိုက်ကြရာ မိမိကျုးလွန်မိခဲ့တဲ့ပြစ်မှုကြောင့် မိဘဆွေမျိုးများထံသို့လည်း သူမမသွားလို/မသွားရဲ။
လာမယ့်ဘေးပြေးတွေ့ရုံ မိမိမိုက်ပြစ်အတွက် ခေါင်းငုံခံရုံမှအပ အခြားရွေးစရာလမ်းမရှိတော့။ ထို့ကြောင့်  သူမသူငယ်ချင်းမိတ်ဆွေများရှိရာ အရပ်တစ်ပါးသို့ထွက်လာခဲ့ရင်း လမ်းခုလပ် ပရိတ်သတ်စုံညီနေတဲ့ ပွဲသဘင်တစ်ခုအကြားမှာ သဘိယအလောင်းသားကလေးကို မွေးခဲ့ရပါတယ်။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၅) *****


ဗီဇနဲ့ ပတ်ဝန်းကျင်

    လူကောင်းတစ်ယောက် သို့မဟုတ် လူဆိုးတစ်ယောက်ဖြစ်လာရတာတွေက သူ့ဗီဇနဲ့ဆိုင်တယ်တဲ့၊ ဥပမာ မိဘတွေက အပေါင်းသင်းမှားပြီး ပျက်စီးမှာစိုးလို့ လူဆိုး သူခိုးတွေ အမူး အရူးတွေနဲ့မပေါင်းနဲ့ဆိုကာမှ မရရအောင် ခိုးပေါင်းတဲ့သူတွေရှိတယ်။
      တချို့ဆို သားသမီးဆိုးပေတေနေတာတွေ သူများသားသမီးနဲ့ပေါင်းလို့
ဖြစ်ရတာပါလို့ တဖက်သားကိုတောင် အရမ်းကာရော စွပ်စွဲပုတ်ခတ်တတ်ကြတယ် ။
သူတို့ကမိဖမျက်လုံးနဲ့ကြည့်ကြတော့ ကိုယ့်သွေးသားအပေါ်မှာကျ အပြစ်တစ်စုံတစ်ရာရှာမတွေ့ကြဘူး ။ကိုယ့်ရှေ့မှာ မဟုတ်တာလုပ်နေရင်တောင်မှ သားသမီးအပြစ်မဟုတ်ဘူးတဲ့ အပေါင်းသင်းတွေကြောင့်ကလေးကပျက်ရတာပါလို့ တွင်တွင်ပြောနေတယ်။ သူ့သားသမီးကြောင့်သာ ဟိုတဖက်ကလေးတွေ ပိုဆိုးပေတေသွားတာကိုကျ သူတို့မသိမှမသိတာပဲတဲ့။ ဒါကမျိုးစေ့မှန်မှ
အပင်သန်မယ် ဆိုတဲ့ဖက်ကပြောတာပေါ့ ။

     အဲ ပတ်ဝန်းကျင်ကောင်းမှ ဆိုတဲ့ဖက်ကလည်း လူတစ်ယောက်ကဘယ်လောက်တော်တော် ပတ်ဝန်းကျင်ဖျက်ရင် ပျက်ရတာပဲ ဆိုတဲ့ပတ်ဝန်းကျင်ကချယ်လှယ်လွှမ်းမိုးမှုအယူအဆတွေလည်း ကြားရသိရတာပါပဲ ။
ဗုဒ္ဓဘာသာ ဘုရားအဆုံးအမရှုထောင့်ကနေကြည့်ရင် ဗီဇ သူ့မူရင်းသဘာဝတရားက အရမ်းကိုအားမကြီးမထက်သန်ခဲ့ရင်
ပြုလို့ပြင်လို့ရနိုင်ပါတယ်လို့ပဲပြောရမှာပဲ
       ဘာလို့လဲဆိုတော့ ဝေဒေဟီမိဖုရားကြီးရဲ့ဝမ်းဗိုက်ထဲကိုက  ဖခင်ရဲ့လက်ရုံးသွေးကို သောက်လိုတဲ့ဆန္ဒတွေနဲ့ မိခင်ကိုချဉ်ခြင်းဖြစ်စေခဲ့တဲ့သား ။ မမွေးခင်ထဲက ဖခင်ရန်သူဖြစ်ခဲ့တာကို ဖခင်ကိုသတ်တာ ပတ်ဝန်းကျင်ကြောင့်ပါလို့ တရားသေဆုံးဖြတ်လို့လည်း မှန်ချင်မှမှန်မယ်လေ။
     မကောင်းတဲ့မိတ်ဆွေကိုပေါင်းလိုသင်းလိုတဲ့ဆန္ဒ မဟုတ်တာကိုအထင်ကြီးနေတဲ့ သူ့ပင်ကိုသဘာဝဗီဇစိတ်ထားကိုကလည်း နုံ့ခဲ့တယ်လို့...ဆို လက်ခံရမှာပါပဲ ။

      ဘာ့ကြောင့်ပတ်ဝန်းကျင်ကိုတရားသေမပြောသင့်သလဲဆိုတော့ ။ ဟိုတစ်နေ့က တကာဦးက ဆွေးနွေးလျှောက်ထားလားပါတယ် ။

     "အရှင်ဘုရား အဇာတသတ်ဖခင်ကိုသတ်ရလောက်အောင် မိုက်သွားရတာ သောတာပန်ဖခင်ကြီးက မဆုံးမလို့ပေါ့ဘုရား"တဲ့လေ။ သူ့ကောက်ချက်က အစထဲကပတ်ဝန်းကျင်ကောင်းမှာပို့ပြီး
လိမ္မာယဉ်ကျေးလာအောင် သွန်သင်ထားရင် ဒီလောက်မိုက်သွားမှာမဟုတ်ဘူးတဲ့။
     " အော် တကာလေးရေ မမြင်နိုင်တဲ့ သူ့အတွင်းဗီဇဓာတ်ခံကလည်း ပါလာပြီးသားဗျ မမွေးခင်ထဲက ဖခင်လက်ရုံးသွေးသောက်ချင်တယ်ဆိုလို့ နိမိတ်ဖတ်ကျွှမ်းကျင်သူတွေက ဖအေကိုသတ်မယ့်သားလို့ အပြတ်ဟောထားပြီးသားပါ ဖခင်ကြီးက မေတ္တာကြီးလွန်းလို့သာ နောက်သောတာပန်ဘုရင်ကြီးမို့သာ ကိုယ်ဝန်ကိုမပျက်စီးအောင်စောင့်ထိန်းပြီး ကြိးအောင်မွေးခဲ့တာ.."လို့ မိမိအမြင်လည်းတင်ပြပေးလိုက်ပါသေးတယ် ။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၄) *****


      ထိုရဟန်းတော်ငါးပါးတို့သည် ဘုရားနှစ်ဆူတို့၏အကြားကာလ၌ လူ့ပြည်နတ်ပြည် အစုံအဆန် စည်းစိမ်ချမ်းသာတို့ကိုခံစားကြပြီးလျှင် ကျွန်ုပ်တို့ဂေါတမဘုရားရှင်လက်တော်ရောက်သောအခါ ပါရမီများလည်းပြည့်ကြပြီဖြစ်သည့်အလျောက် ပစ္ဆိမဘ၀ိကသားများဖြစ်ကြသည့်အားလျော်စွာ ကျွတ်တမ်းဝင်ချိန်တန်၍ ဘုရားပွင့်စဉ်လူ့ပြည်မှာ ပြန်လည်မွေးဖွားလာကြပါတယ်။
ထိုအမျိုးသားငါးယောက်တို့မှာ
၁။ကုမာရကဿပ
၂။ဗာဟိယဒါရုစီရိယ
၃။သဘိယ ပရိဗိုဇ်
၎။ပက္ကုသာတိ (သို့) ပုက္ကုသာတိမင်း နှင့်
၅။မလ္လမင်း၏သား ဒဗ္ဗ
 ဟူ၍ထင်ရှားဖြစ်လာကြပါတယ်။

       ကုမာရကဿပရဲ့ဇာတ်လမ်းကလည်း ရင်နာဖွယ်ကြည်နူးဖွယ်တွေစုံလို့ပါပဲ ။ ရာဇဂြိုလ်ပြည်မှာ အိမ်ထောင်သားမွေးမလုပ်လိုပဲ ဥပုသ်သီတင်းကိုသာစောင့်ပြီး ဗြဟ္မစရိယအကျင့်မြတ်ကိုသာကျင့်နေတဲ့ အမျိုးကောင်းသမီးလေးတစ်ယောက်ရှိခဲ့ပါတယ်။ သူမ၏မိဖ သူဋ္ဌေးကြီးဇနီးမောင်နှံက အရွယ်ရောက်လာတော့ သမီးကညာအခါမလင့်စေနဲ့ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်စွဲပြီး သမီးကို အမျိုးဇာတ်တူသူ သူဋ္ဌေးသားလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုဖို့နားချကြပါသတဲ့။ ဒါပေမယ့် သမီးအလိမ္မာလေးကလည်း ပါရမီရှင်မလေးပီပီ အိမ်ထောင်မပြုလိုကြောင်း အကြောက်အကန်ငြင်းဆိုတာပေါ့။

