Monday, September 10, 2012
* ကောင်းပေမယ့် ကြိုက်မှ ကြိုက်ပေမယ့် လိုက်နာမှ ဆုံးမရမယ်*
ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လက်ျာရံကိုယ်တော်ကြီးကို ဓမ္မသေနာပတိ ၊တရားစစ်သူကြီးလို့ တင်စားခေါ်ဝေါ်ကြပါတယ် ။  အရှင်သာရိပုတ္တရာက ညာဏ်ကြီးလွန်းတော်မူတော့ ဘုရားရှင်အလိုတော် ကျန ပြည့်ဝအောင်လည်း ဟောတော်မူနိုင်ပေတာကိုး။
     ဘုရားရှင်က  နေ့ညဉ့်မပြတ် ရဟန်းပရိတ်သတ် ၊လူပရိတ်သတ်တို့ကို တရားဟောကြား ဆုံးမတော်မူရသည်ဖြစ်ရာ တစ်ခါတရံ ခါးနာညောင်းညာတဲ့ဝေဒနာ ဖြစ်ပေါ်လာပါက အရှင်သာရိပုတ္တရာကို ဆက်လက်ဟောကြား ခိုင်းတော်မူလေ့ရှိပါတယ်။
*** ဆုံးမမှုနဲ့ မထိုက်တန်သူ***
                      ''မနုဿေဿဝ တေ သီသံ၊ ဟတ္ထပါဒါ စ ဝါနရ။
                        အထ ကေန နု ဝဏ္ဏေန၊ အဂါရံ တေ န ဝိဇ္ဇတိ"
               “အို အချင်းမျောက်…မင်းနှယ်ကွာ လူတွေလိုခြေတွေလက်တွေရှိပါလျှက်နဲ့ လူ့ဦးခေါင်းမျိုးကိုပိုင်ဆိုင်နေတာတောင် အိမ်မဲ့ယာမဲ့ဖြစ်နေရတယ်လို့ မင်းမှာဘာလို့ လူတွေလို အိမ်ခြေအတည်တကျ မရှိရတာလဲ”
      ဒီစကားရပ်လေး ဖြစ်ပေါ်လာတာကတော့ မဟာကဿပမထေရ်ကြီးရဲ့ တပည့်ငယ်တစ်ပါးကြောင့်ပါ။ ဖြစ်ပုံကတော့ မထေရ်ကြီးမှာ အနီးနေတပည့်ကိုရင် နှစ်ပါးရှိတယ်။ တစ်ပါးက အရှင်မဟာကဿပကြီးရဲ့ ဝေယျာဝစ္စ တောက်တိုမယ်ရဟူသမျှကို
အကုန်လုပ်ကူသလောက် ကျန်တစ်ပါးကတော့ ချောင်ခိုနေတယ် ဘာမှမလုပ်ဘူးတဲ့ ။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၃၀) နိဂုံး***
                                       မေတ္တာပွားရမည့် အရပ်မျက်နှာ
         ဘုရားရှင်ကိုယ်တော်မြတ်က မေတ္တာကမ္မဋ္ဌာန်းပွားများမည့်သူရဲ့ ထားရှိရမည့် စိတ်နေသဘောထားကို ဟောကြားတော်မူပြီးနောက် မေတ္တာပွားများရမယ့် အရပ်မျက်နှာများကိုလည်း ညွှန်ကြားပြသတော်မူလို၍
         “အထက်အရပ်ကို ဘဝဂ်တိုင်အောင်  အောက် အရပ်ဆိုလျှင် အဝီစိတိုင်အောင် ၀ဲယာရှေ့နောက်  ထက်အောက် ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော အတွင်းရန် အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရမယ်လို့ ဆက်လက်ဟောကြားပေးတော်မူပါတယ်။
Sunday, September 9, 2012
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၉)***
                              သားမီး လောင်မြိုက်ခြင်းခံရသော  ကိသာဂေါတမီအကြောင်း
     သားသေကိုမစွန့်ပစ်နိုင်တဲ့ ကိသာဂေါတမီအကြောင်းလေးရေးဦးမယ်ဆိုတော့    ဓမ္မပဒ ၊ဒဏ္ဍ၀ဂ် မဟာမောဂ္ဂလာနထေရ၀တ္ထုလာ ဂါထာလေးတွေကို ပြေးသတိရမိတယ်- ကိသာဂေါတမီနဲ့မဆိုင်ပေမယ့်လည်း စီးပွားဥစ္စာတွေအလိုလျှောက်ပျက်စီးသွားပြီး
ရွှေတုံးကမီးသွေးဖြစ်သွားတဲ့ သူ့ယောက္ခမသူဋ္ဌေးကြီးဖြစ်ရပ်နဲ့ တိုက်ဆိုင်နေလို့ပါ။  ဂါထားများကတော့  
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၈)***
                                              ဘယ်လိုစိတ်ထားနဲ့ မေတ္တာပွားမယ်
          ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မေတ္တာပွားများရသူတို့ ရှိရမည့် အင်္ဂါရပ်များနဲ့ ပွားများပုံပွားများနည်းစံနစ်တို့ကို ဟောကြားတော်မူပြီးနောက်မှာ ဘယ်လိုစိတ်ထားနဲ့ မေတ္တာပွားရမယ်ဆိုတာကို ထပ်မံဟောပြတော်မူလို၍
                      မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ။ 
                      ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ-                            
     “မိခင်ရင်းဟာ  မိမိကိုယ်တိုင် ၀မ်းနဲ့ ကိုးလလွယ် ဆယ်လဖွားခဲ့ရတဲ့ တစ်ဦးတည်းသော သားကလေးကို သက်ရှည် ကျန်းမာ ဘေးရန်ကွာဖို့  သေချာဂရုတစိုက် ပြုစုစောင့်ရှောက်သလို  သတ္တဝါအားလုံးတို့အပေါ်မှာလည်း ဒီအနှိုင်းမဲ့မေတ္တာမျိုးနဲ့ အကျိုးလိုလား မေတ္တာပွားရမယ်”     
                         ဆိုပြီး ဆက်လက်ဟောကြားတော်မူလိုက်ပြန်ပါတယ်။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၇)***
                                   မေတ္တာသုတ်လာ မေတ္တာပွားများနည်း အကျယ်
     အထက်မှာဖော်ပြခဲ့တဲ့ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ ဆိုတဲ့ ဂါထာဝဂ်ဖြင့် အပ္ပနာဈာန်ရသည့်တိုင် မေတ္တာပွားများနည်းကို (၁)နံပါတ် အကျဉ်းနည်းကို ထုတ်ဆောင်ဟောပြတော်မူပြီးနောက်
        မေတ္တာပွားများပုံကို     အကျယ်အားဖြင့်(၁၀)နည်းကို ထပ်မံ ဟောပြတော်မူလို
အောက်ပါ စတုတ္ထ နှင့် ပဉ္စမဂါထာနှစ်ပုဒ်ကို ဆက်လက်ဟောကြားတော်မူခဲ့ပါတယ်။
  ၄။  ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝနဝသေသာ။
        ဒီဃာ ဝါ ယေဝ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
    ၅။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ 
       ဘူတာ ဝ သမ္ဘဝေသီ ဝ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
                                 …………………………………………..  
     စတုတ္ထဂါထာလာ ပါဏအရ  -ထွက်သက်ဝင်သက်ရှိတဲ့ (အသက်ရှုတဲ့)ခန္ဓာငါးပါး ပဉ္စဝေါကာရ သတ္တဝါများကိုယူရမည်ဖြစ်ပြီး ၊ ဘူတ အရကတော့ ထွက်သက် ဝင်သက်မရှိပဲ နာမ်ခန္ဓာလေးပါးသာရှိတဲ့ (အသက်မရှုတဲ့)စတုဝေါကာရ အရူပဗြဟ္မာများ ၊ အသညသတ်ဆိုတဲ့ ဧကာဝေါကာရ ရုပ်ခန္ဓာတစ်ပါးသာရှိတဲ့သတ္တ၀ါများကို ယူရမှာဖြစ်ပါတယ်။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၆)***
         ရေကန်တစ်ကန်ထဲမှာ ရေကလည်းအမြဲနေပြီး အေးမြ ကြာပန်းတွေနဲ့လည်းလှပနေစေချင်တယ်ဆိုရင် ရေကန်ဘောင်ကို ခိုင်အောင်အရင်လုပ်ရတယ်မဟုတ်ပါလား ၊ ယခုလည်း မြတ်စွာဘုရားရှင်က နတ်ကြမ်းတဲ့တောအတွင်းမှာ တရားသွားအားထုတ်မရတဲ့ ရဟန်းငါးရာကို ကမ္မဋ္ဌာန်းလည်းဖြစ် အစောင့်ရှောက်လည်းဖြစ်တဲ့ မေတ္တာဘာဝနာကိုဟောပြတော်မူရာမှာ မေတ္တာပွားများပုံကိုတန်းမဟောသေးဘဲ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းမည့် ယောဂီသူတော်စဉ် သူတော်ကောင်းလိုက်နာရမယ့် အင်္ဂါ(၁၅)ပါးကို ရေကန်ဘောင်ခိုင်အောင်လုပ်သကဲ့သို့ ရှေးဦးစွာဟောပြတော်မူပါတယ်။
     ထို့နောက် မကျိုးမပေါက်ခိုင်ခံ့ပြီး ရေကြာရှည်စွာတည်တံ့နိုင်တဲ့ ရေကန်ထဲမှာ ရေဖြည့်သကဲ့သို့ မေတ္တာပွားများပုံကို
       “သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ”   ဆိုပြီး စတင်ဟောကြားတော်မူပါတယ်။
ယင်းမေတ္တာဘာဝနာ ပွားများခြင်းသည်ပင် ထိုနတ်ကြမ်းတောအုပ်သို့ပြန်ကြွပြီး တရားဘာဝနာပွားများမည့် အရှင်များအတွက် နတ်များနှောက်ယှက်မည့်ဘေးမှလည်း ကာကွယ်ပေးမည့် အရံအတား အကာအကွယ်ဖြစ်မှာဖြစ်ပြီး ၀ိပဿနာ၏အခြေခံ မေတ္တာဈာန်ရနိုင်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်စေတဲ့ နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။
                            မေတ္တာသုတ်တော်လာ မေတ္တာပွားများနည်းစံနစ်
      ဒီနေရာမှာ   သုခိနော ဆိုတာက ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ၊
ခေမိနောဆိုတာက -ဘေးရန်ကင်းပါစေ (ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ)လို့ မေတ္တာပွားများပုံဖြစ်ပါတယ် ။
     ဒီတော့ မေတ္တာသုတ်တော်မှာ မြတ်စွာဘုရားညွှန်ကြားထားတော်မူတဲ့အတိုင်း မေတ္တာပွားများချင်တယ်ဆိုရင်တော့
 (၁)သဗ္ဗေ သတ္တာ သုခိနော ဟောန္တု-
သတ္တ၀ါအားလုံး ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ။
 (၂)  ခေမိနော ဟောန္တု-
ဘေးရန်ခပ်သိမ်း ငြိမ်းအေးကြပါစေ။
 (၃) သုခိတတ္တာ ဟောန္တု''
ချမ်းသာရွှင်ပြသော စိတ်ထားရှိကြပါစေ..လို့ ပါဠိသက်သက်ဖြစ်စေ /မြန်မာပြန်သက်သက်ဖြစ်စေ /ပါဠိ နှင့် အနက်မြန်မာရောလျှက်ဖြစ်စေ မိမိနှစ်သက်သလို ရွတ်ဆိုပွားများနိုင်ကြပါတယ်။
       တစ်နံပါတ်က ကိုယ်ချမ်းသာမှုကိုရည်ရွယ်မေတ္တာပို့တာဖြစ်ပြီး ၊သုံးနံပါတ်ကတော့ စိတ်ချမ်းသာမှုကိုရည်ရွယ်မေတ္တာပို့တာဖြစ်ပါတယ်။
            မင်းကွန်းဆရာတော်ဘုရားကြီးကတော့ တစ်နံပါတ်နှင့် သုံးနံပါတ်ကိုပေါင်းပြီး လင်္ကာစပ်ကာ
     *လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ(၁/၃)
     *ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ(၂)…လို့ မေတ္တာပွားစေတော်မူခဲ့တာဖြစ်ပါတယ်။
                         *  သဗ္ဗေသတ္တာမှာ ကြမ်းပိုးနဲ့ ကြွက်မပါ မလုပ်ရ *
     သဗ္ဗသတ္တာဆိုတာက လောကကြီးမှာ ရှိရှိသမျှ မိတ်ဆွေ ရန်သူအားလုံး (လုံးစုံများစွာ ၊ သတ္တ၀ါ ) ကိုမေတ္တာပွားများရမယ်လို့ မေတ္တာပွားများရမယ့်သတ္တ၀ါများကို သတ်မှတ်ဖော်ပြတာပါပဲ။ အပိုင်အခြားမပြိုပဲ မိမိမကြိုက်မနှစ်သက်သူများကို မေတ္တာပို့ရာတွင် ချန်ထားမိခဲ့ပါက သတ္တ၀ါအားလုံးထံမရောက်သဖြင့် ဘုရားလက်ထက်တော်က တက္ကတွန်းတိတ္ထိကြီးများ ဥပုသ်သီလပေးသကဲ့သို့ဖြစ်နေပါလိမ့်မည်။
     သူတို့နဲ့ တပည့်များဟာ သီလရှိသူလို့လည်းနာမည်ခံချင် ၊ လုံအောင်လည်းမထိန်းနိုင်ကြတော့
      ''အမောင်ယောက်ျား သင်သည်
  အရှေ့အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့
 အနောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊
 မြောက်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့၊
 တောင်အရပ် ယူဇနာတစ်ရာ အပြင်ဘက်ရှိ သတ္တဝါတို့၌ လက်နက်ကို ချထားလော့''
      လို့ ဆောက်တည်စေကြပါသတဲ့ ။ ဒီတော့ ယူဇနာတစ်ရာအတွင်းသတ္တ၀ါများလည်းသတ်လို့ရ ဥပုသ်သီလလည်းရဆိုပြီး နာမည်ခံဥပုသ်သယ် လုပ်နေကြတာပါ။
     ယခုလည်း သဗ္ဗေသတ္တာထဲမှာ  ကြမ်းပိုးနှင့်ကြွက် ခြင်မပါဟုဆိုကာ   မေတ္တာသုတ်ကိုလည်းရွတ်လျှက်
ခြင်လည်းရိုက်လျှက်ဆိုက မေတ္တာသုတ်သာ ကြက်တူရွေးစာအံသလိုရနေပေမယ့် ဘာအကျိုးမှ ရှိမယ် မဟုတ်ပါဘူး။
                  သဗ္ဗေသတ္တာဟု သတ္တ၀ါအားလုံးကို မေတ္တာပွားများရနိုင်မည့် အချိန်
(၁)အတ္တ- မိမိကိုယ်ကို
(၂)ပီယ-ချစ်ခင်နှစ်သက်အပ်သူ
(၃)မဇ္ဈတ္တ-ရန်သူမဟုတ် မိတ်ဆွေမဟုတ် ကြားမှ မသိမခင်မရင်းနှီးသူများ
(၄)ဝေရီ-မိမိအကျိုးမဲ့ကိုပြုလုပ်ခဲ့ ပြုလုပ်ဆဲ ပြုလုပ်မယ့်သူဖြစ်လို့ မုန်းသူ၊ မချစ်မနှစ်သက်သူဆိုတဲ့ ပုဂ္ဂိုလ်အမျိုးအစားလေးမျိုးကို သာတူညီမျှ တစ်တန်းတည်းထားနိုင်မှသာလျှင် သဗ္ဗေသတ္တာလို့ ပွားများနိုင်မှာဖြစ်ပါတယ်။
     ဥပမာ ခိုးသားဓားပြများက အထက်ပါလူလေးယောက်မှ တစ်ယောက်ယောက်ကိုသတ်ကာ ယဇ်နတ်ပူဇော်ရလိမ့်မည် တစ်ယောက်ကိုလွှတ်လိုက်ပါလို့ တောင်းဆိုလာသည်ဆိုပါစို့ ။
      မိမိနှင့် ပလဲနံပ မသင့်တဲ့ ရန်သူ မိမိမချစ်တဲ့သူကို ထုတ်ပေးလျှင် ၊ ဒါမှမဟုတ် ရန်သူကိုတော့နေပစေ ကိုယ်နဲ့မသိတဲ့ မရင်းနှီးတဲ့လူစိမ်းကိုထုတ်ပေးလျှင် ၊သို့မဟုတ် ခြားသူများကိုမေတ္တာရအောင်ထားပါမည် ငါ့အချစ်ဆုံးသူကိုသာ ထုတ်ပေးလျှင် မိမိလောက် အခြားသူများကို တစ်သားတည်းမချစ်နိုင်သေး၍ စစ်မှန်တဲ့မေတ္တာလို့ မဆိုနိုင်သေးပါဘူး။
      ဒါမှမဟုတ်  ကိုယ်ကိုယ်တိုင်ပဲ ထိုအခြားသူများအတွက် အသက်စတေးလိုက်မည်ဟုဆိုပြန်ပါကလည်း သူတစ်ပါးကိုသာချစ်ပြီး မိမိကိုယ်ကိုယ်ကျ သူတစ်ပါးလောက်မေတ္တာမထားနိုင်သူ ကိုယ့်ကိုယ်ကိုမေတ္တာမရှိသူလို့ သတ်မှတ်ရပါလိမ့်မယ်။
                               *  ကိုယ့်ကိုယ်ကိုယ်ပင်  မေတ္တာမပို့ချင်သူ *
       တစ်ခါက တကာမတစ်ဦးက မိမိအား လျှောက်ထားမေးမြန်းဖူးပါတယ်။
  “အရှင်ဘုရား တပည့်တော် မေတ္တာတော့ပို့ချင်တယ်ဘုရား ဒါပေမယ့် အဟံ အဝေရော ဟောမိ ဆိုတာကြီးကိုတော့ မကြိုက်ဘူး သတ္တ၀ါတွေမေတ္တာပို့ပါတယ်ဆိုမှ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်ရင် အတ္တကြီးသူဖြစ်နေမှာပေါ့..”တဲ့
    “ သြော် တကာမကြီး မေတ္တာအစစ်အမှန်ပွားနိုင်တဲ့သူဆိုတာက မိမိနဲ့ သူတစ်ပါး တစ်သားထဲကြပြီး သီမာသမ္ဘေဒ အပိုင်းခြားပြိုမှ မေတ္တာအပြည့်ဝ ပွားလို့ရတာဗျ ။ မိမိချည်းထဲပွားနေပြီး သူတစ်ပါးမပါရင်တော့ အတ္တတစ်ကိုယ်ကောင်းဆန်တဲ့တဏှာဖြစ်မှာပေါ့။ ခုဟာက မိမိဘေးရန်ကင်းချင်သလို သူတို့လည်းဘေးရန်ကင်းကြပါစေလို့ ဆိုလိုတာဗျ၊ အတ္တဗဟိုဠ်ပြုတဲ့မေတ္တာမဟုတ်ပါဘူး။  ဘုရားရှင်က ဓမ္မပဒ ဒဏ္ဍ၀ဂ်မှာ
            သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
            အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။
        (သင်အပါအ၀င် )သတ္တ၀ါအားလုံး ဘေးဒဏ် ရန်မာရ် အန္တယ်ရာယ်တွေနဲ့ သေဘေးကနေ ကြောက်ကြတာချည်းပဲ ဒီတော့ ကိုယ့်ကိုယ်နဲ့နှိုင်းပြီး သူတစ်ပါးစိတ်ကိုခံစား စာနာသနားကာ
သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲပါနဲ့
         လို့ ကိုယ်ချင်းစာတတ်ဖို့ စာနည်းလေးပေးကာ ဟောကြားတော်မူခဲ့ပါတယ်။ ဒါကိုထောက်ရင် မေတ္တာပို့တဲ့အခါမှာ မိမိကိုယ်ကိုလည်း ပို့ရမယ်။ နောက်ပြီး မိမိချမ်းသာချင်သလို သတ္တ၀ါအားလုံးလည်း…လို့ ပို့ကြရမှာပေါ့။
      ဒါ့ကြောင့် ချစ်သူ ၊သူစိမ်း ၊ ရန်သူ ဒီဦးလုံးနှင့် မိမိကိုယ်အား ခွဲခြားမရအောင် တစ်သားတည်းဖြစ်နေမှသာ မေတ္တာသုတ်တော်လာအတိုင်း သဗ္ဗေ သတ္တာ သုခိနော ဟောန္တု လို့ အမှန်အကန်ပွားများနိုင်မှာဖြစ်ကြောင်းကိုလည်း တင်ပြပေးလိုက်ရပါတယ်။
                         မေတ္တာများစွာဖြင့်  လင်္ကာအရှင်(မုံရွာ)
                                  ဆက်လက်ဖော်ပြပါဦးမည်
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၅)***
                                   * သမီးအလှအား ရေစက်ချလှူမည့် အလှူရှင်ကြီး *
       ဘုရားရှင်လက်ထက်တော် အခါက ကုရုတိုင်းသူလေးများဟာ နတ်မိမယ်တမျှ အလွန်လှပကြတယ်လို့ ဆိုပါတယ်။ ယင်းအလှမယ် ကုရုတိုင်းသူများကြားမှာ အလှဘုရင်မတစ်ပါးအဖြစ် ရေပန်းစားနေသူကတော့ ကမ္မာသနိဂုံးသူလေး မာဂဏ္ဍီပါပဲ။ အခြားသူများလည်း လှပေမယ့်  ငယ်မူငယ်သွေးဖြင့် အလှပေါ်အယဉ်ဆင့်နေတဲ့ မာဂဏ္ဍီကိုတော့ ဘယ်သူမှလိုက်မမှီကြဘူး။ ဒီတော့ ကုရုတိုင်းသာမက အနယ်နယ်အရပ်ရပ်က သူဋ္ဌေးသူကြွယ်တွေကလည်း ချွေးမတော်ကြဖို့ အပြိုင်ကြိုးစားနေကြတော့ မာဂဏ္ဍီလေး ဈေးကောင်းရနေတယ်လို့ပဲ ဆိုရမှာပေါ့။ မာဂဏ္ဍီကလှရုံတင်မဟုတ် သူ့မျိုးရိုးဂုဏ်ကလည်း ပညာချွန်ပညာတတ်တွေချည်းပဲ အဖေရော အမေပါ အနာဂါတ်ကိုအတတ်ဟောနိုင်ကြတဲ့ ဗေဒင်ပညာကျော်ကြီးတွေဖြစ်လို့ သာမာန်လူတန်းစားများအဖို့ရာမှာ မာဂဏ္ဍီဆိုတာ သူတို့နဲ့ပင်ထိုက်တန်တယ်လို့မမြင်ရဲကြတော့ဘူးတဲ့။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၄)***
                                  *ဆယ့်ငါးခုမြောက် နောက်ဆုံးအင်္ဂါ  *
      မေတ္တာသုတ္တာန်မှာ ဘုရားရှင် စည်းကမ်းချမှတ်ပေးတော်မူတဲ့အတိုင်း တစ်ခုချင်းရေးသားလာခဲ့ရာမှာ
(၁)သက္ကော- ကျင့်စွမ်းနိုင်ရမည်၊
(၂)ဥဇူ စ -ကိုယ်နှုတ် ဖြောင့်မတ်ရမည်၊
(၃)သုဟုဇူ စ- စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊
(၄)သုဝစော စဿ- ဆိုဆုံးမ လွယ်ရမည်၊
(၅)မုဒု - စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊
(၆)အနတိမာနီ-လွန်ကဲမြင့်မောက်သော မာနမရှိရာ။
(၇)သန္တုဿကော စ-  ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်၊
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၃)***
                         *ကုလေသွနနုဂိဒ္ဓေါ - အမျိုးဒါယကာတို့အပေါ်မှာ  တွယ်တာမှုကင်းရမယ်*
     ကုလ ဆိုတာက အမျိုး/ဒါယကာ ဒါယိကာမတို့ကိုဆိုလိုတာဖြစ်ပြီး  အနုဂိဒ္ဓ ဆိုတာကတော့ တွယ်တာတပ်မက်တာပေါ့။ ဆွမ်းခံခြင်းစသည်ဖြင့် အမျိုးဒါယကာတို့ အိမ်သို့ချဉ်းကပ်တဲ့အခါ သူတို့လှူမယ့် ဆွမ်းကောင်းဟင်းကောင်းပစ္စည်းကောင်းလေးတွေကို မက်မောတွယ်တာတာတို့ လှူဒါန်းပူဇော်တဲ့ ထိုဒါယကာဒါယိကာမတို့နဲ့ ခင်မင်ရင်းနှီးပြီး သားအရင်းအမေအရင်းပမာ သံယောဇဉ်တွယ်နေမိကြတဲ့သဘောတွေဟာ အမျိုး၌ ငြိကပ်နေမှုတွေပါပဲ။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၂)***
                            *အပ္ပဂဗ္ဘော -  ကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့၌  ကြမ်းတမ်းရိုင်းပြမှု မရှိရာ*
      အပ္ပဂဗ္ဗဆိုတာကတော့ ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့ရမယ်လို့ဆိုလိုတာပါ ဒီတော့ Negative ဆန့်ကျင်ဖက်အဓိပ္ပါယ် အကိုဖြုတ်လိုက်ရင် ပဂဗ္ဘ လို့ပါဠိရှိတာပေါ့ ပဂဗ္ဘဆိုတာကတော့   ရိုင်းပြတာ ကြမ်းကြုတ်တဲ့အမူရာလို့ဆိုပါတယ်။ အဋ္ဌကာမှာတော့  ထိုကြမ်းတမ်းရိုင်းပြတဲ့ပဂဗ္ဘဆိုရာမှာ
(၁)ကာယပဂဗ္ဘ ရှစ်မျိုး
(၂)၀စီပဂဗ္ဘ လေးမျိုးနဲ့
(၃)မနောပဂဗ္ဘများဆိုပြီး သုံးမျိုးသုံးစားရှိပါသတဲ့။
                                                         * ကာယပဂဗ္ဘ(၈)ပါး *
(၁) သံဃာ့ပရိတ်သတ်/လူပရိတ်သတ်အလည်မှာ ဒူးထောင်ပေါင်ကာထိုင်ခြင်း ကျန်းမာပြီးကောင်းစွာထိုင်နိုင်ပါလျှက် ဒူးနှစ်ဖက်ကို အ၀တ်/လက်ဖြင့်သိုင်းကာ ပျင်းရိသူတစ်ယောက်ပမာထိုင်နေခြင်း၊ ပရိတ်သတ်အလည်ကဲ့ရဲ့ဖွယ်အမူရာများပြုလုပ်ခြင်းတို့ဟာ
Sunday, August 26, 2012
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၁)***
                                       *နိပကော စ-ရင့်ကျက်သော ပညာနဲ့လည်း ပြည့်စုံရမယ်*
        " နိပကော" ဆိုတာ ဘာပါလိမ့်လို့ အဋ္ဌထကာအဖွင့်လှမ်းမျှော်ကြည့်လိုက်တော့ ကျင့်ဝတ်သီလတွေကို ဘယ်သို့ဘယ်ပုံဖြည့်ကျင့်ရမယ် ၊စောင့်ထိန်းရမယ်။ သင်္ကန်းသပိတ်ပရိက္ခရာကို အပ်စပ်တဲ့နည်းနဲ့ မည်သို့မည်ပုံ ရှာမှီးခံယူသုံးစွဲရမယ်၊ ကမ္မဋ္ဌာန်းအားထုတ်ဖို့ရန် လျှော်ကန်တဲ့နေရာဟုတ်မဟုတ်၊ ဥတုသပ္ပါယမျှမျှ၊ပုဂ္ဂလသပ္ပါယ်ဖြစ်မဖြစ်ကို စီစစ်ဝေဖန်နိုင်တဲ့ပညာရှိရမယ်လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
       ဒီလောက်ဆိုရင်ကို ပြောမှသိထိမှနာတတ်တဲ့ ငထုံငထိုင်းတစ်ယောက်မဟုတ်ရဘူးဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကိုရေးနေရင်းနဲ့  ဇာတ်အဋ္ဌကထာလာ ဒုကနိပါတ်မှ သောမဒတ္တဇာတ်ကို သတိရမိလိုက်ပါတယ်။ ဒီဇာတ်ကိုဟောရတာကတော့ ဘုရားလက်ထက်တော်က
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂၀)***
      *သန္တိန္ဒြိယော စ-တည်ငြိမ်ညိမ်သက်သော စက္ခုစသား ခြောက်ပါးသော ဣနြေ္ဒတို့လည်းရှိရမယ်*
       စက္ခုစသားဆိုတာက မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ခြောက်ဒွါရကိုဆိုလိုတာဖြစ်ပါတယ်။ တည်ကြည်ငြိမ်သက်ရမယ်ဆိုတော့ ဘယ်လိုလုပ်ရမှာပါလိမ့်၊ ဣဋ္ဌ အနိဋ္ဌကောင်းကောင်းဆိုးဆိုး အာရုံမျိုးတွေနဲ့ကြုံတွေ့လာရင် တုန်လှုပ်မှုမရှိအောင် လောဘဒေါသတွေကြောင့် တစ်ဖျတ်ဖျတ်ခါမသွားအောင် သတိတရားလက်ကိုင်ထားပြီး အမြဲတမ်းစောင့်ကြည့်နေရမယ်လို့ ဆိုလိုတာပါ။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၉)***
                                 *သလ္လဟုက၀ုတ္တိ၊ ပေါ့ပါးလွယ်ကူတဲ့ အသက်မွေးမှုရှိရမယ်* 
           ဘုရားရှင်က “အတောင်ရှိသော ငှက်သည် ၀န်အပိုမပါ မိမိလိုရာခရီးကို အတောင်ပံတစ်စုံကိုသာ သယ်ဆောင် ပျံသန်းသကဲ့သို့ ရဟန်းဆိုတာ  ကိုယ်ကို မျှတစေနိုင်ရုံသော သင်္ကန်းသုံးထည် ဝမ်းကို မျှတစေနိုင်ရုံ ဆွမ်းမျှနဲ့သာ နေထိုင်သီတင်းသုံးနိုင်တယ်၊
သွားလေရာရာ ပရိက္ခရာရှစ်ပါးကိုသာ ဆောင်ယူသွားလေ့ရှိတယ်”…လို့ ဒီဃနိကာယ်လာ သာမညဖလသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ဒါ့ကြောင့် မိမိတို့ ရဟန်းတော်များရော သံသရာဝဋ်ဒုက္ခကလွယ်လွက်ကူကူလွတ်မြောက်ချင်ကြသူ ယောဂီသူတော်စဉ်များပါ လွယ်ကူပေါ့ပါးတဲ့အသက်မွေးမှုရှိကြဖို့လိုပါတယ်။ တစ်ဘ၀လုံးမပြောနဲ့ ဟိုနားဒီနားသွားတာတောင်မှ ခန္ဓာကိုယ်အသုံးအဆောင်ပစ္စည်းများစွာသယ်ပိုးပြီး သွားလာနေကြရတာကိုက ဘယ်လောက်ဒုက္ခရောက်ကြတယ်ဆိုတာ သေချာတွေးကြည့်ရင် နားလည်ပါလိမ့်မယ်။
     ဘုရားရှင်ကတော့ ရဟန်းတော်များကိုလည်းရှာဖွေစုဆောင်းပြီး ရရသမျှ သိုမှီးသိမ်းဆည်းနေတဲ့ ကြွက်လိုမကျင့်ကြဖို့နဲ့ ၊ လွယ်ကူပေါ့ပါးစွာလိုရာကို ပျံသန်းနိုင်ကြတဲ့ ငှက်လိုရဟန်းတော်မျိုးဖြစ်အောင် နေထိုင်ကြရမည်လို့ ဆုံးမသြ၀ါဒပေးတော်မူခဲ့မြဲဖြစ်ပါတယ်။
                         သင်္ကန်းပရိက္ခရာများ ကြွယ်ဝချမ်းသာသောရဟန်းတစ်ပါးအား ဘုရားဆုံးမခဲ့ရပုံ
        ဓမ္မပဒအဋ္ဌကထာလာ  ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထုမှာဥစ္စာဘဏ္ဍာများတဲ့ရဟန်းကို ဘုရားဆုံးမခဲ့ရပုံကိုဖော်ပြထားပါတယ်။ သာဝတ္ထိမြို့သား သူကြွတစ်ယောက်ဟာ သူချစ်လှတဲ့ ဇနီးချောကလေးသေဆုံးသွားတော့
Friday, August 24, 2012
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၈)***
                                      *အပ္ပကိစ္စော စ-အမှုကိစ္စနည်းပါးသူ၏အဖြစ်၎င်း*
         တရားဘာဝနာပွားများအားထုတ်မယ့်သူဆိုတာ အမှုကိစ္စနည်းပါးရမယ်ဆိုတဲ့ မေတ္တာသုတ်လာ စကားရပ်လေးတွေ့မိတော့  မိမိရဲ့ဖခင်ကြီးနဲ့ ငယ်စဉ်ကလေးဘ၀ကို ပြန်အမှတ်ရလိုက်မိပါတယ်။
      ဘာလို့လည်းဆိုတော့ ဖခင်ကြီးက ၀ီရိယလည်းကောင်းတယ် အလုပ်လည်းကြိုးစားပြီး မနားတမ်းဇယ်ဆက်သလို အလုပ်လုပ်သူကိုး။
Tuesday, August 21, 2012
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၇)***
                                 *သုဘရော စ-မွေးမြူ(ပြုစုထောက်ပံ့ရ)လွယ်သူ၏အဖြစ်သည်၎င်း*
      လူဒါယကာများက တတ်စွမ်းသမျှ လှူဒါန်းထောက်ပံ့ကြတာကို မငြီးမငြူ မဆူမအောင့် ကြည်လင်ချမ်းမြစွာ ခံယူသုံးစွဲသူဟာ လူဒါယကာတို့လွယ်ကူစွာ လှူဒါန်းထောက့်ပံ့နိုင်တဲ့ ရဟန်းတော်မျိုးဖြစ်ပါတယ်။
     ဆင်းရဲသူဆင်းရဲသားများဆိုတာ သဒ္ဓါတရားနဲ့ ချက်ပြုတ်လှူဒါန်းကြပေမယ့် သူတို့စွမ်းအားအလျှောက်စီမံကြရလို့ ခေါင်းပါးတဲ့ ဆွမ်းကြမ်းဟင်းကြမ်းများပဲလှူနိုင်ကြမှာပေါ့၊ သူဋ္ဌေးသူကြွယ်များဆွမ်းကပ်တဲ့အခါလည်း ဟင်းကောင်းဆွမ်းကောင်းများကို ယင်းတို့သုံးဆောင်သလိုပဲ ရဟန်းတော်တွေလည်း ဘုဉ်းပေးကြရပြန်တာပါပဲ။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၆)***
                                          *သန္တုဿကော စ- ရောင့်ရဲလွယ်သူလည်းဖြစ်ရမယ်*
      ဘုရားရှင်ကိုယ်တော်တိုင်က  မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းကြမယ့် ရဟန်းတော်ငါးရာအား မေတ္တာသုတ္တာန်ကိုဟောကြားပေးတော်မူရင်း  အထက်ပါ အင်္ဂါရပ်ကို ထပ်မံဟောကြားထားတော်မူခဲ့တာဖြစ်ပါတယ်။။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၅)***
                                                    * မာန်(၉)မျိုး*
        လောကမှာ အခြေခံလူတန်းစားများ၊ အလယ်အလတ်တန်းစားနဲ့  အထက်တန်းလွှာဆိုပြီး(၃)မျိုးသုံးစားရှိကြပြီး
ဘယ်အလွှာမှာပဲဖြစ်ဖြစ်   မိမိထက်ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာအားဖြင့်မြင့်မြတ်တဲ့သူတွေကို
တွေ့ပြန်တော့လည်း “အိုကွာ ငါတို့ကသူတို့လောက်လောဘမရှိလို့ ဒီအဆင့်တင်ကျေနပ်နေတာပါ။ သူချမ်းသာကြွယ်ဝတာက သူ့အတွက်ပဲ ကိုယ့်အတွက်ဘာအကျိုးရှိတာမှတ်လို့၊ လောကမှာကိုယ်လုပ်မှကိုယ်စားရတဲ့ဟာကို အထင်မကြီးပါဘူး”ဆိုပြီးဖြစ်တတ်တဲ့ အောက်ကလူရဲ့
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၄)***
                                                      * မုဒု-စိတ်ထားနူးညံ့ပျော့ပြောင်းသူ *
           မေတ္တာသုတ်လာ  ကရဏီယမတ္ထကုသလေန ဂါထာတော်၌ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းလိုသော သူတော်စဉ်သူတော်ကောင်းများပြည့်စုံရမယ့် နောက်ထပ် အင်္ဂါရပ် တစ်မျိုးကတော့ မုဒု-ဖြစ်ပါတယ်။
        အဓိပ္ပါယ်ကတော့
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၃)***
                              သုဝစော စ -ဆိုဆုံးမလွယ်သူသည်လည်း၊အဿ-ဖြစ်ရာ၏။
         မေတ္တာသုတ္တာန်လာ ဆိုဆုံးမလွယ်တဲ့သူဆိုတာ…..