    ဒါပေမယ့် ထိုခေတ်ထိုအခါရဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာ မိဘတို့စီမံတဲ့အတိုင်းသာ လက်ခံလိုက်နာကြရလေတော့
နောက်ဆုံးဘယ်လိုမှမလွန်ဆန်နိုင်သည့်အဆုံး သူဋ္ဌေးသားတစ်ဦးရဲ့ ဇနီးသည်ဘ၀ရောက်ရတော့တာပေါ့။ ထိုသူဋ္ဌေးသားလေးကိုအစွဲပြုပြီး သူဋ္ဌေးသမီးသူတော်စင်မလေးဟာ ပဋိသန္ဓေရလာပါတော့တယ် ။
  

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၃) *****

  
  မဇ္ဈိမနိကာယ် သိင်္ဂါလသုတ်တော်မှာ မိတ်ဆွေစစ်(၄) မျိုးလေးစားရှိကြောင်း
ဟောကြားတော်မူခဲ့ပါတယ်။

     (၁)မိမိမူးရူးနေလျှင်တောင်မှ မိမိနှင့် မိမိဥစ္စာပစ္စည်းတို့လုံခြုံအောင်စောင့်ရှောက်ပေးတတ်တယ် မိမိအန္တရာယ်တစ်စုံတစ်ရာကျရောက်တဲ့အခါ ပစ်မသွားပဲ မိမိရှေ့က မားမားမတ်မတ်ရပ်တည်ပေးတယ်။မိမိအခက်ခဲကြုံလျှင် လိုသလောက်ယူငင်သုံးစွဲလို့ရတယ် ဒီလိုပုဂ္ဂိုလ်မျိုးကို လက်ရှိမျက်မှောက်ဘ၀မှာ မိမိအပေါ် ကျေးဇူးများတဲ့ မိတ်ဆွေစစ်လို့ခေါ်ပါတယ်။



      (၂) သူ့ရဲ့ အတွင်းရေးကိုလည်း ဖွင့်ဟတိုင်ပင်လေ့ရှိတယ်၊မိမိကပြောပြတဲ့ လျို့ဝှက်ချက်များကိုလည်း နှုတ်လုံစွာစောင့်စည်းတယ်။ဘေးရန်ဖြစ်ပေါ်လာလျှင်လည်း အတူလက်တွဲပြီး ရင်ဆိုင်ဖြေရှင်းတယ်၊ မိမိအတွက်အသက်ပါစွန့်ပြီးကာကွယ်ပေးတဲ့သူမျိုးကိုတော့ မိမိနဲ့ တစ်သားထဲဖြစ်တဲ့မိတ်ဆွေစစ်လို့ဆိုပါတယ်။

(၃)မိမိလမ်းမှားနေလျှင် တည့်ပေးတယ် ၊အပြစ်ကင်းတဲ့အမှုကိစ္စတို့ကိုသာ လုပ်ကိုင်ဆောင်ရွက်စေတယ် ၊တရားဓမ္မနဲ့စပ်တဲ့စကားကိုသာပြောဆိုဆွေးနွေးပြီး နတ်ရွာသုဂတိလမ်းကို ညွှန်ပြပေးတဲ့သူမျိုးကိုတော့ အကျိုးစီးပွားပြောကြားတတ်တဲ့ သံသရာခရီးထိအောင် ကျေးဇူးများလှတဲ့ ဓမ္မမိတ်ဆွေစစ်လို့ဆိုပါတယ်။

(၄)မိမိအကျိုးစီးပွားကိုသာလိုလားပြီး အခြားသူများကမိမိမကောင်းကြောင်းပြောလာလျှင်တောင်မှ လုံးဝလက်မခံဘူး။ အခြားသူများထံမှလည်း မိမိရဲ့ဂုဏ်သတင်းကိုသာ ခံနားထောင်လေ့ရှိတယ်။ ဒီလိုမိတ်ဆွေမျိုးကိုတော့ မိမိအပေါ် အစဉ်သနားတတ်တဲ့မိတ်ဆွေစစ်လို့ ဆိုပါတယ်။

     ယခုပို့မှာဖော်ပြပေးနေတဲ့ ရဟန်းတော်ခုနစ်ပါးဟာလည်း တစ်ဦးနဲ့တစ်ဦး လမ်းမှန်သို့ရောက်အောင် ဆုံးမသြ၀ါဒပေးကြ၊ အပြစ်ကင်းပြီးတရားဓမ္မနဲ့စပ်တဲ့စကားကိုသာ ပြောဆိုဆွေးနွေးတိုင်ပင်လေ့ရှိကြတဲ့ ဓမ္မမိတ်ဆွေ စစ်စစ်များဖြစ်ကြပါတယ်။
                      ………………………………………………
       ကဿပဘုရားရှင်သာသနာနောက်ပိုင်းကာလမှာ ဓမ္မ၀ိနယပိုင်းမှာ ယိုယွင်းပျက်စီးလာသည့်အလျောက် ဓမ္မမဏ္ဍိုင်လည်း ယိမ်းယိုင်လာကာ သာသနာတော်ကြီးလည်း မကြာမီ အဆက်ပြတ်ကွယ်ပဖို့ တာစူနေပါတော့တယ်။

      ထိုအချိန်မှာ ထိုရဟန်းတော်ခုနစ်ပါးတို့ဟာ အညီအညွှတ်စည်းဝေးကြပြီး မိမိတို့ရှေ့ဆက်ရမယ့်ရပ်တည်ချက်အတွက် ဆွေးနွေးဖြစ်ကြပါသတဲ့ ။
       “မလိုက်နာမကျင့်ကြံကြတဲ့ လူ့ဗာလများကိုဟောကြားဆုံးမနေပါက သဲကိုကြိတ်က ဆီမရသကဲ့သို့ မိမိတို့သာ အကျိုးမဲ့အချိန်တွေကုန်ကြရတယ်။
    “ လူမိုက်တိရစ္ဆာန် နိဗ္ဗာန်စကား အလွန်ခါး၏”ဆိုတာလို နားမထောင်ပါဘူးဆိုမှ အခါခါဆုံးမနေမိရင် ဟောင်လွန်းသည့်ခွေး လူမလေးဖြစ်ရုံမှအပ အကျိုးမရပေဘူး ဒီတော့ ငါတို့ဖာသာ လူသူကင်းဝေးတဲ့နေရာသွားပြီး တရားအားထုတ်ကြစို့ရဲ့လို့ “တိုင်ပင်ဆွေးနွေးမိကြပါသတဲ့။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၂) *****


(၁ဝ) တန်ခိုးပလိဗောဓ

      တန်ခိုး ဟူသည်ကား ပုထုဇဉ်တို့၌ ဖြစ်သော တန်ခိုးတည်း။ မှန်ပေ၏၊ ထိုပုထုဇဉ်တန်ခိုးသည် ပက်လက်အိပ်တတ် ကာမျှ သူငယ်ကဲ့သို့၎င်း၊ ကောက်နုကဲ့သို့၎င်း (မပျက်အောင်) ဆောင်ထားရန်ခက်ခဲ၏၊ အနည်းငယ်မျှသော အနှောက်အယှက် ဖြင့်ပင် ပျက်စီးတတ်၏။ ထိုတန်ခိုးသည် ဝိပဿနာ၏(သာ) ပလိဗောဓ ဖြစ်သည်၊ သမာဓိ၏ ပလိဗောဓကား) မဖြစ်ပေ။ အဘယ့်ကြောင့်ဆိုသော် သမာဓိတို့ရောက်ပြီးမှ(သာ) (ထို တန်ခိုးသို့) ရောက်နိုင်ခြင်းကြောင့်တည်း။ ထို့ကြောင့် ဝိပဿနာကို အလိုရှိသောသူသည် တန်ခိုးဟူသော ပလိဗောဓကို (လည်း) ဖြတ်အပ်၏။

    မဂ်ဖိုလ်နိဗ္ဗာန်သွားရာလမ်းခရီး၌ အခက်ခဲ အတားဆီးများစွာရှိနေကြောင်းကို ရှေး၌ဖော်ပြခဲ့ပြီးသော ပို့စ်များအရ သဘောပေါက်ကြပြီးဖြစ်ပေလိမ့်မည်ဖြစ်၏။
      ပရိယတ်ကျမ်းစာများသည်လမ်းညွှန်များဖြစ်နေပေမယ့် ငြိကပ်နေမိကြလျှင် လိုရာခရီးရောက်ဖို့ ဖြစ်နိုင်တော့မည်ကား မဟုတ်ပေ။ လှေသည်တဖက်ကမ်းသို့ လွယ်ကူချောမွေ့စွာ ကူးမြောက်နိုင်ကြဖို့သာတည်း ထိုလှေကို ကျေးဇူးကြီးလှဘိ၏ဟု မိမိခရီးတစ်ယောက်ဦးထိပ်ရွက်သယ်ဆောင်သွားဖို့ ကြိုးစားမိလျှင်ကား မိုက်မဲရာကျပေလိမ့်မည်ဖြစ်၏။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၁) *****


(၉) ကျမ်းဂန်ပလိဗောဓ

      စာပေကျမ်းဂန်ဆိုတာ နိဗ္ဗာန်ခရီးလမ်းကြောင်းမှာ သူမပါလို့လည်း မပြီးပါဘူး ။ ဘုရားရှင်သက်တော်ထင်ရှားမရှိတော့တဲ့နောက်မှာ အနာထပိဏ်သူဋ္ဌေးကြီးဆောက်လုပ်လှူဒါန်းခဲ့တဲ့ ဇေတ၀န်ကျောင်းတော်ရာ ၊၀ိသာခါရဲ့ ပုဗ္ဗာရာမ နေရာတွေသွားကြည့်လည်း အုပ်ခုံ အုပ်ပုံတွေပဲတွေ့ရမှာပါ ။ တကယ့်ဘုရားရှင်နဲ့တွေ့ချင်တယ် ဘုရားတရားစကားကိုနာကြားပြီးလိုက်နာကျင့်ကြံချင်တယ်ဆိုရင် ပိဋကတ်ကျမ်းစာတော်တွေဆီအရောက်သွားပါလို့ ဆိုရမှာပါပဲ ။ ဒီကျမ်းစာတွေဟာ သံသရာထွက်မြောက်ရေးအတွက်လမ်းပြပေးပါလိမ့်မယ် ။သို့သော် ထိုကျမ်းစာတွေသင်ရင်နဲ့ပဲ အချိန်တွေကုန်ပြီး ရဟန်းတရားကြိုးစားအားမထုတ်နိုင်ခဲ့ရင်တော့ လှော်ရင်းနစ်နေတဲ့လှေလို ကျမ်းဂန်ကြောင့်ပဲ ပလိဗောဓ နိဗ္ဗာန်သွားမယ့်လမ်းမှာ အဟန့်အတားဖြစ်သွားစေနိုင်ပါတယ်။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁၀) *****


(၈) အနာရောဂါပလိဗောဓ

     အနာရောဂါတစ်စုံတစ်ခု နာကျင်ခံခက် နှိပ်စက် လတ်သော် တရားဘာဝနာကို စိတ်ချမ်းသာစွာမရှူပွားနိုင်တော့ပဲ ကမ္မဋ္ဌာန်းတရား အနှောက်အယှက်အဟန့်အတား ဖြစ်သွးတတ်ပါတယ် ဒါ့ကြောင့် ထိုအနာရောဂါ ပလိဗောဓကို ဆေးကုခြင်းဖြင့် ဖြတ်ရမယ်လို့ ဆိုပါတယ်။   အင်္ဂုတ္ထိုရ် ပဉ္စက ပဓာနိယင်္ဂသုတ်တော်လာ တရားဘာဝနာ ပွားများအားထုတ်သူ ယောဂီသူတော်စဉ်ပြည့်စုံရမည့်အချက်များမှာ-
     “ယုံကြည် ၊ ကျန်းမာ ၊ ဖြောင့်မတ်စွာဖြင့် လျှော်စွာအားထုတ် ၊နာမ်နှင့်ရုပ်ကို ၊ဖြစ်ချုပ်သိမြင် ဤငါးအင် မှန်ပင်မဂ်ရကြောင်း” ဆိုတဲ့အင်္ဂါငါးချက်ကို ဘုရားဟောတော်မူခဲ့ပါတယ်။

      အရင်ဆုံး မိမိရှုပွားသည့် တရားနည်းလမ်းသည် နည်းမှန်လမ်းမှန်ဆိုတာရယ်၊ မိမိအစွမ်းအစရယ်ကို ယုံကြည်ထားဖို့လိုပါတယ်။ ဟိုနည်းကောင်းနိုးနိုး ၊ဒီနည်းမှန်နိုးနိုး သံသယ ၀ိစိကိစ္ဆာတွေများပြီး နည်းလိုက်စမ်းနေတာနဲ့ပဲ အချိန်ကုန်သွားသူများအဖို့တော့ တရားရဖို့ လမ်းစမမြင်နိုင်ပါဘူး။

     နောက်ထပ်အင်္ဂါရပ်တစ်ခုဖြစ်တဲ့ ကျန်းမာရေးကောင်းခြင်းဆိုတာလည်း တရားအားထုတ်သူယောဂီအဖို့ အလွန်အရေးပါပါတယ်။ ဒါဆိုဟုတ်ပြီ ကျန်းမာတယ်ဆိုတာ ဘာကိုခေါ်ပါလိမ့်။   ဒါကိုဘုရားရှင်ကိုယ်တော်တိုင်က “အနာရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ်ဖြစ်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းငှါခံ့သော အစာကို အညီအမျှကြေကျက်စေတတ်သည့် ဝမ်းမီးနှင့်ပြည့်စုံ၏”လို့ ဟောပြထားခဲ့တာပါ။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၉) *****


(၇) ဉာတိပလိဗောဓ

     ဆွေမျိုးဟူသည်ကား - ကျောင်း ၌ဆရာ, ဥပဇ္ဈာယ်ဆရာ, အတူနေတပည့်, အနီး နေတပည့် ဥပဇ္ဈာယ်တူသီတင်းသုံးဖော်, ဆရာတူသီတင်းသုံးဖော်တို့သည် (ဆွေမျိုးမည်၏)။
အိမ်၌ အမိ, အဘ, အစ်ကို ဤသို့အစရှိသော သူတို့သည် (ဆွေမျိုး မည်၏)။
    ထိုဆရာစသည်တို့သည် မကျန်းမမာကုန်လတ်သော် ဤယောဂီ ရဟန်း၏ ပလိဗောဓဖြစ်ကုန်၏။ ထို့ကြောင့် ထိုဆရာစသော ပုဂ္ဂိုလ်တို့ကို လုပ်ကျွေးပြုစု၍ ပကတိအတိုင်း ကျန်းမာအောင် ပြုခြင်းဖြင့် ထိုပလိဗောဓကို ဖြတ်အပ်၏။

      (၁)ထိုဆရာစသည်တို့တွင် ဥပဇ္ဈာယ်သည် မကျန်းမမာဖြစ်၍ ရောဂါမှလျင်စွာ မထငြားအံ့၊ တသက်လုံးသော်လည်း လုပ်ကျွေးပြုစုအပ်၏။
      ရှင်ပြုပေးသော သရဏဂုံဆရာ, ရဟန်းပြုပေးသော ကမ္မဝါဆရာ,
အတူနေ တပည့်, မိမိက ကမ္မဝါဖတ်၍ ရဟန်းပြုပေးထားသော အနီးနေတပည့်,
သရဏဂုံပေး၍ ရှင်ပြုပေးထားသော အနီးနေတပည့်, ဥပဇ္ဈာယ်တူ သီတင်းသုံးဘော်တို့ကိုလည်း ထို့အတူပင် လုပ်ကျွေးပြုစုအပ်၏။

     (၂) နိဿယည်းဆရာ, ကျမ်းဂန်သင်ကြားပေးသော ဆရာ, နိဿယည်းယူတပည့်, ကျမ်းဂန်သင်ယူသည့် တပည့်, ဆရာတူ သီးတင်းသုံးဘော်တို့ကိုမူကား နိဿယည်း (သို့မဟုတ်) ကျမ်းဂန် သင်ကြားမှု မပြတ်သေးသမျှ ကာလပတ်လုံး လုပ်ကျွေးပြုစုအပ်၏။ စွမ်းနိုင်ပါမူ ထို့ထက်အလွန်လည်း လုပ်ကျွေးပြုစုအပ်သည်သာတည်း။

      (၃) အမိအဘတို့၌ ဥပဇ္ဈာယ်၌ကဲ့သို့ ကျင့်အပ်၏။ မိဘတို့သည် မင်းအဖြစ်၌ တည်နေစေကာမူ သား (ရဟန်း)ထံမှ လုပ်ကျွေးပြုစုမှုကို တောင့်တငြားအံ့၊ လုပ်ကျွေးပြုစုရမည်သာတည်း။

      အကယ်၍ မိဘတို့အား ဆေးမရှိငြားအံ့၊ မိမိပစ္စည်းကို ပေးရမည်။ (မိမိ၌လည်း ဆေး) မရှိလတ်သော် ဆေးအလှူခံသော အကျင့်ဖြင့် ရှာဖွေ၍ ပေးရမည်သာတည်း။

     (၄) ညီအစ်ကို အစ်မ နှမတို့အားမူ ထိုသူတို့၏ ဥစ္စာကိုသာလျှင် ဆေးဖော်စပ်၍ ပေးရမည်။ အကယ်၍ (ထိုသူတို့အား) ဆေးမရှိငြားအံ့၊ မိမိ၏ဆေးကို အခိုက်အတံ့ (ချေးသည့်သဘောဖြင့်) ပေး၍ နောက်အခါ၌ (အစားပြန်) ရလျှင် ယူအပ်၏။ မရလျှင် (ထိုသူတို့ ကို) မတောင်းအပ်။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၈) *****


(၆) ခရီးပလိဗောဓ

     ခရီးသွားခြင်းကို ခရီး-ဟု (ဆိုအပ်ပေသည်)။ အကြင်ရဟန်းအား တစုံတခုသော အရပ်၌ ရှင်ပြုပေးရမည့် ရှင်လောင်းသော်လည်း ရှိငြားအံ့၊ ရသင့် ရထိုက်သော တစုံတခုသော ပစ္စည်းသော်လည်း ရှိငြားအံ့၊ အကယ်၍ (ထို ရှင်လောင်း) ထိုပစ္စည်းကို မရလျှင် သည်းမခံနိုင်ပါမူ တောသို့ဝင်၍ ရဟန်းတရားကို အားထုတ် နေသော်လည်း ခရီးသွား လိုသော စိတ်ကို ဖျောက်နိုင်ခဲ၏၊