        မသိနားမလည်လို့အမှားလုပ်မိတာ၊မသင့်တာကြံမမှန်တာပြောမိတာတွေကို တတ်သိနားလည်သူများက
အဆုံးမသြ၀ါဒပေးတဲ့အခါ
             “၀မ်းမြောက်လှပါတယ်ဘုရား၊ကိုယ့်ကျောပြင် ကိုယ်မမြင်နိုင်သလိုပဲ ကိုယ့်အပြစ်ကိုယ်ကျ မြင်နိုင်ခဲတယ်လေ၊နောင်လည်း အပြင်မြင်တိုင်း ပြောဆိုဆုံးမတော်မူပါ”လို့ရိုသေစွာလျှောက်ထားပြီး တကယ်လည်းလိုက်နာပြုကျင့်တဲ့သူမျိုးကိုဆိုလိုတာပါ။
      ဒီလို နူးညံ့ပျော့ပြောင်းတဲ့စိတ်ကောင်းနှုလုံးကောင်းရှိတဲ့သူ
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၂)***
                                        * ဥဇူ စ သုဟုဇူ စ*    
        မေတ္တာသုတ်တော်လာ ဥဇူစနှင့်သုဟုဇူစအဖွင့်ကိုလေ့လာကြည့်ပါက
(က)  *ကိုယ်, နှုတ် ဖြောင့်မတ်သူသည် ဥဇု မည်၏။
        *စိတ်ဖြောင့်မတ်သူသည် သုဟုဇုမည်၏။
(ခ)   *တစ်ကြိမ် ဖြောင့်မတ်သူသည် ဥဇု မည်၏။
        *အမြဲဖြောင့်မတ်သူသည် သုဟုဇု မည်၏။
(ဂ)   * စဉ်းလဲ ကောက်ကျစ်မှု မရှိသူသည် ဥဇုမည်၏။
       * လှည့်ပတ် ဖြားယောင်းမှု မရှိသူသည် သုဟုဇုမည်၏။
(ဃ) * မိမိ၌ ထင်ရှား မရှိသော ဂုဏ်ကို ထင်စွာမပြုသူ၊ မဖော်ထုတ်သူသည် ဥဇုမည်၏။
        *မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကြောင့် ဖြစ်ပေါ်လာသော ပစ္စည်းလာဘ်ကို လက်ခံ သိမ်းပိုက်မှု
          မပြုသူသည် သုဟုဇုမည်၏။
           လို့တွေ့ရပါတယ် အားလုံခြုံကြည့်လိုက်လျှင် ရိုးသားဖြောင့်မတ်မှု ရိုးဂုဏ်ရှိဖိှု့ရန်ညွှန်ကြားထားတော်မူခြင်းဖြစ်ပါတယ်။ မှန်ပါတယ်။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၁)***
        မေတ္တာသုတ်အစဂါထာမှာ “ယန္တသန္တံပဒံ အဘိသမစ္စ ၊သက္ကော” ဆိုတာကတော့ ရှေးပို့စ်များမှာဖော်ပြခဲ့သလို  ‘ကိလေသာခပ်သိမ်းအေးငြိမ်းချမ်းသာတဲ့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်းသည်သာ အမြင့်မြတ်ဆုံးအကျိုးစီးပွားဖြစ်တယ်’ လို့ နားလည်သဘောပေါက်သွားပြီး ထိုနိဗ္ဗာန်ချမ်းသာကိုအလိုရှိနေတဲ့ အကျိုးစီးပွါး၌ လိမ္မာသောသူသည် ဤဆိုလတ္တံ့သော နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းစည်းကမ်းတို့ကို  ပြုကျင်ရမယ်။ကိုယ်နှင့်အသက်ကိုပင် မငဲ့ကွက်ဘဲ အသက်သေလျှင်သေ မသေလျှင်တရားရဟု ဇွဲနပဲကြီးကြီးဖြင့် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်စွမ်းရှိရမယ်လို့ ဟောကြားတော်မူလိုက်တာပဲ ဖြစ်ပါတယ်။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁၀)***
       အရင်ပို့စ်မှာက သီလစခန်းမှ သမာဓိလမ်းမတော်ပေါ်သို့တက်လှမ်းကာ ဈာန်သမာပတ်တရားများပွားများအားထုတ်နိုင်သူများကိုဖော်ပြပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့သာသနာ့ပန်းတိုင်က ဈာန်သမာပတ်နဲ့အထွဋ်တပ်အမွှန်းတင်ထားတာမဟုတ်ပါဘူး။
         ဘုရားရှင်တော်ပွင့်တော်မူလာခဲ့ရခြင်းအကြောင်းရင်းကလည်း အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့ လက္ခဏာရေးသုံးတန်ကိုဖွင့်လှန်ပြပြီး အနုသယအငုတ်ဓာတ်ကိလေသာကို အမြစ်ပါမကျန်အောင်ပယ်လှန်နိုင်ဖို့ မဟုတ်ပါလား။ ဒါ့ကြောင့် အဋ္ဌကထာဆရာတော်က
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၉)***
     ကရဏီယမတ္ထကုသလေန တစ်ပုဒ်ကို အဋ္ဌကထာကလည်း နည်းအမျိုးမျိုးနဲ့ဖွင့် မိမိကလည်း သင့်လျှော်ရာရာ ဥပမာ သာဓကလေးတွေထိုးထိုးပြနေတော့ ဘယ်အချိန်ကျမှများ မေတ္တာသုတ္တာန်တရား ပြီးမယ်မသိဘူး။ ဒါပေမယ့် သိသင့်တဲ့ဗဟုသုတလေးတွေတော့ ရကြမယ်ထင်ပါတယ်။
      အခုလည်း ကရဏီယမတ္ထကုသလ-အကျိုးစီးပွားမှာ လိမ္မာကျွမ်းကျင်တဲ့သူဆိုတာတဲ့ အဋ္ဌကထာကဖွင့်ပြပြန်ပါတယ်… မိမိသီလကိုပြန်လည်ဆင်ခြင်သုံးသပ်မိရင် ဖြူစင်အပြစ်ကင်းနေတာမို့ ကြည်နူးဝမ်းမြောက်ဖွယ်ကောင်းတဲ့ မိမိသီလတည်းဟူသောထောက်တည်ရာမှာတည်လျှက် ကိလေသာတို့ကို ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ခွါထားနိုင်တဲ့ဈာန်သမာပတ်အဆင့်တွေထိ ဆက်လက်အားထုတ်သူကို ဆိုလိုပါတယ်တဲ့။
        ဒီနေရာမှာဝိက္ခမ္ဘနဆိုတာကို အသေးစိတ်နားလည်ဖို့ ကိလေသာအဆင့်သုံးပါးနှင့်နဲ့ရှင်းပေးပါဦးမယ်။
   (က)    သတ္တ၀ါတို့ရဲ့အတွင်းသန္တာန်မှာ အကြောင်းတိုက်ဆိုင်လို့ဖြစ်ခွင့်ရရင် ဖြစ်ပေါ်လာမယ့်အငုတ်ဓာတ်သဘောလေးအဖြစ်ရှိနေတဲ့ အနုသယ(၇)ပါးက ရှိနေပါတယ်။ မီးချစ်ကျောက်ထဲကမီးဖြစ်လာနိုင်တဲ့ဓာတ်သဘောလေးပါပဲ။ ယင်းခုနစ်ပါကတော့
၁။ ကာမရာဂနုသယ - ကိလေသာ၌ စွဲကပ်တတ်ခြင်း။
၂။ ဘဝရာဂါနုသယ - ဘဝ၌ စွဲကပ်တတ်ခြင်း။
၃။ ပဋိဃာနုသယ - အမျက်ဒေါသ၌ စွဲကပ်တတ်ခြင်း။
၎။ မာနာနုသယ - အထင်ကြီးမှု၌ စွဲကပ်တတ်ခြင်း။
၅။ ဒိဋ္ဌာနုသယ - အယူ၌ စွဲကပ်တတ်ခြင်း။
၆။ ဝိစိကိစ္ဆာနုသယ - အာရုံမဆုံးဖြတ်နိုင်မှု၌ စွဲကပ်တတ်ခြင်း။
၇။ အဝိဇ္ဇာနုသယ - မသိမှု၌ စွဲကပ်တတ်ခြင်း။..တို့ပဲဖြစ်ပါတယ်။
      (ခ)မိမိနှစ်သက်/မနှစ်သက်တဲ့အဆင်းအာရုံတွေ၊အသံ၊အနံ့၊အရသာ၊အတွေ့ထိတွေ၊နောက်စိတ်တွင်မှာ
တွေးကြံမှုစတာတွေဖြစ်လာတဲ့အခါမှာ အသင့်အားဖြင့်နှလုံးသွင်းတတ်ခဲ့ရင် ကုသိုလ်တရားများဖြစ်လာနိုင်ပေမယ့် မသင့်တင့်သောသဘောနဲ့နှလုံးသွင်းမှားခဲ့ရင် ရင်ထဲမှာလောဘ၊ဒေါသစတဲ့ ကိလေသာတရားတွေ ဗလောင်ဆူလာတော့တာပါပဲ။ ဒါပေမယ့်ကိုယ်ထိလက်ရောက်တော့မကျုးလွန်နိုင်သေးဘူး သီလစောင့်ပြီး ကာယကံမှားဝစီကံမှားတွေမလုပ်မိအောင်ထိန်းနိုင်သိမ်းနိုင်သေးတယ်။ ဒီအဆင့်မှာဖြစ်နေတဲ့ရင်ထဲက အကုသိုလ်တွေဟာ မိမိစိတ်ကလေးကိုညစ်နွမ်းသွားစေလို့ ပရိယုဋ္ဌာနကိလေသာလို့ခေါ်ပါတယ်။
      (ဂ)အကုသိုလ်ကိလေသာတရားရဲ့ဇောအရှိန်အဟုန်တွေကပြင်းထန်အားကြီးလာတဲ့အခါ အသိသတိဆိုတဲ့တံခါးစောင့် နယ်ခြားစောင့်တပ်တွေကထိန်းလို့မနိုင်တော့ပါဘူး။ မင်းသူ့အသက်မသတ်နဲ့နော် သူ့အသက်သတ်ရင်ငရဲကျမယ် ၊ငရဲက လွတ်လာရင်လည်းဖြစ်လေရာရာ ရောဂါဘယများပြီး အသက်တိုတတ်တယ်ကွ လို့ကိုယ့်စိတ်ကိုယ် မကျုးလွန်မိအောင် ဘရိတ်အုပ်နေပေမယ့် အိုကွာ ဒီကောင်ကိုသတ်ကိုသတ်မယ်၊ရိုက်ကိုရိုက်ပစ်ရမှ ကျေနပ်နိုင်မယ် ၊ငါ့အပေါ်ဒီလိုကြောသွားတာအခဲမကြေဘူး။ နောင်ဘ၀တွေမှ ငရဲမှာခါးစည်းခံမယ် ဆိုပြီး သတိပညာနဲ့ကာထားတဲ့ခံတပ်ကတုတ်ကိုချိုးဖောက်ကာ သတ်မှုတွေကျုးလွန်လိုက်ပါတော့တယ်။ ဒိလိုပဲခိုးမှုတွေ။ ကာမမှာမှားယွင်းဖောက်ပြန်မှုတွေ၊လိမ်ညာမှုတွေ။မူယဇ်ဆေးဝါးသောက်စား သုံးစွဲမှုတွေ ကျုးလွန်မိပါတော့တယ်။ ဒီအဆင့်မှာဖြစ်တဲ့အကုသိုလ်ကိုတော့ ၀ီတိက္ကမ ကိလေသာလို့ခေါ်ရပါတယ်။ လွန်ကျုးမိကံမြောက်မိတဲ့အထိ ဇောအဟုန်ကကောင်းသွားပြီကိုး။
     ဒီလောက်ဆို အကုသိုလ်အဆင့်အတန်းက (၃)မျိုးထိရှိပြီး ၀ီတိက္ကမဆိုတဲ့နောက်ဆုံးကျုးလွန်မိတဲ့အဆင့် အပါယ်ကိုကျစေနိုင်တဲ့ကံမြောက်သွားတဲ့အဆင့်ကို သီလစောက်တည်ခြင်းဖြင့် ကာကွယ်ကြရတာပါ။
လူတော်တော်များများက ဥပုသ်ကျောင်းသွား ဥပုသ်ယူကြတာကို မိမိအပါယ်မကျအောင် မိမိကိုယ်ကိုယ်ကယ်မနေတယ်ဆိုတာ နားမလည်ကြဘူး။
      "အရှင်ဘုရား၊..ဘုန်းကြီးကျောင်းသွားဥပုသ်ယူမှ ဥပုသ်ကရမှာလားဘုရား။ကိုယ့်အိမ်ကဘုရားရှေ့မှာ ကိုယ့်ဖာသာယူလို့ကော မရဘူးလား။ တပည့်တော်မက ညမှာထမင်းစာတတ်လို့။ဆေးသောက်ရလို့ အစာမစားပဲမနေနိုင်ဘူးဘုရား တစ်ပါးရှော့ပြီး ခုနစ်ပါးပဲစောင့်လို့ကော မရဘူးလားဘုရား" စသည်စသည် ဈေးဆစ်ကြတဲ့ တပည့်တကာမတွေလည်းတွေ့ဖူးရပါတယ်။
တချို့ဆို တပည့်တော်မက  ဈေးရောင်းရမှာမို့ ကျောင်းတွင်းတစ်ထိုင်ဥပုသ်ပဲ အဓိဋ္ဌာန်စောင့်ချင်တယ်ဘုရား၊ ရပါ့မလားတဲ့။
     ဘယ်နည်းနဲ့မဆို ရပါတယ် နေ့ဝက်ဥပုသ်လည်းရတာပဲ၊တစ်ထိုင်ဥပုသ်လည်းရတာပဲ၊ ခုနစ်ပါးယူယူ ၊တစ်ပါးယူယူ မိမိနိုင်သမျှစောင့်ထိန်းတာကတော့ကောင်းတာပေါ့။ ဒါပေမယ့် ပြည့်ပြည့်၀၀မစောက်တည်နိုင်ရင်တော့ ပြည့်ပြည့်၀၀မရဘူး။
နောက် ပေတ၀တ္ထုထဲက မုဆိုးကြိးတွေလိုဖြစ်နေကြဦးမယ်လို့ သတိပေးရပြန်ပါတယ်။
     ပေတ၀တ္ထုပါဠိတော် မိဂလုဒ္ဒကပေတဝတ္ထုမှာတော့  သူတော်ကောင်း မိတ်ဆွေတစ်ဦးက သူငယ်ချင်းမုဆိုးအား
သတ္တဝါတို့အသက်ကို မသတ်ပဲ သူနှင့်အတူ ဥပုသ်သီလများစောင့်ထိန်းပြီး ဥပုသ်ကျောင်းလိုက်ခဲ့ဖို့ခေါ်ပါတယ်။ ဒါပေမယ့်မုဆိုးခမျာ နောက်ပိုင်းက သားသမီးတွေစားရေးဝတ်ရေးကလည်းရှိနေတော့ ဘယ်လိုမှမုဆိုးအလုပ်ကိုစွန့်လွှတ်လို့မရနိုင်ကြောင်း ညည်းပြပါသတဲ့။ သနားကရုဏာကြီးမားတဲ့သူငယ်ချင်းက  “ဒါဆိုသူငယ်ချင်းရာ မင်းကနေ့ခင်းမှာသာသားသမင်တွေလိုက်လံသတ်ဖြတ်တာဆိုတော့ ညပိုင်းလောက်တော့ ဘယ်သတ္တ၀ါမှမသတ်ဖြတ်ပါဘူးလို့ ကတိပေးကွာ၊ညအချိန်မှာ ဥပုသ်စောင့်ပေါ့” လို့ တိုက်တွန်းပြောဆိုပါသတဲ့။ ဒါနဲ့နေ့ခင်မှာအမဲလိုက်ပြီး ညအချိန်ပဲဥပုသ်စောင့်ခဲ့ပါတယ်။
      နောက်သေလွန်တဲ့အခါမှာတော့ညဉ့်မှာ ဥပုသ်စောင့်ခဲ့လို့ ညရောက်သည်နှင့် နတ်စည်းစိမ်ကို ခံစားရပေမယ့် နေ့မှာတောလိုက်သတ်ဖြတ်ခဲ့တဲ့ပါဏာတိပါတကြောင့် အခါ၌မူ ငရဲခွေးကြိးများက ပြေးလိုက်ကာ ကိုက်ခဲသတ်ဖြတ်ခြင်းကိုခံစားရတဲ့ ညစံနေ့ခံပြိတ္တာကြီးဖြစ်သွားရတယ်လို့ဖော်ပြထားပါတယ်။
       ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု လာနေက်မုဆိုးတစ်ယောက်ကတော့  ရဟန်းကောင်းများ ဆုံးမမှုကြောင့် နေ့အခါမှာ သတ်ဖြတ်ညှင်းဆဲမှုကရှောင်ကြဉ်ခဲ့ပေမယ့်  ညအခါ တောလည်ပြီး အိပ်နေကြရှာတဲ့သားကောင်သမင်ဒရယ်စတဲ့ သတ္တ၀ါလေးတွေကို သတ်ဖြတ်ခဲ့လို့ နေ့စံညခံပြိတ္တာကြီးဖြစ်နေရပြန်ပါတယ်။
       ဒီတော့ ခင်များတို့က ဥပုသ်သီလကို တစ်ထိုင်သီလစောင့်ရင် တစ်ထိုင်စာတော့ အကျိုးရှိမှာမလွဲပါဘူး။ နေ့ခင်းစောင့်ရင် နေ့စံညခံ၊ညအိပ်ယာဝင်စောင့်ရင် ညစံနေ့ခံကြီးပေါ့၊ တစ်ရက်စောင့်ရင်တစ်ရက်၊တစ်သက်စောင့်ရင်တစ်သက်အကျိုးရမှာပါပဲ ။ခင်များတို့ဟာကလည်း ဈေးဆစ်ရင်းစစ်ရင်းနဲ့ အရင်းပြုတ်တော့မယ်။ ဘုရားရှင်ကသတ်မှတ်ပေးခဲ့တာက ရှစ်ပါးကိုးပါးဥပုသ်သီလတော်တွေ၊  ဥပုသ်နေ့မှာကျိုးစားနေကြတာက တစ်ထိုင်ဥပုသ်ရဖို့တောင်အနိုင်နိုင်၊လေးပါးပဲစောင့်လို့ကော မရဘူးလားဘုရားတဲ့။ ဘုန်းကြီးကြောက်လို့သာ ပတ်ဝန်းကျင်နဲ့ရောယောင်ပြီး ဥပုသ်ကျောင်းမျက်စိလည်ရောက်လာပုံမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်အပါယ်ဆင်းရဲက ကယ်ထုတ်တဲ့လုပ်ငန်းစဉ်ကြီးမှန်းလည်း သတိလေးရကြပါဥိးဗျာ”လို့ စိတ်ရှိလက်ရှိပြောလိုက်မှပဲ ကြောက်လန့်သွားကြပြီး မှန်ပါမှန်ပါ တပည့်တော်တို့ကြိုးစားစောင့်ထိန်းကြပါ့မယ်ဘုရားဖြစ်သွားကြတာလေ။
        ကဲအစပြန်ကောက်ကြဦးစို့ ၊ဒီလောက်ဆိုရင် သီလဆိုတာက ကာယဒုစရိုက်၊၀စီဒုစရိုက်တွေတွေမဖြစ်ရလေအောင် ၀ိတိက္ကမကိလေသာကိုကွန်ထိုးလုပ်နိုင်အောင် စောင့်ထိန်းရတာပါ။ သီလလုံပြီဆိုတာနဲ့ အရုန့်ရင်းဆုံး အကြမ်းတမ်းဆုံးကိလေသာတွေဖြစ်ခွင့်မရတော့ပေမယ့်။ ရင်ထဲမှာဗလောင်ဆူနေတဲ့ အလတ်တန်းစားကိလေသာတွေကိုတော့ မထိန်းနိုင်သေးပါဘူး။ ဒီရင်ထဲမှာထကြွသောင်းကျန်းနေတဲ့ ပရိယုဋ္ဌာနကိလေသာဆိုတာကတော့ စိုးရိမ်ရေမှတ်ရောက်နေပြီး အချိန်မရွေး တာရိုးကျိုးသွားစေနိုင်တာမို့ ယင်းကိလေသာဆိုတဲ့ဒီရေတွေပြန်ကျသွားဖို့လည်း ကြိုးစားအားထုတ်ဖို့လိုပါလိမ့်မယ်။
         ဒါ့ကြောင့်အဋ္ဌကထာဆရာတော်က “အတ္ထကုသလ-မိမိအကျိုးစီးပွား၌ လိမ္မာကျွမ်းကျင်သူဆိုတာ သီလမှတစ်ဆင့်သမာဓိစခန်းကိုတက်လှမ်းပြီး ၀ိက္ခမ္ဘနပဟာန် ၊ဈာန်အစွမ်းအားဖြင့် ကိလေသာကိုကြာနိုင်သမျှကြာအောင်ခွါထားခြင်းပဲဖြစ်ပါတယ်”လို့ ထပ်မံဖွင့်ဆိုလိုက်ခြင်းဖြစ်ပါတယ်။
                                         " ဈာန်ဆိုတာ ဘာလဲ"
        ဈာန်စွမ်းအားက ကိလေသာတွေကိုကြာနိုင်သမျှကြာတဲ့အထိမဖြစ်ပေါ်လာအောင် ထိန်းနိုင်တယ်ဆိုတော့ သီလထက်ကိုပိုပြီး အကျိုးကျေးဇူးကြီးမားလှတာပြောစရာမလိုတော့ပါဘူး။ သီလကိုဘယ်မျှပင်ဖြူစင်အောင် အစွမ်းကုန်စောင့်ရှောက်သော်လည်း အပါယ်ဒုဂ္ဂတိမကျပဲ ကာမသုဂတိခုနစ်ဘုံ လူ့ဘုံနတ်ရပ်တွေမှာပဲလှည့်ပတ်နေရမှာ ဗြဟ္မာပြည်တော့ဘယ်လိုမှမရောက်နိုင်ဘူးတဲ့ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့နှုတ်သာစောင့်ထိန်းနိုင်သေးတာကိုး။
           ရင်ထဲမှာက သူများတွေလိုပျော်ချင်ပါးချင် မော်ချင်ကြွားချင်တဲ့ကာမရာဂ၊သတ်ဖြတ်ညှင်းဆဲလိုတဲ့ဒေါသ၊ပျင်းရိမှုထိနမိဒ္ဓ၊
စိတ်ပျံ့လွင့်မှုနောင်တပူပန်မှူ ဥဒ္ဓစ္စကုက္ကုစ္စ၊သို့လောသို့လော ဆုံးဖြတ်ရခက်နေတတ်တဲ့ ၀ိစိကိစ္ဆာတွေက ရင်ထဲမှာအတုံးလိုက်အခဲလိုက်ရှိနေသေးတာမလား။ ဒီတော့အကုသိုလ်တွေလေးလွန်းတာကြောင့်သူတော်စင်ဈာနလာဘီများနေရာ ဆိတ်ငြိမ်ဗြဟ္မာ့ဘုံသို့ဘယ်ရောက်တော့မှာလဲ။
       ဈာန်ဆိုတာက မိမိလုပ်နေတဲ့အလုပ်တစ်ခုအပေါ်မှာပဲ စိတ်ကနစ်ဝင်နေတာ သမာဓိရနေတာဟာဈာန်ပါပဲ။ဒါဆိုဦးဇင်းရယ် အနုမြူတွေလူသတ်လက်နက်တွေတီိထွင်နေတဲ့ပညာရှင်တွေလည်း သူတို့အလုပ်ကိုတစိုက်မတ်မတ်လုပ်နေကြတော့  သူတို့လည်းဈာန်ရနေတာပဲလားဆိုတော့ ဟုတ်တယ်လို့ပြောရမှာပဲ ။ဒါပေမယ့် ဦးဇင်းတို့သာသနာတော်ကပြထားတဲ့ အပြစ်ကင်းတဲ့ဈာန်တရားများတော့မဟုတ်ဘူးပေါ့။ ငါးမြှားနေသူဆိုသမာဓိရလိုက်တာမှလွန်လို့ သို့သော်မိစ္ဆာသမာဓိဖြစ်လို့အကုသိုလ်ဖြစ်နေပါတယ်။
        ဈာန်တရားမှာပါတဲ့ဈာန်အင်္ဂါငါးပါးကတော့သူ့အစွမ်းအစနဲ့သူ ကိလေသာတွေကိုပယ်ခွါနိုင်စွမ်းရှိကြပါတယ်။
ဝိတက်ဆိုတဲ့သမ္မာသင်္ကပ္ပက ကမ္မဋ္ဌာန်းအာရုံသို့စိတ်ကိုတွန်းပို့ပေးနေရတာဖြစ်လို့ ပျင်းရိငြီးငွေ့ဖို့ပင်အချိန်မရတော့လို့ ထိနမိဒ္ဓကိုပယ်ခွါနိုင်ပါတယ်..တဲ့။
      မိမိအလုပ်အပေါ်မှာပျော်ရွှင်ကြည်နူးနေပြီ ၊ပီတိဖြစ်နေပြီဆိုရင်တော့
အလိုမကျမှုတွေသောကဒေါသတွေဝေးသွားတော့တာပါပဲ။ဒါ့ကြောင့်ပီတိဆိုတဲ့ဈာနင်ကလည်း
 ဗျာပါဒဆိုတဲ့ကြမ်းတမ်းခက်ထန်တဲ့သဘောကိုပယ်လိုက်ပြန်ပါတယ်။
      သုခဆိုတဲ့ ငြိမ်းချမ်းမှုလေးရလာရင်လည်း အေးချမ်းတဲ့နေရာကိုအပူတပြင်လိုက်လံရှာဖွေရမှုမရှိတော့ပါဘူး။ နောက်ပြီး နောင်တတဖန် ပူပန်မှုဆိုတဲ့ကုက္ကုစ္စတရားတွေလည်းငြိမ်းသွားတော့တာပါပဲ။
      မိမိကမ္မဋ္ဌာန်းအလုပ်ကိုပဲ စွဲစွဲမြဲမြဲလုပ်နေပြီဆိုပြန်တော့ ထိုအထဲမှာသာစိတ်ရောက်နေနစ်ဝင်နေပြီး အခြားပျော်မှုပါးမှုကိလေသာကာမတရားတွေကိုလည်းပယ်ခွါထားနိုင်ပြီလို့ဆိုပါတယ်။
       ဒီလိုဈာန်အင်္ဂါတွေရရှိပိုင်ဆိုင်နိုင်ပြီဆိုတာနဲ့ မြေလျှိုးမိုးပျံနိုင်တာအသာထားဦး ထိနမိဒ္ဓ၊၀ိစိကိစ္ဆာ၊ဒေါသ၊ဥဒ္ဓစ္စကုက္ကုစ္စ၊ကာမရာဂဆိုတဲ့ သြရမ္ဘာဂိယသံယောဇဉ်ငါးပါးကို ပယ်ခွါထားလိုက်နိုင်ပါပြီ။ ခဏကလေးသတိနဲ့ပယ်ခွါတာမျိုးမဟုတ်ပဲ ၊ဈာန်ဝိက္ခမ္ဘနအစွမ်းအားဖြင့်ကို ထိုဈာန်တရားရှုပွားသုံးသပ်နေသမျှကာလပတ်လုံးပယ်ခွါထားနိုင်ပါတယ်။ထို့ကြောင့် အကျိုးတရားတွေကည်း ကာမသုဂတိခုနစ်ဘုံတွင်မကတော့ပဲ။ ဗြဟ္မာ့ဘုံစခန်းထိ တက်လှမ်းခွင့်ရသွားပါတော့တယ်။
       ထို့ကြောင့်သီလကိုအခြေခံပြီး သမာဓိတရားတွေကိုဆက်လက်ရှုမှတ်ပွားများကြိုးစားအားထုတ်ကာ ကမ္ဘာနဲ့ချိပြီးအကျိုးကျေးဇူးတရားတွေရနိုင်တဲ့ဈာန်သမာပတ်စခန်းတက်လှမ်းနိုင်မှုဟာလည်း  အတ္ထကုသလ-မိမိအကျိုးစီးပွား၌ လိမ္မာကျွမ်းကျင်မှုတစ်မျိုးလို့ ဖွင့်ဆိုထုတ်ပြထားခြင်းဖြစ်ပါတယ်။
      ထို့ကြောင့် စာရှုသူများလည်း သီလမှစခန်းမှ သမာဓိလမ်း၊သမာဓိလမ်းမှပညာပန်းတိုင်အရောက် ဆက်လက်ချီတက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။ ခေတ္တနားပါဦးမယ်။
         (   နောက်ပို့များမှ သမာဓိစခန်းမှ ပညာပန်းတိုင်ထိ အရောက်လှမ်းကာ မိမိတို့အကျိုးစီးပွား၌ လိမ္မာကျွမ်းကျင်သူများအကြောင်း ဆက်လက်ဖော်ပြပေးပါဦးမယ်)
                                                                   လင်္ကာအရှင်-မုံရွာ
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၈)***
          မေတ္တာသုတ္တာန်လာ ကရဏီယ မတ္ထကုသလေနမှ  အတ္ထကုသလ- မိမိရဲ့အကျိုးစီးပွားမှာ လိမ္မာကျွမ်းကျင်သူု
ဆိုတာက ‘သာသနာတော်မှာရဟန်းပြုလာပြီဆိုရင် သီလ၀ိသုဒ္ဓိဖြစ်ဖို့ သီလကြီး(၄)မျိုးကို ခရုသင်းပွတ်ကဲ့သို့ ဖြူစင်အောင်ဖြည့်ကျင့်တဲ့သူ’ ကိုဆိုလိုတာပါတဲ့။သီလကြီး(၄)ပါး ဆိုတာ
၁။ပါတိမောက္ခသံဝရသီလ၊
၂။ဣန္ဒြိယသံဝရသီလ၊
၃။အာဇီဝပါရိသုဒ္ဓိသီလ နဲ့
၎။ပစ္စယသံန္နိဿိတသီလတို့ပဲဖြစ်ပါတယ်။
         ၁။ပါတိမောက္ခ သံဝရသီလဆိုတာ
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၇)***
      သဒ္ဒေါ စိတ္တောတုဇော ဆိုတဲ့ သင်္ဂဟပါဠိအရ အသံကိုတိုက်ရိုက်ဖြစ်စေနိုင်တဲ့ မျက်မှောက်အကြောင်းရင်းကတော့ စိတ်နဲ့ ဥတုလို့ဆိုပါတယ်။    မေတ္တာရှေ့ထားပြောဆိုတဲ့အခါ၊ဒေါနှင့်မောနှင့်ပြောဆိုတဲ့အခါတွေမှာ အသံနေအသံထားတွေပြောင်းလဲသွားတာလည်း သတိထားမိကြမယ်ထင်ပါတယ်။ ရာသီဥတုကောင်းတဲ့အခါ ဖောက်ပြန်တဲ့အခါတွေမှာလည်း အသံတွေဖောက်ပြန်ပြောင်းလဲသွားတာကိုလည်း  ကြုံဖူးကြမယ်မဟုတ်ပါလား။
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၆)***
        မေတ္တာသုတ်တော်လာ ကရဏီယမတ္ထကုသလေနအဖွင့်မှာ မိမိအကျိုးစီးပွား၌ ကျွမ်းကျင်လိမ္မာသူဆိုတာကတော့
မေတ္တာကျင့်စဉ်ကိုဟောကြားနေတာဖြစ်လို့ လောကုတ္တရာရေးရာ သီလသမာဓိပညာ၊ ဈာန်မဂ်ဖိုလ်အရာကို ဦးတည်ဖွင့်ဆိုနေတာဖြစ်ပါတယ်။
       သို့ပေမယ့် စာရှုသူများ ဗဟုသုတရစေဖို့ စူဠသေဋ္ဌိဇာတ်တော်လာ အကျိုးစီးပွားရှာ ကျွမ်းကျင်လိမ္မာလို့၊အတ္ထ ကုသလဖြစ်လို့  နင်းပြားဘ၀မှ ကမ္ဘာကျော်သူဋ္ဌေးဖြစ်သွားသူ တစ်ဦး အကြောင်းကို ဗဟုသုတအဖြစ် တင်ပြပေးချင်ပါသေးတယ် ။ ဗာရာဏသီပြည်ကြီးမှာ ဘုရားအလောင်းတော်
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၅)***
       ဘုရားရှင်ကိုယ်တော်မြတ်က ကရဏီယမတ္တကုသလေန ၊ မိမိအကျိုးစီးပွား၌ လိမ္မာကျွမ်းကျင်သူသည် အကျိုးရှိတဲ့လုပ်ငန်းကိုသာ ကြိုးစားအားထုတ်ပြုလုပ်ရမည်လို့ ဟောတော်မူလိုက်တာဖြစ်ပါတယ်။ ဒီနေရာမှာ ရဟန်းတော်ငါးရာကို ဦးတည်ဟောကြားတော်မူနေတာဖြစ်လို့ ရဟန်းဝိနည်းလို့ခေါ်တဲ့ ကျင့်ဝတ်များ၊ သမာဓိကျင့်စဉ်များ ၊၀ိပဿနာပွားများနည်းများကို ဦးတည်ဖွင့်ဆိုသွားမှာဖြစ်ပေမယ့် မိမိတို့စာရှုသူများအနေဖြင့်လည်း မိမိတို့နှင့်လျော်ကန်တဲ့ အဆုံးအမ သြ၀ါဒများကို မှတ်သားနာယူပြီး လိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင် မေတ္တာသုတ္တာန်လာကျင့်စဉ်များသည် အလွန်အကျိုးများလှမှာဖြစ်ပါတယ်။
      ဟုတ်ပြီ ၊ဒီတော့ ဆက်လက်လေ့လာကြည့်ကြဦးစို့ရဲ့။  ဒီနေရာမှာ
“အတ္ထကုသလ-မိမိအကျိုးစီးပွား၌ ကျွမ်းကျင်လိမ္မာသူဟာ အကျိုးရှိတဲ့ ပြုသင့်တဲ့အရာကိုသာ ပြုလုပ်ရမယ်” လို့ဆိုလိုက်သဖြင့် ပြုသင့်မပြုသင့်တဲ့အရာနဲ့ အကျိုးရှိမရှိကိုပါ သေသေချာချာ ဂဃနဏသိရှိထားဖို့ လိုအပ်ပါတယ်။
       ထိုကမ္မဋ္ဌာန်းဘာဝနာကို ကြိုးစားအားထုတ်နေကြတဲ့ ရဟန်းတော်များ ၊ယောဂီသူတော်စဉ်များအတွက်ကတော့  
သီလသိက္ခာဆိုတဲ့ ကိုယ်နဲ့နှုတ်ကို အကုသိုလ်မဖြစ်အောင်ထိန်းချုပ်မှု၊
သမာဓိသိက္ခာလို့ခေါ်တဲ့ မိမိစိတ်ကလေးကို ကိလေးသာအညစ်အကြေးတို့မညစ်နွမ်းစေပဲ ဖြူစင်အောင်ထားနိုင်မှုနဲ့ ပညာသိက္ခာလို့ခေါ်တဲ့ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်းထိုးထွင်းနားလည်အောင် ကြိုးစားအားထုတ်မှုတို့ဟာ ပြုသင့်ကျင့်သင့်တဲ့ တရားဓမ္မများမဟုတ်ပါလား။