       ထိုခရီးသွားလိုသော ဆန္ဒမျိုးကို လွန်စွာပင် ပယ်နိုင်ဖို့ခက်ခဲကြောင်းကိုလည်း ဘုရားရှင်ကိုယ်တော်တိုင်ပင် ဒုပ္ပဋိဝိနောဒယသုတ်မှာ အောက်ပါအတိုင်း
ဟောကြားတော်မူခဲ့ပေသည်။

     ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
(၁)ဖြစ်ပေါ်လာသည့် စွဲလမ်းမှု 'ရာဂ'ကို ဖျောက်နိုင်ခဲလှ၏။
(၂)ဖြစ်ပေါ်လာသည့် အမျက်ထွက်မှု 'ဒေါသ'ကို ဖျောက်နိုင်ခဲလှ၏။
(၃)ဖြစ်ပေါ်လာသည့် တွေဝေမှု 'မောဟ'ကို ဖျောက်နိုင်ခဲလှ၏။
(၄)ဖြစ်ပေါ်လာသည့် ဉာဏ်၌ ထင်မြင်မှုကို ဖျောက်နိုင်ခဲလှ၏။
(၅)ဖြစ်ပေါ်လာသည့် ခရီးသွားလိုစိတ်ကို ဖျောက်နိုင်ခဲလှ၏။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၇) *****


(၅) အမှုကိစ္စပလိဗောဓ

အမှုသစ်ကို အမှုကိစ္စ-ဟု (ဆိုအပ်ပေသည်)။ ထိုအမှုကိစ္စကို ပြုသော ရဟန်းသည် လက်သမား စသည်တို့ (လုပ်ခ) ရသည် မရသည်ကို သိအပ်၏။ ပြုပြီးသောအမှု မပြုရသေးသောအမှု၌ (သိအောင်) ကြောင့်ကြစိုက်ရ၏။ ထို့ကြောင့် အခါခပ်သိမ်း ပလိဗောဓဖြစ်ပေသည်။ အမှူကိစ္စများသည် ဆိုတာနှင့်ပတ်သက်ပြီး...


                     ကိစ္စပေါသူစ  ပျင်းသောသူ ၊
                     ရောဂါပေါသူ တယော ဣမေ ၊
                     သာသနေ ကြာရှည်နေငြား ၊
                     မကြီးပွား ဟောန္တု သဗ္ဗဒါ ။….ဆိုတဲ့
    ငယ်ငယ်က ဆရာသမားများနှုတ်တိုက်ချပေးခဲ့တဲ့ အလင်္ကာလေးကို
သွားသတိရမိတယ် ။  ဟုတ်တယ်လေ ၊ လောကထဲမှာက အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး လူ့တန်ဖိုးကို အလုပ်နဲ့သတ်မှတ်ကြတာမလား။ ဘုရားသာသနာတော်မှာက အဲလိုအလုပ်ကိစ္စ ဗာဟီရတွေများနေတဲ့သူကို အလကားကောင်..တဲ့။ ဒီလိုအမြင်ကွဲနေတာလေးတွေကရှိသေးတယ်။

     ဒါနဲ့ ရယ်စရာဟာသတစ်ခု ကြားညှပ်ပြောရဦးမယ် ။ ကိုယ်တော်လေးတစ်ပါး သာသနာဘောင်မပျော်ပိုက်လို့ လူဝတ်လည်းပြီး အလုပ်လိုက်ရှာရတာပေါ့ ၊လူ့လောကမှာက အလုပ်ရှိမှ ၀င်ငွေရှိပြီး အသက်ဆက်ရှင်လို့ရမှာ၊ ဒီတော့အလုပ်ရှင်က ကိုယ်ရေးအချက်အလက်မေးတယ်။

     မောင်ရင် ဘယ်မှာနေလဲ ......ဘုန်းကြီးကျောင်းမှာပါ 
                        (လူဝတ်လဲပြီး ကျောင်းသားလုပ်နေတာပြောတာပါ)

     ဖခင်နာမည်…......ဖခင်တစ် ကတော့ ဦးစိန် ၊ဖခင်နှစ်ကတော့ ဂေါတမဗုဒ္ဓပါ၊

(ဟိုက်) မောင်ရင် မင့်မွေးဖခင်ရင်းကိုပြောတာပါ ။

ဟုတ်ကဲ့ သူဋ္ဌေးမင်း ...နှစ်ဦးလုံးးကတော့ မွေးဖခင်များမဟုတ်ကြပါဘူး(အမေကမွေးတာကိုး… ) လူ့ဘ၀တုန်းကတော့ ကျွေးမွေးတဲ့ ဖခင်ကဦးစိန်ပါ၊
နောက်ရဟန်းဝတ်လိုက်တော့ ကျွေးဖခင်က ဘုရားရှင်ဖြစ်သွားလို့ပါခင်မျာ၊

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၆) *****


(၄) ဂိုဏ်းပလိဗောဓ

      သုတ္တန်ဆောင်ဂိုဏ်းကိုဖြစ်စေ၊ အဘိဓမ္မာဆောင်ဂိုဏ်းကိုဖြစ်စေ ဂိုဏ်း-ဟု (ဆိုအပ်ပေသည်)။ ထိုဂိုဏ်းအား ပါဠိကို ဖြစ်စေ, အဋ္ဌကထာကို ဖြစ်စေ ပို့ချပေးရသည်ဖြစ်၍ ရဟန်းတရား (အားထုတ်ခြင်း)၏ အခွင့်မရသော ရဟန်းအားသာလျှင် ဂိုဏ်းသည် ပလိဗောဓ ဖြစ်ပေသည်။

      ဆိုလိုသည်မှာ မိမိတာဝန်ယူနေရတဲ့ အဖွဲ့အစည်းအတွက် တာဝန်တွေယူနေရတာနဲ့ မိမိကိုယ်ပိုင်လွတ်လပ်ခွင့်တွေပါ ဆုံးရှုံးနေရင် ။သံသရာဒုက္ခမှ ထွက်မြောက်ကြောင်းတရားဘာဝနာမှ
ကောင်းစွာအားမထုတ်နိုင်တော့ဘူးဆိုရင်   ဒါ   ဂဏပလိဗောဓဖြစ်တယ် လို့ခေါ်ပါတယ်။

      မင်းကွန်းဆရာတော်ကြီး မိန့်တော်မူခဲ့သလိုပေါ့ “တာဝန်သိသူမှာ ၊တာဝန်ရှိပါသည်၊ တာဝန်ရှိသူမှာ ၊တာဝန်ပိပါသည်”တဲ့လေ ။
တာဝန်သိတတ်လို့ တာဝန်ယူရတာက ဒါ လောကကျင့်ဝတ်ဥပဒေနဲ့အညီလေ ။ တာဝန်ယူရင်း တာဝန်တွေပိသွားပြိး ကိုယ်ပိုင်တရားဘာဝနာပွားများခွင့်တွေပါ ဆုံးရှုံးသွားရရင် လူမှုရေးဗာဟီရကိစ္စတွေများးသွားပြီဆိုရင်တော့ သူတစ်ပါးတို့အတွက်ကောင်းပေမယ့် ကိုယ့်အတွက်ဆုံးရှူံးသွားတော့တာပါပဲ။

      လူ့ဘ၀ဆိုတာကလည်း အဖွဲ့အစည်းနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေကြရတော့ မိမိ မသိနားမလည်စဉ်က တပည့်အဖြစ်နဲ့သင်ယူဆည်းပူးခဲ့ရပြီး ၊အိမ်မှာဆိုလည်း သားသမီးနေရာက လှပစွာ ပါဝင်ကပြကြရတယ်၊
နောက် လူသားဆိုလည်းအရွယ်ရောက်လို့ ကိုယ့်အိုး ကိုယ့်အိမ်ထူထောင်ကြပြန်တော့လည်း ၊ အိမ်သူ အိမ်သားနေရာကနေ တာဝန်တွေမလစ်ဟင်းရအောင် ။လိုအင်တွေပြည့်ဝကြရအောင် ရှာဖွေစုဆောင်းကြရပြန်ရော။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၅) *****


(၃) လာဘပလိဗောဓ

      ကမ္မဋ္ဌာန်းအားထုတ်ရာမှာ ဆွမ်းကွမ်းမပင်ပန်းပဲ လွယ်ကူစွာ ရရှိဖို့ရန် ဘောဇနသပ္ပါယမျှတဖို့ရန် လွန်စွာအရေးကြီးပေသည်။
      ထို ဆွမ်းစသော ပစ္စည်းလာဘ်လာဘ မပြည့်စုံလျှင်လည်း ကမ္မဋ္ဌာန်းတရားရှူပွားခြင်းငှါ မဖြစ်နိုင်သကဲ့သို့ ၊ မိမိသည် အလွန်ထင်ရှားကြော်ကြားသူ တစ်ဦးဖြစ်နေပါကလည်း လှူဒါန်းသူများ ဖူးမြှော်သူများများပြားလွန်းသဖြင့်လည်း မိမိ၏ ရဟန်းတရားကို ကောင်းစွာ အားထုတ်နိုင်မည်မဟုတ်ပေ။