      မှန်ပါတယ် မိမိတို့မျှော်မှန်းထားတာက အမှန်ကိုအမှန်တိုင်းနားလည်သဘောပေါက်ပြီး လမ်းမှားတွေမလိုက်မိအောင် ကြိုးစားအားထုတ်ရမှာ၊ ယောဂီသူတော်စဉ်အမည်ခံပြီး ကာယကံအမှူဝစီကံမှူတွေမစင်ကြယ်ရင်လည်း သူတောင်ယောင် ကြောင်သူတောင်ကြွက်သူခိုးဆိုတာလိုဖြစ်သွားမှာပေါ့။ နောက်ပြီး သမာဓိတရားနဲ့ နီဝရဏတရား၊ကိလေသာအကုသိုလ်ဝိတက်တို့ကိုမဖယ်ခွါထားနိုင်ပြန်ရင်လည်း ငါဥပုသ်ကြီးနဲ့မို့နော် ထရိုက်လိုက်ရဆိုတာလို ကာယကံမြောက်မကျုးလွန်အောင်သီလနဲ့ထိန်းထားပေမယ်လို့ လောဘဒေါသမောဟတွေကတော့ ရင်ထဲမှာဗလောင်ဆူနေဦးမှာပါပဲ။
      အတွင်းပုပ်ပုပ်နေတဲ့ရေသဖန်းသီးမှည့်လို အပြင်ဘယ်လောက်ကြည့်ကောင်းကောင်း ဘယ်သူမှလေးစားမြတ်နိုးနှစ်သက်မှာမဟုတ်ပါဘူး။ မိမိအတွင်းစိတ်ဓာတ်ကိုမသိသူတွေက သူတော်စင်ကြီးထင်ပြီး မြတ်နိုးကော်ရော်နေကြပေမယ့် အတွင်းပုပ်ကိုအတွင်းကျကျသိရှိနေတဲ့ မိမိကိုယ်တိုင်က ဘယ်ကြည်ညိုနိုင်တော့မှာလဲ။ ဒါ့ကြောင့် သမာဓိသိက္ခာနဲ့လည်း မိမိစိတ်ကလေးကို ကိလေသာအညစ်ကြေးတွေထဲက စွဲထုတ်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။
     ဒါပေမယ့် အခရာအကျဆုံးအရေးအကြီးဆုံးကတော့ ကိလေသာဖြစ်ပေါ်ပေါက်ဖွားလာရခြင်းရဲ့ ရင်းမြစ်ကအမှန်ကိုအမှန်တိုင်းမမြင်နိုင်လို့ လောဘဒေါသတွေဖြစ်လာကြ။ မထိန်းချုပ်နိုင်တဲ့အဆုံး ဒုစရိုက်တွေကိုပြုလုပ်မိကြပြောဆိုမိကြပြီး စိတ်အလိုလိုက်ကာ မိုက်မှားနေမိကြတာမဟုတ်ပါလား။ အနိစ္စအဖြစ်၊ဒုက္ခတုံးကြီးအဖြစ် ၊မိမိကိုယ်ကိုယ် မိမိမပိုင် မချုပ်ကိုင်နိုင်တဲ့အဖြစ်ကိုသိရှိနားလည်သဘောပေါက်သွားတဲ့ အရိယာသူတော်စင်တွေအတွက်
လောကကြီးကသုညတဆိုက်ပြီး ဘာမှမဟုတ်တဲ့အနတ္ထက အနှစ်မဲ့သဘောကြီးဖြစ်တာကိုသိရှိပြီး စက်စုပ်ရွံရှာသွားတယ်။ ၀တ္ထုကာမ ဆိုတဲ့ စည်းစိမ်ဥစ္စာဂုဏ်ဒြပ်တွေ။ကိလေသာကာမဆိုတာ ကာမဂုဏ်ပျော်ပါးခံစားမှူတွေကို ပယ်ခွါစွန့်လွှတ်နိုင်မှာဖြစ်ပါတယ်။
      ဒါ့ကြောင့် ပြုသင့်ပြုထိုက်တဲ့ သီလ၊သမာဓိနဲ့ အမှန်ကိုမြင်နိုင်မယ့် ပညာတွေရဖို့ ကြိုးစားအားထုတ်နေကြရတာပဲဖြစ်ပါတယ်။
       ဒီတော့ ပြုလုပ်အားထုတ်သင့်တဲ့တရားတွေက ဘာတွေဆိုတာတော့ နားလည်သဘောပေါက်သွားကြပြီလို့ ထင်ပါတယ် ။ မပြုလုပ်သင့်တဲ့တရားတွေကတော့
(၁)သီလဝိပတ္တိ၊
(၂)ဒိဋ္ဌိဝိပတ္တိ၊
(၃)အာစာရဝိပတ္တိ၊
(၄) အာဇီဝဝိပတ္တိ ဆိုတဲ့ ၀ိပတ္တိတရားလေးပါးပဲဖြစ်ပါတယ်..တဲ့ ဒီတော့ ဟုတ်ပြီ သီလ၀ိပတ္တိဆိုတာ ဘာတွေပါလိမ့်၊
       မလုပ်သင့်တဲ့ အလုပ်တွေလုပ် မပြောသင့်တာတွေပြောနေပြီဆိုရင်တော့ ဒီလူရဲ့ ကိုယ်ကျင့်သီလပျက်စီးသွားတာဖြစ်လို့ သီလ၀ိပ္ပတ္တိဖြစ်သွားပြီလိုဆိုရပါလိမ့်မယ်။မိမိစောက်တည်ထားတဲ့ ဥပုသ်လေးကျိုးသွားတာလေးတင် ရည်ရွယ်ပြောနေတာမဟုတ်ပါဘူး။
     အာစာရ၀ိပ္ပတ္တိဆိုတာက မိမိပြုမူကျင့်ကြံတဲ့အလေ့ကျင့်ကောင်းတွေပျက်စီးသွားတာပဲဖြစ်ပါတယ်။ အယူအမြင်တွေမစင်ကြယ်တော့ဘူးလမ်းလွဲလိုက်မိပြီ ဒိဋ္ဌိဝိပ္ပတ္တိပါဖြစ်ပြီးဆိုပြန်ရင်လည်း အသက်မွေးမှုပါမစင်ကြယ်တဲ့ အာဇီ၀၀ိပ္ပတ္တိ-ပါဆက်လက်ဖြစ်လာတော့တာပါပဲ။
       အသက်မွေးမှူမစင်ကြယ်ခြင်းဆိုတာကတော့ ၀မ်းဝဖို့လေးကို မသင့်လျော်မအပ်စပ်တဲ့နည်းနဲ့ ရှာဖွေနေကြတာ။လှူချင်တန်းချင်အောင်လုပ်ကိုင်နေကြတာကို ဆိုလိုပါတယ်။ ရဟန်းတော်များဟာ လူမှူကိစ္စတွေကိုရှောင်ခွါပြီး မိမိရဲ့ပဓာနအလုပ် ရုပ်နာမ်ဖြစ်ပျက်ကိုမြင်အောင် ကြိုးစားအားထုတ်ပြီး ကိလေသာပယ်ခွါရေးးကို ဇောင်းပေးကျင့်ကြံအားထုတ်နေကြသူတွေမဟုတ်ပါလား။ ဒါကိုမိမိက အစာအာဟာရဆွမ်းကလေးရဖို့အတွက်နဲ့
၁။ အထင်ကြီးအောင်ပြုမူကာ ကိုယ့်ဂုဏ်ကိုဖော်ပြောခြင်း။
၂။ လာဘ်ရအောင် မြှူဆွယ်ပြောဆိုခြင်း။
၃။ မည်သူကတော့ မည်မျှလှူဒါန်းသွားပြီးဟု အခြားသူများပါလှူချင်လာအောင် သိစေခြင်း။
၎။ မိမိမှတစ်ပါး အခြားသူများကိုအကြည်ညိုမဲ့အောင် သူတစ်ပါးများအားကဲ့ရဲ့ရှုံ့ချခြင်း
၅။ တစ်နေရာမှရသောပစ္စည်းကို အခြားတစ်နေရာသို့ ပေးခြင်း။
၆။ ကျောင်းအသုံးဆောင် သစ်များ၊ ဝါးများကို လူများအားမျက်နှာလုပ်ကာပေးခြင်း။
၇။ သစ်ရွက်၊ ပန်းပွင့်၊ သစ်သီးပေးခြင်း။
၈။ ဆပ်ပြာ၊ မြေညက်ပေးခြင်း။
၉။ မိမိကိုယ်ကို အောက်ချ၍ ကျွန်တော်မျိုးကြီးက သူဋ္ဌေးမင်းကြီးကို စသည်ဖြင့်ပြောခြင်း။
၁၀။ အမှန်နည်းပါး အမှားများသောစကားကိုဆိုခြင်း။
၁၁။ မျက်နှာသစ်ရေ၊ ဒန်ပူပေးခြင်း။
၁၂။ ကလေးထိန်းပေးခြင်း။
၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း။
၁၄။ မြေနေရာ ကောင်း၊ မကောင်း ရွေးပေးခြင်း။
၁၅။ မဂ်ဖိုလ်မှ ဖီလာအတတ်ကို သင်ပေးခြင်း။
၁၆။ အင်္ဂဝိဇ္ဇာဟောခြင်း၊ ဗေဒင်ဟောခြင်း။
၁၇။ နက္ခတ်ရွေးပေးခြင်း။
၁၈။ လူတို့၏အစေအပါးအဖြစ်ဖြင့် ခိုင်းသမျှ လုပ်ဆောင်ပေးခြင်း။
၁၉။ ဆေးကုခြင်း။
၂၀။ ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခြင်း
၂၁။ မိမိအား လှူထားသောပစ္စည်းကိုပေးခြင်း..ဆိုတဲ့ အနေသန-မအပ်သောရှာမှီးခြင်း(၂၁)ပါးတို့ကို လုပ်ကိုင်ပြီဆိုလျှင် ထိုရဟန်းရဲ့အသက်မွေးမှူလည်း ညစ်နွမ်းသွားပြီး သာသနာဖျက်ရဟန်းဘ၀လည်း ရောက်မှန်းမသိ ရောက်သွားတော့တာပါပဲ ။
      လူဆိုတာကတော့ ၀ိနည်းတရားများ သာသနာ့ကျင့်ဝတ်များကိုနားလည်ကြသူတွေမဟုတ်ကြပါဘူး။ ကိုယ့်အပေါ်ပေစ္စက္ခကောင်းပြရင် သူတော်စင်ကြီးလို့ပဲ မြင်ကြတာလေ။ သူတို့ဖက်ကကြည့်လျှင်တော့ ဟုတ်သယောင်ယောင်ရှိပါတယ်။ မိမိလိုအပ်ရာရာကို ကူညီလုပ်ကိုင်ပေးလိုက်သဖြင့် မိမိတို့အခက်ခဲအားလုံးလည်းအဆင်ပြေသွားတော့ တယ်တော်တဲ့ တို့ဘုန်းဘုန်းဆိုပြီး ပိုရင်းနှီးခင်မင်သွားကြတာ ။ပိုလှူကြတန်းကြတာမလား ။ဒါပေမယ့် ထိုတကာတကာမတို့ခမျာ သဒ္ဓါတရားပျက်မှန်းမသိပျက်လာကြတယ်။
     အရင်အခါများဆို သံဃာမြင်ရင် ဦးတင်ကန်တော့ကြတယ် ။တတ်စွမ်းသမျှလေးလှူဒါန်းနိုင်ကြတယ်မလား။ ခုလိုကုလဒူသက လူပေါင်းပေါင်းတဲ့ရဟန်းတော်နဲ့မိတ်ဆွေဖြစ်ခင်မင်ရင်းနှီးချိန်မှစပြီး “ဟေ့ ..ရဟန်းဆိုတာ အများအကျိုးသယ်ပိုးရမယ့်သူတွေ ဘာမှမလုပ်ပဲ သင်္ကန်းပတ်ပြီး လက်ဖြန့်ခံစားသောက်နေတာအလိုမရှိဘူး၊ တစ်ပြားမှမလှူနိုင်ဘူး။ ကိုယ့်အိမ်ကကျွန်ကိုကျွေးလိုက်မွေးလိုက်တာကမှ ကိုယ့်အိမ်အလုပ်ကို ကြိုးစားလုပ်ပေးလိမ့်ဦးမယ်။အချောင်သမားတွေသာသနာနေတယ်။ သာသနာမှာနေပြီး အလုပ်မလုပ်တဲ့သူတွေအလိုမရှိဘူး။ ပရဟိတများများလုပ်တဲ့ လူတွေကိုကူညီမယ့်သံဃာတွေပဲလိုအပ်တယ်”စသည်ပြောကာ အမြင်လွဲလမ်းလွဲလိုက်မိသွားကြပါတယ်။
     သူတို့လှူသမျှကလည်း သာသနာကိုလှူတာမဟုတ်တော့ပဲ ထိုလူမှူရေးမှာနောကျေတဲ့ရဟန်းများနှင့် လူမှူရေးကိစ္စများမှာသာ များကုန်တော့တယ်။ အမှန်တကယ်က ရဟန်းကောင်းရဟန်းမြတ်များက စာသင်တိုက်များ တရားရိပ်သာများကနေ အဝေးကွပ်ကဲမှူဖြင့် လူအများစာရိတ္တမပျက်ပြားရအောင် ဟောကြားပေးခြင်း နီးရာနီးရာကို ဆုံးမပေးခြင်း ကိုယ်တိုင်ကလည်းနောင်လာရဟန်းသံဃာတော်များကို အတုလိုက်ကာကျင့်ကြံကြစေရန် စံပြနေထိုင်ပြခြင်းဖြင့် ဘုရားအဆုံးအမ သာသနာတော်ကိုမြင့်တင်နေကြသူတွေဆိုတာ သူတို့သဘောမပေါက်ကျတာမလား။  
      သံဃာကိုပုဂ္ဂိုလ်ကွယ်တယ်ဆိုတာဒါမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ဒါ့ကြောင့် တရားဓမ္မများကိုဟောကြားတဲ့ရဟန်းတော်များပင်လျှင် အတ္တုကံသန ပရ၀မ္ဘန မိမိကိုယ်ကို မြင့်တင်ပြီး အခြားသူများအားချမနင်းမိဖို့ အရမ်းအရေးကြီးပါတယ်။ လူတွေရဲ့အမြင်ဆိုတာကတော့ အတိမ်းအစောင်းခံကြတာမဟုတ်ပါဘူး။
       ကျုပ်လိုများ ပရဟိတတွေလုပ်ချင်စိတ်ရှိလာကြရင်ကောင်းမယ်။ သာသနာ့အရေခြုံတွေမရှိဖို့လိုအပ်တယ် စသည်ဖြင့်ပြောဆိုနေကြတဲ့ ဓမ္မကထိကများလည်း သတိထားပြီး ယင်းကဲ့သို့မဟောပြောမိကြဖို့လိုပါတယ်။ သံဃာကြားမှာသြ၀ါဒစကားအနေဖြင့် ဆုံးမပြောကြားတာကို သံဃာအများလည်းလက်ခံသဘောပေါက်ပါတယ်။ဒါကိုလူကြားမှာမှ အသံကောင်းဟစ်ပြီး မိမိသာသနာအတွက်ဘယ်လောက်စွမ်းစွမ်းတမံလုပ်နေပါကြောင်း မဏ္ဍပ်တိုင်တက်ပြခြင်းမျိုးကတော့ အခြားရဟန်းးသံဃာတွေခေါင်းကိုချနင်းလိုက်တာလို့ပဲ သာသနာတော်ကမြင်ထား လို့ပဲဖြစ်ပါတယ်။
     ဒီတော့ဒီလိုမအပ်မရာတွေနဲ့ လာဘ်လာဘပေါအောင်ရှာဖွေပြီဆိုရင်တော့ ထိုရဟန်းဟာ သမ္မာအာဇီဝမဟုတ်တော့ပဲ မဂ္ဂင်လမ်းမတော်ကြီးကို ပြောင်းပြန်လျှောက်ကာ အပါယ်လမ်းရောက်ဖို့သေချာသလောက်ဖြစ်သွားပါလိမ့်မယ်။
     လူဥပါသကာဒါယကာတို့အနေဖြင့်လည်း အသက်မွေးဝမ်းကြောင်းစင်ကြယ်ဖို့ ဥပါသကာတို့ မရောင်းအပ်သော ကုန် ၅-မျိုးရှိတယ်လို့ အင်္ဂုတ္တိုရ် ပဉ္စက ၀ါဏိဇ္ဇသုတ်တော်မှာ ဘုရားရှင်ကိုယ်တော်တိုင်အတိအလင်း ဟောထားတော်မူပါတယ်။
(၁) အာဝုဓ ၀ါဏိဇ္ဇ- ဓါး လှံ သေနတ် အမြောက် စိန်ပြောင်းစသည့် ပါဏာတိပါတ လက်နက်မျိုး။
(၂) သတ္တ- လူနှင့် အသားသတ်စားရန် မွေးမြူးရေးသတ္တ၀ါမျိုး။
(၃) မံသ- သား ငါး ကြက် ၀က်စသည့် အသားစိမ်း/ခြောက်။
(၄) မဇ္ဇ- မူးယစ်စေတတ်သော သေစာမျိုး ဟူသမျှ။
(၅) ၀ိသ ၀ါဏိဇ္ဇ- သတ္တ၀ါတို့ကိုသေစေတတ်သော အဆိပ်မျိုးဟူသမျှ။လို့ ဆိုပါတယ်
      ဒီတော့ သမ္မာအာဇီဝဖြစ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်နဲ့နီးတယ်ဆိုရင်တော့ မိမိတို့ဆိုင်များမှာ ယင်းပစ္စည်းငါးမျိုးကိုမရောင်းချမိဖို့လိုပါလိမ့်မယ်။
      ယနေ့ခေတ်မှာ သမ္မာအာဇီဝဆိုတာ ပျက်လုံးတစ်ခုတောင်ဖြစ်နေမလားပဲ ကုန်စုံဆိုင်တည်ရောင်းပြီဆိုမှတော့ လေးခွလေး၊ဓားလှံလေးလည်းရောင်းပါမှ ဆိုတာတွေ ။မွေးမြူရေးနဲ့ပတ်သက်တဲ့ သားတိုးဆေး၊ဥကြီးဆေးစတာတွေ ကြက်ငှက်တွေ အလှငါးလေးတွေကန်နဲ့ထည့်ရောင်းနေတာတွေ၊ ဆိုင်တိုင်းမှာ မရှိမဖြစ်တင်နေကြရတဲ့ ကြက်ဥဘဲဥ ကြက်သားမှုံငံပြာရည်စတာတွေ ၊အဖျော်ဆိုင်တွေမှာယမကာပါတွဲရောင်းမှ စီးပွားဖြစ်တယ်ဆိုတာတွေ ။ပိုးးသတ်ဆေးတွေလက်လီလက္ကားဖြန့်နေကြတာတွေ စုံလို့ပါပဲ။ ဒီတော့ မိမိတို့အသက်မွေးမှူဟာ သမ္မာအာဇီဝကျကျတောင်းရမ်းစားသောက်တဲ့ လူဆင်းရဲများလောက်မှ အဆင့်တန်းမြင့် အပြစ်ကင်းကြပါသလား စဉ်းစားကြဖို့လိုပါလိမ့်မယ်။
    ဒီတော့ အာဇီ၀၀ိပတ္တိဆိုတဲ့ အသက်မွေးမှူပျက်စီးသွားအောင် မိမိကိုယ်တိုင်မဖျက်ဆီးမိကြဖို့အလွန်အရေးကြီးပါတယ် ။သို့မဟုတ်ပါက ငွေကြေးရရေးအတွက် မိမိကိုယ်ကိုယ်ရောင်းစားသူများနှင့်မခြား မိမိတစ်ဘ၀စာကောင်းစားရေးအတွက် သံသရာတစ်ခုလုံး အနာဂါတ်အားလုံးကိုရောင်းစားလိုက်သည်နှင့်တူသွားပါလိမ့်မယ်။
      ဘုရားသားတော်သမီးတော်များပီပီ ဘုရားရှင်ဟောကြားဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ကြံနိုင်ကြဖို့အလွန်အရေးကြီးလှပါတယ်။
                                                                           (ဆက်လက်ဖော်ပြပေးပါဦးမည်)
                                                                                          လင်္ကာအရှင်-မုရွာ
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၄)***
      ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ၀ါတွင်းကာလကြီးမှာ တောစောင့်နတ်များကမနေနိုင်အောင် နှောက်ယှက်ခြောက်လှန့်ကြသဖြင့် သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတိုက်သို့ ပြန်ရောက်လာကြသော ရဟန်းတော်ငါးရာအား ထိုတောအုပ်သို့သာ ပြန်သွားအားထုတ်ကြရန်တိုက်တွန်းတော်မူပြီး မေတ္တာကြီးမားသူများသည် ရန်သူကိုပင် မိတ်ဆွေဖြစ်အောင် လုပ်နိုင်သည်ဟု မိန့်ကြားတော်မူကာ
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၃)***
      ဦးဇင်းလည်း အလုပ်များနေလို့ ရေးလက်စ မေတ္တာအကြောင်းကို ရှေ့မဆက်နိုင်ဖြစ်သွားတာ တောင်းပန်ပါတယ်။ အခုခဏအားတဲ့အချိန်လေးမှာ ပြီးသမျှလေး ဆက်လက်တင်ပြပေးပါဦးမယ်။
        အထက်ကတင်ပြခဲ့သလို ရဟန်းတော်(၅၀၀)တို့အား တောစောင့်နတ်များက အမျိုးမျိုးနှောက်ယှက်ခြောက်လှန့်ကြသောကြောင့် ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိမြို့တော်သို့ ပြန်ကြွသွားကြပါတယ်။
        ဘုရားရှင်ထံမှောက် ရောက်သွားကြတော့ ဘုရားရှင်က 
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၂)***
        ကမ္မဋ္ဌာန်းအလုပ်ကို ယုံကြည်လေးမြတ်စွာ မည်မျှပင်ကြိုးစားကြသော်လည်း သဗ္ဗတ္ထကလို့ခေါ်တဲ့ ယောဂီပုဂ္ဂိုလ်တိုင်းပွားများရမည့် မေတ္တာသက်စောင့်ကမ္မဋ္ဌာန်းကို မစီးဖြန်းမိခဲ့ကြသဖြင့် တပ်ဆုတ်ကာ နောက်ပြန်ခေါက်ခဲ့ကြရသည့်  မြတ်စွာဘုရားလက်ထက်က ပဋိပတ္တိဝန်ဆောင်မထေရ် မြတ်များ အကြောင်းကို ဗဟုသုတအဖြစ်တင်ပြပေးချင်ပါသေးတယ်။   
      ဘုရားတပည့်သားရဟန်းတော်များဟာ သီတင်းဝါလမတိုင်မီမှာ ဘုရားရှင်ထံချည်းကပ်ကြ၍ ကမ္မဋ္ဌာန်းရှူမှတ်ပွားနည်း နိဿျည်းကို ဘုရားရှင်ထံမှနာယူကာ
*** မေတ္တာခြုံမှ ဘေးရန်လုံမည်(၁)***
    မေတ္တတရားဟာ ဆားနှင့်တူ၏ ၊ဟင်းချက်ဘယ်လောက်ကောင်းကောင်းဆားမပါရင်အရသာမရှိပေ။ထိုနည်းတူစွာ မည်မျှကုသိုလ်ကောင်းမှူတွေ လူမှုကိစ္စတွေပြုမူဆောင်ရွက်သော်လဲ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံအပြုမူ၊၀စီကံအပြောအဆိုနဲ့ မေတ္တာနဲ့ယှဥင်္တဲ့စိတ်နှလုံးသာမဦးစီးပါက အရသာမဲ့နေပေလိမ့်မည်။ အဋ္ဌကထာ၌ကား လှူဒါန်းပေးကမ်းတဲ့နေရာ သီလစောက်တည်တဲ့နေရာမှာ မေတ္တာပါမှသာလျှင်
ဒါနပါရမီ >>> ဒါနဥပပါရမီ >>> ဒါနပရမတ္ထပါရမီ (၄) နိဂုံးပိုင်း
       အလှူဒါနနှင့်စပ်၍ အားကျမြတ်နိုးဖွယ်ရာလေးများတင်ပြပေးခဲ့တာ ယ္ခုပို့ရောပါဆို လေးခုမြောက်သို့ရောက်လာခဲ့ပါပြီ ။ ဒီပို့ကိုတော့ လှူတတ်တန်းတတ်စေရန် လွတ်လွတ်ကျွတ်ကျွတ်စွန့်ပြီး လှူဒါန်းတဲ့ သပ္ပုရိသဒါနမျိုးကို ဖော်ပြရေးသားပေးပါဦးမယ်။
                                                                * စွန့်လွှတ်၍ လှူဒါန်းခြင်း*
           ဗုဒ္ဓဘာသာဝင်မှန်ရင် အလှူဒါနနှင့်မကင်းနိုင်ကြပါဘူး ၊မိရိုးဖလာအစဉ်အလာကြောင့်ပဲဖြစ်ဖြစ်၊ ဒါနရဲ့အကျိုးတရားတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်လို့ပဲဖြစ်ဖြစ် လှူဒါန်းကြသူတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါနနှင့်ပတ်သက်၍ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ဒါနပါရမီ >>> ဒါနဥပပါရမီ >>> ဒါနပရမတ္ထပါရမီ (၃)
      အံ့သြဖွယ်ရာ  အလှူဒါနကိုပေးလှုဒါန်းကြတဲ့ အလှူရှင်တွေ
ရွေးကောင်းတင်ပြလာတာယခုပါဆို သုံးကြိမ်မြောက်သို့ပင်ရောက်ရှိခဲ့လေပြီ။
      ဤပို့မှာတော့ မိမိတို့ကိုယ်တိုင်က အသက်ရှင်ရပ်တည်နိုင်ရုံစားသောက်ကြပြီး ဆွမ်းခံကြွလာသော အရှင်မြတ်အား အမွန်မြတ်ဆုံးချက်ပြုတ်လှူဒါန်းခဲ့ကြသော အာဂအလှူရှုင် သာအမိနှစ်ဦး  အကြောင်းကို
ဒါနပါရမီ >>> ဒါနဥပပါရမီ >>> ဒါနပရမတ္ထပါရမီ (၂)
       မိမိအရင်ပို့စ်၌ အသက်ကိုပင်စွန့်လွှတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည့် မဟမဟာကိုသိုလ်ရှင် ဘိက္ခုနီမလေးအကြောင်းနှင့်စပ်ကာ ဒါနပရမတ္ထပါရမီ ၊ဇီဝိတပရိစ္စာဂအကြောင်းကိုဖော်ပြပေးခဲ့ပြီးဖြစ်၏။
       ယခုပို့စ်၌ကား မိမိ၏သားသမီးကိုပင် ဆင်းရဲဒုက္ခတွင်းထဲထားကာ သမီးလေးနှင့်အလဲအထပ်လုပ်ပြီး ဆွမ်းကပ်ခဲ့သည့် ထင်းခွေသမားမောင်တိဿရဲ့ ပုတ္တပရိစ္စာဂ မည်သော၊ ထို့ထက်ပို၍ဖွဲ့ဆိုရလျှင်ချစ်လှစွာသော သမီးလေးဟူသည့် မိမိရဲ့ နှလုံးသည်းပွတ်နှင့်ပင်  အလည်းအထပ်လုပ်ကာဆွမ်းကပ်လှူခဲ့ခြင်းဖြစ်၍ အင်္ဂပရိစ္စာဂ ဒါနဥပပါရမီမြောက်သော အလှူဒါနအကြောင်းကို တင်ပြပေးပါဦးမည်။
                            ...................................   
      သီဟိုဠ်ကျွန်း၊ မဟာဂါမနေပြည်တော်ကြီးမှ
ဒါနပါရမီ >>> ဒါနဥပပါရမီ >>> ဒါနပရမတ္ထပါရမီ (၁)
      အလှူဒါနတစ်ခုကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင်
ဒါနပါရမီ ၊ဒါနဥပပါရမီ နှင့် ဒါနပရမတ္ထပါရမီဟူ၍ သုံးမျိုးသုံးစားရှိကြောင်းတွေ့ရပေမည်။
(၁) သာမညမိမိကိုယ်နှင့်မဆက်စပ်သော အပယိကပစ္စည်းဝတ္ထုအလှူဒါနတို့ကို ဒါနပါရမီ+ဓနပရိစ္စာဂ(ပုတ္တပရိစ္စာဂ+ဘရိယပရိစ္စာဂ) ဟု၎င်း။
(၂) မိမိ၏ လက်ခြေအင်္ဂါ မျက်လုံး နှလုံးကျောက်ကပ်စသည်ကို စွန့်လွှတ်လှူဒါန်းပါက ဒါနဥပပါရမီ + အင်္ဂပရိစ္စာဂ ဟု၎င်း၊
***(သဟာယ)(သဟာယ်ချင်း) ဆိုးတူကောင်းဖက် အတူတကွလက်တွဲဖော်ဆိုတာ***
      တခါက မုဆိုးကြီးတစ်ယောက်သည် ရလာတဲ့အသားတွေကို လှည်းကြီးနဲ့မြို့တက်ရောင်းဖို့အလာမှာ ။ သူငယ်ချင်းလေးယောက်နဲ့ဆုံပါတယ်။ ဒီတင် သူငယ်ချင်းလေးယောက်က ဟင်းစားလေးလက်ဆောင်ပေးခဲ့ဖို့
တောင်းကြပါသတဲ့ ။
    ဒါပေမယ့် နှုတ်ကြမ်းလျှာကြမ်းသူဋ္ဌေးသားက
တောကျောင်းလေးသို့ အလည်သွားခြင်း
ဆူညံမှူသည် သမာဓိ၏ ငြောင့်တံကျင်
          လူသံဆူသံဟာ ပထမဈာန်သမာဓိရဲ့ အနှောက်အယှက် ညှောင်တံကျင်ဖြစ်တာကြောင့် မိန်းမသံ၊ယောက်ျားသံဆင်သံမြင်းသံစတဲ့ အသံဗလံဆူညံနေသော ရွာနီးအစပ်ကိုမစွန့်ခွါပဲ အာဏာပါနသတိကမ္မဋ္ဌာန်းကို ပြီးစီးပေါက်မြောက်အောင် အားထုတ်နိုင်ဖို့ မလွယ်ကူ၊ ထို့ကြောင့် ဘုရားရှင်က ဣဓ၊ ဘိက္ခဝေ၊ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ လို့ မဟာသတိပဋ္ဌာနသုတ်မှာ တရားရှုမှတ်ဖို့ သင့်လျှော်တဲ့နေရာကို
ပြဆိုပေးထားတော်မူခြင်းဖြစ်၏။
(အာနာပါနဿတိကမ္မဋ္ဌာနံ ဣတ္ထိပုရိသဟတ္ထိအဿာဒိသဒ္ဒသမာကုလံ ဂါမန္တံ အပရိစ္စဇိတွာ န သုကရံ သမ္ပာဒေတုံ၊ သဒ္ဒကဏ္ဍကတ္တာ ဈာနဿ)
    ဘုရားရှင်တော်မြတ်သည် အခါခပ်သိမ်း တိတ်ဆိတ်ငြိမ်သက်သော ပရိတ်သတ် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်မှာသာ သီတင်းသုံးတော်မူခဲ့လေသည်။ သာမညဖလသုတ္တာန်မှာ အဇာတသတ်မင်း ဘုရားရှင်ထံချဉ်းကပ်လာတော့ သံဃာထောင့်နှစ်ရာ့ငါးဆယ်သော ဘုရားရှင်၏ပရိတ်သတ်သည် အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းနေပြီး ချောင်းဆိုးသံ နှာချေဆတ်သံမျှပင်မကြားရသောကြောင့် ဘုရားရှင်နှင့်သံဃာတော်တို့သီတင်းသုံးရာဌာနမှ ဟုတ်ပါလေစ။ ဆေးဆရာဇီဝကသည် ငါ့အားလုပ်ကြံရန်အကြံဖြင့် လီဆယ်၍ ခေါ်လာလေသလား ဟုပင် သံသယအတွေးများ ၀င်ရောက်ခဲ့ရဖူးပါသတဲ့။ တခါတရံ ဘုရားကိုယ်တော်မြတ်သည် တိတ္ထိပရိဗိုဇ်တို့ကျောင်းအရံသို့ တရားဟောပြတော်မူရန်ချဉ်းကပ်ရာမှာလည်း တိတ္ထိတို့သည် ဘုရားကြွရောက်လာတာကိုမြင်သည်နှင့် “ရဟန်းကြီးဂေါတမသည် ဆိတ်ငြိမ်သောအရပ် ပတ်ဝန်းကျင်ကိုသာ ချဉ်းကပ်သင့်၏ဟု မှတ်ထင်တော်မူ၏။ ထိုသို့ ရဟန်းကြီးဂေါတမချဉ်းကပ်လာသဖြင့် ငါတို့တွေလည်း စိန်နားကပ်အရောင်ကြောင့် ပါးပြောင်ကာ ဂုဏ်တက်ကာ လူအများလည်းချဉ်းကပ်သင့်၏ဟု မှတ်ထင်လာကြနိုင်၏။ မည်သူမျှ စကားမဆိုကြပါနှင့်”ဟု ဆိုကာ တုတ်တုတ်မျှပင်မလှုပ်ရဲကြဟု မှတ်သားရဖူးလေသည်။
     အချုပ်ဆိုရသော် ဘုရားရှင်သည် ကာယ၀ိဝေကဆိုတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နားအေးပါးအေးနေရာ၊ စိတ္တ၀ိဝေကဆိုတဲ့ ဈာန်ချမ်းသာမဂ်ဖိုလ်ချမ်းသာနဲ့ ၊ဥပဓိဝိဝေကဆိုတဲ့ နိဗ္ဗာန်ချမ်းသာတို့ကိုသာ မြတ်နိုးစွာခံစားတော်မူခဲ့သည်ဟု နားလည်ရပေမည်ဖြစ်၏။
     သတ္တ၀ါအပေါင်းအားတရားပြတော်မူလို၍ အရပ်ဒေသတို့သို့ လှည့်လည်ကြွချီရင်း တခါသော် ဘုရားအလိုအကြိုက်ကိုမသိနားမလည်ကြသော သတိမမူမိကြသော ကျေးရွာလေးတစ်ခုသို့ရောက်တော်မူခဲ့ရာ ထိုရွာသူရွာသားများ၏ ကြွက်စီကြွက်စီ ဆူညံနေကြသောအသံကိုကြားရတော်မူ၍ ဘုရားကျောင်းတော်သို့အ၀င်ခံတော်မမူခဲ့ကြောင်းလည်း မှတ်သားရဖူး၏။  
                               ............................