     ဘုရားရှင်လက်ထက်တော်အခါက တောင်ခြေက မာတိကာရွာကြီးမှာ သီတင်းသုံးတော်မူကြတဲ့ ရဟန်းတော်ခြောက်ကျိပ်ဟာ ပစ္စည်းလေးပါးဒါယိကာမကြီးက ဤအရှင်များဟောကြား ပြသသည့်နည်းလမ်းအတိုင်း တရားဘာဝနာများပွားများအားထုတ်ရာမှ အနာဂါမိမဂ်ဖိုလ်တိုင်အောင် အောင်မြင်ပေါက်မြောက်ခဲ့ပေမယ့်  ထိုအရှင်မြတ်များမှာတော့ ဘာတရားထူးမှ ထူး၍ မသိမြင်နိုင်ကြရှာဘူးတဲ့ ၊

     ရဟန်းတော်တွေမှာက တစ်ပါးနဲ့တစ်ပါး ဓာတ်ခံမတူ ကျန်းမာရေးအခြေနေကကွဲနေကြတော့ ။ ပါစက၀မ်းမီးကောင်းတဲ့ ကိုယ်တော်များမှာ စားသမျှဘောဇဉ်တွေ နာရီပိုင်းအတွင်းအစာကြေသွားပြီး မကြာခဏ ဆာလောင်ခြင်းဒဏ်ကို အလူးအလဲခံကြရပါတယ်။ ဒါ့ကြောင့် ထိုအရှင်တွေက ဆွမ်းမာ ဆွမ်းကြမ်းများကို တောင့်တမိကြတယ်တဲ့ ဒါမှလည်းထိုအရှင်တို့အတွက် နောက်ရက်နံနက်တိုင်အောင် ဆာလောင်ခြင်းကင်းပြီး တရားဘာဝနာရှူမှတ်နိုင်ကြမှာကိုး။
     တချို့အရှင်များကြပြန်တော့လည်း အစာအိမ်ရောဂါ အစာမကြေညက်တာတွေ ခံစားကြရတဲ့အခါ ၊ ယာဂု၊ဟင်းရည်ချိုလေး ၊ဆွမ်းပူ ဆွမ်းပျော့ကလေးများ မျှော်လင့်တမ်းတမိကြတာပေါ့ ။
     ဒါပေမယ့် ဆွမ်းတကာတကာမဆိုတာ ကိုယ့်မိဘမောင်နှမတွေလည်းမဟုတ်ကြ ကိုယ်နဲ့လည်းဘာမှမပတ်သက်ကြဘူးလေ ဒီတော့ လောင်းလှူတာယူခဲ့ပြီး အဆာပြေ ၀မ်းဝပြီးတာပဲလေလို့ စားလိုက်ကြရတယ်။
      ဒီတော့ ထိုမာတိကာရွာနေ ရဟန်းတော်ခြောက်ဆယ်ဟာ
ဘောဇနသပ္ပါယမမျှတမှူဖြစ်ကာ တရားမတက်နိုင်ဖြစ်နေကြတာပေါ့။
     ဒီအခြေနေကိုအဘိညာဏ်တန်ခိုးနှင့်သိမြင်တော့မှ ထိုသံဃာများ၏ ပစ္စည်းလေးပါးဒါယိကာမကြီး ကြီးမာတိကာမာတာက ဟင်းမယ်လျာများအစုံအလင် ၊ယာဂု ဆွမ်းကြမ်း များတစ်ပုံတစ်ပင်ကျောင်းသွားပို့စေပြီ အရှင်များကြိုက်နှစ်သက်သလိုသာသုံးဆောင်တော်မူကြပါဆိုပြီး             
             ဘူဖေးစံနစ်နဲ့ ဆွမ်းကပ်လိုက်ပါသတဲ့ ။

     ဒီတော့မှ ထိုအရှင်များလည်း ဘောဇနသပ္ပါယပါမျှတပြီး အရဟတ္တဖိုလ်ပေါက်အားထုတ်နိုင်ကြကာ တရားထူးတရားမြတ်များ ရသွားကြပါတော့တယ်။
                      ................................
     ထိုနည်းတူစွာ ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားသည်မှာ မဟာအနုဠှ မည်သော မထေရ်သည် များစွာသော ရဟန်းတို့သည် ဆွမ်းခံ လှည့်လည်၍ ဟင်းမပါပဲ ဆွမ်းသက်သက်ကိုသာရ၍ ဂင်္ဂါ မြစ်ကမ်း၌ ထိုင်လျက် ဘုဉ်းပေးသုံး ဆောင်နေကြသည်ကို မြင်ရသော အခါ ဘောဇနသပ္ပါယမမျှတသည်၏အဖြစ်ကိုသိမြင်တော်မူသဖြင့်  ဂင်္ဂါမြစ်၌ ရေကို ထောပတ်ကြည်အဖြစ် အဓိဋ္ဌာနိဒ္ဓိဖြင့် ဖန်ဆင်းတော်မူကာ  သာမဏေတို့အား ထောပတ်ကို မြင်အောင်အမှတ်သညာကို ပေးတော်မူ၏။  ထိုသာမဏေတို့သည် ခွက်ငယ်တို့ဖြင့်ဆောင်ယူ၍ ရဟန်းသံဃာအား ကပ်လှူကြ၏။ အားလုံးသော ရဟန်း သာမဏေတို့သည် ချိုမြိန် ကောင်းမြတ်သော ထောပတ်ကြည် နှင့်တကွ ဘုဉ်းပေးတော်မူကြရမှသာ ရဟန်းတရားများ ကောင်းမွန်စွာ ပွားများအားထုတ်နိုင်ကြောင့် ဖွင့်ဆိုခဲ့လေသည်။
                ..............................
     ထိုသို့ဆွမ်းကွမ်းဟင်းလျာများ ရှားပါးပါကလည်း ကမ္မဋ္ဌာန်းအန္တရာယ်ဖြစ်စေနိုင်သလို ဆွမ်းစသော လာဘ်လာဘပေါများလွန်းပါကလည်း မိမိတို့ပင်တိုင် ရဟန်းတရားကိုကြိုးစားအားမထုတ်နိုင်တော့ပဲ လူအများ၏အဖူးမြှောက်အပူဇော်ခံရင်းဖြင့်သာ အကျိုးရှိလှသော အချိန်များကိုကုန်ဆုံးကြရပြန်တော့၏။

   ထိုဘုဉ်ကံကြီးမားသော ရဟန်းသည် ထိုလူတို့အား အနုမောဒနာပြုလျက် တရားဟောရသည်ဖြစ်၍ ရဟန်း တရားကို အားထုတ်ခြင်းငှါ အခွင့်မရတော့ပေ။ နေအရုဏ်တက်သည်မှ ပဌမယာမ်တိုင်အောင် လူတို့နှင့်ရောယှက်မှု မပြတ်တော့ပေ။
        အချို့အချို့သော လာဘ်လာဘပေါများခြင်းကို လိုလားကြကုန်သော ရဟန်းတို့သည် ထိုဘုဉ်းကံကြီးမားသော ဆရာတော်ထံချဉ်းကပ်၍  ''အရှင်ဘုရား ဤမည်သော ဥပါသကာသည်, ဥပါသိကာမသည်, အမတ်သည်, အမတ်၏သမီးသည် အရှင်ဘုရားတို့ကို ဖူးမြော်လိုပါသည်''ဟုလျှောက်ကြ၏။
      ထိုဘုန်းကြီးသော ရဟန်းသည် သံဃာတော်များအတွက် အကျိုးများပါစေတော့ဟု ထိုလှူဒါန်းပူဇော်ဖွယ်များကိုအလှုခံရန်ကြွရောက်ပေးနေရခြင်းဖြင့်ပင် မိမိ၏ကမ္မဋ္ဌာနဓုရမှ လစ်ဟင်းရလေတော့၏။

     ဘုရားလက်ထက်တော်အခါကလည်း ဘုဉ်းကံကြီးမားမှူကြောင့် လာဘ်လာဘကပလိဗောဓဖြစ်လာ၍ ပရိတ်သတ်စွန့်ခွါပြီး မထင်မရှားနေရာများသို့ ချဉ်းကပ်သီတင်းသုံးကြရသော အရှင်မြတ်များလည်း မနည်းလှပေ။

      ထို့ကြောင့် မိမိသည် ထင်ရှားကျော်ကြားလူသိများနေသော ဆရာတော်တစ်ပါးဖြစ်နေပါက  ဒါယကာအပေါင်းကို စွန့်ခွါ၍ မိမိကိုသိသူတို့ မရှိကြရာအရပ်၌ တပါးတည်း သီတင်းသုံး နေထိုင်ခြင်းသာ လာဘပလိဗောဓကိုပယ်ခွါနိုင်ခြင်းအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အဌကထာအလိုကျတင်ပြပေးလိုက်ရပါတယ်။
                     ………………………………..
       ဒီနေရာမှာ လာဘ်လာဘနှင့်ပတ်သက်ပြီး ရေလိုက်မလွဲမိကြဖို့ သာသနာအစဉ်အဆက် အဆုံးအမ သြ၀ါဒပေးခဲ့ပုံလေးတွေ တင်ပြပေးချင်ပါသေးတယ် ။

      ပဋိသမ္ဘိဒါ မဂ်ပါဠိတော်၌....
       ''သပရိယန္တမည်သော ထိုသီလကား အဘယ်နည်း၊
လာဘ်လျှင် အဆုံးအပိုင်းအခြားရှိသော သီလ သည်ရှိ၏၊
အခြံအရံလျှင် အဆုံး အပိုင်း အခြားရှိသော သီလသည်ရှိ၏၊
ဆွေမျိုးလျှင် အဆုံးအပိုင်း အခြားရှိသော သီလသည်ရှိ၏၊
ကိုယ်အင်္ဂါလျှင် အဆုံးအပိုင်းအခြားရှိသော သီလသည်ရှိ၏၊
အသက်လျှင် အဆုံးအပိုင်း အခြားရှိသော သီလသည်ရှိ၏။

      လာဘ်လျှင်အဆုံး အပိုင်းအခြားရှိသော ထိုသီလကား အဘယ်နည်း၊

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၄) *****

 
သင့်လျော်သောကျောင်း…………..