နာဂိတသုတ်……
     ဘုရားရှင်သည် နောက်ပါ ရဟန်းသံဃာများစွာတို့နှင့်တကွ ဒေသစာရီလှည့်လည်တော်မူရင်း ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာအနီးသို့ ညနေချမ်းအခါမှာ ဆိုက်ရောက်တော်မူလာပြီး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးနေတော်မူ၏၊
     ထိုသတင်းသည် ညတွင်းချင်းပင် တောမီးပမာပျံ့ နှံ့သွားပြီး ညတွင်းချင်းပင် ဘုရားရှင်နှင့်သံဃာတော်များအားလှူဒါန်းကြဖို့ ရွာလုံးကျွတ်စိုင်းပြင်းကြလေတော့၏
    နံနက်လင်းအားကြီးရောက်သောအခါ ရွာသူရွာသားများသည် အုတ်အုတ်ကျက်ကျက်ဆူဆူညံညံဖြင့် လှူဒါန်းဖွယ်တို့ကိုယူဆောင်လာကြကုန်လျှက် ဘုရားရှင်နှင့်သံဃာတော်များအားဆွမ်းဆက်ကပ်ကြဖို့ ရောက်လာကြတော့၏။ သို့သော် .............ထိုရွာသူရွာသားများသည် မြတ်စွာဘုရားမည်သို့သီတင်းသုံးနေထိုင်တော်မူလိုသည်ကို မသိကြချေ။ ဂရုလည်းစိုက်မိကြပုံမရချေ ။ဣစ္ဆာနင်္ဂလတစ်တောလုံးပင် အုတ်အော်သောင်းနင်း ဆူညံနေတော့၏။
    ထိုစဉ်က ဘုရားရှင်နောက်တော်ပါးက အလုပ်ကျွေးအဖြစ်ပါလာသူကား အရှင်နာဂိတမထေရ်တည်း။ ထိုအခါ၌ အသျှင်နာဂိတသည်မြတ်စွာဘုရားသည် အသျှင်နာဂိတအား
     ''နာဂိတ ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း''ဟုမေးတော်မူရာ …
    အခြားသူတို့မဟုတ်ပါဘုရား ဘုရားအမှူးရှိသော သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်ကြဖို့ ရောက်လာကြသော ဣစ္ဆာနင်္ဂလရွာသူရွာသားများဖြစ်ပြီး  များစွာသောခဲဖွယ်ဘောဇဉ်တို့ဖြင့် ကျောင်းတိုက်တံခါးအဖွင့်ကိုစောင့်နေကြပါသည်
…ဟုလျှောက်ထားလိုက်၏။
     ထိုအခါ ဘုရားရှင်သည် “နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်းငါနှင့် အတူ မဆက်ဆံစေလင့်။
ကာမဂုဏ်မှထွက်မြောက်မှု 'နေက္ခမ္မ' သုခ၊
ကင်းဆိတ်မှု 'ပဝိဝေက' သုခ၊
ငြိမ်းအေးမှု 'ဥပသမ' သုခ၊
သိမှု 'သမ္ဗောဓ' သုခကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရနိုင်သော ငါဘုရားရှင်အား 
         ထိုမစင်ကြယ်မှု ချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကိုအလိုမရှိပေ..ဟုဆိုကာ ထိုသို့ဆူညံနေသော ပရိတ်သတ်ထုကြီးအား ပြန်လွှတ်လိုက်ရန်မိန့်တော်မူလိုက်လေသည်။
       အရှုင်နာဂိတလည်းအခက်တွေ့သွား၏။ စောစောကပင် ရွာသူရွာသားများက “ဆွမ်းဆက်ကပ်လိုလှပါပြီဘုရား ကျောင်းဝင်းတံခါးဖွင့်ပေးတော်မူပါ”ဟု ခွင့်တောင်းရာ ဘုရားရှင်တော် ဂန္ဓကုဋိတိုက်တံခါး မဖွင့်သေးသဖြင့် ခေတ္တမျှစောင့်ဆိုင်းကြပါရန် ပြောခဲ့ရသေး၏ ။
     ပရိတ်သတ်၏ အလိုက်မသိ ဆူညံနေမှူတို့ကြောင့် ဘုရားရှင်အားအနှောက်အယှက်ဖြစ်မည်စိုး၍ ကျောင်းတံခါးကိုမဖွင့်သေးပဲ။ ဘုရားရှင်ဂန္ဓကုဋိတိုက်တံခါးဖွင့်မှသာလျှင် ကျောင်းတံခါးဖွင့်ပေးမည်ဟု တွေးကြံထားကာမှ ဘုရားရှင်တော်က ထိုပရိတ်သတ်ကြီးအား ပြန်လွှတ်လိုက်ဖို့
မိန့်တော်မူနေလေပြီတည်း။
      အမှန်တော့ ပရိတ်သတ်ကြီးသည် ဘုရားရှင်၏အလိုဆန္ဒတော်ကို မသိနားမလည်ရှာကြပေမည့် တစ်ညလုံးလုံးမအိပ်မနေစီမံချက်ပြုတ်၍ ဆောင်ယူလာကြရှာသော အာဂစေတနာရှင်များပါပေ။ ထိုဒါယကာဒါယိကာမတို့အားလည်း ဘုရားရှင်မျက်နှာလွှဲသွားတော်မူပါက ဗုဒ္ဓုပ္ပါဒ န၀မခဏအခွင့်ကောင်းကြီးလွတ်သွားကြမှာ ၊ဘုရားရှင်အပေါ်မှာသာ အမြင်စောင်းကာ ကဲ့ရဲ့ပြစ်တင်မိကြဦးမည်ဆိုပါက အကျိုးမဖက် အပြစ်သက်သက်သာဖြစ်ကုန်ကြဦးမှာကိုလည်း အရှုင်နာဂိတ ပြေးမြင်မိလေသည်။
     ထို့ကြောင့် အရှင်နာဂိတသည် “ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ အသျှင်ဘုရားယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန် အချိန်ဖြစ်ပါသည်၊ အသျှင်ဘုရား …..
      ယခုအခါ၌ နိဂုံးသူနိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားကြွတော်မူလေရာရာအရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ အသျှင်ဘုရား…..
       မိုးကြီးသည်းထန်စွာရွာသွန်း လတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးကျကြကုန်သကဲ့သို့ အသျှင်ဘုရားဤအတူသာလျှင် နိဂုံးသူနိဂုံးသား ဇနပုဒ်သူဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည်မြတ်စွာဘုရားကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါ ကြပါလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်းဟူမူ -
မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ကြီးမားတော်မူခြင်းကြောင့်ဖြစ်ပါသည်ဟု
   ထိုဘုရားအလိုတော်ကို မသိနားမလည်သော ရွာသူရွာသားများအား သည်းခံတော်မူပါရန် လျှောက်ထားလိုက်ရလေသည် ။
   ထိုအခါ ဘုရားရှင်က
        နာဂိတ ငါဘုရားသည် ရွာအနီးကျောင်း၌ အလွန်သမာဓိကောင်းစွာ ထိုင်နေသော ရဟန်းတော်တစ်ပါးကိုတွေ့မြင်ရလျှင်တောင်မှ မနှစ်သက်နိုင်ပေ အကြောင်းသော်ကား ဤအသျှင်ကို ထိုကျောင်းအရံကိုစောင့်ရှောက်သူကဖြစ်စေ၊ သာမဏေက ဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေနိုင်သောကြောင့်တည်း ။
      တော၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရာ၌ကား ငါဘုရား၏ စိတ်၌  “ ဤအသျှင်သည် ဤအိပ်ငိုက်ခြင်းကြောင့်ဖြစ်သောပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်ကိုသာလျှင် နှလုံးသွင်းလိမ့်မည်''ဟု အကြံဖြစ်သောကြောင့်တည်း။
       တော၌ မတည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေ ရဟန်းကို တွေ့မြင်ရာ၌လည်း “ ဤအသျှင်သည် မတည်ကြည်သော စိတ်ကိုလည်း တည်ကြည်စေလိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်''ဟုကြံကာ နှစ်သက်၏။
       တော၌ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေရဟန်းကို တွေ့မြင်ရာ၌လည်း ''ယခုအခါ၌ ဤအသျှင်သည် ကိလေသာ မကျွတ်လွတ်သေးသော စိတ်ကိုလည်း ကျွတ်လွတ်စေလိမ့်မည်၊ ကျွတ်လွတ်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်''ဟု ဤသို့ အကြံဖြစ်ကာ နှစ်သက်၏။
      နာဂိတ ငါဘုရားသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရသော ရွာနီးကျောင်းနေ ရဟန်းတစ်ပါးကို တွေ့မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာ အကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်၏၊ တောစွန်ဖြစ်သောကျောင်းတို့ကို စွန့်၏၊ ရွာ နိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်၍ နေ၏၊ ထို့ကြောင့် ရွာနီးကျောင်းမှာသီတင်းသုံးနေသော ထိုရဟန်းကို ငါဘုရားမနှစ်သက်နိုင်ပေ။
      နာဂိတ ငါဘုရားသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကိုရသော တောကျောင်းနေရဟန်းတစ်ပါးကိုတွေ့မြင်ရာ၌ကား နှစ်သက်မြတ်နိုးတော်မူ၏   ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာအကျော်အစောဟူသောအကြောင်းကြောင့်  တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်လွှတ်၊ တောစွန်ဖြစ်သောကျောင်းတို့ကို မစွန့်ပေ ။
        နာဂိတ  ခရီးရှည်သွားသော ငါဘုရားအား  ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှမတွေ့မြင်ရသောအခါ   အယုတ်ဆုံး ကျင်ကြီးကျင်ငယ် စွန့်ရသည်ပင်  စိတ်ချမ်းသာရ၏…ဟု မိန့်ကြားတော်မူခဲ့လေသည်။  (အင်္ဂုတ္တိုရ် ၊ဆက္ကနိပါတ်၊နာဂိတသုတ်)
                                                 XXXXXXXXXXXXXXXXXXXXX
      ကျွန်ုပ်တို့မျက်မှောက်ခေတ်သို့ရောက်လာသောအခါ၌ကား
တောင်မြို့မဟာဂန္ဓာရုံကျောင်းတိုက်သည် ဘုရားရှင်ကိုယ်တော်တိုင်ပင် သာဓုခေါ်ရလောက်အောင် အလွန်တိတ်ဆိတ်ငြိမ်သက် အေးချမ်းလွန်းလှ၏။ ဆရာတော်ဘုရားအား ဖူးမြော်ရန်ရောက်လာကြသော နိုင်ငံခြားသားတို့သည် ဆရာတော်ရှေ့မှာထိုင်နေကြသော သံဃာတော်များကို ရုပ်တုလေးများချထားလေသလားအောက်မေ့ရသည်ဟုပင် လျှောက်ထားခဲ့ဖူးသော ဟူ၏။
    ထိုတောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားသည်လည်း အလှုအတန်းလာရောက်ကြသူ တကာတကာမအပေါင်းအား အတီးအမှုတ်အကအခုန်တို့ဖြင့်ဆူညံခြင်းကို ခွင့်မပြုချေ။ တခါသော် ဗန္ဓလသင်္ကန်းတိုက်မှ အလှူအတန်းပြုလုပ်ရာ၌ ဗန္ဓုလ၀င်းခင်းများ အတီးအမှုတ်များဖြင့်ကျောင်းပေါက်သို့ရောက်လာကြရာ ဆရာတော့်အလိုဆန္ဒကိုနားလည်ကြသော တကာများက ထိုအတီးအမှုတ်များကိုရပ်ကြရန်နှင့် ဆရာတော်ဘုရားမကြိုက်ကြောင်းပြော၍ တားမြစ်ပါသတဲ့။
       ထိုအကြောင်းကိုဆရာတော်ဘုရားကြားရတော့ နံနက်သြ၀ါဒပေးသောအခါ မိမိသည် အတီးအမှုတ်များကို မနှစ်သက်သောကြောင့်သာတားမြစ်ရခြင်းမဟုတ်ပဲ ဘုရားကျောင်းကန်နှင့်မလျော်ကန်။ ဘုရားရှင်ပင်လျှင် ဆူညံသောပရိတ်သတ်ကို လက်မခံပဲမောင်းထုတ်ဖူးကြောင်းကိုသာ အများအမှန်နားလည်ဖို့ သြ၀ါဒပေးတော်မူခဲ့ဖူးပါသတဲ့။
     ဒီတော့ တိတ်ဆိတ်ငြိမ်သက်သော လူသံဆူသံကင်းဝေးတဲ့နေရာများသည်သာ ရဟန်းတော်များအတွက်အလွန်သင့်လျှော်မွန်မြတ်ကြောင်း နားလည်ကြရမည်ဖြစ်၏။
                XXXXXXXXXXXXXXXXXXXXX
သီရိလင်္ကာ ကိုလံဘိုမြို့ပြင်မှတောကျောင်းလေးသို့ အလည်ပတ်ခရီး
         မိမိတို့သည် သီရိလင်္ကာ ကိုလံဘိုမြို့တွင်းမှာ ပညာရေးအတွက်
သီတင်းသုံးနေထိုင်ရင်း B.P.Uတက္ကသိုလ်သို့တက်ရောက်ပညာသင်နေရပေမည့် ကားသံလူသံဆူညံလွန်းသော ကိုလံဘိုမြို့ပြမှာ အလွန်ညည်းငွေ့နေမိလေသည်။ တခါတရံ မြန်မာနိုင်ငံတွင်းက မိမိမိဘဆွေမျိုးများနေထိုင်ကြရာ အလွန်တိတ်ဆိတ်အေးချမ်းသည့် တောရွာလေးသို့လည်း မျှော်မှန်းသတိရကာ လွမ်းမောမိသည်လည်းရှိ၏။ သေချာသည်ကား မြို့ပြနှင့်တောတောင်သဘာဝသည် ဇာတ်ပွဲစတိတ်ရှိုးနှင့် တရားရိပ်သာကဲ့သို့ ကွာချင်တိုင်းကွာနေမည်ကား မလွဲပေ။
      ယခုဤပို့စ်အားရေးနေချိန်တွင် ပညာသင်မှူပြီးဆုံး၍မြန်မာနိုင်ငံသို့
ပြန်လည်ကြွရောက်သွားပြီဖြစ်သော အရှင်ပညောဘာသာလင်္ကာရ(အလင်္ကာပန်းဆက်)နှင့်အတူ စကားစမြည်ပြောဆိုမိရင်းက ဘုရားရှင်တော်မြတ်သည်
မြို့ပြဆူညံမှူကိုနှစ်သက်တောမမူပဲ တောကျောင်းတောင်ကျောင်းတို့မှာသာ သီတင်းသုံးတော်မူခဲ့ကြောင်း သီရိလင်္ကာမှာလည်း ကိုလံဘိုမြို့ပြထက်စာလျှင် တောရွာဖက်ကကျောင်းလေးများသည် အလွန်အေးချမ်းလိမ့်မည်ဟု မိမိထင်ကြောင်းပြောပြရာ။
      ဟာ…မောင်ဝိမလရေ..အရှင်ပြောသလို အလွန်တိတ်ဆိတ်အေးချမ်းတဲ့ တောရတောင်ပေါ်ကျောင်းလေးမျိုးမှာ အရင်ကတပည့်တော်နေခဲ့တာပေါ့…ဟုအားရ၀မ်းသာပြောပြလေတော့၏။
      မြန်မာနိုင်ငံတုန်းက ကိုယ်တော်နေခဲ့တဲ့ ရွာကျောင်းလေးလားကိုယ်တော်ဟု မိမိကမေးလိုက်ရာ။
     ဟာ…ဘယ်ကလာဟုတ်ရမှာလဲဗျာ ကျုပ်ဇာတိရွာကကျောင်းလေးတောင် အခုပြောတဲ့တောကျောင်းလေးမမှီဘူးဗျို့ လူသံဆူသံကင်းပြီး အလွန်အေးချမ်းတယ် ကိုလံဘိုမြို့နဲ့ ကီလိုမီတာ(၂၀)လောက်ဝေးတဲ့နေရာမှာရှိတဲ့ရွာကျောင်းလေးဘုရား။
         တပည့်တော်ရောက်စက နေရာအဆင်မပြေသေးတော့ ဒီလိုပဲ ဆက်စပ်ပြီး တောရွာကျောင်းလေးမှာ ခဏသွားနေသေးတယ်လေ ။ဘုန်းကြီးကလည်းအလွန်သဘောကောင်းတယ် ။မြန်မာကကိုယ်တော်တွေ သူ့လိုတောရွာကကျောင်းလေးမှာလာသီတင်းသုံးတယ်ဆိုပြီး အရမ်းဝမ်းသာပီတိဖြစ်နေတာဗျ ။သူ့မှာမရှိရှိတာနဲ့ အာရုံ နေ့ဆွမ်းစသည်ကို အထူးတလှယ်စီမံပေးနေတာပဲ ။
     ဒါပေမယ့်ကိုယ်တော်ရေ ကိုလံဘိုတခါလာဖို့ကျတော်တော်ဝန်လေးတယ် ကားလည်းတိုက်ရိုက်မပေါက်ဘူးဗျာ။ ရထားနဲ့ပဲသွားလာရတယ်။
ရွာကလည်း တောရွာလေးဆိုတော့ ဘူတာရှိတယ်ဆိုပေမယ့် ဘူတာလေးဆိုတော့ ရထားတိုင်းကမရပ်ဘူး ၊ရပ်တဲ့ရထားတွေကလည်း ရိုးရိုးအနှေးရထားတွေဆိုတော့ လူကကြပ်တာပေါ့။ ဒါနဲ့တပည့်တော်လည်း ကိုလံဘိုမြို့ထဲနေရာရပြီဆိုတာနဲ့
ပြန်ပြောင်းလာခဲ့ရတော့တာ ။ စာမေးပွဲနီးတုန်းကတော့ စိတ်အေးလက်အေးနေရာလေးမို့ စာသွားကျက်လိုက်သေးတယ်။
       အရှင်ဘုရားပြောတဲ့ကျောင်းက ဒီလိုကျောင်းမျိုးဗျ..ဟု အားရ၀မ်းသာ သူနေခဲ့ဖူးတယ်ဆိုတာကိုပယ် ဂုဏ်ယူဝံ့ကြွားစွာ ဆိုလာပြန်ပါတယ်။
     ဟ ဒါဆိုအတော်ပဲကိုယ်တော်ရေ အားရင် မြန်မာပြည်ပြန်မကြွခင်လေး အဲဒီတောကျောင်းလေးတစ်ခေါက်လောက်လိုက်ပို့စမ်းပါဦး သီရိလင်္ကာရထားလည်းစီးဖူးသွားတာပေါ့ ။
တောဖက်က တောင်ပေါ်ကျောင်းလေးလည်းရောက်ဖူးတော့ မြို့ပြမွန်းကျပ်မှူက ခဏတာတော့ရုံးထွက်ကြည့်ချင်သေးသဗျ ။
     ဒါဆိုလည်း တပည့်တော်မပြန်ခင် အဲဒီတောကျောင်းလေးအလွမ်းပြေတစ်ခေါက်တော့သွားဖြစ်အောင် ကြိုးစားပါဦးမယ်ဗျာ။ တောကျောင်းဘုန်းကြီးလည်း နှုတ်ဆက်ရင်းပေါ့။
ကိုလံဘိုမြို့မှ ဗုလုဂဟဂေါဓရွာ ဘူတာလေးသို့ ရထားဖြင့်
   ဒီလိုနှင့် ကျွန်ုပ်နှင့် အရှင်ပညောတို့နှစ်ပါးသည် တောကျောင်းလေးသွားလည်ကြဖို့ စီစဉ်ကြရင်း အရှင်ပညောနှင့် ခင်မင်ရင်းနှီးသော ဖော်ရီနာအမျိုးသမီးတစ်ယောက်ပါ ထိုတောရွာလေးသို့ အလည်လိုက်လာဖြစ်ခဲ့လေသည်။
                     ………………………………….