''ရဟန်းတို့၊ ကျောင်းသည် အဘယ်သို့လျှင် အင်္ဂါငါးပါးနှင့် ပြည့်စုံသနည်း? ရဟန်းတို့၊ ဤ (သာသနာတော်)၌ ကျောင်းသည်-
     (၁) (ဆွမ်းခံရွာနှင့်) နီးလည်း မနီးလွန်း ဝေးလည်းမဝေးလွန်း (ဆွမ်းခံရွာ သို့ သွားလာရေးအတွက် ဘေးရန်စသည် ကင်းရှင်းသော လမ်းရှိ ခြင်းကြောင့်) သွားလာရန် သင့်လျော်လျောက်ပတ် ပြည့်စုံကောင်းမြတ်၏၊
     (၂) နေ့အခါ၌ လူတို့နှင့်မရောပြွမ်း၊ ညဥ့်အခါ၌ လူသံ တိတ်ဆိတ်၏၊ အုတ်အော်သောင်းသင်း ဆူညံခြင်းလည်း ကင်း၏။
     (၃) မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ ကိုက်ခဲထိပါးခြင်း အတွေ့တို့မရှိပေ။
     (၄) ထိုကျောင်း၌နေသော ယောဂီရဟန်းအား သင်္ကန်း, ဆွမ်း, ကျောင်းနှင့် သူနာ၏အထောက်အပံ့ကာကွယ်ရေး ဆေးတို့သည် မပင်ပန်းရပဲ လွယ်ကူ စွာသာလျှင် ဖြစ်ပေါ်ကုန်၏။
     (၅) ထိုကျောင်း၌ ပရိယတ်ကျမ်းဂန် များစွာကို ကြားနာသင်ယူပြီး ဖြစ်ကုန်သော ပရိယတ္တိဓမ္မကို နှုတက်ရွရွ ဆောင်ထားကြကုန်သော (သုတ်အဘိဓမ္မ ဟူသော) ဓမ္မကို ဆောင်ကုန်သော ဝိနည်းကိုဆောင်ကုန်သော (သုတ်အဘိဓမ္မာဝိနည်းတို့၏) မာတိကာကို ဆောင်ကုန် သော ခိုင်မြဲသော သီလစသောဂုဏ်ထူးရှိ ကုန်သော ရဟန်း တော်တို့သီတင်းသုံးနေထိုင်ကြကုန်၏ ၊
     ထိုရဟန်းတော်တို့ (အထံ)သို့ ရံဖန်ရံခါ ချဉ်းကပ်၍ ''အရှင်ဘုရား ဤပုဒ်သည် (ရှေ့နောက် အဆက် အစပ်အားဖြင့်) အဘယ် သို့ပါနည်း၊ ဤပုဒ်၏ အနက်ကား အဘယ်ပါနည်း''ဟု ပါဠိပုဒ်ပါဌ်ကို မေးမြန်း၏၊ အနက်ကို မေးမြန်း စုံစမ်း၏၊ ထိုယောဂီ ရဟန်းအား ထိုအရှင်တို့သည် မဖွင့်ရသေးသော အနက်ကိုလည်း ဖွင့်ပြကုန်၏၊ ပေါ်လွင်အောင် မပြုရသေးသည်ကိုလည်း ပေါ်လွင်အောင် ပြုပေးကုန် ၏၊ များစွာသော သံသယဖြစ်ဖွယ်ရာ ခက်ခဲ ဖုထစ်သော ပါဠိရပ် တို့၌လည်း သံသယကိုပယ်ဖျောက် ပေးကုန်၏။ ရဟန်းတို့၊ ဤသို့လျှင် ကျောင်းသည် အင်္ဂါငါးပါးနှင့် ပြည့်စုံ၏'' ဟု ဘုရားရှင်ကိုယ်တော်တိုင်
နေထိုင်သီတင်းသုံးသင့်သည့် ကျောင်းသင်္ခန်းပုံစံကို ချပြလမ်းညွှန်တော်မူ
ထားသည်လည်း ရှိနေပေသည်။ ထို့ကြောင့် ကမ္မဋ္ဌာန်းတရားပွားများမည့်အရှင်သည်
ကျောင်းပလိဗောဓမှ ကင်းလွတ်စေကာ သင့်လျော် လျှောက်ပတ်သော
တောကျောင်းတောင်ကျောင်းများကိုသာ ရွေးချယ်သီတင်းသုံးသင့်လှပေသည်။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၃) *****


“နောင် အခါကား၊ ရဟန်းများတို့၊ ပွါးများ ရူမှတ်၊ မပြုလတ်ဘဲ၊
 ပရိသတ် ခြံရံ၊ ရဟန်း ခံပေး၊ တပည့် မွေးကာ၊
 အဘိဓမ္မာစကား၊ ဟောတုံငြားလျှင်၊ အကုယှဉ်ကာ၊ မှန်စွာ မသိကြ၊
 ဗုဒ္ဓဟောကြား၊ သုတ္တန်များကို၊ မနာလိုချင်၊
အပြင်ဆရာ၊ ဟောတာ လိုလား၊
လာဘ်များအောင် ကျင့်၊ ဤငါးဆင့်၊ မှတ်လင့် အနာဂတ်ဘေး”…
(တတိယအနာဂတဘယသုတ်-အင်္ဂုတ္တိုရ်ပဉ္စက)
    ဟူသည်နှင့်အညီ ကဿပဘုရားသာသနာနောက်ပိုင်းကာလ ရဟန်းတော်များသည်

  သူတစ်ပါးတို့ကို ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးနေကြသော်လည်း မိမိတို့ကိုယ်တိုင်၌ကား သီလသမာဓိပညာကို တိုးပွားအောင် မကြိုးစား အားမထုတ်ကြတော့ချေ။ ထို့ကြောင့် ယင်းတို့၏တပည့်ရဟန်းများကိုလည်း တရားဘာဝနာ မည်သို့မည်ပုံပွားများအားထုတ်ရကြောင်းကိုပါ မညွှန်ကြားမပြသနိုင်ကြတော့ပဲ နောက်လိုက်တပည့်များလည်း ပရိယတ်၌သာ လမ်းဆုံးသွားကြရလေတော့၏။  ရဟန်းပြုကြရခြင်း၏ အဓိကပန်းတိုင်မှာ
   သံသာရ၀ဋ္နဒုက္ခတော မောစနတ္ထာယ ၊သံသရာဒုက္ခတွင်းကြီးမှ လွတ်မြောက်နိုင်ကြရဖို့သာဖြစ်ပါလျှက်    ယင်းမူလရည်ရွယ်ချက်ကို ပေါက်မြောက်အောင် အကောင်ထည်မဖော်နိုင်ကြတော့သော ရဟန်းတို့အဖို့မှာ သမဏသုခ ရဟန်းတရားဓမ္မများပျက်စီးရခြင်းကြောင့့်  ဝိနည်းတော်လည်းပျက်စီးရလေတော့၏၊ ဝိနည်းပျက်စီးခြင်းကြောင့်လည်း သီလအခြေခံကာ ကြိုးစားအားထုတ်ကြရသော သမထ၀ိပဿနာတရားများလည်းပျက်စီးရလေတော့၏။

    ဥပမာပြရလျှင် ၀ိကာလဘောဇန နေ့လွဲညစာ စားသုံးခြင်းမှ ရှောင်ကြဉ်ကြခြင်းသည် အာဟာရအတွက် ရှာဖွေရုန်းကန်နေဖို့ မလိုတော့ရကား တရားဘာဝနာပွားများအားထုတ်ဖို့ရာလည်း
အချိန်အများကြီးပိုရလာလေသည်။ ဆွမ်းခံကြွရာမှာတောင် သမာဓိမပျက်အောင် တရားနှစ်လုံးပွားသွားလာကြရသော အရှင်များအဖို့ရာကား တစ်နေကုန် ဆွမ်းခံဆွမ်းစားခြင်းဖြင့်လည်း အချိန်မကုန်သင့်သည်ကား အမှန်ပင်။ နောက်တစ်ခုရှိသေးသည်ကား လူသားများကဲ့သို့ အာဟာရကိုလိုသလောက်သုံးဆောင် စားသောက်က ထူရသရီရ သန်မာဝဖြိုး အဆီတိုးနေပြန်လျှင်လည်း ယင်းပိုလျှံနေသော အာဟာရအားများကား ကိလေသာကာမဖက်သို့
အားပေးတိုက်တွန်းနေဘိသကဲ့သို့ ဖြစ်တတ်သေး၏။ ထို့ကြောင့်
“ရဟန်း ကြုံလှီမှတင့်တယ်သည်”ဟုပင် ပြောစမှတ်ပြုခဲ့ကြခြင်းလည်းဖြစ်ပေမည်။

      သို့သော် နှောင်းခေတ်ရဟန်းတော်များသည်ကား
 “အိုကွာ ညစာမစားရဘူးပညတ်ထားတော်မူတာလည်း ၊ဗာဟီယကိစ္စများလို့ တရားအားထုတ်ချိန်ရဖို့အတွက်ရယ် တရားဘာဝနာပွားနေသူအတွက် ပရိယုဋ္ဌာနကိလေသာမကြွဖို့ရန် ရည်သန်ပညတ်ထားတော်မူခဲ့တာပဲ ဒို့မှတရားအားမထုတ်တော့တာ အဲဒီသိက္ခာပုဒ်စောင့်နေရုံမျှနဲ့လည်း တရားရနိုင်တာမှမဟုတ်တာပဲ ၊ တရားအားထုတ်ဖြစ်တဲ့အခါမှသာ ၀ိနည်းကိုအပြည့်ဝလိုက်နာတော့မယ်”ဟု ဆိုကာ နေ့လွဲညစာများလည်း ဘုဉ်းပေးကြ၊ သိက္ခာပုဒ်များကိုလည်း ကျုးလွန်မိကြလေတော့၏။
    ထိုကဲ့သို့တစတစ သိက္ခာပုဒ်များကိုဖောက်ဖျက်ကျူးလွန်လာကြရာမှ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားရလေတော့၏။

 “ယော ဟရေ မတ္တိကံ ထာလံ၊ ကံသထာလံပိ သော ဟရေ။
  ကတံစေ၀ တယာ ပါပံ၊ ပုနပေ၀ံ ကရိဿတိ”
     “တန်ဖိုးမဲ့တဲ့မြေခွက်ကိုပင် ခိုးယူသောသင်သည် ၊ တန်ဖိုးကြီးတဲ့ရွှေခွက်ကိုခိုးခွင့်ရသည်နှင့် ခိုးယူမည်မှာ ဧကံပင် ၊မကောင်းမှူကိုပြုလေ့ရှိသော သင်သည်လည်း ၊နောက်တဖန်မကောင်းမှုပြုဖို့ရာ ၀န်လေးတော့မည်မဟုတ်တော့ပေ”
    ဟူသော ဓမ္မပဒအဋ္ဌကထာ စူဠဓနုဂ္ဂဟပဏ္ဍိတ၀တ္ထုလာဂါထာ ပြဆိုထားဘိသကဲ့သို့တည်း။
     ထိုသို့ ၀ိနည်းကိုဖောက်ဖျက်ကျူးလွန်ကြခြင်းဖြင့် သမာဓိနှင့်ပညာလည်း မတိုးပွားပဲ ဆုတ်ယုတ်သွားကြလေတော့၏။

    ထို့ထက်ဆိုးသည်ကား ထိုရဟန်းတော်များသည် သင်သိအနေအားဖြင့် သညာသိမျှသာ မှန်းဆသိရှိကြရသော အဘိဓမ္မကထာနှင့်ဝေဒလ္လကထာကို ပြောဟောကုန်လျက် မိမိကိုယ်တိုင်ပင် မယုံကြည်ခြင်း ပယ်ဖျက်ခြင်း ဖြည့်စွက်ခြင်းစသည်ကိုပြုကုန်လျှက် သာသနာကိုလည်းပျက်စီးစေပြီး ကိုယ်တိုင်လည်း အကုသိုလ်တရားတို့တိုးပွားစေကြလေတော့၏။ ဤသို့ဖြင့် ကဿပဘုရားရှင်၏ ဓမ္မ၀ိနယ သာသနာတော်ကြီးပျက်စီးရပြန်သတည်း။

    ထိုအချိန်မျိုးမှာ သာသနာတော်၏ခံတပ်အဖြစ် အမှန်တရားဖက်က မားမားမတ်မတ်ရပ်တည်ကာ သီလ၀န္တ ဓမ္မ၀ါဒီအရှင်မြတ်များက ဘုရားဟောအတိုင်း တစ်လုံးတစ်ပါဒမျှမလွဲအောင် ဟောကြားပြသတော်မူကြပါသော်လည်း လုံးဝလက်မခံကြတော့ပဲ အမှားကိုအမှန် အမှန်ကိုအမှား ပြုကြကုန်လျှက်  

ဝီလျှံရှိတ်စပီးယား ၊ဆိုကရေးတီး ၊ ဘားနတ်ရှော့စသော သာသနာတွေးခေါ်ပညာရှင်ကြီးများ၏ ဒဿနများကိုသာ အားကိုးအားထားပြုလျှက် လေ့ကျက်သင်ကြားပို့ချနေကြတော့၏ ထိုအကြောင်းကို ဘုရားရှင်တော်ကိုယ်တော်တိုင် အောက်ပါအတိုင်း ကြိုတင်မိန့်ကြားတော်မူခဲ့ပေ၏။

                   .........................................................
      မြတ်စွာဘုရား ဟောတော်မူအပ်ကုန်သော၊ နက်နဲကုန်သော၊ နက်နဲသော အနက်ရှိကုန်သော၊ လောကမှ ထွက်မြောက်ကြောင်း ဖြစ်ကုန်လျက် (သတ္တမှ) ဆိတ်သုဉ်းခြင်းနှင့်ယှဉ်ကုန်သော သုတ္တန်တရားတို့ကို ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြလိမ့်မည် မဟုတ်ကုန်၊ နားထောင်ကြလိမ့်မည် မဟုတ်ကုန်၊ သိရှိနားလည်လိုသော စိတ်ကို ဖြစ်စေကြလိမ့်မည် မဟုတ်ကုန်၊
     ထိုသုတ္တန်တရားတို့ကို သင်ယူအပ် အဖန်တလဲလဲ လေ့လာအပ်၏ဟူ၍ မှတ်ထင်ကြလိမ့်မည် မဟုတ်ကုန်၊
     
     ကဗျာဆရာတို့ ပြုအပ်ကုန်၍ ကဗျာဆရာတို့၏ဥစ္စာဖြစ်ကုန်သော ဆန်းကြယ်သော အက္ခရာ သဒ္ဒါပုဒ်ဗျည်းရှိကုန်လျက် (သာသနာတော်မှ) အပဖြစ်ကုန်၍ (သာသနာပဆရာတို့၏) တပည့်ဟော သုတ္တန်ပါဠိတို့ကို ဟောအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြကုန်လိမ့်မည်၊ နားထောင်ကြကုန်လိမ့်မည်၊ သိရှိနားလည်လိုသော စိတ်ကို ဖြစ်စေကြကုန်လိမ့်မည်၊ ထိုသုတ္တန်တရားတို့ကို သင်ယူအပ် အဖန်တလဲလဲလေ့လာအပ်၏ဟူ၍ မှတ်ထင်ကြကုန်လိမ့်မည်။ 
    
    ရဟန်းတို့ ဤသို့လျှင် တရားပျက်စီးခြင်းကြောင့် ဝိနည်းပျက်စီး၏၊ ဝိနည်းပျက်စီးခြင်းကြောင့် တရားပျက်စီး၏။
                     ....................................................