တောကျောင်းလေး၏ ငြိမ်းချမ်းမှုအရသာ
       ဘူတာကဆင်းလျှင်ဆင်းခြင်းပင် ရွာဖက်သို့သွားသောလမ်းကလေးနှင့် ထိုတောင်ကုန်းလေးပေါ်ကရွာဦးကျောင်းလေးသို့သွားသောလမ်းကလေးမှာ နှစ်မွှာဖြာ၍ခွဲသွားတော့၏။ ဆိုလိုသည်မှာ ရွာသွားလမ်းနှင့် ဘုရားကျောင်းကန်သွားရာလမ်းသည် တစ်သီးတခြားလေးဖြစ်နေ၏။ ထိုတောင်ကုန်းလေးသို့ စတင်ချေချမိသည်နှင့် ကျေးငှက်သာရကာတို့တွန်ကျူးသံ အော်မြည်သံမှအပ ဘာသံမှမကြားရချေ။
တောင်ကုန်းပေါ်က ဗုလုဂဟဂေါဓ ရွာဦးကျောင်းလေးအ၀င်
    ထိုတောရကျောင်းလေးမှာ ကျောင်းထိုင်ဆရာတော်နှင့်အတူ ကိုရင်ခုနစ်ပါးသီတင်းသုံးနေထိုင်ကြပေမယ့် ကိုရင်ငယ်များသည် စာသင်ကျောင်းသို့သွားကြပြီဖြစ်သဖြင့် ဆရာတော်တစ်ပါးတည်းသာတွေ့ရလေသည်။
      ကျွန်ုပ်လည်း ဆရာတော်အားဆက်ကပ်ဖို့ရန် မြန်မာသရီးလိုင်ဖယ် သင်္ကန်းတစ်စုံပါယူလာခဲ့ပြီး ထိုဖော်ရီနာအမျိုးသမီးအားဆက်ကပ်ခိုင်းလိုက်၏။
(ကိုပညော၏ ဓမ္မမိတ်ဆွေ ဖော်ရီနာတကာမကြီးနှင့်တောကျောင်းရောက်ခဲ့စဉ်က)
    သီရိလင်္ကာဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံမှ သင်္ကန်းများကို အလွန်နှစ်သက်သဘောကျသော..ဟူ၏။
    ကျောင်းထိုင်ဆရာတော်ဟုသုံးနှုံးရသော်လည်း မိမိထက်ကာ ၀ါငယ်ရဟန်းပျိုတစ်ပါးသာဖြစ်ပေ၏။ သူ၏ဥပေဇ္ဈယ်ဆရာတော်မှာ အင်္ဂလန်နိုင်ငံသို့သာသနာပြုရင်း သွားရောက်သီတင်းသုံးသည်မှာ
နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ပင်ရှိပြီဖြစ်ပြီး ။ကျောင်းစောင့်ကျောင်းထိုင်သဘောဖြင့်သာ တပည့်ငယ်များအားလူကြီးလုပ်ကာ ထိုတောကျောင်းလေးအား
စောင့်ရှောက်နေထိုင်ရခြင်းဖြစ်ကြောင်း။ ရွာနာမည်ကတော့ ဗုလုဂဟဂေါဓ လို့ခေါ်ကြောင်း အိမ်ခြေနှစ်ရာကျော်လောက်ရှိပေမယ့် လက်လုပ်လက်စားဆင်းရဲသားတွေများတာကြောင့် အလှူအတန်းအနေနဲ့ကတော့အလွန်ရှားပါးကြောင်း၊
     ယ္ခုတိုက်ကျောင်း ၊ဘုရားစေတီနဲ့ ရေမီးအစုံပြည့်စုံအောင်လှူဒါန်းထားသည်မှာ အင်္ဂလန်ရောက်နေသော သူ့ဆရာတော်၏ဖော်ရီနာ တကာတကာမများ
ကောင်းမှူသာဖြစ်ကြောင်း …..စီကာပတ်ကုံးပြောပြလေ၏။
သံဃာများသီတင်းသုံးရာ အုတ်တိုက်ကျောင်းဆောင်
ဘောဇနသာလာ ဆွမ်းစားကျောင်းဆောင်
     မှန်သည် သီရိလင်္ကာဓလေ့ထုံးစံကိုက အလှူအတန်းသည် နာရေးရှိမှသာ ရက်လည်လည်များ ပြုလုပ်လှူဒါန်းလေ့ရှိကြသည်။ သို့ပင်လျှင် လှူဖွယ်ဝတ္ထုကိုမမြင်အောင် စက္ကူအိပ်ဖြင့် သေချာထုပ်ပိုး၍လှူဒါန်းကြလေသည်။ လှူဖွယ်ဝတ္ထုကို အလှူခံကိုရင်ငယ်ရဟန်းငယ်တို့ မသာယာမိစေဖို့နှင့် ။အမွန်အမြတ်ဖြစ်စေလိုလို့ထင်၏။ ၀တ္ထုငွေလှူဒါန်းသူဒါယကာအိမ်ကား အလွန်ရှားလေသည်။ ခါးဝတ်သင်းပိုင်ဖြစ်စေ။ ဆပ်ပြာခဲ ၊သွားတိုက်ဆေး၊ခေါင်းရိတ်ဓား နို့မှုန့်ဗူးစသည်သာ အလှူများလေသည်။ မြန်မာနှင့်စာလျှင် အလှူအတန်းမှာ နည်းပါးသည်ဟုကား ဆိုနိုင်၏။ မွေးနေ့ဆွမ်းကျွေး၊ရှုင်ပြုရဟန်းခံ၊ မင်္ဂလာဦးဆွမ်းကျွေးတို့မှာမလုပ်ကြသလောက်ပင်။ သို့သော် သံဃာတော်တို့မှာ ဆွမ်းခံထွက်စရာမလိုပဲ ရပ်ကွက်ကျေးရွာ ကိုးကွယ်ကြသူများက အလှည့်ကျဆွမ်းချိုင့်လာရောက်ပို့ကြသည်ဟူ၏။
     မိမိလည်း ဆရာတော် ဒီမှာကိုရင်ခုနစ်ပါးနှင့် သီတင်းသုံးရတာ အဆင်ပြေပါရဲ့လားဆိုတော့ အားလုံးအဆင်ပြေပါကြောင်း ။သို့သော် တခါတရံ ရွာအတွင်းမှ ဆွမ်းလှည့်ကျသောအိမ်မှ ဆွမ်းလာမပို့မိလျှင်တော့ ကျောင်းမှပဲ ချက်ပြုတ်ကြရကြောင်း ။ကိုရင်ငယ်လေးများမှာလည်း ကျောင်းသွားတဲ့နေ့ဆို စာသင်ကျောင်းကဆွမ်းကပ်ကြတာမို့ မိမိတစ်ပါးတည်းသာ ဘုဉ်းပေးရသည်ကများကြောင်း။ ကိုရင်ငယ်လေးများပညာရေးကိုတော့ သူကပင်ကြည့်ရှုထောက်ပံ့ရကြောင်း။တနင်္ဂနွေနေ့တွေမှာတော့ သီရိလင်္ကာနိုင်ငံလုံး ဆန်းဒေးဓမ္မစကူးသင်ကြရတာမို့ သူ့ကျောင်းသို့ ကျောင်းသားကျောင်းသူ
အယောက်နှစ်ရာကျော်လောက်သင်ပေးရကြောင်း ။
       ယင်း တနင်္ဂနွေနေ့ညနေတိုင်း ကျောင်းဆရာမများကိုလည်း အင်္ဂလိပ်ဆရာကြီးတစ်ဦးက အထူးသင်တန်းလာပေးကြောင်း…ပြောပြရာ မိမိထက် ၀ါငယ်ပေမယ့် တောနေသီရိလင်္ကာဘုန်းကြီး၏လုပ်ဆောင်မှူအစုစုတို့အား အလွန်ပင်လေးစားမိလေသည်။
  ထို့ကြောင့် မိမိလည်း မြန်မာနိုင်ငံပြန်မကြွမီတစ်ခေါက်တော့ အရှင်ဘုရားကျောင်းသို့ရောက်အောင်လာလည်ပါဦးမည်ဟု နှုတ်ဆက်စကားပြောကြားကာ ကျွန်ုပ်တို့သုံးဦးသား ရထားခရီးစဉ်ဖြင့်ပင် ကိုလံဘိုသို့ပြန်လာခဲ့ကြလေတော့၏။
       သီရိလင်္ကာနိုင်ငံသားတို့၏ချစ်ဖွယ်ယဉ်ကျေးမှူတစ်ခုမှာ ရဟန်းသံဃာတော်များ ကားပေါ်ရထားပေါ်တက်လာသည်နှင့် သူ့ထက်ငါဦးအောင်နေရာပေးကြလေသည်။ သံဃာတော်များ မတ်တပ်ရပ်လျှက်လုံးဝစီးခွင့်မပြုကြပေ။ ထို့ကြောင့် ကျွန်ုပ်ရော ကိုပညောပါ အသွားအပြန်နေရာရကြလေသည် ။ကျွန်ုပ်တို့နှင့်ပါလာသော ဖော်ရီနာအမျိုးသမီးမှာကား ထိုင်ခုံမရရှာပဲ မတ်တပ်ရပ်လျှက်သာ စီးနင်းလိုက်ပါခဲ့ရသည်ဖြစ်၍ လုံးဝစိတ်မကောင်းပေ။  
        သူတို့ဥရောပနိုင်ငံများမှာတော့ LADY FIRST ဟုဆိုကာ အမျိုးသမီးမျာကိုအရာရာဦးစားပေးကြပေမယ့် ။မိမိတို့ဗုဒ္ဓဘာသာနိုင်ငံများ၌ကား အကျင့်သိက္ခာလေးမြတ်ကြသော ရဟန်းသံဃာများသာ နံပတ်တစ် ဦးစားပေးကြလေ၏။ မိမိတို့လည်း ရဟန်းတော်များဖြစ်တာကြောင့် ထိုအမျိုးသမီးအား နေရာပေးလို့လည်းမရတော့ပဲ ဤအတိုင်းသာကြည့်နေလိုက်ကြရတော့၏။
     နောက်တစ်ခု သီရိလင်္ကာ၏ လေးစားမြတ်နိုးဖွယ်ကောင်းသည်ကား ရထားပေါ်သို့ မိမိတို့နှစ်ပါးရောက်လာသည်နှင့်ပင် ခရီးသည်အားလုံးငြိမ်ကျသွားတော့၏။ မည်သူမျှစကားမဟကြတော့ချေ။ မိမိတို့နှစ်ပါးလည်း မျက်လွှာချ မေတ္တာပွားလျှက်သာ ကိုလံဘိုရောက်သည်အထိ လိုက်ပါစီးနင်းခဲ့ကြပါတော့သတည်း။
                                               XXXXXXXXXXXXXXXXXXXXXXXX
                                            တောကျောင်းလေးသို့ ဒုတိယမ္ပိ အလှူသွားလုပ်ခြင်း
     အရိပ်ထဲနားနေရာမှ နေပူကျဲကျဲလုပ်ငန်းပြန်စရသူကဲ့သို့ မိမိလည်းကိုလံဘိုပြန်ရောက်သည်နှင့် ထိုတောကျောင်းလေး၏တိတ်ဆိတ်အေးချမ်းပုံကို ပုံဖော်ကြည်နူးနေမိလေသည်။ ထိုကဲ့သို့သောနေရာမျိုးလေးသွားပြီး စာကျက်မှတ်လိုက်ရရင် အလွန်စိတ်ကြည်လင်ပြီး စာရလွယ်မည်ဟုလည်းထင်မိ၏။ စာမေးပွဲနီးလျှင်တော့ ထိုတောကျောင်းလေးမှာသွားပြီး စာကျက်ဦးမည်။ နောက်ပြီး ဘုန်းကြီးနှင့်လည်း ရင်းနှီးမူလည်းရ၊ သူ့အတွက်လည်း ဆွမ်းကွမ်းမပြည့်စုံတဲ့အခါ ချက်ပြုတ်ဘုဉ်းပေးနိုင်ရန် ဆန်၊ဆီ ၊ငါးသေတ္တာဗူးများနဲ့ သွားရောက်ကန်တော့ဦးမည်ဟု စိတ်ကူးပေါက်မိရာမှ ထိုကျောင်းတိုက်လေးသို့တဖန် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်အတူ အလည်ရောက်ခဲ့ရပြန်လေသတည်း။
အဝေးမှပင် လှမ်းမျှော်ဖူးမြင်နိုင်သည့် တောင်ကုန်းပေါ်မှ ဘုရားစေတီ
ဆင်ရတနာများစွာပိုင်ဆိုင်ထားသော သီရိလင်္ကာသားတို့၏ ဘုရားစေတီများမှာ ဆင်ခေါင်းများခံလျှက်(လင်္ကာကျွန်းမှာ ဆင်အကောင်ရေ ငါးထောင် ရှစ်ရာခုနှစ်ဆယ့်ကိုး ကောင်ထိရှိသည်ဟု စစ်တမ်းများအရဆိုသည်)
ရွာသူရွာသားတို့အထွဋ်အမြတ်ကိုးကွယ်ရာ ပရိဘောဂစေတီထိုက်သော ဗောဓိပင်နှင့် နှစ်ကျိတ်ရှစ်ဆူရုပ်ပွားတော်များ
ပန်းဆီမီးများ ကပ်လှူပူဇော်ရန် ပြင်ဆင်နေကြသူ ရွာသူအချို့
ဇာခန်းစီးလိုက်ကာများဖြင့် အကျအနပူဇော်ထားသော ဂန္ဓကုဋိတိုက်တွင်းမှ ရုပ်ပွားတော်
စေတီတော်အား ဆီမီးပူဇော်နေသော အမျိုးသမီးတစ်ဦး (ဆီမီးခွက်စဉ်ကို အကျနလုပ်ထားကြသည် စေတီပလ္လင်ပေါ်၌ မပူဇော်ရဟုဆို၏)
ကျောင်းထိုင်ဆရာတော်သည် ထိုတောင်ကုန်းထိပ်ပေါ်မှာ ခရီးသွားလမ်းလာ အရပ်လေးမျက်နှာမှဖူးမြော်နိုင်ရန် တဆယ့်ခုနစ်ပေအမြင့်ရှိသော ထိုင်တော်မူ သမာဓိမုဒြာရုပ်ပွားတော်တစ်ဆူ တည်ဆောင်ဖို့စီမံနေကြောင်းနှင့် ယင်းအကြောင်းအလှူခံကြော်ငြာဆိုင်းဘုတ်ထူထားကြောင်း ရှင်းပြခဲ့သည်
ထိုသမာဓိမုဒြာ စံပယ်ကိန်းဝပ်မည့်ဗောဓိပင်ဘေးမှ ပလ္လင်တော် (ယခုမိမိရောက်ခဲ့စဉ်အထိ ပလ္လင်ခြေမျှသာ ပြီးစီးသေး၏))
ဆန်းဒေးဓမ္မစကူးသင်ပေးရာ ဓမ္မာရုံဇရပ်
ဓမ္မာရုံအတွင်းမှ ဆန်းဒေးစကူးစာသင်ခုံများ
ကျောင်းထိုင်ဆရာတော်နှင့် ဓမ္မစကူးကျောင်းသားကျောင်းးသူအချို့ (ကျောင်းသူကျောင်းသား နှစ်ရာကျော်ခန့်မျှ ရှိသည်ဆို၏)
တောင်ကုန်းပေါ်မှာနေ၍ ကန္ဒီမူလဟုခေါ်သော အခြားရွာတစ်ရွာသို့ လှမ်းမြင်ရစဉ် (တစ်ရွာနှင့်တစ်ရွာမှာ သိပ်မဝေးလှပေ)
အနီးတစ်ဝိုက်ရွာများမှ မြို့သို့ပြေးဆွဲနေသည့် ဘတ်စကားတစ်စီး(ကျေးရွာတွင်းရှိလမ်းများမှာ ကတ္တရာများခင်းလျှက် သပ်သပ်ယပ်ယပ် ၊လမ်းများလည်းကောင်းလှပေသည်)
မိမိဒုတိယမ္ပိ ရောက်ခဲ့စဉ်က BASMATI ဆန်တစ်အိပ် ၊ဆီနှစ်ပုလင်း ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့် ၊ ငြုပ်သီးစသော ဟင်းခပ်မှုန့်များ ၊ငါးသေတ္တာဗူးများအား လှူဒါန်းခဲ့စဉ်
ကျောင်းထိုင်လောကုဆရာတော်၊သာမဏေငယ်များနှင့်အတူ
ဆရာဆရာမများအား အင်္ဂလိပ်စာ ပညာဒါနသင်ပေးနေသည်ဆိုသော သီရိလင်္ကာဥပါသကာကြီးနှင့် ကျောင်းထိုင်ဆရာတော်
      ဤအမှတ်ရဖွယ်ပို့စ်လေးဖြင့်ပင် ထိုတောကျောင်းကလေးသို့ လိုက်ပါပို့ဆောင်ပေးသော မြန်မာနိုင်ငံသို့ပြန်ကြွသွားပြီဖြစ်သည့် အကျွန်ုပ်၏မိတ်ဆွေရင်းကြီး အရှင်ပညောဘာသာလင်္ကာရ(အလင်္ကာပန်းဆက်)အား၎င်း၊
ဒေသန္တရဗဟုသုတအဖြစ် ရထားထိုင်ခုံမဲ့ဖြင့် လိုက်လာခဲ့ရသော
ဖော်ရီနာတကာမကြီး Mrs.Erika နှင့် ထိုတောကျောင်းကလေးသို့ လှူဒါန်းဖွယ်အစုစုလှူဒါန်းနိုင်ဖို့ မိမိအား Rs 4250 လှူဒါန်းလိုက်သော တကာမကြီး မြကြေးမုံ(နော်ဝေ)တို့အား၎င်း။ ကျေးဇူးဥပကာရတင်ရှိထိုက်သူ စိတ်ကောင်းနှလုံးကောင်းရှိသူ သူတော်စဉ်အားလုံးအတွက်၎င်း .......
       ဤဂုဏ်ပြုမှတ်တမ်းပို့စ်လေးတစ်စောင် ရေးလိုက်ရပါကြောင်း
              မေတ္တာများစွာဖြင့်
                   လင်္ကာအရှင်(မုံရွာ)
Blog Archive
တရားဓမ္မများ နားကြားရန်
Music
Good Bye ..