         ထိုရဟန်းတို့သည် တရားလက်လွတ် ငှက်တောင်ကျွတ်ဖြစ်ကာ အမြင့်ကောင်းကင်ယံမှ တစ်ဟန်တည်းအောက်သို့ထိုးဆင်းနေကြဘိသကဲ့သို့မောက္ခ၊သံသရာမှလွတ်ဖို့ရန်မစဉ်းစားကြတော့ပဲ လာဘ်လာဘများဖို့သာ ကြိုးစားရုန်းကန်ကာ ဘဏ်အကောင့်များဖွင့်လျှက် ရရှိလာသော လာဘ်လာဘများကို ကိုယ်ကျိုးစီးပွားအတွက် စုဆောင်းထားကြလေတော့၏ ၊ ရဟန်းသိက္ခာပုဒ်များကိုလည်းမလိုက်နာမဖြစ်တော့သော နောက်ဆုံးအဆင့်သိက္ခာပုဒ်များလောက်သာ လျော့လျော့ပေါ့ပေါ့သာကျင့်သုံးကြတော့၏။
တချို့ကား တစ်တက်စားလည်းကြက်သွန်၊နှစ်တစ်စားလည်းကြက်သွန်ဟုဆိုကာ ရဟန်းမူဟန်း အသွင်ပြင်မျှသာယူကြကုန်လျှက် လူကုံထံသူဋ္ဌေးကြီးများသဖွယ် မီလျံနာ ဘီလျံနာ ဘုန်းတော်ကြီးများ ဖြစ်လာကြလေတော့သည်။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၂) *****

      ရှေးရှေးသော ဘုရားရှင်တို့လက်ထက်တော်မှာ အချို့သော ဘုရားရှင်၏ သာသနာတော်သည်ကြာရှည်စွာ တည်တံ့ခိုင်ခံ့ပြီး အချို့သော ဘုရားရှင်တို့သာသနာကား မရှည်မကြာခဏတာဖြင့် ကွယ်ပရလေသည် ။

       အကြောင်းသော်ကား မဟာပရိနိဗ္ဗာနသုတ်တော်မှာ

     ဣမေ စ [မူကွဲ-ဣဓေဝ (က)] သုဘဒ္ဒ၊ ဘိက္ခူ သမ္မာ ဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ
   “ ငါ၏ချစ်သား ရဟန်းတို့သည် ကောင်းမွန်စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသမျှ ကာလပတ်လုံး လောကမှာ ရဟန္တာမဆိတ်သုဉ်းပါဘူး ၊ငါဘုရား၏ တရားရဖို့ရန် ဆုံးမညွှန်ကြားထားချက်တွေ အလကားမဖြစ်သေးပါဘူး”…….
      လို့ မိန့်မှာတော်မူထားသည်ကို ထောက်ဆသောအားဖြင့် ကျင့်ကြံကြိုးစား အားထုတ်နေသူ အရှင်မြတ်တို့ ရှိနေသေးသောကြောင့်သာ ပဋိဝေဓ သာသနာတော်မြတ်ကြီး စည်ပင်ထွန်းကားရပြီး ကျင့်ကြံအားထုတ်သူ ဆိတ်သုံးသွားသည်နှင့် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာများ ထိုးထွင်းမသိနိုင်ကြတော့ပဲ၊သာသနာတော်လည်း ဆုတ်ယုတ်ပျက်စီးသွားရပေတော့၏။

*****မိတ်ဆွေကောင်းနဲ့ ပေါင်းမိကြစေဖို့ (၁) *****

 
      အခါတစ်ပါး၌ အရှင်အာနန္ဒာမထေရ်မြတ်သည် မြတ်စွာဘုရားထံတော်သို့သွား၍ “မိတ်ဆွေကောင်းနှင့်ပေါင်းသင်းဆက်ဆံရခြင်းသည် အလွန်ပင် အကျိုးများလှပါတယ်ဘုရား ၊အမှုကိစ္စတို့၏ ငါးဆယ်ရာခိုင်နှုံးသည် မိတ်ဆွေကောင်းများ၏ ကူညီစောင်မမှုကြောင့် ပြီးစီးအောင်မြင်ရတယ်လို့ တပည့်တော် ယူဆပါမိပါတယ်”လို့ လျှောက်ထားတော့၊
     ''အာနန္ဒာ ယင်းသို့ မယူဆလိုက်ပါနဲ့ အမှူကိစ္စအားလုံး ရာနှုံးပြည့်ပင် မိတ်ဆွေကောင်းများကြောင့်သာ ပြီးစီးအောင်မြင်ရတယ်”လို့ မိန့်ကြားတော်မူခဲ့ပါတယ် ။
     မိမိဘ၀တစ်လျှောက်မှာလည်း မိတ်ဆွေများ သူငယ်ချင်းများ၏ကျေးဇူးကြောင့်ပင် အရာအားလုံး အဆင်ပြေချောမွေ့စွာဖြင့် ဖြတ်သန်းခဲ့ရတာပါပဲ ၊ မှတ်မှတ်ရရ မိမိ သာမဏေလင်္ကာရလုပ်နေစဉ်  အပြင်းအထန် အအေးမိပြီး ဖျားနာခဲ့ရပါတယ်၊ သို့သော် မိမိသည် အလွန်ပေသော သူတစ်ယောက်ဖြစ်သည့်အလျှောက် ဒီကိုဂျင်ကဲ့သို့သော အဖျားပျောက်ဆေးများကို အစာမရှိပဲလည်း တစ်လုံးပြီးတစ်လုံးသောက်၍သာ သင်္ကန်းခေါင်းမြီးခြုံ၍ အိပ်နေခဲ့ပါတယ်။
     အိပ်မောကျသွားသည်မှာ မည်မျှကြာသွားသည်မသိပေ ၊ညနေခင်းရောက်လို့ မိမိနိုးလာတဲ့အခါမှာတော့ သူငယ်ချင်းအားလုံးကလည်း ဘေးမှထိုင်နေကြတာတွေ့ရပါတယ်၊နောက် ကိုရင်အာစိဏ္ဏဆိုတဲ့ မိမိနဲ့စာအတူလုပ်ဖက်သူငယ်ချင်းက ပြောပြတယ်၊

     “မင်းအိပ်ပျော်နေတုန်း ချွေးတွေမတရားထွက်နေတာနဲ့ ငါတို့သင်္ကန်းတွေ လဲပေးထားတာကွ၊ ချွေးတွေဆိုကွာ အိုင်လို့ မင်းသင်္ကန်းကိုညှစ်ချလို့ရတယ် သိလား..။

     မိမိလည်း သူပြောပြမှ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိရာ အခြားသင်္ကန်းတစ်ထည်ဖြစ်နေကြောင်း သိရပေသည်။  အမှန်တကယ်ဆို မိမိသည် အအိပ်အနေအလွန်နည်းပြီး အိပ်ရေးအလွန်ဆပ်သူဖြစ်၏၊
ထိုနေ့ကား အိပ်ပျော်သွားခြင်းမဟုတ်ပဲ မေ့မျောသွားခြင်းပင် ဖြစ်တန်ရာသည်ဟု အောက်မေ့မိ၏။
    ထို့အပြင်လည်း သူငယ်ချင်းများ၏ မိမိအပေါ် ဂရုစိုက်ကာ ယင်းသို့ပြုစုကြခြင်းအပေါ် အလွန်ပင် ကျေးဇူးတင်မိနေတော့၏။ သူငယ်ချင်း အာစိဏ္ဏပြောလိုက်သော” မင်းအိပ်နေတုန်း ငါတို့သင်္ကန်းတွေ လဲပေးထားတာကွ ချွေးတွေဆို ရေညှစ်ချလို့တောင် ရတယ်”ဆိုတဲ့စကားဟာ ဦးဏှောက်ထဲမှာ (စိတ်ထဲမှာ)ပဲ့တင်မြည်ဟီးသွားသလိုလည်း အောက်မေ့လိုက်မိတယ်၊ယနေ့တိုင်အောင်လား ပြန်လည်ကြားယောင်နေမိသလိုပဲ တကယ်စွဲသွားတဲ့ ထူးဆန်းတဲ့စကားလုံးပဲ။
     အော် ဒီလိုသူငယ်ချင်း ကောင်းတွေကသာ ငါ့ကိုမပြုစုခဲ့ရင် အိပ်မောကျနေရင်းပင် သေများသွားလေမလားပဲ  ၊ အလွန်ကျေးဇူးကြီးလိုက်တဲ့ ငါ့အသက်ကိုကယ်ခဲ့တဲ့ သူငယ်ချင်းတွေပဲ”  လို့ ခံစားလိုက်ရပြီး မိမိကလည်း သူတို့ဖိနပ်မရှိရင်ဖိနပ် ၊စာအုပ်လိုရင်စာအုပ် ၀ယ်ယူလှူဒါန်းပေးလေ့ရှိပါတယ်။ မယ်တော်ကြီးလာတော့ သူတို့ကိုဝယ်ပေးတာ သိသွားပြီး ခမည်းတော်ကြီးကို ရွာရောက်တဲ့အခါ ပြန်ပြောပြပုံရပါတယ်။ အကြောင်းမှာ နောက်တစ်ခါ ရွာကစာလာသောအခါ မှာတမ်းတွေပါလာသောကြောင့်တည်း။
     ကျွန်ုပ်တို့ အညာဒေသသည်  အိုးကောင်းလျှင် “ဒေါင်-ဒေါင်”ဟု အသံမြည်သကဲ့သို့ ကျန်းမာရေးကောင်းတာကို ပြောချင်လျှင် “ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ ဟေ့”ဟု ပြောဆိုသုံးနှုံးကြလေသည်၊
     မယ်တော်ကြီးရွာပြန်ရောက်၍ မကြာမီ ခမည်းတော်ကြီးဆီမှ  မိမိထံပါးလိုက်သောစာကို သူငယ်ချင်းများနှင့်အတူတကွ ပျော်ပျော်ကြီးဖတ်နေကြရာမှ  “သားကိုရင်သာ ကျန်းမာရေးကိုဂရုစိုက်ပါ ၊ ကို့ရင့် မယ်တော်ကြီးရဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ”ဟူသော အသုံးအနှုံးကိုကြားရသောအခါ သူငယ်ချင်းများမှာ အထူးဆန်းသဖွယ် ၀ိုင်းရယ်ကြလေသည်။

Blog Archive

တရားဓမ္မများ နားကြားရန်


Music

Good Bye ..